ချန်ရီကို အသက်သွင်းရန် နည်းလမ်း
Vol. 30 Ch. 389
"ဘာပြဿနာရှိလို့လဲ"
လန်ရီက လျိုရင်ရင်ထံ လျှောက်လှမ်းကာ အကျိုးအကြောင်းမေးသည်။
"နေ့လယ်က ရှေးဟောင်းသားတော် ဟူယန်လော့က မွေးနေ့ပွဲဖိတ်စာတစ်စောင် ပေးခဲ့တာ မှတ်မိတယ်မလား။ ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဓားလမ်းစဥ်အကြောင်း ဉာဏ်အလင်း မျှဝေပေးလိမ့်မယ်"
လျိုရင်ရင်က အနေရခက်ပုံဖြင့် လက်နှစ်ဖက်နောက်ပစ်ကာ အင်္ကျီစကို ဆုပ်ချေနေခဲ့သည်။
"မသွားတော့ဘူး။ ငါ့မှာ အချိန် မရှိဘူး"
"ထိပ်တန်းကျင့်ကြံသူတစ်ယောက်ရဲ့ အသိပညာ မျှဝေခြင်းက အခွင့်အရေးကောင်းနော်။ အခြားလူတွေဆိုရင် ဖိတ်စာတစ်စောင်အတွက် တိုက်ခိုက်နေကြတာ"
လန်ရီက တစ်ချက်တွေး၍ ငြင်းလိုက်သောအခါ သူမသည် အရေးတကြီးဖြင့် တိုက်တွန်းလိုက်ပြန်၏။
"ဒါဆိုရင် တခြားတယောက်ကို ပေးလိုက်လေ"
အင်မော်တယ်သုံးပါးသည် ငရဲကိုးထပ်ကမ္ဘာတွင် ရောက်ရှိနေကြရာ မြေးတစ်ဦး၏ မွေးနေ့ပွဲအတွက် ပြန်လာရန် အချိန်မရှိကြောင်း လန်ရီက ကောင်းစွာသိထား၍ လှည့်ထွက်လိုက်သော်လည်း တစ်ဖက်လူမှာ လက်ကို ဆွဲထားခဲ့သည်။
"လန်ရီ"
"ငါ ဘယ်နှခါပြောရမလဲ။ ငါ့ကို မထိနဲ့"
သူမ၏ လေသံက အေးစက်သွားကာ လက်ကို ဆတ်ခနဲ ရုန်းထွက်လိုက်သည်။
"တောင်းပန်ပါတယ်။ ငါ မေ့သွားလို့ပါ"
"ရပါတယ်။ ငါ နည်းနည်း ကြမ်းတမ်းသွားတယ်"
လျိုရင်ရင်က လက်ကို ပြန်ရုတ်၍ မျက်ရည်များ ဝဲတက်လာသောအခါ လန်ရီ၏ လေသံက နူးညံ့ပျော့ပြောင်းသွားသည်။
"နင် တကယ် မသွားတော့ဘူးလား"
"မသွားတော့ဘူး"
"ကောင်းပြီ။ ငါ တစ်ယောက်တည်း သွားလိုက်တော့မယ်"
"ဘာကြောင့် တစ်ယောက်တည်း သွားမှာလဲ"
"ငါ မသွားချင်ပေမယ့် အဖေက သွားစေချင်တယ်။ သူငယ်ချင်းတွေ မဟာမိတ်တွေ လိုအပ်တယ်တဲ့။ အတိတ်မှာ နင်က ကပ်ဘေးသယ်ဆောင်သူလို့ နာမည်ထွက်တော့ ငါတို့မိသားစုက ဘုံရန်သူလိုဖြစ်ခဲ့တယ်။ အခု နင်က နာမည်ကြီးလာတော့ အခွင့်အရေးအဖြစ် အသုံးချစေချင်တယ်။ ရှေးဟောင်းသားတော်ရဲ့ မွေးနေ့ပွဲမှာ စွမ်းအားကြီးသူတွေ ရောက်လာကြမှာပဲ"
လျိုရင်ရင်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချကာ ရှင်းပြလိုက်၏။
"နင်တစ်ယောက်တည်းဆိုရင် အန္တရာယ်မများဘူးလား"
လန်ရီက မျက်မှောင်ကြုတ်၍ ရေရွတ်သည်။
"ရှေးဟောင်းသားတော်ရဲ့ မိတ်ဆွေတွေက လူကြီးလူကောင်းတွေ ဖြစ်မှာပါ။ ပြဿနာမရှာလောက်ပါဘူး။ နင်က လောကကြီးကို အဆိုးမြင်လွန်းနေပြီ။ ငါတို့က ညီအစ်မတွေ ဖြစ်လာတာ နှစ်အတော်ကြာနေပြီ။ ငါ ကံကောင်းတတ်တယ်ဆိုတာ နင် အသိပဲလေ။ အခု သွားဖို့ ပြင်ဆင်ရတော့မယ်။ နင် လက်ဆောင်ပေးထားတဲ့ အရမ်းလှတဲ့ ဝတ်စုံလေးကို ဝတ်သွားမယ်နော်"
လျိုရင်ရင်က ခေါင်းယမ်းပြရင်း ဟန်လုပ်ပြုံးကာ နှုတ်ဆက်လိုက်သည်။
"နေဦး။ ငါလည်း လိုက်ခဲ့မယ်။ နင့်ကို ဘေးကင်းအောင် စောင့်ရှောက်ပေးမယ်လို့ ကတိပေးဖူးတာပဲလေ"
လန်ရီက နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချ၍ လက်ခံလိုက်သောအခါ လျိုရင်ရင်၏ အပြုံးမှာ ပိုမို တောက်ပလာခဲ့သည်။
"နင်က ရုပ်ချောချော ကောင်လေးကြောင့် ရူးသွပ်နေပြီထင်ထားတာ မှားသွားပြီ"
"သူ့ကို အဲ့လိုမခေါ်စမ်းနဲ့"
ယွမ်ရှောင်ကို မကောင်းပြောနေသဖြင့် သူမက တင်းမာစွာ ငေါက်ငမ်းပစ်လိုက်၏။
"သူက ဒီမှာ ရှိနေတာလား။ မင်းတို့ အတူတူ နေကြတာလား။ တကယ်ဆိုရင် သူက ဘယ်သူများလဲ"
လျိုရင်ရင်သည် အရုဏ်ဦးအိမ်တော်အတွင်း ချောင်းကြည့်၍ ကျင့်ကြံနေသော ယွမ်ရှောင်ကို မြင်လိုက်ရသည်နှင့်တပြိုင်နက် မျက်လုံးပြူးသွားသည်။
"ငါ့အိပ်မက်တွေထဲက အစ်ကိုလေ"
လန်ရီက ရှက်ပြုံးလေးဖြင့် သူ့ကို တစ်ချက်ခိုးကြည့်ရင်း ဖြေလိုက်သည်။
"လန်ရီ မင်းကို ဘယ်သူမှ လှည့်စားမနေဘူးမလား"
ဆွံ့အမင်သက်နေသည့် လျိုရင်ရင်က အနားကပ်ကာ တီးတိုးသတိပေးပြန်သည်။
"သူက ငါ့ကို လှည့်စားနေတာ မဟုတ်ဘူး"
"မဟုတ်ဘူးလေ။ ရှေးဟောင်းအပျက်အစီးနယ်မြေမှာ နင့်ကို လူတွေ ဘယ်လောက်တောင်မှ လေးစားကြသလဲ။ လူငယ်တွေကို တန်းစီလိုက်ရင် နယ်မြေတစ်ခုလုံး ပြည့်နှက်သွားမှာပဲ။ အထက်တန်းလွှာတွေရော ပါရမီရှင်တွေပါ အကောင်းဆုံးတွေထဲကနေ ခေါင်းခေါက်ရွေးလိုက်စမ်းပါ"
လျိုရင်ရင်က အသက်ကို ခပ်ပြင်းပြင်းရှူ၍ လေးနက်စွာ အကြံပေးလိုက်သည်။
"ပါးစပ်ပိတ်ထား။ နောက်ထပ် စကားတစ်ခွန်းပြောရင် ငါ တကယ် စိတ်ဆိုးတော့မယ်"
"လန်ရီ မင်းရဲ့ ကောင်းကျိုးအတွက် ပြောနေတာပါ။ ကျင့်ကြံသူတွေက လက်တွဲဖော် မလိုအပ်ဘူး။ တစ်ယောက်တည်း ဆိုရင်လည်း အမြင့်ကို တက်နိုင်တယ်။ ယောကျ်ားတစ်ယောက်ကို ဒိုင်းအဖြစ် အသုံးချစရာ မလိုပါဘူး။ နင့်အဆင့်အတန်း နိမ့်ကျသွားမှာပေါ့။ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်နော်"
လန်ရီ၏ မျက်နှာက ရေခဲပမာ အေးစက်သွားသည့်တိုင်အောင် လျိုရင်ရင်သည် ယွမ်ရှောင်ကို မလိုလားဟန်ဖြင့် တရစပ် နားချနေသည်။
"ကျေးဇူးပြုပြီး အချစ်ကြောင့် မျက်စိ မကန်းစေနဲ့။ သူ့ရုပ်ရည်ကလွဲရင် ဘာမှ ကောင်းတာ မရှိဘူး။ မူလဝိညာဥ်နယ်ပယ်ကိုတောင် မရောက်သေးဘူး။ ရှေးဟောင်းကျောင်းတော်ရဲ့ ထိပ်တန်းတပည့်တွေထဲမှာ ငါ မပါဝင်တာတောင် သူက မမီဘူး။ ခဏတာ စိတ်လိုက်မာန်ပါ ဆုံးဖြတ်မိရင် အနာဂတ်ကို ပျက်စီးသွားစေနိုင်တယ်"
"တော်လောက်ပြီ။ နောက်ဆုံးအကြိမ် သတိပေးမယ်။ အစ်ကိုကြီးကို အပုပ်ချနေမယ်ဆိုရင် ငါ့ကို လာမတွေ့နဲ့။ စိတ်အနှောင့်အယှက် ဖြစ်တယ်"
လန်ရီက ဒေါသတကြီး စိုက်ကြည့်၍ ခြိမ်းခြောက်လာသောကြောင့် လျိုရင်ရင်မှာ မကျေနပ်မှုကို မျိုသိပ်ကာ ငိုသံတစ်ဝက်နှင့် တောင်းပန်ပြန်သည်။
"ငါ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ပစ်မထားပါနဲ့။ ငါ နင့်ကို တကယ်ဂရုစိုက်တာပါ။ ဒီနှစ်တွေထဲမှာ နင့်အတွက် ဘာမှ မလွယ်ကူခဲ့ဘူး။ အောင်မြင်မှုကို ခက်ခက်ခဲခဲ ရရှိပြီးမှ ပျက်စီးသွားမှာကို စိုးရိမ်မိတယ်"
"စိတ်အေးအေးထားပါ။ ငါ အမှားလုပ်မိမှာ မဟုတ်ဘူး"
လျိုရင်ရင်သည် လန်ရီကို စိတ်ပျက်နေဟန်ဖြင့် စိုက်ကြည့်ရင်း ညည်းညူနေကာ လက်ရှိ၌ ဖခင်ဖြစ်သူ ခေါ်ဆောင်လာသည့် ကလေးငယ် မဟုတ်တော့ကြောင်း နားလည်သွားမိသည်။ ထိုကလေးငယ်မှာ အမှန်တကယ် ကြီးပြင်းလာခဲ့သည် မဟုတ်ပါလော။
အရုဏ်ဦးအိမ်တော်အတွင်း၌ ယွမ်ရှောင်သည် ကျင့်ကြံခြင်းကို အာရုံစိုက်ထားပြီး ကံပင်လယ်နယ်ပယ်မှ ကောင်းကင်ခန်းဆောင်နယ်ပယ်သို့ ခြေတစ်လှမ်းက အရေးကြီးပြီး တာအိုနှလုံးသားနှင့် ဒန်တန် ဆက်သွယ်ရပေလိမ့်မည်။ နာရီဝက်ကြာအောင် စေ့စပ်သေချာစွာ ကျင့်ကြံပြီးနောက် ဒန်တန်၏ အတွင်းနံရံတွင် လောကတာအိုနှလုံးသား ပုံရိပ် ထင်ဟပ်လာပြီး သာမန်လူများ၊ နတ်ဆိုးများ၊ အပြစ်များ၊ ကောင်းမှုများနှင့် အမှောင်ဘက်ခြမ်းများကို ရေးဆွဲထားသည့် ပန်းချီကားတစ်ချပ်အလား ထင်မှတ်ရသည်။ သူ၏ ဘဝတလျှောက် ဖြစ်ရပ်များ၊ အသူရာဓားဂိုဏ်းမှ နေ့ရက်များ၊ အလောင်းများ ပြည့်နှက်ခဲ့သည့် ဓားပင်လယ်၊ မြောက်ပိုင်းဖုန်းဆိုးမြေ၏ နတ်ဆိုးများ၊ ကောင်းကင်နယ်မြေ စစ်ပွဲ၊ ငရဲကိုးထပ်ကမ္ဘာ၏ အခြေအနေများ စသည်တို့ကို ရေးဆွဲထားသည်။ ပုံရိပ်တစ်ခုချင်းစီသည် ထင်ထင်ရှားရှားဖြင့် အသေးစိတ် အသက်ဝင်လာကာ လောကာတာအိုနှလုံးသား ကြီးမားလာသည်နှင့်အမျှ ကျင့်ကြံမှုလည်း လိုက်ပါတိုးတက်လာခဲ့သည်။
ကြယ်ပြာနှင့် လနီသည် အင်မော်တယ်ကျောက်စိမ်း သန်းတစ်ထောင်ကို ကောင်းကင်တာအိုဆေးလုံးအဖြစ် သန့်စင်ပေးခဲ့သည်။ ထိုအကူအညီဖြင့် ယွမ်ရှောင်သည် စွမ်းအား မြင့်တက်လာခဲ့ပြီး ဒန်တန်၌ လောကတာအိုနှလုံးကို ချိတ်ဆက်ရာတွင် နေကိုးစင်းဒန်တန်၏ မြင့်မြတ်ချီများလည်း အဆက်မပြတ် ဖောက်ထွက်လာ၏။ အချိန်ခဏအတွင်း ဒန်တန်၏ နံရံများတွင် ပန်းချီကားတစ်ချပ်ပမာ ပုံရိပ်များ တောက်ပလင်းလက်လာကာ တစ်ချက်တည်းဖြင့် အဆင့်သုံးဆင့် ချိုးဖျက်၍ ကောင်းကင်ခန်းဆောင်နယ်ပယ် နောက်ပိုင်းအဆင့်သို့ ရောက်ရှိသွားသည်။ သူ၏ တိုက်ခိုက်ရေးအစွမ်းမှာ မူလဝိညာဥ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ယှဥ်နိုင်စွမ်း ရှိလာသောကြောင့် သွေးကျွန်နှင့် ကိုယ်ပွား မပါလျှင်ပင် အင်အားအချို့ ပိုင်ဆိုင်လာသည်။ သူကိုယ်တိုင်က ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားသော်လည်း အင်မော်တယ်သုံးယောက်၏ လုပ်ရပ်များကို စောင့်ကြည့်ရန် စစ်မင်းသမီးကို နေရာချထားဆဲပင်။
ငရဲကိုးထပ်ကမ္ဘာမှ ရယူလာသော ကျင့်ကြံရေး အရင်းအမြစ် ကုန်ဆုံးသွားသောအခါ လန်ရီအားကိုးဖြင့် ရှေးဟောင်းအပျက်အစီးနယ်မြေ၌ ခြေကုပ်ယူရပေလိမ့်မည်။ သူ၏ နယ်မြေကို ကျူးကျော်ဝင်ရောက်၍ နီအန်သားရဲဖြစ်စေ၊ နားခိုရာဂိုဏ်းဖြစ်စေ မျက်စိကျနေလျှင် ရန်သူများသာ ဖြစ်၏။ ထို့ကြောင့် သူက တစ်ဖက်လူ၏ နယ်မြေကို ပြန်လည်မွှေနှောက်ရန် အကြံထုတ်နေပြီး ရှေးဟောင်းကျောင်းတော်၏ တပည့်တစ်ယောက် ဖြစ်လာလျှင် ပိုမို အခြေအနေကောင်းလာမည် ဖြစ်သောကြောင့် ကျောင်းတော်ဝင်ခွင့်မှာ အရေးကြီးပေသည်။
"ငါ ချန်ရီကို ဘယ်လို အသက်သွင်းရမလဲ"
ယွမ်ရှောင်က သားရဲလေးနှင့် ဆက်သွယ်ကာ မေးလိုက်သည်။
"လန်ရီရဲ့ နှလုံးသားကို ခွဲထုတ်။ ချန်ရီရဲ့ ဝိညာဥ်ကျောက်တုံးနဲ့ ထိုးသွင်းလိုက်"
ကြယ်ပြာ၏ စကားကြောင့် သူက ဆွံ့အသွားရသည်။
"ဒါဆိုရင် လန်ရီ သေသွားမှာပေါ့"
"မဟုတ်လည်း ကပ်ဘေးလူဝင်စားက သေရမှာပဲ"
"ငါ အလေးအနက် ပြောနေတာနော်။ နောက်ပြောင်မနေနဲ့"
"ငါလည်း နောက်ပြောင်နေတာ မဟုတ်ဘူး။ မင်းလက်ထဲက ကျောက်တုံးက ချန်ရီရဲ့ ဝိညာဥ်ပဲ။ သူမကို ပြန်လည်ရှင်သန်စေဖို့ အခြားကပ်ဘေးလူဝင်စားတစ်ယောက် သေပေးရလိမ့်မယ်"
ကြယ်ပြာ၏ လေးနက်မှုကြောင့် ယွမ်ရှောင် တိတ်ဆိတ်သွား၍ အခြားနည်းလမ်းတစ်ခုခု စုံစမ်းချင်ခဲ့သည်။
"ဘာလဲ။ အသစ်တွေ့ပြီး အဟောင်းမေ့သွားတာလား။ ဒီတစ်ယောက်က အသက်ပိုငယ်ပြီး ချစ်စရာကောင်းနေလို့လား။ ထားလိုက်ပါကွာ။ မင်းက အချစ်ရူးတစ်ယောက် မဟုတ်ပါဘူး။ ရိုးရိုးသားသား ရင်ဆိုင်လိုက်စမ်းပါ"
ကြယ်ပြာက စနောက်လိုက်သည်။
"မဟုတ်ဘူး။ အသက်တစ်ချောင်းကို ကယ်တင်ဖို့ အပြစ်မရှိတဲ့ အသက်တစ်ချောင်း သေပေးရမှာက မှားနေတယ်"
ယွမ်ရှောင်က ခေါင်းတစ်ချက် ယမ်း၍ ငြင်းဆန်သည်။
"ဒါဆိုရင် ချန်ရီ ပြန်အသက်ဝင်လာဖို့ လျိုရင်ရင် သေပေးရမယ်ဆိုရင်ကော ဘယ်လိုလဲ"
ကြယ်ပြာက အိမ်တော်အပြင်ဘက်ရှိ လန်ရီနှင့် စကားပြောနေသည့် မိန်းကလေးထံ ညွှန်ပြသည်။
"ဒါဆိုရင်တော့ လုပ်ရမှာပေါ့"
" လန်ရီကို သတ်ပစ်ဖို့ဆိုရင် အရမ်းလှနေတော့ မင်းက နှမြောနေတာပဲ ဟား ဟား"
ကြယ်ပြာက ယွမ်ရှောင်၏ သဘောထားကို လှောင်ရယ်လိုက်လေသည်။