သိုင်းဧကရာဇ်မျိုးနွယ်
Vol. 30 Ch. 390
"နှလုံးသားရေးရာက အတော်ရှုပ်ထွေးတာပဲ"
လန်ရီ ဒေါသထွက်နေလျှင်ပင် ဆွဲဆောင်မှုတစ်ခု ရှိနေသောကြောင့် ယွမ်ရှောင်မှာ တအံ့တသြ ရေရွတ်လိုက်မိသည်။
"အဲ့ဒါက အဓိကအချက်ပဲ။ လူသားမျိုးနွယ်ရဲ့ စစ်မှန်တဲ့ ဘက်ခြမ်းကို ရင်ဆိုင်ရတာ၊ ဒါကမှ ကျင့်ကြံခြင်းရဲ့ တကယ့်စိန်ခေါ်မှုဖြစ်တယ်"
ကြယ်ပြာက အဓိပ္ပါယ်တစ်ခုဖြင့် လေးလေးနက်နက် ဝင်ပြောလိုက်ပြီး လနီသည်လည်း ကြားဖူးသမျှတွင် အလေးနက်ဆုံး စကားကြောင့် ဝင်ရောက်ထောက်ခံနေသည်။
"နှစ်ယောက်လုံး မထိခိုက်ဘဲ ပြည့်စုံတဲ့ ဖြေရှင်းနည်း တကယ် မရှိဘူးလား"
သူက အံကြိတ်၍ ဆုံးဖြတ်ရခက်ဟန်ဖြင့် မေးခွန်းထုတ်သည်။
"မရှိဘူး။ ဝိညာဥ်တစ်ခုက နှစ်ခါတောင် လှပနိုင်ပေမယ့် ခန္ဓာကိုယ်ကတော့ တစ်ခုတည်း ရှိတယ်။ ပြည့်စုံခြင်းက တကယ်ကို ရှားပါးတယ်။ မင်း ဘယ်လို ရွေးချယ်မလဲ"
ကြယ်ပြာက သက်ပြင်းချရင်း ခေါင်းယမ်းလိုက်၏။
"လန်ရီက သားရဲတစ်ကောင်လို ကြမ်းတမ်းတယ်။ နှလုံးသားကို လက်တစ်ချောင်းမှ မထိရသေးခင် ငါ့ကို အပိုင်းပိုင်း စုတ်ဖြဲသွားလိမ့်မယ်"
"မဟုတ်သေးဘူး။ မင်းက သူမကို ဆွဲဆောင်ဖြားယောင်းပြီး အငိုက်မိသွားရင် တစ်ချက်တည်း သတ်ပစ်လိုက်ပေါ့"
"သွားစမ်းပါကွာ"
လနီ၏ အကြံက ကောက်ကျစ်သောကြောင့် ယွမ်ရှောင်က လက်မခံနိုင်ဘဲ အေးစက်စက် ဖြစ်သွားသည်။
"တစ်လှမ်းချင်း သွားရမယ် ထင်တယ်"
သူက လန်ရီကို တစ်ချက်စိုက်ကြည့်ရင်း ရှေးဟောင်းအင်မော်တယ်ဘိုးဘေး ပေးခဲ့သော ခေါင်းကိုက်စရာ ဖြစ်ရပ်များကြောင့် စဥ်းစားမရ ဖြစ်နေသည်။ တစ်ဖက်လူတွင် ကပ်ဘေးလူဝင်စား အများအပြား ရှိသောကြောင့် ချန်ရီကို အသက်သွင်းရန် တစ်ယောက်ယောက်ကိုဖြင့် သတ်ရပေလိမ့်မည်။ ထိုအခိုက်တွင် စကားဝိုင်း ပြီးဆုံးသွားသော လန်ရီနှင့် လျိုရင်ရင်သည် အရုဏ်ဦးအိမ်တော်အတွင်း ဝင်ရောက်လာကြ၍ ကျင့်ကြံနေသည့် ယွမ်ရှောင်ထံ ဦးတည်လိုက်သည်။ လျိုရင်ရင်က လှပတင့်တယ်စွာ လျှောက်လှမ်းလာသောကြောင့် ကောက်ကြောင်းများ ပေါ်လွင်ထင်ရှားနေပြီး သူ့ကို အထင်သေးသော အကြည့်မျိုးဖြင့် စိုက်ကြည့်နေခဲ့၏။
"ဒီမိန်းမက မင်းကို အထင်သေးနေတယ်"
ကြယ်ပြာက စိတ်ချင်းဆက်သွယ်၍ လှောင်ရယ်လိုက်သည်။
"ငါ သိပါတယ်။ ဒီလိုသူငယ်ချင်းမျိုးက စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။ ဒါပေမယ့် လူသားတစ်ယောက်ရဲ့ သဘာဝက စိတ်ဝင်စားစရာကောင်းတယ်။ သူမက ငါ့အကြောင်း နားမလည်လို့ မထီမဲ့မြင် လုပ်နေတာပဲ။ ငါ့ကို မတွေ့ဖူးတော့ ကံဆိုးတာပေါ့"
ယွမ်ရှောင်က ခေါင်းညိတ်ထောက်ခံ၍ လန်ရီကို ကြိုဆိုရန် ထရပ်လိုက်သည်။
"လျိုရင်ရင်က လန်ရီကို ကာကွယ်ဖို့ ကြိုးစားစောင့်ရှောက်နေတာတော့ မမှားပါဘူး"
"ကြည့်ရတာ မင်းလည်း ရင့်ကျက်လာပြီထင်တယ်"
သူ၏ စကားကြောင့် ကြယ်ပြာက မှတ်ချက်ပေးလိုက်ပြီး ရင့်ကျက်လာခြင်းမှာ ဖြတ်သန်းလာရသော အတွေ့အကြုံများစွာကြောင့် မဟုတ်ပါလော။ သူက အပြေးတပိုင်း ရောက်ရှိလာသော လန်ရီကို ခါးမှ သိုင်းဖက်ကာ လေပေါ် မြှောက်တက်လိုက်သဖြင့် ခိုးခိုးခစ်ခစ် ရယ်သံလေးများ ပျံ့လွင့်လာ၏။
"အို ဒီလို မလုပ်နဲ့လေ။ ရင်ရင်လည်း ရှိနေတယ်"
သူမ၏ မျက်ဝန်းလေးများ ဝိုင်းစက်သွားကာ ချက်ချင်း ကန့်ကွက်လိုက်သဖြင့် ယွမ်ရှောင်က လွှတ်ပေးလိုက်ရာ အချစ်စမ်းနေသည့် ၎င်းမြင်ကွင်းသည် လျိုရင်ရင်ကို ရှက်ရွံ့သွားစေသည်။
"လန်ရီ နင်က အရေပြားချင်း ထိတွေ့တာကို မကြိုက်ဘူး ထင်ခဲ့တာ။ အခု ဘယ်လိုဖြစ်ပြီး...."
"သူက ချွင်းချက်။ ဒါကြောင့် ကောင်းကင်ရဲ့ လက်ဆောင်လို့ ငါ သတ်မှတ်ထားတယ်"
လန်ရီက ယွမ်ရှောင်၏ လက်ကို တွဲကာ ပြုံးရွှင်ရယ်မောနေသည်။
"ဒီလိုဆိုရင် ဘယ်သူမှ နင့်ကို ကပ်ဘေးသယ်ဆောင်သူလို့ စွပ်စွဲမှာ မဟုတ်တော့ဘူး။ အပြင်မှာ လူတွေက အင်မော်တယ်သုံးပါးဆီမှာ နင့်ကို မီးရှို့သတ်ဖို့ ဆုတောင်းနေကြတာ စိတ်ညစ်စရာကြီး"
လျိုရင်ရင်က တစ်ချက်ပြုံး၍ ကျေနပ်စွာ မှတ်ချက်ချလိုက်သည်။
"ဒီည အပြင်သွားရမယ်။ အစ်ကိုနဲ့ တူတူ ရှိမပေးနိုင်ဘူး"
"ဘယ်နေရာကိုလဲ"
"ရင်ရင်က ဟူယန်လော့ရဲ့ မွေးနေ့ပွဲကို တစ်ယောက်တည်းသွားမှာ။ ညီမ ဒါကို စိုးရိမ်နေတယ်"
"ကောင်းပြီ။ ဒါဆိုရင် ငါလည်း လိုက်မယ်"
လန်ရီ၏ စကားမဆုံးခင်မှာပင် ယွမ်ရှောင်က ဖြတ်ပြောလိုက်သဖြင့် သူမကို အံ့သြတကြီး ဖြစ်သွားစေသည်။
"အစ်ကိုက ဒီလိုပွဲမျိုးတွေ မကြိုက်ဘူးမလား"
"ကြိုက်ကြိုက် မကြိုက်ကြိုက် ချစ်သူကို ကာကွယ်ဖို့ လိုက်ရမှာပေါ့။ ဒီသခင်လေးတွေရဲ့ ကစားပွဲတွေက စောင့်ကြည့်သင့်တယ်"
"ညီမက လက်ခံတယ်လို့တောင် မပြောရသေးဘူးနော်"
ယွမ်ရှောင်၏ စကားကြောင့် သူမ၏ ပါးပြင်လေးများ နီမြန်းသွားကာ ခေါင်းငုံ့လိုက်မိသည်။
"ငါ့အိပ်မက်ထဲမှာ မင်းပြောခဲ့တယ်။ ကိုယ့်ကိုကိုယ် ပြင်ဆင်လိုက်တော့။ မြန်မြန် သွားရအောင်"
သူက လန်ရီ၏ ပါးလေးကို ဆွဲကိုင်ပြီး စနောက်နေသော မြင်ကွင်းသည် လျိုရင်ရင်ကို ဒေါသထွက်စေသဖြင့် တစ်ဖက်လှည့်သွားရသည်။ သူမကို ဒေါသထွက်စေရန် တမင်လုပ်နေခြင်းဖြစ်ကြောင်း သိသော်လည်း ဒေါသမထွက်ဘဲ မနေနိုင်ချေ။ ထို့အပြင် အခြားတစ်ယောက်ဆိုလျှင် ချက်ချင်း ရိုက်နှက်ပစ်တတ်သော လန်ရီက အလွန်ပျော်ရွှင်နေပုံပေါ်သည်။
"ဒါဆိုရင် အတူတူ သွားကြတာပေါ့"
လန်ရီ၏ တောင်းဆိုမှုကို သူမက လက်ခံလိုက်သော်လည်း စိတ်ထဲတွင် မွေးနေ့ပွဲ၌ ယွမ်ရှောင်မှာ လူပြက်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု ထင်နေသည်။ နေဝင်ချိန် နီးကပ်လာသောအခါ သူမသည် သူ၏ ရင်ခွင်အတွင်း တွယ်ကပ်နေပြီး လောကကြီးနှင့် ပတ်ဝန်းကျင်ကို မသိကျိုးကျွံ ပြုထား၏။
"တစ်ခုခု မှားနေပြီ"
"ဘာကြောင့်လဲ"
"ဒီကပ်ဘေးလူဝင်စားက အစ်ကိုကြီးကို တွယ်ကပ်လွန်းနေတယ်"
ကြယ်ပြာနှင့် လနီက ထူးခြားသော အခြေအနေတစ်ခုကို အာရုံခံလိုက်မိသည်။
"ယွမ်ရှောင်ရဲ့ ရုပ်ရည်က တွန်းလှန်နိုင်ဖို့ ခက်ခဲတယ်လေ"
"မဟုတ်လောက်ဘူး။ လူဝင်စားတစ်ယောက်ရဲ့ ခံစားချက်တွေက အခြားလူဝင်စားတွေကို လွှမ်းမိုးပြီး ပြောင်းလဲသွားစေတာ ဖြစ်နိုင်မလား"
"ဖြစ်နိုင်တယ်"
ထိုအခိုက်တွင် ယွမ်ရှောင်နှင့် လန်ရီသည် နီးကပ်နေသောကြောင့် သူတို့၏ စကားဝိုင်းက ဤမျှဖြင့် တိတ်ဆိတ်သွားခဲ့သည်။
"ရှေးဟောင်းအပျက်အစီးနယ်မြေရဲ့ ရှုခင်းတွေကို မမြင်ဖူးသေးဘူး။ လမ်းလျှောက်ချင်လား"
ယွမ်ရှောင်က လမ်းပြနေသည့် လျိုရင်ရင်ကို တစ်ချက်ကြည့်ကာ လန်ရီထံ စကားစလိုက်သည်။
"ဟုတ်ကဲ့။ ဒီနှစ်တွေမှာ အပြင်သိပ်မထွက်ဖြစ်ဘူးဆိုတော့ လမ်းလျှောက်ရရင် ကောင်းမှာပဲ"
"ဘာကြောင့် အပြင်မထွက်ဖြစ်တာလဲ"
"သူမကို နိမိတ်မကောင်းဘူးလို့ လူတွေက စွပ်စွဲကြတယ်။ ဒါကြောင့် ဒုက္ခရောက်ခဲ့ရတယ်"
နားစွင့်နေသော လျိုရင်ရင်က လန်ရီအစား ဝင်ဖြေလိုက်သည်။
ရှေးဟောင်းကျောင်းတော်မှ ထွက်ခွာလာပြီးနောက် စည်ကားသော ညစျေးတစ်ခုထံ ရောက်ရှိလာကာ နေဝင်ချိန်၌ပင် အလင်းရောင်များ တောက်ပ၍ အသက်ရှူမှားလောက်စဖွယ်ပင်။ မြူခိုး၊ အလှတရား၊ ရုန်းစာလုံး၊ ရတနာ၊ ရယ်သံများနှင့် ဂီတသံများ ရောယှက်၍ သာယာလှပသော်လည်း အရိပ်ထဲတွင် လူအချို့ ပုန်းအောင်းပြီး ယွမ်ရှောင်နှင့် လန်ရီကို ထူးထူးဆန်းဆန်း စောင့်ကြည့်နေကြ၏။
"နိမိတ်မကောင်းဘူးဆိုတာက တကယ်တမ်း ဘယ်လိုအဓိပ္ပါယ်လဲ"
ယွမ်ရှောင်၏ မသိနားမလည်မှုကို လျိုရင်ရင်က လှောင်ပြောင်ချင်သော်လည်း ကဲ့ရဲ့လိုက်လျှင် လန်ရီကိုသာ နာကျင်စေလိမ့်မည်။ ထိုနှစ်ယောက်အကြား သပ်လျှိုသွေးခွဲရန် ကြိုးစားလျှင်လည်း ပိုမိုနီးကပ်စေရုံသာ ဖြစ်သောကြောင့် အစီအစဥ်ကောင်းတစ်ခု လိုအပ်ပေလိမ့်မည်။
"နိမိတ်မကောင်းဘူးဆိုတာက ကျိန်စာသင့်နေတဲ့ သိုင်းဧကရာဇ်မျိုးနွယ်ရဲ့ မျိုးဆက်တစ်ယောက် ဖြစ်နေလို့ပဲ။ အနည်းငယ်လောက် ထိတွေ့မိရုံနဲ့ အခြားလူတွေရဲ့ အသက်ဓာတ်ကို စုပ်ယူပစ်နိုင်တယ်"
သူမက ရှင်းပြလိုက်သောအခါ ယွမ်ရှောင်ကို မင်သက်သွားစေသည်။
"တစ်ချိန်က ဒီမျိုးနွယ်ဟာ ရှေးဟောင်းအပျက်အစီးနယ်မြေကို အုပ်ချုပ်ခဲ့ပြီး မျိုးနွယ်အားလုံးရဲ့ ခေါင်းဆောင် ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် လူသားမျိုးနွယ်အပေါ် ခွင့်လွှတ်မရနိုင်တဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့လို့ ရှင်းပစ်ခံလိုက်ရတယ်"
သူမက အသေးစိတ် ထပ်မံ ရှင်းပြလိုက်လေသည်။