← Chapters

ပြောင်းလဲမှု၏ တရားခံ

Vol. 30 Ch. 391

ပြောင်းလဲမှု၏ တရားခံ

Vol. 30 Ch. 391

"ဘယ်လိုအမှားမျိုး ကျူးလွန်မိလို့ မျိုးဖြုတ်သုတ်သင်ခံလိုက်ရတာလဲ"

ယွမ်ရှောင်က မျက်ခုံးတစ်ချက်ပင့်၍ လန်ရီကို ကြည့်လိုက်မိသည်။

"သိုင်းဧကရာဇ်မျိုးနွယ်က သိုင်းပညာနဲ့ ရုပ်ခန္ဓာကို အဓိကကျင့်ကြံပြီး ခေတ်ပေါင်းများစွာ ကျော်ကြားခဲ့တယ်။ လူတိုင်းက လေးစားကြည်ညိုခဲ့ပေမယ့် အမှန်တရား ထွက်ပေါ်လာတော့ ခွင့်လွှတ်မရနိုင်လောက်တဲ့ ပြစ်မှုမျိုး ဖြစ်နေတယ်။ သူတို့က မိန်းကလေးငယ်တွေရဲ့ နှလုံးသားကို ရုပ်ခန္ဓာ အားကောင်းစေတဲ့ ကျင့်စဥ်တစ်ခုအတွက် ဆွဲထုတ်ခဲ့ကြပြီး ရာစုနှစ်ပေါင်းများစွာအတွင်း မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့ကြတယ်"

လျိုရင်ရင်က မဲ့ပြုံးတစ်ချက်ဖြင့် ရှင်းပြလိုက်သည်။

"ဒါတွေက ကောလဟာလ သက်သက်ပါပဲ"

လန်ရီက စိတ်အနှောင့်အယှက်ဖြစ်ဟန် တီးတိုးရေရွတ်မိသည်။

"ကောလဟာလဆိုရင်လည်း ဒီအတိုင်း ထွက်မလာတတ်ပါဘူး။ ရာစုနှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ အပြစ်ကြောင့် ကောင်းကင်ကျိန်စာ သင့်ပြီး ရှေးဟောင်းအပျက်အစီးနယ်မြေက လူတိုင်း ဒုက္ခရောက်ကုန်တယ်။ ကပ်ဘေးငါးမျိုးနယ်ပယ်က ယိုယွင်းမှုငါးမျိုး နယ်ပယ်အဖြစ် ပြောင်းလဲသွားတာကြောင့် တကယ့်ငရဲပဲ"

လျိုရင်ရင်က မကျေမနပ်ဖြင့် ဆက်လက်ပြောဆိုနေသည်။

"ကပ်ဘေးငါးမျိုးနယ်ပယ် ယိုယွင်းမှုငါးမျိုးနယ်ပယ် ဒါတွေက ဘာတွေလဲ"

စျေးထဲတွင် လမ်းလျှောက်နေသော်လည်း ဤသမိုင်းကြောင်းသည် လန်ရီနှင့် ဆက်စပ်နေသဖြင့် ယွမ်ရှောင်က သတင်းအချက်အလက်များ တတ်နိုင်သမျှ စုဆောင်းချင်ခဲ့၏။

"အဆင့်နှစ်တာအိုကပ်ဘေးရဲ့ ဖြတ်မှတ်၊ မင်းရဲ့အဆင့်နဲ့ဆိုရင် အဝေးကြီးပဲ။ သိနေလို့လည်း အကျိုးမရှိဘူး"

လျိုရင်ရင်က ငြင်းပယ်လိုက်သောအခါ သူ၏ စိတ်ထဲတွင် အဆင့်တစ် တာအိုကပ်ဘေး၏ ဖြတ်မှတ် ဖြစ်သော လေမီးတောက်နယ်ပယ်အကြောင်း သတိရမိလိုက်သည်။ ထိုအဆင့်တွင် သာမန်ချီကို မြင့်မြတ်ချီအဖြစ် ပြောင်းလဲကာ အဆင့်တစ်တာအိုကပ်ဘေး၏ ခြောက်ခုမြောက် နယ်ပယ်ဖြစ်သောကြောင့် ကပ်ဘေးငါးမျိုးနယ်ပယ် နှင့် ယိုယွင်းမှုငါးမျိုးနယ်ပယ်သည်လည်း အဆင့်နှစ်၏ ခြောက်ခုမြောက် ဖြစ်ပေလိမ့်မည်။ လျိုရင်ရင်က ယွမ်ရှောင်ကို လှောင်ပြောင်ကဲ့ရဲ့နေသဖြင့် စိတ်အနှောင့်အယှက်ဖြစ်သွားသည့် လန်ရီသည် အောက်ပါအတိုင်း ရှင်းပြလိုက်သည်။

မူလတွင် အဆင့်နှစ် တာအိုကပ်ဘေး၏ ခြောက်ခုမြောက် အဆင့်ကို ကပ်ဘေးငါးမျိုးနယ်ပယ်ဟု သတ်မှတ်ကာ ခက်ခဲသော်လည်း ကျင့်ကြံသူအများစု သေဆုံးခြင်း မရှိပေ။ ယိုယွင်းမှုငါးမျိုး နယ်ပယ်အဖြစ် ပြောင်းလဲသွားရာ ပြင်းထန်သော ဘေးဒုက္ခငါးမျိုး ကျဆင်းလာသဖြင့် အဆင့်တက်သူ တစ်ရာတွင် သုံးယောက်သာ ရှင်သန်နိုင်သည်အထိ ဆိုးရွားလာခဲ့၏။ အဆင့်မတက်သည့်တိုင်အောင် ယိုယွင်းမှုငါးမျိုးနယ်ပယ်သို့ နီးကပ်လာသည်နှင့်အမျှ ဘေးဒုက္ခကို တားဆီးမရနိုင်ပေ။

"သေဆုံးနှုန်းက များလိုက်တာ။ တခြားကမ္ဘာတွေမှာရော ဖြစ်တတ်လား"

"အခြားကမ္ဘာတွေမှာ ယိုယွင်းမှုငါးမျိုးနယ်ပယ် မရှိဘူး"

ယွမ်ရှောင်၏ အမေးကို လျိုရင်ရင်က ဖြတ်ပြောလိုက်သည်။

"ဒါဆိုရင် ရှေးဟောင်းအပျက်အစီးနယ်မြေက ထွက်ပြေးသွားရင်ရော မရဘူးလား"

"မရဘူး။ ဒီနေရာမှာ တစ်ကြိမ်လောက် ကျင့်ကြံဖူးတာနဲ့ ကံတရားနဲ့ ချိတ်ဆက်ပြီးသား ဖြစ်သွားတတ်တယ်"

လန်ရီ၏ သတိပေးချက်ကြောင့် ယွမ်ရှောင်အနေဖြင့် ယိုယွင်းမှုငါးမျိုးနယ်ပယ်ကို ရင်ဆိုင်ရန် အသင့်ပြင်ထားရပေလိမ့်မည် ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။

"ဒါက ပါရမီရှင်တွေနဲ့ ထိပ်တန်းကျင့်ကြံသူတွေသာ ခေါင်းကိုက်ရမှာပါ"

လျိုရင်ရင်က သွယ်ဝိုက်သော စကားဖြင့် အားနည်းလွန်းသည့်အတွက် စိုးရိမ်စရာမရှိဟု ကဲ့ရဲ့လိုက်ပြန်၏။ ရှေးဟောင်းအပျက်အစီးနယ်မြေ သို့မဟုတ် ဧရာမယာဥ်ကြီး၏ ပဲ့ဖျားတွင် လတစ်စင်း မြင့်မားစွာ ရှိနေပြီး ဆန်းကြယ်သော ခြောက်ခြားဖွယ် အလင်းရောင် ဖြာကျသည်။ နေနှင့် လသည် ဤနယ်မြေတွင် ကျင့်ကြံမှု၏ အနှစ်သာရဖြစ်ပြီး အယောက်တစ်ရာလျှင် သုံးယောက်အသက်ရှင်နှုန်းမှာ ကြောက်မက်ဖွယ်ကောင်းလှ၏။

"အင်မော်တယ်သုံးပါးက သိုင်းဧကရာဇ်မျိုးနွယ်ရဲ့ ပြစ်မှုကို ဖော်ထုတ်ပြီး တက်ကျမ်းနည်းစနစ်ကို မျှဝေပေးခဲ့တယ်။ ရှင်သန်နှုန်း မြင့်တက်လာပြီး အခု တစ်ရာကို ဆယ်ယောက် အသက်ရှင်နိုင်နေပြီ။ သူတို့ကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုလုံး ယိုယွင်းမှုနယ်ပယ်ကြောင့် ပျက်သုဥ်းသွားနိုင်တယ်"

လျိုရင်ရင်သည် ကောင်းကင်သို့ မော့ကြည့်ကာ ရင်ဘတ်တွင် လက်နှစ်ဖက်ယှက်၍ ကျေးဇူးတင်စကားများ ပြောဆိုနေသည်။

"ဒါဆိုရင် သိုင်းဧကရာဇ်မျိုးနွယ်က အပယ်ခံ ဖြစ်သွားတာပေါ့"

"ဟုတ်တယ်"

"ဒါဆိုရင် ဘယ်လို ခွဲခြားတာလဲ"

"အပယ်ခံတစ်ယောက်က အခြားလူတစ်ယောက်ကို ထိလိုက်ရင် အသက်ဓာတ်နဲ့ ဝိညာဥ် လောင်ကျွမ်းသွားလိမ့်မယ်"

အနားမှ ခွဲထွက်လာပြီးနောက် ယွမ်ရှောင်က လန်ရီထံ သိုင်းဧကရာဇ်မျိုးနွယ်အကြောင်း စုံစမ်းနေသည်။ သူက သူမကို ထိတွေ့နိုင်ခြင်းမှာ ရုပ်ခန္ဓာသည် လူသားမျိုးနွယ်စင်စစ်မဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းသာ ပါဝင်သောကြောင့်ပင်။ သိုင်းဧကရာဇ်မျိုးနွယ်၊ အင်မော်တယ်သုံးယောက်၊ အသက်စားဂူကျင့်စဥ် စသည်တို့အကြောင်း သိလိုက်ရသောအခါ အရာရာ ရှင်းလင်းသွားသဖြင့် သူက အားပေးနှစ်သိမ့်ခဲ့သည်။

"သမိုင်းကို အနိုင်ရသူတွေသာ ရေးသားနိုင်တယ်။ အောင်ပွဲရရင် သိုင်းဧကရာဇ်မျိုးနွယ်ကို လောကကြီးက ချီးကျူးမြှောက်ပင့်လိမ့်မယ်"

သူ၏ အကြည့်က စည်ကားသက်ဝင်နေသော လမ်းများထံ ရောက်ရှိသွားကာ ရယ်မောသံများနှင့် ဆူညံ၍ လူပင်လယ်ကြီးပမာ ပြည့်နှက်နေသော်လည်း လူအချို့မှာ မနှစ်မြို့သော မျက်လုံးများဖြင့် စောင့်ကြည့်နေကြောင်း တွေ့ရှိခဲ့သည်။ လမ်းတိုင်းတွင် အမွေးတိုင်အိုးများ ထွန်းညှိထားကာ ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ဘေးအန္တရာယ်ကို ဖုံးကွယ်ထားသည်။

အချိန်တစ်ခုအကြာတွင် သူတို့သည် ခမ်းနားကြီးကျယ်သော အဆောက်အအုံများထံ ရောက်ရှိလာကြပြီး ခေါင်မိုးများမှာ ဓားသွားများကဲ့သို့ ထက်ရှ၍ အရိပ်ထိုးနေသည်။ ဝင်ပေါက်ရှိ ဆယ်ပေ ရှည်လျားသော ဆိုင်းဘုတ်အထက်တွင် ထိပ်တန်းလူသားနယ်မြေဟု ရေးထွင်းထား၏။ ဤနေရာသည် လူသားအင်မော်တယ်၏ ပိုင်နက်၊ ရှေးဟောင်းအပျက်အစီးနယ်မြေရှိ ဓားကျင့်ကြံသူအားလုံး လေးစားကြည်ညိုသည့် နေရာ ဖြစ်သည်။ ရှေးဟောင်းသားတော်၏ ဓားစံအိမ်သည် ဤနယ်မြေအတွင်း တည်ရှိပြီး ကောင်းကင်ရင်းမြစ်နယ်မြေ၊ ယွမ်အိမ်တော်ထက် များစွာ သာလွန်ပြီး ဟူယန်လော့က လူသားအင်မော်တယ်၏ တိုက်ရိုက်မျိုးဆက် ဖြစ်သည်။

"ကြိုဆိုပါတယ် သခင်မလေးလန် သခင်မလေးလျို"

အဖြူရောင်ပိုးထည်ဝတ်စုံ၊ ခေါက်ယပ်တောင်နှင့် မင်းသားတစ်ယောက်ပမာ စင်ကြယ်သန့်ရှင်းသော လူငယ်တစ်ယောက်က ကြိုဆိုလာခဲ့သည်။ အကြည့်က စူးရှသော်လည်း မျက်နှာထား နူးညံ့၍ အပြုံးက နွေးထွေးကာ ရှေးဟောင်းအပျက်အစီးနယ်မြေရှိ အဆင့်အတန်းမြင့်မားသူ တစ်ယောက်၏ အရှိန်အဝါမျိုး ထွက်ပေါ်နေ၏။

"သခင်လေးဆောင် လန်ရီနဲ့ မိတ်ဆက်ပေးပါရစေ။ သူက ကြည်လင်စမ်းချောင်းအိမ်တော်ရဲ့ သခင်လေး ဆောင်ပိုပါ။ သူ့အဖေက..."

လျိုရင်ရင်က စိတ်လှုပ်ရှားနေဟန်ဖြင့် ရှေ့ထွက်၍ မိတ်ဆက်ပေးချင်သော်လည်း စကားမဆုံးခင်မှာပင် ဆောင်ပိုမှ ဟန့်တားလာသည်။

"မိန်းကလေးလျို ရိုးရိုးရှင်းရှင်း မိတ်ဆက်ပေးရင် လုံလောက်ပါပြီ။ ဒီက သခင်လေးကရော ဘယ်သူများလဲ"

ဆောင်ပို၏ အကြည့်က လန်ရီနှင့် လက်ချင်းတွဲထားသော ယွမ်ရှောင်ထံ ရောက်ရှိလာကာ တစ်ချက်ပြုံး၍ စုံစမ်းသည်။

"သူက ယွမ်ရှောင်ပါ"

"ထူးခြားတဲ့ ရုပ်ရည်နဲ့ ပါရမီရှင်တစ်ယောက်ပါလား။ ရှေးဟောင်းသားတော်က အလုပ်များနေလို့ ကြိုဆိုဖို့ ကျုပ်ကို လွှတ်လိုက်တာပါ။ တစ်ခုခု ဧည့်ဝတ်မကျေရင် ခွင့်လွှတ်ပေးပါ။ ကြွပါခင်ဗျာ"

"သခင်လေးဆောင်က ကြင်နာလွန်းနေပါပြီ"

ဆောင်ပိုက ပြောပြောဆိုဆိုနှင့် ဘေးထွက်၍ ဦးဆောင်သွားရာ လျိုရင်ရင်လည်း ဘေးချင်းကပ် လိုက်ပါသွား၍ စကားဖောင်ဖွဲ့နေသည်။ လှပတင့်တယ်စွာ ပြင်ဆင်ထားသည့် ခန်းမတစ်ခုအတွင်း စားပွဲရာချီအထက်တွင် စားကောင်းသောက်ဖွယ်များ ခင်းကျင်းထား၍ လှပသော သေရည်အိုးများသည် ယွမ်ရှောင်၏ အကြည့်ကို ဖမ်းစားသွားကာ သိုးအုပ်အတွင်း ရောက်နေသည့် ဝံပုလွေတစ်ကောင်ကဲ့သို့ ပျော်ရွှင်လာ၏။ ခန်းမအတွင်း အဆင့်အတန်းမြင့် သခင်လေးများ ပြည့်နှက်နေပြီး ကိုယ်အုပ်စုနှင့်ကိုယ် သီးခြားနေရာယူထားကြသည်။

"သောက်စရာကတော့ မဆိုးလောက်ဘူး"

"စားစရာတွေကလည်း ကောင်းမယ်ထင်တယ်"

ယွမ်ရှောင်နှင့် လန်ရီက ပြိုင်တူ မှတ်ချက်ပေးလိုက်မိပြီး အမှတ်မထင် အကြည့်ချင်းဆုံးသွားကာ ချိုမြိန်သော အပြုံးကိုယ်စီ ဖြစ်တည်လာခဲ့လေသည်။

All Chapters