ကြီးမားသော နောင်တ
Vol. 30 Ch. 394
မွေးနေ့ပွဲ တက်ရောက်လာသော ဓားသမားများက တစ်ယောက်ပြီး တစ်ယောက် အလှည့်ကျ ယူဆောင်လိုက်ကြပြီး အကျိုးအမြတ်မှာ ပြောပရလောက်အောင် မများချေ။ ဓားအော်ရာ အရေအတွက် ၂၀မှ ၂၀၀အထိသာ ရယူနိုင်ခဲ့ကြပြီး ရှေးဟောင်းအပျက်အစီးနယ်မြေ၏ အထက်တန်းလွှာ သခင်လေးများအတွက် အာရုံစိုက်စရာ မဟုတ်ပေ။ သို့ရာတွင် ရှေးဟောင်းသားတော်၏ ကံကောင်းမှုကို မျှဝေချီးမြှောက်ရသည့်အတွက် ဟန်ဆောင်ကျေးဇူးတင်နေကြပြီး တစ်ယောက်ချင်းစီ အကြောင်းကို ဆောင်ပိုသည် လျိုရင်ရင်အား ချဲ့ကားမိတ်ဆက်ပေးနေသည်။ ဤလူငယ်များသည် ထိပ်တန်းဓားဝိညာဥ်များ၊ အစွမ်းထက် ဓားအော်ရာနှင့် အဖိုးတန် ဓားစက်ကွင်း ကိုယ်စီ ပိုင်ဆိုင်ထားသောကြောင့် သူမမှာ ထိုလောကအတွင်း ဆွဲသွင်းခံလိုက်ရပုံပေါ်ပြီး အထင်ကြီးစိတ်များ ဖြစ်တည်လာသည်။
"ဆောင်ပို မင်းအလှည့်ရောက်ပြီ။ မင်းရဲ့ ဓားဝိညာဥ် အစွမ်းကို ပြလိုက်ပါဦး"
"ရှေးဟောင်းသားတော်ရဲ့ စေတနာကို ဘယ်လိုလုပ် ငြင်းနိုင်မလဲ"
လူလေးဆယ်ခန့် အပြီးတွင် ဟူယန်လော့သည် ဆောင်ပိုကို ဖိတ်ခေါ်လိုက်သောကြောင့် ကျေနပ်ပြုံးရွှင်သွားစေ၏။ လျိုရင်ရင်က မူးယစ်နေပြီး မေးကို လက်ဖြင့် ထောက်ကာ စွဲမက်ဖွယ်ကောင်းသည့် အမူအရာဖြင့် ငေးမောနေသည်။ ထို့ကြောင့် သူက ထိုမိန်းကလေးကို ဆွဲဆောင်ရန် အစွမ်းပြမည်ဟု တွေးရင်း ကပ်ဘေးအရိုးထံ ချဥ်းကပ်လိုက်သည်။ သူ၏ လက်ထဲတွင် ရေခဲပြာရောင် ဓားတစ်လက် ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် အပူချိန် ကျဆင်းကာ ရေခဲအလွှာများပင် ဖြစ်ပေါ်လာသဖြင့် သူမမှာ အထင်ကြီးစွာ ရေရွတ်လိုက်မိသည်။
"ရေခဲဓားဝိညာဥ်၊ အလယ်အလတ် ယင်အဆင့်၊ ဓားစက်ကွင်းခုနစ်ခု၊ ဓားအော်ရာ ခုနစ်သောင်း သခင်လေးဆောင်က တကယ်ကို ထူးချွန်လိုက်တာနော်"
ထိုအချိန်တွင် ဆောင်ပိုသည် ဓားဝိညာဥ်ကို ကပ်ဘေးအရိုးထံ ထိုးသွင်းလိုက်ပြီး ငါးမန်းပုံရိပ်က တိုက်ခိုက်လာသော်လည်း အေးအေးဆေးဆေး ရှိနေသည်။ ထို့နောက် ဓားအော်ရာအရေအတွက် များပြားလာပြီး စောင့်ကြည့်ရင်း ရေတွက်နေကြသည့် လူတိုင်း မျက်လုံးများ ပြူးကျယ်၍ ဆွံ့အကုန်သည်။ သူက အရေအတွက် တစ်ထောင်ကျော် စုပ်ယူနိုင်ခဲ့သဖြင့် အခြားသူများထက် များစွာ သာလွန်နေသော်လည်း ဟူယန်လော့သည် နှမြောတွန့်တိုခြင်း မရှိဘဲ မတ်တပ်ရပ်၍ လက်ခုပ်တီး ဂုဏ်ပြုပေးခဲ့သည်။
"အစ်ကိုဆောင်ရဲ့ ဓားအရည်အချင်းက တကယ်ကို ထူးခြားလွန်းပါတယ်။ ဂုဏ်ပြုပါတယ်"
"ကျုပ်ရဲ့ အရည်အချင်းက နည်းနည်းလေးပါ။ ရှေးဟောင်းသားတော်ကို မမီပါဘူး"
ချီးကျူးဂုဏ်ပြုသံများအကြားတွင် ဆောင်ပိုသည် နေရာသို့ ပြန်သွားကာ လျိုရင်ရင်ကို စကားဆက်လိုက်သည်။
"ကျုပ်ရဲ့ ကြိုးပမ်းမှုလေးက သေးငယ်ပါတယ်"
"သခင်လေးဆောင်က နှိမ့်ချတတ်တယ်နော်"
လျိုရင်ရင်သည် ဆောင်ပိုနှင့် ယွမ်ရှောင်ကို စိတ်ထဲမှ နှိုင်းယှဥ်၍ အရည်အချင်းရှိသူက နှိမ့်ချတတ်၍ အားနည်းသူမှာ ကြွားဝါနေသည်ဟု အထင်မှားနေခဲ့၏။
နောက်ဆုံးတွင် ဓားကျင့်ကြံသူအနည်းငယ် အလှည့် ပြီးဆုံးသွားသောအခါ စိတ်အားထက်သန်နေသည့် ယွမ်ရှောင်က ပြပွဲစတင်ရန် ပြင်ဆင်ထားခဲ့သည်။
"နောက်ထပ် ဓားကျင့်ကြံသူတွေ ကျန်သေးလား"
"ကျုပ် ရှိတယ်"
ဟူယန်လော့သည် ကပ်ဘေးအရိုးထံ ချဥ်းကပ်ကာ ပြုံးရွှင်စွာ မေးလိုက်သောအခါ သူက ထရပ်လိုက်သဖြင့် လူအုပ်ကို မကျေမနပ် ဖြစ်သွားစေသည်။
"ခင်ဗျားက ရုန်းကျင့်ကြံသူ မဟုတ်ဘူးလား"
"ငါက ဓားရော ရုန်းရော ကျင့်ကြံပြီး ဓားဝိညာဥ်နဲ့ သက်စောင့်တံဆိပ် ပိုင်ဆိုင်တယ်"
ယွမ်ရှောင်က စိတ်ထဲမှ လှောင်ပြောင်နေပြီး တစ်ဖက်လူသည် သူ့ကို ဓားကျင့်ကြံသူဖြစ်ကြောင်း အကြီးအကဲများထံမှ သိထားပေလိမ့်မည်။ အကယ်၍ သူ့ကို လောဘကြီး နိမ့်ကျသည့် ဓားသမားတစ်ယောက်ဟု သိမထားလျှင် ဤထောင်ချောက်မျိုး အချိန်ကုန်ခံ ပြင်ဆင်ထားမည် မဟုတ်ချေ။ လမ်းစဥ် နှစ်မျိုးကျင့်ကြံသူ ဖြစ်သောကြောင့် လူအုပ်က လှုပ်ရှားသွားကာ လေးစားမှုအချို့ ရရှိစေခဲ့သည်။
"ဒါဆိုရင် မင်းရဲ့ ဓားဝိညာဥ်ကို ပြပေးပါဦး"
ရှေးဟောင်းသားတော်က တည်ငြိမ်စွာ ပြောလိုက်သောအခါ ယွမ်ရှောင်၏ လက်ထဲတွင် ဓားစက်ကွင်းတစ်ခုမှ မရှိဘဲ ဓားအော်ရာ နှစ်သောင်းကျော်သာ ပိုင်ဆိုင်ထားသည့် မိုးပြာရောင် ဓားတစ်လက် ထွက်ပေါ်လာခဲ့သည်။ ယခင် ဓားကျင့်ကြံသူများ ပြသခဲ့သည့် ခမ်းနားထည်ဝါသော ဓားဝိညာဥ်များနှင့် ယှဥ်လျှင် ၎င်းမှာ အလွန်တရာ သာမန်ဆန်နေသည်။
"မိတ်ဆွေ မင်းရဲ့ ဓားအော်ရာ အရေအတွက်က နည်းပါးလွန်းတော့ တန်ပြန်တိုက်ခိုက်တာကို ခံနိုင်မှာ မဟုတ်ဘူး။ အန္တရာယ်များပါတယ်"
ဟူယန်လော့က အကဲဖြတ်သလို စိုက်ကြည့်၍ ဟန်ဆောင်စေတနာ ထားကာ သတိပေးခဲ့သည်။
"ငါ နောက်မဆုတ်ချင်ဘူး။ ရှေးဟောင်းသားတော်က လူတိုင်း စမ်းကြည့်ဖို့ ခွင့်ပြုပေးခဲ့တယ်မလား။ စမ်းသပ်ကြည့်ပါရစေ"
လန်ရီက ထိုစကားကို ကြားသောအခါ လောဘကြီးဟန်ဆောင်နေသည့် ယွမ်ရှောင်အကြောင်း သိထားသဖြင့် ရယ်ချင်စိတ်ကို အတင်းထိန်းချုပ်ထားရသည်။ လျိုရင်ရင်ကမူ အရှက်မရှိဟု မှတ်ချက်ပေးကာ စိတ်မသက်မသာ ဖြစ်နေပုံရသည်။
"ဒါဆိုရင်လည်း လုပ်ပါ"
ထိုအခိုက်တွင် စိုးရိမ်ဟန်ဆောင်၍ ပူပန်ပေးနေသည့် ဟူယန်လော့က ခွင့်ပြုပေးခဲ့၏။
"ကျေးဇူးတင်ပါတယ်"
ယွမ်ရှောင်၏ မျက်လုံးများက လောဘမီးတောက်လောင်နေဟန်ဖြင့် ဝါးနိုင်သည်ထက် ပိုသော အရာကို စားသောက်ချင်နေသည့် ဝံပုလွေတစ်ကောင်ပမာ ရှေ့တိုးလာခဲ့သည်။
"လန်ရီက ဘယ်လိုလုပ် ဒီလောက်နိမ့်ကျတဲ့ လူကိုညစိတ်ဝင်စားသွားတာလဲ"
ဤမေးခွန်းသည် လျိုရင်ရင်၏ စိတ်ထဲတွင်သာမက အခြားသခင်လေးများ၏ မျက်နှာတွင်လည်း ထင်ဟပ်နေသည်။ ကပ်ဘေးအရိုး ထောင်ချောက် အောင်မြင်ကာနီးလာသောကြောင့် ဟူယန်လော့နှင့် ဆောင်ပိုမှာ အကြည့်ချင်းဖလှယ်၍ ကျေနပ်စွာ ပြုံးလိုက်ကြ၏။
"အင်မော်တယ်သုံးပါး ဒီလောဘသားကောင် လူမိုက်ကို သင်ခန်းစာပေးလိုက်စမ်းပါ"
လူတိုင်း ယွမ်ရှောင်ကို အာရုံစိုက်နေကြပြီး လျိုရင်ရင်သည် စိတ်ထဲမှ အဆက်မပြတ် ကျိန်ဆဲနေခဲ့၏။ ထိုစဥ်မှာပင် ကောင်းကင်သင်္ချိုင်းဓားကို ကပ်ဘေးအရိုးထံ ဆန့်ထုတ်ထားသော ယွမ်ရှောင်က ရပ်တန့်လိုက်သဖြင့် အားလုံး မင်သက်သွားကြသည်ါ
"ဒီလက်ဆောင်က မင်းအတွက် လူသားအင်မော်တယ်ရဲ့ ကောင်းချီး ဖြစ်နေတယ်။ မတော်တဆ အများကြီး စုပ်ယူမိရန် မကောင်းပါဘူး"
သူက ဟူယန်လော့ကို လေးနက်စွာ စိုက်ကြည့်၍ သူ့အပြစ် မဖြစ်စေရန် စကားလမ်းကြောင်း ပေးခဲ့သည်။
"ရပါတယ်။ ဘာဖြစ်ဖြစ် စိတ်မပူပါနဲ့"
"ကောင်းပြီလေ"
တစ်ဖက်လူက ဆက်လုပ်ရန် ခွင့်ပြုပေးလိုက်သောအခါ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာရင်း ဓားကို ကပ်ဘေးအရိုးအတွင်းသို့ ထိုးစိုက်ပစ်လိုက်ရာ နှစ်ခုလုံး ထူးထူးခြားခြား ငြိမ်သက်နေ၏။
"ဓားဝိညာဥ်ထဲကို မမြင်နိုင်တဲ့ ပိုးကောင်တွေ ရောက်လာပြီး ဝိညာဥ်ကို ကိုက်ဖြတ်ဖို့ ကြိုးစားနေတယ်"
"ဝိညာဥ်စားကူကောင် ရှားပါးတယ် ဝိညာဥ်တွေကို စားသုံးတယ်။ ဒီစောက်ကလေးက မင်းကို သတ်ပစ်ဖို့ တော်တော်ကြိုးစားထားတာပဲ"
သူက ကြယ်ပြာနှင့် စိတ်ချင်းဆက်သွယ်၍ အကျိုးအကြောင်း စုံစမ်းလိုက်သည်။ (မှတ်ချက် ဂူ သို့မဟုတ် ကူ = ပိုးကောင်)
"ကြည့်ရတာ အင်မော်တယ်သုံးယောက်နဲ့ မျိုးဆက်တွေက ကူနဲ့ ပတ်သက်ရင် တော်တော်ကျွမ်းကျင်တာပေါ့""ယ
အသက် ၁၃နှစ်အရွယ် ကလေးတစ်ယောက်ကပင် အလွန်ရက်စက်ကြမ်းကြုတ်ပြီး ယွမ်ရှောင်ကို ရတနာဖြင့် ဖြားယောင်းကာ သတ်ပစ်ချင်နေခဲ့သည်။ အခြားတစ်ယောက်သာဆိုလျှင် ဓားဝိညာဥ် ပျက်စီး၍ ဆိုးဆိုးဝါးဝါး သေဆုံးသွားနိုင်သော်လည်း ကံဆိုးသည်မှာ ပစ်မှတ် မှားယွင်းသွားခဲ့၏။ သူက ငါးစာကိုရော ငါးဖမ်းသမားကိုပါ ရေအောက်သို့ ဆွဲချနိုင်လောက်အောင် ကြမ်းတမ်းသန်မာသည့် ငါးကြီးတစ်ကောင် ဖြစ်နေသည်မဟုတ်ပါလော။ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်သည် ရာပေါင်းများစွာသော ဝိညာဥ်စားကူကောင်များကို ပြာချပစ်ခဲ့ပြီး ကပ်ဘေးအရိုး၏ တန်ပြန်တိုက်ခိုက်မှုမှာလည်း မှုစရာ မဟုတ်ချေ။ လန်ရီမှလွဲ၍ လူတိုင်း သူ ပြဿနာတက်မည်ကို မျှော်လင့်နေသောကြောင့် လျင်မြန်စွာ လှုပ်ရှားရပေလိမ့်မည်။ သူက ဓားဝိညာဥ်ကို ထိန်းချုပ်မထားတော့ဘဲ ကပ်ဘေးအရိုး၏ စွမ်းအားကို ရူးသွပ်စွာ စုပ်ယူခွင့်ပေးလိုက်ပြီး ငါးမန်းတစ်ကောင်၏ ပုံရိပ်လည်း ပြိုင်တူ ထွက်ပေါ်လာသည်။
ထိုအခိုက်အတန့်တွင် ဟူယန်လော့၏ မျက်လုံးများ စူးရှတောက်ပသွားသကဲ့သို့ ဆောင်ပိုမှာ အေးစက်စက် လှောင်ရယ်နေခဲ့သည်။ သို့သော် ကြားလိုက်ရသည်မှာ ယွမ်ရှောင်၏ အော်သံအစား ကပ်ဘေးအရိုးထံမှ နာကျင်စွာ အော်သံသာ ဖြစ်နေခဲ့ပြီး ငါးမန်းပုံရိပ်မှာ ကြောက်မက်ဖွယ်ရန်သူနှင့် ရင်ဆိုင်နေရသကဲ့သို့ ထင်မှတ်ရ၏။
"ဘာဖြစ်နေတာလဲ"
ဆောင်ပိုက အလန့်တကြား ထရပ်လိုက်သဖြင့် တွန်းဖယ်ခံလိုက်ရသည့် လျိုရင်ရင်မှာ ကြမ်းပြင်ပေါ် လဲကျသွားသည်။
"ငါတို့ အမြင်မှားနေတာလား"
ယွမ်ရှောင်၏ ကျရှုံးမှုကို မျှော်လင့်ထားကြသူများ အားလုံး မယုံနိုင်ဟန်ဖြင့် မျက်လုံးများ ပွတ်သပ်၍ နောက်တစ်ကြိမ် ကြည့်လိုက်သော်လည်း မပြောင်းလဲချေ။ ကြမ်းကြုတ်ရက်စက်လွန်း၍ ဟူယန်လော့ ကိုယ်တိုင် ငါးနှစ်ခန့် စုပ်ယူဝါးမျိုရမည့် ကပ်ဘေးအရိုးမှာ သိသိသာသာ မှိန်ဖျော့သွားကာ သာမန်အရိုးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် ၎င်းမှာ အမှုန့်ဖြစ်သွား၍ လေထဲတွင် လွင့်ပျံသွားကာ ကောင်းကင်သင်္ချိုင်းဓားအထက်၌ ဓားအော်ရာများ ပင်လယ်ကြီးပမာ ဝုန်းခနဲ ပေါက်ကွဲ ဖြစ်တည်လာ၏။ ရေတွက်ကြည့်လိုက်လျှင် အရေအတွက် သုံးသိန်းကျော်ပြီး သာမန်ဓားဝိညာဥ် မဟုတ်ဘဲ အဆင့်လွန်ရတနာတစ်ခု ဖြစ်ကြောင်း သိသာပေသည်။
"မဖြစ်နိုင်ဘူး"
မွေးနေ့ပွဲ တက်ရောက်လာသူတိုင်း မင်သက်သွားကာ စိတ်များ ဗလောင်ဆူ၍ ရှေးဟောင်းသားတော်၏ ဆုံးရှုံးမှုအတွက် ပြောစရာ စကားပင် ရှာမရတော့ချေ။
"သခင်လေးဆောင် ငါ အမြင်မှားသွားတာမလား"
"ဟုတ်လောက်တယ်။ ကပ်ဘေးအရိုး ပျောက်ကွယ်သွားတာ မဖြစ်နိုင်ဘူး"
ဆောင်ပိုရော လျိုရင်ရင်ပါ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ နေရာတွင် ချက်ချင်း တောင့်တင်းသွားကာ စကားသံပင် ထစ်ထစ်အအ ဖြစ်သွားလေသည်။