← Chapters

ဆရာ ကယ်ပါဦး

Vol. 88 Ch. 1225

ဆရာ ကယ်ပါဦး

Vol. 88 Ch. 1225

မန်ဟို ကောင်းကင်သို့ ထိုးတက်၍ တိုက်ခိုက်လိုက်သည့်အချိန်မှာပင် တာအိုရသေ့က တောက်ပစွာပြုံးရင်း လေလယ်တွင် ပေါ်လာကာ လှမ်းအော်ပြောသည်။ “မပြေးနဲ့နော် တပည့်လေး”

သူ့အော်သံမှာ သာမန်သာ ထင်ရသော်လည်း အမှန်တွင် မိုးကောင်းကင်အား ပြိုကျတော့မတတ် ပြင်းပြင်းထန်ထန် တုန်ခါသွားစေသည်။ ခေါင်းမော့ကြည့်လိုက်ပါက အကွဲကြောင်းအမြောက်အမြား ပွင့်လာသည်ကို မြင်ရနိုင်၏။

စောစောက ထိုးဆင်းလာခဲ့သည့် သွေးမြူတိမ်မှာ ၎င်းအတွင်း၌ ပုံးကွယ်နေသူမည်သူဖြစ်ဖြစ် ကြောက်လန့်သွားပြီး ထွက်ပြေးတော့မည့်အလား နောက်ပြန်ဆုတ်သွားသည်။

ဤအဖြစ်အပျက်က မန်ဟို့ကို အံ့အားသင့်သွားစေသလို၊ ဝမ်းနည်းသွားစေသည်။ သူ၏မူလအစီအစဉ်က လော့မြစ်ဂြိုဟ်မှ ထွက်၍ သွေးမြူတိမ်ထဲရှိ ရွေးချယ်ခံကို တိုက်ခိုက်နေစဉ် သူ သို့မဟုတ် သူမ သူ့အပေါ် အကြွေးတင်သွားအောင် ကံကြွေးအမိန့်စာကို သုံးဖို့ လှည့်စားရန် ဖြစ်ခဲ့သည်။

တာအိုရသေ့က ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု သူ မည်သို့ ထင်ထားခဲ့မည်နည်း။ တာအိုရသေ့၏ ကျင့်ကြံခြင်းအခြေခံအဆင့်က မန်ဟို့မျက်လုံးများအား မဆိုစလောက် ပြူးကျယ်သွားစေသည်။ မြင့်မြတ်တည်ကြယ်ဂိုဏ်းအတွင်း၌ သူသည် မြင့်မားသောအဆင့်အတန်းတစ်ခုအား သိမ်းပိုက်ထားကြောင်း သိသာသလို၊ သူ၏အော်သံအရ ဝိညာဉ်နက်ခေါင်းဆောင်ကြီးနှင့် ယှဉ်နိုင်သော အနှစ်သာရ ၃ ခု တာအိုသခင် သို့မဟုတ် ထို့ထက်မြင့်မားကြောင်း မန်ဟို ပြောနိုင်၏။

ယင်းက မန်ဟို့အား ပို၍ပင် စိတ်ညစ်သွားစေသည်။ သူ တာအိုနယ်ပယ်ပညာရှင်များကို မတိုက်ခိုက်နိုင်ခဲ့တုန်းက တစ်ယောက်နှင့်မှ မတွေ့ခဲ့ရပေ။ သို့သော် ယခု တိုက်ခိုက်နိုင်သည့်အခါ သူတို့က သူ ဘယ်နေရာသွားသွား ပေါ်လာနေသည့်အတိုင်းပင်။

အမှန် သူ့အဆင့်အတန်းမှာ ယခင်နှင့်မတူတော့၍ သူ တွေ့ဆုံသည့်လူများလည်း ကွဲပြားလာခဲ့ခြင်းဖြစ်သည်။ မည်သည့်တောင်ပင်လယ်တွင်မဆို တာအိုနယ်ပယ်ပညာရှင်အရေအတွက်သည် ဒါဇင်ထက် ကျော်မည်မဟုတ်ပေ။ အများစုက ဂိုဏ်းအသီးသီး၏ ဂိုဏ်းချုပ်များ ဖြစ်လာခဲ့၍ သာမန်ကျင့်ကြံသူများ တွေ့ရလေ့ တွေ့ရထ ရှိမည့် လူစားမျိုးမဟုတ်ပေ။

ဥပမာ ဝိညာဉ်နက်ခေါင်းဆောင်ကြီး။ ကျင့်ကြံသူထောင်နှင့်ချီသော အဖွဲ့အစည်းတစ်ခုတွင် တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက်တည်းသာ ရှိသည်။

သို့သော် မန်ဟိုက တာအိုနယ်ပယ်ပညာရှင်များကို တိုက်ခိုက်နိုင်သည့်အတွက် တာအိုနယ်ပယ်ပညာရှင်များ ဝင်ပါရသော အခြေအနေသို့ ရောက်သွားသည်မှာ သဘာဝသာ ဖြစ်သည်။

မြင့်မြတ်တည်ကြည်ဂိုဏ်းမှ တာအိုရသေ့အတွက်မူ သူသည် အနှစ်သာရ ၃ ခု တာအိုသခင် ဖြစ်ပြီး ထိုဂိုဏ်းတွင် အစွမ်းထက်ဆုံးတာအိုနယ်ပယ်ပညာရှင်များမှ တစ်ယောက်ဖြစ်သည်။ အမှန်တွင် သူက ထိုသုံးယောက်ထဲ၌ အစွမ်းထက်ဆုံးပင် မဟုတ်ဘဲ ဒုတိယအစွမ်းထက်ဆုံးဖြစ်သည်။

တာအိုနယ်ပယ်ပညာရှင်သုံးဦး ရှိနေခြင်းက နဝမတောင်ပင်လယ်တွင် ယူဆသလို မြင့်မြတ်တည်ကြည်ဂိုဏ်းသည် ကောင်းကင်နတ်ဘုရားမဟာမိတ်အတွင်း၌ အလွန်ခိုင်မာသောနေရာတစ်ခုတွင် ရှိကြောင်း သက်သေထူသည်။

“ထွက်ပြေးစရာမလိုပါဘူး ငါ့တပည့်လေး။ လာ လာ ဆရာနဲ့ မြင့်မြတ်တည်ကြည်ဂိုဏ်းကို လိုက်ခဲ့။ ဆရာရှိနေသရွေ့ ငါ့တပည့်လေးကို ဘယ်သူမှ မထိစေရဘူး” တာအိုရသေ့က မျက်လုံးကြီးပြူးလျက် မန်ဟို့ကို စိုက်ကြည့်ရင်း ချဉ်းကပ်လာသည်။ မန်ဟိုမှာ အလိုလို နောက်ဆုတ်သွားသည်။

တာအိုရသေ့က စိတ်ထဲမထားပုံပင်။ သူသည် မန်ဟို့ကို ကြည့်လေလေ၊ မန်ဟို့ကိုယ်ပေါ်ရှိ အလွန်ထူးခြားသော မြင့်မြတ်တည်ကြည်အရှိန်အဝါကြောင့် စိတ်လှုပ်ရှားလေလေ ဖြစ်သည်။ အရှိန်အဝါမှာ မှေးမှိန်ပျောက်ကွယ်နေသော်လည်း အတော်လေး သိသာနေသေးသည်။ အမှန်တွင် ၎င်းက တာအိုရသေ့ နှစ်ပေါင်းများစွာ မြင်ခဲ့ဖူးသမျှထဲ အထင်ရှားဆုံးအရှိန်အဝါဖြစ်လေ၏။

“အိုင်ရား မင်း စတင်မကျင့်ကြံခင်ကတည်းကသာ ငါ မင်းကို တွေ့ခဲ့လို့ကတော့ မြင့်မြတ်တည်ကြည်ဂိုဏ်းမှာ အစွမ်းထက်ဆုံးဖြစ်လာအောင် သေချာပေါက် ပျိုးထောင်ပေးနိုင်ခဲ့မှာ။ ဒါပေမဲ့ နောက်မကျသေးဘူး။ လာ လာ မင်း နာမည်က မန်ဟိုမလား။ မင်း သိလား မြင့်မြတ်တည်ကြည်ဂိုဏ်းကို ဝင်ရင် တာအိုနာမည်ရလိမ့်မယ်

“ငါ့ တာအိုနာမည်က မြင့်မြတ်သောရန် တဲ့။ ခဏလေး တွေးကြည့်လိုက်ဦးမယ်....” တာအိုရသေ့က သူ့ပေါင်ကို ဖြန်းခနဲ ချလိုက်သည်။ သူသည် တောက်ပစွာ ပြုံးရင်း ပြော၏။ “သိပြီ မင်း တာအိုနာမည်က တည်ကြည်သောဟိုဟိုလေး”

သူ့ပတ်ပတ်လည်ရှိ မြင့်မြတ်တည်ကြည်ဂိုဏ်းသားများမှာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်လိုက်ကြသည်။ ရုတ်တရက် သူတို့အားလုံးမှာ မန်ဟို့ကို ရန်လိုစွာ ကြည့်မနေတော့ဘဲ သနားကရုဏာသက်သွားကြလေသည်။

မန်ဟိုမှာ အော်ဂလီဆန်သွားသည်။ တည်ကြည်သောဟိုဟိုလေး ၊ တည်ကြည်သောဟိုဟိုလေး ... သူ့မှာ ထိုနာမည်ကို ကြားလျှင် ရယ်ရမလား ၊ ငိုရမလား မသိတော့ပေ။ တာအိုရသေ့ သူ့အပေါ် မကောင်းကြံလိုစိတ်မရှိသည်ကို ပြောနိုင်သည့်အတွက်ကြောင့်သာမဟုတ်လျှင် သူ ဒေါသထောင်းခနဲ ထွက်ခဲ့မိလိမ့်မည်။

“ဟာသပဲ” မန်ဟိုက အင်္ကျီလက်စခါရင်း ပြောသည်။ သူသည် တာအိုရသေ့ကို လျစ်လျူရှုပြီး ကောင်းကင်သို့ ထိုးတက်သွားရင်း အေးစက်စက်မျက်နှာထားဖြင့် နှာမှုတ်လိုက်သည်။ ထိုလူ သူ့အား မတားနိုင်ဖို့ သူက မိုးပြာရောင်သိမ်းငှက်အသွင်ပြောင်းရင်း တောင်ပံတဖျတ်ဖျတ် ခတ်ကာ တဟုန်ထိုး ထွက်သွားတော့၏။

တာအိုရသေ့က ရပ်နေသည့်နေရာတွင်သာ ရပ်ကျန်ခဲ့ပြီး မန်ဟို့လမ်းကို မတားပေ။ ထိုအစား တောက်ပစွာ ပြုံးရင်း ကြည့်နေသည်။ သူ့အနောက်ရှိ မြင့်မြတ်တည်ကြည်ဂိုဏ်းသားများမှာတော့ ထူးဆန်းသောမျက်နှာအမူအရာများဖြင့် သူတို့၏ အရူးခေါင်းဆောင်ကြီး ဘာလုပ်ဖို့ ကြိုးစားနေသလဲ အသည်းအသန်စဉ်းစားနေကြသည်။

"ကဲပါလေ မင်း ထွက်သွားချင်မှတော့ ငါ မင်းကို မတားပါဘူး။ ဒါပေမဲ့ ငါတို့က ဆရာနဲ့တပည့်ဖြစ်ဖို့ ကံပါပြီးသား တည်ကြည်သောဟိုဟိုလေးရေ။ တောင်ပင်လယ်တွေက သတ်မှတ်ပေးထားတဲ့ ကံကြမ္မာမလို့ ... အသက်ဆယ်ရှိုက်အတွင်း မင်းပြန်လာရလိမ့်မယ်" တာအိုရသေ့၏စကားများသည်  အလွန်တရာ လျှို့ဝှက်ဆန်းကြယ်၏။ သူက တန်ခိုးရှင်ကြီးတစ်ဦးပမာ ကျောနောက်လက်ပစ်လျက် ရပ်နေလေသည်။ သူ၏ရုပ်ရည်သွင်ပြင်တစ်ခုကတည်းကပင် သာမန်နှင့်မတူပေ။

မန်ဟိုက မိုးပြာရောင်သိမ်းငှက်အသွင်ဖြင့် ပျံသန်းနေပြီး အသက်ရှူချိန်အနည်းငယ်ကြာသော် ကြယ်တာရာကောင်းကင်အပြင်တွင် သူရှိရာသို့ လာနေသော အလင်းတန်းပေါင်းများစွာကို မြင်လိုက်ရသည်။

တပွက်ပွက်ဆူနေသော အသတ်အဖြတ်စိတ်ဆန္ဒများက ကြယ်တာရာကောင်းကင်ကို ပုံပျက်ရှုံ့တွနေစေသည်။ ဤရွေ့ဤမျှသာဆိုလျှင် အရေးမကြီးသေး။ မန်ဟို့အနေဖြင့် ထွက်သွားနိုင်သေးသည်။ သို့သော် မကြာမီ ဤအလင်းတန်းများတွင် အနည်းဆုံး တာအိုနယ်ပယ်ပညာရှင်ဆယ်ယောက်၏ အခိုးအငွေ့များ ရှိနေကြောင်း သူ သဘောပေါက်လိုက်၏။

သူတို့အားလုံးက သူရှိရာသို့ လာနေကြလေပြီ။

တာအိုနယ်ပယ်ပညာရှင်ဆယ်ယောက်အကြောင်း တွေးလိုက်သည်နှင့် မန်ဟိုပင်လျှင် ခေါင်းနပန်းကြီးသွားရ၏။ ထိုအရှိန်အဝါဆယ်ခုအနက် နှစ်ခုက တာအိုသခင်အဆင့်ထက်ပင် ကျော်လွန်နေသည်ကို ထည့်တွက်နေစရာပင် မလိုတော့ပေ။

ယခုမှတော့ သူ့အနေဖြင့် ထွက်သွား၍မရတော့ပေ။ တစ်နည်းနည်းဖြင့် လော့မြစ်ဂြိုဟ်မှ ထွက်သွားနိုင်လျှင်တောင်မှ အသတ်မခံရဘဲ နေမည်မဟုတ်။ ကံဆိုးစွာနှင့် ဝိညာဉ်နက်ခေါင်းဆောင်ကြီးက မန်ဟို့ကို အလွန်တရာ မုန်းလွန်းသဖြင့် သူ့ကိုယ်သူပင် ကျွန်အဖြစ်ခံဖို့ ဆန္ဒရှိနေသည်။

ကျင့်ကြံသူတစ်ဦးတစ်ယောက်အနေဖြင့် သူ့အား ကျွန်အဖြစ် ရရှိနိုင်မည့်စိတ်ကူးအား လျစ်လျူရှု၍ရနိုင်သော်လည်း တစ်ဂိုဏ်းလုံးအတွက်မူ ၎င်းသည် အလွန်တရာ ဆွဲဆောင်လွန်းနေ၏။ သူတို့ကား ထိုအရာကို ရရှိနိုင်ဖို့ မည်သည့်အရာကိုမဆို လုပ်ကြလိမ့်မည်။

"ကောင်းကင်နတ်ဘုရားမဟာမိတ်" မန်ဟို့ မျက်လုံးများ အေးစက်စက် တောက်ပနေလျက် တွေးလိုက်သည်။ သူက သက်ပြင်းချရင်း မျက်လုံးကစားပြီးနောက် လှည့်၍ လော့မြစ်ဂြိုဟ်ပေါ်သို့ ပျံဆင်းလာ၏။

သူ လှည့်လိုက်သည့်အခိုက်အတန့်မှာပင် တာအိုနယ်ပယ်ပညာရှင်ဆယ်ယောက်က ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။ အနှစ်သာရများစွာ၏ စွမ်းအားက ဧရာမကြာပွတ်ကြီးသဖွယ် အလင်းတန်းအသွင်‌ပြောင်းသွားသဖြင့် တဂျိန်းဂျိန်းမြည်သံများ‌ လေထဲတွင် ပြည့်နှက်သွား၏။ ထိုအလင်းတန်းက နောက်ပြန်လှည့်၍ လော့မြစ်ဂြိုဟ်ပေါ် ဆင်းနေသော မန်ဟို့ဆီ ပြေး၀င်လာသည်။

တစ်ချိန်တည်းမှာပင် ကျန်ကျင့်ကြံသူများက အရှိန်တင်လိုက်ကြ၏။

လော့မြစ်ဂြိုဟ်ပေါ်တွင် ဒေသခံဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများသည် မန်ဟိုထွက်သွားသည်ကို ယခုလေးတင် မြင်ခဲ့ရ၏။ သို့သော် အချိန်အနည်းငယ်ကြာသော် သူက ပျာယာခတ်နေသောပုံစံဖြင့် ပြန်ရောက်လာလေပြီ။

ခုနစ်ရောင်ခြယ်အလင်းတန်းတစ်တန်းနှင့်အတူ မရေမတွက်နိုင်သော အလင်းတန်းများကိုလည်း သူ့နောက်ရှိ ကြယ်တာရာကောင်းကင်တွင် မြင်ရနိုင်သည်။

ခုနစ်ရောင်ခြယ်အလင်းတန်း အနားရောက်လာသောအခါ မန်ဟိုမှာ မျက်နှာပျက်သွားပြီး တာအိုရသေ့အား ကပျာကယာ လှမ်းအော်လိုက်သည်။

“ဆရာ ကယ်ပါဦး”

တန်ခိုးရှင်အသွင်နှင့် တာအိုရသေ့က ချောင်းဟန့်လိုက်သည်။ သူက လက်နှစ်ဖက်ကို ကျောနောက်ပစ်ရင်း ဖြေးဖြေးချင်း ခေါင်းမော့ကာ ပြော၏။ “ဘယ်သူက ဆရာလို့ ခေါ်နေတာလဲ”

သူ့ပုံစံက လက်မခံချင်ပုံပေါက်သော်လည်း တကယ်တော့ .. အင်မတန်မှ ကျေနပ်နေခြင်းဖြစ်သည်။

မန်ဟိုမှာ ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ့အနောက်တွင် အလင်းတန်းက အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် ချဉ်းကပ်လာနေသည်။ ၎င်း သူ့ကို ထိလိုက်ပါက သူ့အနေဖြင့် ချက်ချင်းတော့ သေမည်မဟုတ်သော်လည်း သူ တစ်ချိန်လုံး ကုစားခဲ့ရသော ဒဏ်ရာများကို သေချာပေါက် ပြန်ပွင့်သွားစေလိမ့်မည်။

သူက အံတင်းတင်းကြိတ်ရင်း ပြောသည်။ “ကျွန်တော်က  ... ကျွန်တော်က တည်ကြည်သော ဟိုဟိုလေးပါ။ ဆရာရေ ကျွန်တော့်ကို အခုချက်ချင်း မကယ်ရင် ဆရာ့ကို ဆရာလို့ မသတ်မှတ်တော့ဘူးနော်”

ချက်ချင်းဆိုသလို တာအိုရသေ့၏မျက်လုံးများသည် နေနှင့်လသဖွယ် တောက်ပလာ၏။

“မကြောက်နဲ့ ငါ့တပည့်လေး ဆရာ လာနေပြီ”

သူသည် စိတ်လှုပ်ရှားစွာ ရယ်ရင်း အတော်လေး ဘဝင်ခိုက်နေသောဟန်ပန်ဖြင့် ရှေ့တစ်လှမ်းလှမ်းလိုက်သည်။ ခြေထောက်ကျသွားသောအခါ သူက မန်ဟိုနှင့် ခုနစ်ရောင်ခြယ်အလင်းတန်းအကြား ရောက်သွားသည်။ ရုတ်တရက် သူသည် ညာလက်ကို လေပေါ်မြှောက်၍ စုတ်တံတစ်လက် ကိုင်ထားသည့်အလား လေလယ်တွင် စာလုံးများ စတင်ရေးသားလေ၏။

“ငါ့တပည့်လေးကိုများ ရာရာစစ အနိုင်ကျင့်ရဲရတယ်လို့။ တည်ကြည်သောဟိုဟိုလေးက မြင့်မြတ်တည်ကြည်အရှိန်အဝါနဲ့ ဖြောင့်မတ်တဲ့လူသားတစ်ယောက်။ သူ့ရန်သူတိုင်းက ငါ့ရန်သူပဲ

“မင်းတို့က လော့မြစ်ဂိုဏ်းရဲ့ ပိုက်နက်ထဲမှာ၊ ပြီးတော့ ဒါက မြင့်မြတ်တည်ကြည်ဂိုဏ်း။ ငါ့မျက်နှာထောက်ထားပြီး အခုချက်ချင်း ထွက်သွားလိုက်"

အရောင်အဝါများ ပြိုးပြက်လက်သွားပြီး လေများ တိုက်ခတ်သွားသည်။ တာအိုရသေ့ သူ၏လက်အား စာလုံးများရေးနေသည့်ပမာ လှုပ်ရှားလိုက်သည့်အခါ မှော်သင်္ကေတများ လင်းလက်သွားပြီး တစ်ချိန်တည်းမှာပင် မြင့်မြတ်တည်ကြည်သောအရှိန်အဝါတစ်ခုက သူ့ထံမှ ရုတ်တရက် ဖြာထွက်လာသည်။ ယင်းကတစ်ဖန် လော့မြစ်အရှိန်အဝါကို ညှို့ငင်လှုံ့ဆော်ကာ ခုနစ်ရောင်ခြယ်အလင်းတန်းကို ဝင့်ဆောင့်စေလိုက်၏။

အုန်းးးးးးး

အလင်းတန်းမှာ တုန်ရီပြီး တစစီ ပေါက်ကွဲသွားသဖြင့် ထစ်ချုန်းသံကြီးအား ကြားရနိုင်သည်။ တစ်ချိန်တည်းမှာပင် မြင့်မြတ်တည်ကြည်သောအရှိန်အဝါက ကြယ်တာရာကောင်းကင်အထိ ဖြာထွက်သွားကာ ကြယ်တာရာကောင်းကင်တစ်ခုလုံးအား တုန်ရီလာစေသည့် မမြင်ရသောချီတန်းတစ်တန်း ဖြစ်လာသည်။ လာနေသောကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြပြီး အနားမကပ်ရဲတော့သဖြင့် ရပ်လိုက်ကြရသည်။

အလင်းတန်းပြိုကွဲသွားပြီးနောက် ဒေါကန်နေသောကြိမ်းမောင်းသံများကို ကြားရနိုင်သည်။

“ရှုရန် ကျပ်မပြည့်တဲ့ကောင် မင်း စိတ်မမှန်ဘူးလား”

“သူက ဘယ်တုန်းက ကျပ်ပြည့်လို့လဲ”

“အဲဒါက မန်ဟိုပဲ။ သူက မင်းရဲ့တပည့်မဟုတ်ဘူး။ ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်ခဲ့တဲ့လူသတ်သမားကွ”

“ရှုရန် မင်းတို့ မြင့်မြတ်တည်ကြည်ဂိုဏ်းက တကယ်ပဲ ကောင်းကင်နတ်ဘုရားမဟာမိတ်ရဲ့ အမိန့်တွေကို ဖီဆန်နေတာလား”

သူတို့၏ကြိမ်းမောင်းသံများ ပဲ့တင်ထပ်လာသဖြင့် မြေပြင်များ လှုပ်ခတ်လာပြီး မြစ်များ ပြောင်းပြန်စီးဆင်းကာ သက်ရှိသတ္တဝါအားလုံး တုန်ရီကုန်ကြလေသည်။

“တစ်ခါတလေတော့ ငါက ကျပ်မပြည့်တတ်ပေမယ့် ဒီနေ့တော့ မဟုတ်ဘူး” တာအိုရသေ့က ဩဇာအပြည့်ပါသောအသံဖြင့် ပြန်ဖြေသည်။ “မင်းတို့ကမှ ကျပ်မပြည့်တာ။ မင်းတို့မပြောနိုင်ပေမယ့် မန်ဟို့မှာ မြင့်မြတ်တည်ကြည်တဲ့အရှိန်အဝါရှိတာ ငါ ပြောနိုင်တယ်ကွ။ သူ့မှာ အဲဒီလိုအရှိန်အဝါလေးရှိနေတာက သူ သတ်လိုက်တဲ့ ဘယ်သူမဆို သေကိုသေထိုက်တယ်လို့ ဆိုလိုတယ်

“သူ ဝိညာဉ်နက်အဖွဲ့အစည်းတစ်ခုလုံးကို အမြစ်ဖြုတ်လိုက်ရင် ... ကောင်းကင်ဘုံတွေ၊ အဋ္ဌမတောင်ပင်လယ်ကိုယ်တိုင်နဲ့ တောင်ပင်လယ်လောကတစ်ခုလုံးရဲ့ စိတ်ဆန္ဒကတောင်မှ ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်ပစ်ချင်တယ်လို့ ဆိုလိုတယ်

“သူက မန်ဟိုနေနေ ဘာဟိုနေနေ ဒီနေ့ သူက ငါ့တပည့် တည်ကြည်သောဟိုဟိုလေးပဲ” ထို့နောက် သူက အင်္ကျီလက်စကို ခါရင်း လော့မြစ်ဂြိုဟ်၏စွမ်းအားကို ကြယ်တာရာကောင်းကင်သို့ ဖြန့်ကျက်လိုက်သဖြင့် ထစ်ချုန်းသံကြီး မိုးနှင့်မြေတွင် ပြည့်နှက်သွားလေသည်။

မှန်သည်၊ သူ ထိုကဲ့သို့နှစ်ကြိမ် လုပ်လိုက်ခြင်း၊ တာအိုနယ်ပယ်ပညာရှင်ဆယ်ယောက်နှင့် မရေမတွက်နိုင်သောကျင့်ကြံသူများကို ပြန်တိုက်ခိုက်လိုက်ခြင်းက သူ့ပါးစပ်မှ သွေးများ စီးကျလာစေသည်။

မန်ဟိုမှာ တုန်လှုပ်သွား၏။ သူက အတန်ငယ် ရင်ထဲထိသွားသဖြင့် တာအိုရသေ့ကို တိတ်ဆိတ်စွာ ကြည့်လိုက်မိသည်။ ထိုလူ သူ၏မြင့်မြတ်တည်ကြည်သောအရှိန်အဝါအကြောင်း ပြောနေသည်ကို နားထောင်ပြီးနောက် မန်ဟိုသည် ၎င်းက တောင်ပင်လယ်လောက၏ချီစီးကြောင်းနှင့် တစ်ခုခု ပတ်သက်နေလိမ့်မည်ဟု ခန့်မှန်းမိလိုက်၏။

သူတို့မှာ ယခုတွင် ချောင်ပိတ်နေလေပြီ။ ယခုတွင် မန်ဟို့ကို သတ်ဖို့ လာခဲ့ကြသောကျင့်ကြံသူများမှာ လော့မြစ်ဂြိုဟ်သို့ ဝင်ခွင့်မရ၍ အပြင်ဘက်ကြယ်တာရာကောင်းကင်ထဲတွင် ရှိနေကြသည်။ ဤသည်မှာ အင်အားကြီးကျင့်ကြံသူတစ်ယောက်မှ ဖန်တီးထားသော လူလုပ်ဂြိုဟ်အတုမဟုတ်၊ အဋ္ဌမတောင်ပင်လယ်၏ မူလဂြိုဟ်များအနက်မှ တစ်လုံးဖြစ်သည်။ ၎င်းသည် အဋ္ဌမတောင်ပင်လယ် တည်ရှိခဲ့သည့်အတိုင်း နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်သာမက လေးလုံးသောဂြိုဟ်ထဲမှ တစ်ဂြိုဟ်လည်း ဖြစ်၏။ ထိုမူလဂြိုဟ်များအပေါ်ရှိ အင်အားကြီးဂိုဏ်းများမှာ ကောင်းကင်နတ်ဘုရားမဟာမိတ်၏ အရေးပါသော တစ်စိတ်တစ်ပိုင်းများ ဖြစ်ကြသည်။

ထိုမျှသာမက ... သူတို့တွင် ထိုဂြိုဟ်များ၏စွမ်းအားကို ထိန်းချုပ်ခြယ်လှယ်နိုင်စေသည့် လျှို့ဝှက်မှော်အစွမ်းများလည်း ရှိကြသည်။

All Chapters