ဘာညာကွိကွကောင်းကင်ဘုံချုပ်နှောင်ဂါထာ
Vol. 88 Ch. 1226
တာအိုရသေ့က ဟိတ်ဟန်အပြည့်ဖြင့် သူ၏အင်္ကျီလက်အနားများကို ပွတ်သပ်ခါလိုက်သည်။
“မြင့်မြတ်တည်ကြည်ဂိုဏ်းရဲ့ ဂိုဏ်းသားတို့ ငါ့အမိန့်ကို နာခံစေ” သူက ကျယ်ကျယ်လောင်လောင် ပြောသည်။ “မင်းတို့ရဲ့ ဂိုဏ်းတူဦးလေးကို ဂိုဏ်းဆီ လိုက်ပို့ပေးလိုက်ကြ”
မြင့်မြတ်တည်ကြယ်ဂိုဏ်းသားများခမျာ ကြောက်ဒူးတုန်နေကြသည်။ သူတို့က မိုးပေါ်တွင် တန်းစီနေသော တပ်ဖွဲ့များကို မော့ကြည့်ပြီးနောက် ခါးသီးစွာပြုံးရင်း မန်ဟိုနှင့် တာအိုရသေ့ကို ပြန်ကြည့်ကြသည်။ တခဏတွန့်ဆုတ်နေပြီးနောက် သူတို့အားလုံး သက်ပြင်းချရင်း မန်ဟို့ကို လက်ယှက်အရိုအသေပေး၍ ထွက်ခွာရန် ပြင်သည်။
မြေပြင်ထက်ရှိ ကျင့်ကြံသူများနှင့် ကြယ်တာရာကောင်းကင်ရှိ တပ်ဖွဲ့များ ကြည့်နေစဉ် မန်ဟိုနှင့် မြင့်မြတ်တည်ကြည်ဂိုဏ်းက ထွက်သွားလေပြီ။ တာအိုရသေ့သည် သူ့ကိုယ်သူ အင်မတန်မှ ကျေနပ်နေပုံပေါ်ပြီး အားရဝမ်းသာစွာ ရယ်ရင်း မန်ဟို့နောက် အမှီလိုက်ကာ ဘေးချင်းယှဉ် လျှောက်လိုက်၏။
“တည်ကြည်သောဟိုဟိုလေး။ ဘယ်လိုလဲ တခြားတာအိုနာမည် ပေးရမလား”
မန်ဟိုက ပထမဆုံး တာအိုရသေ့ကို ကြည့်ပြီး မြင့်မြတ်တည်ကြည်ဂိုဏ်းသားများကို ကြည့်ရင်း ချီတုံချတုံဖြစ်နေသည်။ နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်လေသည်။
“ဟို .... မလိုပါဘူး”
“ကောင်းပြီ၊ ဒါဆို အတည်ထားလိုက်မယ်” တာအိုရသေ့က မန်ဟို့ကို ပခုံးကို ပုတ်လိုက်သည်။
“စီနီယာ ...” မန်ဟို ဘာမှမပြောနိုင်ခင် တာအိုရသေ့က သူ့ကို စိတ်ဆိုးမာန်ဆိုး စိုက်ကြည့်သည်။ မန်ဟိုမှာ ခပ်ယဲ့ယဲ့သာ ပြုံးနိုင်တော့၏။
“ဆ...ဆရာ ... ဟိုလေ ကောင်းကင်နတ်ဘုရားမဟာမိတ်က ကျွန်တော့်ခေါင်းကို ဆုကြေးထုတ်ထားတယ်။ ကျွန်တော် မြင့်မြတ်တည်ကြည်ဂိုဏ်းကို လိုက်ခဲ့ရင် ဆရာတို့အတွက် အဆင်မပြေမှာစိုးမိတယ်.....” မန်ဟိုသည် အမှန်လည်း စိတ်ပူနေမိ၏။ မူလက မြင့်မြတ်တည်ကြည်ဂိုဏ်းကို လှည့်စားရင်း သူတို့အင်အားကို အသုံးချဖို့ သူ ကြံစည်ခဲ့သည်။ သို့သော် တာအိုရသေ့ သူ့ကို အမှန်တကယ် ကာကွယ်ပေးခဲ့ပုံက သူ့အား စိတ်နှလုံးလှုပ်ခတ်စေခဲ့၍ ယခုတွင် တစ်ဂိုဏ်းလုံးကို သူ၏ပြဿနာအရှုပ်ထဲ ဆွဲသွင်းမိမှာ စိုးရိမ်လေသည်။
“ပေါက်ပေါက်ရှာရှာ” တာအိုရသေ့က နည်းနည်းလေးမှ မတုန်လှုပ်သောအသံဖြင့် ပြောသည်။ “မြင့်မြတ်တည်ကြည်ဂိုဏ်းက လော့မြစ်ဂြိုဟ်ပေါ်မှာ နံပါတ်တစ်ဂိုဏ်း။ ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့မှာလည်း အင်မတန်ကျော်ကြားတယ်။ ငါတို့က ဘာလို့ကြောက်ရမှာလဲ။ ကလေးတွေမလို့လား ဟမ်။ မင်းလုပ်ခဲ့တာလေးက ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်ခဲ့တာလေးပဲ မဟုတ်လား။ ကောင်းပြီလေ ငါလည်း ဒီရက်ပိုင်း စိတ်ကြည်နေရင် ဂိုဏ်းတစ်ဂိုဏ်းလောက် သွားအမြစ်ဖြုတ်ပစ်လိုက်မယ်။ ကောင်းကင်နတ်ဘုရားမဟာမိတ်အနေနဲ့ ငါ့ခေါင်းကို ဆုကြေးထုတ်မှာ မဟုတ်ဘူး”
မန်ဟိုတစ်ယောက် ဆွံ့အသွားသည်။ တာအိုရသေ့က စကားက တကယ်တမ်း ယုတ္တိရှိသည်။ မန်ဟိုသာ မြင့်မြတ်တည်ကြည်ဂိုဏ်း၏ ဂိုဏ်းသားတစ်ဦး ဖြစ်လာခဲ့လျှင် ကောင်းကင်နတ်ဘုရားမဟာမိတ်၏တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သွားလိမ့်မည်။ ထိုအခါ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ကောင်းကင်နတ်ဘုရားမဟာမိတ်၏ အတွင်းရေးပဋိပက္ခအဖြစ်သာ သတ်မှတ်လိမ့်မည်။
ထိုသို့သာဆိုလျှင် အခြေအနေကို ဖြေရှင်းနိုင်မည့် ရွေးချယ်စရာတွေ တစ်ပုံကြီးရှိလာမည်။ သို့သော် ... တာအိုရသေ့ ယုံကြည်ထားသလို လွယ်ကူချောမွေ့မည်မဟုတ်ဟု မန်ဟို ခံစားနေရလေသည်။
အရေးအကြီးဆုံးက ..... အဋ္ဌမတောင်ပင်လယ်အတွက် တိုင်းတစ်ပါးကျင့်ကြံသူဖြစ်နေသည့် မန်ဟို၏အဆင့်အတန်း။
အချိန်များ ကုန်လွန်သွားသည်။ တာအိုရသေ့နောက်မှ လိုက်သွားရင်း မြင့်သွန်းနေသော တောင်သုံးလုံး ရှိသည့် ဘုန်းကြီးကျောင်းကြီးတစ်ကျောင်းသို့ သူတို့ရောက်လာကြသည်။ တောင်တစ်လုံးစီ၏ ထိပ်တွင် စေတီပုထိုးများ၊ အဆောက်အဦများ ခြံရံလျက်ရှိသော ရုပ်တုတစ်ရုပ်စီ ရှိကြသည်။ ထိုတောင်သုံးလုံး၏အလယ်တည့်တည့်တွင် တည်ရှိသည်မှာတော့ ... တာအိုဆရာဝတ်ပြုကျောင်းတစ်ကျောင်းပင်။
အမွှေးတိုင်များမှ မီးခိုးမျှင်များသည် လေပေါ် လွင့်လူတက်နေပြီး ဆည်းလည်းသံလေးများအား သာယာညင်းပျောင်းစွာ ကြားရနိုင်သည်။ ကြိုးကြာများလည်း ကြော့ကြော့မော့မော့ လူးလာပျံသန်းနေကြပြီး ဒေသခံကျင့်ကြံသူများနှင့် ယဉ်ပါးကြောင်း သိသာသည့် မရေမတွက်နိုင်သော အင်မော်တယ်သားရဲများ ပျင်းရိပျင်းတွဲ လဲလျောင်းနေကြသည်ကို မြင်ရနိုင်၏။
ဤသည်ကား မြင့်မြတ်တည်ကြည်ဂိုဏ်းဖြစ်သည်။ မန်ဟို ဘေးဘီဝဲယာကို ကြည့်လိုက်သည့်အခါ တစ်ဂိုဏ်းလုံးတွင် ပြည့်ဝနေသည့် ကောင်းကင်နှင့်မြေကြီး၏ အင်အားကြီးမားသောအရှိန်အဝါကို မြင်လိုက်ရ၏။ ထိုအရှိန်အဝါအတွင်း မြင်နေရသည်မှာတော့ မြင့်မြတ်တည်ကြည်ဂိုဏ်းတစ်ဂိုဏ်းလုံးအား ရှေးကျပြီး သိက္ခာရှိနေစေသော သမာဓိအငွေ့အသက်ဖြစ်သည်။
ထိုအရာများမှာ သူ ပထမဆုံးအကြည့်တစ်ချက်ကြောင့် မြင်လိုက်ရသော အရာများသာ ရှိသေးသည်။ မျက်လုံးများကို ကျဉ်းမြောင်း၍ ဂရုတစိုက် ကြည့်လိုက်လျှင် .... မန်ဟိုမှာ တောင်ပင်လယ်လောက၏ ချီစီးကြောင်းကို ခံစားလိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။
အံ့ဩဖွယ်ကောင်းစွာနှင့် မြင့်မြတ်တည်ကြည်ဂိုဏ်းတွင် တောင်ပင်လယ်လောက၏ ချီစီးကြောင်းထဲမှ တချို့ရှိနေသည်။ သိပ်မများသော်လည်း ဤနေရာမှာ တောင်ပင်လယ်လောက၏ ကောင်းချီးပေးခံထားရကြောင်း သက်သေထူနေသည်။
ပင်မမုခ်ဦးတွင် မြင်ရသည်က ဩဇာပြည့်သျှမ်းနေသော ခပ်ထင်းထင်း စာလုံးလေးလုံးဖြစ်သည်။ ၎င်းတို့ ထိုနေရာတွင် နှစ်ပေါင်းမည်မျှကြာအောင် တည်ရှိခဲ့သလဲ ပြောရန် မဖြစ်နိုင်သော်လည်း ထိုစာလုံးများကို ကြည့်လိုက်လျှင် .... ၎င်းတို့သည် ထာဝရတည်နေပြီး ဘယ်တော့မှ ပျောက်ကွယ်မသွားမည့်အလား လူတစ်ယောက်၏ရင်ထဲတွင် ထူးဆန်းသောခံစားချက်များ ပြည့်နှက်သွားစေ၏။
စာလုံးလေးလုံးက ဤသို့ဖြစ်သည် ... မိုးကောင်းကင်ကို ကိုယ်စားပြု၍ တာအိုတရားကို စီရင်မည်။
“တောင်ပင်လယ်တွေရဲ့ ချီစီးကြောင်း....” မန်ဟိုက ဘုန်းကြီးကျောင်းထဲသို့ ဝင်ကာ ရေရွတ်လိုက်သည်။ "မြင့်မြတ်တည်ကြည်သောအရှိန်အဝါ ... တာအိုတရားကို စီရင်ရင်း မိုးကောင်းကင်ကို ကိုယ်စားပြုမယ်တဲ့လား”
မြင့်မြတ်တည်ကြည်ဂိုဏ်း၏ ဂိုဏ်းသားများ သူတို့ဂိုဏ်းထဲ ဝင်လိုက်သည်နှင့်တစ်ပြိုက်နက် အလင်းတန်းအမြောက်အမြား ဝေဟင်ထက်တွင် ပေါ်လာသည်။ ထိုလူများသည် မန်ဟို့ကို သတ်ဖို့ ရောက်လာခဲ့သောကျင့်ကြံသူများဖြစ်ပြီး ယခုမူ မြင့်မြတ်တည်ကြည်ဂိုဏ်းအား ဝိုင်းထားကြလေပြီ။
တာအိုနယ်ပယ်ကျင့်ကြံသူဆယ်ယောက်ပင်လျှင် ရောက်လာပြီး ဂိုဏ်း၏ အရပ်ဆယ်မျက်နှာတွင် နေရာယူထား၏။ သူတို့ကျင့်ကြံခြင်းအခြေခံမှ အစွမ်းထက်သော အခိုးအငွေ့များက အတိုင်းထက်အလွန် ကြောက်စရာကောင်းပြီး လွှမ်းမိုးကြီးစိုးနေလေသည်။
မြင့်မြည်တည်ကြည်ဂိုဏ်းအတွင်းရှိ မြင့်မြတ်တည်ကြည်သောအရှိန်အဝါက တဖွေးဖွေးလှုပ်ကာ ဂိုဏ်းကို လွှမ်းခြုံရန် ဖြာထွက်လာသဖြင့် တဝုန်းဝုန်းမြည်သံများအား ကြားရနိုင်သည်။ ဂိုဏ်း၏အကာအကွယ်မန္တန်အစီအရင်သည် အသက်၀င်လာကာ ဂိုဏ်းတစ်ဂိုဏ်းလုံးအား အပြင်ရှိလူများ၏အမြင်တွင် ဝါးသွားစေ၏။ လူအများစု ရှင်းရှင်းလင်းလင်း မြင်ရသည့် တစ်ခုတည်းသောအရာမှာ တောင်ထိပ်များအပေါ်ရှိ ဧရာမရုပ်တုကြီးသုံးရုပ်သာ ဖြစ်၏။
ထိုရုပ်တုများအနက် တစ်ရုပ်က ဓားတစ်လက်ကို ဆွဲကိုင်ထားပြီး နောက်တစ်ရုပ်က ပေရွက်ကို ကိုင်ထားကာ နောက်ဆုံးတစ်ရုပ်ကတော့ စာပေသမား၀တ်ရုံကို ၀တ်ဆင်လျက် လက်နှစ်ဖက်ကျောနောက်ပစ်ကာ ကောင်းကင်ကို မော့ကြည့်နေသည်။
အပြင်ရှိ တာအိုနယ်ပယ်ပညာရှင်များက ထိုရုပ်တုသုံးခုကို မြင်လျှင် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားကြပြီး ရေရွတ်မိလိုက်ကြသည်။ "မြင့်မြတ်တည်ကြည်သော သူတော်စင်သုံးဦး"
မန်ဟို ဂိုဏ်းထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ဩဇာကြီးမားသော အသံကြီးတစ်သံက ချက်ချင်း ပဲ့တင်ထပ်လာ၏။
"ငါ့ကိုတွေ့ဖို့ အခုချက်ချင်း မန်ဟို့ကို ခေါ်လာခဲ့" ကျန်ဂိုဏ်းသားများမှာ အသံကို ကြားလျှင် ချက်ချင်း လေးလေးစားစား အရိုအသေပေးလိုက်ကြသည်။ တာအိုရသေ့တစ်ယောက်တည်းသာလျှင် ဒေါသထွက်နေသော မျက်၀န်းများဖြင့် တောင်ထိပ်သုံးခုအနက် အထင်ရှားဆုံးတောင်ထိပ်ထံသို့ ခြေလှမ်းကြဲကြဲလျှောက်သွားသည်။
မန်ဟိုက နောက်မှလိုက်သွားသည်။ သူတို့နှစ်ယောက်သည် ကောင်းကင်သို့ မော့ကြည့်နေသော စာပေသမားရုပ်တုနှင့် တောင်ဆီသို့ ခပ်သုတ်သုတ် လျှောက်လာကြ၏။ ရုပ်တု၏အောက်ခြေတွင် ၀တ်ပြုကျောင်းတစ်ကျောင်းရှိသည်။ ၀တ်ပြုကျောင်း၏အပြင်၌ လူငယ်လေးနှစ်ယောက် တင်ပျဉ်ခွေလျက်ထိုင်နေကြလေသည်။ တာအိုရသေ့ကိုမြင်လျှင် သူတို့က ချက်ချင်း ထရပ်၍ လေးလေးစားစား အရိုအသေပေးကြသည်။
တာအိုရသေ့က ဘာမှမပြောဘဲ သူတို့ဘေးမှ ဖြတ်ကာ ၀တ်ပြုကျောင်းထဲ ဝင်လိုက်သည်။ မန်ဟို သူ့နောက်လိုက်တော့မည့်အချိန် တာအိုရသေ့က ရုတ်တရက် လှည့်ကာ ပြော၏။ "ဆရာတစ်ယောက်တည်း သွားလိုက်မယ်။ မြင့်မြတ်တည်ကြည်ဂိုဏ်းထဲမှာ ဆရာ့စကားတွေက အဖက်တန်သေးသလား မြင်ချင်တယ်"
မန်ဟိုက တုံ့ခနဲ ရပ်လိုက်သည်။ သူ့အရှေ့ရှိ ၀တ်ပြုကျောင်းကို ကြည့်လိုက်သောအခါ အတွင်းထဲတွင် သူ့အပေါ်သို့ ဧရာမဖိအားကြီးသက်ရောက်နေစေသော အခိုးအငွေ့များအား ထုတ်လွှတ်လျက် ထိုင်နေသည့် ကြောက်မက်ဖွယ်ဖြစ်တည်မှုတစ်ခု ရှိနေကြောင်း သူ ပြောနိုင်သွား၏။
"အနှစ်သာရ ၃ ခုဆို တာအိုသခင်ဖြစ်တယ်။ အနှစ်သာရ ၄ ခု ၊ ၅ ခု နဲ့ ၆ ခုက တာအိုဥသျှောင်ဖြစ်စေတယ်။ အဲ့ဒီဘုရားကျောင်းထဲကလူက တာအိုဥသျှောင်တစ်ဦးပဲ" မန်ဟို၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ အနှစ်သာရ ၃ ခု တာအိုသခင်ကို ရင်ဆိုင်ခဲ့တုန်းက သူ၏အသက်ကိုပင် လောင်းကြေးထပ်ခဲ့သည့်တိုင် အနိုင်မယူနိုင်ခဲ့သေးပေ။ သူသာ တာအိုဥသျှောင်တစ်ဦးနှင့် ရင်ဆိုင်ရလျှင် အနှစ်သာရ ၄ ခုတည်းနှင့် တာအိုဥသျှောင်ဖြစ်လျှင်တောင်မှ သေချာပေါက် ရှုံးနိမ့်လိမ့်မည်။
တာအိုနယ်ပယ်တွင် အနှစ်သာရတစ်ခုတိုင်းသည် ကြီးမားသော ကွာဟမှုကို ဖြစ်ပေါ်စေ၏။ တာအိုသခင်တစ်ဦးနှင့် တာအိုဥသျှောင်တစ်ဦးကြားက ကွာဟမှုမှာ မိုးနှင့်မြေအကြား ကွာဟနေသလို ဖြစ်လေသည်။ ထို့ကြောင့် တာအိုသခင်အဆင့်မှ တာအိုဥသျှောင်အဆင့်သို့ တက်ရောက်ဖို့ရန်ကား မယုံနိုင်လောက်အောင် ခက်ခဲ၏။
ထိုမျှသာမက တောင်ပင်လယ်လောကတွင် တာအိုဥသျှောင်များအား တွေ့ရလေ့မရှိပေ။ ထိုကဲ့သို့လူများသည် တောင်ပင်လယ်သခင်နေရာအတွက် ပြိုင်ဆိုင်ဖို့ပင်လျှင် အရည်အချင်း ပြည့်မှီ၏။
မန်ဟိုက အသက်၀၀ ရှူသွင်းကာ တိတ်ဆိတ်စွာ စောင့်နေလိုက်သည်။ အစောင့်လူငယ်လေးနှစ်ယောက်က သူ့ကို စပ်စပ်စုစု အကဲခတ်၏။ သူတို့သည် ယခုရက်ပိုင်း တောင်အနားမှ မခွာခဲ့ရရာ မန်ဟိုက မည်သူမှန်း၊ သူ ဘာတွေလုပ်ခဲ့မှန်း မသိကြပေ။
အချိန်ကြာလာသော်လည်း ၀တ်ပြုကျောင်းထဲမှ မည်သည့်အသံမှ မကြားရပေ။ အတန်ကြာသော် လူငယ်လေးနှစ်ယောက်မှာ မချုပ်တည်းနိုင်တော့ဘဲ မန်ဟို့အား မေးခွန်းနည်းနည်းပါးပါး မေးတော့သည်။ တစ်ယောက်တွင် ကရုဏာသက်နေသော အမူအရာရှိပြီး တစ်ယောက်တော့ သူ့ကို စပ်စပ်စုစုကြည့်ကာ မေး၏။ "ခင်ဗျားက ခေါင်းဆောင်ကြီးမြင့်မြတ်သောရန်ရဲ့ တပည့်အသစ်လား"
မန်ဟို ခေါင်းညိတ်ပြလိုက်သောအခါ လူငယ်လေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် မန်ဟို့ကို ပြန်ကြည့်သည်။ ဤတစ်ခေါက်တွင် နှစ်ယောက်လုံး ကရုဏာသက်နေသောဟန်ပန် ရှိလေသည်။ ထို့နောက် သူတို့က တစ်ယောက်တစ်လှည့်စီ ပြောကြ၏။
“ကျုပ် ရှေးဟောင်းမှတ်တမ်းတွေကို ဖတ်တုန်းက ... လွန်ခဲ့တဲ့ နှစ် ၁၇၀၀ တုန်းက ခေါင်းဆောင်ကြီးမြင့်မြတ်သောရန်က တပည့်တစ်ယောက် လက်ခံခဲ့တယ်ဆိုတဲ့အကြောင်း တွေ့ခဲ့တယ် ... အဲ့တပည့်က နှစ်လကြာတော့ သေသွားတယ်တဲ့”
“လွန်ခဲ့တဲ့နှစ် ၁၅၀၀ တုန်းက နောက်တစ်ယောက် ထပ်လက်ခံတယ်။ သူလည်း နှစ်လနေတော့ သေသွားတယ် ....”
“လွန်ခဲ့တဲ့နှစ် ၁၃၀၀ တုန်းက တတိယတစ်ယောက် ခေါ်လာတယ်။ သေသွားပြန်တာပဲ”
“ဒီနေ့အထိဆို ခေါင်းဆောင်ကြီးမြင့်မြတ်သောရန်မှာ တပည့်ရှစ်ယောက်ရှိခဲ့တယ်။ တစ်ယောက်မှ သုံးလထက် ပိုမရှင်ဘူး။ အကုန်လုံး သေသွားတယ်။ ဒါ့အပြင် သေတဲ့ပုံကလည်း သိပ်ထူးဆန်းတယ်ဗျ"
“ထူးဆန်းတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ” မန်ဟိုမှာ အတော်လေး ကျောချမ်းသွားသဖြင့် မေးလိုက်မိသည်။
“တစ်ယောက်က မိုးကြိုးပစ်ခံရတာ။ ပထမဆုံးမိုးကြိုးနဲ့တင် သေတာတော့မဟုတ်ဘူး။ ဒါဇင်ချီတယ်။ သူ သေသွားတော့ ကောင်းကင်က ချက်ချင်းဆိုသလို ကြည်လင်သွားတာဗျား...”
“ကျင့်ကြံရင်း ပေါက်ကွဲသေသွားတဲ့ တစ်ယောက်ရှိတယ်... ဟုတ်သား တစ်ယောက်ကျ မီးလောင်သေတာ။ နောက်တစ်ယောက်ကတော့ နှစ်လလုံး တစ်ခုမဟုတ်တစ်ခု ကံဆိုးနေပြီးနောက်မှ ရုတ်တရက်ကြီး ကောင်းကင်ကနေ ဥက္ကာခဲကြီး ကျလာရော။ အဲဒါနဲ့ သေသွားတာပဲ။ အင်း ပြောရရင် တစ်ယောက်နဲ့တစ်ယောက် သေပုံသေနည်းက အခုထက်ထိ မထပ်သေးဘူး”
မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူ့မှာ ကြားနေရသောအရာကို မယုံနိုင်သေးပေ။
သူ မေးခွန်းတချို့ ထပ်မေးတော့မည့်အချိန် ရုတ်တရက် အချေအတင်ဖြစ်နေသည့်အလား တိတ်ဆိတ်နေခဲ့သော ဝတ်ပြုကျောင်းထဲမှ ပြင်းထန်သောလှိုင်းများ ဖြာထွက်လာသည်။ အမွှေးတိုင်တစ်တိုင်းထွန်းစာ ကြာသော် တာအိုရသေ့သည် ဒေါကြီးမောကြီး ထွက်လာ၏။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် သူက လှည့်၍ ဝတ်ပြုကျောင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်သည်။
“မင်းက တာအိုဥသျှောင်ဖြစ်ရင် ဖြစ်မယ်။ မြင့်မြတ်တည်ကြည်ဂိုဏ်းရဲ့ ပထမခေါင်းဆောင်ကြီး ဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ လောကကြီးအပေါ် မင်းရဲ့အမြင်က အဋ္ဌမတောင်ပင်လယ်အလွန်ကို မကျော်သေးဘူး
“မင်းရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ ငါ့တပည့်ကိုယ်ပေါ်က မြင့်မြတ်တည်ကြည်အရှိန်အဝါကို မင်း မမြင်ဘူးဆိုတာ ငါ မယုံနိုင်ဘူး”
ဝတ်ပြုကျောင်းသည် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေ၏။ မည်သည့်စကားသံမှ မကြားရပေ။ တာအိုရသေ့က ခြေဆောင့်နင်း၍ ဒေါကြီးမောကြီး လျှောက်လာသည်။ သူက မန်ဟို့မှ ဘေးမှဖြတ်သွားစဉ် မန်ဟို့ကို မျက်နှာရိပ်မျက်နှာကဲ ပြလိုက်ရာ မန်ဟိုလည်း မျက်နှာတည်တည်ဖြင့် လှည့်၍ သူ့နောက် လိုက်လာခဲ့သည်။
သူတို့သည် အလယ်တောင်မှ ထွက်၍ ဓားကိုင်ထားသောရုပ်တုရှိသည့် ဘယ်ဘက်က တောင်ဆီ ဦးတည်သွား၏။ ထိုရုပ်တု၏ အောက်ခြေတွင် ဝတ်ပြုကျောင်းနောက်တစ်ကျောင်း ရှိသည်။ ဝတ်ပြုကျောင်းထဲ ဝင်ပြီးနောက် တာအိုရသေ့က အလယ်တောင်ကို စိတ်ဆိုးမာန်ဆိုး လှမ်းကြည့်လေသည်။
“ဆရာ ကျွန်တော် ထွက်သွားသင့်ပြီ ထင်တယ်” မန်ဟိုက ဖြေးညင်းစွာ ပြောသည်။ စောစောက လူငယ်လေးနှစ်ယောက်၏စကားများမှာ ယခုထက်ထိ သူ့နားထဲမှ မထွက်သေးပေ။
“ထွက်သွားမယ်။ ဘယ်ကိုသွားမှာလဲ” တာအိုရသေ့က မာန်မဲသည်။ “ကောင်းကင်နတ်ဘုရားမဟာမိတ်က အကြီးကြီးကွ။ နေရာရွှေ့ပြောင်းမုခ်ဝတွေကိုလည်း ပိတ်ထားတုန်းပဲ။ မင်း အပြင်ကို ခြေတစ်လှမ်းချလိုက်တာနဲ့ မင်းကို အမဲဖြတ်မယ့်သူတွေက ထောင်ဂဏန်းတောင် မကလောက်ဘူး။ မင်းအနေနဲ့ ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်ပစ်နိုင်ခဲ့ပေမယ့် ကောင်းကင်နတ်ဘုရားမဟာမိတ်ကို အမြစ်ဖြုတ်နိုင်မယ် ထင်သလား ဟမ် ထင်လားလို့”
“အခုလောလောဆယ်တော့ မထင်ပါဘူး” မန်ဟိုက တည်ငြိမ်စွာ ပြန်ဖြေသည်။
“မင်း လုပ်နိုင်ရင်တောင်မှ ငါ မင်းကို လုပ်ခွင့်မပြုဘူး။ မင်းသာ အဲဒီလုပ်မယ့်လူစားမျိုးဆို ငါက ဘယ်မျက်နှာနဲ့ မင်းကို တပည့်အဖြစ် ရွေးခဲ့မှာတုန်း။ ဒါ့အပြင် ဒီမဖြစ်စလောက် ကောင်းကင်နတ်ဘုရားမဟာမိတ်ရဲ့အပြင်ရောက်အောင် မင်းကို နေရာရွှေ့ပြောင်းပေးနိုင်မယ့် နည်းလမ်း ငါ့မှာ ရှိတယ်
“ငါ မင်းကို အချိန်နှစ်လပေးမယ်။ အဲဒီအတောအတွင်း ဒီအတိုင်း ဒီမှာနေပြီး ဂိုဏ်းတွေ လူတွေများနိုင်သမျှ များများ လာဝိုင်းအောင် ကြိုးစား။ ဒါဆို အချိန်ကျလာလို့ ငါ မင်းကို နေရာရွှေ့ပြောင်းပေးရင် ပိုပြီး ဘေးကင်းလိမ့်မယ်” တာအိုရသေ့က ဟင်းခနဲ သက်ပြင်းချလိုက်သည်။ မှန်သည်၊ ‘အချိန်နှစ်လ’ဆိုသည့်စကားလုံးကို ကြားသည်နှင့် မန်ဟို မည်မျှထိတ်လန့်သွားသလဲ သူ သတိမထားမိပေ။
“မင်း ငါ့တပည့်ဖြစ်လာတဲ့အချိန်မှ အခုလိုတွေဖြစ်နေတာ ဆိုးလွန်းတာပဲ” တာအိုရသေ့မှာ ရုတ်တရက် စိတ်ဖောက်သွားပုံပေါ်သည်။ သူက ဂိုဏ်းကို ဝိုင်းထားသော လူများကို လက်ညှိုးငေါက်ငေါက်ထိုးရင်း မိုးမွှန်အောင် ဆဲပြီးနောက် ခြေဆောင့်နင်းလိုက်သည်။
“ချီးလိုပဲ။ ငါ့မှာ တပည့်ရှစ်ယောက် ရှိခဲ့ဖူးပေမယ့် အကုန်လုံး သေသွားကြပြီ။ အခု ကိုးယောက်မြောက်တပည့်လေးကိုတော့ ဘယ်နည်းနဲ့မှ အသေမခံနိုင်ဘူး
“တည်ကြည်သောဟိုဟိုလေး၊ ငါ့အတွက် မင်းကို မြင့်မြတ်တည်ကြည်ဂိုဏ်းရဲ့ အစွမ်းထက်ဆုံး၊ အဆန်းကြယ်ဆုံး၊ ဩဇာအကြီးဆုံး တာအိုမှော်သိုင်းကို သင်ပေးဖို့ အချိန်ရောက်လာခဲ့ပြီ။ အဲဒါကို ... တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည် စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည် တောင်ပင်လယ်တွေကို ငါ သိမ်းပိုက်မည် ကောင်းကင်ဘုံချုပ်နှောင်ဂါထာ လို့ ခေါ်တယ်” တာအိုရသေ့၏မျက်လုံးများသည် နီရဲလာပြီး နောက်ဆုံးစကားလုံး ‘ကောင်းကင်ဘုံချုပ်နှောင်ဂါထာ’ကို ပြောသည့်အခါ ခံစားချက်အပြည့်၊ ဟိတ်ဟန်အပြည့်ဖြင့် တစ်လုံးချင်းတစ်လုံးချင်း ပြောခဲ့ခြင်းဖြစ်၏။
“မင်း အဲဒီပညာရပ်ကို တတ်မြောက်ရင်” သူက တည်ကြည်လေးနက်စွာ ဆက်ပြောသည်။ “အနာဂတ်မှာ မင်းဟာ တောင်ပင်လယ်လောကမှာ သေချာပေါက် ဘယ်သူမှ အနိုင်ယူလို့မရတဲ့လူ ဖြစ်လာလိမ့်မယ်”
“ဟိုလေ ... ဆရာ” မန်ဟိုမှာ မဝံ့မရဲ မေးလိုက်သည်။ “ဆရာ့တပည့်ရှစ်ယောက်ဆိုတာလေ သူတို့လည်း အဲဒီ ဘာညာကွိကွကောင်းကင်ဘုံချုပ်နှောင်ဂါထာကို သင်ခဲ့ရတာလား”
“ဘာညာကွိကွကောင်းကင်ဘုံချုပ်နှောင်ဂါထာ မဟုတ်ဘူးကွ။ တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည် စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည် တောင်ပင်လယ်တွေကို ငါ သိမ်းပိုက်မည် ကောင်းကင်ဘုံချုပ်နှောင်ဂါထာ လို့ခေါ်တယ်။ ဟုတ်တာပေါ့ မင်းရဲ့ သနားစရာကောင်းတဲ့ ဆရာတူအစ်ကိုတွေကလည်း သင်ခဲ့ကြရတာ။ ကံဆိုးစွာနဲ့ သင်လို့မပြီးသေးခင် ... သေကုန်ကြတယ်လေ” တာအိုရသေ့မှာ အင်မတန့်အင်မတန် ဝမ်းနည်းနေပုံပေါ်သည်။ နည်းနည်းလေးမှ ဟန်ဆောင်နေခြင်းမဟုတ်ပေ။