တာအိုရသေ့
Vol. 88 Ch. 1227
“တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည် စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည် တောင်ပင်လယ်တွေကို ငါ သိမ်းပိုက်မည်၊ ကောင်းကင်ဘုံချုပ်နှောင်ဂါထာ”
မန်ဟိုသည် ယခုလေးတင် မြင့်မြတ်တည်ကြည်ဂိုဏ်းကို ရောက်လာခဲ့ခြင်းဖြစ်၏။ လက်ရှိအချိန်မှာ ညနေစောင်းအချိန်ဖြစ်ရာ နေမင်းသည် အနောက်ယွန်းယွန်း မိုးကုပ်စက်ဝန်း၌ မေးတင်နေပြီး အေးစိမ့်သောလေညင်းလေးတစ်ချက်က တောင်များကို ခြုံထားသည့် သစ်ပင်ပန်းမန်များကို ယိမ်းနွဲ့နေစေရင်း ဝေ့ဝိုက်တိုက်ခတ်နေသည်။ မန်ဟိုမှာ မှီခိုရာဂိုဏ်းချုပ်ပြီးလျှင် ဒုတိယအားကိုးမရဆုံးသော သူ့ဆရာကို ကြောင်စီစီသာ ကြည့်နေမိတော့သည်....
တာအိုရသေ့က ထိုဘာညာကွိကွကောင်းကင်ဘုံချုပ်နှောင်ဂါထာကို စတင်ရှင်းပြသဖြင့် သူ့မှာ တိတ်ဆိတ်စွာ နားထောင်ရလေသည်။
“ဒီဂါထာက မယုံလောက်အောင် အစွမ်းထက်တယ်။ အင်မတန် အစွမ်းထက်တယ်။ အနိုင်ယူမရလောက်အောင် အစွမ်းထက်တယ်
“ဒီဂါထာကို ဖန်တီးခဲ့တဲ့သူက အဋ္ဌမတောင်ပင်လယ်မှာ နှစ်ယောက်မရှိတဲ့ ဉာဏ်ကြီးရှင်တစ်ဦးပဲ။ တောင်ပင်လယ်လောက စတင်ဖြစ်တည်လာကတည်းက သူလို့လူ တစ်ယောက်မှ မရှိခဲ့ဘူး
“ဂါထာအတွက် ပထမဆုံးလိုအပ်ချက်က မြင့်မြတ်တည်ကြည်အရှိန်အဝါကို ပိုင်ဆိုင်ထားဖို့ပဲ။ ပြီးရင်း အကြောက်တရားကင်းတဲ့နှလုံးသားလည်း ရှိရမယ်။ မင်းဟာ အဋ္ဌမတောင်ပင်လယ်ကို မင်းနှလုံးသားထဲမှ ထားရှိရမယ်။ တောင်ပင်လယ်ကိုးခုမပြည့်မချင်း ကျန်တဲ့တောင်ပင်လယ်တွေကိုလည်း အဲဒီလိုနှလုံးသားထဲမှာ ရှိနေစေရမယ်။ ပြီးရင်တော့ မင်းကို သခင်အဖြစ်မြင်အောင် တောင်ပင်လယ်လောကကို ဖိအားပေးနိုင်ပြီ
“အောင်မြင်ရင်တော့ ဂါထာရဲ့ ပထမအဆင့်ကို မင်း ပြီးမြောက်ပြီ။ ဒုတိယအဆင့်က ကောင်းကင်ဘုံတွေကို ချုပ်နှောင်တာပဲ။ ကောင်းကင်ဘုံ ၃၃ ခုထဲက တစ်ခုကို ချုပ်နှောင်ပိတ်လှောင်လိုက်တိုင်း မင်းကျင့်ကြံခြင်းအခြေခံစွမ်းအားက တစ်ရာရာခိုင်နှုန်းစီ များပြားလာလိမ့်မယ်
“ကောင်းကင်ဘုံ ၃၃ ခုကို ချုပ်နှောင်ပြီးလို့ကတော့ သဘောတရားအရပြောရရင် မင်းကျင့်ကြံခြင်းအခြေခံက ၃၃ ဆ အစွမ်းပိုထက်သွားလိမ့်မယ်” တာအိုရသေ့ စကားပြောနေစဉ် သူ့အမူအရာသည် အတိတ်ကို ပြန်ပြောင်းတွေးတောနေပုံပေါက်နေပြီး နက်နဲရှေးကျနေသောဟန်ပန် ရှိ၏။
မန်ဟိုက တခဏ တွန့်ဆုတ်သွားသည်။ တာအိုရသေ့ မည်မျှဈာန်ဝင်စားနေသလဲ မြင်လျှင် သူ့မှာ ဆက်မမေးနိုင်ဘဲ မနေတော့ပေ။ “ပြီးရင်ရော ...”
“ပြီးရင်လား။ ပြီးရင် ဘာမှမရှိတော့ဘူးကွ” တာအိုရသေ့က မျက်စောင်းထိုးရင်း မာန်သည်။ “အဲဒီအချိန်ရောက်ရင် မင်းကို ဘယ်သူမှ အနိုင်ယူလို့မရတော့ဘူး။ အဲဒါပြီးရင် မင်း ဘာကိုမှ မလိုတော့ဘူး။ ဒါ့အပြင် ဘာရှိဦးမလဲ တွေးလို့တောင်မရဘူးကွ။ မဖြစ်နိုင်ဘူး တကယ်”
တခဏ တိတ်ဆိတ်နေပြီးသော် မန်ဟိုက မေးလိုက်သည်။ “ဆရာ .. ဟို ... ဆရာက အဲဒီဘာညာကွိကွ ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို တီထွင်ခဲ့တာမဟုတ်လား”
“ဟားဟားဟား မင်းက ငါ့တပည့်ပီသပါပေတယ်။ ငါ့လောက်တော့ ဉာဏ်မကောင်းပေမယ့် သိပ်အကဲခတ်တော်တာပဲ။ မင်း သိသွားပြီဆိုမှတော့ ဆရာ ထပ်ပြီးဖုံးကွယ်မနေတော့ပါဘူး။ သွေးထွက်အောင် မှန်တယ်ကွ။ အိုင်းရား မင်းဆရာ ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းထားခဲ့တာ နှစ်ပေါင်းနှစ်ထောင်ရှိပြီ။ နောက်ဆုံးတော့ ဖွင့်ပြောနိုင်ပြီပဲ
“တည်ကြည်သောဟိုဟိုလေး နားထောင်။ တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည် စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည် တောင်ပင်လယ်တွေကို ငါ သိမ်းပိုက်မည်၊ ကောင်းကင်ဘုံချုပ်နှောင်ဂါထာက ငါ တီထွင်ထားတဲ့အရာပဲ။ ဒါက မြင့်မြတ်တည်ကြည်ဂိုဏ်းမှာ အစွမ်းထက်ဆုံး၊ အဆန်းကြယ်ဆုံး၊ ဩဇာအကြီးဆုံး တာအိုမှော်သိုင်းပဲကွ” တာအိုရသေ့က ဟိတ်ဟန်အပြည့်ဖြင့် အင်္ကျီလက်စကို မာန်ပါပါ ခါရမ်းပြီး ညာလက်ကို လေပေါ် မြှောက်လိုက်သည်။
မန်ဟိုက ခပ်ယဲ့ယဲ့ ရယ်လိုက်သည်။ သူ့မှာ ရုတ်တရက် ခေါင်းကိုက်လာတော့၏။
တာအိုရသေ့က စိတ်တိုင်းမကျသည့်အလား မန်ဟို့ကို မျက်လုံးထောင့်မှ မျက်စောင်းထိုးကြည့်သည်။ "အခုအချိန်က မင်း လက်ခုပ်လက်ဝါးတီးပေးရမယ့် အချိန်နော်"
မန်ဟိုက တိတ်ဆိတ်စွာသာ ရပ်နေသည်။ သို့သော် တာအိုရသေ့က ခေါင်းမာမာဖြင့် ညာလက်ကို မြှောက်ထားသည့်အနေအထားအတိုင်း နေနေလေသည်။ မန်ဟိုမှာ အကြာကြီး အနေရခက်ပြီးနောက် ထိုလူ သူ့အား မည်ကဲ့သို့ ကာကွယ်ခဲ့ပေးခဲ့သည်ကို ပြန်တွေးရင်း သက်ပြင်းချလိုက်၏။ သူက စိတ်လှုပ်ရှားနေသံပေါက်အောင် မနည်းကြိုးစားပြီး ပြောလိုက်၏။ "ဆရာကတော့ဗျာ တကယ်ကိုပဲ လက်ဖျားခါလောက်ပါပေတယ်"
တာအိုရသေ့က အကျယ်ကြီး အော်ရယ်ပြီးနောက် လက်ပြန်ချလိုက်သည်။
"ဆရာ့ကိုသာ ယုံလိုက်။ တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည် စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည် တောင်ပင်လယ်တွေကို ငါ သိမ်းပိုက်မည်၊ ကောင်းကင်ဘုံချုပ်နှောင်ဂါထာက မယုံနိုင်လောက်အောင် အစွမ်းထက်တယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို အဲ့ဒီစွမ်းအားအပြည့်အ၀ရဲ့ ဆယ်ရာခိုင်နှုန်းကိုပဲ အသုံးပြုနိုင်တယ်။ ဒါပေမဲ့ အဲဒီဆယ်ရာခိုင်နှုန်းက အင်မတန့် အင်မတန် အင်မတန်မှ အင်အားကြီးမားလွန်းတယ်။ ငါ့ထက်တောင် ပိုအင်အားကြီးမားတယ်။ မင်း အဲဒါကိုတော့ ယုံလိုက်" တာအိုရသေ့မှာ အာပေါင်ရင်းသန်သန် ပြောနေသဖြင့် သူ့ကိုယ်သူ မြင့်မြတ်ထည်ဝါသည့်ပုံပေါက်အောင် ကြိုးစားနေသော်လည်း တံတွေးများက သူ့ပါးစပ်မှ စင်နေလေသည်။
ထို့နောက် သူက အင်္ကျီလက်စကို ခါ၍ ညာလက်ကို မြှောက်ကာ ကောင်းကင်သို့ လက်ညှိုးထိုးလိုက်သည်။ "လာလာ အခု ဂါထာကို ကျင့်ဖို့အချိန်ကျပြီ။ ဆရာ ဘယ်လိုလုပ်လဲ ကြည့်
"တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည်" သူက ဟိန်းဟောက်ရင်း စကားလုံးများအား ဂိုဏ်းတခွင် ပဲ့တင်ထပ်သွားစေသည်။ တောင်ခြေက တာအိုဆရာ၀တ်ပြုကျောင်းထဲရှိ ဂိုဏ်းသားအားလုံး ရှက်ရွံ့နေသောအမူအရာများဖြင့် ခေါင်းများအား ကပျာကယာ ငုံ့လိုက်ကြသည်ကို မန်ဟို သတိမထားမိဘဲ မနေပေ။ သူ့မှာ တာအိုရသေ့ကို ပြန်ကြည့်ရင်း မျက်ခုံးများ လှုပ်လာ၏။
ထို့နောက် တာအိုရသေ့က စက်ဝိုင်းပုံပေါ်အောင် ခြေထောက်နှစ်ချောင်းကို ကွေးပြီးနောက် ညာလက်ကို ထပ်မြှောက်လိုက်သည်။ ဤတစ်ခေါက်တွင်တော့ သူ၏နဖူးကို လက်ညှိုးထိုးနေ၏....
"လိုက်လုပ်လေ" သူက မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်ပြီး ပြောသည်။ "လုပ်လို့"
မန်ဟိုက ချောင်းဟန့်ပြီး တာအိုရသေ့ သူ့အား မည်ကဲ့သို့ ကာကွယ်ပေးခဲ့သည်ကို ပြန်တွေးလိုက်၏။ သူက သက်ပြင်းချရင်း စက်ဝိုင်းပုံပေါ်အောင် ခြေထောက်နှစ်ချောင်းကို ကွေးပြီးနောက် လက်ကို မြှောက်ကာ သူ့နဖူးသူ လက်ညှိုးထိုးလိုက်လေသည်။
"ဂါထာလည်း ရွတ်လေ" တာအိုရသေ့က တိုက်တွန်းသည်။
မန်ဟိုမှာ အံတင်းတင်းကြိတ်ပြီးနောက်ဆုံး အလျှော့ပေးရန်သာ ဆုံးဖြတ်လိုက်တော့၏။ "တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည်" သူက ဟိန်းဟောက်လိုက်သည်။
တာအိုရသေ့၏မျက်လုံးများ လင်းလက်သွားပြီး သူက တဟားဟား ရယ်တော့သည်။ "ကောင်းတယ် သိပ်ကောင်းတယ်။ ကဲ ဒုတိယအကွက်"
ထို့နောက် သူက ညာလက်ကို လေပေါ်မြှောက်၍ အခြားတစ်ဖက်၏အရှေ့တွင် ကန့်လန့်ဖြတ်ထား 十 ဆိုသော စာလုံးပုံစံပေါ်သွားစေသည်။
"စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည်" သူက ဟိန်းဟောက်လိုက်သည်။ မည်သို့ပင်ကြည့်ပါစေ သူ၏ ညာလက်ကို ကန့်လန့်ထားသည့်အတွက် သူ့မျက်လုံးများအား ကွယ်နေလေသည်။
မန်ဟိုလည်း ရွေးချယ်စရာ မရှိ၍ လိုက်လုပ်ရသည်။
"တောင်ပင်လယ်တွေကို ငါ သိမ်းပိုက်မည်" တာအိုရသေ့က အော်သည်။ ထို့နောက် သူက ဆောင့်ကြောင့်ထိုင်၍ ဖားလို လေပေါ် ခုန်လိုက်၏။
မန်ဟိုမှာ မျက်လုံးကြီးပြူးသွားသော်လည်း အံတင်းတင်းကြိတ်ရင်း ထိုအတိုင်း လေပေါ် လိုက်ခုန်ရလေသည်....
"ကောင်းကင်ဘုံ ... ချုပ်နှောင် ... ဂါထာ" လေလယ်တွင် ပျံဝဲနေရင်း တာအိုရသေ့က လက်နှစ်ဖက်လုံးကို ဖြန့်ကား၍ ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်၏။ သူ၏အသံက ဂိုဏ်းကို ဝိုင်းထားသော ကျင့်ကြံသူအားလုံး ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည့်အထိ အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားသည်။ ထူးဆန်းသော အမူအရာများအား သူတို့၏မျက်နှာပေါ်တွင် မြင်ရနိုင်၏။
မန်ဟိုမှာမူ ‘ကောင်းကင်ဘုံချုပ်နှောင်ဂါထာ’ ဟု အကျယ်ကြီး အော်ရဲသည့်သတ္တိ မရှိပေ။ သူ့မှာ ခါးသီးစွာ ပြုံးရင်း ခပ်တိုးတိုး ပြောပြီးနောက် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်၏။ ပတ်၀န်းကျင်တွင် ဘာဆိုဘာမှ မပေါ်လာပေ။ မည်သည့်အရာမှလည်း ပြောင်းလဲသွားခြင်းမရှိ...
"မဆိုးဘူး” တာအိုရသေ့က အလွန်ကျေနပ်နေသော ပုံစံဖြင့် ပြောသည်။ "မင်း ဒီအကွက်တွေကို နောက်နှစ်လလုံးလုံး အဆက်မပြတ် လေ့ကျင့်နေ။ ငါ့ကိုယုံ။ ဒါက မယုံနိုင်လောက်အောင် အင်အားကြီးပြီး မိုးနဲ့မြေမှာ အနိုင်ယူလို့မရတဲ့အရာနော်။ တောင်ပင်လယ်တွေကို ရိုက်ခတ်ပြီး ပါရာဂွန်တွေကိုတောင် သုတ်သင်ပစ်နိုင်တယ်"
မန်ဟို့ခမျာ ဘာပြောရမှန်းမသိ၍ ဆွံ့အနေတော့သည်။
"ကဲ ဒီလောက်ပဲ။ မင်း ဒီတိုင်း ဆက်ကျင့်နေ။ ဆရာ လုပ်စရာလေးရှိလို့ သွားဦးမယ်" ထို့နောက် တာအိုရသေ့က အင်္ကျီလက်စကို ခါပြီး တောင်ပေါ်ပြန်ဆင်းကာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။
မန်ဟိုက သက်ပြင်းချပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် မျက်မှောင်ကြုတ်ရင်း ကောင်းကင်နတ်ဘုရားမဟာမိတ်၏ အမဲလိုက်ခံနေရသည့်ဘေးမှ လွတ်မြောက်အောင် မည်သို့လုပ်ရမည်လဲ စဉ်းစားနေ၏။ ဤနေရာတွင်လည်း ရေရှည်နေ၍မရပေ။ တာအိုရသေ့သည် ရူးနေသော်လည်း မြင့်မြတ်တည်ကြည်ဂိုဏ်း၏ ပထမခေါင်းဆောင်ကြီးက မရူးသည့်အတွက် သူ့ကို ဤနေရာတွင် အမြဲနေခွင့်ပြုမည်မဟုတ်ပေ။
တာအိုရသေ့က နှစ်လမရ,ရအောင် အတင်းအကြပ် တောင်းဆိုခဲ့ကြောင်း သိသာသည်။
"ကဲ အဆင်ပြေပါတယ်လေ" မန်ဟိုက တွေးလိုက်သည်။ "အဲ့ဒီအချိန်က ငါ့အတွက် ကိုယ့်ကိုယ်ကို ကုစားပြီး အထွတ်အထိပ်အဆင့် ပြန်ရောက်အောင် လုပ်ဖို့ လုံလောက်တယ်" သူက မျက်လုံးများ အေးစက်စက် တောက်ပနေလျက် အသက်ပြင်းပြင်းရှုသွင်းပြီးနောက် ဒဏ်ရာများကို ကုသရန် တရားထိုင်လိုက်သည်။
များမကြာခင် အဝေးမှ ထစ်ချုန်းသံများအား ကြားလိုက်ရပြီး အလင်းတန်းတစ်တန်းသည် ကောင်းကင်သို့ ထိုးတက်သွား၏။ ထိုအလင်းတန်းတွင် တခြားတစ်နေရာသို့ နေရာရွှေ့ပြောင်းနေဟန်တူသော လူတစ်ယောက်၏အရိပ်အား မြင်ရနိုင်သည်။ မန်ဟိုက ချက်ချင်း မျက်လုံးဖွင့်၍ လှမ်းကြည့်လိုက်သည်။
ကြည့်လိုက်သောအခါ သူသည် မြင့်မြတ်တည်ကြည်ဂိုဏ်း၏ နေရာရွှေ့ပြောင်းခြင်းမုခ်၀တည်ရှိရာနေရာကို ကြည့်နေရကြောင်း တွေ့လိုက်ရ၏။
သူ့မျက်လုံးများက တခဏလင်းလက်သွားပြီးနောက် သူ၏ဒဏ်ရာများကို ကုစားရာတွင် ပြန်အာရုံစိုက်လိုက်သည်။
အချိန်များ ကုန်လွန်သွားသည်။ မကြာမီ ဆယ်ရက် ကြာခဲ့လေပြီ... ထိုဆယ်ရက်အတွင်း မန်ဟိုသည် မြင့်မြတ်တည်ကြည်ဂိုဏ်း၏ ဂိုဏ်းသားများ ကျင့်ကြံအားထုတ်နေသည့်ကို ကြည့်ဖို့ တောင်အောက် ဆင်းကြည့်လေ့ရှိ၏။ ထိုနေရာတွင် တောင်ပင်လယ်လောက၏ ချီစီးကြောင်းအပြင် မြင့်မြတ်တည်ကြည်သောအရှိန်အဝါကိုလည်း သူ ခံစားနိုင်သည်။ ကံဆိုးစွာနှင့် သူ့မှာ သူ၏ဒဏ်ရာများကို နေ့တစ်ဝက်ခန့်သာ ကုစားနိုင်သည်။ ကျန်အချိန်များတွင် တာအိုရသေ့က ထိုဘာညာကွိကွကောင်းကင်ဘုံချုပ်နှောင်ဂါထာကို လေ့ကျင့်ဖို့ သူ့အား ဆွဲခေါ်သွားတတ်၏။
ပထမတော့ မန်ဟိုမှာ ငြင်းဖို့ အားနာနေခဲ့သည်။ သို့သော် သူ သည်းမခံနိုင်တော့သောအဆင့်အထိ လျင်မြန်စွာ ရောက်ရှိသွားလေသည်။ သို့သော် ကံကောင်းထောက်မစွာနှင့် လေ့ကျင့်ခြင်း၏ရလဒ်အနေဖြင့် ထူးဆန်းသည့်အရာတစ်ခုမှ မဖြစ်ပွားပေ။ ကံဆိုးမှုလည်း မရှိ၊ မိုးကြိုးလည်း မပစ်၊ ပေါက်ကွဲခြင်းလည်း မတွေ့ရ။
ငြင်းချင်လာတိုင်း သူသည် တာအိုရသေ့ သူ့အတွက် ကြယ်တာရာကောင်းကင်အပြင်မှ ကျင့်ကြံသူအားလုံးကို အတိုက်အခံလုပ်ပေးခဲ့ပုံကို ပြန်တွေးပြီး မငြင်းရက်တော့ပေ။ ထို့ကြောင့် စိတ်မပါ့တပါ့ဖြင့်သာ ဆက်လေ့ကျင့်နေတော့သည်။
သို့သော် တစ်နေ့ သူ တောင်ပေါ်မှ ဆင်းလာသောအခါ တိုက်တိုက်ဆိုင်ဆိုင် တောင်ကြားတစ်ခုမှ ဖြတ်သွားမိပြီး ဂိုဏ်းသားနှစ်ယောက် စကားပြောနေသည်ကို ကြားလိုက်ရသည်။
“ဘရသေ့ကတော့ ရူးနေပြန်ပြီ... ပြီးခဲ့တဲ့ဆယ်ရက်အတွင်း နေရာရွှေ့ပြောင်းခြင်းမုခ်ဝကို တစ်ရက် ဆယ်ကြိမ်အနည်းဆုံး သုံးနေခဲ့တာတဲ့။ ပြီးတော့လည်း ရောက်တက်ရာရာနေရာတွေဆီ ပို့ခိုင်းနေတာ။ သူ ဘာတွေလုပ်နေမှန်းမသိဘူး”
“နေရာရွှေ့ပြောင်းမုခ်ဝကို သုံးဖို့ ဝိညာဉ်ကျောက်တုံးအတော်ကုန်တယ်။ အထူးသဖြင့် ပို့ပေးရတာနဲ့ ပြန်ခေါ်ပေးရတာကို ထည့်တွက်ရင်။ ပြီးတော့ သူက သုံးတိုင်း မတူညီတဲ့နေရာတွေဆီ သွားနေတာ...”
“ဘာတတ်နိုင်မတုန်းကွာ...." ဂိုဏ်းသားနှစ်ယောက်က သက်ပြင်းချလိုက်သည်။
မန်ဟိုမှာ တုန်လှုပ်သွားပြီး နေရာရွှေ့ပြောင်းမုခ်ဝတည်ရှိသောနေရာသို့ ကပျာကယာ သွားလိုက်ရာ တာအိုရသေ့ ဝိညာဉ်ကျောက်တုံးတချို့အား တာဝန်ကျဂိုဏ်းသားဆီ ပေးနေသည်ကို မြင်လိုက်ရသည်။ သူကား လူပုံစံပြောင်းလဲထားသည့် ဝိညာဉ်သားရဲတချို့ကို နေရာရွှေ့ပြောင်းဖို့ ပြင်နေသယောင်ပင်။
မန်ဟို့တည်ရှိမှုကို ခံစားရလျှင် တာအိုရသေ့က လှည့်လာသည်။ မန်ဟိုကို မြင်လျှင်ချင်း သူက ဝမ်းသာအားရ ရယ်လေ၏။
“ငါ့တပည့်လေးပါလားကွ။ လာလာ ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို လေ့ကျင့်ဖို့ သွားကြစို့” သူက လျှောက်လာပြီး မန်ဟို့လက်ကို ဆွဲကာ တောင်ထိပ်သို့ ခပ်သုတ်သုပ် ဦးတည်သွားသည်။ မန်ဟိုက လမ်းတွင် ဘာမှမပြောပေ။ တောင်ထိပ်သို့ ရောက်သည့်အခါ သူသည် ထူးထူးဆန်းဆန်း တက်ကြွစွာဖြင့် ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို လေ့ကျင့်သည်။ သူက လှုပ်ရှားမှုတိုင်းတွင် အားထည့်ထားပြီး ဂါထာကို ကျယ်နိုင်သမျှ ကျယ်ကျယ်ပင် အော်နေသည်။
နာရီအနည်းငယ် လေ့ကျင့်ပြီးနောက် မန်ဟိုက ကောက်ကာငင်ကာ မေးလိုက်သည်။ “ဆရာ အခုရက်ပိုင်း ဘာလို့နေရာရွှေ့ပြောင်းခြင်းမုခ်ဝကို ခဏခဏ သုံးနေတာလဲ”
“ဘာလို့လဲတဲ့လား” တာအိုရသေ့က အံ့အားသင့်နေသောအသံဖြင့် ပြန်မေးသည်။ “မင်းအတွက်ပေါ့ကွ။ မင်းကို ငါ့လောက် ဉာဏ်ကောင်းတယ်လို့တောင် ချီးကျူးမိတော့မလို့ပဲ။ ကောင်လေး မင်း ဘာလို့ဒီလောက်တုံးရတာလဲ
“နှစ်လနေရင် မင်းကို ဒီကနေ နေရာရွှေ့ပြောင်းပေးရမှာလေ။ နေရာရွှေ့ပြောင်းမုခ်ဝတွေ ပိတ်ခံထားရတော့ ကောင်းကင်နတ်ဘုရားမဟာမိတ်ကနေ တိုက်ရိုက်ထွက်လို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ထွက်ပေါက်နဲ့နီးတဲ့ နေရာတွေကိုတော့ နေရာရွှေ့ပြောင်းလို့ ရသေးတယ်။ ဒါပေမဲ့ သွားနေတုန်း တစ်ယောက်ယောက် မင်းကို နှောင့်ယှက်နေနိုင်တဲ့ နည်းလမ်းတွေအများကြီးလည်း ရှိနေတယ်
“ဒါကြောင့် လိုရမယ်ရ ငါက နည်းနည်းရေနောက်အောင် လုပ်နေသလို လုပ်ပေးနေတာ။ နှစ်လဆက်တိုက် နေရာရွှေ့ပြောင်းမုခ်ဝကို အကြိမ်ရေအများကြီး သုံးရင် မင်းကို ရှာနေတဲ့ လူတွေ စိတ်မရှည်ဖြစ်လာလိမ့်မယ်။ ဒါဆို မင်း လစ်ထွက်နိုင်ပြီ”
မန်ဟိုမှာ တာအိုရသေ့ကို ကြည့်ရင်း စိတ်နှလုံးလှုပ်ခတ်သွားသည်။ ဤသည်မှာ သူ့ဘဝတွင် တစ်ခါမှ မတွေ့ခဲ့ဖူးသော လူဖြစ်သော်လည်း ရက်ပိုင်းလေးအတွင်း သူ၏စိတ်နှလုံးကို ဆက်တိုက်လှုပ်ခတ်စေခဲ့သူလည်း ဖြစ်လေသည်။
ကျင့်ကြံသူလောကသည် လူတွေ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်လိုက်၊ အကောက်ကြံလိုက်၊ သတ်လိုက် အမြဲလုပ်နေသော နေရာတစ်နေရာဖြစ်၏။ ပြိုင်ဆိုင်မှုများလည်း ပြင်းထန်သည်။ သို့သော် ကမ္ဘာတစ်ခု ထိုသို့ဖြစ်လေလေ၊ တချို့သောအပြုအမူများသည် အဖိုးတန်လေလေဖြစ်၏။ ၎င်းတို့ကား နှလုံးသားထဲ၌ အမြဲမှတ်သားထားရမည့်၊ အမြဲသတိရနေရမည့် မေ့မရသောအရာများ ဖြစ်လာသည်။
ကျင့်ကြံအဆင့်မည်မျှဖြစ်စေ၊ ကျင့်ကြံသူတစ်ယောက်၏ နှလုံးသားထဲတွင် တချို့သော အရာများ ကျန်ရှိခဲ့တတ်သည်။ အဆုံးသတ်တွင် သူတို့သည် တိရိစ္ဆာန်မဟုတ်၊ လူစင်စစ်များ မဟုတ်ပါလော။
မန်ဟိုက တာအိုရသေ့ကို တခဏကြည့်ပြီးနောက် လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
နောက်ရက်များတွင် သူသည် လက်လွတ်စပယ် မလေ့ကျင့်တော့ပေ။ တာအိုရသေ့နှင့်အတူ ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို အားတက်သရော လေ့ကျင့်သည်။ ၎င်းက တာအိုမှော်သိုင်းမဟုတ်ဘဲ တာအိုရသေ့ စိတ်ကူးပေါက်ရာ လျှောက်ထွင်ထားသောအရာဖြစ်သည်ဟု သူ ယုံကြည်၏။
နောက်ဆုံးတွင် တာအိုရသေ့မှာ အမြဲဤသို့မဟုတ်ခဲ့ကြောင်း မန်ဟို သိလာရသည်။ ဟိုးအရင်တုန်းက သူသည် ဂိုဏ်းမှ ထွက်သွားခဲ့ပြီး လက်တွဲဖော်သေ၍ ကလေးကိုလည်း ဆုံးရှုံးရပြီးနောက် ဒဏ်ရာဗလပွနှင့်သာ ဂိုဏ်းဆီ ပြန်ရောက်လာခဲ့သည်။ သူက လက်တွင် အနက်ရောင်သားရေစတစ်စကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ပြန်ရောက်လာခဲ့ကာ သတိလစ်သွားခဲ့သည်။
ထိုအခိုက်အတန့်မှစ၍ တစ်ခါတစ်ခါ သူ စိတ်ဖောက်လာတတ်သည်။ သူ့မိသားစု ဘာဖြစ်သွားသလဲဆိုသည့်အကြောင်းကိုမူ တစ်ခွန်းမှ မဟခဲ့ပေ။ ဂိုဏ်းက စုံစမ်းမှုတချို့ပြုလုပ်ခဲ့သော်လည်း သဲလွန်စတစ်စမှ ရှာမတွေ့ခဲ့။
တစ်ခါတရံ တာအိုရသေ့သည် တောင်ထိပ်ပေါ်က ရုပ်တုကြီး၏အပေါ်တွင် တစ်ယောက်တည်း ထိုင်ရင်း အရူးကြီးလိုရယ်လိုက်၊ ကယောင်ချောက်ချားပြောလိုက်နှင့် ကောင်းကင်ကို မော့ကြည့်ပြီး ငိုနေတတ်သည်။
ဂိုဏ်းထဲ၌ တစ်လရှိနေသည့်အတွင်း မန်ဟိုပင် ထိုအဖြစ်ကို တစ်ကြိမ် မြင်ခဲ့ရသည်။ ကောင်းကင်ထက်၌ လသာနေစဉ် တာအိုရသေ့သည် ရုပ်တုပေါ်တွင် ထိုင်နေရင်း ရယ်ကောင်း ရယ်နေလောက်သည် .... သို့မဟုတ် ငိုကောင်းလည်း ငိုနေလိမ့်မည်....