← Chapters

တောင်ကြားမှာတွေ့တဲ့မျိုးစေ့! ၂

Vol. 73 Ch. 1083

တောင်ကြားမှာတွေ့တဲ့မျိုးစေ့! ၂

Vol. 73 Ch. 1083

ရှောင်ဝူက စားပွဲပေါ်မှဥက္ကာခဲကိုလှည့်ကြည့်ပြီး အတွန့်တက်လိုက်သည်_

"သခင်... အဲဒါအရမ်းပင်ပန်းတယ်... အခုမသွားလို့ရမလား? ကျွန်မအလုပ်ရှုပ်နေတာ ကြည့်ပါလား?''

"မသွားချင်လဲရတယ်လေ''

ချင်လင်ကငေါ့လိုက်ပြီး_

"ငါပြန်လာရင် ရှောင်ပေါင်ကိုသူ့အရင်ပိုင်ရှင်ဆီပြန်ပို့လိုက်မယ်''

"ဟင့်အင်း!''

ရှောင်ဝူကချက်ချင်းခုန်ဆင်းလာပြီး ချင်လင်ကိုကျားမမျက်လုံးနှင့်ကြည့်ကာ_

"အဲလိုမလုပ်ရဘူး!''

ချင်လင်ကစားပွဲပေါ်မှဥက္ကာခဲကိုလက်ညိုးထိုးပြပြီး_

"ဒီတစ်ခါ အပါးမခိုရဘူး... တောင်ကြားထဲမှာချရမယ်''

ခေါင်းဆောင်ထန်တို့ တောင်အစပ်မှာဥက္ကာခဲတွေ့တာ ဒီကောင်ရှောင်ဝူအပါးခိုမှန်းသိသာနေသည်။

"ဟေး... အဲဒါစွန့်စားရတယ်! ဒါခြိမ်းခြောက်တာပဲ!''

ရှောင်ဝူက ဥက္ကာခဲကိုမသယ်ချင်သယ်ချင်နှင့်သယ်ပြီး အတောင်ပံတဖျတ်ဖျတ်ခတ်ကာ အပန်းဖြေစံအိမ်အပြင်ပျံထွက်သွားသည်။

ထိုအချိန်တွင် ရှောင်ပေါင်ကပျံလာပြီး စားပွဲပေါ်နားလိုက်သည်။ သူကချင်လင်ကိုစိုက်ကြည့်ပြီး အလောတကြီးပြောသည်_

"ကျွန်တော်မပြန်ဘူး... ကျွန်တော်မပြန်ဘူး''

ဒီကောင်ဖြစ်ပျက်နေပုံကိုကြည့်ပြီး ချင်လင်ကရယ်လိုက်ကာ_

"ဟုတ်ပါပြီ... မင်းကိုပြန်မပို့ပါဘူး... ငါရှောင်ဝူကိုသက်သက်ခြောက်တာ''

ဒီရှောင်ဝူက အပြင်လောကကိုသဘောကျတာလား၊ ရှောင်ဝူကိုတွယ်တာပြီး မပြန်ချင်တာလား၊ ဒါမှမဟုတ် စတော့ဟုမ်းရောဂါပဲရသလား သူလည်းမသိ။

ဘားတစ်ခုမှာ အန်တီကြီးတစ်ယောက်အကြမ်းဖက်တာခံရတဲ့ခပ်ချောချောကောင်လေးသတင်းကို သူမှတ်မိသေးသည်။ တစ်နေ့လုံးလှောင်ပိတ်ခံရပြီး အဆက်မပြတ်အကြမ်းဖက်ခံရသည်။

နောက်တော့ ခပ်ချောချောကောင်လေးက အန်တီကြီးကိုလက်ထပ်ပြီး စံအိမ်ကြီးမှာဇိမ်ကျကျနေ၊ လန်ဘော်ဂိနီကားစီးပြီး အငယ်အနှောင်းနှစ်ယောက်ထားသည်တဲ့။

ဒီကောင်လေးအကြောင်းပေါ်သွားသောအခါ သူ့မှာစတော့ဟုမ်းရောဂါရှိသည်ဟုအခိုင်အမာပြောကြသည်။

ချင်လင်လည်းပြင်ဆင်ပြီးသောအခါ မြောက်ဘက်ထွက်လာပြီး တော်ဝင်ပညာရှင်လီကိုရှာသည်။ သူတို့အတူကားထဲဝင်ပြီး တောင်ပေါ်တက်လာ၏။

တကယ်တမ်းပြောရရင် တော်ဝင်ပညာရှင်လီက အပန်းဖြေစံအိမ်မှာအကြာဆုံးနေသူပင်။

အစက တော်ဝင်ပညာရှင်လီရောဂါကိုကုသပြီးအားဖြည့်ရုံသာ။ နောက်ပိုင်း အပန်းဖြေခွင့်ရသောကြောင့်ဆက်နေခဲ့သည်။

သို့ရာတွင် အခုဥက္ကာခဲတာဝန်ခံဖြစ်လာပြီး ဆက်နေရပြန်သည်။

တောင်ခြေတွင် ကားရပ်လိုက်သည်။

ဘေးတွင် ရုံချန်းဆောက်လုပ်ရေးနေရာရှိသည်။

ကေဘယ်ကားရုံဆောက်နေပြီး အောက်ခြေတိုင်ထူသောအဆင့်သာရှိသေးသည်။

မလှမ်းမကမ်းတွင် ဧည့်ကြိုနေရာအထိုင်ချနေသည်။

နတ်သမီးပုံပြင်တောင်ဖွင့်ရင် ခရီးသည်တွေက ဧည့်ကြိုကောင်တာမှာလက်မှတ်ဝယ်ရမည်။ နောက်ပြီး ကေဘယ်ကားက ဧည့်ကြိုခန်းမကိုဖြတ်ရမည်။

ချင်လင်နှင့်တော်ဝင်ပညာရှင်လီက ကားပေါ်မှဆင်းပြီး တောင်ပေါ်တက်လာသည်။

ခေါင်းဆောင်ထန်၏လူများကလမ်းပြပြီး တောင်ကြားထဲလျှောက်လာကြသည်။

တောင်ကြားအပေါ်တွင်လည်း ကြက်တူရွေးတစ်ကောင်ပျံသန်းနေ၏။

အောက်တွင်_

ခေါင်းဆောင်ထန်က သူ့လူများနှင့်တောင်ကြားထဲတွင်ပိုက်စိတ်တိုက်ရှာနေသောကြောင့် ကြက်တူရွေးကိုလုံးဝသတိမထားမိ။

ရှောင်ဝူက တောင်ကြားအောက်မှာရှာနေသောလူများကိုကြည့်ရင်း သူ့သခင်ပြောလိုက်သောလူများဖြစ်ကြောင်းသိသည်။

သူကတုံ့ဆိုင်းမနေ။ တောင်ကြားအနီးသစ်ပင်တစ်ပင်တွင်နားပြီး လက်သည်းကြားမှလွှတ်ချလိုက်သည်။

ဥက္ကာခဲကအောက်ကျပြီး မြစ်ထဲရောက်သွား၏။

သူ့တာဝန်ပြီးသည်နှင့်ဆက်မနေတော့။ တောင်ပံတဖျတ်ဖျတ်ခတ်ပြီး အပန်းဖြေစံအိမ်ဘက်ပြန်လာသည်။

သူ့ကလေးလေး အကြာကြီးစောင့်မနေစေရ။

မကြာမီ_

ချင်လင်နှင့်တော်ဝင်ပညာရှင်လီက တောင်ကြားထဲရောက်လာသည်။

ခေါင်းဆောင်ထန်ကကိရိယာများချပြီး သူတို့နှစ်ဦးဆီအပြေးလာကာ_

"တော်ဝင်ပညာရှင်လီ သူဌေးချင်... ရောက်လာပြီလား!''

ချင်လင်ကခေါင်းညိမ့်ပြသည်။

"ခေါင်းဆောင်ထန်... အခြေအနေဘယ်လိုရှိလဲ?''

တော်ဝင်ပညာရှင်လီကမေးသည်။

ခေါင်းဆောင်ထန်ကရှင်းပြ၏_

"SMC တန်ဖိုးကိုစစ်ပြီးပြီ... အဲဒီနေရာမှာဥက္ကာခဲကျတာဖြစ်မယ်... ဒါပေမဲ့ မတွေ့သေးဘူး... ဟိုးအရင်ကတည်းက ယူသွားတာများလား... အဲဒါကြောင့် ဒီနားမှာတွေ့တဲ့ SMC တန်ဖိုးကသိပ်မပြင်းဘူး''

"သွားကြည့်ရအောင်!''

တော်ဝင်ပညာရှင်လီကခေါင်းညိမ့်ပြီး ခေါင်းဆောင်ထန်နောက်လိုက်လာသည်။

SMC တန်ဖိုးအကြောင်း သူနားလည်သည်။

တချို့အထူးအာကာသဓာတ်တွေက ပျောက်ပျက်ဖို့ခက်ပြီး နှစ်ပေါင်းများစွာပတ်ဝန်းကျင်မှာရောနှောတည်ရှိနေနိုင်သည်။ နှစ်ထောင်ချီသည်ဟု အမြင့်ဆုံးမှတ်တမ်းရှိသည်။

ဒါ တချို့အထူးအာကာသဓာတ်များ၏တည်မြဲနိုင်စွမ်းပင်။ မဟုတ်ရင် ဥက္ကာခဲကျစဉ်ကအပူချိန်ပြင်းပြင်းထန်ထန်ကြောင့်တည်ရှိနိုင်မည်မဟုတ်ပေ။

တော်ဝင်ပညာရှင်လီနှင့်ခေါင်းဆောင်ထန်က လျှောက်ဝင်သွားပြီး ချင်လင်ကိုသတိတရပြောသည်_

"သူဌေးချင်... အရင်ကြည့်ပါ!''

ချင်လင် ကြည့်ချင်လှပြီ။ တော်ဝင်ပညာရှင်လီနှင့်ခေါင်းဆောင်ထန်ရှေ့ကသွားစဉ် သူလည်းတောင်ကြားထဲပတ်ပြီး သူအိတ်ကပ်ထဲမှမျိုးစေ့များချနေသည်။

မျိုးပြောင်းအာကာသနွယ်မျိုးစေ့ပင်။

တချို့ကိုချပြီးနောက် ခပ်လှမ်းလှမ်းချုံပုတ်တစ်ခုဆီသွားပြီးဒူးထောက်ထိုင်ချနေသည်။ သူ့အိတ်ကပ်ထဲမှမျိုးစေ့အားလုံးထုတ်ကာ တစ်ခုခုရှာဟန်ဆောင်နေ၏။

တော်ဝင်ပညာရှင်လီက ခေါင်းဆောင်ထန်နှင့်စကားပြောပြီးနောက် ချင်လင်တစ်ခုခုရှာနေသည်ဟုထင်သွားကာ_

"သူဌေးချင်... ဘာရှာနေတာလဲ?''

ချင်လင်ကအမေးခံရသည်နှင့် သူ့လက်ကိုဖြန့်ကာ တော်ဝင်ပညာရှင်လီကိုမျိုးစေ့လှမ်းပေးရင်း_

"တော်ဝင်ပညာရှင်လီ... ဒီမှာကြည့်.. ဒီမျိုးစေ့တွေတွေ့တယ်... စောစောက နွယ်ပင်တွေပစ်လိုက်တာ... အဲဒီနွယ်ပင်ကဖြစ်မယ်''

"ဒီမျိုးစေ့တွေကိုကြည့်လိုက်တော့ နည်းနည်းထူးဆန်းနေတယ်... ပုံစံနဲ့အထိအတွေ့က သာမန်နွယ်ပင်မျိုးစေ့နဲ့မတူဘူး''

"အဲဒါကြောင့် စိုက်ကြည့်မလို့ယူလာတာ''

ချင်လင်စကားမှာ ဟာကွက်ရှိသည်။

တော်ဝင်ပညာရှင်လီသာအချိန်ရရင် လိုက်ရှာကြည့်မည်။

သို့သော် ထိုအချိန်တွင် ကိရိယာကိုင်ထားသောဝန်ထမ်းတစ်ဦးက စိတ်လှုပ်ရှားသံနှင့်_

"ခေါင်းဆောင်ထန် တော်ဝင်ပညာရှင်လီ.. တွေ့ပြီ... နောက်ထပ်ဥက္ကာခဲ ကိရိယာမှာပေါ်တယ်''

"ဘယ်မှာလဲ?''

တော်ဝင်ပညာရှင်လီက ချင်လင်ကိုဂရုမစိုက်တော့။ စိတ်လှုပ်ရှားပြီးပြေးသွားသည်။

ဥက္ကာခဲဆိုတာ နိုင်ငံတိုင်းကလိုက်ရှာနေတဲ့အရေးကြီးရှားပါးပစ္စည်း။

နောက်ပြီး ဒီပစ္စည်းက ပြန်မပွားတတ်။

မှတ်တမ်းအရ ၅ ကီလိုဂရမ်ကို နိုင်ငံအသီးသီးမှာသုံးကုန်လောက်ပြီ။

တောင်ခြေမှာတစ်ခုတွေ့ပြီးပြီ။ အခု နောက်တစ်ခုတွေ့သည်။ အကြီးအကျယ်ရလိုက်ခြင်းပင်။

အနောက်နိုင်ငံတွေသာ ဒီအကြောင်းသိရင်မနာလိုဖြစ်ကုန်မည်။

ခေါင်းဆောင်ထန်က ကိရိယာကြည့်ပြီးတွက်ဆလိုက်သည်။

"တော်ဝင်ပညာရှင်လီ... ဥက္ကာခဲကမြစ်ထဲမှာ... ရေထဲကတန်းဆယ်ရမယ်''

တော်ဝင်ပညာရှင်လီရောက်လာသည်နှင့် သူကပြောသည်။

"အင်း!''

တော်ဝင်ပညာရှင်လီက မြစ်ဘက်တန်းကြည့်လိုက်သည်။

ခေါင်းဆောင်ထန်က သူ့လူများကိုခေါ်ပြီးစလှုပ်ရှားသည်။ အရင်ဆုံး မြစ်အနက်ကိုတိုင်းသည်။

မြစ်ကနည်းနည်းနက်သောကြောင့် ရေငုပ်ကိရိယာများလိုသည်။

ခေါင်းဆောင်ထန်ကိုယ်တိုင် သူ့လူများနှင့်ရေအောက်ဆင်းသည်။

ချင်လင်လည်းရောက်လာပြီး မြစ်ထဲခေါင်းဆောင်ထန်တို့အလုပ်များနေသည်ကိုကြည့်ရင်း...

ရှောင်ဝူကဘာလို့ ဥက္ကာခဲကိုမြစ်ထဲပစ်လိုက်တာလဲ? ခေါင်းဆောင်ထန်တို့ရှာရခက်အောင် လုပ်နေတာလား?

ဒါပေမဲ့ ဒီတစ်ခါ ရှောင်ဝူအပါးမခိုဘဲကောင်းကောင်းလုပ်သည်ဟုဆိုရမည်။

ဥက္ကာခဲစမ်းသပ်စက်နှင့်တောင် ခေါင်းဆောင်ထန်တို့ တစ်နာရီကျော်ရှာလိုက်ရသေးသည်။

"မြန်မြန်.. ကိရိယာထုတ်''

တော်ဝင်ပညာရှင်လီကပြောသည်_

"ဥက္ကာခဲဟုတ်မဟုတ်ကြည့်ရအောင်''

တော်ဝင်ပညာရှင်လီပြောနေစဉ် ကိရိယာတပ်ဆင်ပြီးဖြစ်သည်။

တော်ဝင်ပညာရှင်လီကချက်ချင်းစမ်းသပ်ပြီး စိတ်လှုပ်ရှားသံနှင့်_

"ဟား ဟား.. ဥက္ကာခဲပဲ... နောက်ထပ်ဥက္ကာခဲတွေ့ပြီ... ခေါင်းဆောင်ထန်.. မင်းတို့ကောင်းကောင်းလုပ်ခဲ့ပြန်ပြီ''

ခေါင်းဆောင်ထန်တို့လည်း ပြုံးရွှင်နေသည်။

စရှာကတည်းက သူတွေ့ခဲ့သည်။

တော်ဝင်ပညာရှင်လီက_

"ခေါင်းဆောင်ထန်.. မင်းတို့ဆက်ရှာလိုက်ကြဦး... ငါဒီဥက္ကာခဲကိုလုံခြုံတဲ့နေရာမှာထားဦးမယ်... ဝန်ကြီးလုနဲ့အထက်လူတွေကိုအစီရင်ခံရမယ်''

"ကောင်းပါပြီ တော်ဝင်ပညာရှင်လီ''

ခေါင်းဆောင်ထန်ကခေါင်းညိမ့်ပြီး ဥက္ကာခဲထည့်စရာသေတ္တာယူလာခိုင်းသည်။ ထို့နောက် တော်ဝင်ပညာရှင်လီနှင့်ဥက္ကာခဲကို အပန်းဖြေစံအိမ်ပြန်ပို့ခိုင်းလိုက်သည်။

ချင်လင်က သူတို့နှင့်အတူ တောင်ကြားမှပြန်လာသည်။

သူကတမင်သက်သက် တော်ဝင်ပညာရှင်လီရှေ့မျိုးစေ့ထုတ်ပြပြီး_

"တော်ဝင်ပညာရှင်လီ.. ဒီမျိုးစေ့ကထူးခြားမယ်ထင်လား?''

သူ့အကြံအစည်က အဆင်ချောခဲ့သည်ဟုဆိုရမည်။

အပန်းဖြေစံအိမ်ပြန်လာပြီးနောက် တော်ဝင်ပညာရှင်လီကချက်ချင်းသူ့အခန်းပြန်ပြီး ပေကျင်းကိုသတင်းကောင်းတင်ပြသည်။

တင်ပြပြီးနောက် အခန်းထဲမှထွက်လာကာ ဧည့်ခန်းထဲဆင်းလာသည်။ ချင်လင်က ပန်းအိုးများထဲမြေကြီးထည့်ပြီးပြင်ဆင်နေသည်။ သူတစ်ခုခုစိုက်တော့မည်။

သူက တောင်ကြားမှာချင်လင်တွေ့ခဲ့သောမျိုးစေ့ကိုသတိရပြီး_

"သူဌေးချင်... တောင်ကြားမှာတွေ့တဲ့မျိုးစေ့ကိုစိုက်နေတာလား?''

All Chapters