← Chapters

ညရှုခင်းက ပန်ဒိုရာထက်လှ! တစ်ယောက်သာ အမှန်သိ! ၂

Vol. 73 Ch. 1089

ညရှုခင်းက ပန်ဒိုရာထက်လှ! တစ်ယောက်သာ အမှန်သိ! ၂

Vol. 73 Ch. 1089

"ခေါင်းဆောင်ထန်''

တော်ဝင်ပညာရှင်လီကတန်းပြောသည်_

"ဥက္ကာခဲတွေ့တဲ့တောင်ကြားကိုတချက်ကြည့်ပေးပါဦး... ဥက္ကာခဲအာနိသင်ထိတဲ့နွယ်ပင်တွေရှိချင်ရှိနိုင်တယ်... အလင်းထွက်လိမ့်မယ်''

"အဲဒီမှာ အပင်မျိုးပြောင်းတာ ဥက္ကာခဲကကျတဲ့အမှုန်အမွှားတွေကြောင့်ဆိုတဲ့သက်သေပဲ''

ခေါင်းဆောင်ထန်က တော်ဝင်ပညာရှင်လီစကားကြားပြီး အချိန်ဆွဲမနေ။ တောင်ပေါ်လူတချို့ခေါ်သွားပြီး တောင်ကြားထဲသွားကြည့်သည်။

တောင်ကြားမှာဥက္ကာခဲတွေ့ခဲ့သောကြောင့် သူ့လူများနှင့်သုံးလေးကြိမ်ထပ်ရှာသေးသည်။ သို့ရာတွင် ဘာမှထူးထူးခြားခြားမတွေ့၍ တောင်ကြားမှထွက်ပြီး မရှာရသေးသောနေရာများကိုဆက်ရှာခဲ့သည်။

ခေါင်းဆောင်ထန်ကတောကိုဖြတ်သွားပြီး တောင်ပေါ်မှာအချိန်ကုန်သည်။

ဒီတစ်ခါတောင်ကြားရောက်သောအခါ သူတို့တစ်စုအံ့ဩသွားသည်။

တောင်ကြားတွင် ပတ်ဝန်းကျင်ကိုရောင်ပြန်ဟပ်ပြီးအလွန်လှသောအလင်းရောင်တစ်မျိုးထွက်နေသည်။

"ခေါင်းဆောင်... ဘယ်လိုဖြစ်တာလဲ?''

တစ်ယောက်ကမေးသည်။

"တော်ဝင်ပညာရှင်လီထပ်လာခိုင်းတာ ဒါကြောင့်မလား?''

နောက်တစ်ယောက်ကပြောသည်။

ခေါင်းဆောင်ထန်က သူ့လူများနှင့်လျှောက်လာရာ အလင်းရောင်ထွက်နေသောနွယ်ပင်များကိုတွေ့ရသည်။

နွယ်ပင်အလင်းရောင်ကကျောက်တုံးများကိုဟပ်ပြီး ကျောက်စိမ်းတုံးလိုလှနေသည်။

အထူးသဖြင့် သစ်ပင်၊ချုံပုတ်များအောက်တွင် နွယ်ပင်ကရစ်တက်ပြီး သစ်ပင်၊ချုံပုတ်များကိုသိပ္ပံဇာတ်လမ်းထဲကလိုအလင်းရောင်ထွက်စေသည်။

တောင်ကြားက စိတ်ကူးယဉ်သိပ္ပံကမ္ဘာဖြစ်သွားသလိုပင်။

ခေါင်းဆောင်ထန်ကသူ့အဖွဲ့ကိုဦးဆောင်ခေါ်လာရာ သူ့တကိုယ်လုံးအေးချမ်းပြီး စိတ်တည်ငြိမ်လာသည်။

ခေါင်းဆောင်ထန်က လာရင်းကိစ္စမမေ့သောကြောင့် ဖုန်းထုတ်ပြီးပတ်ဝန်းကျင်ကိုဗီဒီယိုရိုက်ယူလိုက်သည်။ ထို့နောက် တော်ဝင်ပညာရှင်လီကိုပို့ပြီးမေးလိုက်သည်_

"တော်ဝင်ပညာရှင်လီ.. နွယ်ပင်တွေတူးယူလာခဲ့ရမလား?''

ချင်းလင်အပန်းဖြေစံအိမ်_

တော်ဝင်ပညာရှင်လီက ခေါင်းဆောင်ထန်ဆီမှစာရသည်နှင့် ဗီဒီယိုဖွင့်ပြီးတောင်ကြားမြင်ကွင်းကိုကြည့်လိုက်သည်။ သူ့အထင်မှန်နေပြီ။

ဒီနွယ်ပင်တွေက တောင်ကြားထဲရှိတာကြာပြီ။ အခုမှသူတို့တွေ့ခြင်းသာ။ နောက်ပြီး နွယ်ပင်တွေကအလင်းထွက်သည့်အပြင် ဒီလိုချမ်းချမ်းအေးအေးရာသီမှာတောက်ပနိုင်သည်။ သေချာပေါက် သုတေသနတန်ဖိုးရှိရမည်။

အခုသူဌေးချင်လက်ထဲရောက်ပြီဆိုတော့ နွယ်ပင်တွေကိုစိုးရိမ်စရာမလိုတော့။

ဒီသုတေသနပိုင်းမှာ သူဌေးချင်နဲ့ပါမောက္ခလီခိုင်ကို ပြည်တွင်းမှာယှဉ်နိုင်သူမရှိပေ။

နောက်ပြီး ဆောင်းတွင်းမှာဖြစ်နိုင်ပုံထောက်ရင် လီခိုင်ရဲ့အပူချိန်နိမ့်သီးနှံနည်းပညာနဲ့ဆင်သည်။ အကယ်ဒမီက သုတေသနအရင်းအမြစ်တွေဖြုန်းတီးစရာမလိုတော့။

သူကတွေးတောပြီး ခေါင်းဆောင်ထန်ကိုနွယ်ပင်ပြန်ယူလာစရာမလိုကြောင်းစာပြန်လိုက်သည်။

ထို့နောက် တော်ဝင်ပညာရှင်လီက ချင်လင်ကိုဖုန်းပေးပြီး_

"သူဌေးချင်.. ကြည့်ပါဦး.. ခေါင်းဆောင်ထန် တောင်ကြားမှာတွေ့ခဲ့တာ... အရမ်းလှတာပဲ''

ချင်လင်လည်းဖုန်းယူပြီးဗီဒီယိုဖွင့်ကြည့်ရာ ခေါင်းဆောင်ထန်တို့ရိုက်ထားသည်ကိုတွေ့သည်။

အမှန်အတိုင်းပြောရရင် တောင်ကြားထဲကမျိုးပြောင်းအာကာသနွယ်မှာ မြက်ခင်းပြင်ကြား၊ သစ်ပင်များကိုရစ်တက်ပြီး အလင်းထုတ်လွှတ်နေပုံက အိုးထဲမှာသူစိုက်ထားသောအပင်ထက် ပိုခမ်းနား၊ပိုလှပပြီး ပိုအံ့ဩစရာကောင်းသည်။

လီခိုင်ကဖုန်းယူပြီးစပ်စုကြည့်သည်။ ချန်ရှန်းဖေနဲ့လီရှင်းလည်း အတူတူပင်။

သူတို့ကဗီဒီယိုကြည့်ပြီး လှပသောမြင်ကွင်းကြောင့် အံ့အားသင့်သွားသည်။

ကျောက်မိုချင်းတို့လည်းရောက်လာပြီး ခေါင်းဆောင်ထန်ရိုက်ထားသောဗီဒီယိုကိုကြည့်ကြသည်။

လှလွန်းသောမြင်ကွင်းကြောင့် သူတို့လည်းမှင်သက်သွား၏။ နောက်ပြီး အမျိုးသမီးများက ပိုစိတ်လှုပ်ရှားလွယ်၊စိတ်ဝင်စားလွယ်သည်။

"မိုချင်း အစ်မရှိုးဝမ်''

လင်းလျိုကပြောသည်_

"ဒီမြင်ကွင်းက အရင်ကကြည့်ဖူးတဲ့ရုပ်ရှင်ဇာတ်ဝင်ခန်းနဲ့မတူဘူးလား?''

"အဗာတာကားထဲက ပန်ဒိုရာညရှုခင်းလား?''

ကျောက်မိုချင်းက သတိပေးသည်။

အဗာတာညရှုခင်းမှာ အလှဆုံးသိပ္ပံဇာတ်ကွက်အဖြစ်သိထားကြပြီး ပန်ဒိုရာညရှုခင်းကိုတခြားရုပ်ရှင်များမယှဉ်နိုင်ပေ။

ထန်ရှိုးဝမ်လည်း ထိုဇာတ်ကားကြည့်ဖူးသောကြောင့်_

"ဒါပေမဲ့ ကျွန်မအမြင်တော့ ဒီနွယ်ပင်တွေကထွက်တဲ့အလင်းကပိုလှသလိုပဲ''

ချင်လင်လည်း သူတို့စကားနားထောင်ရင်း အဗာတာကားကိုသတိရသွားသည်။

ဒီနွယ်ပင်တွေရဲ့အလင်းက အဗာတာညရှုခင်းထက်ပိုလှမှာပေါ့။ ဘာပဲဖြစ်ဖြစ် စနစ်အရည်အသွေးပါတာပဲ။

"ယောက်ျား... ဒီနွယ်ပင်တွေကိုပျိုးထောင်လို့ရလား?''

ကျောက်မိုချင်းက ရုတ်တရက်ချင်လင်ကိုမေးသည်_

"တောင်ပေါ်ကဖွံ့ဖြိုးပြီမလား? တောင်ထိပ်မှာပန်းအိမ်နဲ့ကေဘယ်ကားကလွဲရင် တခြားကတောင်တက်ပရောဂျက်တွေပဲရှိတယ်... တောင်ပေါ်လှုပ်ရှားမှုနည်းပြီး ရှုခင်းက မွေးမြူရေးခြံထက်အများကြီးညံ့သေးတယ်''

"ဒါတွေပျိုးထောင်နိုင်ရင် ဒီနွယ်ပင်တွေကိုတောင်ပေါ်မှာစိုက်လို့ရပြီမလား? အများကြီးစိုက်နိုင်ရင် တစ်တောင်လုံးက တကယ့်ပန်ဒိုရာဂြိုဟ်ဖြစ်လာမှာ''

"ရှုခင်းလှလှတွေက လူတွေကိုသေချာပေါက်ဆွဲဆောင်မှာ... ရုပ်ရှင် TV တွေတောင် တို့တောင်ပေါ်လာရိုက်ချင်ရိုက်နိုင်တယ်''

ကျောက်မိုချင်းမှာ ချင်းလင်စံအိမ်နှင့်ချင်းလင်အပန်းဖြေစံအိမ်ကိုတာဝန်ခံလုပ်ခဲ့သောကြောင့် နွယ်ပင်တွေအသုံးဝင်ပုံကိုတန်းမြင်သည်။

တစ်ခုခုအကြောင်းသိသည်နှင့် အသုံးချနိုင်သည်။

"မိုချင်း.. ကိုယ်တို့အတွေးတူတယ်... ပြီးတော့ ဒီနွယ်ပင်တွေတောက်ပတဲ့အချိန်ကျရင် သူတို့ပင်စည်ကကျောက်စိမ်းနဲ့တူပြီး သိသိသာသာလင်းတယ်... အပင်စိုက်ပြီးရင် ပိုလှအောင်ပုံဖော်ဖို့လူငှားလို့ရတယ်... ပြီးတော့ ရုပ်ရှင် TV တွေထဲပါတာ ကောင်းသားပဲ''

ချင်လင်ကပြုံးပြုံးနှင့်ပြန်ဖြေသည်။ ကျောက်မိုချင်းတုံ့ပြန်ပုံကို သူနည်းနည်းလေးစားမိသည်။

သူမျိုးပြောင်းအာကာသနွယ်ထုတ်လာတာ ဒါကြောင့်ပဲမလား?

နောက်ပြီး ရုပ်ရှင် TV တွေလာရိုက်မည်ဟု သူမတွေးမိ။

All Chapters