ရန်ကျောက်ကဲရဲ့လက်နက်
Vol. 25 Ch. 349
အခန်း (၃၄၉) ရန်ကျောက်ကဲရဲ့လက်နက်
အမတဝိညာဉ် ကနဦးအဆင့် သိုင်းဆရာသခင် ‘ကျန်းရှော်’ က ‘မဟူရာနတ်ဓား’ ကဲ့သို့ အထွတ်ထိပ်သိုင်းပညာရပ်အား အလယ်ဆင့်မှော်ဝင်ဓားတစ်လက်ဖြင့် ပေါင်းစပ်ကာ စွမ်းအားအပြည့် ကြောက်မက်ဖွယ်ရာ တိုက်ကွက်ကို ထုတ်လွှတ်ခဲ့သည်။
သို့သော် ရန်ကျောက်ကဲက အထွတ်ထိပ်သိုင်းသမားများပင် စိတ်မကူးသောလုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့၏။ သူက ကျန်းရှော်၏ဓားချက်ကို ရှောင်တိမ်းခြင်းမရှိသလို တားဆီးခုခံခြင်းလည်း မပြုလုပ်ပေ။
ကြံ့မိစ္ဆာလက်သီးသိုင်းဝိညာဉ် ၊ မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာနှင့် ရွှေခန္ဓာသိုင်းပညာများကို တစ်ပြိုင်တည်းထုတ်ဖော်ပြီး ခံစစ်သုံးခုဖြင့် တောင့်ခံခဲ့သည်။ သို့သော် ပြင်းထန်သောဓားချက်က ရန်ကျောက်ကဲကို ကြောက်မက်ဖွယ်ရာ ခြိမ်းခြောက်နေဆဲပင်။
မြင့်မားတောင်တန်းမှော်ဝင်သံချပ်ကာက အရင်ဆုံး ကျိုးပဲ့ပျက်ဆီးသွားသည်။
တောက်ပနေသော ရွှေခန္ဓာအလင်းတန်းများသည်လည်း မှေးမှိန်သွားပြီး ရွှေခန္ဓာအစွန်းတစ်ဖက်က ပြိုကျသွားသည်။
ကြံ့မိစ္ဆာလက်သီးသိုင်းဝိညာဉ်က အမြင့်ဆုံးအဆင့်လှည့်ပတ်သွားပြီး ရန်ကျောက်ကဲ၏ အသွေး ၊ အသားနှင့် အရေပြားများက ကမ္ဘာဦးကာလကတည်ရှိခဲ့သော “ဧရာမကြံ့ဆိုးကြီး” ပမာ ခိုင်ခန့်မာကြောလာသည်။
သို့သော် ကျန်းရှော်၏ စွမ်းအားပြင်းထန်သည့် ဓားချက်ဖြင့် ရင်ဆိုင်ရသည့်အခါ ကြံ့မိစ္ဆာလက်သီးသိုင်းဝိညာဉ်မှာလည်း ကျိုးပျက်သွားရသည်ပင်။
မဟူရာဓားချက်က ရန်ကျောက်ကဲ၏ ခံစစ်အလွှာသုံးခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ရန်ကျောက်ကဲက အရေးမစိုက်ပေ။
သူက ဘယ်ဘက်လက်တွင် ကိုင်ဆောင်ထားသော အနက်ရောင်အမွှေးတိုင်အိုးလေးဖြင့် အဝေးမှဝင်ရောက်လာသော မိုးကြိုးထစ်ချုန်းမြားခကျ်ကို ပိတ်ဆို့ထားဆဲဖြစ်ပြီး ညာဘက်လက်ကတော့ ကျောက်စိမ်းနဂါးဓားကို အစိမ်းရောင်ဓားဝိညာဉ်အဖြစ်ပြောင်းလဲကာ အဝေးတစ်နေရာမှ လင်ကျိုးထံသို့ ပစ်လွှတ်လိုက်သည်။
ဓားအလင်းကသက်တံ့ကွေးပမာရွေ့လျားသွားပြီး မရေမတွက်နိုင်သောလျှပ်စီးကြောင်းများ ဖုံးလွှမ်းနေသည်။ ဓားသွားမှ မိုးခြိမ်းသံများထွက်ပေါ်လျှက် ကောင်းကင်ယံကိုထိုးဖောက်ကာ လင်ကျိုးထံသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာသည်။
လင်ကျိုးမှာ အဆင့်မြင့်မှော်ဝင်လက်နက်ဖြစ်သော ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ကို အဆက်မပြတ်အသုံးပြုနေလေရာ အားအင်ကုန်ခမ်းနေပြီ ဖြစ်သည်။ သို့သော သူက ရှိသမျှလက်ကျန်အင်အားဖြင့် လေးညှို့ကို စတုတ္ထအကြိမ် တင်လိုက်ပြန်သည်။
သို့သော် အစိမ်းရောင်ဓားအလင်းတန်းက သူ့ရှေ့သို့ရောက်လာသည့်အခါ မိုးကြိုးထစ်ချုန်းမြားကို ပစ်လွှတ်နိုင်ခြင်း မရှိတော့ပေ။
လင်ကျိုးက စွမ်းအားများကုန်ခမ်းလုနီးပါး ဖြစ်နေသည့်တိုင် အဆင့်မြင်မှော်ဝင်လေးညှို့ကို အတင်းအကျပ် အသုံးပြုနေဆဲဖြစ်လေရာ သူ၏စွမ်းအားများအားလုံးက ကောင်းကင်တုန်လှုပ်လေးညှို့အတွင်း အပြည့်အဝထည့်သွင်းထားပြီ အာရုံစူးစိုက်ထားသည်။
ထိုအချိန်တွင် ရန်ကျောက်ကဲ ပစ်လွှတ်လိုက်သည့် ကျောက်စိမ်းနဂါးဓားဖြင့် ရင်ဆိုင်ရသည့်အခါ ရုပ်တုတစ်ခုပမာတောင့်တင်းနေသည့်ခန္ဓာကိုယ်က လှုပ်ရှားမရသဖြင့် အလွယ်တကူ ရှောင်တိမ်းနိုင်ခြင်း မရှိတော့ပေ။
သူက ကောင်းကင်တုန်လှုပ်လေးညှို့ကို ဝှေ့ယမ်းရင်း ကျောက်စိမ်းနဂါးတစ်ကောင်ပမာ ဝင်ရောက်လာသော ဓားအလင်းတန်းကို ပိတ်ဆို့ရန်သာတတ်နိုင်သည်။ လင်ကျိုး အံတင်းတင်းကြိတ်ပြီး လေးညှို့ကို ဝှေ့ယမ်းလိုက်၏။
ကျောက်စိမ်းနဂါးဓားနှင့် ကောင်းကင်တုန်လှုပ်လေးညှို့ ရိုက်ခတ်မိသည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ပေါက်ကွဲသံများထွက်ပေါ်လာပြီး ခရမ်းရောင်နှင့် အစိမ်းရောင်အလင်းတန်းများ ရောထွေးလျှက် တောက်ပလာသည်။
လင်ကျိုး၏ ကောင်းကင်တုန်လှုပ်လေးညှို့မှ တုန်လှုပ်ဖွယ်ရာ စွမ်းအားတစ်ခု ပေါက်ကွဲထွက်သွားပြီး ရန်ကျောက်ကဲ၏ ကျောက်စိမ်းနဂါးဓားကို ပိတ်ဆို့ထားလိုက်သည်။ အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခုဖြစ်သောကြေင့် အဆင့်နိမ့်မှော်ဝင်လက်နက်ဖြစ်သော ကျောက်စိမ်းနဂါးဓားကို ပိတ်ဆို့ထားနိုင်သည်မှာ မဆန်းပေ။
သို့သော် လင်ကျိုးခန္ဓာကိုယ်က အနောက်သို့လွင့်ထွက်သွားပြီး သူ့လက်ထဲမှ ခရမ်းရောင်လေးညှို့သည်လည်း အဝေးတစ်နေရာသို့ လွင့်ထွက်သွားသည်။
ခရမ်းရောင်လျှပ်စီးများတဖျတ်ဖျတ်တောက်ပနေသော မှော်ဝင်လေးညှို့သည် နှင်းလွင်ပြင်ထက်ပြုတ်ကျသွားပြီး ကြီးမားသည့်လျှပ်စီးမြွေကြီးများဖြင့် ရိုက်ခတ်မိသည့်အတွက် နှင်းလွင်ပြင်ထက်တွင် နက်ရှိုင်းသည့် အပေါက်ကြီးများ ဖြစ်ပေါ်သွားသည်။
“အား...”
လင်ကျိုးထံမှ နာကျင်မှုနှင့် အမျက်ဒေါသရောယှက်နေသော အော်ဟစ်သံကြီးက မြောက်ဖျားနှင်းလွင်ပြင်များတစ်ခွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။ သူ့ကိုကြည့်ရသည်မှာ ဒဏ်ရာရထားသည့် အထီးကျန်ဝံပုလွေတစ်ကောင်အလား ဖြစ်သည်။
လင်ကျိုးမြေပြင်ထက်လဲကျနေပြီး သူ့မျက်လုံးတစ်ဖက်ကို လက်တစ်ဖက်ဖြင့် ဖုံးအုပ်ထားသည်။
မျက်လုံးကို ဖုံးအုပ်ထားသောလက်ချောင်းများကြားမှ သွေးများအဆက်မပြတ်စီးကျနေသည်ကို တွေ့ရသည်။
ကောင်းကင်တုန်လှုပ်လေးညှို့က ကျောက်စိမ်းနဂါးဓားကို ရိုက်ထုတ်နိုင်ခဲ့ပြီး လင်ကျိုး အသက်မသေအောင် ကယ်တင်ပေးခဲ့သည်။ သို့သော် သူ၏မျက်လုံးတစ်ဖက်ကတော့ ဓားဝိညာဉ်အဖျားခတ်ပြီးထိုးဖောက်ခံလိုက်ရသဖြင့် ကန်းသွားခဲ့လေပြီ။
လင်ကျိုးက အေးစိမ့်သည့်လေကို တစ်ချက်ရှူရှိုက်ရင်း မတ်တတ်ရပ်ရန် ကြိုးစားလိုက်သည်။ အကောင်းပကတိကျန်ရှိနေသော သူ၏မျက်လုံးတစ်ဖက်က အပြင်သို့ကျွတ်ထွက်လုမတတ် ပြူးကျယ်လျှက် သွေးရောင်လွှမ်းလျှက် ရှိသည်။
သူက ရန်ကျောက်ကဲနှင့် ကျန်းရှော်၏တိုက်ပွဲကို လှမ်းကြည့်လိုက်သည်။
ကျန်းရှော်၏ဓားအလင်းတန်းက ရန်ကျောက်ကဲ၏ခံစစ်သုံးလွှာကို ဖြတ်ကျော်လာပြီး ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်လုပေပြီ။
သို့သော် သူတို့နှစ်ယောက် မပျော်ရွှင်နိုင်ခင်မှာပင် ရန်ကျောက်ကဲခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ ရုတ်တရက် တောက်ပလာသည်။
ရိုးရှင်းသော်လည်း လေးနက်သည့်ဝိညာဉ်သင်္ကေတစ်ခုက ရန်ကျောက်ကဲရင်ဘတ်ထက်တွင် ပေါ်လာပြီး ကျန်းရှော်၏ဓားချက်ကို တားဆီးထားသည်။
ရန်ကျောက်ကဲနှုတ်ခမ်းများက အသံထွက်ရခက်ခဲသော ရှေးဟောင်းဂါထာတစ်ပုဒ်ကို ရွတ်ဆိုလျှက်ရှိ၏။
ရွှေရောင်အလင်းတန်းများ ပိုမိုတောက်ပလာပြီး ရွှေရောင်အလွှာတစ်ခုက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားလေရာ သူ့ပုံစံက ရွှေရောင်ရုပ်တုတစ်ခုအလား ထင်မှတ်ရသည်။
ရန်ကျောက်ကကဲက ရှေးဟောင်းဂါထာကို အဆက်မပြတ်ရွတ်ဆိုနေလေရာ ရွှေရောင်အလင်းတန်းများက သူ့ခန္ဓာကိုယ်တွင် သိပ်သည်းသည်ထက် သိပ်သည်းလာပြီး သူ့ရင်ဘတ်ထက်မှ ဝိညာဉ်သင်္ကေတက ကြည်လင်သည်ထက်ကြည်လင်လာပြီး နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသည်။
ရွှေရောင်အလင်းတန်းများက ခံစစ်စတုတ္ထအလွှာအဖြစ် ရန်ကျောက်ကဲကို ကာကွယ်ပေးထားပြီး ကျန်းရှော်၏ဓားချက်ကို လွဲချော်သွားစေသည်။
ထိုသို့သောမြင်ကွင်းမျိုးကို လင်ကျိုး တစ်ခါတွေ့မြင်ဖူးသည်။ လွတ်လပ်သမားတော်’ဟယ်’ ၏ လျှို့ဝှက်နယ်မြေဖြစ်သော သီးခြားကမ္ဘာငယ်ထဲတွင် ရန်ကျောက်ကဲ အသုံးပြုခဲ့ဖူးသည့် “ရွှေသင်္ကေတခန္ဓာ” ပင် ဖြစ်သည်။
အမတဝိညာဉ်အဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်သော ‘ကျန်းရှော်’ ၏ အလယ်ဆင့်မှော်ဝင်ဓားသည် ရန်ကျောက်ကဲ၏ “ရွှေသင်္ကေတခန္ဓာ” ကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ လွဲချော်သွားသည်။ တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်ထက်မှ ရွှေရောင်အလွှာမှာလည်း လျှင်မြန်စွာစွမ်းအားကုန်ဆုံးသွားပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ကျန်းရှော်မှာ စွမ်းအားများအဆက်မပြတ်ဆုတ်ယုတ်သွားသည်ကို ခံစားရပြီး သူ၏သိုင်းစွမ်းကို ဆက်လက်ထိန်းထားရန် အလွန်ပင် ခက်ခဲသွားသည်။
ရန်ကျောက်ကဲအသက်ကိုနှုတ်ယူရန် လက်တစ်ကမ်းအလိုရောက်မှ ကျရှုံးသွားရသဖြင့် ကျန်းရှော် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက လက်ထဲမှ မဟူရာဓားဖြင့် ရန်ကျောက်ကဲကို ထပ်မံထိုးခုတ်ပစ်လိုက်ချင်သည်။
ရန်ကျောက်ကဲ၏မျက်နှာကတော့ ခံစားချက်ကင်းမဲ့လျှက်ပင်။
ကျောက်စိမ်းနဂါးဓားကို လင်ကျိုးထံ ပစ်လွှတ်လိုက်ပြီးနောက် သူ့တွင် လက်နက်မရှိတော့ပေ။ သို့သော် သူ၏ညာဘက်လက်ထဲတွင် အခြားသောအရာဝတ္ထုတစ်ခု ရုတ်တရက်ပေါလာသည်။
အစိမ်းရင့်ရောင် ဝါးကိုင်းတစ်ကိုင်း။
ဝါးကိုင်းက သိပ်မရှည်သော်လည်း အခက်အလက်သံးခုခွဲထားသည်။
ရန်ကျောက်ကဲက ကျန်းရှော်၏ မဟူရာဓားကို ဝါးကိုင်းဖြင့် ရိုက်ချလိုက်သည်။
ဝါးကိုင်းက သာမန်လူတစ်ယောက်လက်ဖြင့်ချိုးလျှင်ပင် ကျိုးသွားနိုင်သည်ထင်ရသော်လည်း ဝါးကိုင်းဖြင့်အရိုက်ခံလိုက်ရသည့် ကျန်းရှော်၏ဓားတွင် အက်ကွဲကြောင်းတစ်ခု ထင်ဟပ်သွားသည်။
ဒါကိုမြင်တော့ ကျန်းရှော် အတော်လေး အံ့သြတုန်လှုပ်သွား၏။
ဝါးကိုင်းလေးဖြင့် တစ်ချက်အရိုက်ခံရသည်နှင့် အလယ်ဆင့်မှော်ဝင်ဓားတစ်လက်က အက်ကွဲသွားရသည်လား။
သို့ပေသ ဝါးကိုင်းမှ ထွက်ပေါ်နေသည့် ဝိညာဉ်စွမ်းအားနှင့် စွမ်းအားအတက်အကျများကို သူ ရှင်းရှင်းလင်းလင်း နားလည်နိုင်စွမ်း မရှိပေ။
ရန်ကျောက်ကဲက အဆင့်တူများထဲတွင် ပြိုင်ဘက်ကင်းဖြစ်သည်။ သူ့တွင် ကျောက်စိမ်းနဂါးဓားကဲ့သို့ အဆင့်နိမ့်မှော်ဝင်လက်နက်တစ်ခုရှိနေသည်မှာ သဘာဝကျသော်လည်း ဤသို့သောထူးဆန်းသည့် ဝါးကိုင်းမျိုးကို မည်သို့ ရရှိထားပါသနည်း။
ကျန်းရှော်မှ မျက်လုံးများ ပြူးကျယ်လျှက် စကားမပြောနိုင်ဖြစ်နေသည်။
“မဖြစ်သင့်ဘူး” ဆိုသောအတွေးဖြင့် ခဏမျှ မှင်တက်သွားသည်။
ရန်ကျောက်ကဲရှေ့တွင် ထိုသို့မှင်တက်သွားခြင်းက သေလမ်းကိုတောင်းဆိုခြင်းဖြစ်သော်လည်း ကျန်းရှော် သူ့ကိုယ်သူမထိန်းနိုင်ဘဲ ဖြစ်ရသည်။
သူ့စိတ်ထဲတွင် ဒေါသနှင့်နာကျည်းမှုများပင် မရှိတော့ဘဲ နားမလည်နိုင်ခြင်းက လွှမ်းမိုးလျှက်ရှိသည်။ ဤသို့ ရယ်စရာကောင်းသည့်ဖြစ်ရပ်က အမှန်တကယ်မဟုတ်ဘူးဟုလည်း ခံစားနေရ၏။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ရယ်စရာအရမ်းကောင်းတယ်။
ဘယ်လိုနားလည်ရမှာလဲ။
ကျန်းရှော် သူ၏ စိတ်ခံစားချက်များကို အတင်းအကျပ် မောင်းထုတ်ပစ်လိုက်သည်။
သတိပြန်ဝင်လာချိန်တွင် ရန်ကျောက်ကဲက သူ့ မျက်စိရှေ့ ရောက်နေပေပြီ။ ခံစစ်မှ တိုက်စစ်သို့ပြောင်းလဲသွားပြီး အစိမ်းရင့်ရောင်ဝါကိုင်းက သူ့ထံသို့ ဝင်ရောက်လာသည်။
ဝါးကိုင်းကိုကာကွယ်ရန် မဟူရာဓားကို အချိန်မီပြန်လည်မရုတ်သိမ်းနိုင်သဖြင့် ကျန်းရှော်က ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို ရင်ဆိုင်ရန် အဆင့်နိမ့်မှော်ဝင်ပစ္စည်းတစ်ခုကို အသုံးပြုလိုက်သည်။
သူ၏ခါးပတ်မှ သွေးနီရောင်အလင်းတန်းများတောက်ပလာပြီး တောက်ပနေသောသံကြိုးများထွက်ပေါ်လာကာ ဝါးကိုင်းကို ကာကွယ်ထားလိုက်သည်။
သို့သော် ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းက ထိုသွေးနီရောင်သံကြိုးများကို ဆွဲယူသွားပြီး အဆင့်နိမ့်မှော်ဝင်ပစ္စည်းမှ ကျိုးပဲ့သည့်အသံများထွက်ပေါ်လာပြီး အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားသည်။
ကျန်းရှော် ဆွံ့အသွားသည်။
“အဲဒါက ဘာပစ္စည်းလဲဟ...”
ထိုမြင်ကွင်းကိုတွေ့တော့ လင်ကျိုးလည်း ဆွံ့အသွားသည်။ ထို့နောက် စိတ်နာကျင်စွာြဖင့် အကောင်းအတိုင်းကျန်ရှိနေသည့် မျက်လုံးတစ်ဖက်ကို မှိတ်ပစ်လိုက်၏။
လင်ကျိုးမှာ မျက်လုံးတစ်ဖက်ကန်းသွားရုံသာမက ခန္ဓာကိုယ်ကလည်း အလွန်အားနည်းလျှက်ရှိသည်။ အားတင်းပြီးမတ်တတ်ရပနေသည့်တိုင် သူ့တစ်ကိုယ်လုံး အရိုးမျးထိတိုင် နာကျင်လျှက်ရှိသည်။
ကောင်းကင်တုန်လှုပ်လေးညှို့ကို စတုတ္ထအကြိမ်အသုံးပြုပြီးနောက် ရန်ကျောက်ကဲလက်ချက်ဖြင့် ဒဏ်ရာရသွားခဲ့သည်။ အဆင့်မြင့်မှော်ဝင်ပစ္စည်းဖြစ်သောလေးညှို့ကို အကြိမ်များစွာအသုံးပြုခဲ့သဖြင့် အစကပင်ပင်ပန်းနွမ်းနယ်နေသော သူ့ခန္ဓာကိုယ်သည် ဒဏ်ရာအပြင်းအထန်ရရှိသွားသည့်အခါ အလွန်အမင်း အားအင်ကုန်ခမ်းသွားရသည်။
အဝေးသို့လွင့်ထွက်သွားသည့် “ကောင်းကင်တုန်လှုပ်လေးညှို့” ကိုပင် ပြန်မယူနိုင်တော့ဘဲ နာကျင်မှုများကိုအောင့်ခံရင်း မြန်နိုင်သမျှမြန်မြန် ထွက်ပြေးသွားတော့သည်။
ကောင်းကင်တုန်လှုပ်လေးညှို့က သူ့အဖေ လင်ထျန်းဖုန်း အမြဲတမ်းကိုင်ဆောင်သည့် လက်နက်ဖြစ်သည်။ လင်ထျန်းဖုန်း ကွယ်လွန်သွားပြီးနောက် လင်ကျိုးအတွက် ဤလေးညှို့၏ အရေးပါမှုက အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခုဆိုခြင်းထက် ပိုမိုသည်။
သို့သော် ယခုတော့ ထိုရတနာပစ္စည်းကို စွန့်လွှတ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
ယခုအချိန်မပြေးပါက ဤနေရာမှ ဘယ်တော့မှ ထွက်ပြေးနိုင်မည် မဟုတ်တော့ပေ။
ထိုအချိန် ရန်ကျောက်ကဲက ကျန်းရှော်၏ အဆင့်နိမ့်မှော်ဝင်ပစ္စည်းကို အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ဆွဲယူလိုက်ပြီး ထိုဝါးကိုင်းဖြင့်ပင် ကျန်းရှော်၏နဖူးကို ရိုက်ချလိုက်သည်။
အမတဝိညာဉ်အဆင့်သိုင်းဆရာသခင်မှာ ဝါးကိုင်းဖြင့် အရိုက်ခံရပြီး ကြယ်များ ၊ လများလှည့်ပတ်သွားသည်ကိုပင် မြင်လိုက်ရသည်။
သူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရကို အချိန်မီမစုစည်းနိုင်ခင်မှာပင် သူ့ခေါင်းတစ်ခုလုံး အရိုက်ခံရသဖြင့် ကြေမွလုနီးပါး ဖြစ်နေပေပြီ။
ရန်ကျောက်ကဲ ပြင်းထန်သောတိုက်ပွဲများဆင်နွှဲနေချိန် အားဟူကတော့ စွမ်းအားအပြည့်ဖြင့် တည်တည်ငြိမ်ငြိမ် ရှိနေသည်။ သို့သော် သူ့အောက်ဘက်မှ အချိန်ချိတ်ဆက်စမ်းချောင်းလေးကတော့ ရေများပွက်ပွက်ဆူလျှက် ရှိသည်။
ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ဝါးကိုင်းကိုကိုင်မြှောက်ကာ ကျန်းရှော်ကို နောက်တစ်ချက် ရိုက်ချလိုက်ပြန်လေ၏။