ချင်းလင်အပန်းဖြေစံအိမ်ကိုဘယ်သူမှမငြင်းနိုင်! ၂
Vol. 73 Ch. 1092
ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်နှင့်ချင်းလင်မွေးမြူရေးခြံပရောဂျက်များနောက်ကွယ်မှာ အမြဲချင်လင်သာရှိခဲ့သည်။ သူမဝင်လုပ်သလိုမခံစားရ။
အခု နတ်သမီးပုံပြင်တောင်ကိုအရမ်းမျှော်လင့်ထားသည်။ သူမအများကြီးအားစိုက်ထုတ်ထား၏။
လင်းလန်ဇီလည်း အတူတူပင်။ အရင်က မီဒီယာဌာနမန်နေဂျာသာဖြစ်ပြီး ကြော်ငြာဖို့အတွက်သာ သူဌေးနှင့်ပူးပေါင်းရသည်။ စံအိမ်နှင့်မွေးမြူရေးခြံက သူမမျက်စိအောက်တွင်ဖွံ့ဖြိုးလာသော်လည်း ပရောဂျက်တစ်ခုပုံဖော်ရာတွင်ကိုယ်တိုင်ဝင်ပါရသည့်ခံစားချက်ကိုမယှဉ်နိုင်ပေ။
ထို့ကြောင့် သူတို့နှစ်ဦးက လောလောဆယ်ဒီပရောဂျက်ကို အရေးအကြီးဆုံးပရောဂျက်အဖြစ်သဘောထားကြသည်။
လင်းလန်ဇီက ကျောက်မိုချင်းနှင့်ပြောသမျှကို ဖုန်းနှင့်တောင်အသံသွင်းထားသည်။
ဆွေးနွေးပြီးနောက် လင်းလန်ဇီနှင့်ကျောက်မိုချင်းက ရုံးခန်းထဲမှအတူတူထွက်လာပြီး အပန်းဖြေစံအိမ်မြောက်ဘက်ထောင့်ကိုသွားကြသည်။
မြောက်ဘက်မှာ နဂိုကချဲ့ထွင်ရေးအတွက်ချန်ထားသောနေရာဖြစ်သည်။ အခု ပန်းအိမ် ၁၁ အိမ်စိုက်ထားသည်။
နောက်ပြီး ဒီအတောအတွင်း ပန်းအိမ်များကြီးလာသည်။
လင်းဟန်(အခန်း ၄၇၇)က ပန်းအိမ်တစ်အိမ်ကိုအလှဆင်ရန် စံအိမ်အင်ဂျင်နီယာအဖွဲ့ကိုညွှန်ကြားထားသည်။
ပန်းအိမ်အတွင်းပိုင်းအလှဆင်ရေးကို အရင်ကလိုင်းပေါ်တင်ထားသောပန်းအိမ်ဒီဇိုင်းအပေါ်အခြေခံထားသည်။
သူမလည်း အင်တိုက်အားတိုက်လုပ်သည်။
ကျောက်မိုချင်းက သူမစတူဒီယိုဖွင့်ရန်ရင်းနှီးမြှုပ်နှံပေးထားပြီး အရင်တစ်ခါနာမည်ကြီးစဉ်က ပရိသတ်အတော်အတန်ရခဲ့သောကြောင့် သူမအတွက်ခြေလှမ်းအသစ်ဖြစ်လာသည်။
နောက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ပန်းအိမ်က သူမစတူဒီယို၏ပထမဆုံးပရောဂျက်ဖြစ်သောကြောင့် သေချာလုပ်ရမည်။
ဒီပန်းအိမ်ထဲမှာ လှလှပပအလှဆင်ထားသည်ကိုတွေ့နိုင်သည်။ အိပ်ရာ၊ဆိုဖာ၊အပင်စိမ်းစိမ်းများ အားလုံးကိုသေသေသပ်သပ်ပြင်ထားသည်။
လင်းလန်ဇီနှင့်ကျောက်မိုချင်းရောက်လာသောအခါ သူမကချက်ချင်းထွက်လာပြီးနှုတ်ဆက်သည်_
"ဥက္ကဌကျောက် ဥက္ကဌလင်း.. ဒီအလှဆင်ထားတဲ့ပန်းအိမ်ကိုဝင်ကြည့်ပါဦး''
လင်းလန်ဇီနှင့်ကျောက်မိုချင်းက လင်းဟန်နောက်လိုက်ပြီး ပန်းအိမ်ထဲရောက်လာသည်။
အထဲအပြင်အဆင်က ဒီဇိုင်းဆွဲထားသလိုတကယ်လှသည်။ အဲဒါထက် အပြင်မှာရုပ်လုံးပိုကြွသောကြောင့် ဗီဒီယိုထဲမှ 3D ဒီဇိုင်းထက်ပိုလှနေသည်။
"အပြင်အဆင်က အရမ်းလှတာပဲ''
ပန်းအိမ်အပြင်အဆင်ကို ကျောက်မိုချင်းကသဘောကျပြီးချီးကျူးသည်_
"မစ္စလင်း... ရှင်ကတကယ်အရည်အချင်းရှိတဲ့ဒီဇိုင်နာပဲ''
သူမကပြောရင်း လင်းလန်ဇီကိုခေါင်းညိမ့်ပြသည်။
"ဥက္ကဌကျောက် မြှောက်နေပြန်ပါပြီ''
လင်းဟန်ကနှိမ့်နှိမ့်ချချပြန်ဖြေသည်_
"ဒါပေမဲ့ ဒီဒီဇိုင်းပြင်ဆင်ပြီးပြီဆိုတော့ နောက်ဒီဇိုင်းဆယ်ခုကိုစောင့်ဖို့ပဲလိုတော့တယ်''
ကျောက်မိုချင်းက ပန်းအိမ်နှင့်လင်းဟန်ဒီဇိုင်းကိုသဘောကျသောကြောင့် ချင်လင်က ပန်းအိမ်ဒီဇိုင်းပြိုင်ပွဲလုပ်ခဲ့သည်။
ပရိသတ်များက ၅ ခု၊ ချင်းလင်စံအိမ်က ၅ ခု၊ စုစုပေါင်း ၁၀ ခုရွေးရမည်။
အဲဒီဒီဇိုင်းတွေကို အပန်းဖြေစံအိမ်ပန်းအိမ်မှာအသုံးချမည်။
ပရောဂျက်ကိုမူ လင်းဟန်ဆီလွှဲပေးထားသည်။
လင်းလန်ဇီက_
"မပူပါနဲ့ မစ္စလင်း... ရလဒ်တွေထွက်နေပါပြီ... ပြီးရင် ပို့ခိုင်းလိုက်မယ်... ဒါပေမဲ့ ရှင်နဲ့ပူးပေါင်းပြီးဆွေးနွေးစရာရှိသေးတယ်''
နောက်တွင် လင်းလန်ဇီက လင်းဟန်အား တောင်ပေါ်ပန်းအိမ်များအကြောင်းပြောပြပြီး_
"အဲဒီအချိန်ကျရင် တောင်ပေါ်ပန်းအိမ်ပရောဂျက်မှာ အလှဆင်မယ့်ဒီဇိုင်းတွေအများကြီးလိုတယ်... ပြီးတော့ အထူးအလှဆင်နွယ်ပင်တစ်မျိုးနဲ့ ထူးထူးခြားခြားပုံစံဖြစ်အောင်လုပ်ဖို့စိတ်ကူးထားတယ်''
"ဒါပေမဲ့ ပန်းအိမ်အတွင်းဒီဇိုင်းတင်မဟုတ်ဘူး... အပြင်ဘက် အလှဆင် အခင်းအကျင်း ဒီဇိုင်း ပုံစံတွေလည်းပါတယ်... မစ္စလင်းလုပ်နိုင်မလားမသိဘူး?''
လင်းဟန်၏ဒီဇိုင်နာအရည်အချင်းနှင့်ပန်းအိမ်ကိုအပြည့်အဝအလှဆင်ထားပုံကြောင့် သူမကိုပူးပေါင်းလုပ်ဖို့အခွင့်အရေးပေးချင်သည်။
လင်းဟန်ကနားထောင်ရင်း မဆိုင်းမတွပြန်ဖြေလိုက်သည်_
"ဥက္ကဌကျောက် ဥက္ကဌလင်း.. ကိစ္စမရှိဘူး... ကျွန်မမှာ ဒီဇိုင်းအကြောင်းနားလည်တဲ့စီနီယာအစ်ကိုအစ်မတွေအများကြီးပဲ... အတော်ဆုံးတွေကိုဝင်ပါပေးဖို့ဖိတ်ခေါ်လို့ရတယ်''
ချင်းလင်စံအိမ်ပရောဂျက်က နောက်နောင်မှာသေချာပေါက်နာမည်ကြီးလာမည်မှန်း သူမကောင်းကောင်းသိသည်။ ကမ္ဘာမှာတစ်ခုတည်းသောရှုမျှော်ခင်းနေရာတောင်ဖြစ်လာနိုင်သည်။
ကမ္ဘာမှာပန်းအိမ်မရှိသောကြောင့်ပင်။
ဒီပရောဂျက်ကိုကောင်းကောင်းလုပ်နိုင်ရင် သူမနာမည်နှင့်စတူဒီယိုလည်းနာမည်တက်လာမည်။ ရှေ့လျှောက် ဒီပန်းအိမ်တွေအကြောင်းပြောရင် သူမနာမည်လင်းဟန်ကိုလည်းထည့်ပြောကြလိမ့်မည်။
ဒါလုံးဝအခွင့်အရေးကြီးပင်။
လင်းဟန်စကားကြောင့် ကျောက်မိုချင်းကပြုံးပြီး_
"ဒါဆိုရင် ဒီကိစ္စ မစ္စလင်းကိုပဲလွှဲလိုက်ပြီ''
လင်းဟန်က အမြန်ကတိပေးသည်_
"ဥက္ကဌကျောက် ဥက္ကဌလင်း စိတ်မပူနဲ့... ကျွန်မ ဒီပရောဂျက်ကိုကောင်းကောင်းလုပ်မှာပါ... စိတ်မပျက်စေရဘူး''
တချိန်တည်းမှာ ဒီပရောဂျက်အဆင်ပြေပါစေ၊ ပြဿနာမရှိပါစေနဲ့ဟုလည်း တိတ်တိတ်လေးဆုတောင်းလိုက်သည်။
ဒါဥက္ကဌကျောက်ရဲ့ဖေးမမှုပင်။
လူ့ဘဝမှာကံကောင်းတတ်သော်လည်း မစမည့်ပုဂ္ဂိုလ်ကတစ်ကြိမ်တစ်ခါသာပေါ်တတ်ကြောင်း သူမသေချာသိသည်။
ဥက္ကဌကျောက်လိုလူမျိုးရဲ့အထောက်အပံ့ရတာ ၉၉.၉၉၉၉၉၉၉၉% သောလူတွေကြုံရခဲသောအရာပင်။
ဘာပဲဖြစ်ဖြစ် ဥက္ကဌကျောက်က နာမည်ကြီးချင်းလင်ကုမ္ပဏီရဲ့သူဌေးကတော်မဟုတ်လား။
ဥပမာ ဥက္ကဌကျောက်က ပန်းအိမ်ပရောဂျက်ကိုလေလံဆွဲချင်သည်ဆိုပါစို့။ ပြည်တွင်းအကြီးဆုံးဒီဇိုင်းကုမ္ပဏီကဝင်ပါလိမ့်မည်။ ဒီပရောဂျက်ကိုရဖို့ လိုအပ်ချက်၊တန်ဖိုးအမျိုးမျိုးတောင်ချပေးနိုင်သည်။
ဒီလိုဆိုရင် သူမပွဲထဲတောင်ဝင်ခွင့်ရမှာမဟုတ်။
ဒီတော့ ဒီပရောဂျက်ကိုအကောင်းဆုံး၊အပြည့်စုံဆုံးဖြစ်အောင်လုပ်ရမည်။ ဥက္ကဌကျောက်ကျေးဇူးပြန်ဆပ်နိုင်ရုံသာမက သူမလည်းနာမည်တစ်လုံးရလာမည်။
ဒီအခွင့်အရေးသာလွတ်သွားရင် သူမဘဝမှာဒီလိုအခွင့်အရေးမျိုးနောက်တစ်ကြိမ်မရနိုင်တော့။
လင်းဟန်နှင့်ခဏစကားပြောပြီးနောက် ကျောက်မိုချင်းကပြန်လာပြီး ကလေးထိန်းသည်။