← Chapters

မျှော်လင့်မထားတဲ့အကျိုးအမြတ်

Vol. 25 Ch. 350

မျှော်လင့်မထားတဲ့အကျိုးအမြတ်

Vol. 25 Ch. 350

အခန်း (၃၅၀) မျှော်လင့်မထားတဲ့အကျိုးအမြတ်

ရန်ကျောက်ကဲလက်ထဲမှ အစိမ်းရင့်ရောင်ဝါးကိုင်းက ခရမ်းရောင်ဖျော့ဖျော့တောက်ပနေပြီး သူက ပေါ့ပေါ့ပါးပါးပင် ကျန်းရှော်ကို ရိုက်ချလိုက်သည်။

တောက်ပနေသောအစိမ်းရောင်အရိပ်က ကျန်းရှော်ကို ကြယ်များ လများ မြင်သွားစေသည်။

ရန်ကျောက်ကဲက အဆင့်မြင့်မှော်ဝင်လက်နက်တစ်ခု အသုံးပြုတိုက်ခိုက်လျှင်ပင် ကျန်းရှော်အနေဖြင့် ဤမျှခက်ခဲသည့်အခြေအနေကို ရင်ဆိုင်ရမည် မဟုတ်ပေ။

ယခုတော့ သူကြည့်လိုက်တိုင်း ခရမ်းရောင်ဖျော့ဖျော့တောက်ပနေသည်မှလွဲပြီး ဘာမှမထူးခြားသည့် အစိမ်းရောင်ဝါးကိုင်းကိုသာ တွေ့မြင်ရသည်။

ထိုဝါးကိုင်းလေးက ကြီးမားပြင်းထန်သောစွမ်းအားကို ထုတ်ဖော်ပြသခြင်းမရှိသည့်တိုင် မဟူရာဓားကို အက်ကွဲသွားစေပြီး အဆင့်နိမ့်မှော်ဝင်ပစ္စည်းကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ သို့တိုင် ဝါးကိုင်းပုံစံက လုံးဝရိုးရှင်းပြီး သာမန်ပုံစံမျှသာ ဖြစ်နေဆဲပင်။ ထိုဝါးကိုင်းထံမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ စွမ်းအားများထွက်ပေါ်နေခြင်း မရှိပေ။

ရန်ကျောက်ကဲသည် ကြုံရာဝါးကိုင်းတစ်ခုဆွဲယူပြီး သူ့ကိုတိုက်ခိုက်နေသည့်အလားထင်မှတ်ရသည်။

ကျန်းရှော်က ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကို မဟူရာဓားဖြင့် ခက်ခက်ခဲခဲ ပိတ်ဆို့လိုက်ရာ ဝါးကိုင်းက မဟူရာဓားကို နောက်တစ်ကြိမ်ရိုက်နှက်မိသွားသည်။

အလယ်ဆင့်မှော်ဝင်လက်နက်ဖြစ်သော ‘မဟူရာဓား’ ပေါ်တွင် နောက်ထပ် အက်ကွဲကြောင်းတစ်ခု ထင်ဟပ်လာသည်။

ရန်ကျောက်ကဲက ထွက်ပြေးသွားသည့် လင်ကျိုးကို အရေးမစိုက်ဘဲ ‘အချိန်ချိတ်ဆက်စမ်းချောင်း’ ဆီသို့ တစ်ချက်ကြည့်လိုက်သည်။ ပွက်ပွက်ဆူနေသည့် စမ်းရေများကို တစ်ချက်အကဲခတ်ပြီးနောက် သူ့ရှေ့မှ ကျန်းရှော်ကို ကြည့်လိုက်သည်။

အစိမ်းရင့်ရောင်ဝါးကိုင်း၏ရိုက်ချက်က နောက်တစ်ကြိမ်ကျရောက်လာပြန်ရာ ကျန်းရှော်က သူ၏ဓားဖြင့် ခံနိုင်ရုံလောက်သာ ထိန်းထားနိုင်သည်။

ကျန်းရှော်လည်း အတော်လေးခံရခက်နေပြီဖြစ်ရာ အရာအားလုံးကို စွန့်လွှတ်ပြီး ထွက်ပြေးချင်စိတ်ပေါက်လာသည်။ သို့သော် ရန်ကျောက်ကဲ၏ဘယ်ဘက်လက်ဖဝါးထက်မှ ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးက သူ့ကို ပိတ်ဆို့ထားသည်။

ရန်ကျောက်ကဲလက်ထဲမှ ဝါးကိုင်းရိုက်ချက်များက လေးနှင့်မိုးများပြင်းထန်နေသော မုန်တိုင်းပမာ အဆက်မပြတ်ကျရောက်လာသည်။

ခဏအကြာတွင် သူ့လက်ထဲမှ မဟူရာဓား ပြင်းပြင်းထန်ထန်လှုပ်ခါသွားကြောင်း ကျန်းရှော် ခံစားလိုက်ရသည်။ အလယ်ဆင့် မှော်ဝင်ဓားမှာ ဝါးကိုင်းရိုက်ချက်ကို မခံနိုင်တော့ဘဲ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသည်ကို တွေ့လိုက်ရ၏။

အလယ်ဆင့်မှော်ဝင်ဓားတစ်လက်သည် ရန်ကျောက်ကဲ၏ ဝါးကိုင်းဖြင့် အရိုက်ခံရပြီး ကွဲထွက်သွားသည်မှာ အံ့သြစရာကောင်းလှသည်။

မြင်ကွင်းကိုကြည့်ရင်း ကျန်းရှော်၏မျက်နှာအမူအရာက ကြက်သေသေသွားသည်။ ထို့နောက်  ကြက်သေသေသွားခြင်းမှ ထိတ်လန့်တုန်လှုပ်ခြင်းအဖြစ် ပြောင်းလဲသွားပြီး ထုံပေပေဖြစ်သွားစေသည်။

သူ့စိတ်ထဲတွင် စိတ်ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။ မဟူရာဓားကို ဆုံးရှုံးလိုက်ရပြီဆိုကတည်းက ရန်ကျောက်ကဲက သူနှင်ပြိုင်ဘက်မဟုတ်တော့ပေ။

ကျန်းရှော်က ချက်ချင်းပင် ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းကို ရှောင်တိမ်းပြီး အောက်ဘက်မှ အချိန်ချိတ်ဆက်စမ်းချောင်အးတွင်းသို့ ခုန်ချထွက်ပြေးတော့၏။

အဘိုးကြီးထွက်ပြေးသည်နှင့် အားဟူက ပိတ်ဆို့တိုက်ခိုက်ရန် အသင့်ပြင်လိုက်သော်လည်း ရန်ကျောက်ကဲက ဝင်မပါရန် မျက်လုံးများဖြင့်အချက်ပြ တားဆီးလိုက်သည်။ အားဟူလည်း စမ်းချောင်းထက်ရှိ လေထုထဲတွင် ငြိမ်သက်စွာပင် ဆက်ပြီးတင်ပျဉ်ခွေထိုင်နေရတော့သည်။

ရန်ကျောက်ကဲက ကျန်းရှော်နောက်သို့ တပ်ကြပ်မကွာလိုက်သွားသည်။ ထို့နာက် ခမ်းနားသောဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ စမ်းရေထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး ကျန်းရှော်၏ခန္ဓာကိုယ်ထဲသို့ ထုတ်ချင်းပေါက် စိုက်ဝင်သွားသည်။

အမတဝိညာဉ်အဆင့်သိုင်းဆရာသခင်တစ်ယောက်သည် အချိန်ချိတ်ဆက်စမ်းချောင်းထဲတွင် ရန်ကျောက်ကဲ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေပြီ။

ကျန်းရှော်သေဆုံးသွားပြီ ဖြစ်သည်။

သူ သေဆုံးသွားသည့်တစ်ခဏတွင် ‘အချိန်ချိတ်ဆက်စမ်းချောင်း’ ထဲတွင် ရန်ကျောက်ကဲ ပြုလုပ်နေသည့် အစီအစဉ်သည်လည်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီး များပြားလှစွာသော ချီစွမ်းအားပမာဏများက အသက်ဓာတ်စွမ်းအားအဖြစ် ပြောင်းလဲသွားသည်။

ထိုအသက်ဓာတ်စွမ်းအားများက ကျန်းရှော်အပေါ်သို့ သက်ရောက်မှုမရှိပေ။ အစီအစဉ်၏လမ်းပြပေးမှုအတိုင်း စမ်းချောင်းထဲမှ ရှီကျွင်းနှင့် ယင်ယွီကျန်းတို့၏ ရုပ်ခန္ဓာများကိုသာ ထောက်ပံ့ပေးသည်။

ကျန်းရှော် မျက်လုံးများ ပြူးထွက်လျှက် သေခြင်းတရားကို လက်မခံနိုင်စွာ သူနှင့်အတူ စမ်းရေထဲတွင်ရှိနေသည့် ရန်ကျောက်ကဲကို စိုက်ကြည့်နေသည်။

ရန်ကျောက်ကဲကတော့ သေနေပြီဖြစ်သောအဘိုးကြီးကို အရေးမစိုက်တော့ပေ။ သူက ရှီကျွင်းနှင့် ယင်ယွီကျန်းတို့ ပြန်လည်ကောင်းမွန်လာစေရန်အတွက် အစီအစဉ်ကို အပြည့်အဝထိန်းချုပ်ရန် အာရုံစိုက်နေသည်။

စွမ်းအားပြင်းထန်သောချီစွမ်းအားများနှင့် အမတဝိညာဉ်အဆင့်သိုင်းဆရာသခင်တစ်ယောက်၏ သွေးစွမ်းအားများပါဝင်သော ကျန်းရှော်၏ လတ်ဆတ်သောသွေးများက စမ်းရေထဲစီးဆင်းဝင်ရောက်သွားသည်။

နဂိုက ပွက်ပွက်ဆူနေသော စမ်းရေသည် ယခုတော့ ဟုန်းဟုန်းထကာ ကောင်းကင်ထက်တိုင်လွင့်ပျံမြင့်တက်လာတော့သည်။

ကျန်းရှော်၏သွေးများရောယှက်သွားသဖြင့် အပြာရောင်ပြန်လည်ပြောင်းလဲနေပြီဖြစ်သော အချိန်ချိန်ဆက်စမ်းချောင်းသည် ချက်ချင်းပင် သွေးနီရောင်အဖြစ် ပြန်လည်ပြောင်းလဲသွား၏။

စီးဆင်းနေသောစမ်းရေမှတစ်ဆင့် ရှီကျွင်းတို့သားအမိ၏ခန္ဓာကိုယ်ထဲသို့ အသက်ဓာတ်စွမ်းအားများ စီးဆင်းဝင်ရောက်သွားသည်။

သားအမိနှစ်ယောက်မှာ သတိလစ်နေဆဲဖြစ်သည့်တိုင် မျက်နှာများက ဖြူဖျော့မနေတော့ဘဲ သွေးရောင်လွှမ်းလာပြီ ဖြစ်၏။

ရှီကျွင်းက မိခင်ဖြစ်သူထက် အခြေအနေပိုကောင်းသည်။ သူ၏ယိုယွင်းနေသောခန္ဓာကိုယ်က လုံးဝပျောက်ကွယ်သွားပြီး အသားအရေများက ကျောက်စိမ်းရတနာပမာ ချောမွေ့ကြည့်လင်လာသည်။

ရှီကျွင်း၏မိခင် ယင်ယွီကျန်း၏အခြေအနေက ရှီကျွင်းလောက်မကောင်းမွန်သော်လည်း အရင်ကလောက် အခြေအနေမဆိုး‌တော့ပေ။

သူမကို ရေခဲခေါင်းတလားထဲတွင် ပထမဆုံးအကြိမ်တွေ့ရစဉ်က လုံးဝအသက်မရှိတော့ဟု ရန်ကျောက်ကဲ တွေးထင်ခဲ့သည်။ သူမပုံစံက သက်ရှိလူသားတစ်ယောက်ဟုခေါ်ဆိုရန် ခက်ခဲနေပြီး လူသေတစ်ယောက်ထက် အနည်းငယ်မျှသာ သာလွန်သောအခြေအနေဖြစ်သည်။

ယခုတော့ ယင်ယွီကျန်းသည် သေခြင်းရှင်ခြင်းနယ်နိမိတ်ကိုကျော်လွန်ပြီး သေခြင်းတရားမှ ပြန်လည်ရုန်းထွက်လာနိုင်ပေပြီ။

သူမ အပြည့်အဝကောင်းမွန်လာြပီး ပြန်လည်နိုးထလာရန်ကတော့ အလှမ်းဝေးသေးသည်။ မည်သည့်အချိန်တွင် နိုးထလာနိုင်မည်လဲ ရန်ကျောက်ကဲလည်း အတိအကျ မပြောနိုင်ပေ။ မည်သို့ပင်ဖြစ်စေ အနည်းဆုံးတော့ မျှော်လင့်ချက်ရောင်ခြည်တစ်ခု ရရှိခဲ့ပြီ ဆိုနိုင်သည်။

ရှီကျွင်းနှင့် ယင်ယွီကျန်းကိုကြည့်ရင်း ရန်ကျောက်ကဲနှလုံးသား အနက်ရှိုင်းဆုံးနေရာမှ ပြုံးလိုက်မိသည်။

သူက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး တင်းထားသောစိတ်များသည်လည်း ယခုမှသာ ပြေလျော့သွားရသည်။

စမ်းရေများထဲတွင် သွေးရောင်များတဖြည်းဖြည်းအရောင်ဖျော့သွားပြီး တိုင်လုံးရှည်နှစ်ခုထက်တွင်ချိန်ဆွဲထားသော မီးအိမ်များမှ အလင်းရောင်သည်လည်း ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲက တိုင်လုံးရှည်နှစ်ခုကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ကြယ်တာရာချီစွမ်းအားများအသုံးပြုကာ ရှီကျွင်းနှင့် ယင်ယွီကျန်းတို့ကို စမ်းရေထဲမှ ထုတ်ယူလိုက်သည်။

စမ်းရေက ဆူပွက်မနေတော့သလို အပူချိန်လည်းကျသွားပေပြီ။ အချိန်ချိတ်ဆက်စမ်းချောင်း၏ ဝိညာဉ်စွမ်းအားများသည်လည်း လုံးဝကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရန်ကျောက်ကဲက သားအမိနှစ်ယောက် အခြေအနေကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ ရှီကျွင်းလေးက အခြေအနေအလွန်ကောင်းမွန်ပြီး အချိန်မရွေး သတိပြန်ရလာနိုင်သည်။

ယင်ယွီကျန်းကတော့ အခြေအနေသိပ်မကောင်းသည့်တိုင် အသက်သေဆုံးသွားမည်ကို စိတ်ပူစရာမရှိတော့ပေ။ သူမကို ဆက်လက်ဆေးကုသရန် အခြားနည်းလမ်းများစွာကို ဖြည်းဖြည်းချင်း ရှာဖွေရပေမည်။

ရင်းနှီးသလိုလို မရင်းနှီးသလိုလို မျက်နှာနှစ်ခုကို ခဏမျှငေးကြည့်ရင်း ရန်ကျောက်ကဲ ရေခဲခေါင်းတလားများကို ပြန်ဖွင့်ပြီး သူတို့နှစ်ယောက်၏ ရုပ်ခန္ဓာများကို ပြန်လည်ထည့်သွင်းလိုက်သည်။

ရေခဲခေါင်းတလားများသည် ခန္ဓာကိုယ်များမပျက်ဆီးအောင် ချိတ်ပိတ်ထားနိုင်သည်သာမက ချီစွမ်းအားနှင့်သွေးလည်ပတ်မှုစွမ်းအားများကိုလည်း အားကောင်းစေသည်။

ယင်ယွီကျန်း၏ခန္ဓာကိုယ်ကိုရေခဲခေါင်းတလားအတွင်း ထည်သွင်းထားခြင်းဖြင့် ဆက်လက်အာဟာရပြည့်ဝနေမည်ဖြစ်ပြီး နောက်ပိုင်း ဆက်လက်ဆေးကုသရာတွင် အထောက်အကူ ဖြစ်နိုင်သည်။

ရှီကျွင်းကတော့ ပြဿနမရှိပေ။ ထိုကလေးငယ် နိုးထလာလျှင်လည်း ခေါင်းတလားကိုးသယ်ဆောင်လာသူ ရန်ကျောက်ကဲက ချက်ချင်းသတိပြုမိမည် ဖြစ်သည်။ ထို့ပြင် သတိလစ်နေစဉ်အချိန်တွင်လည်း ရေခဲခေါင်းတရားမှတစ်ဆင့် ချီစွမ်းအား ၊ ‌သွေးစွမ်းအားများ ရရှိနေမည်ပင်။

ရေခဲခေါင်းတလားအဖုံးများကို ပိတ်လိုက်ပြီးနောက် ရန်ကျောက်ကဲက ခေါင်းတလားများကို လက်ဖြင့်အသာထိကိုင်ရင်း...

“တကယ်အောင်မြင်သွားတာပဲ ၊ ငါထင်ထားတာထက်တောင် အခြေအနေပိုကောင်းသေးတယ်”

အစက စမ်းရေမှ ဝိညာဉ်စွမ်းအားမလုံလောက်မှုကြောင့် တစ်ယောက်ကိုသာ ကယ်တင်နိုင်မည်ဟု ထင်ခဲံသည်။

ကျန်းရှော်နှင့် လင်ကျိုးတို့ ရုတ်တရက် တိုက်ခိုက်လာသည့်ခါ ရန်ကျောက်ကဲစိတ်ထဲတွင် ထူးဆန်းသည့်အတွေးတစ်ခု ရုတ်တရက် ပေါ်လာသည်။

ရန်သူများကိုသတ်ဖြတ်ပြီး ရရှိလာသောချီစွမ်းအား ၊ သွေးစွမ်းအားများဖြင့် စမ်းရေထဲသို့ ဝိညာဉ်စွမ်းအားဖြည့်ပေးရန် ဖြစ်သည်။

အဆုံးသတ်တွင်တော့ ရန်သူများကိုလည်း အနိုင်ရခဲ့ပြီး သူ့အစီအစဉ်လည်း အောင်မြင်ခဲ့သလို သားအမိနှစ်ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့သည်။ ဤသည်က သူ့အတွက် မျှော်လင့်မထားသော အံ့သြဖွယ်ရာကိစ္စတစ်ခုပင်။

စမ်းချောင်းအောက်တွင် နစ်မြုပ်သေဆုံးသွားပြီဖြစ်သော ကျန်းရှော်ကိုကြည့်ရင်း ရန်ကျောက်ကဲ ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် အပေါ်ဘက်မှ မြေကြီးနှင့်ကျောက်တုံးများပြိုကျစေလိုက်ပြီး စမ်းချောင်းကို ဖုံးကွယ်လိုက်သည်။

လင်ကျိုးထံပစ်လွှတ်တိုက်ခိုက်လိုက်စဉ် အဝေးသို့ရောက်သွားသည့် ကျောက်စိမ်းနဂါးဓားကို အားဟူက သွားရောက်ကောက်ယူသည်။

ရေခဲခေါင်းတလားနှစ်လုံးကို စနစ်တကျပြန်လည်သိမ်းဆည်းပြီးနောက် ရန်ကျောက်ကဲက အားဟူနံဘေးသို့ ရောက်ရှိလာသည်။ သူက အားဟူလက်ထဲမှ ကျောက်စိမ်းနဂါးဓားကို ယူလိုက်ပြီးနောက် သူ့အရှေ့မှ နှင်းလွင်ပြင်များဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် ခရမ်းရောင်လျှပ်စီးများတဖျတ်ဖျတ်လင်းလက်နေပြီး ကျယ်လောင်သည့် မိုးခြိမ်းသံများလည်း ထွက်ပေါ်နေသည်။

နှင်းလွင်ပြင်ထက်တွင် ခရမ်းရောင်လေးတစ်လက် ပြုတ်ကျနေပြီး အဆင့်မြင့်မှော်ဝင်လက်နက်ဖြစ်သော ‘ကောင်းကင်တုန်လှုပ်လေးညှို့’ ပင် ဖြစ်သည်။ လင်ကျိုးလက်ထဲတွင်ရှိစဉ်ကထက် အားနည်းသွားသည်ဟု ထင်မှတ်ရသော်လည်း အလွန်ပြင်းထန်ကြမ်းတမ်းနေဆဲပင်။

အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် လက်ရှိ လူသိအများဆုံးလေးနှစ်လက်မှာ နေသူတော်စင်ဂိုဏ်းမှ ‘နေမင်းဖြိုခွင်းလေးညှို့’ နှင့် ကောင်းကင်မိုးကြိုးခန်းမမှ ‘ကောင်းကင်တုန်လှုပ်လေးညှို့’ တို့ ဖြစ်သည်။

ဝါဒတောင်တိုက်ပွဲမတိုင်ခင်က ရန်ကျောက်ကဲက အားဟူကို လေးကောင်းတစ်လက် ရှာခိုင်းခဲ့သည်။ ‘နေမင်းဖြိုခွင်းလေးညှို့’ နှင့် ‘ကောင်းကင်တုန်လှုပ်လေးညှို့’ တို့ကို ရယူလိုခဲ့သော်လည်း စိတ်မကောင်းစွာပင် ရရှိရန် မတတ်နိုင်ခဲ့ပေ။

ယခုတော့ ‘ကောင်းကင်တုန်လှုပ်လေးညှို့’ သူ့ရှေ့တွင် ရောက်ရှိနေပေပြီ။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်လိုက်ရင်း...

“ဒါကြီးရလိုက်တာကတော့ အချီကြီးပဲလို့ ယူဆလို့ရတယ်”

အားဟူက ရန်ကျောက်ကဲကို အတုယူပြီး မေးစေ့ကိုပွတ်သပ်ရင်း...

“သခင်လေး... ဒါက တကယ့်ကို မျှော်လင့်မထားတဲ့ အကျိုးအမြတ်ပါပဲ ၊ ဒါပေမဲ့ အဆင့်မြင့်မှော်ဝင်ပစ္စည်းတစ်ခုကို ကျွန်တော်တို့ ဘယ်လိုယူဆောင်မှာလဲ”

All Chapters