ဥသျှောင်စွမ်းအား
Vol. 88 Ch. 1228
တာအိုရသေ့၏ရယ်သံအား ကြာကြာနားထောင်ကြည့်လျှင် နက်ရှိုင်းသောပူဆွေးသောကများ ရောယှက်နေသည့် ငိုသံနှင့် တူသည်။
မန်ဟိုသည် ရုပ်တုအပေါ်တွင် ထိုင်နေသော တာအိုရသေ့ကို တိတ်ဆိတ်စွာ ကြည့်ပြီးနောက် မျက်လုံးများပိတ်လိုက်၏။ ယခုအချိန်မှာ ထိုလူ့အား နှောင့်ယှက်ရမည့် အခိုက်အတန့်မဟုတ်ပေ။ တာအိုရသေ့ သူ့ကမ္ဘာထဲတွင်သူ နစ်မျောနေကြောင်း သူ သိသည်။
မိုးသောက်ယံရောက်သော် တာအိုရသေ့က ပျောက်ကွယ်သွားပြီးနောက် ယခင်အတိုင်း ရူးတူးတူးကြောင်တောင်တောင် အားကိုးမရသောပုံစံဖြင့် မန်ဟို့အရှေ့တွင် ပြန်ပေါ်လာသည်။
မန်ဟို မျက်လုံးဖွင့်လိုက်သောအခါ တစ်လောကလုံးတွင် မည်သူ့ကိုမှ ဂရုမစိုက်သကဲ့သို့ သွက်လက်တက်ကြွစွာ ထိုင်နေသော တာအိုရသေ့ကို မြင်လိုက်ရသည်။ “လာ လာ ငါ့တပည့်လေး။ ဆရာနဲ့ လိုက်အော်။ တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည် စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည် တောင်ပင်လယ်တွေကို ငါ ချုပ်နှောင်မည်၊ ကောင်းကင်ဘုံချုပ်နှောင်ဂါထာ”
အချိန်တွေကုန်သွားသည်။ မြင့်မြတ်တည်ကြည်ဂိုဏ်း၏အပြင်တွင် ကျင့်ကြံသူများ တစတစ စုဝေးရောက်ရှိလာကြသည်။ သူတို့သည် မြေပြင်တွင် ပြွတ်ကြပ်နေသည်သာမက ဝေဟင်ထက်တွင်လည်း ပြည့်နှက်နေ၏။ ထိုကျင့်ကြံသူဆယ်သိန်းကျော်မှာ မန်ဟို့ကြောင့် ဤနေရာသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။
မြင့်မြတ်တည်ကြည်ဂိုဏ်းမှာ ဖိအားဒဏ်ကို များစွာခံနေရ၍ ဂိုဏ်း၏ အကာအကွယ်မန္တန်အစီအရင်မှာလည်း နေ့နေ့ညည လည်ပတ်နေရလေသည်။ မည်သူမှ တခဏလေးပင် အနားမယူရဲသည့်အတွက် ဂိုဏ်းသားများ အလှည့်ကျစောင့်ကြပ်နေကြရသည်။
တာအိုနယ်ပယ်ပညာရှင်တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ နောက်ဆုံးတွင် အယောက်နှစ်ဆယ်နီးပါး ရှိလာရာ ပတ်ဝန်းကျင်တစ်ခုလုံးအပေါ်သို့ ကြောက်ခမန်းလိလိ ဖိအားကြီး သက်ရောက်နေစေတော့သည်။
ရံဖန်ရံဖါ ကျင့်ကြံသူလူထုကြီးကြောင့် လှိုင်းဂယက်များ မြေပြင်တစ်လျှောက် ဖြာထွက်လာတတ်ပြီး သူတို့၏အရှိန်အဝါအောက်ဝယ် ကောင်းကင်လည်း ပုံပျက်ရှုံ့တွသွားတတ်သည်။ ဖိအားမှာ အလွန်တရာပြင်းထန်လှသဖြင့် ကောင်းကင်ဘုံများပင် ကျလာနေသယောင် ထင်ရလေ၏။ မြင့်မြတ်တည်ကြည်ဂိုဏ်း၏ ဂိုဏ်းသားတစ်ယောက်မှ ပြုံးရယ်ခြင်းမရှိတော့သလို၊ မန်ဟိုမှာ မုန်းတီးသောအကြည့်များကိုလည်း တစ်ကြိမ်ထက်မနည်း မြင်နေရသည်။
ဤသည်မှာ မြင့်မြတ်တည်ကြည်သောအရှိန်အဝါကို ကျင့်ကြံသည့် မြင့်မြတ်တည်ကြည်ဂိုဏ်းဖြစ်သော်လည်း ပြင်ပဖိအားနှင့် ဂိုဏ်း လက်ရှိကျရောက်နေသည့်အန္တရာယ်က ဘာမှမဆိုင်သည့်သူတို့ကို ဤသို့ဒုက္ခရောက်စေသော လူအပေါ် မမုန်းမိဘဲ မနေစေပေ။
မန်ဟိုလည်း တောင်အောက် ဆင်းလေ့ဆင်းထမရှိတော့ပေ။ သူသည် တစ်နေ့လျှင် ဆယ်ကြိမ်အနည်းဆုံး၊ တစ်ခါတလေ ဒါဇင်ပေါင်းများစွာပင် အသက်ဝင်နေသော နေရာရွှေ့ပြောင်းခြင်းမုခ်ဝကိုသာ တိတ်ဆိတ်စွာ ထိုင်ကြည့်နေ၏။ အကြိမ်အရေအတွက် များလွန်းသဖြင့် ထူးပင်မထူးဆန်းတော့သလို၊ ၎င်း အသက်ဝင်တိုင်း လူပုံစံအရိပ်များအား နေရာရွှေ့ပြောင်းနေသောအရာများအကြားတွင် မြင်ရနိုင်သည်။
ရံဖန်ရံခါ နေရာရွှေ့ပြောင်းခြင်းမုခ်ဝမှာ အကြိမ်ဒါဇင်များစွာဆက်တိုက် အသုံးပြုခံရတတ်သည်။ ဤအခြင်းအရာကြောင့် အစဉ်တကျမဖြစ်တော့ရာ ... နေရာရွှေ့ပြောင်းဖြစ်စဉ်ကို နှောင့်ယှက်ချင်နေကြသော အပြင်ရှိ ကောင်းကင်နတ်ဘုရားမဟာမိတ်ကျင့်ကြံသူများအား ခြေကုန်လက်ပန်း ကျလာစေတော့သည်။
မကြာမီ နှစ်လပြည့်ဖို့ ရက်နှစ်ဆယ်သာ လိုတော့လေသည်။ တစ်ညနေတွင် တာအိုရသေ့သည် မန်ဟို ကောင်းကင်ဘုံချုပ်နှောင်ဂါထာအား လေ့ကျင့်နေသည်ကို ကြည့်ကာ ထပြော၏။ “ကောင်းပြီ။ ကုန်သင့်သလောက် အချိန်ကုန်သွားပြီ။ အချိန်အတိအကျကို ဘယ်သူ့မှ မသိစေချင်ဘူးဆိုတော့ အခုချက်ချင်း မင်း ထွက်သွားရမယ်”
မန်ဟို့မျက်လုံးများက လေးနက်သွားပြီး သူသည် ဖြည်းဖြည်းချင်း ထရပ်လိုက်၍ လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်၏။ ထို့နောက် နှစ်ယောက်သား နေရာရွှေ့ပြောင်းခြင်းမုခ်ဝတည်ရှိရာသို့ တဟုန်ထိုး ထွက်သွားကြသည်။ ဤသည်မှာ နှစ်ယောက်အတူ ပထမဆုံးအကြိမ် သွားခြင်းမဟုတ်၊ တကယ့်တမ်း အကြိမ်များစွာ သွားခဲ့ဖူးလေသည်။ ၎င်းက ဂိုဏ်းအပြင်ရှိလူများအတွက် မည်သည့်အရာဖြစ်ပျက်နေသလဲ စစ်ဆေးရခက်စေသည်သာမက သူတို့ကို ထောက်လှမ်း၍ အပြင်သို့ သတင်းပို့နေသော ဂိုဏ်းအတွင်းလူများကိုလည်း တွေဝေစေလိမ့်မည်။
သူတို့ နေရာရွှေ့ပြောင်းခြင်းမုခ်ဝထဲ ဝင်လိုက်သည့်အခါ ၎င်းသည် အသက်ဝင်နေပြီးဖြစ်ပြီး အထဲတွင် နေရာရွှေ့ပြောင်းမည်ကို စောင့်နေသော လူတစ်ယောက် ရှိသည်။ မုခ်ဝအစောင့်ဂိုဏ်းသားများမှာ တာအိုရသေ့နှင့်မန်ဟို ရောက်လာတတ်သည်ကို မြင်ဖန်များနေ၍ အာရုံမရှိကြပေ။
တာအိုရသေ့က မန်ဟို့ကို ကြည့်ပြီး အက်ကွဲကွဲအသံဖြင့် စကားစပြောသည်။ "နေရာရွှေ့ပြောင်းတာ အောင်မြင်ရင် မင်း ကောင်းကင်နတ်ဘုရားမဟာမိတ်ရဲ့ နယ်စပ်အနားမှာ ပေါ်လာလိမ့်မယ်။ နယ်စပ်က အကျယ်ကြီးမလို့ ပိတ်ထားလို့မရဘူးဆိုတော့ အဲ့ဒါက မင်းရဲ့အခွင့်အရေးဖြစ်လာလိမ့်မယ်။ မင်းအနေနဲ့ အဲ့ဒီနယ်စပ်ကို ဖြတ်ပြီး ကောင်းကင်နတ်ဘုရားမဟာမိတ်ကနေ ထွက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားရမယ်။ ပြီးရင်တော့ ... အန္တရာယ်ကင်းပြီ
"တစ်ယောက်ယောက် မင်းလမ်းကို ပိတ်ဖို့လုပ်ရင် ဒါမှမဟုတ် နေရာရွှေ့ပြောင်းနေတဲ့လမ်းကြောင်းကို ဖျက်ဆီးရင်တော့ အဲ့ဒီလမ်းကြောင်း မင်းကို ခေါ်သွားနေတဲ့အတိုင်း ဆက်သွားဖို့ မမေ့နဲ့
"နေရာရွှေ့ပြောင်းခြင်းမုခ်၀ထဲ ဝင်လိုက်တာနဲ့ အကုန်လုံးက မင်းအပေါ် မူတည်သွားပြီ...."
ရုတ်တရက် သူက အင်္ကျီလက်စကို ခါလိုက်ကာ နေရာရွှေ့ပြောင်းခြင်းမုခ်၀အား နေရာရွှေ့ပြောင်းမှုများစွာ တစ်ပြိုင်တည်း လုပ်ဆောင်စေလိုက်သည်။ တဂျိန်းဂျိန်း မြည်သံများ ဆူညံလာပြီး တောက်ပသော အလင်းရောင်များ ဖြာထွက်သွား၏။ သို့သော် ၎င်းက တုံ့ခနဲ ရပ်သွားသည်။ အမွှေးတိုင်တစ်၀က်ထွန်းစာကြာသော် တာအိုရသေ့က ရုတ်တရက် အော်လိုက်လေသည်။ "ဝင်တော့"
မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။ သူက တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ နေရာရွှေ့ပြောင်းခြင်းမုခ်၀ထဲ ၀င်လိုက်၏။ ချက်ချင်းဆိုသလို မြင့်မြတ်တည်ကြည်ဂိုဏ်း၏အပြင်တွင် ဂိုဏ်းအတွင်းရှိ နေရာရွှေ့ပြောင်းခြင်းမုခ်၀၏ ကြိမ်နှုန်းနှင့်တူအောင် ကြိုးစားနေသည့် ကျင့်ကြံသူများရှိနေသော နေရာရွှေ့ပြောင်းခြင်းမုခ်၀များ တစ်ပြိုင်နက် အသက်၀င်လာသည်ကို သူ မြင်လိုက်ရသည်။
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသော်လည်း ဤအခိုက်အတန့်တွင် တာအိုရသေ့က ရုတ်တရက် နေရာရွှေ့ပြောင်းခြင်းမုခ်၀ထဲ ၀င်၍ မန်ဟို့လက်မောင်းကို လှမ်းဆွဲလိုက်သည်။
နေရာရွှေ့ပြောင်းခြင်းမုခ်၀ အသက်ဝင်သွားသော အခိုက်အတန့်တွင် တာအိုရသေ့သည် မုခ်၀ထဲသို့ ခုန်၀င်ကာ မန်ဟို့ကို သူနှင့်အတူ ဆွဲခေါ်ပြီးနောက် လေပေါ်သို့ ချက်ချင်း တက်သွားလေသည်။
ချက်ချင်းပင် မြင့်မြတ်တည်ကြည်ဂိုဏ်း၏အပြင်မှ ဒေါသတကြီး ကြိမ်းဝါးသံများအား ကြားလိုက်ရသည်။
"အရှက်မရှိချက်"
"မြင့်မြတ်သောရန် မင်းက ကောင်းကင်နတ်ဘုရားမဟာမိတ်ကို ပုန်ကန်နေတာလို့ မပြောနဲ့နော်"
"သောက်ကျိုးနည်း"
အပြင်ရှိ တာအိုနယ်ပယ်ပညာရှင်တစ်၀က်ကျော်ကား နေရာရွှေ့ပြောင်းမုခ်ဝထဲသို့ ရောက်နေခဲ့လေပြီ။ တာအိုရသေ့က ပါးပါးနပ်နပ် အချိန်ကိုက်လှုပ်ရှားခဲ့ခြင်းဖြစ်၏။ မုခ်၀များ အသက်၀င်သွားသည်နှင့်တစ်ပြိုင်နက် အထဲရှိ လူများအနေဖြင့် ထွက်မရတော့ပေ။ အတူလိုက်ပါ နေရာရွှေ့ပြောင်းသွားရလိမ့်မည်။
နေရာရွှေ့ပြောင်းခြင်းမုခ်၀ထဲ မ၀င်ခဲ့သည့် တာအိုနယ်ပယ်ပညာရှင်များက ဒေါသတကြီး ကြိမ်းဝါးရင်း တာအိုရသေ့ထံ ပျံတက်လာကြ၏။
မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။ တာအိုရသေ့က ဤအကြောင်းနှင့်ပက်သက်၍ တစ်ခွန်းမဟခဲ့ဖူးပေ။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း နေရာရွှေ့ပြောင်းခြင်းလုပ်ဆောင်နေခြင်းကား ထောက်ချောက်ဖြစ်ခဲ့ကြောင်း သိသာသည်။ ၎င်းက အမှန်ပင် ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ပညာရှင်များကို မျှားခေါ်ရန် ငါးစာဖြစ်ခဲ့၏။
တာအိုရသေ့သည် မန်ဟို့အား မြင့်မြတ်တည်ကြည်ဂိုဏ်း၏ နေရာရွှေ့ပြောင်းခြင်းမုခ်၀ကို သုံးခိုင်းဖို့ နဂိုကတည်းက မတွေးခဲ့ပေ။ ထိုသို့လုပ်ခြင်းက အလွန်တရာအန္တရာယ်များသည့်အပြင် ဟာကွက်များစွာလည်း ရှိသည်။
သို့သော် သူ၏သရုပ်ဆောင်မှုက ပီပြင်လွန်းသဖြင့် ရန်သူများစွာ အရူးလုပ်ခံခဲ့ရသည်။ သူတို့မှာ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နေရာရွှေ့ပြောင်းခြင်းမုခ်၀ထဲတွင် ပိတ်မိ၍ ပျောက်ကွယ်သွားကြတော့သည်။ အမှန်တွင် ဤအစီအစဉ်တွင် ပိုမိုနက်နဲသောအကွက်တစ်ကွက် ရှိသေးသည်။ နေရာရွှေ့ပြောင်းခြင်းမုခ်ဝများကို ခဏခဏ အသုံးပြုခဲ့မှုကြောင့် ကောင်းကင်နတ်ဘုရားမဟာမိတ်ကျင့်ကြံသူများမှာ မုခ်ဝအပေါ်သာ အာရုံစိုက်ခဲ့ကြလေသည်။ မန်ဟို့လမ်းကြောင်းကို နှောင့်ယှက်ဖို့ မြောက်များစွာသောကျင့်ကြံသူများသည် မဟာမိတ်ပိုက်နက်တစ်ခုလုံးအတွင်းရှိ နေရာရွှေ့ပြောင်းအမှတ်တစ်မှတ်တိုင်းအား အင်အားအလုံးအရင်းဖြင့် ဝိုင်းထားခဲ့ကြ၏။ ထိုမျှသာမက သူတို့က အစွမ်းထက်ပညာရှင်များကိုပင် အကူအညီတောင်းကာ ဂြိုဟ်မှ ထွက်လာမည့် နေရာရွှေ့ပြောင်းအလင်းတန်းတစ်တန်းစီတိုင်းကို ဖျက်စီးပေးဖို့ သူတို့အား နတ်ဘုရားအာရုံဖြင့် လော့မြစ်ဂြိုဟ်ကို ဖုံးလွှမ်းရင်း စောင့်စားနေစေသည်။
မန်ဟိုသာ နေရာရွှေ့ပြောင်းခြင်းမှတစ်ဆင့် ထွက်ပြေးဖို ကြိုးစားလျှင် သွားချင်သည့်နေရာသို့ ရောက်မည်မဟုတ်။ တိုက်ခိုက်ခံရ၍ နေရာရွှေ့ပြောင်းအလင်းတန်းထဲမှ နှင်ထုတ်ခံရလိမ့်မည်။
တာအိုရသေ့က မန်ဟိုနှင့်အတူ မယုံနိုင်ဖွယ်အမြန်နှုန်းဖြင့် လေပေါ်တက်လာသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့အား လော့မြစ်ဂြိုဟ်အပြင်သို့ ရောက်သွားကြလေပြီ။ မန်ဟိုသည် တာအိုရသေ့ကို ကြည့်ပြီးနောက် ထပ်မံ၍ စိတ်နှလုံးလှုပ်ခတ်ရပြန်သည်။ သူတို့အနောက်တွင် တာအိုနယ်ပယ်ကျင့်ကြံသူခြောက်ယောက်က ဒေါကြီးမောကြီး လိုက်လာကြ၏။
ထို့အနောက်တွင်မူ မရေမတွက်နိုင်သောကျင့်ကြံသူများက တာအိုရသေ့နှင့်မန်ဟို့အား အမှီလိုက်ဖို့ အသည်းအသန် ကြိုးစားနေကြသည်။
နေရာရွှေ့ပြောင်းအမှတ်များအား ပိတ်ဖို့ သို့မဟုတ် မန်ဟို၏နေရာရွှေ့ပြောင်းအလင်းတန်းကို တိုက်ခိုက်ဖို့ လွှတ်ခံထားရသည့် ကောင်းကင်နတ်ဘုရားမဟာမိတ်အနှံ့အပြားရှိ ကျန်ကျင့်ကြံသူများလည်း သတင်းအနံ့ရရန် သိပ်မကြာလိုက်ပေ။ သူတို့သည် ရောက်ရာအရပ်မှ လော့မြစ်ဂြိုဟ်သို့ အမြန်ဆုံး လာနေကြလေပြီ။
တစ်ခါတရံ အပြောင်းအလဲသေးသေးလေးတစ်ခုက အခြေအနေတစ်ရပ်လုံးကို ပြောင်းလဲသွားစေနိုင်သည်။ တာအိုရသေ့၏ ရုတ်တရက်လှုပ်ရှားမှုက ကောင်းကင်နတ်ဘုရားမဟာမိတ်၏အစီအစဉ်တစ်ခုလုံးကို ပျက်စီးသွားစေခဲ့လေပြီ။ တာအိုရသေ့နှင့် မန်ဟို ကြယ်တာရာကောင်းကင်ထဲ ဝင်လာသဖြင့် အရပ်လေးမျက်နှာတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားသည်။
“ဆရာနဲ့အတူ လိုက်ခဲ့” တာအိုရသေ့က မျက်လုံးများ တောက်ပနေလျက် ပြောသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ကာ လွန်းပျံတစ်စင်းအား ပေါ်လာစေပြီး နှစ်ယောက်လုံး တက်လိုက်ကြ၏။ ထို့နောက် လွန်းပျံက ကြယ်တာရာကောင်းကင်အား ရွှီးခနဲ ဖြတ်သွားတော့သည်။
မန်ဟိုမှာ လွန်းပျံအပေါ် တက်လိုက်လျှင်ချင်း တုန်ရီသွားပြီး ၎င်းအား ငုံ့ကြည့်လိုက်သည်။
“ဒါက...”
“ငါ့တပည့်လေး တစ်ခုခုဖြစ်မှာကို ဆရာက ဘယ်လိုလုပ်ကြည့်ရက်မလဲ။ မြင့်မြတ်တည်ကြည်ဂိုဏ်းရဲ့ နေရာရွှေ့ပြောင်းခြင်းမုခ်ဝတွေက မျက်စိဒေါက်ထောက် စောင့်ကြည့်ခံနေရတာ။ အဲဒီလိုအကြည့်မခံရရင်တောင် ဆရာ စိတ်ချချနဲ့ မင်းကို သုံးခွင့်ပေးနိုင်မှာမဟုတ်ဘူး
“ယုံလို့ရတဲ့ တစ်ခုတည်းသော နေရာရွှေ့ပြောင်းခြင်းမုခ်ဝအမျိုးမျိုးက ဆရာကိုယ်တိုင် ဖန်တီးပေးတဲ့တစ်ခုပဲ ဖြစ်ရမယ်
“ဒီလွန်းပျံက တကယ်တော့ နေရာရွှေ့ပြောင်းမုခ်ဝတစ်ခုပဲ။ တင်ပျဉ်ခွေထိုင်ပြီး စိတ်ကို လွန်းပျံနဲ့တစ်သားတည်းဖြစ်အောင် လုပ်လိုက်။ မြန်မြန် လုပ်တော့။ လွန်းပျံမြန်မြန်သွားလေလေ၊ နေရာရွှေ့ပြောင်းခြင်းက အားကောင်းလေလေပဲ။ ငါ့မှာ လွန်းပျံနေရာရွှေ့ပြောင်းမုခ်ဝရှိနေမယ်ဆိုတာ ဟိုကောင်တွေ တွေးမိမှာမဟုတ်ဘူး” ထို့နောက် တာအိုရသေ့က သူ့လက်အား အနောက်သို့ လှုပ်ရှားလိုက်သည်။ နောက်မှလိုက်နေသော တာအိုနယ်ပယ်ပညာရှင်ခြောက်ယောက်က တိုက်ကွက်များကို ထုတ်လွှတ်လိုက်သဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်သွား၏။
တာအိုရသေ့မှာ တုန်ရီသွားပြီး သွေးများ ပါးစပ်မှ စီးကျလာသည်။ သူသည် အစွမ်းထက်ကောင်း အစွမ်းထက်နိုင်သော်လည်း တာအိုနယ်ပယ်ကျင့်ကြံသူ ခြောက်ယောက်ကို တစ်ပြိုင်တည်း ကိုင်တွယ်နိုင်သည်အထိတော့ မလုံလောက်ပေ။
ဤအခိုက်အတန့်တွင် နတ်ဘုရားအာရုံစီးကြောင်းနှစ်ကြောင်းသည် သူတို့ထံသို့ ရုတ်တရက် ပြေးဝင်လာ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းတို့လည်း တာအိုနယ်ပယ်ပညာရှင်များ ဖြစ်နေသည်။ ယခုတွင် ရှစ်ယောက်ရှိသွားပြီး သုံးယောက်က တာအိုသခင်များဖြစ်၏။ ဤလူများက ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ဂိုဏ်းအမျိုးမျိုးမှ ဂိုဏ်းချုပ်များနှင့် အဆင့်အတန်းတူ၍ ရှစ်ယောက်ပေါင်းတိုက်လိုက်သောအခါ သူတို့၏အနှစ်သာရစွမ်းအားက လွန်းပျံကို ပျက်စီးတော့မတတ် တုန်ခါသွားစေသည်။
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး တာအိုရသေ့က ရုတ်တရက် ခေါင်းနောက်လှန်ကာ ရယ်လိုက်သည်။ ထို့နောက် သူသည် ဘယ်လက်ဖြင့် လွန်းပျံ၏မျက်နှာပြင်အပေါ် ရိုက်ကာ အားထပ်ဖြည့်ပေးလိုက်၏။ ၎င်းက ရုတ်ခြည်းပင် မူလထက် ဆယ်ဆပိုသော အမြန်နှုန်းဖြင့် တဟုန်ထိုး ထွက်သွားတော့သည်။ အလွန်မြန်လွန်းသဖြင့် မီးတောက်လာသည့်အလားပင် ထင်ရလေသည်။ တစ်ချိန်တည်းမှာပင် အထဲရှိ နေရာရွှေ့ပြောင်းခြင်းမုခ်ဝက အသက်ဝင်စပြုလာသည်။ လွန်းပျံ၏အရှေ့တွင် ပုံသဏ္ဌာန်မဲ့အကွဲကြောင်းတစ်ကြောင်း ပွင့်အက်လာရာ လွန်းပျံမှာ ဧရာမပါးစပ်ကြီး၏ဝါးမြိုခြင်း ခံရတော့မည့်ပုံပေါ်လာ၏။
ဤအခြင်းအရာက စောင့်ကြည့်နေသူအားလုံး၏မျက်နှာများတွင် အံ့ဩမှုတို့ ဖုံးလွှမ်းသွားစေသည်။ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများက ဒေါသတကြီး ဟိန်းဟောက်လိုက်ကြသည်။
“မင်းတို့ မလွတ်စေရဘူး” တစ်ယောက်က လှမ်းအော်သည်။ စကားလုံးများ ထွက်လာသည်နှင့်တစ်ပြိုင်နက် သဘာဝနိယာမများလည်း ထပ်ကြပ်မကွာ ပြောင်းလဲလာသည့်အလားပင်။ အနှစ်သာရသည် မန်ဟို့ကို ရစ်ပတ်လိုက်သော သဘာဝနိယာမအသွင် ပြောင်းသွား၏။ သို့သော် ဤအခိုက်အတန့်တွင် တာအိုရသေ့က အကျယ်ကြီး ထရယ်သည်။ သူက မျက်လုံးများ တောက်ပနေလျက် အော်ပြောသည်။
“သေချာကြည့်ထား ငါ့တပည့်။ မင်း ထွက်မသွားခင် ဆရာ ... ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို သရုပ်ဖော်ပြမယ်” ထို့သို့ပြောရင်း သူသည် ခြေနှစ်ချောင်းကို စက်ဝန်းပုံပေါ်အောင် ကွေးပြီးနောက် ညာလက်ခလယ်ဖြင့် ကြယ်တာရာကောင်းကင်ကို ညွှန်လိုက်၏။
“တာအိုက ငါ၏နှလုံးသားထဲ၌ ရှိသည်” စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အချိန်မှာ နှေးကွေးသွားသကဲ့သို့ အရာအားလုံး ရွေ့လျားခြင်း ရပ်တန့်လာသည်။ မြင့်မြတ်တည်ကြည်သောအရှိန်အဝါတစ်ခုသည် ပတ်ဝန်းကျင်တွင် ပြည့်နှက်လာပြီး အဋ္ဌမတောင်ပင်လယ်တစ်ခုလုံး တသိမ့်သိမ့်တုန်ခါစပြုလာသည်။
ပို၍အံ့အားသင့်စရာကောင်းသည်မှာ တာအိုရသေ့၏ ကွေးထားသောခြေထောက်များသည် ရုတ်တရက် စောင်းနေသော တောင်ထိပ်တစ်ခုနှင့် တူလာခြင်းပင်။
“စိတ်ဆန္ဒက ငါ၏မျက်လုံးထဲ၌ ရှိသည်” သူက ဘယ်လက်ကို ညာလက်အရှေ့တွင် ကန့်လန့်ဖြတ်ထား၍ အပေါင်းပုံစံ ပေါ်သွားစေသည်။ သူ့ဆံပင်များသည် ဝရုန်းသုန်းကား ပျံ့လွင့်လာပြီး ထူးဆန်းသောအလင်းရောင်တစ်စက သူ၏မျက်လုံးများတွင် တောက်ပလာ၏။ တစ်ချိန်တည်းမှာပင် အမျိုးအမည်မသိအရှိန်အဝါတစ်ခုက သူ့ထံမှ ဖြာထွက်စပြုလာလေသည်။
“တောင်ပင်လယ်တွေကို ငါ သိမ်းပိုက်မည်၊ ကောင်းကင်ဘုံ .... ချုပ်နှောင် .... ဂါထာ” ထို့နောက် သူက ဖားသဖွယ် ခုန်၍ လက်နှစ်ဖက်ကို ဘေးနှစ်ဖက်သို့ ဖြန့်ကားလိုက်သည်။
အဋ္ဌမတောင်မှာ ပြိုကျတော့မည့်အလား ပြင်းပြင်းထန်ထန် တုန်ခါနေသည်။ အဋ္ဌမပင်လယ်သည် တဝေါဝေါ အော်ြမည်နေပြီး ကြယ်တာရာကောင်းကင်လည်း ပုံပျက်လာသည်။ အရာခပ်သိမ်း ပရမ်းပတာ ဖြစ်နေချေပြီ။ မန်ဟို့ရှုထောင့်အရမူ တောင်ပင်လယ်လောက၏ ချီစီးကြောင်း တာအိုရသေ့၏အပေါ်တွင် စုဆုံနေသည်ကို မြင်နေရ၏။ တာအိုရသေ့၏ ဖြန့်ကားထားသော လက်နှစ်ဖက်ထဲတွင် စွမ်းအားများ စုဝေးလာပြီးနောက် ကြယ်တာရာကောင်းကင်သို့ ထိုးတက်သွားလေသည်။
တောင်ပင်လယ်လောက၏ တောင်ပင်လယ်ကိုးခု၏ မှိန်ပျပျပုံရိပ်တစ်ခုကား ဥသျှောင်စွမ်းအားဖြင့် ပြည့်နှက်နေလျက် ပေါ်လာခဲ့သည်။
ရှိရှိသမျှ လူတိုင်း သွက်သွက်ခါ တုန်လှုပ်အံ့ဩကုန်ကြတော့သည်။