← Chapters

မင်းတို့ သွားနိုင်ပြီလို့ ငါ ပြောသလား

Vol. 88 Ch. 1229

မင်းတို့ သွားနိုင်ပြီလို့ ငါ ပြောသလား

Vol. 88 Ch. 1229

မန်ဟို ကြည့်နေစဉ် တောင်ကိုးလုံး၊ ပင်လယ်ကိုးစင်းက ‌တာအိုရသေ့၏ မှော်အစွမ်း၏ခေါ်သံကြောင့် ဧရာမဘီလူးကြီးတစ်ကောင်အဖြစ် စုစည်းသွားကြသည်။ ဘီလူးကြီးက ကြယ်တာရာကောင်းကင်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရန်သူကျင့်ကြံသူများထံသို့ ၎င်း၏လက်ချောင်းကို ဝှေ့ယမ်းလိုက်၏။ ရိုးရိုးရှင်းရှင်း လက်ချောင်းတစ်ချောင်း၏ဝှေ့ယမ်းမှုက ကြယ်တာရာကောင်းကင်ကို တစ်လွှာပြီးတစ်လွှာ အခွာခံနေရသကဲ့သို့ ဖြစ်လာစေသည်။ တာအိုနယ်ပယ်ကျင့်ကြံသူများပင်အပါအဝင် ကျင့်ကြံသူအကုန်လုံး အံ့အားသင့်နေသောအမူအရာများဖြင့် ကပျာကယာ နောက်ဆုတ်လိုက်ကြ၏။

မြင့်မြတ်တည်ကြည်ဂိုဏ်း၏ မြင့်မြတ်သောရန်က ကောင်းကင်ဘုံချုပ်နှောင်ဂါထာကို တီထွင်ခဲ့ကြောင်း အတော်များများ သိကြ၏။ ထိုဂါထာအကြောင်း စကားစလိုက်တိုင်း ဟာသကြီးသဖွယ် အလှောင်ခံရသည့်အတွက် ယနေ့ တာအိုရသေ့ ၎င်းကို ထုတ်သုံးလိုက်သည့်အခါ ..... ကြောက်ခမန်းလိလိ ဥသျှောင်စွမ်းအား ပေါ်ထွက်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

သာမန်ကျင့်ကြံသူများ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး တာအိုနယ်ပယ်ပညာရှင်များမှာ သူတို့၏ပါးစပ်မှ သွေးများ မစီးကျလာအောင် မဟန့်တားနိုင်လိုက်ပေ။ ဘီလူးကြီး၏ ရိုးရှင်းသော လက်ချောင်းတစ်ချောင်းအဝှေ့က တောင်ပင်လယ်လောက၏စွမ်းအားဖြင့် ပံ့ပိုးပေးခံထားရသယောင် ထင်ရပြီး ကျင့်ကြံသူများကို အန္တရာယ်ပြုဖို့ ပစ်မှတ်ထားနေခြင်းမဟုတ်ဘဲ .... တကယ်တမ်း ချုပ်နှောင်ခြင်းလုပ်ဆောင်နေလေသည်။

လက်ချောင်းတစ်ချောင်း၏အဝှေ့က ကောင်းကင်ဘုံများကို ချုပ်နှောင်နေ၏။

ကောင်းကင်ဘုံတို့ပင် ချုပ်နှောင်ခံရလျှင် ၎င်းတို့အောက်ရှိ လူများအား ထည့်ပြောနေစရာပင် မလိုတော့ပေ။

ဝှေ့ယမ်းနေသော ထိုလက်ချောင်းက ကျင့်ကြံသူအားလုံး၏အပေါ်တွင် ချုပ်နှောင်အမှတ်အသားများ ပေါ်လာစေသည်။ တစ်ယောက်ပြီးတစ်ယောက် သွေးအန်၍ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ကြယ်တာရာကောင်းကင်အနှံ့အပြားသို့ လွင့်ထွက်ကုန်ကြ၏။

"ကောင်းကင်ဘုံချုပ်နှောင်ဂါထာ .... မဖြစ်နိုင်ဘူး"

"မြင့်မြတ်သောရန်ရဲ့ ပေါက်တတ်ကရမှော်သိုင်းကွက်က ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နိုင်မှာတုန်း" လူတိုင်း အံ့အားသင့်ကုန်ကြသည်။

တာအိုရသေ့မှာလည်း တုန်ရီနေပြီး သွေးတစ်လုတ် အန်လိုက်ရကာ ချက်ချင်းဆိုသလို အသက်များစွာ ကြီးသွား၏။ မြင့်မြတ်တည်ကြည်ဂိုဏ်းအတွက် အန္တရာယ်မဖြစ်စေလို၍ သူက ထပ်မတိုက်ခိုက်တော့ဘဲ လှည့်၍ အဝေးတွင် ပျောက်ကွယ်သွားနေသော အလင်းတန်းအား လှမ်းကြည့်လိုက်သည်။

မန်ဟို့အား ထိုအလင်းတန်းထဲတွင် သူ မြင်လိုက်ရပြီး ယခုဖြစ်ပျက်ခဲ့သည့်အရာနှင့်ပက်သက်၍ ကျန်ကျင့်ကြံသူများနည်းတူ အံ့အားသင့်နေကြောင်း သူ ပြောနိုင်သည်။

"ငါ့တပည့်လေး" သူက မာန်အပြည့်ဟန်အပြည့်ဖြင့် ပြောသည်။ "ဒါက မင့်ဆရာ့ရဲ့ ကောင်းကင်ဘုံချုပ်နှောင်ဂါထာပဲ" ထို့နောက် သူသည် ယခုလေးတင် လွင့်ထွက်သွားခဲ့ကြသော ကျင့်ကြံသူများ၏အလယ်တွင် ပျံဝဲလျက် ကျန်ရစ်ခဲ့၏။

ထိုအခိုက်အတန့်တွင် သူ့ထံမှ အမျိုးအမည်မသိသော အရှိန်အဝါတစ်ခုက ဖြာထွက်နေသည်။ ရုတ်တရက် သူသည် ကျပ်မပြည့်အားကိုးမရသည့်ပုံစံမရှိတော့ဘဲ ထူးခြားသောတန်ခိုးရှင်ကြီးပမာ ဖြစ်နေတော့၏။

ထို့နောက် တာအိုရသေ့သည် ကျန်ကျင့်ကြံသူများကို လျစ်လျူရှုရင်း လော့မြစ်ဂြိုဟ်နှင့် မြင့်မြတ်တည်ကြည်ဂိုဏ်းသို့ လှည့်ပြန်သွားလေသည်။

ကောင်းကင်နတ်ဘုရားမဟာမိတ်ပိုက်နက်၏ နယ်စပ်အနားက ကြယ်တာ‌ရာကောင်းကင်တစ်နေရာတွင် ဂြိုဟ်သိမ်တစ်လုံး လွင့်မျောနေ၏။ ဤဂြိုဟ်သိမ်ပေါ်ရှိ နေရာရွှေ့ပြောင်းအမှတ်နှင့်ပက်သက်သည့် အချက်အလက်တစ်စုံတစ်ရာမှ မည်သည့်ဂိုဏ်းမှတ်တမ်းတွင်မှ မရှိသော်လည်း ရုတ်တရက် ၎င်းသည် လင်းလက်တောက်ပလာ၏။ အချိန်အနည်းငယ်ကြာသော် ဂြိုဟ်သိမ်တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲကာ ကျောက်ဖျာတစ်ချပ် ထွက်လာသည်။

ကျောက်ဖျာမှာ နေရာရွှေ့ပြောင်းမန္တန်၀င်္ကပါတစ်ခု၏ အက်ရာများ၊ အမှတ်အသားများဖြင့် ဖုံးလွှမ်းနေ၏။ မန္တန်၀င်္ကပါက လောလောဆယ်တွင် အသက်၀င်နေပြီး စွမ်းအားအပြည့်အ၀လှည့်ပတ်လျက်ရှိကာ ပျက်စီးတော့မည့်ပုံပေါ်နေသည်။ မကြာမီ ၎င်းမျက်‌နှာပြင်ပေါ်တွင် အက်ရာများ ပိုများလာပြီး လွန်းပျံတစ်စင်းက ၎င်းအတွင်းမှ ပျံထွက်လာခဲ့လေသည်။

ထိုသို့ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျောက်ဖျာမှာ တောင့်မခံနိုင်တော့၍ ကြေမွသွား‌‌တော့သည်။ တစ်ချိန်တည်းမှာပင် လွန်းပျံလည်း ပြာကျသွားသည်။

ထို့နောက် မန်ဟိုက ကြယ်တာရာကောင်းကင်ထဲတွင် ပေါ်လာတော့သည်။  အရာအားလုံးတိတ်ဆိတ်နေသည်။ မည်သည့်အသံကိုမှ မကြားရ။ မန်ဟိုမှာ ယခုလေးတင် မြင်ခဲ့ရသည့်အရာနှင့် ပတ်သက်၍ မယုံနိုင်သေးသဖြင့် အဝေးသို့ လှမ်းကြည့်မိလိုက်သည်။

"ကောင်းကင်ဘုံ ... ချုပ်နှောင် ... ဂါထာ" သူက ရေရွတ်လိုက်သည်။ တာအိုရသေ့၏ ရယ်စရာမှော်သိုင်းကွက်က ထိုမျှကြောက်စရာကောင်းလောက်အောင် အစွမ်းထက်လိမ့်မည်ဟု သူ မည်သို့ထင်ထားခဲ့မည်နည်း။

တစ်ယောက်တည်းနှင့် ကျင့်ကြံသူများစွာကို ချုပ်နှောင်နိုင်ခဲ့ခြင်းအရ .... ထိုတာအိုမှော်သိုင်းကား သာမန်တာအိုမှော်သိုင်းမဟုတ်ဘဲ မဟာဗျူဟာလက်နက်အဆင့်သို့ ရှောက်ရှိသွားခဲ့လေပြီ။ စစ်ပွဲကြီးတစ်ပွဲသာ ဖြစ်ပွားပါ တာအိုရသေ့၏သိုင်းကွက်က အခြေအနေကို မည်သို့ပြောင်းပြန်လှန်ပေးနိုင်မည်လဲ မြင်ယောင်ကြည့်၍ပင် ရသည်။

ကျင့်ကြံခဲ့သည့် နှစ်ပေါင်းများစွာအတွင်း မန်ဟိုမှာ ထိုကဲ့သို့သို့သိုင်းကွက်တစ်ကွက်ကိုမှ မမြင်ခဲ့ဖူးသဖြင့် ရင်တဒိန်းဒိန်း ခုန်နေတော့သည်။ မြင့်မြတ်တည်ကြည်ဂိုဏ်းတွင် တစ်လကျော် နေခဲ့သည့်တစ်လျှောက်လုံး တာအိုရသေ့၏ မျက်စိအောက်တွင် ထိုသိုင်းကွက်အား အကြိမ်ပေါင်းရာချီ သူ ကျင့်ကြံခဲ့ရသည်မဟုတ်ပါလော။

"လေ့လာစရာတွေက ဘယ်တော့မှ မကုန်ပါလား...." သူက ရေရွတ်လိုက်သည်။ "ခရီးဝေးဝေး သွားလေ၊ အများကြီး မြင်ရလေလေ၊ ‌အတွေ့အကြုံတွေရလေလေပဲ။ အဲ့ဒီအချိန်မှ ကိုယ့်စိတ်ကူးနယ်ထက် ကျော်လွန်နေတဲ့အရာတွေ၊ ဖြစ်တည်မှုတွေ ၊ မှော်အစွမ်းတွေ ရှိနေတာ သဘောပေါက်ရလိမ့်မယ်။ အဲဒီလိုပဲ ကိုယ့်ထက်အစွမ်းထက်တဲ့လူတွေလည်း အမြဲ ရှိနေတယ်" သူက တာအိုရသေ့ရှိရာသို့ မှန်း၍ လှမ်းကြည့်ရင်း ကျေးဇူးတင်စွာဖြင့် လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်သည်။

မန်ဟိုသည် သူ့ကို ကူညီခဲ့သည့် လူတစ်ယောက်ချင်းစီအား အမှတ်ရနေမည့်လူစားမျိုး ဖြစ်၏။

သို့သော် ယခုအချိန်မှာ ခံစားချက်များထဲ နစ်မျောနေရမည့်အချိန်မဟုတ်ကြောင်း သူ သိသည်။ အရိုအသေပေးပြီးနောက် သူသည် အဝေးသို့ လျင်မြန်စွာ ထွက်လာခဲ့တော့သည်။

“ကောင်းကင်နတ်ဘုရားမဟာမိတ်ရဲ့ နယ်စပ်ဒေသမှာ နေရာရွှေ့ပြောင်းအမှတ်အဖြစ် သုံးကြတဲ့ လူလုပ်ဂြိုဟ်တုတွေနဲ့ ပြည့်နေတယ်။ အဲဒီဂြိုဟ်တွေကလွဲရင် နယ်စပ်အကျယ်ကြီးက လွဲပြီး ဘာမှမရှိဘူး....

“ဂိတ်ဝဂြိုဟ်တွေမှာ အင်အားအလုံးအရင်းနဲ့ စောင့်နေလောက်တယ်။ ငါ့အနေနဲ့ သေချာပေါက် ဖြတ်သွားနိုင်မှာမဟုတ်ဘူး.... ဒါ့ကြောင့် အဲဒီအဆုံးမဲ့နယ်စပ်ကိုပဲ ဖြတ်သွားရမယ်” မန်ဟိုသည် ဆုံးဖြတ်ချက်ချပြီးနောက် ပတ်ဝန်းကျင်တွင် လူသူကင်းမဲ့နေသည်ကို အခွင့်ကောင်းယူကာ အဝေးသို့ ထွက်သွားတော့၏။

အချိန်များ ကုန်လွန်သွားသည်။ တစ်ရက်‌ကြာသော် အဖြူရောင်မျဉ်းကြောင်းတစ်ကြောင်းကဲ့သို့ အရာတစ်ခုသည် ‌အဝေးတွင် ပေါ်လာ၏။ စစချင်း သူသည် ၎င်းအား မည်သည့်အရာမှန်း မပြောနိုင်သော်လည်း အနားရောက်လာသောအခါ အဖြုရောင်မျဉ်းကြောင်းက အဖြူရောင်တံတိုင်းအသွင် ပြောင်းသွား၏။ ၎င်းက ပုံရိပ်ယောင်ဖြစ်ပြီး မည်သည့်အရပ်မျက်နှာတွင်မဆို မျက်စိတစ်ဆုံး ဆန့်တန်းလျက်ရှိသည်။ မန်ဟိုက တံတိုင်းကိုကြည့်ရင်း တွန့်ဆုတ်နေသည်။ နောက်ဆုံးတွင် သူက အေးစက်သော မျက်၀န်းများဖြင့် တံတိုင်းဆီ ဦးတည်သွားလေသည်။

သူသည် မျက်စိတစ်မှိတ်အတွင်း ၎င်းအနား ရောက်သွားပြီး ပါရာဂွန်တံတား၏အားအင်အပြည့်ဖြင့် ၎င်းအား ၀င်တိုက်လိုက်သည်။ တံတိုင်းမှာ တုန်ခါသွားပြီးနောက် အက်ကွဲကြောင်းများ တံတိုင်းမျက်နှာပြင်တစ်လျှောက် ဖြာထွက်သွားသဖြင့် အက်ကွဲသံများ ကြားရနိုင်သည်။

သူ ဖောက်ထွက်နိုင်တော့မည့်အခိုက်အတန့်တွင် သူ့မျက်နှာပျက်သွားပြီး စိတ်ထဲတွင် မြည်လာသည့် အချက်ပေးခေါင်းလောင်းသံများကြောင့် တုံ့ခနဲ ရပ်လိုက်၏။ အလင်းတန်းတစ်တန်းက မန်ဟို့ကို လွှမ်းခြုံ၍ ချုပ်နှောင်တော့မည့်အလား ဟင်းလင်းပြင်သို့ ဖြာထွက်လာလေသည်။

"ကောင်းကင်နတ်ဘုရားမဟာမိတ်ကို အာခံခဲ့တဲ့ ဘယ်သူမဆို အေးအေးချမ်းချမ်း ထွက်မသွားစေရဘူး" တည်ငြိမ်သောအသံ၏ပိုင်ရှင်မှာ ကြယ်တာရာကောင်းကင်တွင် ယခုလေးတင် ပေါ်လာခဲ့သည့် ပုံရိပ်ယောင်မျက်နှာတစ်ခုဖြစ်သည်။ ၎င်းက မန်ဟို၏ တည်နေရာကို ရှာတွေ့ခဲ့သည့် အဘိုးကြီးမှတစ်ပါး အခြားမဟုတ်ပေ။

မန်ဟို၏မျက်လုံးများက အေးစက်စက်လက်သွားပြီး သူသည် နှာမှုတ်ကာ အဖြူရောင်တံတိုင်းကို ဝင်တိုက်၍ ဖြိုခွဲလိုက်၏။ တစ်ဖက်သို့ ထွက်လိုက်သောအခါ ကောင်းကင်မဟာမိတ်၏အပြင်သို့ ရောက်သွားခဲ့ပြီဟု ထင်ခဲ့သော်လည်း တကယ်တမ်း သူ့အရှေ့တွင် ရှိနေသည်ကား ဒုတိယအဖြူရောင်တံတိုင်း ဖြစ်နေသည်။

ကြည့်ရ‌သရွေ့ ဒုတိယအဖြူရောင်တံတိုင်းသာမဟုတ်ဘဲ ထို့အလွန်တွင် တတိယမြောက်နှင့် စတုတ္ထမြောက် ရှိနေသယောင်ပင်။ ၎င်းတို့က ဆက်တိုက်ရှိနေပြီး တစ်ခုပြီးတစ်ခု အထပ်ထပ်ဖြစ်နေသည်။ မထင်မှတ်ဖွယ်ကောင်းစွာနှင့် တံတိုင်းအရေအတွက်ကား တစ်သိန်းထက်မနည်းပေ။

မန်ဟို့မျက်နှာမှာ ချက်ချင်း အရုပ်ဆိုးသွားတော့သည်။

“ကောင်းကင်နတ်ဘုရားမဟာမိတ်က ဒီအတိုင်း ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်သွားလို့ရတဲ့ နေရာမဟုတ်ဘူး။ မြင့်မြတ်သောရန်က မင်းကို ကူညီပေးခဲ့ကောင်း ကူညီပေးခဲ့ပေမယ့် ... မင်းအတွက် လွတ်လမ်းမရှိသေးဘူး”

အဘိုးကြီးစကားပြောလိုက်သည့်အချိန်မှာပင် ပတ်ဝန်းကျင်တွင် နေရာရွှေ့ပြောင်းအလင်းရောင်များ တောက်ပစပြုလာသည်။ ယခုတွင် စုစုပေါင်း နေရာရွှေ့ပြောင်းဝင်္ကပါ ၁၅ ခုအား မြင်ရနိုင်လေပြီ။ ၎င်းတို့အထဲတွင် မရေမတွက်နိုင်သောကျင့်ကြံသူများ၏အရိပ်များ ဖြစ်ပေါ်လာနေသည်။

သူတို့ လူလုံးထွက်လာလျှင် မန်ဟို့အတွက် ထွက်ပြေးရုံမှတစ်ပါး အခြားရွေးစရာမရှိတော့သည့်ပုံ ပေါ်နေသည်။

သို့သော် အဘိုးကြီးသည် မန်ဟို့ကို လျှော့တွက်ခဲ့မိ၏။ နေရာရွှေ့ပြောင်းအလင်းရောင်များ စတင်တောက်ပလာသည်နှင့် မန်ဟိုက ပုံရိပ်ယောင်မျက်နှာကြီးကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။

“ဆိုတော့ ခင်ဗျားက ဒီကို ကိုယ်တိုင်မလာနိုင်သလို၊ ကျုပ်ကိုလည်း တကယ်မသတ်နိုင်ဘူးပေါ့။ ခင်ဗျားတတ်နိုင်တာဆိုလို့ ကောင်းကင်နတ်ဘုရားမဟာမိတ်နယ်စပ်စွမ်းအားကို ထိန်းချုပ်တာပဲ ရှိတာ...." မန်ဟို့ကျင့်ကြံခြင်းအခြေခံက ရုတ်တရက် လောကပါလတာအိုအင်မော်တယ်တန်ခိုးနှင့် သူ၏အပြင်အားကိုယ်ခွန်အားကို ထုတ်လွှတ်လိုက်သဖြင့် မျက်နှာကြီး၏အမူအရာမှာ ရိပ်ခနဲ ဖြစ်သွားတော့သည်။ တဝုန်းဝုန်းမြည်သံများ ဆူညံနေစဉ် မန်ဟိုသည် မထင်မှတ်ဖွယ်ကောင်းစွာနှင့် ထွက်မပြေးဘဲ နေရာရွှေ့ပြောင်းဝင်္ကပါများဆီ ပြေးဝင်သွားလေ၏။

သူအနား ရောက်သွားလျှင်ချင်း နတ်ဘုရားသုတ်သင်ခြင်းလက်သီးက ထွက်သွားသည်။

လက်သီးသည် ပြီးမြောက်ခါနီးဆဲဆဲ နေရာရွှေ့ပြောင်းဝင်္ကပါတစ်ခုအပေါ် ကျရောက်သွား၏။ မန်ဟို ၎င်းကို ထိုးချလိုက်သောအခါ ၎င်းမှာ တွန့်လိမ်သွားပြီးနောက် အထဲရှိ ကျင့်ကြံသူများက အလန့်တကြား အော်ကြလေသည်။

“ပျက်စီးစမ်း” မန်ဟိုက အေးစက်စက် ပြောလိုက်သည်။ ချက်ချင်းပင် နေရာရွှေ့ပြောင်းခြင်းမှော်အစွမ်း ပြိုကွဲသွားသဖြင့် အထဲရှိ ကျင့်ကြံသူများ၏ပုံရိပ်များလည်း တွန့်လိမ်လာသည်။ အစွမ်းထက်ဆုံးလူများသာ အန္တရာယ်မှ လွတ်မြောက်သွားခဲ့သည့်တိုင် ယခုတွင် သူတို့ပင်လျှင် နေရာရွှေ့ပြောင်းခြင်းအား ပြီးမြောက်အောင် မလုပ်ဆောင်နိုင်တော့ပေ။

“ကောင်လေး” မျက်နှာကြီးက ဒေါသတကြီး မာန်မဲလိုက်သော်လည်း ဘာမှမတတ်နိုင်ပေ။ မန်ဟိုက ဘာမှမကြားချင်ယောင်ဆောင်ထားသည်။ သူ့ခန္ဓာကိုယ်သည် ရိပ်ခနဲ လှုပ်ရှားကာ လက်သီးနောက်တစ်လုံးအား ပစ်သွင်းလိုက်၏။

တစ်ချက်

နောက်တစ်ချက်

နေရာရွှေ့ပြောင်းခြင်းမုခ်ဝသုံးခု ဆက်တိုက်ဖျက်စီးခံလိုက်ရသဖြင့် တဝုန်းဝုန်းမြည်သံများ ကြားရနိုင်သည်။ ကျန် ၁၁ ခုအတွက်မူ အထဲရှိလူများ လူလုံးပေါ်လာနေကြလေပြီ။ မန်ဟိုက အေးစက်စက် ရယ်ပြီးနောက် လက်နှစ်ဖက်လုံးကို လေပေါ်ပင့်မြှောက်လိုက်သည်။ ၎င်းတို့ကို ပြန်ချလိုက်သည့်အခါ သူက အော်လိုက်၏။ “ပါရာဂွန်တံတား”

ဒုန်းးးးးးးးးးးးးးး

ပါရာဂွန်တံတားသည် မန်ဟို့ကိုယ်ထဲမှ ထွက်၍ ချေမှုန်းခြင်းဖိအားကြီးဖြင့် ကြယ်တာရာကောင်းကင်တွင် ပေါ်လာသည်။ ချက်ချင်းပင် နောက်ထပ်နေရာရွှေ့ပြောင်းမုခ်ဝလေးခု ဖျက်စီးခံလိုက်ရပြီး တခဏကြာသော် နောက်ထပ်ငါးခု ပြိုကွဲသွားသည်။

နေရာရွှေ့ပြောင်းမုခ်ဝနှစ်ခုသာလျှင် နေရာရွှေ့ပြောင်းခြင်းအား အောင်မြင်စွာ အဆုံးသတ်လိုက်နိုင်၏။ ၎င်းတို့ ပျက်စီးမသွားခင် အထဲရှိလူများ ထွက်လာကြသည်။

စုစုပေါင်း ကျင့်ကြံသူတစ်ရာကျော်ကို လူနှစ်ယောက်မှ ဦးဆောင်နေ၏။ နှစ်ယောက်ထဲမှ တစ်ယောက်က သွေးနီရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး တစ်ယောက်ကမူ ကောင်းကင်နတ်ဘုရားအရိပ်နှင့် ကျောနောက်လက်ပစ်ထားသော လူငယ်တစ်ဦးဖြစ်သည်။ သူတို့မှာ ဘေးဘီဝဲယာကို ကြည့်ပြီးနောက် ခေါင်းကြိမ်းကုန်ကြ၏။ တကယ်တော့ နေရာရွှေ့ပြောင်းခြင်း မအောင်မြင်ပါစေဟုပင် သူတို့ ဆုတောင်းနေခဲ့ကြခြင်းဖြစ်သည်။

မူလနေရာရွှေ့ပြောင်းဝင်္ကပါ ၁၅ ခု အနက်မှ နှစ်ခုသာ ခရီးသည်များကို အောင်မြင်စွာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ ခေါင်းဆောင်နှစ်ယောက်မှာ ရင်ခုန်သံများမြန်လာပြီး မန်ဟို့ကို လှမ်းကြည့်ရင်း နောက်ဆုတ်သွားကြလေသည်။

သူတို့သည် မန်ဟို့ကို လိုက်သတ်ဖို့ ဤနေရာသို့ ရောက်လာခဲ့ကြသော်လည်း ယခုမူ ပြေးနေရသည်ကား သူတို့ဖြစ်နေတော့သည်။

မန်ဟိုက ဒေါသထွက်နေသော ပုံရိပ်ယောင်မျက်နှာကြီးကို လှမ်းကြည့်ပြီးနောက် ပြောလိုက်၏။ "ခင်ဗျားက ကျုပ်ကို အလွှတ်မပေးဘူးဆိုမှတော့ .... ကျုပ်လည်း ဒီမှာပဲနေပြီး ခင်ဗျားလူတွေ လိုက်သတ်ဦးမှထင်တယ်”

သူက သွေးအေးအေးရယ်ရင်း ပူပူနွေးနွေး ရောက်လာသောကျင့်ကြံသူများဆီ ဦးတည်သွားတော့သည်။

ကျင့်ကြံသူတစ်ရာကျော်မှာ မန်ဟို စွမ်းအားများ ထုတ်ဖော်လျက် သူတို့ဆီ လာနေသောမြင်ကွင်းကြောင့် ခေါင်းကြိမ်းကုန်ကြသည်။ သူတို့စိတ်များ ချာချာလည်ကုန်ပြီး အထိတ်တလန့် ဆုတ်သွားကြ၏။ အရေအတွက်အရသာ အသာစီးရလျှင် ၊ တာအိုနယ်ပယ်အဆင့်၏အကူအညီသာ ရလျှင် သူတို့အနေဖြင့် မန်ဟို့ကို ဘက်ပေါင်းစုံမှ ဝိုင်း၍ တိုက်ခိုက်နိုင်ဦးမည်။ သို့သော် ယခုတော့ မန်ဟို့ကို သူတို့ဘာသာသူတို့ ရင်ဆိုင်ရသည့်အခါ သတ္တိမရှိကြတော့ပေ။

ဝိညာဉ်နက်အဖွဲ့အစည်းကို အမြစ်ဖြုတ်ခဲ့သူမှာ သူတို့ကို ကြောက်ဖျားဖျားစေနိုင်သည့်လူစားမျိုး မဟုတ်ပါလော။

“ဒီအတိုင်း ထွက်သွားနိုင်မယ်ထင်သလား” မန်ဟိုက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မေးလိုက်သည်။ သူ့မှာ လိုက်ဖမ်းခံရသည်ကို စိတ်ကုန်နေပြီဖြစ်၍ မိုးပြာရောင်သိမ်းငှက်အသွင်ပြောင်းကာ အနီးဆုံးကျင့်ကြံသူဆီသို့ ပြေးဝင်သွားတော့သည်။ သတ္တုကျောက်ခဲများကို ခွဲခြေနိုင်သော ခြေသည်းတစ်ချောင်းက ထိုလူ၏ခေါင်းထဲ စိုက်ဝင်၍ ဘန်းခနဲ မြည်သွားစေသည်။ သွေးများ အရပ်လေးမျက်နှာတွင် လွင့်စင်သွားသော်လည်း မန်ဟိုက ကျင့်ကြံသူနောက်တစ်ယောက်၏ရှေ့သို့ ရောက်နေခဲ့ပြီဖြစ်ကာ တောင်ပံများကို ခတ်လိုက်သည်။

သူ သွားသည့်နေရာတိုင်းတွင် သွေးပျက်စွာအော်သံများ ဆူညံကျန်ခဲ့သည်။ ခေါင်းဆောင်နေရာရှိလူငယ်မှာ ကြောက်လန့်နေပြီး ဤနေရာသို့ လာခဲ့မိသည်ကို နောင်တရနေတော့သည်။ သူ၏ကောင်းကင်နတ်ဘုရားအရိပ်မှာ ရုတ်တရက် ကြေမွသွားလေသည်။ ထိုစဉ် လူငယ်ခေါင်းဆောင်နောက်တစ်ယောက်က ဖောက်ခနဲ သွေးမြူတိမ်တစ်ခုအသွင် ပြောင်းလိုက်သည်။

“ဆိုတော့ မင်းကိုး” မန်ဟိုက သွေးမြူတိမ်ကို ကြည့်လိုက်သည်။ သူသည် ကောင်းကင်နတ်ဘုရားအရိပ်နှင့်လူငယ်ကို အဖက်မလုပ်ဘဲ သွေးမြူတိမ်နောက် လိုက်လေ၏။

All Chapters