← Chapters

မန်မျိုးနွယ်စုနှင့် ပထမဆုံးဆုံတွေ့ခြင်း

Vol. 88 Ch. 1230

မန်မျိုးနွယ်စုနှင့် ပထမဆုံးဆုံတွေ့ခြင်း

Vol. 88 Ch. 1230

“ငါ မဟုတ်ဘူး” သွေးမြူတိမ်အတွင်းမှ ထိတ်ပျာနေသောအသံတစ်သံ ထွက်လာသည်။ အမှန်ပင် ဤသည်မှာ လွန်ခဲ့သည့်တစ်လက ပေါ်လာခဲ့သောလူပင် ဖြစ်၏။ ထိုအချိန်တုန်းက တာအိုရသေ့သည် မန်ဟို့ကို ခေါ်သွားခဲ့ရာ ဤလူငယ်မှာ ကပ်ဘေးအား ရှောင်တိမ်းနိုင်ခဲ့လေသည်။

ဒုတိယအကြိမ်ဆုံတွေ့သည့်အခါ သွေးမြူတိမ်က ချက်ချင်းဆိုသလို အမြန်ဆုံး ထွက်ပြေးဖို့ ကြိုးစားတော့သည်။ သို့သော် မန်ဟိုက လက်ချောင်းကို လှုပ်ရှားရင်း အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သည်။ မြူတိမ်သည် တုံ့ခနဲ ရပ်သွားရပြီး မန်ဟိုက မြူတိမ်အားလုံးကို လွင့်စင်ဖယ်ခွာသွားစေရင်း ရှေ့တက်လာ၏။

အထဲမှ ပေါ်လာသည်ကား ... အနီရောင်ဝတ်ရုံနှင့်လူငယ်တစ်ယောက်ပင်။ သူသည် မျက်စိမျက်နှာပျက်နေလျက် လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် မန်ဟို့အား လက်ညှိုးထိုးလိုက်၏။ မန်ဟို့သွေးများ ချက်ချင်း နောက်ပြန်စီးသွားပြီး ကျင့်ကြံခြင်းအခြေခံလည်း ပြောင်းပြန်လည်ပတ်သွားသည်။ သူက နီမြန်းနေသောမျက်နှာဖြင့် ရပ်လိုက်လေသည်။

လူငယ်၏မျက်ဝန်းများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ တောက်လောင်လာပြီး သူသည် ထွက်ပြေးမည့်အစား ချာခနဲလှည့်လာကာ လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်လိုက်၏။ သူ မန်ဟို့အနား ကပ်သွားသည့်အချိန်မှာပင် မျက်နှာထား တင်းမာခက်ထန်နေပြီး အသတ်အဖြတ်စိတ်ဆန္ဒတို့ ထုတ်လွှတ်နေသော အဘိုးအိုတစ်ဦးသည် အနီးနားရှိ လေထုထဲတွင် ဘွားခနဲ ပေါ်လာခဲ့သည်။

ဤအဘိုးအိုကား လူငယ်၏ တာအိုစောင့်ရှောက်သူမှတစ်ပါး အခြားမဟုတ်ပေ။

နှစ်ယောက်လုံး လျှပ်စီးကဲ့သို့အမြန်နှုန်းဖြင့် တိုက်ခိုက်လိုက်သည့်တိုင် မန်ဟို့အနား သူတို့ရောက်လာသည့်တိုင် မန်ဟိုက ပြုံးလိုက်သည်။ ထိုအပြုံးက တာအိုစောင့်ရှောက်သူအဘိုးအိုအား နှလုံးသားအေးခဲသွားသလို ခံစားလိုက်ရစေသည်။

သူ တုံ့ပင်မတုံ့ပြန်နိုင်ခင် မန်ဟိုက လက်သီးတစ်ချက်၊ နှစ်ချက်၊ သုံးချက်အား သူ့ထံ ထိုးသွင်းရင်း ရှေ့တက်လာသည်။

ဖောင်းးးးးးး။ အဘိုးအိုမှာ အော်ခွင့်ပင် မရလိုက်ဘဲ ခန္ဓာကိုယ် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲ၍ ရစရာမရှိအောင် စုတ်ပြတ်ပျက်စီးသွားတော့သည်။

ပွဲချင်းပြီး သေဆုံးခြင်း ဖြစ်ပေ၏။

အနီရောင်ဝတ်ရုံနှင့်လူငယ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူက ချက်ချင်း နောက်ဆုတ်လိုက်သည်။ သို့သော် မန်ဟိုက သူ့အပေါ် ရောက်လာခဲ့ပြီး အဘိုးကြီးကို သတ်ခဲ့သလို လက်သီးချက်များ ထုတ်လွှတ်လိုက်သည်။

“မင်း ငါ့ကို သတ်လို့မရဘူး။ ငါ့အဖေက သွေးချိတ်စည်းဂိုဏ်းရဲ့ ဂိုဏ်း…”

လူငယ် စကားပြော၍မဆုံးခင် မန်ဟို၏လက်သီးက ကျဆင်းလာသည်။ ဖောင်းးးးးးးးး။ လူငယ်၏ခန္ဓာကိုယ် တဆတ်ဆတ် တုန်ရီသွား၏။ ထို့နောက် သူသည် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်ရာ ရင်ဘတ်တွင် ထုတ်ချင်းပေါက်ပွင့်နေသော အပေါက်ကြီးကို မြင်လိုက်ရသည်။ ပေါက်ကွဲခြင်းအားလှိုင်းက သူ့ကိုယ်တစ်လျှောက် ဆက်လက်ဖြာဆင်းသွားသည့်အတွက် သူ၏ခန္ဓာကိုယ်မှာ အက်ကွဲ၍ တစစီပြိုကွဲစ်စပြုလာသည်။ အချိန်အနည်းငယ်ကြာသော် သူ၏အသက်သာမက ဝိညာဉ်ပင် သေဆုံးသွားတော့သည်။

“ဘာလို့ စောစောမပြောတုန်း....” မန်ဟိုက ဤလူကို မသတ်သင့်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ သူ့အဖေသာ အရေးပါသောလူတစ်ယောက်ဆိုလျှင် သူ့ကို သေချာပေါက် ပြန်ပေးဆပ်ခိုင်းလိမ့်မည်။

ကံဆိုးစွာနှင့် လူငယ်ကား စောစောမပြောခဲ့။

“အစတုန်းက ဝိညာဉ်နက်အဖွဲ့အစည်းနဲ့ပဲ ရန်သူဖြစ်ခဲ့တယ်။ ဒါပေမဲ့ ငါ့ကို လိုက်သတ်နေတဲ့ ကျင့်ကြံသူတွေကလည်း အများကြီးဆိုတော့ ........ ကဲ ကြည့်ရသေးတာပေါ့။ ဘယ်သူတွေ နောက်ဆုံးကျန်ခဲ့မလဲဆိုတာ" သူက သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် လက်မှသွေးများကို ခါပြီး လှည့်ကာ ပျောက်ကွယ်သွားတော့သည်။

နှစ်ရက်ကြာသော် မန်ဟို့အား အသေရရအရှင်ရရ လိုက်ဖမ်းနေခြင်းသည် ကောင်းကင်နတ်ဘုရားမဟာမိတ်ပိုင်နက်ထဲတွင် ဆက်လက်ဖြစ်ပွားနေသေး၏။ ရုတ်တရက် ကျင့်ကြံသူတစ်ရာကျော်ခန့်ရှိသော အုပ်စုတစ်စုနှင့် သူ ပက်ပင်းတိုးခဲ့သည်။ သူတို့အတွက် စိတ်မကောင်းဖွယ်ကောင်းသည်မှာ တာအိုနယ်ပယ်အဆင့်ခေါင်းဆောင်မရှိသည့်အတွက် တစ်အုပ်စုလုံး တစ်ယောက်မကျန် ရှင်းခံရရန် သိပ်မကြာလိုက်ပေ။

နောက်တစ်ရက်ကြာသွားသည်။ နောက်တစ်နေရာတွင် ကျင့်ကြံသူသုံးရာကျော်နှင့် သူ တိုးပြန်သည်။ သူတို့လည်း အလားတူ တစ်ယောက်မကျန် အရှင်းခံလိုက်ရသည်။

ကောင်းကင်နတ်ဘုရားမဟာမိတ်မှာ အကြီးအကျယ် မိုးမီးလောင်နေပြီး မန်ဟို့ကို လိုက်ဖမ်းဖို့ ကျင့်ကြံသူပေါင်း မရေမတွက်နိုင်အောင် အလွှတ်ခံရသည်။ သို့သော် သူတို့ သူ၏တည်နေရာကို ရှာလိုက်နိုင်တိုင်း သူက အလွန်မြန်လွန်းလေသည်။ တာအိုနယ်ပယ်ပညာရှင်တစ်ဦး ရောက်လာသည့်အခါ သူကား သဲလွန်စပင်မကျန် ပျောက်သွားခဲ့ချေပြီ။

ထိုအခြင်းအရာက ကောင်းကင်နတ်ဘုရားမဟာမိတ်ကျင့်ကြံသူများကို ဆွေ့ဆွေ့ခုန်နေစေတော့သည်။ သို့သော် ခုနစ်ရက်မြောက်နေ့တွင် မန်ဟို့နောက် လိုက်နေသော ကျင့်ကြံသူအရေအတွက်အား ရုတ်တရက်ကြီး များစွာလျော့ကျသွားစေခဲ့သည့် အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားခဲ့သည်။ ကောင်းကင်နတ်ဘုရားမဟာမိတ်၏ အဆင့်မြင့်ဆုံးအဖွဲ့ဝင်များပင် တုန်လှုပ်ခဲ့ကြရ၏။

မန်ဟိုကား တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်ခဲ့လေသည်။

ထိုပုဂ္ဂိုလ်က အနှစ်သာရ ၁ ခု တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက် ဖြစ်ကောင်းဖြစ်လိမ့်မည်၊ သို့သော် အစစ်အမှန်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်လာနိုင်သည့် အင်အားအကြီးဆုံးနယ်ပယ်တွင် ရှိလေသည်။ မန်ဟို ကောင်းကင်နတ်ဘုရားမဟာမိတ်ကျင့်ကြံသူတစ်ဖွဲ့ကို တိုက်ခိုက်နေစဉ် သူက ကောက်ကာငင်ကာ ပေါ်လာခဲ့သည်။ မန်ဟိုက သူ၏လက်ရှိပစ်မှတ်အား တိုက်ခိုက်နေသည်ကို ချက်ချင်း ရပ်၍ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးထံ ပြေးဝင်သွား၏။ ထို့နောက် ကြယ်တာရာကောင်းကင်တွင် နှစ်ယောက်သား အကြိတ်အနယ် တိုက်ခိုက်ကြသည်။ စစချင်း တိုက်ပွဲမှာ ရှည်ကြာမည့်သယောင် ထင်ရသော်လည်း မန်ဟိုက ထိုလူ့ကို တစ်နာရီတည်းနှင့် ဇီဝိန်ချုပ်ပစ်ခဲ့လေသည်။

ထိုအဖြစ်အပျက်သည် သူ့နောက် လိုက်နေခဲ့သော ကျင့်ကြံသူများကို တုန်လှုပ်သွားစေပြီး ဆုကြေးကြောင့် လောဘဇောကပ်နေခဲ့ရာမှ အသိစိတ်ပြန်ဝင်သွားစေ၏။ အမှန်တွင် ဂိုဏ်းအတော်များများက မန်ဟို့နောက်လိုက်နေသည်ကို ရပ်၍ ဂိုဏ်းသို့ ပြန်လာဖို့ သူတို့၏ဂိုဏ်းသားများထံ အမိန့်ထုတ်ပြန်ခဲ့ကြသည်။

ထိုတိုက်ပွဲက မန်ဟို့ကျင့်ကြံခြင်းအခြေခံ အကောင်းပကတိပြန်ဖြစ်သွားသည်ကို ဖော်ပြခဲ့သည့်အပြင် ဝိညာဉ်နက်အဖွဲ့အစည်းတစ်ခုလုံးအား သူတစ်ယောက်တည်း အမြစ်ဖြုတ်ခဲ့ခြင်းမှာ ကံမ၍မဟုတ်ကြောင်း သက်သေပြခဲ့သလို၊ ထိုသို့လုပ်နိုင်အောင် အထူးနည်းလမ်းတစ်ခုခု သုံးခဲ့ခြင်းမဟုတ်ကြောင်း ပေါ်လွင်စေသည်။ ၎င်းကား တစ်ကြိမ်တစ်ခါတည်း ဖြစ်နိုင်သည့်အရာမဟုတ်ပေ.... သူက ထိုကဲ့သို့အင်အားမျိုးကို အမှန်ဒိဋ္ဌ ပိုင်ဆိုင်ထားလေသည်။

လူသေနှုန်းလည်း ချက်ချင်း လျော့နည်းလာခဲ့သည်။ သို့သော် သူကို လိုက်ဖမ်းနေသူများ ရှိနေဆဲပင်။ အဓိကကွာခြားသွားမှုက အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ယောက်မှ မပါဝင်တော့၍ အားအနည်းဆုံးလူများမှာ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ အဓိကအင်အားကတော့ တာအိုနယ်ပယ်ကျင့်ကြံသူများထံမှ လာသည်။

ကောင်းကင်နတ်ဘုရားမဟာမိတ်တစ်ဖွဲ့လုံးတွင် တာအိုနယ်ပယ်ကျင့်ကြံသူဒါဇင်မျှသာ ရှိပြီး ထိုအရေအတွက်၏ သုံးဆယ်ရာခိုင်နှုန်းက မန်ဟို့အား လိုက်ဖမ်းနေကြလေသည်။

သို့သော် မန်ဟို သူ့နောက်လိုက်နေသူများကို ရက်ရက်စက်စက် ပြန်တိုက်ခိုက်နေခြင်းကြောင့် ကောင်းကင်နတ်ဘုရားမဟာမိတ်သည် ဝိညာဉ်နက်အဖွဲ့အစည်း၏အမှုအခင်းအတွက်သာ သူ့နောက်လိုက်ဖမ်းနေခြင်း မဟုတ်တော့ပေ။ သူတို့အကြား၌ ဖြန်ဖြေမရသော ရန်ငြိုးတစ်ခု ဖြစ်တည်နေခဲ့လေပြီ။

ဤဖြစ်ရပ်တွင် မန်ဟို့အား အပြစ်တင်၍မရ။ တာဝန်က ကောင်းကင်နတ်ဘုရားမဟာမိတ်၏ ပခုံးပေါ်တွင် သက်ရောက်နေသည်။

မကြာမီ အသေအပျောက် မရှိသလောက် နည်းလာသည်။ သို့သော် သုံးရက်ကြာသော် တာအိုနယ်ပယ်ပညာရှင်များစွာ မန်ဟို့ကို တစ်ပြိုင်နည်း လိုက်မှီသွားကြ၏။ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် မန်ဟိုသည် ထွက်ပြေးနိုင်ခဲ့၏။

ငါးရက်ကြာသော် နောက်ထပ်တာအိုနယ်ပယ်ကျင့်ကြံသူနှစ်ယောက် သူ့အား မှီလာသည်။ တိုက်ပွဲမှာ ရင်သပ်ရှုမောဖွယ်ကောင်းပြီး တာအိုနယ်ပယ်ကျင့်ကြံသူနှစ်ယောက်လည်း ဒဏ်ရာပြင်းထန်ခဲ့သည်။ မန်ဟိုက ထွက်ပြေးနိုင်ခဲ့ပြန်သည်။

လောလောဆယ်တွင် မန်ဟိုသည် ကောင်းကင်နတ်ဘုရားမဟာမိတ်၏ နယ်စပ်တစ်နေရာ၌ ဒယိမ်းဒယိုင်သွားနေ၏။ သွေးများက သူ့ပါးစပ်မှ စီးကျနေသည့်တိုင် သူ့မျက်လုံးများက အေးစက်စက် တောက်ပနေဆဲပင်။ သူသည် အဖော်မဲ့မြေခွေးတစ်ကောင်နှင့် တူနေသည်။

သူ့ဒဏ်ရာများမှာ ဆိုးရွားပြီး သူ့ထာဝရအလွှာမှာလည်း အသည်းအသန် အလုပ်လုပ်နေရသည်။ တစ်လပင်မပြည့်သေး၊ သူ့မှာ တိုက်ပွဲများစွာ  ရင်ဆိုင်ခဲ့ရလေသည်။ လောလောလတ်လတ် တိုက်ပွဲအများစုကလည်း တာအိုနယ်ပယ်အဆင့်များနှင့် ဖြစ်ခဲ့သည်။

အနှစ်သာရ ၁ ခုဖြစ်ဖြစ်၊ အနှစ်သာရ ၂ ဖြစ်ဖြစ် အကြောင်းမဟုတ်သော်လည်း သူတို့ ပေါင်းတိုက်ပါက ခက်ခဲလာသည်။ တာအိုသခင်တစ်ဦး ပေါ်လာသည့်အချိန်ဆိုလျှင် ပြောပြနေစရာပင် မလိုတော့ပေ။ မန်ဟိုကိုယ်တိုင်မှာ တာအိုနယ်ပယ်သို့ပင် မရောက်သေးသည်မဟုတ်ပါလော....

“ငါ့အပေါ်မှာ သူတို့အာရုံခံလို့ရနေတဲ့ တစ်ခုခု ရှိရမယ်။ အဲဒါ့က ဘာများဖြစ်မလဲ။ သူတို့က ငါ့တည်နေရာကို အဆက်မပြတ်ရှာတွေ့နေကြတာ။ လော့မြစ်ဂြိုဟ်က ထွက်လာကတည်းက ငါ့ကို သူတို့ ရှာတွေ့နိုင်တာ မြန်လွန်းတယ်” မန်ဟို့မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မီးဝင်းဝင်းတောက်နေ၏။ ရုတ်တရက် သူက တုံ့ခနဲ ရပ်၍ အရှေ့သို့ကြည့်လိုက်ရာ ဟင်းလင်းပြင်၏ မဟူရာအမှောင်ထုထဲတွင် ယခုလေးတင် ပေါ်လာခဲ့သော တစ်စုံတစ်ခုကို မြင်လိုက်ရသည်.... တောက်ပလင်းလက်နေသော အကွဲကြောင်းများ။

အကွဲကြောင်းများအကြား၌ ဖုန်သဲကျောက်ခဲများ လွင့်မျောနေသည်.....

အကွဲကြောင်းများသည် သိပ်တော့မများ၊ စုစုပေါင်း ၃၃ ခုသာ ရှိသည်။ ၎င်းတို့က တစ်ခုနှင့်တစ်ခု ဆက်ကာ သရဲတစ်ကောင်၏ အကျည်းတန်မျက်နှာပုံစံအား ထင်ဟပ်နေစေသည့် ထူးထူးဆန်းဆန်းပုံသဏ္ဌာန်ရှိနေသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ထိုသရဲမျက်နှာကြီးက သူ့ကို ကြည့်နေသလို မန်ဟို ခံစားလိုက်ရလေသည်။

အုတ်ဂူသင်္ချိုင်းများမှ ပဲ့တင်ထပ်လာနေသော စူးစူးဝါးဝါး အော်သံများကဲ့သို့ အသံများကိုပင် သူ ကြားလိုက်ရသည်။ သူ့မှာ မျက်နှာပျက်သွားပြီး နောက်ဆုတ်လိုက်မိသည်။ သူ ထိုသို့ဆုတ်လိုက်သည့်အခါ သရဲမျက်နှာကြီးအား ဖွဲ့စည်းထားသော ဧရိယာသည် ... ပြန့်ကားလာကြောင်း သတိမထားမိဘဲ မနေလိုက်ပေ။

၎င်းက သူ ပထမဆုံးမြင်ခဲ့ရသည့် အကျယ်အဝန်းထက် သုံးဆယ်ရာခိုင်နှုန်းခန့် ကြီးမားလာခဲ့လေပြီ။

“ဆန်းကြယ်အိတ်လောကတစ်ခုလား” သူက သရဲမျက်နှာကြီးကို လေ့လာရင်း တွေးလိုက်သည်။ ဘာကြောင့်မှန်းမသိသော်လည်း သရဲမျက်နှာကြီးကို ကြည့်ရင်း သူ့နှလုံးသားထဲတွင် အန္တရာယ်ကို ခံစားလိုက်ရသည်။ သူက မြင့်မြတ်တည်ကြည်ဂိုဏ်းမှ မြေပုံကျောက်စိမ်းပြားကို အလျင်အမြန် ထုတ်၍ ဂရုတစိုက် စစ်ဆေးကြည့်၏။ ကံဆိုးစွာနှင့် ဤနေရာနှင့်ပတ်သက်သည့် ထူးထူးခြားခြားအကြောင်းရာတစ်ခုမှ မရှိပေ။

“တစ်ခုခုတော့ မူမမှန်ဘူး....” သူက မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။ လျင်မြန်စွာ ပြန့်ကားလာနေသော သရဲမျက်နှာကြီးကို နောက်တစ်ခေါက်ကြည့်၍ မြေပုံကျောက်စိမ်းပြားကို ပြန်ကြည့်ပြီးနောက် သူ့မျက်မှောင်ပိုကြုတ်သွားတော့သည်။

မြေပုံသည် လွန်စွာအသေးစိတ်သည်သာမက မြင့်မြတ်တည်ကြည်ဂိုဏ်း၏ သီးသန့်ဂိုဏ်းသားများသာ ပိုင်ဆိုင်ခွင့်ရသည့် ရှားပါးပစ္စည်းတစ်ခု ဖြစ်၏။ မြေပုံပေါ်တွင် ဂြိုဟ်သိမ်များစွာ၏ တည်နေရာကိုပင် မှတ်သားပြထားသည်။

မြေပုံအရ မန်ဟို့လက်ရှိတည်နေရာတွင် ဈေးငယ်လေးတစ်ဈေးဖြစ်နေသော ဂြိုဟ်သိမ်ခုနစ်လုံး ရှိသင့်သည်။

သို့သော် ယခုတွင် ဂြိုဟ်သိမ်ခုနစ်လုံးကိုလည်း မမြင်ရသလို၊ ၎င်းတို့အပေါ်တွင် တည်ရှိခဲ့သော ဈေးလည်း ပျောက်ကွယ်သွားခဲ့လေပြီ။

မန်ဟိုမှာ အခြေအနေကို သုံးသပ်နေစဉ် ခေါင်းနပန်းကြီးစပြုလာသည်။

“သူတို့ အစားခံလိုက်ရတာများလား........” သူက လင်းလက်နေသော အကွဲကြောင်း ၃၃ ကြောင်းနှင့် ထိုနေရာတွင် လွင့်မျောနေသော ဖုန်သဲကျောက်ခဲများကို လှမ်းကြည့်ရင်း တွေးလိုက်သည်။ ယခင်က ဤနေရာတွင် ဂြိုဟ်သိမ်ခုနစ်လုံးနှင့် ဈေးတည်ရှိခဲ့သလို၊ ကျင့်ကြံသူတချို့လည်း ရှိခဲ့လိမ့်မည်။

သို့သော် ဤလင်းလက်နေသော အကွဲကြောင်း ၃၃ ကြောင်း ဗြုန်းစားကြီး ပေါ်လာခဲ့ပြီးနောက် အကုန်လုံးကို ဝါးမြိုစားသုံး၍ ပတ်ဝန်းကျင်ကို ဖျက်စီးခဲ့လိမ့်မည်.... ဤအတွေးက မန်ဟို့မျက်နှာကို ပျက်ယွင်းသွားစေ၏။ ထိုမျှသာမက သူ ခံစားနေရသော အန္တရာယ်အာရုံသည် ပို၍ပင် အားကောင်းလာသည်။ သေခြင်းအရှိန်အဝါတစ်ခုပင်လျှင် တစတစ သိသာထင်ရှားလာလေပြီ။

“အဋ္ဌမတောင်ပင်လယ်က သင်္ချိုင်းတွေနဲ့ ပြည့်နေတာ။ ဒါကလည်း သင်္ချိုင်းတစ်ခုခုများလား”

သူသည် တွေဝေမနေဘဲ နောက်ဆုတ်လိုက်၏။ ဤနေရာမှာ အန္တရာယ်များလွန်းသဖြင့် ထွက်သွားဖို့ သူ ဆုံးဖြတ်လိုက်သည်။

သို့သော် သူ ဝေးဝေးလံလံပင် မသွားရသေးခင် ကြယ်တာရာသို့ လှမ်းကြည့်လိုက်ရာ သူရှိရာသို့ ဦးတည်လာနေသော ကုန်သယ်သင်္ဘောတစ်စင်းကို မြင်လိုက်ရ၏။

သင်္ဘော၏ဘေးနံရံရှိ မှော်သင်္ကေတများက ... မန် 孟 ဆိုသော စာလုံးကို ဖော်ဆောင်ထားကြောင်း သတိပြုမိလိုက်သဖြင့် မန်ဟို့မျက်နှာအပေါ်တွင် ခံစားချက်များရှုပ်ထွေးသွားသောအမူအရာတစ်ခု ပေါ်လာသည်။

“မန်မျိုးနွယ်စု ...”

ဤသည်မှာ အဋ္ဌမတောင်ပင်လယ်တွင် မန်မျိုးနွယ်စုဝင်များကို သူ ပထမဆုံးအကြိမ် ဆုံတွေ့ရခြင်းဖြစ်လေသည်။ ယခုလိုအခြေအနေမျိုးတွင် ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူက အကြည့်လွှဲရင်း ထွက်ခွာရန် ပြင်လိုက်ချိန် ရုတ်တရက် အကာအကွယ်မန္တန်ဝင်္ကပါတစ်ခုဖြစ်ဟန်တူသော အလင်းဒိုင်းက သင်္ဘော၏ပတ်လည်တွင် ပေါ်လာသည်။ တစ်ဆက်တည်းမှာပဲ လူရိပ်အတော်များများက သင်္ဘောမှ ပျံထွက်ကာ မန်ဟို့ကို စိုက်ကြည့်နေကြ၏။

သူတို့ထဲမှ တစ်ယောက်က ချောမောသော်လည်း ဖြူဖပ်ဖြူလျော်ဖြစ်နေသော လူငယ်လေးတစ်ဦး ဖြစ်သည်။ သူ့ပုံစံမှာ အရက်အလွန်အကျူးသောက်ထားခြင်းကြောင်း အားနည်းနေသယောင်ပင်။ သူက မန်ဟို့ကို မြင်မြင်ချင်း မျက်နှာဝင်းပသွားပြီး ကျောက်စိမ်းပြားကို ချိုးလိုက်သည်။

မန်ဟိုက နတ်ဘုရားအာရုံဖြင့် သင်္ဘောကို စစ်ဆေးအကဲခတ်လိုက်ရာ သူတို့အကြား၌ ကျင့်ကြံခြင်းအခြေခံအမြင့်ဆုံးမှာ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ပညာရှင်နှစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရ၏။

နှစ်ယောက်ထဲမှ တစ်ယောက်က မန်မျိုးနွယ်ကျင့်ကြံသူလူငယ်၏ ဘေးတွင် ရပ်နေပြီး တစ်ယောက်က အလွန်တရာပိန်ချုံးနေသော်လည်း အေးစက်စက်မျက်ဝန်းများကို ပိုင်ဆိုင်ထားသည့် လူငယ်နောက်တစ်ယောက်ကို အဖော်ပြုနေသည်။

အကာအကွယ်မန္တန်ဝင်္ကပါကို စီရင်ထားလျှင်တောင်မှ မန်ဟို့အနေဖြင့် ဤလူများကို ကြက်ကလေးငှက်ကလေးလို သတ်ပစ်နိုင်လေသည်။

လူငယ် ကျောက်စိမ်းပြားကို ချိုးလိုက်ကြောင်း မြင်လျှင် မန်ဟိုက သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် အဝေးသို့ လှည့်ထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွား၏။

သို့သော် လူငယ်က လှမ်းအော်သည်။ “မန်ဟို ထွက်သွားဖို့ စိတ်တောင်မကူးနဲ့။ မင်းတို့အားလုံး ထွက်လာပြီး သူ့ကို တားကြစမ်း။ ငါ ကောင်းကင်နတ်ဘုရားမဟာမိတ်အဖွဲ့ရဲ့ စီနီယာတွေကို အကြောင်းကြားထားပြီးပြီ။ သူတို့ အချိန်မရွေး ရောက်လာကြလိမ့်မယ်။ မန်ဟို့ကို ဖမ်းထားကြ”

လူငယ်၏စကားကြောင့် ကျင့်ကြံသူတစ်ဒါဇင်ကျော်က သင်္ဘောထဲမှ ပျံထွက်လာကြသည်။ သူတို့အားလုံးမှာ လွန်စွာထိတ်လန့်နေပုံရသော်လည်း သူတို့ထက်ပို၍ပင် ထိတ်လန့်နေသည်မှာတော့ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ကျင့်ကြံသူနှစ်ယောက်ပင်။ သူတို့က လူငယ်၏စကားကို ကြားလျှင် မျက်နှာပျက်ကုန်ကြသည်။

“မင်း ပါးစပ်ပေါက်ကို ပိတ်ထားစမ်း” အသက်ကြီးကြီးတစ်ယောက်က ငေါက်ငမ်းလိုက်သည်။

“ငတုံးကောင်” ဘေးရှိ ပိန်ချုံးချုံး အေးတိအေးစက် လူငယ်က အထင်သေးစွာ ဆိုသည်။

All Chapters