အခန်း (၁၄၉၉)
Vol. 108 Ch. 1499
ကန်အန်းမျိုးနွယ်စုသည် အားမနည်းချေ။ အထူးသဖြင့် ၎င်းတို့က ကောင်းကင်မိစ္ဆာသားရဲများကို မွေးမြူနိုင်ကြသည်။
“ အဲ့ဒီယာဉ်ပျံတွေကို ဖမ်းဆီးပြီး ကုထျန်ရှင်းဆီ ပို့လိုက် ”
“ ကြယ်စင်စုစကြာဝဠာက ငါတို့ကန်အန်းစကြာဝဠာကို လာတိုက်ခိုက်ရဲမှတော့ ငါတို့က သူတို့ရဲ့ အမွေအနှစ်ကို တိုက်ရိုက် ဖျက်ဆီးပစ်ကြမယ် ”
ဟင်းလင်းပြင်ထဲတွင် အသံတစ်သံ ထွက်ပေါ်လာသည်။
ထိုအသံထွက်ပေါ်လာသည်နှင့် မရေမတွက်နိုင်သော အလင်းစီးကြောင်းများက ပိုက်ကွန်တစ်ခုအဖြစ် ဒြပ်ထည်ဖွဲ့စည်းသွားပြီး ယာဉ်ပျံများပေါ်သို့ ကျဆင်းသွားသည်။
ပိုက်ကွန်ဖြင့် ဖမ်းဆီးခံလိုက်ရသော ယာဉ်ပျံများက နောက်ထပ် မထွက်ပြေးနိုင်ကြတော့ချေ။
ထိုပိုက်ကွန်က မိုးမြေကြားမှ ဟင်းလင်းပြင်ထဲမှာ ဖြတ်သန်းသွားလာနိုင်သော ယာဉ်ပျံများကို ဖမ်းဆီးရန် အထူးဖန်တီးထားသောအရာ ဖြစ်၏။
“ ဗုန်း ”
ပိုက်ကွန်၏ ဆွဲငင်မှုကြောင့် ခံစစ်ဝင်္ကပါက ကျိုးပျက်သွားသည်။
ခံစစ်ဝင်္ကပါ၏ ထောက်ပံ့မှုမရှိတော့သည့်အခါ ယာဉ်ပျံများ၏ စွမ်းဆောင်ရည်က သိသိသာသာ လျော့နည်းသွားသည်။
ကံကောင်းစွာဖြင့် သူတို့ဆီမှာ အစွမ်းထက်စစ်ပွဲရုပ်သေးရုပ်များ ရှိနေသေး၏။ သို့သော်လည်း တပ်ကူရောက်မလာလျှင် သူတို့က အချိန်ကြာကြာ တောင့်ခံနိုင်ကြလိမ့်မည် မဟုတ်ချေ။
ရေမှင်စာ၏ အကြည့်က အရှေ့သို့ ကျရောက်သွားသည်။ သူက လက်ထဲမှ ရွှေတုတ်ချောင်းကို ကိုင်မြှောက်လိုက်သည်။
“ တိုက် ”
သူက တိုးညင်းစွာ အော်လိုက်လေရာ သူ၏ ရွှေတုတ်ချောင်းက မိုင်တစ်ရာကျယ်ပြောသွားသည်။ သူက တုတ်ကို တစ်ချက်ဝှေ့လိုက်သည့်အခါ အချင်းမိုင်တစ်ထောင်ကျယ်ဝန်းသော ဧရိယာအတွင်းမှ တောင်တန်းများနှင့် မြစ်ချောင်းများက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
ကောင်းကင်နှင့် မြေပြင်က ထိုရိုက်ချက်အောက်မှာ အက်ကွဲသွားကြသည်။ ကြယ်များက ပြိုကွဲပျက်စီးသွားကြပြီး အဆုံးမဲ့သော မူလစွမ်းအားက တစ်ဟုန်ထိုး ပေါ်လျှိုးလာသည်။
အရှေ့မှ ပိုက်ကွန်က အပိုင်းပိုင်းအစစ တိုက်ရိုက် အက်ကွဲသွားသည်။
“ ငါမဟာပညာရှိ ဒီရောက်လာပြီ… မင်းတို့တွေ ဘယ်လောက်သန်မာလဲ ကြည့်ကြည့်ရအောင် ”
ရေမှင်စာက သူ၏ ရွှေတုတ်ချောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာသားရဲများက သေကြေပျက်စီးသွားကြသည်။ လေထဲတွင် ကောင်းကင်ပုတီးစေ့အများအပြား ပြန့်ကျဲသွားကြသည်။
သူ၏ အနောက်တွင် မဟာမိစ္ဆာများက မာန်ဖီလိုက်ကြပြီး အရှေ့သို့ ပြေးထွက်လာကြသည်။ ၎င်းတို့က ကောင်းကင်ပုတီးစေ့များကို လိုက်လံစုဆောင်းရင်း ကန်အန်းမျိုးနွယ်ဝင်များနှင့် တိုက်ခိုက်လိုက်ကြသည်။
ရေမှင်စာဦးဆောင်သော မိစ္ဆာတပ်ဖွဲ့ရောက်လာသည့်အခါ ယာဉ်ပျံများပေါ်မှ ကျင့်ကြံသူများက အနည်းငယ် အသက်ရှူချောင်သွားကြသည်။ ထို့နောက် သူတို့က တိုက်ပွဲဝင်္ကပါများကို ပြန်ဖွဲ့စည်းလိုက်ကြသည်။
“ စီနီယာ အခုလို လာရောက်ကူညီပေးတဲ့အတွက် ဟဲကျူးကုန်သွယ်ရေးအဖွဲ့က ကျေးဇူးတင်ပါတယ်… စီနီယာက ကျုပ်တို့ကုန်သွယ်ရေးအဖွဲ့ရဲ့ အစောင့်အရှောက်ဖြစ်လာဖို့ စိတ်ဝင်စားပါသလား ”
ယာဉ်ပျံတစ်စင်း၏ ဦးခေါင်းပိုင်းပေါ်မှ ဝတ်စုံစိမ်းဝတ် အဖိုးအိုတစ်ယောက်က ရေမှင်စာကို ဂါရဝပြုလိုက်သည်။
ရေမှင်စာက ခေါင်းလှည့်လိုက်ပြီး ငြင်းဆန်ရန် ပြင်လိုက်စဉ် အဖိုးအိုက ထပ်မံ ပြောသည်။
“ တကယ်လို့ စီနီယာက ဆန္ဒရှိမယ်ဆိုရင် ကျုပ်တို့ကုန်သွယ်ရေးအဖွဲ့က စီနီယာကို တစ်နှစ်စာချုပ်အနေနဲ့ အဆင့်သုံး ကောင်းကင်ပုတီးစေ့တစ်သောင်း ပေးပါ့မယ် ”
တစ်နှစ်စာချုပ်အတွက် အဆင့်သုံး ကောင်းကင်ပုတီးစေ့တစ်သောင်းလား… ။
ကန်အန်းမျိုးနွယ်ဝင်များနှင့် အစွမ်းကုန် တိုက်ခိုက်နေကြသော မိစ္ဆာအားလုံးက အံ့ဩမှုကြောင့် ရပ်တန့်သွားကြသည်။
များလှချည်လား… ။
အဖိုးအိုက ဘေးပတ်ဝန်းကျင်မှ မိစ္ဆာများကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သူက အပြုံးမပျက်ဘဲ သိမ်မွေ့စွာ ဆက်ပြောသည်။
“ တကယ်လို့ ဒီက တာအိုရောင်းရင်းတို့ကလည်း ကျုပ်တို့ရဲ့ ဟဲကျူးကုန်သွယ်ရေးအဖွဲ့ကို ဝင်ရောက်ချင်တယ်ဆိုရင် တစ်နှစ်စာချုပ်အတွက် အဆင့်လေး ကောင်းကင်ပုတီးစေ့တစ်သိန်း ပေးပါ့မယ် ”
အဆင့်လေး ကောင်းကင်ပုတီးစေ့တစ်သိန်းလား… ။
မဟာမိစ္ဆာများ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အမူအရာ ထွက်ပေါ်လာသည်။
သူတို့က ရေမှင်စာနောက်သို့လိုက်၍ တစ်နှစ်လုံး သေခြင်းရှင်ခြင်းတိုက်ပွဲများကို ဖြတ်ကျော်ခဲ့ရသည့်တိုင် ကောင်းကင်ပုတီးစေ့ မည်မျှများပြားစွာ ရရှိခဲ့ကြသနည်း။
သူတို့က အဆင့်လေး ကောင်းကင်ပုတီးစေ့သုံးလေးသောင်းပင် မရရှိခဲ့ကြချေ။
မိစ္ဆာအားလုံးက ခေါင်းလှည့်လိုက်ကြပြီး ရေမှင်စာကို ကြည့်လိုက်ကြသည်။
သူတို့က ရေမှင်စာ၏ စကားကို စောင့်ဆိုင်းကြသည်။
နှစ်ပေါင်းများစွာအတွင်း မည်သည့်နေရာတွင်မဆို မော်ကြွားစွာ သွားလာနိုင်ရန် သူတို့အား ဦးဆောင်ပေးခဲ့သူသည် မဟာပညာရှိတစ်ဖြစ်လဲ ရေမှင်စာသာ ဖြစ်သည်။
ရေမှင်စာ၏ အမူအရာက ပြောင်းလဲသွားသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သူက နောက်ဆုံးမှာ အမှန်တရားတစ်ခုကို နားလည်သွားသည်။
လုံလောက်သော အရင်းအမြစ်များမရှိလျှင် ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးဖြစ်ချင်သော သူ၏ အိမ်မက်က အလှမ်းဝေးနေဦးလိမ့်မည်။
ဆန့်ကျင်ဘက်အနေဖြင့် အကယ်၍ သူ့မှာသာ လုံလောက်သော အရင်းအမြစ်များရှိလျှင် ထိုအဆင့်သို့ မြန်ဆန်စွာ တတ်လှမ်းနိုင်လိမ့်မည်။
ဥပမာအနေဖြင့် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို ကြည့်နိုင်သည်။
ရေမှင်စာက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အံကြိတ်လိုက်သည်။
“ ကောင်းပြီ… ဒါဆိုလည်း ကျုပ်တို့တွေ… ”
သို့သော်လည်း သူ၏ စကားမဆုံးမီ အလင်းတန်းတစ်ခုက အဝေးမှ ထွက်ပေါ်လာသည်။
“ ရေမှင်စာ… အံ့ဖွယ်ကိုးပါးမြို့တော်က ခင်ဗျားကို ကျုပ်တို့ရဲ့ အစောင့်အရှောက်အဖြစ် ဖိတ်ကြားပါတယ်… အကျိုးအမြတ်တွေကတော့ အံ့ဖွယ်ကိုးပါးမြို့တော်ရဲ့ ထိပ်တန်းစံသတ်မှတ်ချက်တွေအတိုင်းပါပဲ ”
“ ဒါ့အပြင် တစ်နှစ်ကို အဆင့်တစ် ကောင်းကင်ပုတီးစေ့သုံးလုံးနဲ့ ငါးနှစ်ပြည့်တိုင်း အထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့တစ်လုံးကို ဆုလာဘ်ရရှိပါလိမ့်မယ် ”
အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဓားကျင့်ကြံသူတစ်ယောက်က ရေမှင်စာ၏ အရှေ့မှာ ထွက်ပေါ်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ငါးနှစ်ပြည့်တိုင်း အထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့တစ်လုံးကို ရရှိမှာလား… ။
ယင်းက ရေမှင်စာ၏ နောက်ဆုံးဂုဏ်သိက္ခာအမျှင်တန်းကို ဖြတ်တောက်လိုက်သည်။
သူက မူလစကြာဝဠာမှာ ဂုဏ်သတင်းကျော်ဇောခဲ့သော မဟာပညာရှိဖြစ်ပြီး ရှေးခေတ်နတ်သားရဲတစ်ကောင် ဖြစ်သည်။
သူက ဒြပ်စင်ငါးပါးမီးပြင်းဖိုအောက်မှာ နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံခဲ့ရသော်လည်း သူ၏ မာန်မာနက မကျိုးပျက်သွားခဲ့ပေ။
စကြာဝဠာနယ်မြေမှာဖြစ်စေ၊ ရှေးဦးကောင်းကင်ဘုံမြေမှာဖြစ်စေ သို့မဟုတ် လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေမှာဖြစ်စေ သူက အခက်အခဲများစွာဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း စိန်ခေါ်မှုမှန်သမျှကို ပြုံးလျက်သာ လက်ခံခဲ့သည်။
သူက ကမ္ဘာဦးအုပ်ချုပ်သူအဆင့် နတ်သားရဲတစ်ကောင် ဖြစ်လာလိမ့်မည်ဟု အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်ခဲ့သည်။
သို့သော်လည်း နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နှင့် ဟန်မူယဲ့ကို မြင်တွေ့ပြီးနောက် သူ၏ ယုံကြည်မှုက စတင်ယိမ်းယိုင်လာသည်။
သူသတိမထားမိလိုက်ခင်မှာ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ ကျင့်ကြံခြင်းစွမ်းအားက အုပ်ချုပ်သူအဆင့်နှင့် အလွန်နီးကပ်သွားပြီး သူ့ထက် အများကြီး ပိုသန်မာသွားသည်။
ထို့ပြင် တစ်ချိန်က သူအထင်အမြင်သေးခဲ့သော ဟန်မူယဲ့က ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ စောစီးစွာ တတ်လှမ်းသွားခဲ့သည်။ ယခု တစ်ဖက်လူက သူ့ကိုယ်ပိုင်စွမ်းအားဖြင့် စကြာဝဠာတစ်ခုလုံးကို ဖိနှိပ်နိုင်စွမ်းရှိသွားသည်။
နောက်ဆုံးအကြိမ် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နှင့် သူတွေ့ဆုံခဲ့စဉ်မှာ တစ်ဖက်လူပြောသွားခဲ့သော စကားများက သူ့အား အသိဝင်စေခဲ့သည်။
ဤနှစ်များမှာ သူ၏ ကျင့်ကြံခြင်းအခြေခံနှင့် တိုက်ပွဲစွမ်းအားက ခုန်ပျံကျော်လွှား ထိုးတတ်သွားခဲ့သည်။
ယခု သူက အင်မော်တယ်ဘုရင်အဆင့်မှာ ပြိုင်ဘက်ကင်းလုနီးပါး အခြေအနေသို့ ရောက်ရှိသွားသည်။
သို့သော်လည်း လက်ရှိ သူ၏ ကျင့်ကြံခြင်းစွမ်းအားနှင့် သူပိုင်ဆိုင်ထားသော အရင်းအမြစ်များအရ ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးဖြစ်လာရန် မလွယ်ကူသေးကြောင်း သိသည်။
သူက အချုပ်အနှောင်ကင်းလွတ်သူအဖြစ် အမြဲတမ်း နေထိုင်ခဲ့သည်။
သူက အဖွဲ့အစည်းတစ်ခုထဲသို့ ဝင်ရောက်မည့်အစား မိစ္ဆာအုပ်စုတစ်စုကို ဦးဆောင်၍ မဟာပညာရှိအဖြစ် ဆက်လက် နေထိုင်ရန်သာ ပိုပြီးစိတ်ဝင်စားသည်။ သူက အရင်းအမြစ်များ ရှာဖွေရန်အလို့ငှာ တာဝန်အမျိုးမျိုးကို စိတ်အားထက်သန်စွာ ထမ်းဆောင်လိမ့်မည်။
သို့သော်လည်း ဤတစ်ကြိမ်မှာတော့ သူက ဦးညွတ်ရန် ရွေးချယ်လိုက်သည်။
ငါးနှစ်ပြည့်သည့်အခါတိုင်း ရရှိလာမည့် အထွတ်အမြတ် အဆင့်တစ်ကောင်းကင်ပုတီးစေ့တစ်လုံးက သူ့အား ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးဖြစ်လာစေမည့် နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။
“ အကိုကြီး… မင်း… မင်းပြောတော့… ”
ရေမှင်စာ၏ အနောက်မှ ဦးချိုတစ်ချောင်းနှင့်မိစ္ဆာက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ပြောသည်။
သူက ရေမှင်စာ၏ အနောက်တွင် အမြဲတမ်း လိုက်ပါခဲ့သည့် မဟာမိစ္ဆာတစ်ကောင်ဖြစ်လေရာ ရေမှင်စာ၏ အကျင့်စရိုက်ကို ကောင်းကောင်း နားလည်ထားသည်။
ရေမှင်စာသည် အချုပ်အနှောင်မရှိသော လွတ်လပ်မှုကို သဘောကျသည်။ သို့ဖြစ်၍ သူက မည်သည့်အဖွဲ့အစည်းထဲသို့ ဝင်ရောက်ရန် ဆန္ဒမရှိခဲ့ပေ။
သို့သော်လည်း ဤတစ်ကြိမ်မှာ ရေမှင်စာက ခေါင်းညွတ်လိုက်လေသည်။
“ အသူရာကောင်းကင်ယဇ်ပလ္လင်ပေါ်မှာ ဟန်မူယဲ့ ဘာပြောခဲ့လဲ မင်းတို့မှတ်မိကြသေးလား ”
ရေမှင်စာက အနောက်လှည့်လိုက်ပြီး မိစ္ဆာအားလုံးကို ဝေ့ဝိုက်ကြည့်လိုက်သည်။
ဟန်မူယဲ့ ဘာပြောခဲ့လဲ… ။
မိစ္ဆာများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ အသူရာကောင်းကင်ယဇ်ပလ္လင်က အနှစ်တစ်ထောင်ကြာပြီးရင် ပြန်ဖွဲ့စည်းသွားပြီး ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးက နောက်တစ်ကြိမ် ဖွင့်လှစ်သွားလိမ့်မယ်… ဒါပေမဲ့ အခု အနှစ်ကိုးရာပဲ အချိန်ကျန်ရှိတော့တယ် ”
ရေမှင်စာက အဝေး၌ ကြောက်လန့်တကြား အနောက်ဆုတ်သွားနေကြသော ကောင်းကင်မိစ္ဆာသားရဲများနှင့် ကန်အန်းမျိုးနွယ်ဝင်များကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောသည်။
နောင်အနှစ်ကိုးရာကြာပြီးလျှင် ကောင်းကင်ဘုံဖွင့်လှစ်ခြင်းဓားဂိတ်တံခါးက ဖွင့်လှစ်သွားလိမ့်မည်။
ယင်းက မဟာအခွင့်အရေး ဖြစ်သည်။
မိစ္ဆာများသည် တစ်ယောက်ကိုတစ်ယောက် ထပ်မံ ကြည့်လိုက်ကြသည်။ ဤတစ်ကြိမ်တွင် စိတ်လှုပ်ရှားမှုက သူတို့၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ပေါ်လွင်နေသည်။
ရေမှင်စာက ခေါင်းခါလိုက်ပြီး နောက်ထပ် မပြောတော့ပေ။
ထိုမိစ္ဆာများက သူ၏ စိတ်ဆန္ဒကို နားမလည်နိုင်ကြပေ။
နောင်အနှစ်ကိုးရာကြာပြီးလျှင် ဟန်မူယဲ့၊ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၊ အံ့ဖွယ်ကိုးပါးမြို့တော်မှ ဓားကျင့်ကြံသူများနှင့် တခြားအင်အားစုများမှ အစွမ်းထက်ပုဂ္ဂိုလ်များက အသူရာကောင်းကင်ဘုံဆီသို့ ဝင်ရောက်ကြလိမ့်မည်။
ထိုအချိန်ကျလျှင် အကယ်၍ သူ၏ ကျင့်ကြံခြင်းအခြေခံက ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ မရောက်ရှိသေးဘဲ သူ၏ မူလဇစ်မြစ်က မတည်ငြိမ်သေးလျှင် အသူရာကောင်းကင်ဘုံသို့ သူသွားသင့်သလား သို့မဟုတ် မသွားသင့်ဘူးလား။
အကယ်၍ မူလဇစ်မြစ် မခိုင်မာသေးဘဲ သွားမည်ဆိုလျှင် ကောင်းကင်ဘုံသို့ လမ်းကြောင်းထဲမှာဖြစ်စေ သို့မဟုတ် အသူရာကောင်းကင်ဘုံထဲမှာဖြစ်စေ သူက အန္တရာယ်များဖြင့် ရင်ဆိုင်ရလိမ့်မည်။
သို့ဆိုလျှင် သူက အဆင့်နိမ့်ဘုံမှာ ကျန်နေခဲ့မည်လော။
“ တောင်ပေါ်မှာ ကျားမရှိရင် မျောက်က ဘုရင် ”ဟူသော ဆိုရိုးစကား ရှိ၏။
အကယ်၍ အဆင့်နိမ့်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်အားလုံးက အသူရာကောင်းကင်ဘုံဆီသို့ သွားရောက်မည်ဆိုလျှင် ရေမှင်စာက အလိုအလျောက် ဘုရင်ဖြစ်လာလိမ့်မည် မဟုတ်ပါလော။
သို့သော်လည်း ထိုသို့အခြေအနေမျိုးကို ရေမှင်စာကဲ့သို့ မာနကြီးသူက လက်ခံနိုင်လိမ့်မည်လော။
မှန်ပေ၏။ ရေမှင်စာ၏ ပန်းတိုင်သည် ဤအနှစ်ကိုးရာအတွင်း သူက ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးဖြစ်လာပြီး တခြားအစွမ်းထက်ပုဂ္ဂိုလ်များနှင့်အတူ အသူရာကောင်းကင်ဘုံဆီသို့ တတ်လှမ်းရန် ဖြစ်သည်။
သူ၏ ဆန္ဒကို ထိုမိစ္ဆာများက နားလည်နိုင်ကြလိမ့်မည် မဟုတ်ချေ။
ရေမှင်စာက ယခု ခေါင်းငုံ့လိုက်ခြင်းမှာ သူ၏ အနာဂတ်ပန်းတိုင်အတွက် ဖြစ်သည်။
အကယ်၍ သူက ဤအနှစ်ကိုးရာအတွင်းမှာ ကမ္ဘာဦးအုပ်ချုပ်သူတစ်ပါးဖြစ်လာမည်ဆိုလျှင် သူရင်းနှီးခဲ့ရသော အရာအားလုံးက ထိုက်တန်မှုရှိလိမ့်မည်။
တစ်ချိန်က မည်သူ့ကိုမှ ဦးမညွတ်ခဲ့သော ရေမှင်စာက သေဆုံးသွားပြီ ဖြစ်၏။
ယခု ရေမှင်စာက သူ၏ အနာဂတ်ပန်းတိုင်အတွက် အရာအားလုံးကို စတေး၍ လုပ်ဆောင်တော့မည်။
…..
အဝေးတွင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က သူ့အရှေ့မှ အလင်းလွှာကို မထူးမခြားနား အမူအရာဖြင့် ကြည့်နေသည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ ခန္ဓာကိုယ်က ရေမှင်စာနှင့် လုံးဝ မကွာခြားတော့ပေ။ သူ၏ မျက်နှာသည်ပင် ရေမှင်စာနှင့် တစ်ပုံစံတည်း ဆင်တူသည်။
“ ဒီတော့… သူပြောင်းလဲသွားတာကို ခင်ဗျားမြင်လိုက်ရပြီဆိုတော့ ခင်ဗျားရဲ့ နောက်ဆုံးအတွယ်အတာကို ဖြေလွှတ်နိုင်သွားပြီလား ”
ဟန်မူယဲ့က နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ ဘေးမှာ မတ်တတ်ရပ်နေပြီး နူးညံ့စွာ မေးသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ခေါင်းညိတ်လိုက်သည်။
ထို့နောက် ခါးသီးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာပြီးလျှင် သူက ပြောသည်။
“ သူက ငါ့ရဲ့ နောက်ဆုံးအတွယ်အတာလို့ မင်းပြောတာ တကယ်မှန်တယ် ”
“ တကယ်လို့ သူသာ အဲ့ဒီနောက်ဆုံးအဆင့်ကို မတတ်လှမ်းနိုင်ဘူးဆိုရင် ငါလည်းပဲ အုပ်ချုပ်သူတစ်ပါး ဖြစ်လာနိုင်မှာ မဟုတ်ဘူး ”
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က အသက်ပြင်းပြင်းရှူသွင်းလိုက်လေရာ အဆုံးမဲ့သော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဒီတစ်ကြိမ်တော့ အုပ်ချုပ်သူအဆင့်ကို ငါတတ်လှမ်းနိုင်ဖို့ အစွမ်းကုန် ထုတ်လွှတ်တော့မယ် ”
အုပ်ချုပ်သူအဆင့်သို့ ဝင်ရောက်ရန် ကြိုးစားခြင်း… ။
အတိတ်မှာ ရုပ်သေးသခင်တစ်ယောက်၏ အကြွင်းအကျန်ဝိညာဉ်မျှသာဖြစ်ခဲ့သော နတ်ဘုရားသတ်ဖြတ်ခြင်းက ယခုကဲ့သို့ အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းရန် အခွင့်အရေးရှိလာလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။
“ ကန်အန်းစကြာဝဠာက ကိစ္စတွေကို ခင်ဗျားဆီ ကျုပ်လွှဲထားခဲ့မယ် ”
“ မပြီးသေးတဲ့ ကိစ္စတချို့ကို ဖြေရှင်းဖို့အတွက် မူလစကြာဝဠာဆီ ကျုပ်ပြန်သွားရဦးမယ် ”
မူလစကြာဝဠာက ကျင့်ကြံခြင်းလမ်းစဉ်ကို ဟန်မူယဲ့ စတင်ခဲ့သောနေရာ ဖြစ်သည်။
မူလစကြာဝဠာထဲမှာ စကြာဝဠာကပ်ဘေး၏ ဇစ်မြစ်ရှိသည်။
ထိုအရာအားလုံးက ဟန်မူယဲ့နှင့် ဆက်စပ်နေသည်။ ယင်းတို့ကို သူဖြေရှင်းရန် လိုအပ်သည်။
“ တကယ်လို့ ကျုပ်အထင်မမှားဘူးဆိုရင် ဒီဘုံမှာ စကြာဝဠာကပ်ဘေးဖြစ်ပေါ်လာရတာက အကြောင်းအရင်းနှစ်ခုကြောင့် ဖြစ်နိုင်တယ်… ပထမအကြောင်းအရင်းက အသူရာကောင်းကင်ဘုံက ဒီဘုံက မူလစွမ်းအားကို ဆွဲထုတ်သွားလို့ပဲ… ဒုတိယအကြောင်းအရင်းက မူလစွမ်းအားကို စုပ်ယူထားကြတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ ဒီဘုံကနေ ထွက်ခွာသွားကြလို့ပဲ ”
မူလစွမ်းအား လျော့နည်းသွားသည့်အခါ စကြာဝဠာကပ်ဘေးက ထွက်ပေါ်လာလိမ့်မည်။
သို့ဖြစ်၍ စကြာဝဠာကပ်ဘေးကို ဖြေရှင်းရန်အလို့ငှာ တစ်စုံတစ်ယောက်က မူလဇစ်မြစ်ကို ပြန်အားဖြည့်ပေးရမည်။
အတိတ်တွင် စကြာဝဠာကပ်ဘေးက မိုးမြေကြားထဲမှာ ဖြတ်သန်းသွားပြီး စကြာဝဠာအမြောက်အများကို ဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက် အာကာသဟင်းလင်းပြင်ထဲမှာ အပျက်အစီးနယ်မြေများ ထွက်ပေါ်လာကြသည်။ အချိန်ကြာလာသည့်အခါ ယင်းတို့က မူလစွမ်းအားကို ဖရိုဖရဲဖြစ်စေပြီး ကောင်းကင်နှင့် မြေပြင်ကို တဖန်ဆင့်ကဲပြောင်းလဲစေလိမ့်မည်။
ထိုဖြစ်စဉ်အတွင်းဝယ် စကြာဝဠာများထဲမှာ နေထိုင်ကြသော သက်ရှိများက မဟာကပ်ဘေးဖြင့် ရင်ဆိုင်ကြရလိမ့်မည်။
“ မင်းက စကြာဝဠာကပ်ဘေးကို ဖယ်ရှားဖို့ မူလဇစ်မြစ်ကို အားပြန်ဖြည့်ချင်တာလား ”
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ဟန်မူယဲ၏ စကားကို ကြားသောအခါ အံ့ဩသွားပြီး မေးသည်။
“ မင်း အသူရာကောင်းကင်ဘုံဆီ သွားချင်တာ မူလဇစ်မြစ်ကို လုယက်ဖို့လား ”
ထိုကိစ္စသည် ပြက်လုံးတစ်ခု မဟုတ်ပေ။
အတိတ်တွင် ဓားနတ်ဘုရားလုယွဲ့နှင့် အံ့ဖွယ်ကိုးပါးတောင်သခင်က အသူရာကောင်းကင်ဘုံထဲသို့ ဝင်ရောက်သွားခဲ့ကြပြီး မိုးမြေတစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ခဲ့ကြသည်။ သို့သော်လည်း သူတို့က အသူရာကောင်းကင်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များ၏ လိုက်ဖမ်းဆီးမှုကို တိမ်းရှောင်ရန် သူတို့၏ ဝိညာဉ်ကို ခွဲထုတ်ခဲ့ကြပြီး နောက်ဆုံးမှာ အိပ်မောကျသွားခဲ့ကြသည်။
ဖြစ်နိုင်သည်မှာ ဟန်မူယဲ့သည်လည်း ထိုသို့အဆုံးသတ်သွားမည်လော။
“ တကယ်တော့ ကောင်းကင်စက်ဝန်းစစ်မြေပြင်ထဲမှာ ပုန်းအောင်းနေကြတဲ့ အဲ့ဒီတန်ခိုးရှင်တွေ ပြန်ရောက်လာကြမယ်ဆိုရင်လည်း မူလစွမ်းအားက ပမာဏအများကြီး ပြန်ပြည့်သွားလိမ့်မယ် ”
ဟန်မူယဲ့က ပြုံးလိုက်ပြီး သိမ်မွေ့စွာ ပြောသည်။
“ အဲ့ဒီနည်းနဲ့ဆိုရင် အသူရာကောင်းကင်ဘုံက ဒီဘုံရဲ့ ဘယ်မူလအစိတ်အပိုင်းကို ဆွဲထုတ်သွားခဲ့တာလဲ ကျုပ်အဖြေရှာနိုင်လိမ့်မယ် ”