အခန်း (၁၅၀၀)
Vol. 108 Ch. 1500
အသူရာကောင်းကင်ယဇ်ပလ္လင်ပေါ်မှာ သူရှိနေခဲ့စဉ်က ဤဘုံ၏ ဆုံးရှုံးသွားခဲ့သော မူလစွမ်းအားကို ဟန်မူယဲ့ အာရုံခံမိခဲ့သည်။
သို့သော်လည်း မည်သည့်မူလစွမ်းအားများက အသူရာကောင်းကင်ဘုံ၏ ဆွဲထုတ်ခံခဲ့ရကြောင်း သို့မဟုတ် အစွမ်းထက်ပုဂ္ဂိုလ်များ၏ ထွက်ခွာမှုကြောင့် မည်သည့်မူလစွမ်းအားများက ပုန်းကွယ်နေကြောင်း တိတိကျကျ သူမသိသေးပေ။
ဤတစ်ကြိမ်တွင် မူလစကြာဝဠာဆီသို့ သူပြန်သွားသည့်အခါ ကောင်းကင်စက်ဝန်းစစ်မြေပြင်ထဲမှာ ပုန်းအောင်းနေသော ထိုအစွမ်းထက်ပုဂ္ဂိုလ်များကို အပြင်သို့ ထွက်လာရန် အတင်းအကျပ် သူဖိအားပေးလိမ့်မည်။
ဟန်မူယဲ့၏ စကားကို ကြားသောအခါ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ မျက်နှာက ပိုပြီးတည်ကြည်လေးနက်သွားသည်။
ထိုအစွမ်းထက်ပုဂ္ဂိုလ်များကို အပြင်သို့ ထွက်လာရန် ဖိအားပေးခြင်းက လွယ်ကူသော ကိစ္စမဟုတ်ပေ။ ထိုကိစ္စထဲမှာ ပါဝင်ပတ်သတ်နေသော ကမ္မက အလွန်ကြီးမားသည်။
မည်သို့ဖြစ်ပါစေ ထိုအစွမ်းထက်ပုဂ္ဂိုလ်များထဲမှာ အုပ်ချုပ်သူအဆင့်ပုဂ္ဂိုလ်တချို့လည်း ပါဝင်ကြသည်။ ကောင်းကင်စက်ဝန်းစစ်မြေပြင်ထဲတွင် ဟန်မူယဲ့ကို ပြိုင်ဘက်ကင်းပုဂ္ဂိုလ်အဖြစ် သတ်မှတ်နိုင်၏။
သို့သော်လည်း နှစ်ပေါင်းမြောက်များစွာကြာပြီးနောက် ကောင်းကင်စက်ဝန်းစစ်မြေပြင်ထဲမှာ အရေအတွက်များပြားသော အစွမ်းထက်ပုဂ္ဂိုလ်များက စုဝေးသွားခဲ့ကြသည်။
ထိုသို့အင်အားစုကို အပြင်သို့ ခေါ်ထုတ်ခြင်းက အင်မတန် ခက်ခဲသောကိစ္စ ဖြစ်သည်။
ယင်းက ကြီးမားသော သက်ရောက်မှုကို ဖြစ်ပေါ်စေလိမ့်မည်။
“ ကျုပ်က ကောင်းကင်စက်ဝန်းစစ်မြေပြင်က အဲ့ဒီလူတွေနဲ့ ရန်သူဖြစ်လာမယ်လို့ မပြောခဲ့ပါဘူး ”
ဟန်မူယဲ့က ရယ်မောလိုက်ပြီး သူ၏ ညာဘက်လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။
ရန်သူတွေဖြစ်မလာဘူးလား… ။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က တဒင်္ဂ မိန်းမောတွေဝေသွားပြီး စိတ်ရှုပ်ထွေးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သို့ဆိုလျှင် ကောင်းကင်စက်ဝန်းစစ်မြေပြင်ထဲမှာ ပုန်းအောင်းနေကြသော ထိုအစွမ်းထက်ပုဂ္ဂိုလ်များက မူလစကြာဝဠာဆီသို့ ကိုယ့်သဘောဆန္ဒဖြင့် ပြန်ရောက်လာကြမည်လော။
…..
ဟန်မူယဲ့ ထွက်ခွာမည့်အချိန်မှာ ဟွမ်ကျစ်ဟူက အတူပြန်ချင်ကြောင်း ပြောသည်။ သို့သော်လည်း ဟန်မူယဲ့က ငြင်းဆန်ခဲ့သည်။
မည်သို့ဖြစ်ပါစေ ဤနေရာမှ စစ်ရေးကိစ္စရပ်များတွင် ဟွမ်ကျစ်ဟူ၏ ကြီးကြပ်ပေးမှုကို မရှိမဖြစ်လိုအပ်သည်။ ထို့ပြင် ကန်အန်းစကြာဝဠာ၏ အလွန်ပေါကြွယ်ဝသော မူလစွမ်းအားကြောင့် ဤနေရာမှာ နေထိုင်ခြင်းက ဟွမ်ကျစ်ဟူအတွက် ပိုပြီးအကျိုးရှိလိမ့်မည်။
နောက်ဆုံးမှာတော့ ဟန်မူယဲ့နှင့် ဟွမ်ခြောက်သည်သာ ကန်အန်းစကြာဝဠာမှ အတူထွက်ခွာသွားကြသည်။
“ ဘာမှစိတ်မပူပါနဲ့… မူလစကြာဝဠာက ကိစ္စသေးသေးလေးတွေကို အကိုဟန်နဲ့ ငါက အေးဆေးကိုင်တွယ်ဖြေရှင်းနိုင်ပါတယ် ”
ဟွမ်ခြောက်က သူမထွက်သွားမီ ယုံကြည်မှုရှိစွာ ပြောခဲ့သည်။
သို့သော်လည်း မူလစကြာဝဠာဆီသို့ သူတို့မရောက်သွားမီ ဟွမ်ခြောက်က ဟန်မူယဲ့နှင့် လမ်းခွဲသွားခဲ့သည်။
ဟွမ်ခြောက်၏ ပြောစကားအရ ကိစ္စအားလုံးက အသေးအမွှားသာဖြစ်ပြီး ယင်းတို့ကို ဟန်မူယဲ့တစ်ယောက်တည်း ဖြေရှင်းနိုင်သည်။
မည်သို့ဖြစ်ပါစေ မူလစကြာဝဠာထဲတွင် အုပ်ချုပ်သူအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး မဖြေရှင်းနိုင်သော ကိစ္စများ ရှိနေသေးသလော။
သူကိုယ်တိုင်သည်တော့ ဆဌမမြောက်မရီးကို သွားတွေ့လိမ့်မည်။
နှစ်ပေါင်းမြောက်များစွာကြာပြီးနောက် ရှေးဦးကောင်းကင်ဘုံမြေထဲတွင် ဆဌမမြောက်မရီးက အသင်္ချေကောင်းကင်ဘုံကုန်းမြေထဲ၌ ဆက်လက် ရှိနေဆဲပင်။
ဟန်မူယဲ့က ဟွမ်ခြောက်ကို သစ္စာမရှိကြောင်း စနောက်ပြောသည်။ ထို့နောက် သူက မူလစကြာဝဠာဆီသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။
မူလစကြာဝဠာဆီသို့ သူပြန်ဝင်လာသည့်အခိုက် တောက်ပသော အလင်းရောင်က ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ မိုးမြေစွမ်းအားက သူ့အပေါ် လွှမ်းခြုံလာနေကြောင်း ဟန်မူယဲ့ ရှင်းလင်းစွာ ခံစားမိသွားသည်။
ယင်းက အတိတ်တွင် သူကျင့်ကြံနေစဉ်အတွင်း မိုးမြေစွမ်းအားကို ချေးငှားယူခဲ့စဉ်ကနှင့် ကွဲပြားခြားနားသည်။ ယင်းက ဤစကြာဝဠာထဲသို့ သူဝင်ရောက်လာပြီးနောက် မိုးမြေနှင့် သူ့ကြားမှာ တမူထူးခြားသော ဆက်သွယ်မှုတစ်ခု ရှိသွားသည်ဟူသော ခံစားချက်မျိုး ဖြစ်၏။
“ အဲ့ဒါ မူလစွမ်းအားရဲ့ ပဲ့တင်ပြန်မှုပဲ ”
သူ့ကိုယ်ပိုင် အမျိုးမျိုးသော မူလစွမ်းအားများက အခြေခိုင်မာပြီး ပြီးပြည့်စုံသည်။ သို့ဖြစ်၍ ဤစကြာဝဠာထဲသို့ သူဝင်ရောက်လာသည့်အခါ သူက မိုးမြေ၏ မူလဇစ်မြစ်တစ်စိတ်တစ်ပိုင်း ဖြစ်သွားသည်။
ဥပမာ သူ၏ ခန္ဓာကိုယ်ထဲတွင် ပြီးပြည့်စုံသော မိုးကြိုးမူလစွမ်းအားရှိပြီး မူလစကြာဝဠာထဲသို့ သူဝင်ရောက်လာမည်ဆိုလျှင် မူလစကြာဝဠာ၏ မိုးကြိုးမူလစွမ်းအားက သိသိသာသာ တိုးမြှင့်သွားလိမ့်မည်။
တစ်နည်းဆိုရသော် ပြီးပြည့်စုံသော မူလစွမ်းအားကို ပိုင်ဆိုင်ထားသည့် အုပ်ချုပ်သူတစ်ပါးက စကြာဝဠာတစ်ခုလုံးကို အထောက်အပံ့ပေးနိုင်သည်။
အပြန်အလှန်အနေဖြင့် ယင်းက စကြာဝဠာအသီးသီးတွင် ကျင့်ကြံခြင်းလမ်းစဉ် မှေးမှိန်လာရသော အဓိကအကြောင်းအရင်းများအနက် တစ်ခုဖြစ်သည်။
အစွမ်းထက်ပုဂ္ဂိုလ်များ၊ အထူးသဖြင့် စကြာဝဠာ၏ အထွတ်အထိပ်ပုဂ္ဂိုလ်များက မူလစွမ်းအားများကို သူတို့နှင့်အတူ ယူဆောင်၍ အပြင်သို့ ထွက်ခွာသွားကြသည့်အခါ ထိုစကြာဝဠာ၏ ကျင့်ကြံခြင်းလမ်းစဉ်က အလိုအလျောက် မှေးမှိန်သွားလိမ့်မည်။
“ ဒါဆိုရင် အဲ့ဒီမူလစွမ်းအားတွေကို ပြန်အားဖြည့်ပေးတာပေါ့ ”
ဟန်မူယဲ့က နူးညံ့စွာ တီးတိုးရေရွတ်လိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။
…..
အံ့ဖွယ်တစ်သောင်း ကောင်းကင်အသူရာချောက်နက်… ။
အံ့ဖွယ်တစ်သောင်းမြို့တော်… ။
ကောင်းကင်အသူရာချောက်နက်၏ အောက်ခြေတွင် မရေမတွက်နိုင်သော အပျက်အစီးနယ်မြေများ ရှိသည်။
ကျင့်ကြံသူအများစုအတွက်တော့ ထိုကောင်းကင်အသူရာချောက်နက်က အလွန်အန္တရာယ်များသောနေရာ ဖြစ်သည်။
အထူးသဖြင့် အစွမ်းထက်ပုဂ္ဂိုလ်များအတွက် ဖြစ်သည်။ သူတို့က အပျက်အစီးနယ်မြေများထဲမှ စွမ်းအင်များ၏ ဆွဲငင်ခံရမည်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် အစွမ်းထက်ပုဂ္ဂိုလ်များသည် ကောင်းကင်အသူရာချောက်နက်ဆီသို့ စွန့်စားခရီးမထွက်လိုကြချေ။
ကောင်းကင်အသူရာချောက်နက်ထဲတွင် အံ့ဖွယ်တစ်သောင်းမြို့တော် တည်ရှိသည်။
အတိတ်မှာ ဟန်မူယဲ့က ထိုမြို့ကို ဖျက်ဆီးပစ်ခဲ့သည်။
နောက်ပိုင်းတွင် ညီမမူဝမ်နှင့် တခြားကျင့်ကြံသူအများအပြားက ထိုနေရာမှာ ကျန်နေခဲ့ကြသည်။
အတိတ်မှာ ဟွမ်ကျစ်ဟူနှင့် ဓားကျင့်ကြံသူတစ်သန်းသည်လည်း ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာမှ လိုက်ဖမ်းမှုကို ရင်ဆိုင်ရန် အံ့ဖွယ်တစ်သောင်းမြို့တော်ထဲမှာ နေထိုင်ခဲ့ကြသည်။
နောက်ပိုင်းတွင် မိုးမြေက ပေါင်းစပ်သွားပြီး ဟန်မူယဲ့က ကမ္ဘာများကြားမှ အတားအဆီးများကို ချိုးဖြတ်လိုက်သည့်အခါ ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာက အင်မော်တယ်ကမ္ဘာအမျိုးမျိုးနှင့် ပေါင်းစည်းသွားသည်။ ထို့နောက် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်နှင့် တခြားအင်အားစုများက ဟွမ်ကျစ်ဟူတို့အုပ်စုကို လိုက်ဖမ်းရန် စိတ်မဝင်စားကြတော့ချေ။
ထို့ကြောင့် ကောင်းကင်အသူရာချောက်နက်က အမေ့လျော့ခံနေရာ ဖြစ်လာသည်။
မူလစကြာဝဠာထဲမှ အဓိကအင်အားစုများသည် ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာကိုသာ အာရုံစိုက်ကြသည်။ သို့ဖြစ်၍ သူတို့က ကောင်းကင်အသူရာချောက်နက်မှ ကိစ္စများကို လျစ်လျူရှုထားကြသည်။
သို့သော်လည်း ဤနှစ်များတွင် ကောင်းကင်အသူရာချောက်နက်က အဆင့်နိမ့်ကျင့်ကြံသူများအတွက် သူတော်စင်နယ်မြေတစ်ခု ဖြစ်လာသည်။
အံ့ဖွယ်တစ်သောင်းမြို့တော်နှင့် အပျက်အစီးနယ်မြေများက အင်မော်တယ်အရှင်သခင်နှင့် သူတို့၏ အောက်မှ ကျင့်ကြံသူများကို ဆွဲဆောင်ထားနိုင်သည်။ ဥပမာ ရွှေအင်မော်တယ်များနှင့် မဟာအင်မော်တယ်များ ဖြစ်ကြသည်။
…..
“ ငါမင်းကို ပြောပြမယ်… အခုတလော အံ့ဖွယ်တစ်သောင်းမြို့တော်ထဲမှာ အင်မော်တယ်အရှင်သခင်မူဝမ် သုတေသနပြုလုပ်နေတဲ့ မှတ်ဉာဏ်ထိန်းနတ်ဘုရားဆေးလုံး ထွက်ပေါ်လာပြီ… အဲ့ဒီဆေးလုံးကို သောက်သုံးမယ်ဆိုရင် အပျက်အစီးနယ်မြေထဲ ဝင်ရောက်တဲ့အခါ အပျက်အစီးနယ်မြေထဲက မှတ်ဉာဏ်အများစုကို ထိန်းသိမ်းနိုင်လိမ့်မယ် ”
ယာဉ်ပျံတစ်စင်းပေါ်တွင် အနက်ရောင်ဝတ်စုံနှင့် တာအိုပညာရှင်တစ်ဦးက ပြောသည်။
အပျက်အစီးနယ်မြေများထဲသို့ သူတို့ဝင်ရောက်ရသည့် အကြောင်းအရင်းမှာ ဆင်ခြင်နားလည်ရန်အတွက် ဖြစ်သည်။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် အပြင်ရောက်သည့်အခါ ထိုဆင်ခြင်နားလည်မှုများက ပျောက်ကွယ်သွားလိမ့်မည်။
သို့သော်လည်း မှတ်ဉာဏ်ထိန်းနတ်ဘုရားဆေးလုံးဖြင့်ဆိုလျှင် သူတို့က ထိုဆင်ခြင်နားလည်မှုကို အချိန်အတော်ကြာ ထိန်းသိမ်းနိုင်လိမ့်မည်။
ထိုကြာချိန်က လူအများစုကို အဆင့်ချိုးဖြတ်နိုင်စေရန် လုံလောက်သည်။
“ မှတ်ဉာဏ်ထိန်းနတ်ဘုရားဆေးလုံး… အဲ့ဒါက ဘယ်လောက်လဲ ”
ထိုတာအိုပညာရှင်၏ စကားကို ကြားသောအခါ သရဖူဆောင်းထားသော လူငယ်တစ်ယောက်က စူးစမ်းသိလိုစွာ မေးသည်။
ထိုလူငယ်၏ ကျင့်ကြံခြင်းအဆင့်က ခြေလှမ်းဝက် ရွှေအမြူတေအဆင့်မှာ ဖြစ်၏။ သို့သော်လည်း သူက အတားအဆီးတစ်ခုကို တွေ့ကြုံနေသည့်အလား အချိန်အတော်ကြာအောင် အဆင့်မချိုးဖြတ်နိုင်သေးပေ။
ယာဉ်ပျံပေါ်တွင် တခြားလူများသည်လည်း ခေါင်းမော့လိုက်ကြသည်။
ယင်းက သာမန်ယာဉ်ပျံတစ်စင်းဖြစ်ပြီး ပေသုံးဆယ်သာ ရှည်လျားသည်။ ယာဉ်ပျံမှာ သံချပ်ကာအလွှာသုံးလွှာပါရှိပြီး ယင်း၏ အလျင်က သာမန်သာဖြစ်၏။
ကောင်းကင်အသူရာချောက်နက်ထဲတွင် ထိုသို့ယာဉ်ပျံများကို အမြဲတစေ မြင်တွေ့နိုင်ပေသည်။
ယာဉ်ပျံပေါ်မှ ကျင့်ကြံသူများထဲတွင် အများစုက ကောင်းကင်အင်မော်တယ်နှင့် ရွှေအင်မော်တယ်အဆင့်မှာ ဖြစ်ကြသည်။
အင်မော်တယ်အရှင်သခင်အဆင့် ပုဂ္ဂိုလ်များသည်တော့ သူတို့က ယာဉ်ပျံဖြင့် မသွားလာကြချေ။ သူတို့က ကိုယ့်ဘာသာ လွတ်လပ်စွာ ရွေ့လျားသွားလာနိုင်ကြသည်။
“ အံ့ဖွယ်တစ်သောင်းမြို့တော်ထဲမှာ မှတ်ဉာဏ်ထိန်းနတ်ဘုရားဆေးလုံးတွေကို ရောင်းချတဲ့ ဆေးဆိုင်တွေ အများကြီးရှိတယ်… ပြီးတော့ ဆေးတစ်လုံးကို နတ်ဘုရားသလင်းကျောက်ဆယ်ခုပဲ ကျတယ် ”
နတ်ဘုရားလောကနှင့် တခြားအင်မော်တယ်လောကများ ပေါင်းစည်းသွားပြီးနောက် နတ်ဘုရားသလင်းကျောက်များက အဓိကငွေကြေး ဖြစ်လာသည်။
မှန်ပေ၏။ ကောင်းကင်အသူရာချောက်နက်ထဲမှ ကောင်းကင်အသူရာပုလဲများဖြစ်စေ အင်မော်တယ်ချီမှ ဖွဲ့စည်းသွားသော အင်မော်တယ်ဝိညာဉ်ကျောက်တုံးများဖြစ်စေ သို့မဟုတ် မူလစွမ်းအားနှင့် စည်းမျဉ်းချိုးဖြတ်စွမ်းအားကို ထောက်ပံ့ပေးနိုင်သော ရတနာများဖြစ်စေ ယင်းတို့က အဆင့်နိမ့်ကျင့်ကြံသူများ ရရှိရန် အလွန်ခဲယဉ်းသော ငွေကြေးများ ဖြစ်ကြသည်။
အထူးသဖြင့် မူလစွမ်းအားနှင့် စည်းမျဉ်းချိုးဖြတ်စွမ်းအားများ ကိန်းအောင်းနေသော ရတနာများ ဖြစ်ကြသည်။ ယင်းတို့ကို မည်သည့်နေရာတွင်မဆို လဲလှယ်နိုင်ပေသည်။
“ နတ်ဘုရားသလင်းကျောက်ဆယ်ခု… ဒီပမာဏက ဈေးမကြီးဘူး ”
ယာဉ်ပျံပေါ်မှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
အကယ်၍ နတ်ဘုရားလောကနှင့် မပေါင်းစပ်ခင်ကဆိုလျှင် နတ်ဘုရားသလင်းကျောက်တစ်ခုရရန် မလွယ်ကူပေ။ အင်မော်တယ်အရှင်သခင်အဆင့်အောက်မှ ကျင့်ကြံသူများသည် တစ်နှစ်ကို နတ်ဘုရားသလင်းကျောက်တစ်ခုပင် မရရှိကြချေ။
အတိတ်တွင် ဟန်မူယဲ့သည် ကောင်းကင်နှင့် မြေပြင်ကြားမှ အတားအဆီးများကို ချိုးဖြတ်ပြီး ဖူယုအင်မော်တယ်လောကကို နတ်ဘုရားလောကနှင့် ပေါင်းစပ်ခဲ့သည်။ ထိုအချိန်မှစ၍ နတ်ဘုရားသလင်းကျောက်များကို ထုတ်လုပ်သည့် သတ္ထုအရည်ကျိုခြင်းလုပ်ငန်းက စတင်ဖွင့်လှစ်သွားပြီး ကုန်းမြေအများအပြားတွင် နတ်ဘုရားသလင်းကျောက်များ ထွက်ပေါ်လာကြသည်။
သို့ဖြစ်၍ နတ်ဘုရားသလင်းကျောက်များသည် အတိတ်မှာကဲ့သို့ ထိပ်တန်းအဆင့် ကုန်သွယ်ရေးပစ္စည်း မဟုတ်တော့ပေ။
တစ်စုံတစ်ယောက်က ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ရှိသွားလျှင် အနည်းဆုံး နတ်ဘုရားသလင်းကျောက်ဒါဇင်ခန့် သို့မဟုတ် တစ်ရာခန့်ကို ရှာဖွေနိုင်လိမ့်မည်။
“ ငါတို့တွေ အံ့ဖွယ်တစ်သောင်းမြို့တော်ကို ရောက်တော့မယ် ”
ယာဉ်ပျံပေါ်မှ တစ်စုံတစ်ယောက်က ကြေညာလိုက်သည်။
ထိုအခါ ယာဉ်ပျံပေါ်မှ လူတိုင်းက ခေါင်းမော့လိုက်ကြသည်။
“ ဘုရားရေ… ဒီမြို့တော်က မိုင်တစ်ထောင်တောင် ကျယ်ပြောတာပဲ ”
“ မိုင်တစ်ထောင်ဟုတ်လား… မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ… အဲ့ဒါက အံ့ဖွယ်တစ်သောင်းမြို့တော်ရဲ့ ကာကွယ်ရေးမြို့တွေထဲက တစ်ခုဖြစ်တဲ့ ဒုန်းယွင်မြို့ပဲ ရှိသေးတယ် ”
“ အတိတ်မှာဆိုရင် အံ့ဖွယ်တစ်သောင်းမြို့တော်က မိုးမြေအလွှာလေးခုရှိတဲ့ ကိုယ်ပိုင်ကမ္ဘာတစ်ခုလိုပဲ… နောက်ပိုင်းမှာ တိုက်ပွဲကြီးတစ်ခုဖြစ်လို့ ပျက်စီးသွားခဲ့တာ… ”
…..
ယာဉ်ပျံပေါ်တွင် ဟန်မူယဲ့က ပြတင်းပေါက်နားမှာ ကျောမှီထားရင်း အဝေးသို့ ငေးကြည့်နေသည်။
ဒုန်းယွင်မြို့သည် ကောင်းကင်အသူရာချောက်နက်၏ အလယ်ဗဟိုတွင် ကြယ်စင်စုတစ်ခုနှင့် ဆင်တူသည်။
အချိန်ကို ရေတွက်မည်ဆိုလျှင် နောက်ဆုံးအကြိမ် သူထွက်သွားခဲ့သည်မှာ အနှစ်တစ်ထောင်ကြာမြင့်သွားပြီ ဖြစ်၏။ ယခု အံ့ဖွယ်တစ်သောင်းမြို့တော်ကို သူပြန်မြင်လိုက်ရသောအခါ ခေတ်တစ်ခေတ် ကုန်လွန်သွားသည်ဟု ခံစားမိသွားသည်။
ယာဉ်ပျံများက ကောင်းကင်ပေါ်မှာ စီတန်းနေကြပြီး ဝိညာဉ်အလင်းနှင့်အတူ ကာကွယ်ရေးမြို့များကြားမှာ ဖြတ်သန်းသွားနေကြသည်။
ထိုယာဉ်ပျံများပေါ်တွင် ကျင့်ကြံသူများက အပျက်အစီးနယ်မြေများထဲသို့ မည်သို့ဝင်ရောက်သင့်ပြီး ဉာဏ်အလင်းများ ရှာဖွေသင့်ကြောင်း ကျယ်လောင်စွာ ဆွေးနွေးနေကြသည်။
ယခု သူတို့က အပျက်အစီးနယ်မြေအများစုကို စွန့်စားရှာဖွေပြီးကြပြီ ဖြစ်၏။ သို့ဖြစ်၍ အသက်ရှင်နိုင်ခြေများသော နည်းလမ်းများကို သူတို့က နားလည်ထားကြပြီးပြီ ဖြစ်၏။ ရုပ်ခန္ဓာကိုယ်ဖြင့် ဝင်ရောက်ခြင်းဖြစ်စေ သို့မဟုတ် ဝိညာဉ်ဖြင့် ဝင်ရောက်ခြင်းဖြစ်စေ အသက်ရှင်နိုင်ခြေများသော စည်းမျဉ်းများနှင့် နည်းလမ်းများက သူတို့ဆီမှာ ရှိသည်။
အံ့ဖွယ်တစ်သောင်းမြို့တော်သည် ယင်းကို စီးပွားရေးတစ်ခုအဖြစ် လုပ်ဆောင်သည်။
ထို့ပြင် ထိုစီးပွားရေးက အတော်လေး ဖြစ်ထွန်းသည်။
အံ့ဖွယ်တစ်သောင်းမြို့တော်ရှေ့မှာ မတ်တတ်ရပ်နေစဉ် ဟန်မူယဲ့၏ မျက်နှာပေါ်မှာ လွမ်းဆွေးသတိရသော အမူအရာ ထွက်ပေါ်လာသည်။
အတိတ်မှာ ခမ်းနားထည်ဝါခဲ့သော ကျောက်တုံးမြို့တော်သည် ယခု စိမ်းလန်းစိုပြေလာသည်။ ယင်းက ညီမမူဝမ်၏ အကျင့်စရိုက်နှင့် လိုက်လျောညီထွေသည်။
သူက နေရာမှာ မတ်တတ်ရပ်နေလျက် အရှေ့သို့ ကြည့်လိုက်သည်။
“ ဝှစ် ”
ကန်ရေပြင်ပေါ်မှာ သိမ်မွေ့သော လှိုင်းတချို့ ထွက်ပေါ်လာသကဲ့သို့ ပုံရိပ်တစ်ခုက သူ့အရှေမှာ ထွက်ပေါ်လာသည်။
ထိုလူက အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး သူ၏ ဆံပင်ရှည်က လေထဲမှာ ယိမ်းနွဲ့နေသည်။
လောကအညစ်အကြေးများက ထိုပုံရိပ်အပေါ်မှာ လုံးဝ ကပ်ညိမနေလေရာ သူက တခြားကမ္ဘာမှ ရောက်လာသော နတ်သမီးတစ်ပါးအလားပင်။
ယင်းက အတိတ်၌ အံ့ဖွယ်ကိုးပါးတောင်ပေါ်ရှိ ဆေးခန်းဆောင်အပြင်ဘက်မှ မြင်ကွင်းနှင့် ဆင်တူပေသည်။
“ အကိုဟန်… ရှင်ပြန်လာပြီ ”
…..
ဤလောကတွင် မိန်းကလေးမည်မျှများများက အမျိုးသား၏ စိုးရိမ်ပူပန်မှုကို ဖြေလျော့ပေးရန်အလိုငှာ သိုသိုသိပ်သိပ် ပုန်းကွယ်နေရန် ဆန္ဒရှိကြောင်း ဟန်မူယဲ့ မသိပေ။
မိန်းကလေးမည်မျှများများက အနှစ်တစ်ရာ သို့မဟုတ် အနှစ်တစ်ထောင်ကြာသည်အထိ အထီးကျန်စွာ စောင့်ဆိုင်းနေရန် ဆန္ဒရှိကြောင်း ဟန်မူယဲ့ မသိပေ။
မိန်းကလေးမည်မျှများများက အနှစ်တစ်ထောင်ကြာပြီးနောက် သူတို့ပြန်တွေ့ဆုံသည့်အခါ ဤသို့ကြည်လင်တောက်ပသော မျက်လုံးများဖြင့် ကြိုဆိုနှုတ်ဆက်လိမ့်မည်ကို ဟန်မူယဲ့ မသိပေ။
ဖြစ်နိုင်သည်မှာ ထိုအကြောင်းအရင်းများကြောင့် ညီမမူဝမ်ကို သူရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။
ဤနေရာမှာ သူမတ်တတ်ရပ်နေစဉ် ရှေးဦးကောင်းကင်ဘုံမြေမှ အဖြစ်အပျက်များ၊ ကြယ်စင်စုစကြာဝဠာ၊ လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေနှင့် အသူရာကောင်းကင်ဘုံမှ ကိစ္စများက သူ၏ မှတ်ဉာဏ်ထဲတွင် ပုံရိပ်ယောင်သဖွယ် ဝေဝါးသွားသည်။
သူ့အရှေ့မှ မိန်းကလေးသည်သာ အစစ်အမှန် ဖြစ်၏။
“ အကိုဟန်… သွေးဆေးလုံးကို ညီမသန့်စင်နိုင်သွားပြီ ”
ညီမမူဝမ်က အရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး ဟန်မူယဲ့၏ ပခုံးပေါ်မှာ ခေါင်းမှီလိုက်ကာ ညင်သာစွာ ပြောသည်။
ဟန်မူယဲ့က မျက်လုံးဝင်းလက်သွားပြီး သဘောကျစွာ ရယ်လိုက်သည်။
သူ၏ ရယ်သံက ညီမမူဝမ်ကို ရှက်သွေးဖြာသွားစေသည်။