← Chapters

အခန်း (၁၅၀၁)

Vol. 108 Ch. 1501

အခန်း (၁၅၀၁)

Vol. 108 Ch. 1501

ဟန်မူယဲ့နှင့် ညီမမူဝမ်သည် တာအိုလက်တွဲဖော်များ ဖြစ်ကြသော်လည်း သွေးမျိုးဆက်မချန်ထားနိုင်ပေ။

ယင်းက နှစ်ထောင်ပေါင်းများစွာကြာအောင် မဖြေရှင်းနိုင်သေးသော ကိစ္စတစ်ခုဖြစ်သည်။

အစတွင် ယင်းက ဟန်မူယဲ့ သူ့ကိုယ်ပိုင်စွမ်းအားကို မထိန်းချုပ်နိုင်သောကြောင့် ဖြစ်၏။ နောက်ပိုင်းတွင် ဟန်မူယဲ့၏ သွေးမျိုးဆက်က အလွန်သန်မာသောကြောင့် နောင်မျိုးဆက်ဆီ လက်ဆင့်ကမ်းပေးရန် ပိုပြီးခက်ခဲလာသည်။

ညီမမူဝမ်က စိတ်နှလုံးအေးချမ်းပြီး တိုက်ခိုက်ခြင်းကို မုန်းတီးသည်။ သူက ဟန်မူယဲ့အတွက် မျိုးဆက်ချန်ပေးချင်သောကြောင့် သွေးဆေးလုံးများကို ဇွဲကောင်းစွာ သုတေသနပြုလုပ်ခဲ့သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် နောက်ဆုံးမှာ သူက မမျှော်လင့်ထားဘဲ အောင်မြင်သွားခဲ့သည်။

ယင်း၏ ဆိုလိုရင်းမှာ ယခု ဟန်မူယဲ့က သူ့ကိုယ်ပိုင်နောင်မျိုးဆက်ကို ချန်ထားနိုင်တော့မည် ဖြစ်၏။

အံ့ဖွယ်တစ်သောင်းမြို့ဂိတ်တံခါး၏ အပြင်တွင် ဟန်မူယဲ့၏ ရယ်မောသံက ကျင့်ကြံသူအများအပြား၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

“ အမ်… အဲ့ဒီအမျိုးသမီးကျင့်ကြံသူကို အရင်က တစ်နေရာရာမှာ ငါမြင်ဖူးသလိုပဲ ”

တစ်စုံတစ်ယောက်က ဟန်မူယဲ့၏ အရှေ့မှ ညီမမူဝမ်ကို ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ ပြောသည်။

ညီမမူဝမ်က လူအများရှေ့မှာ ထွက်ပေါ်လာခဲသော်လည်း မည်သို့ဖြစ်ပါစေ သူက အံ့ဖွယ်တစ်သောင်းမြို့တော်၏ ဩဇာအာဏာကို ချုပ်ကိုင်ထားသည့်သူ ဖြစ်နေဆဲပင်။ သို့ဖြစ်၍ သူက လူအများ၏ အာရုံစိုက်မှုကို ရရှိထားသည်မှာ မထူးဆန်းပေ။

“ အဲ့ဒါ နတ်သမီးမူဝမ်မဟုတ်ဘူးလား ”

“ ဟုတ်တယ်… အဲ့ဒါ မှတ်ဉာဏ်ထိန်းဆေးလုံးကို ဖန်တီးခဲ့တဲ့ အင်မော်တယ်အရှင်သခင်မူဝမ်ပဲ ”

အံ့ဩသော အော်သံများက မြို့ဂိတ်တံခါး၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။

ပုံမှန်ဆိုလျှင် မြင်တွေ့ရခဲသော အင်မော်တယ်အရှင်သခင်မူဝမ်က ဤနေရာမှာ မမျှော်လင့်ထားဘဲ ထွက်ပေါ်လာသည်။ ထို့ပြင် သူ၏ အရှေ့မှာ အမျိုးသားကျင့်ကြံသူတစ်ဦးက ရှိနေသည်။

ယင်းက မည်သို့အခြေအနေနည်း။

ဟန်မူယဲ့က ဘေးဘီကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ညီမမူဝမ်၏ ခါးကို ဖက်လိုက်ပြီး အရှေ့သို့ ရွေ့လျားလိုက်သည်။ မကြာမီ သူတို့နှစ်ယောက်က လူအများရှေ့မှာ ပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းက ဘေးပတ်ဝန်းကျင်တွင် စောင့်ကြည့်နေကြသော ကျင့်ကြံသူများကို မျက်လုံးပြူးကျယ်သွားစေသည်။

အင်မော်တယ်အရှင်သခင်မူဝမ်မှာ မည်သူနည်း။

သူက အံ့ဖွယ်တစ်သောင်းမြို့တော်၏ အုပ်ချုပ်သူ ဖြစ်သည်။

သို့သော်လည်း သူ့မှာ တခြားသရုပ်တစ်ခု ရှိသေးသည်။

“ အဲ့ဒီအမျိုးသားက တိမ်မြူဓားအင်မော်တယ်ပဲ ”

“ တိမ်မြူဓားအင်မော်တယ်က အင်မော်တယ်အရှင်သခင်မူဝမ်ရဲ့ တာအိုလက်တွဲဖော်ဖြစ်ပြီး အတိတ်မှာ နတ်ဘုရားလောကရဲ့ အတားအဆီးတွေကို သူတစ်ယောက်တည်းစွမ်းအားနဲ့ ချိုးဖြတ်ခဲ့တဲ့လူပဲ ”

“ တိမ်မြူဓားအင်မော်တယ်က တကယ်ကြီး ပြန်ရောက်လာတာလား… သူက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ရဲ့ လိုက်ဖမ်းခံနေရတာ မဟုတ်ဘူးလား… ”

မရေမတွက်နိုင်သော အာမေဋိတ်သံများနှင့် တီးတိုးရေရွတ်သံများက လေထဲမှာ ပျံ့နှံ့သွားသည်။ လူအများစုက စိတ်လှုပ်ရှားသွားကြစဉ် တချို့က စိတ်ရှုပ်ထွေးသွားကြသည်။

တိမ်မြူဓားအင်မော်တယ်၏ ကြိုးစားအားထုတ်မှုကြောင့်မဟုတ်လျှင် နတ်ဘုရားကမ္ဘာက သူတို့လက်လှမ်းမမီသောအရာ ဖြစ်နေဦးလိမ့်မည်။ ထို့ပြင် အင်မော်တယ်ကမ္ဘာများက ရေကန်ငယ်တစ်ခုအဖြစ်သာ ဆက်လက် ရှိနေဦးလိမ့်မည်။

ယခုကဲ့သို့ တိုးတတ်ပြောင်းလဲလာခြင်းက တိမ်မြူဓားအင်မော်တယ်ကြောင့်ဖြစ်သည်ကို ကျင့်ကြံသူအားလုံးက နားလည်ထားကြသည်။

တိမ်မြူဓားအင်မော်တယ်၏ ဓားက ကောင်းကင်နှင့် မြေပြင်ကို ချိုးဖြတ်ပြီး နတ်ဘုရားကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာများကို မပေါင်းစည်းစေခဲ့လျှင် လက်ရှိမူလစကြာဝဠာက ထိုမျှကြီးပွားတိုးတတ်လာလိမ့်မည် မဟုတ်ချေ။

တိမ်မြူဓားအင်မော်တယ်၏ ဖိတ်ကြားမှုမရှိလျှင် ရွှေအင်မော်တယ်အဆင့်အောက်မှ ကျင့်ကြံသူများက နည်းပါးသွားကြလိမ့်မည်။

နှစ်ပေါင်းများစွာကြာပြီးနောက် တိမ်မြူဓားအင်မော်တယ်၏ နာမည်က မှေးမှိန်သွားခဲ့သော်လည်း လူတိုင်းက သူ့အကြောင်းကို ယခုအချိန်ထိ မှတ်မိနေကြဆဲပင်။

“ တိမ်မြူဓားအင်မော်တယ်က တကယ် ပြန်ရောက်လာပြီ… ”

…..

ဟန်မူယဲ့က အံ့ဖွယ်တစ်သောင်းမြို့တော်ထဲမှာ သုံးလကြာအောင် အပြင်မထွက်ခဲ့ပေ။

မှန်ပေသည်။ ညီမမူဝမ်က သူ့ကို အဖော်ပြုပေးနေသည်။

ထို့ပြင် သူတို့လုပ်ဆောင်နေသောအရာက အပြင်လူများ သိ၍မဖြစ်သောအရာ ဖြစ်သည်။

သုံးလဟူသော ကြာချိန်က မူလစကြာဝဠာဆီသို့ ဟန်မူယဲ့ ပြန်ရောက်လာပြီဟူသော သတင်းကို နတ်ဘုရားလောကဆီသို့ ပျံ့နှံ့သွားစေရန် လုံလောက်ပေသည်။

နှစ်ပေါင်းများစွာကြာသွားသည့်တိုင်အောင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က ဟန်မူယဲ့အား အမဲလိုက်ခြင်းကို လုံးဝ လက်မလျော့ခဲ့ပေ။

အံ့ဖွယ်တစ်သောင်းမြို့တော်ထဲတွင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ စေလွှတ်ထားသော သူလျှိုများ အများကြီး ရှိသည်။

သူတို့က ညီမမူဝမ်အပေါ် လှုပ်ရှားမှုမပြုလုပ်ခဲ့ခြင်းမှာ အသင်္ချေကောင်းကင်ကုန်းမြေနှင့် ရှေးဦးကောင်းကင်ဘုံမြေမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂုဏ်သတင်းက တစ်နေ့တစ်ခြား ပိုပြီးကျော်ကြားလာနေသောကြောင့် ဖြစ်သည်။ ယင်းက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို စိုးရိမ်ကြောင့်ကြစေသည်။

အထူးသဖြင့် ဟန်မူယဲ့က ပြန်မရောက်လာသော်လည်း သူက အရင်းအမြစ်များကို ဆက်တိုက် ပို့ဆောင်ပေးနေလေရာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တဖြည်းဖြည်း အင်အားကြီးထွားလာသည်။

ဟန်မူယဲ့ကို ရှင်းထုတ်ပစ်နိုင်မှသာလျှင် သူတို့က ပြဿနာအားလုံးကို တစ်ခါတည်း အမြစ်ဖြတ်နိုင်လိမ့်မည်။

ထို့ပြင် အံ့ဖွယ်တစ်သောင်းမြို့တော်ထဲမှာ ညီမမူဝမ်ရှိနေလေရာ ဟန်မူယဲ့က တစ်နေ့မှာ ဤနေရာသို့ သေချာပေါက် ပြန်ရောက်လာလိမ့်မည်ဟု သူတို့ယုံကြည်ကြသည်။

“ ဗုန်း ”

အံ့ဖွယ်တစ်သောင်းမြို့တော်နှင့် မိုင်အနည်းငယ် ကွာဝေးသော ဒုန်းယွင်မြို့၏ ကောင်းကင်ပေါ်တွင် မိုးကြိုးသွားတစ်ခုက ကျယ်ကျယ်လောင်လောင် ပေါက်ကွဲသွားသည်။

ဒုန်းယွင်မြို့တစ်ခုလုံး တုန်ယင်သွားသည်။

ထို့နောက် ကောင်းကင်နှင့် မြေပြင်ကြားတွင် ထွန်းလင်းတောက်ပသော အလင်းရောင်တစ်ခု ဖြတ်ခနဲ ထွက်ပေါ်လာသည်။

ရွှေရောင်ထွန်းလင်းတောက်ပသော ပုံရိပ်အများအပြားက ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာကြသည်။

ထိုပုံရိပ်များထံမှ ထုတ်လွှတ်နေသော နတ်ဘုရားအလင်းက လွန်စွာ ထွန်းလင်းတောက်ပလေရာ သာမန်လူများက သူတို့ကို တိုက်ရိုက် မော်မကြည့်နိုင်ကြချေ။ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က မိုးမြေစွမ်းအားကြောင့် လွင့်ပြယ်သွားပြီး ဖရိုဖရဲလှိုင်းဂယက်များကို ဖွဲ့စည်းလိုက်သည်။

ထိုမျှကြောက်စရာကောင်းသော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေလေရာ သူတို့က အနိမ့်ဆုံး အင်မော်တယ်အရှင်သခင်အဆင့်မှာ ဖြစ်ကြသည်။

ကောင်းကင်ပေါ်မှ ဆင်းသက်လာကြသော ထိုပုံရိပ်များထဲတွင် အားအနည်းဆုံးသူက အင်မော်တယ်အရှင်သခင်အဆင့်မှာ ဖြစ်သည်။

“ အဲ့ဒါ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က လူတွေ ”

“ သူတို့အားလုံးက အင်မော်တယ်အရှင်သခင်တွေ… အရေအတွက်က ဘယ်လောက်တောင် များလိုက်လဲ… ”

အံ့ဩသော အသံများက ပျံ့လွင့်သွားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများက ကြောက်လန့်တုန်လှုပ်သွားကြသည်။

သူတို့က အံ့ဖွယ်တစ်သောင်းမြို့တော်နှင့်အတူ မတိုက်ခိုက်ချင်ခြင်း မဟုတ်ပေ။ ယင်းအစား ထိုမျှများပြားလှသော အင်မော်တယ်အရှင်သခင်များဖြင့် ရင်ဆိုင်ရသောအခါ သူတို့က အကူအညီမဲ့သွားကြသည်။

မည်သူမှ လူသားသဲအိတ်များ မဖြစ်ချင်ကြပေ။

အဝေးတွင် အင်မော်တယ်ဘုရင်ဆယ်ပါးက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ အင်မော်တယ်အရှင်သခင်သုံးထောင်ကို ဦးဆောင်၍ အံ့ဖွယ်တစ်သောင်းမြို့တော်ဆီသို့ မြန်ဆန်စွာ ချီတတ်သွားနေကြသည်။

သူတို့က ဟင်းလင်းပြင်ထဲမှာ လွတ်လပ်စွာ ရွေ့လျားနေကြစဉ် အန္တရာယ်များသော ဤကောင်းကင်အသူရာချောက်နက်သည်ပင် သာမန်တွင်းနက်တစ်ခုသာ ဖြစ်သွား၏။

“ ဟန်မူယဲ့… မင်းက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ရဲ့ အရှင်သခင်ကို ဆန့်ကျင်ခဲ့ပြီး မိုးမြေကြားက အတားအဆီးတွေကို ချိုးဖြတ်ခဲ့တယ်… နတ်ဘုရားကမ္ဘာကို ဖျက်ဆီးခဲ့တယ်… ဒီနေ့ ငါတို့က နန်းတော်အရှင်သခင်ရဲ့ အမိန့်တော်အရ မင်းကို ဖမ်းဆီးဖို့ ရောက်လာကြပြီ ”

ဩဇာအာဏာကြီးမြတ်သော အော်သံ ပဲ့တင်ထပ်သွားသည့်အခါ ကောင်းကင်အသူရာချောက်နက်တစ်ခုလုံး ပရမ်းပတာ တုန်လှုပ်သွားသည်။

ထိုစကားကို ပြောလိုက်သူသည် အရှေ့ဆုံးတွင် လှံရှည်တစ်လက်ကို ဆုပ်ကိုင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။

သူက အင်မော်တယ်ဘုရင်အဆင့်မှာဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်ချပ်ဝတ်က ကြယ်စင်စုစကြာဝဠာမှ ကမ္ဘာဦးအဆင့်စစ်ချပ်ဝတ် ဖြစ်သည်။

ထိုစစ်ချပ်ဝတ်က ကြယ်စင်စုစကြာဝဠာဆီသို့ ဟန်မူယဲ့ မသွားရောက်မီ စကြာဝဠာအမြောက်အများတွင် အသန်မာဆုံး စစ်ချပ်ဝတ်အဖြစ် သတ်မှတ်ခံထားရ၏။

အတိတ်မှာ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်သည် ယနေ့ကဲ့သို့ ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်လာလိမ့်မည်ဟု တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲကုန်းမြေနှင့် အံ့ဖွယ်ကိုးပါးမြို့တော်ထဲတွင် ကမ္ဘာဦးအဆင့် စစ်ချပ်ဝတ်များနှင့် ရုပ်သေးရုပ်များကို နေရာတိုင်းမှာ မြင်တွေ့နိုင်ပေသည်။ သို့သော်လည်း ယင်းတို့ကို နတ်ဘုရားတစ်သောင်းဘုရားကျောင်း၏ အကူအညီဖြင့် ဟန်မူယဲ့ ကုန်သွယ်ခဲ့ခြင်း ဖြစ်သည်။

စကြာဝဠာအသီးသီးမှ အစွမ်းထက်ပုဂ္ဂိုလ်များသည် ကောင်းကင်ပုတီးစေ့များအတွက် သူတို့ပိုင်ဆိုင်ထားသော ရတနာများဖြင့် လဲလှယ်ချင်ကြသည်။

ထိုကောင်းကင်ပုတီးစေ့များကို လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာသာ မြင်တွေ့နိုင်ပြီး ယင်းတို့က အလွန်တန်ဖိုးကြီးမားလေရာ ထုံးစံအားဖြင့် သူတို့က ပစ္စည်းလဲလှယ်ရန် စိတ်အားထက်သန်ကြသည်။

အံ့ဖွယ်ကိုးပါးမြို့တော်ထဲမှာ စစ်ပွဲရုပ်သေးရုပ်များနှင့် စစ်ချပ်ဝတ်များက မရေမတွက်နိုင်အောင် ပေါများသော်လည်း အသင်္ချေကောင်းကင်ကုန်းမြေနှင့် ရှေးဦးကောင်းကင်ဘုံမြေထဲမှာတော့ ယင်းတို့က အလွန်အမင်း ရှားပါးချေ၏။

သို့သော်လည်း ယင်းက ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာထဲမှာ ထိုပစ္စည်းများ ရှားပါးသည်ဟု မဆိုလိုပေ။

“ အဲ့ဒီလူက ဖူလင်းအင်မော်တယ်ဘုရင်ပဲ… သူ့ရဲ့ ရတနာချပ်ဝတ်က နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ရဲ့ အထွတ်အမြတ်ရတနာတစ်ခုပဲ… ကောလဟာလတွေအရ ဖူလင်းအင်မော်တယ်ဘုရင်ရဲ့ တိုက်ပွဲစွမ်းအားက ကမ္ဘာဦးခေတ်မှာ အသက်ရှင်ကျန်ရစ်ခဲ့ကြတဲ့ ရှေးဟောင်းနတ်သားရဲတွေထက်တောင် ပိုပြီးသန်မာတယ်တဲ့ ”

နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်အကြောင်း ကောင်းမွန်စွာ သိထားသော တစ်စုံတစ်ယောက်က တီးတိုးပြောသည်။

ဖူလင်းအင်မော်တယ်ဘုရင်၏ တိုက်ပွဲစွမ်းအားကို ကြားလိုက်ရသောအခါ လူတိုင်းက ပင့်သက်ရှိုက်လိုက်ကြသည်။

ထိုမျှအစွမ်းထက်သော အင်မော်တယ်ဘုရင်နှင့် အရေအတွက်များပြားသော အင်မော်တယ်အရှင်သခင်များက ယနေ့ စုဝေးရောက်ရှိလာကြလေရာ တိမ်မြူဓားအင်မော်တယ်က မည်သို့ခုခံကာကွယ်နိုင်လိမ့်မည်နည်း။

“ ဘာပဲပြောပြော အင်မော်တယ်အရှင်သခင်မူဝမ်က အာခီမီပညာရပ်မှာပဲ ထူးချွန်တာ… တိုက်ခိုက်ခြင်းမှာ မတော်ဘူး ”

“ တကယ်လို့ အသင်္ချေကောင်းကင်ကုန်းမြေက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ တပည့်တွေ ဒီနေရာမှာ ရှိနေမယ်ဆိုရင် သူတို့ရဲ့ ဓားဝင်္ကပါက အင်မော်တယ်ဘုရင်တစ်ပါးကို ခုခံနိုင်လောက်ပါရဲ့ ”

“ အဲ့ဒါလည်း ဘာမှထူးမှာမဟုတ်ပါဘူး… အသင်္ချေကောင်းကင်ကုန်းမြေက အစွမ်းထက်ပုဂ္ဂိုလ်အများစုက ရှေးဦးကောင်းကင်ဘုံမြေဆီ သွားကြပြီ… ပြောကြတာတော့ သူတို့က လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာ ပါဝင်နေကြတာတဲ့… အခုထိ ဘယ်သူမှ ပြန်မရောက်ကြသေးဘူး ”

ဟန်မူယဲ့၏ အင်အားစုက အားမနည်းကြောင်း ဘေးပတ်ဝန်းကျင်၌ စောင့်ကြည့်နေသူများက နားလည်ထားကြသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူတို့က နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်များကို ရင်ဆိုင်ရန် ခွန်အားကင်းမဲ့နေကြသည်။

အမှန်တကယ်ပင် ဟန်မူယဲ့က ဤတစ်ကြိမ်မှာ လက်ဗလာဖြင့် ပြန်ရောက်လာခဲ့သည်။ အစွမ်းထက်သော စစ်သည်တော်အားလုံးက အဝေးရောက်နေကြသည်။

အံ့ဖွယ်တစ်သောင်းမြို့တော်က ဘာမှမတုံ့ပြန်သည့်အခါ ဖူလင်းအင်မော်တယ်ဘုရင်က အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်သည်။

သူ၏ အနောက်တွင် အစွမ်းထက်ပညာရှင်များက အရှေ့သို့ ပျံသန်းထွက်သွားကြပြီး အံ့ဖွယ်တစ်သောင်းမြို့တစ်ခုလုံးကို ချိပ်ပိတ်လိုက်ကြသည်။ နတ်ဘုရားအလင်းက အနက်ရောင်ချပ်ဝတ် ဝတ်ဆင်ထားကြသော အင်မော်တယ်ဘုရင်များ၏ ခန္ဓာကိုယ်ပေါ်မှာ ထွန်းလင်းလာသည်။

နောက်အခိုက်အတန့်မှာ နတ်ဘုရားအလင်းက ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြို့တစ်မြို့လုံးကို ဖုံးလွှမ်းသွားသည်။

ရွှေရောင်ပိုက်ကွန်က အောက်ဘက်မှ အံ့ဖွယ်တစ်သောင်းမြို့တော်ပေါ်သို့ ကျဆင်းသွားသည်။

အကယ်၍ ထိုနတ်ဘုရားပိုက်ကွန်သာ မြို့တော်ကို ဖုံးလွှမ်းသွားမည်ဆိုလျှင် လူမပြောနှင့် ယင်ကောင်တစ်ကောင်ပင် အံ့ဖွယ်တစ်သောင်းမြို့တော်ထဲမှ ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။

ပိုက်ကွန်က တောက်ပသော နတ်ဘုရားအလင်းကို ထုတ်လွှတ်နေစဉ် အရိုးခိုက်ခိုက်တုန်စေမည့် အေးတိအေးစက်ဖိအားက အောက်သို့ ကျဆင်းလာသည်။

နှစ်ပေါင်းများစွာကြာအောင် နတ်ဘုရားလောကထဲမှ အင်အားစုများကြားဝယ် အပြန်အလှန် တိုက်ခိုက်ခြင်းက အလွန်ရှားပါး၏။

သို့တိုင် အတိတ်မှာ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က မည်မျှအင်အားကြီးမားခဲ့ကြောင်း မည်သူမှ မမေ့နိုင်ကြချေ။

“ တိမ်မြူဓားအင်မော်တယ် အဖမ်းခံရတော့မှာကို ကျုပ်တို့တွေ ဒီအတိုင်းပဲ ရပ်ကြည့်နေကြတော့မှာလား ”

“ တကယ်လို့ ဒီနေ့ သူတို့က တိမ်မြူဓားအင်မော်တယ်ကို ဖမ်းခေါ်နိုင်သွားမယ်ဆိုရင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က လောကကို နောက်တစ်ကြိမ် အုပ်စိုးနိုင်သွားလိမ့်မယ်… ”

တစ်စုံတစ်ယောက်က ညင်သာစွာ သက်ပြင်းချလိုက်သည်။

တချို့သည်တော့ အံတင်းတင်းကြိတ်လိုက်ကြသည်။

တချို့က ခေါင်းယမ်းလိုက်ကြသည်။

နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က အတိတ်မှာကဲ့သို့ အင်အားကြီးမားနေဆဲပင်။

“ ထွက်သွားကြစမ်း ”

ထိုစဉ် ကျယ်လောင်သော အော်သံက ကောင်းကင်နှင့် မြေပြင်ကြားမှာ ပဲ့တင်ထပ်သွားသည်။

ထိုအော်သံ၏ အနောက်တွင် ကြမ်းတမ်းသော လေပြင်းက အံ့ဖွယ်တစ်သောင်းမြို့တော်ထဲမှ မြှောက်တတ်လာသည်။

ထိုလေကြမ်း တိုက်ခတ်လာသည့်အခါ ကောင်းကင်ထက်တွင် ဧရာမလေပွေတစ်ခု ဒြပ်ထည်ဖွဲ့စည်းသွားသည်။

ယင်းကို မြင်သွားသောအခါ ဖူလင်းအင်မော်တယ်ဘုရင်၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။ သူက လက်ထဲမှ လှံရှည်ကို အရှေ့သို့ ပစ်လွှတ်လိုက်သည်။

တောက်ပသော ရောင်စဉ်အလင်းတန်းက ရွှေရောင်ဥက္ကာပျံတစ်စင်းနှယ် လှံရှည်ထံမှ ထွက်ပေါ်လာသည်။

သို့သော်လည်း ထိုလှံက ဧရာမလေပွေနှင့် တွေ့ဆုံသွားသည့်အခါ မအက်ကွဲသွားမီ အသက်သုံးခါရှူချိန်မျှသာ တောင့်ခံနိုင်ခဲ့၏။

လှံပစ်လွှတ်လိုက်သော ဖူလင်းအင်မော်တယ်ဘုရင်သည်တော့ မျက်နှာဖြူဖျော့သွားသည်။

“ စကြာဝဠာကပ်ဘေး… ”

ထိုလေပွေက စကြာဝဠာကပ်ဘေးစွမ်းအား ဖြစ်သည်။

မည်သည့်အစွမ်းထက်ပုဂ္ဂိုလ်က စကြာဝဠာကပ်ဘေးကို မကြောက်ရွံ့ဘဲ နေမည်နည်း။

မည်သူက စကြာဝဠာကပ်ဘေးစွမ်းအားကို ထပ်တိုက် ရင်ဆိုင်ဝံ့မည်နည်း။

သို့ဖြစ်၍ ဖူလင်းအင်မော်တယ်ဘုရင်က ချက်ချင်း အနောက်ဆုတ်သွားသည်။

သို့သော်လည်း သူက လေပွေထဲမှ မရုန်းထွက်သွားနိုင်ပေ။

စိမ်းပြာရောင်လေက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံသွားသည်။ ထို့နောက် စိမ်းပြာရောင်လေက သူ့အနောက်မှ အင်မော်တယ်အရှင်သခင်သုံးထောင်နှင့် သူ့အရှေ့မှ အင်မော်တယ်ဘုရင်ဆယ်ပါးထံသို့ ပျံ့နှံ့သွားသည်။

စိမ်းပြာရောင်လေက ထိုပုံရိပ်များကို ဖုံးလွှမ်းသွားသည့်အခါ လူတိုင်း၏ မျက်စိအရှေ့တွင် သူတို့အုပ်စုက ဝေဝါးသွားသည်။

စိတ်ဝင်စားစရာကောင်းသည်မှာ ဤတစ်ကြိမ်တွင် စကြာဝဠာကပ်ဘေးစွမ်းအားက သူတို့ကို မသတ်ပစ်ပေ။

ယင်းအစား စကြာဝဠာကပ်ဘေးလေပွေက ထိုအစွမ်းထက်ပုဂ္ဂိုလ်များကို ရစ်ပတ်လွှမ်းခြုံသွားပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို ဆက်တိုက် ယိုယွင်းတိုက်စားလိုက်သည်။

ပိုပြီးလျှို့ဝှက်ဆန်းကြယ်သည်မှာ ထိုလေပွေထဲတွင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက မြန်ဆန်စွာ ယုတ်လျော့သွားပြီး အင်မော်တယ်အရှင်သခင်အဆင့်အတန်းမှ သေမျိုးအဖြစ် နိမ့်ကျသွားကြောင်း လူတချို့ မြင်တွေ့သွားကြသည်။

သို့တိုင် တခြားလူများသည်တော့ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက ယုတ်လျော့မသွားဘဲ သူတို့၏ ခန္ဓာကိုယ်က ပိုပြီးအခြေခိုင်မာလာနေသည်ဟု ခံစားမိသွားကြသည်။ သူတို့က မူလစွမ်းအားအမျှင်တန်းတစ်ခုဖြင့်ပင် ပေါင်းစပ်သွားကြသည်။

ဘာတွေ ဖြစ်ကုန်တာလဲ… ။

ဖူလင်းအင်မော်တယ်ဘုရင်က နတ်ဘုရားအလင်းကို ထုတ်လွှတ်လိုက်ပြီး ကပ်ဘေးစွမ်းအားကို တားဆီးရန် ကြိုးစားလိုက်သည်။

သို့သော်လည်း ကံမကောင်းစွာပင် အသက်သုံးခါရှူချိန်ကြာပြီးနောက် လေပွေက သူ၏ နတ်ဘုရားအလင်းအကာအကွယ်ကို ချိုးဖြတ်သွားပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားကို ဖယ်ရှားပစ်လိုက်သည်။

နတ်ဘုရားအလင်းစီးကြောင်းများက ကောင်းကင်ယံသို့ မြှောက်တတ်သွားကြပြီး ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားကြသည်။

အစွမ်းထက် အင်မော်တယ်ဘုရင်တစ်ပါးက သေမျိုးဖြစ်လာသည်။

သို့တိုင် အဝေးတစ်နေရာတွင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ တခြားအင်မော်တယ်ဘုရင်တစ်ပါးက နေရာမှာ မိန်းမောတွေဝေစွာ ရပ်နေသည်။ သူက ဖူလင်းအင်မော်တယ်ဘုရင်နှင့် နှိုင်းယှဉ်လျှင် အလွန်အားနည်းသည်။

သို့တိုင် ယခု သူ၏ ခန္ဓာကိုယ်က ထွန်းလင်းတောက်ပနေပြီး မူလစွမ်းအားစီးကြောင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားနေသည်။

သူ၏ ကျင့်ကြံခြင်းစွမ်းအားက မြန်ဆန်စွာ တိုးမြှင့်သွားနေကြောင်း ရှင်းလင်းစွာ သူအာရုံခံနိုင်သည်။

ဘာတွေ ဖြစ်ကုန်တာလဲ… ။

All Chapters