အခန်း (၁၅၀၂)
Vol. 108 Ch. 1502
စိမ်းပြာရောင်လေပွေက လွင့်ပြယ်သွားသည့်အခါ အင်မော်တယ်အရှင်သခင်သုံးထောင်ထဲတွင် ငါးယောက်က ခြေလှမ်းဝက် အင်မော်တယ်ဘုရင်အဆင့်သို့ မြင့်တတ်သွားကြသည်။
တခြားလူများသည်တော့ ကျင့်ကြံခြင်းစွမ်းအား ဖယ်ရှားခံလိုက်ရပြီး သေမျိုးများအဖြစ် တိုက်ရိုက် ပြောင်းလဲသွားကြသည်။
အင်မော်တယ်ဘုရင်ဆယ်ပါးထဲတွင် တစ်ပါးက အလယ်အလတ်အဆင့် အင်မော်တယ်ဘုရင်ဖြစ်လာပြီး မူလစွမ်းအားကို အခြေခိုင်မာအောင် သိပ်သည်းနိုင်သွားသည်။ တခြားအင်မော်တယ်ဘုရင်များသည်တော့ သူတို့က ဖူလင်းအင်မော်တယ်ဘုရင်ကဲ့သို့ သေမျိုးများ ဖြစ်သွားကြသည်။
ရွှေအင်မော်တယ်၊ မဟာအင်မော်တယ်၊ ခြေလှမ်းဝက် အင်မော်တယ်အရှင်သခင်…
ဤအခိုက်အတန့်မှာ ကျင့်ကြံသူအားလုံးနီးပါးက ကျောက်ရုပ်ဖြစ်သွားကြသည်။
လေပွေတစ်ခုက အင်မော်တယ်ဘုရင်ကိုးပါးနှင့် အင်မော်တယ်အရှင်သခင်သုံးထောင်နီးပါး၏ ကျင့်ကြံခြင်းစွမ်းအားကို ဖယ်ရှားပစ်နိုင်သည်လား။
ထိုမျှအစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးက အံ့ဖွယ်တစ်သောင်းမြို့တော်ထဲမှာ မည်သည့်အချိန်ကတည်းက တည်ရှိနေခဲ့သနည်း။
ယင်းက အလွန်ချောက်ချားဖွယ်ကောင်းသည်။
အဝေးမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများက ယခု ကြောက်လန့်တုန်လှုပ်သွားကြသည်။
ဖူလင်းအင်မော်တယ်ဘုရင်က မျက်နှာဖြူဖျော့သွားပြီး တုန်ယင်နေသည်။ တခြားအင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်အရှင်သခင်များသည်တော့ သူတို့က မတ်တတ်ရပ်နိုင်ရန်ပင် မနည်းကြိုးစားနေကြရသည်။
သူတို့ထဲမှ တချို့က ကျင့်ကြံခြင်းစွမ်းအား တိုးမြှင့်သွားမှုကြောင့် ဝမ်းသာပျော်ရွှင်နေကြသော်လည်း စိတ်ရှုပ်ထွေးမှုကို ခံစားနေကြရဆဲပင်။
သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက မည်သို့ကြောင့် တိုးမြှင့်သွားကြောင်း သူတို့နားမလည်ကြချေ။
“ ငါစိတ်ကောင်းဝင်နေတုန်း မင်းတို့ထွက်သွားတာ ကောင်းမယ် ”
ကြီးကျယ်မြင့်မြတ်သော အသံက ထပ်မံ ပဲ့တင်ထပ်လာသည်။
“ ညီမမူဝမ်က သွေးမြင်ရင် မူးဝေတတ်တာကြောင့် မဟုတ်ရင် မင်းတို့တွေ အခုချိန်ထိ အသက်ရှင်နေသေးမယ်လို့ ထင်နေလား ”
ထိုအသံထဲမှာ စိတ်မရှည်မှုတစ်စွန်းတစ်စ ကိန်းအောင်းနေသည်။
လေပွေက အံ့ဖွယ်တစ်သောင်းမြို့တော်ပေါ်မှာ ပျောက်ကွယ်သွားသော်လည်း စိမ်းပြာရောင်လေက ဆက်လက် တိုက်ခတ်နေဆဲပင်။
ဤသည်မှာ လေက အောက်သို့ အချိန်မရွေး ဆင်းသက်လာတော့မည့်အလားပင်။
ယင်းက စကြာဝဠာကပ်ဘေးစွမ်းအားဖြစ်သည်။
ဒဏ္ဍာရီအရ စကြာဝဠာကပ်ဘေးဖြင့် ထိတွေ့သူ မည်သူမဆို ဗလာနတ္ထိအဖြစ် တိုက်ရိုက် ပျောက်ကွယ်သွားလိမ့်မည်။
ဤတစ်ကြိမ်တွင် တိမ်မြူဓားအင်မော်တယ်က အမှန်တကယ် သနားညှာတာပေးခဲ့ခြင်း ဖြစ်၏။
“ သွားကြစို့ ”
အားနည်းနေသော ဖူလင်းအင်မော်တယ်ဘုရင်က အချက်ပေးလိုက်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ပေါ်မှ အနက်ရောင်ချပ်ဝတ်က ရွှေရောင်ထွန်းလင်းတောက်ပလာပြီး သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးလိုက်သည်။ နောက်အခိုက်အတန့်မှာ သူက အဝေးသို့ ပျံသန်းသွားသည်။
ယခု သူက တခြားလူများကို ဂရုမစိုက်နိုင်တော့ပေ။
သူက သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းစွမ်းအားကို ဆုံးရှုံးသွားခဲ့လေရာ မည်သို့ကြောင့် တခြားလူများကို ဂရုစိုက်နိုင်တော့မည်နည်း။
ကျင့်ကြံခြင်းစွမ်းအား မြင့်တတ်သွားခဲ့သော အင်မော်တယ်ဘုရင်က အနောက်လှည့်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ ရွှေရောင်အလင်းက သေမျိုးများအဖြစ် နိမ့်ကျသွားကြသော အင်မော်တယ်အရှင်သခင်အားလုံးကို လွှမ်းခြုံသွားပြီး သူတို့ကို အံ့ဖွယ်တစ်သောင်းမြို့တော်နှင့် ဝေးရာသို့ ခေါ်ဆောင်သွားသည်။
သူတို့ရောက်ရှိလာခဲ့စဉ်က အင်မော်တယ်အရှင်သခင်များ ဖြစ်ကြသည်။ သို့သော်လည်း ယခု သူတို့ပြန်ထွက်သွားသည့်အခါ သေမျိုးများ ဖြစ်သွားကြသည်။
ထိုသို့မြင်ကွင်းက သနားစရာကောင်းသလို ချောက်ချားဖွယ်ကောင်းသည်။
“ အံ့ဖွယ်တစ်သောင်းမြို့တော်ရဲ့ ကာကွယ်ရေးမြို့တစ်မြို့ဖြစ်တဲ့ ဒုန်းယွင်မြို့ကို မင်းတို့ဖျက်ဆီးခဲ့ကြတယ်… ထိခိုက်ပျက်စီးမှုတွေအတွက် လျော်ကြေးကို နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က ပြန်ပေးဆပ်ရမယ် ”
ဟန်မူယဲ့၏ အသံက အဝေးသို့ ထွက်ပြေးသွားကြသော ဖူလင်းအင်မော်တယ်ဘုရင်နှင့် သူ၏ နောက်လိုက်များထံသို့ ပျံ့လွင့်သွားသည်။
သို့သော် ဤတစ်ကြိမ်တွင် မည်သူမှ စကားမပြောကြချေ။
ဤမတိုင်ခင် ဟန်မူယဲ့က နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို ယှဉ်ပြိုင်နိုင်လိမ့်မည်မဟုတ်ဟု လူတိုင်း တွေးထင်ခဲ့ကြသည်။
ယခု ဟန်မူယဲ့က နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ထံမှ လျော်ကြေးတောင်းမည်ဆိုလျှင်ပင် ယင်းက ယုတ္တိမရှိသောအရာဖြစ်သည်ဟု မည်သူမှ တွေးထင်ကြလိမ့်မည် မဟုတ်ချေ။
အကြည့်အားလုံးက အံ့ဖွယ်တစ်သောင်းမြို့တော်၏ ဦးတည်ရာဆီသို့ ရွှေ့ပြောင်းသွားကြသည်။
မြို့တော်ပေါ်မှ ပါးလွှာသော ထိုမြူခိုးအလွှာက သူတို့ကို အံ့အားသင့်စေသည်။
ကပ်ဘေးစွမ်းအား… ။
အံ့ဖွယ်တစ်သောင်းမြို့တော်ထဲတွင် ဂါဝန်အဖြူဝတ်ဆင်ထားသော ညီမမူဝမ်က ဟန်မူယဲ့၏ ဘေးမှာ ထိုင်နေပြီး ကျေးဇူးတင်သော အမူအရာဖြင့် ဟန်မူယဲ့ကို ကြည့်နေသည်။
“ စီနီယာအကိုကြီးက အရမ်းသန်မာတာပဲ… သူတို့ကို အနိုင်ယူဖို့ လက်တစ်ဖက် မြှောက်ဖို့တောင် မလိုဘူး… ”
မူဝမ်၏ စကားကို ကြားသောအခါ ဟန်မူယဲ့က ခပ်ရေးရေး ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။
“ သွေးမျိုးဆက် ပျိုးထောင်တာက ခက်ခဲတယ်လို့ ညီမပဲ ပြောတယ်မဟုတ်ဘူးလား… ဒီအတောအတွင်း ကိုယ်တို့က မိုးမြေရဲ့ ကောင်းချီးပေးမှုကို ရရှိအောင် သတ်ဖြတ်တာကို ရှောင်ကြဉ်ရမယ်ဆို… ဒါပေါ့… ညီမစကားကို အကိုနားထောင်မယ် ”
သူက စကားပြောနေရင်း ညီမမူဝမ်၏ ခါးကို ဖက်လိုက်သည်။
“ ဒါပေမဲ့ ဒီမြေက မြေဩဇာမလုံလောက်သေးဘူးဆိုရင် နောက်ထပ် အလောင်းတချို့ မြှုပ်နှံဖို့ အကိုတုံ့ဆိုင်းနေမှာ မဟုတ်ဘူး ”
ညီမမူဝမ်က မျက်နှာနီမြန်းသွားသည်။ သူက မတ်တတ်ရပ်ရန် ကြိုးစားလိုက်သော်လည်း ဟန်မူယဲ့၏ လက်ထဲမှ မရုန်းထွက်နိုင်ခဲ့ပေ။
…..
နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်သည် ကြီးမားသော ဆုံးရှုံးမှုနှင့်အတူ အံ့ဖွယ်တစ်သောင်းမြို့တော်မှ ပြန်ရောက်လာသည်။
သူတို့စေလွှတ်လိုက်သော အင်မော်တယ်အရှင်သခင်သုံးထောင်က သေမျိုးများအဖြစ် ပြန်ရောက်လာကြသည်။
အင်မော်တယ်ဘုရင်ဆယ်ပါးအနက် ကိုးပါးက ကျင့်ကြံခြင်းစွမ်းအားကို ဆုံးရှုံးသွားကြသည်။
မည်သူက ထိုသို့ဆုံးရှုံးမှုအတွက် နှလုံးမနာကျင်ဘဲ နေမည်နည်း။
နန်းတော်အရှင်သခင်က အလွန်ဒေါသထွက်သွားလေရာ အင်မော်တယ်လက်နက်တစ်ခုကို အပိုင်းပိုင်း ဖျက်ဆီးပစ်လိုက်သည်။
နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ထဲမှ အကြီးအကဲများက ဟန်မူယဲ့ကို သေချာပေါက် လက်တုံ့ပြန်မည်ဟု ကျိန်ဆိုလိုက်ကြသည်။
သို့သော်လည်း မည်သူမှ အမှန်တကယ် မလှုပ်ရှားဝံ့ကြချေ။
အံ့ဖွယ်တစ်သောင်းမြို့တော်ထဲမှာ ဟန်မူယဲ့ အသုံးပြုသွားခဲ့သော နည်းစနစ်က ကပ်ဘေးစွမ်းအား ဖြစ်သည်။
မည်သည့်အစွမ်းထက်ပုဂ္ဂိုလ်က ကပ်ဘေးစွမ်းအားကို မကြောက်ရွံ့ဘဲ နေမည်နည်း။ မည်သူက ထိုသို့အရာကို ဆန္ဒရှိစွာ ထိချင်လိမ့်မည်နည်း။
သို့တိုင် ကျင့်ကြံခြင်းလောကတွင် သတင်းစကားက စတင်ပျံ့နှံ့သွားသည်။
တိမ်မြူဓားအင်မော်တယ် ဟန်မူယဲ့က ဤစကြာဝဠာ၏ မဟာကပ်ဘေးကို လှုံ့ဆော်သူ ဖြစ်သည်။
သို့မဟုတ်လျှင် မည်သို့ကြောင့် သူက ကပ်ဘေးစွမ်းအားကို ထိန်းချုပ်နိုင်လိမ့်မည်နည်း။
အကယ်၍ ထိုကပ်ဘေးထိန်းချုပ်သူကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်မည်ဆိုလျှင် ဤစကြာဝဠာ၏ မဟာကပ်ဘေးက ပျောက်ကွယ်သွားလိမ့်မည်။
အစွမ်းထက်ပုဂ္ဂိုလ်များအတွက်တော့ ယင်းက နောက်ထပ် စကြာဝဠာကပ်ဘေးတစ်မျိုး ဖြစ်၏။
လူအများစုက ထိုကောလဟာလကို ယုံကြည်ကြသည်။
ယင်းကို ရှေးဟောင်းစာအုပ်အများအပြားမှာ ရေးသားထားသည်။
ရုတ်တရက်ဆိုသလို မူလစကြာဝဠာတစ်ခုလုံး၌ ဟန်မူယဲ့ကို မဖြစ်မနေ သတ်ပစ်ရမည်ဟူသော ကောလဟာလဖြင့် ပြည့်နှက်သွားသည်။ ထိုနည်းဖြင့်သာ စကြာဝဠာကပ်ဘေးကို တားဆီးနိုင်လိမ့်မည်ဟု သူတို့ယုံကြည်နေကြသည်။
မှန်ပေ၏။ ယင်းက ပါးစပ်ပြောသာဖြစ်ပြီး မည်သူမှ အမှန်တကယ် မလှုပ်ရှားဝံ့ကြချေ။
ထိုကောလဟာလများက မည်သည့်နေရာမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း သူတို့သိကြသည်။
မည်သူကမှ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ အသုံးချခံပစ္စည်း မဖြစ်ချင်ကြပေ။
“ စီနီယာအကိုကြီး… ဒီစကြာဝဠာကနေ ရှင်ထွက်သွားသင့်တယ်… မဟုတ်ရင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က အစွမ်းထက်ပုဂ္ဂိုလ်တွေ ရှင့်ဆီ ရောက်လာကြလိမ့်မယ်… ”
အံ့ဖွယ်တစ်သောင်းမြို့တော်ထဲတွင် မူဝမ်က သူ့ဘေးမှ ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
မျိုးစေ့များကို အချိန်အတော်ကြာ စိုက်ပျိုးခဲ့သော်လည်း လယ်ကွင်းမဖြစ်လာခင် နွားများကြောင့် ပျက်စီးသွားတော့မည်။ သွေးမျိုးဆက်က ယခုထိ မမွေးဖွားသေးလေရာ မူဝမ်က အလွန်စိတ်ညစ်နေသည်။
သူဖန်တီးထားသော သွေးဆေးလုံးက ဟန်မူယဲ့အပေါ် အကျိုးသက်ရောက်မှုမရှိပေ။
ဖြစ်နိုင်သည်မှာ အုပ်ချုပ်သူအဆင့် ပညာရှင်တစ်ဦးအပေါ် အသုံးပြုနိုင်သော ဆေးလုံးက ဤလောကမှာ တကယ်မရှိဟန် ရ၏။
“ ဒီစကြာဝဠာကနေ ထွက်သွားဖို့လား ”
ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။
“ ဒါဆိုရင် အကိုတို့ ခေါင်းဆေးဖို့အတွက် အပျက်အစီးနယ်မြေဆီ ခရီးထွက်ကြရအောင် ”
“ အပျက်အစီးနယ်မြေထဲမှာ သေမျိုးဆက်ကို အကိုတို့ ပျိုးထောင်နိုင်လောက်တယ်… တကယ်လို့ အဆင်မပြေရင်တောင်မှ ပတ်ဝန်းကျင်အပြောင်းအလဲဖြစ်တာပေါ့ ”
အပျက်အစီးနယ်မြေဆီ သွားဖို့လား… ။
ညီမမူဝမ်က တစ်ခဏကြာ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် သူတို့နှစ်ယောက်က အံ့ဖွယ်တစ်သောင်းမြို့တော်ထဲမှ တိတ်တဆိတ် ထွက်သွားကြပြီး ကောင်းကင်အသူရာချောက်နက်၏ အောက်ခြေဆီသို့ ဦးတည်သွားကြသည်။
ကောင်းကင်အသူရာချောက်နက်၏ အောက်ခြေတွင် အသင်္ချေပုံရိပ်ယောင်လောကများ ရှိသည်။
“ ကျားဝိညာဉ်အပျက်အစီးနယ်မြေ… အခု အထဲမှာ ဘယ်လိုပုံစံဖြစ်နေပြီလဲ ဘယ်သူသိနိုင်မှာလဲ ”
အပျက်အစီးနယ်မြေတစ်ခု၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေရင်း ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။
သူက အတိတ်မှာ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နှင့်အတူ ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ခဲ့ပြီး ထိုနေရာမှာ တပည့်နှစ်ယောက်ကိုပင် လက်ခံခဲ့သည်။
လက်နက်သန့်စင်ခြင်းကို စိတ်ဝင်စားသော ရှုကျွယ်က ကျားဝိညာဉ်အပျက်အစီးနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ ကိုယ်ပွားဖြစ်ပြီး လော့ခွန်းက ဆယ့်တစ်ကြိမ်မြောက် စကြာဝဠာကပ်ဘေးမတိုင်ခင် ကျဆုံးသွားခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ အကြွင်းအကျန်ဝိညာဉ်ဖြစ်သည်။
“ အမ်… မင်းတို့က ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲ ဝင်ကြမလို့လား ”
“ ကျားဝိညာဉ်အပျက်အစီးနယ်မြေက တခြားအပျက်အစီးနယ်မြေတွေနဲ့ မတူဘူး… မင်းတို့ အထဲရောက်ရင် စည်းမျဉ်းတွေကို သေချာလိုက်နာရမယ်… မဟုတ်ရင် ဆုံးရှုံးမှုအကြီးကြီးနဲ့ တွေ့ကြုံရလိမ့်မယ် ”
အဝေးမှ တစ်စုံတစ်ယောက်က ကျားဝိညာဉ်အပျက်အစီးနယ်မြေဆီသို့ ဦးတည်သွားနေသော ဟန်မူယဲ့နှင့် ညီမမူဝမ်ကို မြင်သောအခါ လှမ်းအော်ပြောသည်။
“ ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှာ လင်းရှောင်ကောင်းကင်နန်းတော်ဆိုတဲ့ အထွတ်အမြတ်အင်အားစုတစ်ခု ရှိတယ်… အဲ့ဒီကောင်းကင်နန်းတော်ကို မဟာဦးသျှောင်ရှုကျွယ်နဲ့ မဟာဦးသျှောင်လော့ခုန်းက အုပ်ချုပ်နေတယ်… ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှာ စည်းမျဉ်းတွေကို မလိုက်နာတဲ့ အပြင်လူတွေက မောင်းထုတ်ခံရပြီး အဲ့ဒီလူတွေက နောင်ဘယ်တော့မှ အထဲပြန်ဝင်နိုင်မှာ မဟုတ်ဘူး ”
ရှုကျွယ်… ။
လော့ခွန်း… ။
ပြီးတော့ နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် စွန်းဝူကျွီ… ။
သူတို့အားလုံးက ဟန်မူယဲ့နေထိုင်သော ကောင်းကင်ဘုံထန်ဓားရေကန်ထဲမှာ ကျင့်ကြံခဲ့ကြသည်။
အတိတ်တွင် လော့ခွန်းက စွန်းဝူကျွီကို သူ၏ တစ်ဦးတည်းသော ညီအကိုပမာ သဘောထားခဲ့သည်။ ယနေ့တွင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ခြေလှမ်းဝက် အုပ်ချုပ်သူတစ်ပါးဖြစ်လာပြီ ဖြစ်၏။ သို့သော်လည်း လော့ခွန်း၏ ကျင့်ကြံခြင်းက မည်သည့်အဆင့်ထိ တိုးတတ်လာကြောင်း ဟန်မူယဲ့မသိရသေးပေ။
ရှုကျွယ်သည်တော့ လက်နက်သန့်စင်ခြင်းကို နှစ်သက်သော လူငယ်တစ်ယောက်ဖြစ်ပြီး နတ်ဘုရားအဆင့် ပန်းပဲပညာရှင်ဖြစ်လာရန် စိတ်ဆုံးဖြတ်ထားသူဖြစ်၏။
သူ၏ အရှေ့မှ ကျားဝိညာဉ်အပျက်အစီးနယ်မြေကို ကြည့်နေစဉ် အတိတ်ကို လွမ်းဆွေးသော အရိပ်အယောင်က ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ဘေးမှ ညီမမူဝမ်က လက်ဆန့်ထုတ်လိုက်ပြီး ဟန်မူယဲ့၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
နှစ်ပေါင်းများစွာကြာအောင် သူက ဟန်မူယဲ့၏ ဘေးမှ တိတ်တဆိတ် ရှောင်ဖယ်နေခဲ့သည်။ သို့မှသာလျှင် ဟန်မူယဲ့က သူ၏ ဘေးကင်းလုံခြုံမှုအတွက် စိတ်ပူရန်လိုတော့မည် မဟုတ်ချေ။ သို့သော်လည်း သူက ဟန်မူယဲ့၏ ဘဝကို လွမ်းဆွေးသတိရဆဲပင်။
သူက ဆန္ဒမရှိသော်လည်း ထိုအံ့ဖွယ်ကောင်းသော ကိစ္စရပ်များတွင် စောင့်ကြည့်သူတစ်ယောက်သာ ဖြစ်လာနိုင်ပေသည်။
“ စီနီယာအကိုကြီး… ထျန်းရွှမ်တော်ဝင်မြို့တော်က ဆေးဆိုင်လေးကို ရှင်မှတ်မိသေးလား ”
ညီမမူဝမ်က ဟန်မူယဲ့ကို မော့ကြည့်လိုက်ပြီး မေးသည်။ ဤအခိုက်အတန့်မှာ သူ၏ မျက်လုံးက ရွှန်းလဲ့တောက်ပနေသည်။
ဒန်ယွမ်ဆေးခန်းဆောင်… ။
ကျိုးလင်၊ ကျိုးယုလုံ၊ ကျိုးယုထင်၊ ရှောက်တထျန်းနှင့် စီစီ…
ဆရာသခင်ပိုင်လီ၊ ချင်းစုယန်၊ အိမ်နီးချင်းများနှင့် တော်ဝင်မြို့တော်အကယ်ဒမီမှ ကြီးမြတ်သော ကွန်ဖြူးရှပ်ပညာရှင်များ…
ဟန်မူယဲ့က မူဝမ်ကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ရွှမ်ထျန်းကမ္ဘာမှ ထွက်ခွာပြီးနောက် သူက မရေမတွက်နိုင်သော အစွမ်းထက်ပညာရှင်များနှင့် တိုက်ခိုက်ခဲ့ပြီး အတွေ့အကြုံများစွာကို ရရှိခဲ့သည်။ ထိုသို့ဖြင့် နောက်ဆုံးမှာ သူက ဤလောက၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
သို့သော်လည်း ညီမမူဝမ်က ထိုသို့မဟုတ်ပေ။
မူဝမ် အမြဲတမ်း အားရနှစ်သက်ခဲ့သည်မှာ ဒန်ယွမ်ဆေးခန်းဆောင် ဖြစ်သည်။
ယင်းက ဤနှစ်များတွင် သူ့အတွက် အလှပဆုံး မှတ်ဉာဏ်များ ဖြစ်သည်။
ဤလောကတွင် လူမည်မျှများများက စောင့်ဆိုင်းရန် ထိုက်တန်ပါသနည်း။
စောင့်ဆိုင်းနေသူများထဲတွင် လူမည်မျှက အချည်းနှီးဖြစ်သွားကြသနည်း။
ထိုသို့တွေးမိသောအခါ ဟန်မူယဲ့က အပြစ်ရှိစိတ်ကို အနည်းငယ် ခံစားမိသွားသည်။
အကယ်၍ သူက တစ်နေရာရာမှာ သေဆုံးသွားမည်ဆိုလျှင် ညီမမူဝမ်က ထာဝရ စောင့်ဆိုင်းနေမည်လော။
“ စီနီယာအကိုကြီး… ညီမတို့ရဲ့ မှတ်ဉာဏ်တွေကို ချိပ်ပိတ်ပြီး ကျားဝိညာဉ်အပျက်အစီးနယ်မြေဆီ ခရီးထွက်ကြရအောင် ”
မူဝမ် စကားပြောလိုက်သည့်အခါ သူ၏ မျက်လုံးက ပိုပြီးထွန်းလင်းတောက်ပလာသည်။
မူဝမ်သော်လည်းကောင်း ဟန်မူယဲ့သော်လည်းကောင်း သူတို့နှစ်ယောက်စလုံး၏ ကျင့်ကြံခြင်းနှင့် ဝိညာဉ်စွမ်းအားက ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ လက်ခံနိုင်စွမ်းထက် ကျော်လွန်သွားပြီ ဖြစ်၏။
သူတို့က ဝိညာဉ်အမျှင်တန်းတစ်ခုကိုသာ အပျက်အစီးနယ်မြေထဲသို့ ပို့လွှတ်နိုင်ကြသည်။
သို့သော်လည်း မူဝမ်ပြောသည့် မှတ်ဉာဏ်ချိပ်ပိတ်ခြင်းကို ကြားသောအခါ ဟန်မူယဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“ ဂျူနီယာညီမ… ညီမက အကို့ရဲ့ မှတ်ဉာဏ်တွေ ချိပ်ပိတ်ခံထားရပြီးရင် ညီမကို အကိုရှာဖွေနိုင်ဦးမလား စမ်းသပ်ချင်တာလား ”
သူတို့ကဲ့သို့ ကျင့်ကြံသူများအတွက်တော့ အကယ်၍ သူတို့၏ ဝိညာဉ်မှတ်ဉာဏ်များ ချိပ်ပိတ်ခံထားရလျှင်ပင် သိမ်မွေ့သော စိတ်အာရုံက သူတို့ကို အမှောင်ထဲမှာ လမ်းညွှန်ပေးပြီး သူတို့၏ ကျင့်ကြံခြင်းခရီးကို ပုံဖော်ပေးလိမ့်မည်။
ဥပမာ အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်ပြီးနောက် ဟန်မူယဲ့က မူဝမ်ကို သေချာပေါက် ရှာဖွေနိုင်လိမ့်မည်။ မူဝမ်သည်တော့ ဟန်မူယဲ့ သူ့အား လာရှာဖွေမည်ကို စောင့်ဆိုင်းရန်သာ လိုအပ်ပေသည်။
အဘယ့်ကြောင့်ဆိုသော် အပျက်အစီးနယ်မြေ၏ စွမ်းအားက သူတို့၏ ဝိညာဉ်ကို မဖိနှိပ်နိုင်သောကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူတို့က သူတို့ကိုယ်ပိုင် ကျင့်ကြံခြင်းစည်းမျဉ်းများကို လွတ်လပ်စွာ ကြိုးကိုင်ခြယ်လှယ်နိုင်ကြသည်။
ယင်းက အတိတ်တွင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က စွန်းဝူကျွီအဖြစ် ပြောင်းလဲပြီး ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ခြင်းနှင့် ဆင်တူသည်။
မူဝမ်က ပြုံးလိုက်ပြီး သူ၏ လက်ညှိုးကို အရှေ့သို့ ညွှန်လိုက်သည်။ ထိုအခါ မှိန်ဖျော့သော ရွှေရောင်အလင်းတန်းတစ်ခုက သူ့အရှေ့မှ အပျက်အစီးနယ်မြေဆီသို့ ပျံသန်းသွားသည်။
ရွှေရောင်အလင်းတန်းက အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်သွားနေသည်ကို မြင်သောအခါ အတွေးတစ်ခုက ဟန်မူယဲ့၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။
ယင်းက သူဉာဏ်အလင်းရသွားသည့်အလားပင်။
ဝိညာဉ်အမျှင်တန်းက ဉာဏ်အလင်းရှာဖွေရန် တခြားလောကဆီသို့ ဝင်ရောက်သွားခြင်း… ။
ယင်းက အတိတ်မှာ သူလုပ်ဆောင်ခဲ့ဖူးသောအရာ ဖြစ်၏။
သို့ဆိုလျှင် တခြားဘုံများကရော… ။
သူ၏ ရှုထောင့်အမြင်အရ ဤနေရာက အပျက်အစီးနယ်မြေ ဖြစ်သည်။ သို့သော်လည်း အသူရာကောင်းကင်ဘုံနှင့် တခြားဘုံများမှ အစွမ်းထက်ပုဂ္ဂိုလ်များ၏ မျက်လုံးထဲတွင် သူတို့နေထိုင်သော ဤဘုံက အပျက်အစီးနယ်မြေတစ်ခု ဖြစ်မနေပေဘူးလော။
ဤလောက၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြသော ကျင့်ကြံသူများသည် အတိတ်မှာ မည်သို့ကျင့်ကြံခဲ့ကြသနည်း။
ကျင့်ကြံခြင်းက အဆုံးသတ်သို့ ရောက်ရှိသွားသည့်အခါ သူတို့က မည်သို့အဆင့်ချိုးဖြတ်ပြီး လောကအသစ်တစ်ခုကို မြင်နိုင်ကြလိမ့်မည်နည်း။
မူဝမ်၏ ဝိညာဉ်က အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်သွားစဉ် ဟန်မူယဲ့က တဒင်္ဂ ဉာဏ်အလင်းရရှိသွားသည်။
ထိုခံစားချက်က သူ့အား ဝမ်းသာပျော်ရွှင်စေသည်။
ဖြစ်နိုင်သည်မှာ ဤတစ်ကြိမ် သူ၏ ဝိညာဉ်ကို ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲသို့ ပို့လွှတ်ခြင်းက သူ့အား တမူထူးခြားသော အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်စေလိမ့်မည်။
ယင်းက သူ၏ အနာဂတ်ကျင့်ကြံခြင်းအတွက် လမ်းစဉ်အသစ် ဖြစ်လာနိုင်သည်။
“ စီနီယာအကိုကြီး… မြန်မြန် လုပ်တော့လေ… ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှာ အချိန်က အပြင်လောကထက် အဆငါးရာ ပိုမြန်တယ်… တကယ်လို့ ရှင်နောက်ကျသွားမယ်ဆိုရင် ကျွန်မက ရှင့်အဖွားရဲ့ မျိုးဆက်မှာ မွေးဖွားလာလိမ့်မယ် ”
မူဝမ်က စနောက်ပြောသည်။
ယင်းကို ကြားသောအခါ ဟန်မူယဲ့က သဘောကျစွာ ရယ်လိုက်သည်။ ထို့နောက် သူလက်ဝှေ့ယမ်းလိုက်သည့်အခါ ရွှေရောင်အလင်းတန်းတစ်ခုက ကျားဝိညာဉ်အပျက်အစီးနယ်မြေဆီသို့ ပျံသန်းသွားသည်။
နောက်အခိုက်အတန့်မှာ ဟန်မူယဲ့နှင့် ညီမမူဝမ်၏ ပုံရိပ်က နေရာမှ ပျောက်ကွယ်သွားကြသည်။
…..