နင့်ရဲ့အသက်ကို စတေးဖို့ ဆန္ဒရှိတယ်ပေါ့...
Vol. 7 Ch. 93
မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်၏ အဖြေစကားကြောင့် အန်လင်း၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ရီလာပြီး သူ့အရှေ့တွင် ရှိနေသည့် ပုံရိပ်လေးအား တွေဝေစွာဖြင့် ကြည့်နေမိသည်။
မိစ္ဆာရှင်းဓားသည် နောက်တစ်ဖန် အလွန်အားကောင်းသည့် အငွေ့အသက်များကို ထုတ်ဖော်လာပြန်သည်။ ဓားတစ်လက်လုံးသည် အပြင်းအထန် တုန်ခါလာပြီးနောက် မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်၏ ဖမ်းဆုပ်မှုမှ လွတ်မြောက်ရန် ကြိုးစားလေသည်။
မိစ္ဆာရှင်းဓားသည် သူမ၏ ဒဏ်ရာများအား ထိုးမွှေနေသည်ကြောင့် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် နာကျင်သဖြင့် ညည်းညူလိုက်သည်။
သို့သော်လည်း သူမသည် ဓားသွားကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမ၏ လက်များသည် သွေးခြင်းခြင်း နီလာတော့သည်။
မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် သူမ၏ လက်များမှတဆင့် ရွှေရောင် သင်္ကေတများကို ထုတ်လွှတ်ကာ ဓား၏စွမ်းအားကို ယာယီ ဖိနှိပ်ထားလိုက်သည်။
“ဒီမှာ ဘာလုပ်နေသေးတာလဲ... ပြေးတော့...” မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် အော်ဟစ်လိုက်သည်။
အဝေးတွင် မြေကမ္ဘာ အင်မော်တယ် မင်းယွမ်သည် ဓားရှည်အား ဝှေ့ယမ်းကာဖြင့် တောင်ပံနက်မျိုးနွယ်စု၏ မဟူရာညကို ရင်ဆိုင်ကာ အန်လင်းတို့ ထွက်ပြေး လွတ်မြောက်ရန် အချိန်ဆွဲလျက်ရှိသည်။ သို့သော်လည်း မဟူရာည၏ အနောက်ဘက်တွင် ရပ်လျက်ရှိသည့် သွေးနတ်ဘုရား နှစ်ကောင်သည် သူ့အား တားဆီး လာလေသည်။
ရွှမ်ယွမ်ချန်သည် အန်လင်းထံ ပျံသန်းသွားပြီး “အန်လင်း... ထတော့... ငါတို့ပြေးမှ ဖြစ်မယ်...”
သို့သော်လည်း အန်လင်းသည် ရွှမ်ယွမ်ချန်အား ခေါင်းခါပြလေသည်။
“ငါတို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... ပျက်ပြယ်ခြင်း အဆင့် ကျင့်ကြံသူတွေ လက်ထဲကနေ ငါတို့လို စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူတွေက လွတ်မြောက်ဖို့ အခွင့်အရေး ရှိလိမ့်မယ်လို့ ထင်နေတာလား...”
“ငါတို့ရဲ့ အခွင့်အရေးက ဘယ်လောက်ပဲရှိရှိ ငါဂရုမစိုက်ဘူး... ဆရာမ ယွဲ့ရင်ရဲ့ အားထုတ်မှုကို အလဟဿ ဖြစ်စေမလို့လား...”
ရွှမ်ယွမ်ချန်သည် အန်လင်းအား ဒေါသတကြီးဖြင့် စိုက်ကြည့်လာသည်။
အန်လင်းသည် နောက်တစ်ဖန် ခေါင်းခါယမ်းလိုက်ပြီး “ဒီလိုလုပ်လို့ မရဘူး... ငါတို့အခု ထွက်ပြေးမယ်ဆိုရင် ဒီနေရာမှာပဲ အားလုံး သေဆုံး သွားရလိမ့်မယ်...”
“ဘာပဲဖြစ်ဖြစ်လေ ငါတို့မှာ ရွေးစရာ ရှိနေသေးတယ်လေ...”
ရွှမ်ယွမ်ချန်သည် အန်လင်းအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။ သူဘာတွေ လုပ်နေသည်ကို နားမလည်နိုင်တော့ပေ။ သို့သော်လည်း အလျင်အမြန်ပင် တစ်စုံတစ်ခုအား သတိရလိုက်မိပြီးနောက် သူ့အမူအရာမှာ ပြောင်းလဲ သွားတော့သည်။
“အဲဒီ နည်းစနစ်ကို ထပ်သုံးဖို့ စီစဉ်နေတယ်လို့ ငါ့ကို မပြောနဲ့နော်...”
“အမှန်ပဲ... ငါတကယ်လို့ အဲဒီ နည်းစနစ်ကို အသုံးပြုလိုက်မယ်ဆိုရင် လူတိုင်း ရှင်သန်နိုင်ဖို့ အခွင့်အရေး ရှိလာလိမ့်မယ်...”
“ဆရာမ ယွဲ့ရင်က ငါတို့အတွက် သူမကိုယ်သူမ စတေးခဲ့တယ်... ငါကတော့ ဘာလို့ မလုပ်နိုင်ရမှာလဲ...”
ထိုစကားများအား ပြောနေရင်းနှင့် အန်လင်းသည် အဘယ်ကြောင့်မှန်းမသိ သူ၏ ပုခုံးပေါ်တွင် ကြီးလေးသည့် တာဝန်များကို ထမ်းပိုး ထားရသည်ဟု ခံစားနေမိသည်။
ကျောင်းတော်မှ ဝိညာဉ်ချုပ်နှောင် ရေခဲခေါင်းတလားနှင့် ချန်အယ်၏ အဆင့် ၂ အင်မော်တယ် ဆေးလုံးတို့သာ မရှိခဲ့လျှင် သူသည် ထိုအချိန်မှစကာ သေဆုံးပြီးနေပြီ ဖြစ်သည်။
အန်လင်းသည် စုရှောင်လန်နှင့် ရွှမ်ယွမ်ချန် ထို့နောက်တွင် သွေးနတ်ဘုရား နှစ်ကောင်နှင့် အပြင်းအထန် တိုက်ခိုက်လျက် ရှိသည့် မြေကမ္ဘာအင်မော်တယ် မင်းယွမ်တို့အား တမ်းတမ်းတတ ကြည့်လိုက်သည်။
အဆုံးတွင် သူ့အရှေ့တွင် ရပ်နေသည့် ပြိုလဲကျလုနီးနီး ပုံရိပ်လေးထံတွင် အကြည့်တို့ ရပ်တန့်လိုက်သည်။
အန်လင်းသည် အသက်ပြင်းစွာ ရှူလိုက်ပြီးနောက် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်ထံ လျှောက်လှမ်း သွားလိုက်သည်။
“အန်လင်း... နင်ဘာလုပ်မလို့လဲ...”
မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် သူမ၏ ညွှန်ကြားချက်များအား လိုက်နာခြင်း မရှိသည့် အန်လင်းကို အံကြိတ်ကာဖြင့် ဒေါသတကြီး ကြည့်လိုက်သည်။ သူသည် ထွက်ပြေးရမည့်အစား သူမထံသို့ တည့်တည့်မတ်မတ် လျှောက်လာနေသည်။
သူမသည် ဒေါသတကြီး ရုန်းကန်နေရင်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
လေထဲမှတဆင့် ကြည့်နေသည့် မဟူရာညသည်ပင်လျှင် အနောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ တာအိုခန္ဓာ အဆင့် ၁၀ မျှသာ ရှိနေသေးသည့် ကျင့်ကြံသူ တစ်ဦးသည် ဘာများလုပ်နိုင်မည်နည်း။
“ဆရာမ ယွဲ့ရင်ကို ကျေးဇူးတင်ပါတယ်...”
အန်လင်းသည် ဤစကားလုံးများမှာ သူ၏ နောက်ဆုံး စကားလုံးများဟု ခံစားနေရသည်။
ထိုသို့ပြောပြီးသည့် နောက်တွင် အန်လင်းသည် လေထဲတွင် ရပ်နေသည့် ဝတ်စုံနက် အမျိုးသမီးအား ကြည့်ကာ လက်ချောင်း တစ်ချောင်းအား သူမထံ ဆန့်ထုတ် လိုက်လေသည်။
ကောင်းကင်တာအို၏ လက်ချောင်...
ချက်ချင်းဆိုသလိုပင် မဟူရာည၏ အမူအရာသည် ပြင်းထန်စွာ ပြောင်းလဲ သွားတော့သည်။
လွန်စွာ ကြောက်မက်ဖွယ် ကောင်းသည့် နည်းစနစ်အား သူမမြင်ဖူးလေသည်။ သူမသည် ချက်ချင်း ဆိုသလိုပင် ပေါက်ကွဲမှုများမှ ကာကွယ်သည့် အနေဖြင့် ဖန်နံရံ အလွှာပေါင်းများစွာ ဖန်တီးလိုက်သည်။ သူမသည် လွန်စွာ ကြောက်လန့်နေသည့် အတွက် ရွှေရောင် ဝင်္ကဘာပြားကိုပင် ထုတ်ယူကာ သူမ၏ လက်ထဲတွင် ကိုင်ဆောင်ထားလိုက်သည်။
သုံးစက္ကန့် ကြာပြီးသည့်နောက်....
အန်လင်း၏ လက်ချောင်းတွင် မည်သည့် ပြောင်းလဲမှုမျှ ရှိမနေချေ။
မဟူရာည၏ နဖူးပြင်တွင် ချွေးအေးများ တစက်စက် စီးကျလာသည်။ သူမသည် အန်လင်း၏ လက်ချောင်းအား အလွန်သတိကြီးစွာဖြင့် စိုက်ကြည့်လျက် ရှိသည်။ မည်သည့် အတွက်ကြောင့် ထိုနည်းစနစ်အား အသုံးမပြုသေးသည်ကို သူမ နားမလည်နိုင်ချေ။
အန်လင်းသည်လည်း ချွေးသီးများ ကျလာပြီ ဖြစ်သည်။ သူအသုံးပြုခဲ့သည့် ကောင်းကင်တာအို၏ လက်ချောင်း မှန်သော်လည်း မည်သည့် အတွက်ကြောင့် သက်ရောက်မှု မရှိသနည်း။
တစ်မိနစ် ကြာပြီးနောက်…
အန်လင်းသည် ထိုကိုယ်ဟန်အတိုင်း ရှိနေသေးသည်ကြောင့် သူ၏ ပုခုံးများမှာ အနည်းငယ် ကိုက်ခဲလိုက်လေသည်။ သို့သော်လည်း မလှုပ်ရှားဝံ့ချေ။
မဟူရာညသည်လည်း သူမ၏ ကာကွယ်ရေး နည်းစနစ်များအား တိုးချဲ့လျက် ရှိနေသည်။ သို့သော်လည်း သူမသည် ထိုအကာအကွယ်များအား ဖယ်ရှားဖို့ရာ မဝံ့ရဲချေ။
သူမ၏ ဘေးအန္တရာယ်နှင့် သေခြင်းတရားနှင့် ပတ်သက်သော သိစိတ်သည် လွန်စွာတိကျသည်။ အန်လင်း၏ လက်ချောင်းမှ အလွန် ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိခြင်း ဖြစ်သည်။ သူမ၏ အသက်ကိုပင် နှုတ်ယူနိုင်သည့် စွမ်းအား... သို့သော်လည်း ထိုလက်ချောင်းရှိ စွမ်းအားသည် ပျောက်ကွယ်သွားပုံ ရသည်။ ထိုကျင့်ကြံသူသည် သူမ၏ ကာကွယ်မှုများအား ရုတ်သိမ်းမည့် အချိန်ကို စောင့်နေခြင်း ဖြစ်သည်။
သူမသည် မည်သည့် အခါတွင်မျှ ထိုသို့လုပ်မည် မဟုတ်။
“ဖူး…”
မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် မြေပြင်ပေါ်သို့ လဲမကျမီ ပါးစပ်နှင့်အပြည့် သွေးတစ်လုပ် အန်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် တောင့်ခံနိုင်ခြင်း မရှိတော့ချေ။
“ဆရာမ...”
အန်လင်းသည် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်ထံသို့ လှည့်လာပြီးနောက် သူမ၏ ဆိုးဝါးသည့် အခြေအနေကြောင့် သူ့နှလုံးသားထဲတွင် စိုးရိမ်မှုများ ကြီးထွား လာလေသည်။
အန်လင်း၏ စိတ်ပျံ့လွင့်မှုအား အခွင့်ကောင်း ယူကာဖြင့် မဟူရာညသည် အန်လင်းထန် လက်ဝါးတစ်ချက် ပစ်လွှတ်လိုက်သည်။ သူမ၏ လက်ဝါးချက်သည် လေထုအား ထိုးဖောက်ကာဖြင့် အန်လင်း၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ဆိုသလို ရောက်ရှိလာသည်။
အန်လင်းသည် ဖော်ပြ၍ မရနိုင်သည့် ကြီးမားသည့် စွမ်းအား လွှမ်းခြုံလာခြင်းကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် လက်ဝါး တစ်ချက်ကြောင့် အစိတ်စိတ်အမြွာမြွာ ကွဲထွက် မတတ်ပင် ဖြစ်သည်။
သူ့ခန္ဓာကိုယ်သည် အမြောက်ဆံကဲ့သို့ လေထဲတွင် မီတာရာပေါင်း များစွာ ပျံသန်းသွားပြီးသည့် နောက်တွင် တောင်တစ်လုံးနှင့် ပစ်တိုက်မိလေသည်။ တောင်၏ အပေါ်ဘက်ခြမ်းတွင် အမှတ်အသား တစ်ခု ဖန်တီးလိုက်နိုင်သည်။
အန်လင်း၏ ခန္ဓာကိုယ်အား အလွန်အမင်း သန်မာလာစေသည့် အထွတ်အထိပ် မြေကြာပန်း အတတ်အား ကျင့်ကြံထားခြင်း မရှိခဲ့ဘူးဆိုလျှင် ထိုလက်ဝါးချက်သည် သူ့အသက်ကိုပင် နုတ်ယူလိုက်နိုင်သည်။
အန်လင်းသည် မသေဆုံးသေး သော်လည်း ပြင်းထန်သည့် ဒဏ်ရာများ ရရှိလိုက်လေသည်။ သူ၏ ကိုယ်တွင်း အစိတ်အပိုင်းများသည် အပိုင်းပိုင်းဖြစ်နေပြီး သွေးများနှင့် ရောနှောကာ ပါးစပ်အတွင်းမှ ထွက်လာသည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးများလည် ထိန်းချုပ် မရနိုင်အောင် တုန်ရီလျက်ရှိသည်။ သူလှုပ်ရှားလိုသော်လည်း လက်ချောင်း တစ်ချောင်းမျှပင် လှုပ်ရှားနိုင်ခြင်း မရှိချေ။
“ငါသေတော့မှာလား...”
အန်လင်းသည် ခါးသက်သွာ ပြုံးလိုက်ပြီးနောက် ရွှမ်ယွမ်ချန်နှင့် အခြားသောသူများထံ ကြည့်လိုက်သည်။ သူ့နှလုံးသားလေးသည် သူရင်ဆိုင်နေရသည့် အမှန်တရားအား လက်ခံလိုစိတ် မရှိချေ။ ယခု အခြေအနေတွင် လူတိုင်း သေဆုံးကြရတော့မည် မဟုတ်ပါလား။ သူ့အနေဖြင့် သူ့ကိုယ်သူ စတေးခံရန် ဆုံးဖြတ်လိုက်သည့် အချိန်မှ ထိုကဲ့သို့ ဖြစ်ရလေသည်။ မဟူရာညသည် အန်လင်း၏ အခြေအနေအား ကြည့်ကာ အတော်လေး အံ့ဩနေမိသည်။ ထိုကျင့်ကြံသူသည် သူ၏ အစစ်အမှန် စွမ်းအားကို ဖုံးကွယ်ထားခြင်း ဖြစ်ရမည်ဟု သူမ တွေးထင်ခဲ့မိသည်။
သို့သော်လည်း ယခု တွေ့ကြုံလိုက်ရသည့် အခြေအနေအရ သူမသည် ထိုကျင့်ကြံသူအား အထင်ကြီးမိခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
အလွန်မြင့်မားသည့် ခံနိုင်ရည်စွမ်းအားမှအပ သူ့ထံတွင် ထူးခြားချက် ရှိပုံမရချေ။ အလွန်ဆုံး အနေဖြင့် တစ်ဖက်လူအား လိမ်လည် လှည့်ဖျားသည် နည်းစနစ် အချို့သာ ရှိပေလိမ့်မည်။ မဟူရာညသည် ထိုသို့ တွေးမိသော်ငြား အန်လင်းအား အထင်သေးခြင်း မရှိချေ။ ထို့ကြောင့် သူမ၏ စွမ်းအားအပြည့် သုံးကာဖြင့် အန်လင်းအား သတ်ဖြတ်မည် ဖြစ်သည်။
“အဆုံးမဲ့ ည...”
မဟူရာည၏ နှုတ်ခမ်းများဆီမှ အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်သည် ပိန်းပိတ်အောင် မှောင်မည်း လာသည်။ ကြယ်တာရာများသည် ပင်လယ် ကွယ်ပျောက်ကာ လ၏ အလင်းရောင်မှာလည်း မှေးမှိန်လာတော့သည်။ မြေပြင်ပေါ်ရှိ ကျင့်ကြံသူများသည် နက်မှောင်နေသည့် ကောင်းကင်အား မျက်လုံး အပြူးသားနှင့် ကြည့်နေ ကြတော့သည်။ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ကျင့်ကြံသူ အနည်းငယ်၏ တပည့်များသည် ထိုအချင်းအရာအား မြင်တွေ့ရသည့် အခါတွင် သူတို့၏ နှလုံးသားထဲမှနေ မျှော်လင့်ချက် ကင်းမဲ့မှုအား ခံစားရလေသည်။
“ဓား လာခဲ့စမ်း...”
မဟူရာညသည် သူမ၏လက်ဖြင့် လေကို ဖမ်းဆုပ်လိုက်သည်။
ချက်ချင်း ဆိုသလိုပင် သိပ်သည်းသည့် အမှောင်ထုသည် ပြင်းထန်စွာ လှုပ်ရှား လာပြီးနောက် မီတာရာပေါင်းများစွာ ရှည်လျားသည့် မဟူရာဓားရှည် တစ်ခု ဖြစ်ပေါ်ရန် စုဝေး လာကြသည်။
ရုတ်တရက် ဆိုသလိုပင် လေထုအလယ်တွင် ဓားရှည် တစ်ချောင်းသည် အကောင်အထည် ပေါ်လာသည်။ ကြောက်မက်ဖွယ် အငွေ့အသက်များကို ထုတ်လွှတ်လျက်ရှိပြီး သွေးမျိုးနွယ်စု၏ စစ်သည်များနှင့် လူသား ကျင့်ကြံသူများအား သူတို့၏ ဧကရီရှေ့တွင် ဒူးညွတ် ခစားလာစေရန် ဖိအားပေးလျက်ရှိသည်။
အန်လင်းသည် သူမ၏ လွန်စွာ စွမ်းအားကြီးသည့် နည်းစနစ်အား မျက်နှာရှုံ့မဲ့ကာဖြင့် ကြည့်နေမိသည်။
တာအိုခန္ဓာ အဆင့် ၁၀ ပဲရှိသေးတဲ့ ကျင့်ကြံသူလေးပါဗျ။ ခင်ဗျားအနေနဲ့ ဒီလိုမျိုး နည်းစနစ်တွေကို ထုတ်သုံးဖို့လောက် အထိ လိုအပ်နေလို့လားဗျာ...
ပုရွက်ဆိတ် တစ်ကောင်အား သတ်ဖြတ်ဖို့ရန် အတွက် နျူကလိယဗုံးကို အသုံးပြုခြင်းနှင့်ပင် တူညီနေသေးသည်။
ဖြုန်းတီးလိုက်တာ...
သို့သော်လည်း အန်လင်းသည် လှုပ်ရှားနိုင်ခြင်း မရှိသလို ခုခံနိုင်စွမ်းလည်း မရှိတော့ချေ။ ယခုအချိန်တွင် သူတတ်နိုင်သည့် အရာမှာ သူ၏ ပြိုင်ဘက်အား စိတ်ထဲမှနေ လှောင်ပြောင်ရယ်မောရန်သာ ဖြစ်သည်။
တင်း တောင်…
“လက်ခံသူသည် အလွန် ပြင်းထန်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ထောက်လှန်းမိပါသည်။ သင်၏ ပဉ္စမမြောက် အသက်စွမ်းအားကို စတေးခံရန် ဆန္ဒ ရှိပါသလား။ ရလဒ်အနေနှင့် စိတ်ကူးနှင့်ပင် မယဉ်နိုင်လောက်သည့် စွမ်းအားကို လက်ခံရရှိမည် ဖြစ်ပါသည်”
အန်လင်း၏ နှလုံးသားလေးမှာ အနည်းငယ် တုန်လှုပ်သွားသည်။ ပဉ္စမမြောက် အသက်စွမ်းအားကို စတေးရမယ် ဟုတ်လား။ စိတ်ကူးတောင် မယဉ်ဖူးတဲ့ စွမ်းအားကို ရရှိမယ်တဲ့လား။ လာနောက်နေတာလား၊ ရွှမ်ယွမ်ချန်နှင့် သူငယ်ချင်းများအား ကယ်တင်နိုင်မည် ဆိုပါက သူ၏ အသက်စွမ်းအား အားလုံးကိုပင် စတေးပစ်နိုင်သေးသည်။
“လက်ခံတယ်..”
အန်လင်း၏ ဝါကျဆုံးသည်နှင့် အလွန်ကြီးမားသည့် မဟူရာဓား တစ်လက် ဆင်းသက်လာကာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီး ပစ်လိုက်တော့သည်။ ချက်ချင်း ဆိုသလိုပင် တောင်တစ်ခုလုံးအား အမှောင်ထု ဖုံးလွှမ်းသွားပြီး ကြေမွကာ ပြိုကျပျက်စီး သွားလေတော့သည်။
***