အခန်း (၁၅၀၃)
Vol. 108 Ch. 1503
ကျားဝိညာဉ်အပျက်အစီးနယ်မြေ… ။
ကျားဝိညာဉ်အပျက်အစီးနယ်မြေမှ ဟန်မူယဲ့ ထွက်ခွာခဲ့သည်မှာ နှစ်တစ်သိန်းရှိသွားပြီ ဖြစ်၏။
မျက်မှောက်ခေတ်တွင် ကျားဝိညာဉ်အပျက်အစီးနယ်မြေကို အဓိကအင်အားစုသုံးခုက ထိန်းချုပ်ထားကြသည်။
ရွှမ်ချင်သည် အသန်မာဆုံး တည်ရှိမှုဖြစ်နေဆဲဖြစ်ပြီး ကောင်းကင်ဘုံအင်ပါယာလော့ခွန်း၏ ဂုဏ်သတင်းသည် ကမ္ဘာတစ်ခွင်ကျော်ကြားသည်။
ရွှမ်ချင်၏ စစ်သည်တော်များသည် ပြိုင်ဘက်ကင်းကြသည်။
ကောင်းကင်ဘုံထန်သည် ရွှမ်ယွမ်ဓားရေကန်မှ တပည့်များ၏ ကာကွယ်ပေးမှုကြောင့် ရွှမ်ချင်ကို ဆန့်ကျင်နိုင်လာသည်။
ရွှမ်ယွမ်ဓားရေကန်မှ တပည့်များကြောင့် ရွှမ်ချင်သည် ကောင်းကင်ဘုံထန်ကို မဖိနှိပ်နိုင်ပေ။
နောက်ဆုံးကျန်ရှိသော အင်အားစုမှာ ပင်လယ်ကို ကြီးစိုးထားသော လင်းရှောင်ကောင်းကင်နန်းတော်နှင့် မိုချူး၏ အကြွင်းအကျန် အင်အားစုများ ဖြစ်ကြသည်။
မိုချူးသည် လွန်ခဲ့သော နှစ်တစ်သောင်းတွင် သေဆုံးခဲ့သော်လည်း နတ်ဘုရားပန်းပဲပညာရှင် ရှုကျွယ်၏ တည်ရှိမှုကြောင့် မိုချူး၏ ကျန်ရှိသောအင်အားစုများက အမြစ်ဖြတ်သုတ်သင်ခြင်း မခံခဲ့ရပေ။ ယခု သူတို့က ပင်လယ်ထဲမှာ အဓိကနေထိုင်ကြသည်။
လော့ခွန်းသည် ပုံမှန်အားဖြင့် ရွှမ်ချင်မှာ မနေထိုင်ပေ။ ယင်းအစား သူက လင်းရှောင်ကောင်းကင်နန်းတော်ထဲမှာ ရှုကျွယ်နှင့်အတူ ကျင့်ကြံသည်။
မှန်ပေသည်။ လင်းရှောင်ကောင်းကင်နန်းတော်သည် ရွှမ်ချင်နှင့် ကောင်းကင်ဘုံထန်၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်လေ့ မရှိပေ။
လင်းရှောင်ကောင်းကင်နန်းတော်က ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်လာသူများအတွက်သာ စည်းမျဉ်းများ ပြဌာန်းသည်။
အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်လာသည့်အခါ လင်းရှောင်ကောင်းကင်နန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက တာဝန်ယူဆောင်ရွက်ပေးလိမ့်မည်။
ဟန်မူယဲ့သည် ရွှမ်ယွမ်ဓားရေကန်ထဲသို့ ဝင်ရောက်ပြီး သူတို့ထဲမှ တပည့်တစ်ယောက်ဖြစ်လာသည့်အခါ ယင်းတို့ကို အလိုအလျောက် နားလည်သွားသည်။
ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲသို့ သူပို့လွှတ်လိုက်သော ဝိညာဉ်အမျှင်တန်းက ဟန်ဝူရှဲအမည်ရသော အသက်နှယ်ဆယ်အရွယ် လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
သူက ယခင်မှတ်ဉာဏ်များကို အပြည့်အဝ ချိပ်ပိတ်ထားသော်လည်း တချို့မှတ်ဉာဏ်များက အရိပ်မည်းများသဖွယ် ဆက်လက် ကျန်ရှိနေဆဲပင်။ ယင်းက သူ့အား ရွှမ်ယွမ်ဓားရေကန်ဆီသို့ သွားရောက်ရန် ညွှန်ကြားပေးနေသည်။
“ ဟန်ဝူရှဲ… မင်းက ဓားခန်းဆောင်ဆီ ဝင်ရောက်ချင်တာလား ဒါမှမဟုတ် ဓားအိမ်ဆီ ဝင်ရောက်ချင်တာလား ”
ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ ဘေး၌ မတ်တတ်ရပ်နေသော မီးခိုးရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က မေးသည်။
ရွှမ်ယွမ်ဓားရေကန်ထဲတွင် ဓားခန်းဆောင်နှင့် ဓားအိမ်ဟူ၍ နှစ်မျိုးရှိသည်။ ဓားခန်းဆောင်မှ ဓားကျင့်ကြံသူများသည် ပညာသင်ယူပြီးနောက် ကောင်းကင်ဘုံထန်အပေါ် အမှုထမ်းခြင်း သို့မဟုတ် သိုင်းလောကထဲတွင် စွန့်စားခြင်းကို လုပ်ဆောင်ကြသည်။
ဓားအိမ်မှ တပည့်များသည်တော့ သူတို့က ရွှမ်ယွမ်ဓားရေကန်ထဲမှာ ဆက်လက် နေထိုင်ကြပြီး အပြင်လောကတွင် ထွက်ပေါ်လာလေ့ မရှိကြချေ။ သူတို့က ကျင့်ကြံခြင်းကိုသာ အထူးအာရုံစိုက်ကြသည်။
“ ငါ ဓားအိမ်ဆီ ဝင်ရောက်ချင်တယ် ”
ဟန်မူယဲ့က အရှေ့သို့ လှမ်းကြည့်လိုက်သည်။
အရောင်မွဲပြာသော ဧရာမကျောက်ပြားတစ်ချပ်ပေါ်တွင် စာလုံးကြီးတချို့ ရှိသည်။
အစက ထိုကျောက်ပြားသည် ဓားရေကန်၏ ဘေးမှာ တည်ရှိသည်။
ယခု ကျောက်ပြားကို တောင်ခြေဆီသို့ ရွှေ့ပြောင်းလိုက်၏။
ဓားရေကန်သည်တော့ ထိုနေရာမှာ ဆက်ပြီး ရှိနေသေးသလော မသိရပေ။
“ အဲ့ဒါက ငါတို့ရွှမ်ယွမ်ဓားရေကန်ရဲ့ နတ်ဘုရားကျောက်ပြားပဲ… အဲ့ဒီပေါ်မှာ ရေးထွင်းထားတဲ့ နာမည်တစ်ခုစီက ငါတို့ရွှမ်ယွမ်ဓားရေကန်ရဲ့ ဂုဏ်သိက္ခာကြီးမြတ်မှုကို ကိုယ်စားပြုတယ် ”
“ ရွှမ်ယွမ်ဓားရေကန်ဆီ ဝင်ရောက်ချင်တယ်ဆိုရင် မင်းတို့က ဒီနတ်ဘုရားကျောက်ပြားကို အရိုအသေပေးပြီး ငါတို့ရွှမ်ယွမ်ဓားရေကန် အလေးထားတဲ့ ဓားတာအိုနှလုံးသားကို ဆင်ခြင်နားလည်နိုင်အောင် ကြိုးစားရမယ် ”
ကျောက်တုံးလှေကား၏ အရှေ့မှာ မတ်တတ်ရပ်နေသော မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က အောက်ဘက်၌ စိတ်လှုပ်ရှားနေကြသော လူငယ်ထောင်သောင်းချီကို မထူးမခြားနားလေသံဖြင့် ပြောသည်။
သူက အရင်ဆုံး အတိတ်မှ ရွှမ်ယွမ်ဓားရေကန်၏ ဂုဏ်ကျက်သရေများကို စတင်မိတ်ဆက်သည်။ ထို့နောက် သူက ဓားကျင့်ကြံသူများအတွက် စည်းမျဉ်းများနှင့် သိုင်းလောကထဲမှာ နာမည်ကျော်ကြားခဲ့သော ပုံပြင်များကို ပြောပြသည်။
တပည့်အသစ်များထဲမှ တချို့က စိတ်မရှည်ဖြစ်လာကြသည်။ နောက်ဆုံးမှာတော့ အကြီးအကဲက လက်မြှောက်လိုက်ပြီး ပြောသည်။
“ နတ်ဘုရားကျောက်ပြားကို ဖြတ်ကျော်ပြီး မင်းတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အကျင့်စရိုက်ကို အစစ်ဆေးခံပါ… ပြီးသွားရင် ဓားခန်းဆောင်ဆီ ဝင်ရောက်မလား ဓားအိမ်ဆီ ဝင်ရောက်မလား ရွေးချယ်ပါ ”
သူစကားပြောလိုက်သည်နှင့် စူးရှသော အလင်းရောင်က အဖိုးအို၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ကျားဝိညာဉ်အပျက်အစီးနယ်မြေရဲ့ စည်းမျဉ်းတွေကို မင်းတို့နားလည်ထားပြီး ဖြစ်မှာပါ… တကယ်လို့ မင်းတို့ခေါင်းထဲမှာ မကောင်းတဲ့ တခြားအတွေးတွေ ရှိနေမယ်ဆိုရင် မင်းတို့တွေ ဒီနတ်ဘုရားကျောက်ပြားအောက်မှာ အသက်ဆုံးရှုံးရလိမ့်မယ် ”
ထိုသို့ပြောပြီးနောက် အဖိုးအိုက အနောက်သို့ ဆုတ်သွားသည်။
အစောနက စိတ်မရှည်ဖြစ်ခဲ့ကြသော တပည့်များသည် အရှေ့သို့ အမြန်လျှောက်သွားကြပြီး နတ်ဘုရားကျောက်ပြား၏ အရှေ့မှာ မတ်တတ်ရပ်လိုက်ကြသည်။ ထို့နောက် သူတို့က နတ်ဘုရားကျောက်ပြားကို ရိုသေလေးစားစွာ ဦးညွတ်လိုက်ကြသည်။
သူတို့ဦးညွတ်လိုက်သည်နှင့် အရောင်မှိန်ဖျော့သော ဝိညာဉ်အလင်းက နတ်ဘုရားကျောက်ပြားပေါ်မှာ ထွက်ပေါ်လာသည်။
ယင်းက နတ်ဘုရားကျောက်ပြား၏ အသိအမှတ်ပြုမှု ဖြစ်သည်။
ထိုတပည့်များက ဝမ်းသာပျော်ရွှင်သွားကြသည်။ ထို့နောက် သူတို့က နတ်ဘုရားကျောက်ပြား၏ အနောက်မှ တောင်တတ်လမ်းပေါ်သို့ အမြန်လျှောက်သွားကြသည်။
ရှောက်ယန်းအမည်ရသော ထိုမုတ်ဆိတ်ဖြူအဖိုးအို၏ ပြောစကားအရ နတ်ဘုရားကျောက်ပြားက သူတို့ကို အသိအမှတ်ပြုသရွေ့ ရွှမ်ယွမ်ဓားရေကန်ဆီသို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီလိမ့်မည်။
အရှေ့တွင် လူငယ်အုပ်စုက မထွက်သွားမီ နတ်ဘုရားကျောက်ပြားထံသို့ နောက်တစ်ကြိမ် အရိုအသေပေးလိုက်ကြသည်။
“ ဝီး ”
ထိုစဉ် နတ်ဘုရားကျောက်ပြားပေါ်မှ နာမည်တစ်ခုက ရွှေရောင်အလင်းချည်မျှင်ကို ထုတ်လွှတ်လိုက်သည်။
သို့ဖြစ်၍ ရှောက်ယန်းက နတ်ဘုရားကျောက်ပြားကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ လမ်းလျှောက်သွားနေသော ဝတ်စုံစိမ်းနှင့် ကောင်လေးတစ်ယောက်ထံ လက်ညှိုးညွှန်လိုက်သည်။
“ မင်းနာမည် ဘယ်လိုခေါ်လဲ ”
ရှောက်ယန်းက မေးသည်။
လူငယ်က အနည်းငယ် အံ့ဩသွားပြီး ခေါင်းမော့လိုက်သည်။
“ ဒီတပည့်နာမည်က ယုကဲရှန်းပါ ”
ရှောက်ယန်းက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး နတ်ဘုရားကျောက်ပြားကို ပြန်လှည့်ကြည့်လိုက်သည်။
“ ကောင်လေး… မင်းက ငါ့ဓားရေကန်ရဲ့ ဘိုးဘေးယုစီတုနဲ့ ဆက်နွယ်မှုရှိတယ်… မင်းက ဘိုးဘေးယုစီတုရဲ့ နောင်သားမျိုးဆက်တစ်ယောက် ဒါမှမဟုတ် သူ့ရဲ့ ပြန်လည်မွေးဖွားမှု ဖြစ်နိုင်တယ် ”
“ ဒါကြောင့် မင်းက ဓားအိမ်မှာ ကျင့်ကြံနိုင်တယ်… ငါတို့ဓားရေကန်က မင်းကို သင့်တင့်တဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ထောက်ပံ့ပေးမယ် ”
အရင်းအမြစ်တွေ ထောက်ပံ့ပေးမှာလား… ။
ဘယ်လောက်ကောင်းလိုက်တဲ့ အခွင့်အရေးလဲ… ။
ရှောက်ယန်း၏ စကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်မှ လူငယ်များက မနာလိုသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။
ယုကဲရှန်းက တဒင်္ဂ ဆွံ့အသွားသည်။ ထို့နောက် သူက ရင်ဘက်ထဲမှ ဓားကျိုးအပိုင်းအစတစ်ခုကို တရိုတသေ ထုတ်လိုက်သည်။
“ ကျွန်တော့်ရဲ့ ယုမိသားစုက ဒီဓားကျိုးကို မျိုးဆက်အစဉ်အဆက် သေချာထိန်းသိမ်းခဲ့ပါတယ်… ကျွန်တော့်မိဘတွေရဲ့ ပြောစကားအရတော့ ဒီဓားကျိုးက ဘိုးဘေးအမွေအနှစ်တစ်ခု ဖြစ်ပါတယ်တဲ့… ဒါပေမဲ့ ဒီဓားကျိုးက ရွှမ်ယွမ်ဓားရေကန်ရဲ့ ဘိုးဘေးတစ်ယောက် အသုံးပြုခဲ့တဲ့ဓား ဖြစ်လိမ့်မယ်လို့ ကျွန်တော်မမျှော်လင့်ထားပါဘူး ”
စိတ်လှုပ်ရှားသော အမူအရာက ယုကဲရှန်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ထိုသို့ကံကြမ္မာကောင်းက သူ့အနောက်မှာ စောင့်ဆိုင်းနေကြသော လူငယ်များကို မနာလိုဖြစ်မိစေသည်။
သူတို့ထဲမှ အများစုက လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်လိုက်ကြသည်။
ဤသည်မှာ သူတို့က ကိုယ်ပိုင်ကံကြမ္မာကောင်းကို ရှာဖွေရန် စိတ်အားထက်သန်နေကြသည့်အလားပင်။
မကြာမီအချိန်မှာ သူတို့ထဲမှ လူငယ်ခုနစ်ယောက် ရှစ်ယောက်က ဓားရေကန်နှင့် ဆက်သွယ်မှုရှိကြောင်း ရှာတွေ့ခဲ့သည်။
“ ဝီး ”
ထိုစဉ် နတ်ဘုရားကျောက်ပြားက နောက်တစ်ကြိမ် အသံမြည်သွားသည်။ လူတိုင်းက ခေါင်းမော့လိုက်ကြသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် သူတို့ကို စောင့်ကြိုနေသည်မှာ ရှောက်ယန်း၏ မေးခွန်းမဟုတ်ပေ။ ယင်းအစား သူ၏ လက်ထဲမှ ဓားတစ်လက် ဖြစ်သည်။
တောက်ပသော ဓားအလင်းက ကျောက်စိမ်းသရဖူဆောင်းထားသော လူငယ်တစ်ယောက်ထံသို့ ဦးတည်သွားသည်။
လူငယ်က အစတွင် အံ့ဩသွားသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်လာပြီး သူက အနောက်သို့ အမြန်ဆုတ်လိုက်သည်။
“ အပြင်လူတွေက ဓားရေကန်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ကောင်းကင်ဘုံနန်းတော်ရဲ့ ကျင့်ကြံခြင်းအရင်းအမြစ်တွေကို မျက်စိမကျရဘူးလို့ ငါမပြောခဲ့ဘူးလား… ဒီစည်းမျဉ်းကို မင်းမသိထားဘူးလား ”
ရှောက်ယန်း၏ အကြည့်က လူငယ်ပေါ်သို့ ကျရောက်သွားသည်။ သူက မထူးမခြားနား လေသံဖြင့် ပြောသည်။
အပြင်လောကက လူတွေလား… ။
နတ်ဘုရားကျောက်ပြား၏ အရှေ့မှာ မတ်တတ်ရပ်နေကြသော လူငယ်များက အံ့ဩသွားကြသည်။ ထို့နောက် သူတို့အားလုံးက ကြောက်လန့်တကြား အနောက်ဆုတ်သွားကြသည်။
ဓားဖြင့် ချိန်ရွယ်ခံထားရသော လူငယ်က အမူအရာပျက်ယွင်းသွားသည်။ နောက်ဆုံးမှာတော့ သူက ခေါင်းညိတ်လိုက်သည်။
ရှောက်ယန်းက သူ၏ ဓားကို ပြန်ရုပ်သိမ်းလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။
“ အခု ထွက်သွားတော့… မင်းက ရုပ်ခန္ဓာကိုယ်နဲ့ ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲ ဝင်ရောက်လာခဲ့တယ်… ဒီနေရာမှာ အသက်မဆုံးရှုံးသွားအောင် ဂရုစိုက်ပါ ”
ထို့နောက် သူက ဘေးဘီကို ကြည့်လိုက်သည်။
“ ကျားဝိညာဉ်အပျက်အစီးနယ်မြေက အပြင်လူတွေကို မောင်းမထုတ်ဘူး… ဒါပေမဲ့ ရုပ်ခန္ဓာကိုယ်နဲ့ ဝင်ရောက်လာကြတဲ့ လူတွေက ဓားရေကန်မှာပဲဖြစ်ဖြစ် ကောင်းကင်ဘုံနန်းတော်မှာပဲဖြစ်ဖြစ် ကျင့်ကြံခွင့်မရှိဘူး ”
“ အဲ့ဒါက စည်းမျဉ်းတစ်ခုပဲ ”
အစစ်အမှန်ခန္ဓာကိုယ်ဖြင့် အပျက်အစီးနယ်မြေထဲသို့ ဝင်ရောက်လာခြင်းက အပျက်အစီးနယ်မြေ၏ မူလစွမ်းအားကို ဆုံးရှုံးစေလိမ့်မည်။
ထိုပုဂ္ဂိုလ်က ပိုပြီးသန်မာလေ သူထွက်သွားသည့်အခါ သယ်ဆောင်သွားနိုင်သော မူလစွမ်းအားပမာဏက ပိုပြီးများပြားလေ ဖြစ်၏။
ထိုအကြောင်းအရင်းကြောင့် ကောင်းကင်ဘုံနန်းတော်နှင့် ဓားရေကန်က အပျက်အစီးနယ်မြေထဲသို့ ရုပ်ခန္ဓာကိုယ်ဖြင့် ဝင်ရောက်လာကြသူများအား ကျင့်ကြံခွင့်မပေးရန် တားမြစ်ထားခြင်း ဖြစ်သည်။
ရှောက်ယန်းက သူ၏ လက်ကို နတ်ဘုရားကျောက်ပြားထံသို့ မြှောက်တင်လိုက်လေရာ အတိတ်ကို လွမ်းဆွေးသော အရိပ်အမြွက်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ငါ့ရဲ့ ရွှမ်ယွမ်ဓားရေကန်မှာ ကောင်းကင်ဘုံဓားဘိုးဘေးကနေစပြီး ဘိုးဘေးဝူကျစ်မျိုးဆက်အထိ ကျင့်ကြံသူသုံးသောင်းကျော်က အပြင်လောကကနေ ဝင်ရောက်လာခဲ့ကြတယ်… သူတို့ကြောင့်ပဲ ငါ့ရဲ့ ဓားရေကန်က အခုထိ အမွေအနှစ်တွေကို ထိန်းသိမ်းထားနိုင်ခဲ့တာ ”
“ မင်းတို့က ဓားရေကန်မှာ တကယ်ကျင့်ကြံချင်တာဆိုရင် ငါတို့က ငြင်းဆန်မှာ မဟုတ်ဘူး ”
အပျက်အစီးနယ်မြေများထဲသို့ ဝိညာဉ်ဖြင့် ဝင်ရောက်ခြင်းက ဆင်ခြင်နားလည်မှုကိုသာ ပြန်သယ်ဆောင်သွားနိုင်သည်။
ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။
ဖြစ်နိုင်သည်မှာ ယင်းက အပျက်အစီးနယ်မြေတစ်ခုလုံး၏ အင်အားကို ပိုမိုသန်စွမ်းလာစေရန် ပြုလုပ်ချင်သော ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ သဘောထားဖြစ်နိုင်သည်။
အရှေ့ဆုံးမှာ မတ်တတ်ရပ်နေသော လူငယ်၏ အမူအရာက ပြောင်းလဲသွားသည်။ နောက်ဆုံးမှာတော့ သူက ရှောက်ယန်းကို အရိုအသေပေးလိုက်ပြီး ဘေးပတ်ဝန်းကျင်မှ လူငယ်များကို ကြည့်လိုက်သည်။
“ ငါ့နာမည်က ရှောင်ကျင်းလန်ပါ… တကယ်လို့ သိုင်းလောကမှာ ငါတို့ပြန်တွေ့ဆုံဖြစ်ခဲ့ရင် ငါ့ကို ဂရုစိုက်ပေးကြပါ ”
ထိုသို့ပြောပြီးနောက် သူက မိုင်တစ်ရာအဝေးသို့ ဆုတ်ခွာသွားသည်။
သူ၏ ကျင့်ကြံခြင်းစွမ်းအားက ဖိနှိပ်ခံထားရသော်လည်း သူက ခြေလှမ်းဝက် ကောင်းကင်ဘုံအဆင့်မှာ ရှိနေဆဲပင်။
ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲတွင် လောလောဆယ် အမြင့်ဆုံးက ခြေလှမ်းဝက် အင်မော်တယ်အရှင်သခင်အဆင့် ဖြစ်၏။
သို့သော်လည်း ထိုကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားကြသော ပုဂ္ဂိုလ်များသည် ပင်လယ်အင်မော်တယ်ကျွန်း သို့မဟုတ် လင်းရှောင်ကောင်းကင်နန်းတော်ထဲမှာသာ နေထိုင်ကြသည်။
ကောင်းကင်ဘုံအဆင့်သည် သေမျိုးလောကတွင် အထွတ်အထိပ်တည်ရှိမှု ဖြစ်သည်။
ရှောင်ကျန်းလန်၏ ထွက်ခွာမှုက ဘေးပတ်ဝန်းကျင်မှ လူငယ်များကို သက်ပြင်းချမိစေသည်။
ဟန်မူယဲ့သည် ခေါင်းလှည့်လိုက်ပြီး အဝေးမှ ရှောက်ယန်းကို ကြည့်လိုက်သည်။
ထိုအဖိုးအို၏ ကျင့်ကြံခြင်းအခြေခံက မဆိုးပေ။ သူက အင်မော်တယ်အဆင့်သို့ ရောက်ရှိနေသည်။
ကျားဝိညာဉ်အပျက်အစီးနယ်မြေက ယင်းကို ဖိနှိပ်ထားသော်လည်း အင်မော်တယ်အဆင့် ကျင့်ကြံခြင်းအခြေခံက အမှန်တကယ် မဆိုးဝါးပေ။ အတိတ်မှာ အပျက်အစီးနယ်မြေတစ်ခုလုံးတွင် ဟန်မူယဲ့ နာမည်ကျော်ကြားခဲ့စဉ်က လူသားအင်မော်တယ်စွမ်းအားကိုသာ သူထုတ်ဖော်ပြခဲ့သည်။
ထို့နောက် ဝင်ခွင့်စမ်းသပ်မှုကို ဆက်လက် လုပ်ဆောင်သည်။ လူတိုင်းက နတ်ဘုရားကျောက်ပြားအပေါ် ပိုပြီးရိုသေလေးစားလာကြသည်။
“ ဟန်ဝူရှဲ… မင်းမသွားဘူးလား ”
ဟန်မူယဲ့၏ ဘေးမှ လူငယ်က အရှေ့သို့ လျှောက်သွားနေရင်း ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ပြီး ပြောသည်။
ထိုလူငယ်၏ နာမည်က လီစီဖြစ်သည်။ ထိုသူက ဟန်မူယဲ့ ဤနေရာသို့ ခရီးထွက်လာစဉ် လမ်းမှာ တွေ့ဆုံခဲ့သူ ဖြစ်သည်။
ဟန်မူယဲ့က လက်ယမ်းပြလိုက်သည်။
“ ငါ ခဏလောက် ထပ်စောင့်ကြည့်ဦးမယ် ”
တစ်ဖက်လူက အလျင်မလိုကြောင်းမြင်သောအခါ လီစီက အရှေ့သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး နတ်ဘုရားကျောက်ပြား၏ အရှေ့မှာ ရပ်လိုက်သည်။ သူက အရိုအသေပေးပြီးနောက် တောင်တတ်လမ်းဆီသို့ ဆက်လျှောက်သွားသည်။