အခန်း (၁၅၀၄)
Vol. 108 Ch. 1504
ယင်းက လူတိုင်းအားလုံးနီးပါး တောင်တတ်လမ်းဆီသို့ ရောက်သွားသည်အထိ ကြာမြင့်ခဲ့သည်။ နောက်ဆုံးမှာတော့ ဟန်မူယဲ့က အရှေ့မတတ်ရသေးသော လူအနည်းစုနှင့်အတူ နတ်ဘုရားကျောက်ပြားဆီသို့ လျှောက်သွားသည်။
“ ဝီး ဝီး ”
နတ်ဘုရားကျောက်ပြားက အနည်းငယ် တုန်ယင်သွားသည်။
သို့ဖြစ်၍ ရှောက်ယန်း၏ အကြည့်က ထိုလူနည်းစုပေါ်သို့ ကျရောက်သွားသည်။
ရွေးချယ်ခံထားရပြီးသော လူငယ်များ၊ ဓားရေကန်နှင့် အဆက်အသွယ်ရှိသော လူငယ်များက စူးစမ်းလိုစွာ လှမ်းကြည့်လိုက်ကြသည်။
အဲ့ဒါဘယ်သူလဲ… ။
ဟန်မူယဲ့၏ ဘေးမှာ ရပ်နေသော လူငယ်က ခေါင်းမော့လိုက်သည်။ စိတ်ခံစားချက် အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ရွှမ်ယွမ်ဓားရေကန်ဆီ ငါပြန်လာနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး ”
သူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး နတ်ဘုရားကျောက်ပြားပေါ်သို့ လက်တင်လိုက်သည်။
ထိုအခါ ကျောက်ပြားပေါ်တွင် နာမည်တစ်ခုက ရွှေရောင်ဖျော့ဖျော့အလင်းကို ထုတ်လွှတ်လိုက်သည်။
“ ဒီတော့ ခင်ဗျားက ပြန်ရောက်လာတဲ့ ဂိုဏ်းတူဦးလေးဝူကျစ်ကို ”
ရှောက်ယန်းက အရိုအသေပေးလိုက်သည်။
ဝူကျစ်အမည်ရသော လူငယ်က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ သူက အင်္ကျီကို သပ်သပ်ရပ်ရပ် ပြုပြင်ပြီးနောက် နတ်ဘုရားကျောက်ပြားကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက ဘေးမှာ စောင့်ဆိုင်းနေကြသော လူငယ်များထံသို့ လျှောက်သွားသည်။
ထိုပုဂ္ဂိုလ်သည် ပြန်လည်မွေးဖွားလာသူ ဖြစ်သည်။ အတိတ်မှ မှတ်ဉာဏ်များဖြင့်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းက တခြားလူများထက် ပိုပြီးလျှင်မြန်စွာ တိုးတတ်သွားလိမ့်မည်။ သို့သော်လည်း နောက်ပိုင်းအဆင့်များက အလွန်ခက်ခဲပေသည်။
နှစ်ဘဝမှတ်ဉာဏ်များဖြင့်ဆိုလျှင်ပင် သူက ဤလောက၏ အထွတ်အထိပ်သို့ ရောက်နိုင်မည်လော မသေချာပေ။ ယင်းက ကံတရားပေါ်မှာ မူတည်သည်။
ဟန်မူယဲ့သည် နတ်ဘုရားကျောက်ပြားပေါ်မှ နာမည်များကို ကြည့်လိုက်သည်။
သူက ကျောက်ပြား၏ ထိပ်ဆုံးနေရာမှ နာမည်ကို မြင်တွေ့သွားသည်။
ကောင်းကင်ဘုံဓားဘုရင်… ။
ထိုနာမည်၏ အောက်တွင် စွန်းဝူကျွီ၊ လော့ခွန်းနှင့် ရှုကျွယ်တို့၏ နာမည်များ ရှိသည်။
ရွှမ်ယွမ်ဓားရေကန်၏ နောင်မျိုးဆက်များက သူတို့ထံမှ ဆင်းသက်လာကြခြင်း ဖြစ်သည်။
ဤလောက၏ အစွမ်းထက်ဆုံးပုဂ္ဂိုလ်အားလုံးသည် ဓားရေကန်ထဲမှာ ကျင့်ကြံဖူးကြသည်။
ထိုနာမည်များ၏ အောက်တွင် ဓားရေကန်ထဲမှာ သူကျင့်ကြံခဲ့စဉ်က ရင်းနှီးသိကျွမ်းခဲ့သော လူတချို့၏ နာမည်များကိုလည်း ဟန်မူယဲ့ မြင်တွေ့သွားသည်။
သူတို့က ရွှမ်ယွမ်ဓားရေကန်ကို အမှန်တကယ် ပံ့ပိုးထားသူများ ဖြစ်ကြသည်။
“ ဝီး ဝီး ဝီး… ”
ဟန်မူယဲ့ နတ်ဘုရားကျောက်ပြားထံသို့ ငေးကြည့်နေစဉ် ကျောက်ပြားထံမှ မြည်သံက တဖြည်းဖြည်း ပိုပြီးကျယ်လောင်လာသည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားကျောက်ပြားပေါ်မှ နာမည်အားလုံးက တုန်ယင်သွားဟန် ရ၏။
ရှောက်ယန်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည်။
သူ့အရှေ့မှ တပည့်များထံတွင် မည်သည့်မူမမှန်မှုကိုမှ သူအာရုံမခံမိပေ။
ဖြစ်နိုင်သည်မှာ မျိုးနွယ်ခြားရန်သူတစ်ယောက်က ကျူးကျော်ဝင်ရောက်လာခြင်းလော။
ဤအခိုက်အတန့်မှာ တောင်ထိပ်ပေါ်တွင် သက်ငယ်မိုးထားသော အိမ်များထဲမှ ခေါင်းဖြူအဖိုးအိုအများအပြားက မျက်လုံးဖွင့်လိုက်ကြသည်။
“ နတ်ဘုရားကျောက်ပြားက တစ်ခုခုကို အာရုံခံမိတယ်… အဲ့ဒါက သတိပေးမှုလား ဒါမှမဟုတ် စီနီယာတစ်ယောက်ယောက် ပြန်ရောက်လာတာလား… ”
“ ငါက ရွှမ်ယွမ်ဓားရေကန်ရဲ့ သုံးဆယ်တစ်ကြိမ်မြောက်မျိုးဆက်ပဲ… ငါ့အထက်မှာ မဟာဦးသျှောင်လော့ခွန်းရဲ့ မျိုးဆက်က လူတွေပဲ ရှိတယ်… ဖြစ်နိုင်တာက အင်ပါယာလော့ခွန်း ပြန်ရောက်လာတာလား ”
“ ဘယ်စီနီယာ ပြန်ရောက်လာလို့ နတ်ဘုရားကျောက်ပြားက ဒီလောက်တောင် တုန်ယင်နေရတာလဲ… ”
နတ်ဘုရားကျောက်ပြား၏ အရှေ့တွင် ဟန်မူယဲ့က အကြည့်ပြန်ရုပ်လိုက်သည်။
သူက တောင်တတ်လမ်းပေါ်သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။
တခြားလူများသည်လည်း သူ့အနောက်မှ လိုက်ပါလာကြသည်။
သူတို့ထွက်သွားသည်နှင့်ချက်ချင်း နတ်ဘုရားကျောက်ပြားက တဖြည်းဖြည်း ပြန်ငြိမ်သက်သွားသည်။
“ ဓားရေကန်ရဲ့ စီနီယာတစ်ယောက်ယောက် ပြန်ရောက်လာတာများလား ”
ရှောက်ယန်းက ထိုလူငယ်အုပ်စုကို ကြည့်လိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
ဟန်မူယဲ့သည်တော့ သူမရင်းနှီးသော်လည်း အနည်းငယ် ရင်းနှီးနေသော တောင်တတ်လမ်းပေါ်သို့ လျှောက်သွားနေသည်။
ဤအခိုက်အတန့်မှာ သူက ဓားရေကန်ထဲမှာ သူနေထိုင်ခဲ့သော နေ့ရက်များဆီသို့ ပြန်ရောက်သွားသည့်အလား ခံစားမိသွားသည်။
“ ဝှီး ”
တောင်ပေါ်တွင် ပေတစ်သောင်းကျယ်ဝန်းသော ဓားရေကန်က ရုတ်တရက် စတင်လှည့်ပတ်သွားပြီး ရေကန်ထဲမှ ဓားအားလုံးက တုန်လှုပ်သွားကြသည်။ ထို့နောက် ဓားအားလုံးက ဓားပဲ့တင်သံကို ထုတ်လွှတ်လိုက်ကြသည်။
အလွန်ကျယ်လောင်သော ဓားပဲ့တင်သံက ရွှမ်ယွမ်ဓားရေကန်တစ်ခုလုံးဆီသို့ ပျံ့လွင့်သွားသည်။
…..
ဓားရေကန်… ။
လွန်ခဲ့သော နှစ်တစ်သိန်းတွင် စီနီယာများသည် ကျင့်ကြံရင်း ဓားများကို သွန်းလုပ်ခဲ့ကြသည်။ ဓားကျိုးများကိုတော့ ရေကန်ထဲ ပစ်ချခဲ့ကြသည်။ ထိုသို့ဖြင့် ဓားရေကန်ဟု အမည်တွင်လာခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ကွန်ဖြူးရှပ်တာအိုကို နားလည်ထားကြသော အစွမ်းထက်ကျွမ်းကျင်သူများသည် နောင်မျိုးဆက်များ အလွယ်တကူ ကျင့်ကြံနိုင်ရန်အလို့ငှာ သူတို့၏ လက်သုံးတော်ဓားများကို ဓားရေကန်ထဲမှာ ထိုးစိုက်ခဲ့ကြသည်။
ရွှမ်ယွမ်ဓားရေကန်သည် အတိတ်မှာ ကောင်းကင်ဘုံထန်အင်ပါယာ၏ အထောက်အပံ့ကို ရရှိခဲ့ပြီး ယင်း၏ တောင့်တင်းခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။
နှစ်ပေါင်းမြောက်များစွာအတွင်း ဓားရေကန်မှ အရေအတွက်များပြားသော အစွမ်းထက်ပုဂ္ဂိုလ်များသည် ကောင်းကင်ဘုံထန်အင်ပါယာ၏ ကပ်ဘေးများနှင့် အခက်အခဲများကို ကူညီဖြေရှင်းပေးခဲ့ကြသည်။
ရွှမ်ယွမ်ဓားရေကန်၏ အထင်ရှားဆုံးအဖြစ်အပျက်မှာ ကောင်းကင်ဘုံဓားဘုရင်က ဓားတစ်လက်နှင့်အတူ ပြင်ပကုန်းမြေများကို ခြိမ်းခြောက်ခဲ့ပြီး လင်းရှောင်ကောင်းကင်နန်းတော်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်။
ထိုတိုက်ပွဲပြီးနောက် ရွှမ်ယွမ်ဓားရေကန်သည် ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ အစွမ်းထက်ဆုံး အင်အားစုများအနက် တစ်ခုအပါအဝင်ဖြစ်လာခဲ့သည်။ ယင်းက ယနေ့ထိတိုင် ဖြစ်၏။
နှစ်ပေါင်းများစွာကြာပြီးနောက် ဓားရေကန်ထဲမှ ဓားများသည် မရေမတွက်နိုင်အောင် တိုးပွားလာခဲ့သည်။
ဓားရေကန်ထဲတွင် စီနီယာများ၏ ဆင်ခြင်နားလည်မှုများ၊ အကြွင်းအကျန်ဝိညာဉ်များ သို့မဟုတ် နောက်ဆုံးစိတ်ဆန္ဒနှင့် စမ်းသပ်မှုများ အစရှိသည်တို့ ကိန်းအောင်းနေကြသည်။ ယင်းက နောင်မျိုးဆက်များ လေ့လာနိုင်ရန် ရည်ရွယ်သည်။
ဓားရေကန်ထဲမှ ဓားများက ဓားပဲ့တင်သံကို ထုတ်ဖော်သည့်အခါ ယင်းက ရန်သူများအပေါ် သတိပေးချက် သို့မဟုတ် ပြိုင်ဘက်ကင်းပါရမီရှင်တစ်ဦး၏ ရောက်ရှိလာမှုအတွက် လက္ခဏာ ဖြစ်သည်။
ဤအခိုက်အတန့်မှာ ဓားရေကန်မှ ဓားပဲ့တင်သံက မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များ၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။
“ ထိပ်တန်းပါရမီရှင်တစ်ယောက်က ငါတို့ရွှမ်ယွမ်ဓားရေကန်ဆီ ရောက်လာတာလား ”
“ မဖြစ်နိုင်တာ… ဆရာဝူရှန့် ရောက်လာတုန်းကတောင် ဓားရေကန်ထဲက ဓားတစ်ဝက်ပဲ ပဲ့တင်သံထွက်ပေါ်လာတာ မဟုတ်ဘူးလား ”
“ ဘယ်လိုပါရမီရှင်က ဓားရေကန်ထဲက ဓားအားလုံးကို ပဲ့တင်သံထွက်အောင် ပြုလုပ်နိုင်တာလဲ ”
ဓားရေကန်၏ ကောင်းကင်ပေါ်တွင် ခေါင်းဖြူအကြီးအကဲဒါဇင်ခန့်က မျက်နှာတည်ကြည်သွားကြပြီး နူးညံ့စွာ တီးတိုးရေရွတ်လိုက်ကြသည်။
သူတို့က ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ခဲ့သော်လည်း မည်သည့်မူမမှန်မှုကိုမှ ရှာမတွေ့ခဲ့ကြပေ။
“ မဟာဦးသျှောင်လော့ခွန်းနဲ့ မဟာဦးသျှောင်ရှုကျွယ်က လင်းရှောင်ကောင်းကင်နန်းတော်ထဲကနေ အပြင်ထွက်မလာတာ နှစ်တစ်ထောင်ကျော်သွားပြီ… ဖြစ်နိုင်တာက အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဒီလောကထဲမှာ ထွက်ပေါ်လာတာများလား ”
“ အပြင်လောကက ထိပ်တန်းကျွမ်းကျင်သူတွေက ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲ မဝင်လာနိုင်ကြဘူး… ဒါဆိုရင် ဓားရေကန်ထဲက ဓားအားလုံးက ဘာလို့ အသံမြည်လာတာလဲ ”
ဓားရေကန်ကို စောင့်ကြပ်နေသော အစွမ်းထက်ပုဂ္ဂိုလ်များက ဇဝေဇဝါဖြစ်သွားကြသည်။
ဓားရေကန်တစ်ခုလုံး၏ ပဲ့တင်သံက အနာဂတ်အပေါ် သူတို့၏ အမြင်အာရုံကို ဝေဝါးသွားစေသည်။
ထိုအခိုက်အတန့်မှာ ဟန်မူယဲ့က တောင်ပေါ်သို့ ဖြည်းညင်းစွာ တတ်သွားနေသည်။
သူ၏ အရှေ့တွင် သက်ငယ်မိုးထားသော အိမ်တစ်လုံး ရှိသည်။
အိမ်၏ ဘေးတွင်တော့ ဓားရေကန် ရှိသည်။ ရေကန်ထဲတွင် အရွယ်အစားအမျိုးမျိုးနှင့် ပုံသဏ္ဍာန်မတူညီသော ဓားများက မရေမတွက်နိုင်အောင်ရှိသည်။
ဤအခိုက်အတန့်မှာ ဓားရေကန်ထဲမှ ဓားအားလုံးက အပြင်းအထန် တုန်ယင်နေကြပြီး ကျယ်လောင်သော ဓားဟိန်းသံကို ထုတ်လွှတ်နေကြသည်။
ရေကန်ဘေးသို့ စောစောက ရောက်ရှိလာခဲ့ကြသော တပည့်များသည် နေရာမှာ ရပ်နေလျက် စိတ်ရှုပ်ထွေးနေကြသည်။
ဟန်မူယဲ့က အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။
“ သူဘယ်သူလဲ ”
လေထဲမှ တစ်စုံတစ်ယောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
တခြားလူများက ရေကန်ဘေးမှာ ရပ်နေကြသော်လည်း ထိုလူငယ်ကတော့ အရှေ့သို့ ဆက်လက် လျှောက်သွားနေသည်။
မကြာမီ သူက လူတိုင်း၏ အရှေ့သို့ ရောက်ရှိသွားသည်။
“ သူက ပြန်လည်မွေးဖွားလာတဲ့ စီနီယာတစ်ယောက် ဒါမှမဟုတ် ဓားတာအိုပါရမီရှင်တစ်ယောက်လား ”
“ ဓားရေကန်က သူရောက်လာလို့ အခုလို ပဲ့တင်သံကို ထုတ်ဖော်လိုက်တာလား ”
ပုံရိပ်တစ်ခုပြီးတစ်ခုက မြေပြင်ပေါ်သို့ ဆင်းသက်လာကြပြီး ရေကန်ဘေးမှာ တိတ်ဆိတ်စွာ ရပ်လိုက်ကြသည်။ သူတို့အားလုံးက ဓားရေကန်ဆီသို့ လျှောက်သွားနေသော ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က ရေကန်၏ အစွန်းနားသို့ လျှောက်သွားပြီး လက်ဆန့်ထုတ်လိုက်သည်။ သူ၏ လက်က ရေမျက်နှာပြင်ပေါ်သို့ ညင်သာစွာ ထိတွေ့သွားသည်။
ယင်းက လွန်ခဲ့သော နှစ်ပေါင်းများစွာက ဓားရေကန်ဘေးမှာ သူကျင့်ကြံခဲ့စဉ်ကအတိုင်း ဖြစ်၏။
သူ့အတွက်တော့ ထိုဓားများက သာမန်သာ ဖြစ်၏။
သို့သော်လည်း သူ၏ လက်ဖဝါးက ရေမျက်နှာပြင်နှင့် ထိတွေ့သွားသည့်အခါ ပုံရိပ်အမျိုးမျိုးက သူ၏ အသိစိတ်ထဲမှာ ထွက်ပေါ်လာသည်။
လူတချို့က ကမ္ဘာမြေ၏ အဆုံးတွင် ဓားကိုင်ထားကြသည်။
လူတချို့က ဓားတစ်လက်ကို ကိုင်ဆွဲ၍ လွတ်လပ်စွာ စွန့်စားသွားလာနေကြသည်။
လူတချို့က လျှင်မြန်မှုနှင့် ကြမ်းကြုတ်မှု၏ အနှစ်သာရကို ရှာဖွေနေကြသည်။
လူတချို့က ဓား၏ အလေးချိန်ကို သယ်ဆောင်လျက် မြို့တော်ကို ကာကွယ်နေကြသည်။
…
ထိုဓားများက သူတို့၏ ပုံပြင်များ ဖြစ်ကြသည်။
ယင်းက ပုံပြင်သက်သက်သာ မဟုတ်ပေ။ ယင်းက သူတို့၏ ဘဝရှင်သန်မှု ဖြစ်သည်။
သေခြင်းရှင်ခြင်းဖြစ်စေ သို့မဟုတ် လွတ်လပ်စွာ စွန့်စားသွားလာခြင်းဖြစ်စေ ယင်းတို့အားလုံးက ဘဝ၏ တစ်စိတ်တစ်ပိုင်းသာလျှင် ဖြစ်သည်။
ဓားရေကန်ထဲမှ တုန်ယင်နေသော ဓားများက တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။
ဟန်မူယဲ့၏ ရောက်ရှိလာမှုက သူတို့ကို အေးချမ်းမှု ရှာတွေ့သွားစေဟန် ရ၏။
ဟန်မူယဲ့သည် ထိုဓားများထံမှ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာပျော်ရွှင်မှုကို အာရုံခံမိသည်။
သူက ထိုဓားများထံမှ စကားသံများကိုပင် ကြားနေရဟန် ရ၏။
“ ကောင်းကင်ဘုံဓားဘုရင် ”
“ သခင်… သခင့်ကို နောက်တစ်ကြိမ် ပြန်မြင်ရတာ ဝမ်းသာစရာပဲ ”
“ ဆရာ… ဒီတပည့်က မင်းကို စိတ်မပျက်စေခဲ့ဘူး ”
ဤအခိုက်အတန့်မှာ ဓားရေကန်သာမက ကောင်းကင်ဘုံထန်အင်ပါယာတစ်ခုလုံး၊ ကျားဝိညာဉ်အပျက်အစီးနယ်မြေတစ်ခုလုံးမှ ဓားများက ပဲ့တင်ပြန်နေဟန် ရ၏။
သို့သော်လည်း ထိုပဲ့တင်သံကို သာမန်လူများက မကြားနိုင်ကြပေ။
အဝေးမှ ပင်လယ်ထဲတွင် တောင်တစ်လုံးရှိပြီး တောင်၏ ဘေးပတ်ပတ်လည်တွင် နန်းတော်အများအပြားက အလွှာအထပ်ထပ် တည်ရှိနေကြသည်။ ဤအခိုက်အတန့်မှာ နန်းတော်များထဲမှ နန်းတော်တစ်ခုထဲဝယ် ကျယ်လောင်သော ပေါက်ကွဲသံက ဧရာမကြေးနီမီးပြင်းဖို၏ အရှေ့မှာ ထွက်ပေါ်လာသည်။
စက်ယန္တရားလက်များကို တပ်ဆင်ထားသော လူငယ်တစ်ယောက်က ရေးကြီးသုတ်ပျာ ပြေးထွက်လာသည်။
“ လော့ခွန်း… အဲ့ဒါကို မင်းခံစားမိလား… ”
လူငယ်က သူ့အရှေ့မှ နန်းတော်ဆီသို့ ပြေးသွားနေရင်း အော်ပြောသည်။
နန်းတော်ထဲတွင် အရပ်ရှည်သော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက အပြင်သို့ ထွက်လာသည်။
“ အဲ့ဒါ ဆရာပဲ ”
“ ဆရာ ပြန်ရောက်လာပြီ ”
ရေကန်ဘေးတွင် ဟန်မူယဲ့က ရေမျက်နှာပြင်ကို ညင်သာစွာ ထိတွေ့လိုက်သည်။
ရေကန်ဘေးတွင် ခေါင်းဖြူအကြီးအကဲများက တစ်ယောက်ပြီးတစ်ယောက် ဖြည်းညင်းစွာ ဆင်းသက်လာကြသည်။ သူတို့အားလုံးက နှုတ်ဆိတ်နေကြသည်။
အချိန်အတော်ကြာပြီးနောက် ဟန်မူယဲ့က မတ်တတ်ထလိုက်သည်။
ခေါင်းဖြူအကြီးအကဲတစ်ယောက်က အရှေ့သို့ လျှောက်လာပြီး ဟန်မူယဲ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
“ မင်း… မင်းက… ”
ထိုအကြီးအကဲက မျက်လုံးပြူးကျယ်နေပြီး ခန္ဓာကိုယ်တုန်ယင်နေသည်။
ထိုလူငယ်၏ အသွင်သဏ္ဍာန်က ဘိုးဘေးခန်းမဆောင်၏ အလယ်မှာ ချိတ်ဆွဲထားသော ပန်းချီကားထဲမှ ပုံရိပ်နှင့် တစ်ထပ်တည်း ဆင်တူသည်။
“ ငါ့နာမည်က ဟန်ဝူရှဲ… အခုကစပြီး ငါက ဓားရေကန်ရဲ့ တပည့်ဖြစ်သွားပြီ ”
ဟန်မူယဲ့က ထိုအကြီးအကဲကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ အဲ့ဒီအတွက် ဘာပြဿနာရှိလဲ ”
ပြဿနာရှိလား… ။
ကောင်းကင်ဘုံဓားဘိုးဘေး၏ ပြန်ရောက်လာမှုက မည်သို့ကြောင့် ပြဿနာဖြစ်မည်နည်း။
ယင်းက ရွှမ်ယွမ်ဓားရေကန်အတွက် အရေးကြီးသော အဖြစ်အပျက်ဖြစ်သည်။
အကြီးအကဲက တုန်ယင်သွားပြီး ဘေးဘီကို ကြည့်လိုက်သည်။ ထို့နောက် သူက ဦးညွတ်လိုက်ပြီး ပြောသည်။
“ ဘာပြဿနာမှမရှိပါဘူး ”
…..
မျက်မှောက်ခေတ်တွင် ရွှမ်ယွမ်ဓားရေကန်ကို ဓားခန်းဆောင်နှင့် ဓားအိမ်ဟူ၍ နှစ်ပိုင်းခွဲထားသည်။
ဓားအိမ်သည် ဓားရေကန်ဘေးမှ သက်ငယ်မိုးထားသော အိမ်များကို ရည်ညွှန်းသည်။
ထိုဓားအိမ်များထဲတွင် အနားယူသွားကြသော စီနီယာများက တံခါးပိတ်ကျင့်ကြံနေကြသည်။ သူတို့က ဓားအိမ်သို့ ဝင်ရောက်လာကြသော တပည့်များကို လေ့ကျင့်သင်ကြားပေးကြသည်။
ထိုပုံစံသည် နှစ်ထောင်ပေါင်းများစွာကြာအောင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းခဲ့သောအရာ ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ထိုအကြီးအကဲများနှင့် တပည့်များသည် ဓားတာအိုကို ဆင်ခြင်နားလည်ရန် ဓားရေကန်ဆီသို့ မကြာခဏ သွားရောက်ကြရလိမ့်မည်။ သို့ဖြစ်၍ ရေကန်ဘေးမှ ဓားအိမ်ထဲမှာ နေထိုင်းခြင်းက သူတို့အတွက် အသင့်တော်ဆုံး ဖြစ်သည်။
ဓားအိမ်က ရွှမ်ယွမ်ဓားရေကန်၏ စစ်မှန်သော အမွေအနှစ်ဖြစ်သည်ဟု ပြောကြသည်။ ဓားခန်းဆောင်၏ တည်ရှိမှုက ဓားအိမ်ကို တိတ်ဆိတ်အေးချမ်းစွာ တည်ရှိနိုင်စေရန် ရည်ရွယ်သည်။
ဓားခန်းဆောင်၏ တပည့်များဆီမှာ စစ်မှန်သော အမွေအနှစ်များ မရှိကြချေ။