အခန်း (၁၅၀၇)
Vol. 108 Ch. 1507
သူတို့အဖွဲ့ အရှေ့သို့ ဆက်လက် ရွေ့လျားသွားနေစဉ် လေထုက အနည်းငယ် တင်းကျပ်လာသည်။
ကျောက်မုန့်ဟဲ၏ အနောက်မှ ဓားခန်းဆောင် တပည့်များသည် သူတို့၏ ရွယ်တူများထဲတွင် အသန်မာဆုံး ဖြစ်ကြသည်။
သူတို့အားလုံးက ပုံမှန်နေ့ရက်များတွင် အပြန်အလှန် ဆက်သွယ်လေ့မရှိကြသော်လည်း အခြားလူများ၏ ဂုဏ်သတင်းကို အတိုင်းအတာတစ်ခုထိ ကြားဖူးကြသည်။
ဤတာဝန်ကို လက်ခံပြီးနောက် ဓားရေကန်မှ သူတို့ထွက်ခွာလာသည့်အခါမှာ တစ်စုံတစ်ခုမူမမှန်ကြောင်း စတင်သတိထားမိခဲ့ကြသည်။
ယင်းက လူတိုင်းကို ပိုပြီးသတိရှိစေသည်။
သူတို့အဖွဲ့က မိုင်နှစ်သောင်းအကွာအဝေးကို သုံးရက်ကြာအောင် မရပ်မနား ခရီးဆက်ခဲ့ကြသည်။
“ တာအိုရောင်းရင်းတို့… အရှေ့က မြို့ကို ဒုန်ဂူးမြို့တော်လို့ ခေါ်တယ်… ဒုန်ဂူးမြို့တော်က ကောင်းကင်ဘုံထန်အင်ပါယာနဲ့ အရှေ့ပင်လယ်ကြားက နယ်စပ်မှာ တည်ရှိတယ်… ကျုပ်တို့တွေ ဒုန်ဂူးမြို့တော်ကို ရောက်တဲ့အခါ ခဏလောက် အနားယူကြရအောင်… ပြီးသွားမှ အရှေ့ပင်လယ်ရဲ့ မိုချူးဒေသကို ဖြတ်ကျော်ပြီး စစ်မြေပြင်ဆီ ဆက်သွားကြမယ် ”
ကျောက်မုန့်ဟဲက အနောက်လှည့်လိုက်ပြီး သူ့အနောက်မှ လူတိုင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက ရထားလုံးကို ကြည့်လိုက်သည်။
ရထားလုံးထဲတွင် မီးခိုးရောင်ဆံပင်နှင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက အပြင်သို့ ခေါင်းထုတ်လိုက်ပြီး ပြုံးပြသည်။
“ အကိုမုန့်ဟဲ… အကိုစီစဉ်တဲ့အတိုင်း ကျုပ်တို့ လိုက်နာပါ့မယ် ”
ကျောက်မုန့်ဟဲက ခေါင်းညိတ်ပြလိုက်ပြီး သူတို့အဖွဲ့ကို ဒုန်ဂူးမြို့တော်ဆီသို့ ဦးဆောင်ခေါ်သွားသည်။
မီးခိုးရောင်ဆံပင်နှင့်အမျိုးသားက ကျောက်မုန့်ဟဲနှင့် ရွယ်တူဖြစ်ပြီး ဓားစံအိမ်မှ တပည့်တစ်ယောက်ဖြစ်သည်။
သူက အတိတ်မှာ ကျောက်မုန့်ဟဲနှင့် တစ်ခါဆုံဖူးသည်။
ယင်းက လင်းလုံနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို ဝိုင်းရံသတ်ဖြတ်သည့် တာဝန်တစ်ခုမှာ ဖြစ်သည်။
ထိုရောင်းရင်းက အလွန်သန်မာသည်။
ထိုနေ့တွင် သူထုတ်ဖော်ပြခဲ့သော ခွန်အားက အလွန်ကြောက်စရာကောင်းလေရာ ကျောက်မုန့်ဟဲက သူ့ကို မော်မကြည့်ဝံ့ချေ။
ဒုန်ဂူးမြို့တော်သည် အချင်းမိုင်တစ်ရာကျယ်ဝန်းပြီး အရှေ့ပင်လယ်၏ အနီးနားဝန်းကျင်တွင် မြို့ကြီးတစ်မြို့ စာရင်းဝင်သည်။
မိုချူးက အမြစ်ဖြတ်သုတ်သင်ခံခဲ့ရသော်လည်း ၎င်း၏ အကြွင်းအကျန်အင်အားစုများက အရှေ့ပင်လယ်ထဲမှာ ဆက်လက် တည်ရှိနေကြဆဲပင်။ ဒုန်ဂူးမြို့တော်က ထိုအကြွင်းအကျန်အင်အားစုများနှင့် နီးကပ်လေရာ ပုံမှန်အားဖြင့် မိုချူးကျွမ်းကျင်သူများက မြို့ထဲမှာ အများအပြား စုဝေးနေကြလေ့ရှိသည်။
တစ်ချိန်တည်းမှာ ယင်းက ကောင်းကင်ဘုံထန်အင်ပါယာဆီသို့ အရှေ့ပင်လယ်မှ အရင်းအမြစ်များအား ပို့ဆောင်ပေးသော အဓိကကုန်သွယ်ရေးမြို့တစ်မြို့လည်း ဖြစ်၏။
ဒုန်ဂူးမြို့တော်ထဲ ဝင်ရောက်သွားပြီးနောက် ကျောက်မုန့်ဟဲနှင့် သူ့အဖွဲ့က အဝတ်အစားများ လဲလှယ်လိုက်ကြသည်။ သူတို့က ဓားများကိုပင် ပုန်းဝှက်လိုက်ကြသည်။
သို့ဖြစ်၍ အပြင်လူများ၏ အမြင်မှာ သူတို့က သာမန်ကုန်သွယ်ရေးအဖွဲ့နှင့် ဆင်တူသွားသည်။
ထိုအချက်ကြောင့် အကြီးအကဲကောင်စီက ကျောက်မုန့်ဟဲကို ဤကုန်သွယ်ရေးအဖွဲ့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ရွှမ်ယွမ်ဓားရေကန်မှ တပည့်အများစုသည် မောက်မာထောင်လွှားကြပြီး မြို့ထဲသို့ ဝင်ရောက်သည့်အခါ သူတို့၏ ဓားများကို ဖုံးကွယ်ရန် ဆန္ဒမရှိကြချေ။
ထိုတပည့်များသည် များသောအားဖြင့် ဓားများကို သူတို့၏ ခေါင်းပေါ်မှာ တင်ထားရန် ဆန္ဒရှိကြသည်။ သို့မှသာလျှင် သူတို့က ရွှမ်ယွမ်ဓားရေကန်မှ တပည့်များဖြစ်ကြောင်း လူတိုင်း အလိုအလျောက် သိသွားကြလိမ့်မည်။
မြို့ထဲသို့ ရုပ်ဖျက်ဝင်ရောက်ပြီး သာမန်တည်းခိုခန်းတစ်ခုမှာ ဝင်ရောက်တည်းခိုခြင်းက အလွန်ထိရောက်သော ဖုံးကွယ်မှု ဖြစ်သည်။ မောက်မာထောင်လွှားကြသော ဓားရေကန်မှ တပည့်များက ထိုသို့သိုသိပ်စွာ ဖုံးကွယ်ထားကြလိမ့်မည်ဟု မည်သူတွေးမိမည်နည်း။
“ ရောင်းရင်းတို့သုံးယောက်… ကျုပ်တို့ ရွှမ်ယွမ်ဓားရေကန်ရဲ့ စီနီယာတစ်ယောက်က ဒုန်ဂူးမြို့တော်ထဲမှာ နေထိုင်ပါတယ်… ကျုပ်တို့တွေ သူ့ဆီ အလည်သွားသင့်လား ”
ကိစ္စအားလုံးကို အခြေချပြီးသောအခါ ကျောက်မုန့်ဟဲက ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့နှင့် တခြားတပည့်နှစ်ယောက်ကို ကြည့်လိုက်သည်။
ဓားအိမ်မှ တပည့်သုံးယောက်တွင် ဟန်မူယဲ့က တစ်ယောက်ပါဝင်ပြီး မီးခိုးရောင်ဆံပင်နှင့် သက်လတ်ပိုင်းအမျိုးသား၏ နာမည်က ကုချန်းမင် ဖြစ်သည်။ နောက်ဆုံးတစ်ယောက်သည်တော့ သိမ်မွေ့ညင်သာသော ကိုယ်ဟန်အမူအရာကို ပိုင်ဆိုင်ထားသည့် ကော့လန် ဖြစ်သည်။ ကော့လန်က သိမ်မွေ့ညင်သာပုံပေါ်သော်လည်း သူ၏ အကြည့်က ဓားသမားပီပီ အလွန်စူးရှသည်။
ကျောက်မုန့်ဟဲ၏ မေးခွန်းကို ကြားသောအခါ ကော့လန်နှင့် ကုချန်းမင်က ပြိုင်တူခေါင်းလှည့်လိုက်ကြပြီး ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
ဓားရေကန်မှ သူတို့မထွက်ခွာမီ ဟန်ဝူရှဲ၏ ဘေးကင်းလုံခြုံမှုကို ကာကွယ်ပေးရန် အကြီးအကဲများက သူတို့ကို သေသေချာချာ မှာကြားခဲ့ကြသည်။
အကြောင်းအရင်းကို သူတို့မသိသော်လည်း ယင်းက သူတို့၏ တာဝန်ဖြစ်မှတော့ ယင်းကို အစွမ်းကုန်ကြိုးစား၍ ထမ်းဆောင်ရလိမ့်မည်။
“ ငါတို့ရောက်လာတဲ့ အကြောင်းကိုပဲ သတင်းပို့လိုက်ပါ… လူကိုယ်တိုင်တော့ သွားနှုတ်ဆက်စရာ မလိုဘူး ”
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး နူးညံ့စွာ ပြောသည်။
သူတို့၏ ရောက်ရှိလာမှုကို အကြောင်းကြားခြင်းက မဖြစ်မနေ လုပ်ဆောင်သင့်သောအရာ ဖြစ်သည်။ ဓားရေကန်မှ တပည့်များ မြို့ထဲသို့ ဝင်ရောက်လာသည့်အခါ မြို့ထဲမှ စီနီယာကို အနည်းဆုံး အကြောင်းကြားသင့်သည်။ သို့မှသာလျှင် အကယ်၍ သူတို့အခက်အခဲကြုံသည့်အခါ အကူအညီများက အမြန်ဆုံး ရောက်လာကြလိမ့်မည်။
ကျောက်မုန့်ဟဲသည် သူတို့၏ ရောက်ရှိလာမှုကို အကြောင်းကြားရန် အဖွဲ့သားတစ်ယောက်ကို စေလွှတ်လိုက်သည်။ တခြားလူများသည်တော့ ဤအခွင့်အရေးကို အသုံးချ၍ ကောင်းကောင်း အနားယူနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ဘုံထန်အင်ပါယာမှ သူတို့ထွက်ခွာသည့်အခါ ချုံခိုတိုက်ခိုက်ခြင်းများဖြင့် ရင်ဆိုင်ရနိုင်ခြေ ရှိ၏။
ကောင်းကင်ဘုံထန်အင်ပါယာအတွင်းမှာ သူတို့က ဘေးကင်းလုံခြုံသည်။ သို့သော်လည်း ကောင်းကင်ဘုံထန်၏ နယ်နိမိတ်ကို ကျော်လွန်သွားမည်ဆိုလျှင် သူတို့၏ ဘေးကင်းလုံခြုံမှုက မသေချာတော့ပေ။
“ အကိုမုန့်ဟဲ… ဒုန်ဂူးမြို့တော်မှာ အခြေချနေထိုင်တဲ့ စီနီယာယွင်ထင်းက ကျုပ်တို့ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ”
“ သူပြောတာက အကို့ရဲ့ ဂုဏ်သတင်းကို သူကြားဖူးတယ်… ပြီးတော့ ဒီနေ့ မြို့ထဲမှာ မိုချူးက ဧည့်သည်တစ်ယောက်ကို လက်ခံကြိုဆိုတဲ့ ပွဲအခမ်းအနားတစ်ခု ရှိတယ် ”
သတင်းသွားပို့သော လူငယ်က ပြန်ရောက်လာပြီး ဖိတ်စာတစ်ခုကို ကျောက်မုန့်ဟဲ၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။
ဖိတ်စာကို ဖွင့်ဖတ်ပြီးနောက် တုံ့ဆိုင်းသော အမူအရာက ကျောက်မုန့်ဟဲ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
အကယ်၍ အတိတ်မှ သူသာဆိုလျှင် ထိုသို့ပွဲအခမ်းအနားမျိုးကို ဝမ်းသာပျော်ရွှင်စွာ တတ်ရောက်လိမ့်မည်။ မည်သို့ဖြစ်ပါစေ ယင်းက ဓားရေကန်မှ စီနီယာတစ်ယောက် ကျင်းပသော ပွဲအခမ်းအနား မဟုတ်ပါလော။
သို့သော်လည်း ဤတစ်ကြိမ်တာဝန်က ကွဲပြားခြားနားသည်။ ဖြစ်နိုင်လျှင် ထိုသို့ပွဲအခမ်းအနားမှာ ဝင်မပါခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။
“ ဂျူနီယာညီလေးမင်ချူး… ကျေးဇူးပြုပြီးတော့ စီနီယာကို ငါ့ကိုယ်စား စကားပြန်ပါးပေးပါဦး… ”
သို့သော်လည်း ကျောက်မုန့်ဟဲ၏ စကားမဆုံးခင်မှာ အသံတစ်သံ ထွက်ပေါ်လာသည်။
“ အဲ့ဒါက စီနီယာတစ်ယောက် ကျင်းပတဲ့ ပွဲအခမ်းအနားဆိုမှတော့ ငါတို့ငြင်းပယ်လို့ ဘယ်ကောင်းမလဲ ”
“ ငါတို့ အဲ့ဒီပွဲအခမ်းအနားကို သွားတတ်ကြမယ် ”
ကျောက်မုန့်ဟဲက ခေါင်းလှည့်လိုက်သည့်အခါ ဟန်မူယဲ့က သူ၏ အင်္ကျီကို သပ်ရပ်စွာ ပြုပြင်လိုက်ပြီး တည်းခိုခန်းအပြင်သို့ လျှောက်သွားနေကြောင်း မြင်သွားသည်။
သူ၏ စကားက ကော့လန်နှင့် ကုချန်းမင်ကို ပြုံးရွှင်သွားစေသည်။
ဒုန်ဂူးမြို့တော်က ကောင်းကင်ဘုံထန်အင်ပါယာ၏ လက်အောက်မှာရှိကြောင်း ထင်ရှားပေသည်။ သို့ဖြစ်လေရာ မြို့တော်ထဲမှ စစ်တပ်နှင့် အရာရှိများကို ကောင်းကင်ဘုံထန်အင်ပါယာက စီစဉ်ခန့်အပ်ထားသည်။
ဤနေရာမှ ဓားရေကန်တပည့်များသည် ဒုန်ဂူးမြို့တော်၏ အနောက်ဘက်မှ ယုံမင်ခန်းဆောင်ထဲမှာ အခြေချနေထိုင်ကြသည်။
ဟန်မူယဲ့နှင့် တခြားလူများ ရောက်ရှိလာသည့်အခါ ရထားလုံးအမျိုးမျိုးနှင့် မြင်းများက ယုံမင်ခန်းဆောင်၏ အရှေ့မှာ ပြည့်နှက်နေကြောင်း သူတို့မြင်တွေ့သွားကြသည်။
ထိုစဉ် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက အမြန်ချဉ်းကပ်လာပြီး ဟန်မူယဲ့နှင့် သူ့အဖွဲ့ကို အရိုအသေပေးလိုက်သည်။
“ စီနီယာအကိုတို့… ဂိုဏ်းတူဦးလေးယွင်ထင်းက ဒီတစ်ကြိမ် မင်းတို့ကို ဖိတ်ကြားခဲ့တာက ယှဉ်ပြိုင်ပွဲတစ်ခုကြောင့်ပါ ”
ယှဉ်ပြိုင်ပွဲလား… ။
အရှေ့ပင်လယ်၏ မိုချူးမှ ကုန်သယ်အဖွဲ့တစ်ဖွဲ့သည် ဓားရေကန်မှ စီနီယာများ အခြေချနေထိုင်သော ဤနေရာသို့ အလည်ရောက်လာခဲ့သည်။
ယုံမင်ခန်းဆောင်က သူတို့ကို လက်ခံကြိုဆိုရန် ပွဲအခမ်းအနားတစ်ခုကို ပြင်ဆင်ပေးခဲ့သည်။ သို့သော်လည်း မိုချူးကုန်သွယ်ရေးအဖွဲ့မှ ဂျူနီယာများသည် ဓားရေကန်မှ ဂျူနီယာများနှင့် ပညာဖလှယ်ရန် တောင်းဆိုလာကြသည်။
အစတွင် ဂိုဏ်းတူဦးလေးယွင်ထင်းက ယင်းကို ဂရုမစိုက်ပေ။
မည်သို့ဖြစ်ပါစေ ရွှမ်ယွမ်ဓားရေကန်မှ တပည့်များသည် ယှဉ်ပြိုင်ခြင်းကို မည်သည့်အခါမှ မကြောက်ရွံ့ချေ။
သို့သော်လည်း နှစ်ကြိမ်ယှဉ်ပြိုင်ပြီးနောက် ဂိုဏ်တူဦးလေးယွင်ထင်း၏ မျက်နှာက သုန်မှုန်သွားသည်။
တစ်ဖက်အင်အားစုက သူတို့ကို တမင်သက်သက် ရန်စနေကြောင်း ထင်ရှားသည်။ ယှဉ်ပြိုင်ပွဲတွင် မိုချူးမှ ဂျူနီယာနှစ်ယောက်က အံ့မခန်းခွန်အားနှင့် ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို ထုတ်ဖော်ပြသခဲ့ကြသည်။
ဓားရေကန်မှ တပည့်နှစ်ယောက်က ထိုပြိုင်ပွဲမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြသည်။
လောလောဆယ် ဒုန်ဂူးမြို့တော်ထဲတွင် မိုးချူးမှ ဂျူနီယာများကို ယှဉ်ပြိုင်နိုင်သော ဓားရေကန်မှ ရွယ်တူလက်ရွေးစင်တပည့်များက မရှိကြချေ။
ထိုအခြေအနေက ဂိုဏ်းတူဦးလေးယွင်ထင်းကို မျက်နှာပျက်စေသည်။
သူက စိတ်ပျက်အားလျော့နေစဉ် ကျောက်မုန့်ဟဲ ပို့လွှတ်ခဲ့သော သတင်းစကားကို ကြားလိုက်ရသည်။
ဂိုဏ်းတူဦးလေးယွင်ထင်းသည် ကျောက်မုန့်ဟဲ၏ နာမည်ကို ယခင်က ကြားဖူးသည်။ ထို့ကြောင့် သူက ယှဉ်ပြိုင်ပွဲမှာ ပါဝင်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
ဝတ်စုံနက်နှင့်အမျိုးသား၏ စကားကို ကြားပြီးနောက် ကျောက်မုန့်ဟဲနှင့် တခြားလူများက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“ ကောင်းပြီ… ဒါဆို ငါတိုက်ခိုက်ပေးမယ် ”
ကျောက်မုန့်ဟဲက ခေါင်းညိတ်လိုက်ပြီး လေးလေးနက်နက် ပြောသည်။
ယင်းက ပုံမှန်ခွန်အားပြသည့် ကိစ္စမျိုးမဟုတ်ပေ။ ယင်းက ဓားရေကန်၏ ဂုဏ်သတင်းနှင့် သက်ဆိုင်နေသောအရာ ဖြစ်သည်။
ကျောက်မုန့်ဟဲ၏ သဘောတူညီမှုကို ကြားသောအခါ ဝတ်စုံနက်နှင့်အမျိုးသားက ဝမ်းသာပျော်ရွှင်သွားပြီး သူတို့အဖွဲ့ကို ယုံမင်ခန်းဆောင်အတွင်းသို့ ဦးဆောင်ခေါ်သွားသည်။
မြေကွက်လပ်တချို့ကို ဖြတ်ကျော်ပြီးနောက် သူတို့က ခန်းဆောင်၏ အနောက်ဘက်၌ ခင်းကျင်းထားသော ပွဲအခမ်းအနားဆီသို့ ရောက်ရှိသွားကြသည်။
ကျောက်မုန့်ဟဲနှင့် တခြားလူများ ရောက်ရှိလာသည့်အခါ သူတို့၏ တမူထူးခြားသောပုံစံက လူအများအပြား၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။
ဟန်မူယဲ့နှင့် သူ၏ အပေါင်းအဖော်များက သူတို့၏ သရုပ်များကို မကြေညာပေ။ ကျောက်မုန့်ဟဲတစ်ယောက်တည်းသာ အပေါ်ဆုံးမှာ ထိုင်နေသော ခေါင်းဖြူအကြီးအကဲထံသို့ လက်နှစ်ဖက်ဆုပ်၍ ဂါရဝပြုလိုက်သည်။
“ တပည့်ကျောက်မု့န်ဟဲက ဂိုဏ်းတူဦးလေးယွင်ထင်းကို အရိုအသေပေးပါတယ် ”
ဂိုဏ်းတူဦးလေးယွင်ထင်းသည် ဓားရေကန်၏ ငါးဆယ့်ကိုးကြိမ်မြောက်မျိုးဆက်မှ တပည့်တစ်ယောက်ဖြစ်ပြီး ခြေလှမ်းဝက် လူသားအင်မော်တယ်အဆင့်မှာ ရှိသည်။
နယ်မြေတစ်ခုကို စောင့်ကြပ်ပေးရန်အလို့ငှာ ခြေလှမ်းဝက် လူသားအင်မော်တယ်က လုံလောက်ပေသည်။
ကျောက်မုန့်ဟဲ၏ စကားကို ကြားသောအခါ ဂိုဏ်းတူဦးလေးယွင်ထင်းက ခေါင်းညိတ်လိုက်ပြီး ကျောက်မုန့်ဟဲနှင့် တခြားလူများကို ထိုင်ခုံမှာ ဝင်ထိုင်ကြရန် ညွှန်ကြားသည်။
သူတို့အဖွဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည့်အခါ ဓားရေကန်မှ တပည့်တချို့က သူတို့ကို လာရောက်နှုတ်ဆက်ကြသည်။
စားပွဲဝိုင်းပေါ်မှာ နှစ်ချို့သေရည်နှင့် ဝိညာဉ်သစ်သီးများကို တည်ခင်းထားသည်။ ဟန်မူယဲ့သည်ပင် သေရည်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ကျိုက်မော့သောက်လိုက်သည်။
“ စီနီယာယွင်ထင်း… အဲ့ဒီလူက ရှင်စောင့်နေတဲ့ ဓားရေကန်က စီနီယာအကိုကျောက်မုန့်ဟဲလား ”
အသံတစ်သံက ခန်းမထဲမှာ ထွက်ပေါ်လာသည်။
လူတိုင်းက ခေါင်းမော့လိုက်သည့်အခါ အစိမ်းရောင်ဂါဝန် ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူတစ်ယောက်ကို မြင်သွားကြသည်။
ထိုအမျိုးသမီးက ကျောက်မုန့်ဟဲကို ကြည့်လိုက်လေရာ သူ၏ မျက်လုံးက တလက်လက် တောက်ပသွားသည်။
“ စီနီယာအကိုကျောက်… ကျွန်မတို့ နောက်မှ သေရည်ဆက်သောက်လို့ ရပါတယ်… အရင်ဆုံး ကျွန်မနဲ့ သိုင်းကွက်အနည်းငယ်လောက် ပညာဖလှယ်ပေးပါလား… စီနီယာအကိုက ဒီစိန်ခေါ်မှုကို လက်ခံနိုင်မလား ကျွန်မသိချင်ပါတယ် ”
တိုက်ရိုက် စိန်ခေါ်ခြင်း… ။
ခန်းဆောင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားသည်။
ဓားရေကန်မှ တပည့်နှစ်ယောက်သည် အစောနက တိုက်ပွဲနှစ်ပွဲစလုံးတွင် ဆိုးဝါးစွာ ရှုံးနိမ့်ခဲ့ကြသည်။ ယင်းက ဓားရေကန်မှ တပည့်များကို စိတ်မကြည်မသာဖြစ်စေသည်။
ထိုသို့စိန်ခေါ်မှုသည် ငြင်းပယ်ရန် ခဲယဉ်းသည်။
ကျောက်မုန့်ဟဲက ခေါင်းညိတ်လိုက်သည်။ သူက သေရည်အိုးကို မြှောက်လိုက်ပြီး သူ့အရှေ့မှ သေရည်ခွက်ထဲသို့ သွန်းလောင်းလိုက်သည်။
“ ကောင်းပြီ… အရင်ပညာဖလှယ်ပြီးမှ သေရည်သောက်တာပေါ့ ”
သူက လက်လှုပ်လိုက်လေရာ သေရည်ပြည့်နေသော ခွက်က စတင်လှည့်သွားသည်။
ထို့နောက် သူက လေပေါ်သို့ ခုန်တတ်လိုက်ပြီး ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။
“ တကယ်လို့ သေရည်ခွက်လည်နေတာ မရပ်တန့်ခင် ခင်ဗျားကို ကျုပ်အနိုင်မယူနိုင်ဘူးဆိုရင် ကျုပ်ရှုံးတယ်လို့ သတ်မှတ်လိုက်ပါ ”