အခန်း (၁၅၀၈)
Vol. 108 Ch. 1508
သေရည်ခွက်က မြန်ဆန်စွာ လှည့်သွားပြီး လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားသည်။
ကျောက်မုန့်ဟဲသည် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။
သူနှင့် ဆန့်ကျင်ဘက်မှ အမျိုးသမီးကျင့်ကြံသူ၏ မျက်နှာပေါ်မှာ အပြုံးက ပျောက်ကွယ်သွားသည်။ သူက လက်လှုပ်လိုက်သည့်အခါ ကျောက်စိမ်းပုလွေတစ်ချောင်းက သူ၏ လက်ဖဝါးထဲမှာ ထွက်ပေါ်လာသည်။
သူက ပုလွေကို လွှဲယမ်းလိုက်လေရာ အစိမ်းရောင်ရေလှိုင်းတစ်ခုက ပေါ်လျှိုးလာပြီး သူ့ကိုယ်သူ ခုခံကာကွယ်ပေးလိုက်သည်။
ရေဒြပ်စင်နည်းစနစ်… ။
ထိုနည်းစနစ်က သူ့ကိုယ်ပိုင်မန္တန်နှင့် လိုက်ဖက်ရုံသာမက သူ၏ ဓမ္မရတနာနှင့်လည်း အထူးသင့်လျော်ပေသည်။
ကျွမ်းကျင်သူတစ်ယောက်၏ လှုပ်ရှားမှုက သူတို့၏ အဆင့်အတန်းကို ဖော်ပြနိုင်သည်။
ထိုကျောက်စိမ်းပုလွေ၏ အစွမ်းက ဒုန်ဂူးမြို့တော်ထဲမှ ဂျူနီယာများထဲတွင် ပြိုင်ဘက်ကင်းလုနီးပါး အလွန်အားကောင်းသည်။
ထိုအခိုက်အတန့်မှာ ခန်းဆောင်ထဲမှ လူတိုင်းက မထူးမခြားနား အမူအရာဖြင့် ကျောက်မုန့်ဟဲကို ကြည့်လိုက်ကြသည်။
ဓားက အဲ့ဒီရေအကာအကွယ်ကို ချိုးဖောက်နိုင်မှာလား… ။
ဟန်မူယဲ့က ထိုင်ခုံပေါ်မှာ တည်ငြိမ်စွာ ထိုင်နေပြီး ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
ခန်းဆောင်ထဲတွင် အမြင့်ဆုံးနေရာပေါ်မှာ ထိုင်နေသူက ယွင်ထင်းတာအိုပညာရှင်ဖြစ်ပြီး သူက အစွမ်းထက်ဓားသမားတစ်ယောက် ဖြစ်သည်။ သူက အံ့ဖွယ်ကောင်းသော ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားပြီး သူ၏ ဆန့်ကျင်ဘက်တွင် အကြီးအကဲတစ်ယောက်က ထိုင်နေသည်။ ထိုအကြီးအကဲသည်လည်း ခြေလှမ်းဝက် လူသားအင်မော်တယ်အဆင့်မှာ ဖြစ်သည်။
ထိုမျှသာ မဟုတ်ပေ။ မိုချူးမှ ကျွမ်းကျင်သူများထဲတွင် အနည်းဆုံး သုံးယောက်က ခြေလှမ်းဝက် လူသားအင်မော်တယ်အဆင့်မှာ ဖြစ်ကြသည်။
မိုချူး၏ အင်အားက ကောင်းကင်ဘုံထန်အင်ပါယာနှင့် ရွှမ်ချင်ထက် အများကြီး နိမ့်ကျသည်။ သို့တိုင် ယခု မိုချူးမှ ကျွမ်းကျင်သူအများအပြားက ဒုန်ဂူးမြို့တော်ထဲမှာ စုဝေးနေကြလေရာ ယင်းက တစ်စုံတစ်ခုလွဲမှားနေကြောင်း ဖော်ပြနေ၏။
ဟန်မူယဲ့၏ အကြည့်က မိုချူးကုန်သည်အဖွဲ့၏ အနောက်ဘက်သို့ ကျရောက်သွားသည်။ ထိုစဉ် နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် ထွက်ပေါ်လာသည်။
ငါထင်တာ မှန်တယ်… ။
မိုချူးမှ ကျွမ်းကျင်သူများထဲတွင် တစ်စုံတစ်ယောက်က သူ၏ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားသည်။ ထိုလူက အနိမ့်ဆုံး နှောင်းပိုင်း လူသားအင်မော်တယ်အဆင့်မှာ ရှိနိုင်သည်။
ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှာ ထိုသို့ကျင့်ကြံခြင်းစွမ်းအားက အလွန်ရှားပါးသည်။
အထူးသဖြင့် အပျက်အစီးနယ်မြေ၏ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် လူသားအင်မော်တယ်ထက် ပိုပြီးအဆင့်မြင့်သော အစွမ်းထက်ပုဂ္ဂိုလ်များကို မိုင်သုံးသောင်းစစ်မြေပြင်နှင့် လင်းရှောင်ကောင်းကင်နန်းတော်ထဲမှာသာ မြင်တွေ့နိုင်ပေသည်။
ပုံမှန်အားဖြင့် သိုင်းလောကထဲမှာ အရေးကြီးကိစ္စမရှိလျှင် လူသားအင်မော်တယ်တစ်ပါးက ထွက်ပေါ်လာလေ့မရှိပေ။
“ ဝုန်း ”
ထိုစဉ် ကျယ်လောင်သော မြည်သံက ခန်းဆောင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ကျောက်မုန့်ဟဲ၏ ဓားက အမျိုးသမီးကျင့်ကြံသူ၏ အရှေ့မှ အလင်းအကာအကွယ်ကို ထိုးဖောက်သွားသည်။
အလင်းအကာအကွယ်က တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရပြီး ဓားဖျားက အမျိုးသမီး၏ ရင်ဘက်ပေါ်မှ ကျောက်စိမ်းပုလွေပေါ်သို့ ကျရောက်လာသည်။
ဓားတစ်ကွက်… ။
ကျောက်မုန့်ဟဲက သူ၏ ဓားကို ဖြည်ညင်းစွာ ပြန်ရုပ်လိုက်ပြီး ပေါ့ပါးစွာ ပြောသည်။
“ ခင်ဗျားရဲ့ အလျော့ပေးမှုအတွက် ကျေးဇူးတင်ပါတယ် ”
စကားပြောပြီးနောက် သူက ထိုင်ခုံဆီသို့ ပြန်လျှောက်သွားပြီး စားပွဲပေါ်မှာ လည်နေသေးသော သေရည်ခွက်ကို ကောက်ယူလိုက်ကာ မော့သောက်လိုက်သည်။
ခန်းဆောင်ထဲမှာ ထိုင်နေသော ဂိုဏ်းတူဦးလေးယွင်ထင်းက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး ကျောက်မုန့်ဟဲကို ပြောသည်။
“ မုန့်ဟဲ… မင်းရဲ့ ဓားတာအိုအစွမ်းက ထပ်ပြီး တိုးတတ်လာပြီပဲ ”
ယင်းက အမှန်တကယ် တိုးတတ်လာခြင်းဟုတ်မဟုတ် မည်သူသိနိုင်မည်နည်း။
ဤအခိုက်အတန့်မှာ ယွင်ထင်းတာအိုပညာရှင် ပြောလိုက်သော မှတ်ချက်က ကျောက်မုန့်ဟဲနှင့် သူ့ကြားမှ ရင်းနှီးမှုကို ဖော်ညွှန်းရာရောက်၏။
ကျောက်မုန့်ဟဲက မတ်တတ်ထရပ်လိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ ဂါရဝပြုလိုက်သည်။
“ ကျုပ်တို့ ဓားရေကန်ရဲ့ အမွေအနှစ်က သိမ်မွေ့နက်နဲပြီး တမူထူးခြားပါတယ်… ဂိုဏ်းထဲမှာ ဂိုဏ်းတူဦးလေးယွင်ထင်းလို အစွမ်းထက်ပုဂ္ဂိုလ်တွေက မရေမတွက်နိုင်အောင် များပြားလှပါတယ်… ကျွန်တော့်ရဲ့ မဖြစ်စလောက် ဒီပညာလေးက ဂိုဏ်းတူဦးလေးယွင်ထင်းရဲ့ ချီးကျူးမှုကိုရဖို့ မထိုက်တန်ပါဘူး ”
ထိုစကားများက သာယာနာပျော်ဖွယ်ကောင်းပြီး ဓားရေကန်နှင့် ယွင်ထင်းတာအိုပညာရှင်ကို ချီးကျူးသော စကားဖြစ်သလို ယင်းထဲမှာ မိုချူးမှ ကျွမ်းကျင်ပညာရှင်များကို ရှုံ့ချသော အဓိပ္ပာယ်လည်း ပါဝင်နေသည်။
မင်းက ငါ့ရဲ့ မဖြစ်စလောက် ပညာလေးကိုတောင် မနိုင်ဘူးဆိုရင် မင်းရဲ့ အဆင့်အတန်းက ဘယ်မှာလဲ… ။
ယွင်ထင်းတာအိုပညာရှင်က သဘောကျစွာ ရယ်လိုက်သည်။ ခန်းဆောင်ထဲမှာ ထိုင်နေကြသော ဒုန်ဂူးမြို့တော်မှ ကျင့်ကြံသူများသည်လည်း စိတ်သက်သာရာရသွားသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။
မည်သို့ဖြစ်ပါစေ ယခု သူတို့က မျက်နှာပြန်ရသွားကြသည်။
အမျိုးသမီးကျင့်ကြံသူက သူ၏ လက်ထဲမှ ကျောက်စိမ်းပုလွေကို ပြန်သိမ်းဆည်းလိုက်ပြီး ကျောက်မုန့်ဟဲကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက သူ့ကိုယ်ပိုင်ထိုင်ခုံဆီသို့ ပြန်လျှောက်သွားသည်။
ဟန်မူယဲ့၏ အကြည့်က ထိုအမျိုးသမီးပေါ်သို့ တဒင်္ဂ ကျရောက်သွားသည်။ ထိုနောက် သူက အမျိုးသမီး၏ လက်ထဲမှ ကျောက်စိမ်းပုလွေကို ကြည့်လိုက်သည်။
ယွင်ထင်းတာအိုပညာရှင်က သေရည်ခွက်ကို ကောက်ယူလိုက်ပြီး ရယ်ရယ်မောမော စကားပြောရင်း တစ်ကျိုက်မော့သောက်လိုက်သည်။ ယင်းက ခန်းဆောင်အတွင်းမှ တင်းမာနေသော လေထုကို ချက်ချင်း လွင့်ပြယ်သွားစေသည်။
ပွဲအခမ်းအနားကို ဆက်လက် ကျင်းပသည်။ သို့သော်လည်း မိုချူးမှ မည်သည့်လူမှ ပြိုင်ပွဲအကြောင်းကို နောက်ထပ် မဟကြတော့ချေ။
ပွဲအခမ်းအနား အဆုံးသတ်သွားပြီးနောက် ကျောက်မုန့်ဟဲနှင့် တခြားလူများက ပြန်ကြရန် မတ်တတ်ရပ်လိုက်ကြသည်။ သူတို့အဖွဲ့ ပြန်တော့မည်ကို မြင်သောအခါ ယွင်ထင်းတာအိုပညာရှင်က ဝိညာဉ်ကျောက်တုံးများပါရှိသော သေတ္တာတစ်လုံးကို လက်ဆောင်ပေးလိုက်သည်။
ယင်းက ဂိုဏ်းတူဦးလေးယွင်ထင်း၏ ဆုလာဘ်ချီးမြှင့်မှုဖြစ်သောကြောင့် ကျောက်မုန့်ဟဲက မငြင်းဆန်ခဲ့ပေ။
နောက်တစ်ရက်တွင် ဟန်မူယဲ့နှင့် သူ့အဖွဲ့က ဒုန်ဂူးမြို့တော်ထဲမှ ထွက်ခွာသွားကြစဉ် မိုချူးကုန်သည်အဖွဲ့က မနေ့ညကတည်းက ထွက်ခွာသွားကြောင်း သူတို့သိလိုက်ရသည်။
“ မဟုတ်မှ သူတို့တွေ စီနီယာအကိုမုန့်ဟဲရဲ့ ဓားချက်ကို ကြောက်လန့်သွားတာများလား ”
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော တပည့်တစ်ယောက်က ခေါင်းယမ်းလိုက်ပြီး သဘောကျစွာ ရယ်လိုက်သည်။
မည်သို့ဖြစ်ပါစေ ကျင့်ကြံသူများတွင် သူတို့၏ ကိုယ်ပိုင်မာနရှိကြသည်။ မနေ့ညတွင် မိုချူးမှ ကျွမ်းကျင်သူများ၏ အရှေ့မှာ ကျောက်မုန့်ဟဲ ထုတ်ဖော်ပြခဲ့သော ဓားချက်က ရွှမ်ယွမ်ဓားရေကန်၏ အဆင့်အတန်းကို ကိုယ်စားပြုသည်။
ဖြစ်နိုင်သည်မှာ မိုချူးမှ ကျွမ်းကျင်သူများက သူတို့၏ ဓားရေကန်ကို မယှဉ်ပြိုင်နိုင်သောကြောင့် ထိုသို့စောစီးစွာ ထွက်သွားခဲ့ခြင်းလော။
ရထားလုံးထဲတွင် စူးရှသော အလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူတို့က ဆက်လက် ခရီးနှင်ကြသည်။ ဒုန်ဂူးမြို့တော်မှ ထွက်ခွာလာပြီး သိပ်မကြာမီ သူတို့အဖွဲ့က မိုချူးဒေသထဲသို့ ဝင်ရောက်သွားသည်။
ကောင်းကင်ဘုံထန်အင်ပါယာနှင့် မတူညီသည်မှာ မိုချူးဒေသက ကျက်တီးမြေဖြစ်ပြီး ဆင်းရဲမွဲတေသည်။ ဤနေရာက ဘာမှမဖွံ့ဖြိုးသေးသော ဒေသဖြစ်သည်။
မည်သူမှ ဤနေရာကို မကူညီကြသလို ဤနေရာမှာ စစ်ပွဲများက အမြဲတမ်းနီးပါး ဖြစ်ပွားနေသည်။
သို့ဖြစ်လေရာ ဤနေရာက မည်သို့ဖွင့်ဖြိုးတိုးတတ်လာမည်နည်း။
ဤနေရာသို့ ဖြတ်သန်းသွားကြသော ကုန်သည်အဖွဲ့များသည် လမ်းတစ်ဝက်မှာတင် ဓားပြများ၏ လုယက်ခြင်းကို တွေ့ကြုံရလေ့ ရှိသည်။ သူတို့ထဲမှ တချို့က မိုချူး၏ စစ်တပ်မှ စစ်သည်တော်များပင် ဖြစ်ကြသည်။
တစ်ခါတစ်ရံ စစ်တပ်များကိုယ်၌က ကုန်သည်အဖွဲ့များထံမှ လုယက်ရန် ချုံခိုတိုက်ခိုက်ခြင်းကို လုပ်ဆောင်ကြလေ့ရှိသည်။
ကံကောင်းစွာဖြင့် ကျောက်မုန့်ဟဲဖြစ်စေ သို့မဟုတ် ဓားရေကန်မှ တခြားတပည့်များဖြစ်စေ သူတို့အားလုံးက လက်ရွေးစင်များ ဖြစ်ကြသည်။
သူတို့၏ တိုက်ပွဲစွမ်းအားအရ အကယ်၍ စစ်မှန်သော ကျွမ်းကျင်ပညာရှင်များ မတိုက်ခိုက်လာလျှင် မည်သူမှ သူတို့ကို ထိခိုက်အနာတရဖြစ်ရန် မလုပ်နိုင်ပေ။
စစ်မှန်သော ကျွမ်းကျင်ပညာရှင်များသည်တော့ မည်သူက လမ်းမပေါ်မှာ လုယက်တိုက်ခိုက်လိမ့်မည်နည်း။
သူတို့အဖွဲ့က အရှေ့သို့ ဆက်လက် ချီတတ်သွားနေရင်း မိုချူး၏ အဓိကနယ်မြေထဲသို့ ဝင်ရောက်သွားသည်။
ထိုနေရာက အရှေ့ပင်လယ်၏ အစွန်းဖျားနှင့် ထိစပ်နေသည်။
ထို့နောက် သတင်းများ ထွက်ပေါ်လာကြသည်။
မိုချူး၏ အကြွင်းအကျန်အင်အားစုများက တိုက်ခိုက်ခံနေရပြီး မိုချူးတော်ဝင်ကလန်မှ လူအများစုက ကွပ်မျက်ခံလိုက်ကြရသည်။ ဤအတောအတွင်းမှာ မျက်နှာစိမ်းကျင့်ကြံသူများက ထွက်ပေါ်လာကြပြီး မိုချူးအင်အားစုများ၏ ပိုင်နက်များကို အတင်းအဓမ္မ ထိန်းချုပ်လိုက်ကြသည်။
“ မိုချူးရဲ့ ကိစ္စတွေကို ငါတို့ဝင်မစွက်ဖက်ဘူး… ဒါပေမဲ့ အရှေ့က လင်းဟိုင်မြို့ကို အမည်မသိကျင့်ကြံသူအုပ်စုက ထိန်းချုပ်ထားတယ် ”
ကျောက်မုန့်ဟဲသည် တိမ်ပျံမြင်းကို စီးနင်းလျက် အနောက်လှည့်ကြည့်လိုက်သည်။ ယခု သူ၏ မျက်နှာက တည်ကြည်လေးနက်နေသည်။
လင်းဟိုင်မြို့က အရှေ့ပင်လယ်အင်မော်တယ်ကျွန်းဆီသို့ ဝင်ရောက်နိုင်သော ဂိတ်တံခါးပေါက် ဖြစ်သည်။ ထိုမြို့ကို ဖြတ်ကျော်မှသာလျှင် သူတို့က မိုင်သုံးသောင်းစစ်မြေပြင်ဆီသို့ ဝင်ရောက်နိုင်ကြလိမ့်မည်။
အကယ်၍ လင်းဟိုင်မြို့က အမည်မသိကျင့်ကြံသူများ၏ သိမ်းပိုက်ခံထားရသည်ဆိုလျှင် သူတို့၏ ခရီးစဉ်မှာ အနှောင့်အယှက်တစ်စုံတစ်ရာ ထွက်ပေါ်လာနိုင်သည်။
“ အခု အခြေအနေက လင်းဟိုင်မြို့ကို သိမ်းပိုက်ထားတဲ့ အင်အားစုတွေအပေါ် မူတည်သွားပြီ… သူတို့က စစ်မြေပြင်ဆီ ဆက်ပြီး ထောက်ပံ့ပေးဦးမှာလား ဒါမှမဟုတ်… ”
ကျောက်မုန့်ဟဲ၏ ဘေးမှ လူငယ်တစ်ယောက်က အနောက်လှည့်ကြည့်လိုက်ပြီး ပြောသည်။
“ သူတို့က လင်းလုံနယ်မြေက လူတွေဖြစ်နေမလား ”
လင်းလုံနယ်မြေက လူတွေ…။
ယင်းက လူတိုင်း၏ မျက်နှာကို တည်ကြည်လေးနက်သွားစေသည်။
အကယ်၍ ရန်သူများက လင်းလုံနယ်မြေမှဆိုလျှင် ဤတစ်ကြိမ်ခရီးစဉ်မှာ သေချာပေါက် ပြဿနာရှိလာနိုင်သည်။
“ အားလုံး သတိထားကြမယ် ”
ကျောက်မုန့်ဟဲက သူ့အနောက်မှ ရထားလုံးကို ကြည့်လိုက်ပြီး ပြောသည်။
“ ငါတို့ရဲ့ အဓိကတာဝန်ကို မမေ့ကြနဲ့ ”
ဓားရေကန်မှ တခြားတပည့်များသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။
သူတို့အဖွဲ့က အရှေ့သို့ ဆက်လက် ရွေ့လျားသွားနေစဉ် ပြည်သူအများအပြားက ကြောက်လန့်တကြား ထွက်ပြေးနေကြောင်း မြင်တွေ့သွားသည်။ လမ်းတစ်လျှောက်တွင် စစ်သည်တော်တချို့က ဖရိုဖရဲဖြစ်နေကြသည်။
ရံဖန်ရံခါ ကုန်သည်တချို့က ကြောက်ရွံ့စွာ အနောက်ပြန်လှည့်သွားကြသည်။
“ လင်းဟိုင်မြို့ဆီ ဆက်မသွားနဲ့တော့… အခု အဲ့ဒီနေရာက တံခါးပိတ်ဥပဒေကို ထုတ်ပြန်လိုက်ပြီ… ဖရိုဖရဲတွေ ငြိမ်သက်သွားမှပဲ ပြန်ဖွင့်ပေးမယ် ပြောကြတယ် ”
“ ပြီးတော့ သူတို့က လူတွေသတ်နေကြတယ်… မင်းက ဘယ်ကပဲလာလာ သူတို့က ဂရုမစိုက်ကြဘူး ”
“ သွားပြီ… လင်းဟိုင်မြို့က လုံးဝ ဖရိုဖရဲဖြစ်သွားပြီ… အင်မော်တယ်ကျွန်းမှာ ဘယ်တွေဖြစ်နေပြီလဲ ဘယ်သူသိနိုင်မှာလဲ ”
ထိုသတင်းများအရ ဤတစ်ကြိမ်တွင် အရှေ့ပင်လယ်ထဲသို့ ဝင်ရောက်ရန် အလွန်ခက်ခဲကြောင်း လူတိုင်း နားလည်သွားကြသည်။
“ စီနီယာအကိုကျောက်… ငါတို့ ခဏလောက် စောင့်ကြမလား ”
ဓားရေကန်မှ တပည့်တစ်ယောက်က ကျောက်မုန့်ဟဲကို ကြည့်လိုက်သည်။
ကျောက်မုန့်ဟဲက ရထားလုံးကို လှည့်ကြည့်လိုက်သည်။
ရထားလုံးထဲ၌ မည်သည့်တုံ့ပြန်မှုမှ ထွက်ပေါ်မလာချေ။
“ ဆက်ပြီး သွားမယ် ”
သူက မထူးမခြားနား ပြောပြီး မြင်း၏ အရှိန်ကို မြှင့်တင်လိုက်လေရာ မြင်းက ဒုန်းစိုင်းပြေးထွက်သွားသည်။
တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အရှိန်မြှင့်တင်လိုက်ကြသည်။
နေ့တစ်ဝက်ကြာပြီးနောက် လင်းဟိုင်မြို့က သူတို့၏ မြင်ကွင်းအရှေ့မှာ ထွက်ပေါ်လာသည်။
လင်းဟိုင်မြို့က အလွန်ကျယ်ပြောသော မြို့တစ်မြို့ဖြစ်ပြီး မြို့၏ ဘေးပတ်ပတ်လည်တွင် ရွှေရောင်အလင်းထောင့်တိုင်များက ကောင်းကင်ပေါ်သို့ ထောင်မတ်နေကြသည်။
ဤနေရာမှာ ခင်းကျင်းထားသော တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါဖြင့်သာ အင်မော်တယ်ကျွန်းဆီသို့ သွားရောက်နိုင်လိမ့်မည်။ ထိုမှတဆင့် သူတို့က မိုင်သုံးသောင်းစစ်မြေပြင်ဆီ ခရီးဆက်နိုင်ကြလိမ့်မည်။
“ ဘယ်သူက ဒီကို ချဉ်းကပ်လာနေတာလဲ… အခု လင်းဟိုင်မြို့မှာ ဥပဒေဆိုတာ မရှိတော့ဘူး… ဘယ်သူ့ကိုမှ ဝင်ထွက်သွားလာခွင့်မပြုနိုင်ဘူး… ”
အသံတစ်သံက အရှေ့မှ ပဲ့တင်ထပ်လာသည်။
လှံရှည်ကို ဆုပ်ကိုင်ထားသော ရွှေရောင်စစ်ချပ်ဝတ်နှင့် ဗိုလ်ချုပ်တစ်ဦးက အရှေ့မှာ မတ်တတ်ရပ်နေသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် စစ်ချပ်ဝတ် ဝတ်ဆင်ထားကြသော စစ်သည်တော်အုပ်စုတစ်စု ရှိသည်။
ထိုလူများထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက အလွန်အားကောင်းသည်။
သူတို့ထဲမှာ အားအနည်းဆုံးလူက မြေကမ္ဘာအဆင့်မှာဖြစ်ပြီး တချို့က ခြေလှမ်းဝက် ကောင်းကင်ဘုံအဆင့်မှာ ဖြစ်ကြသည်။
မြို့စောင့်တပ်ဖွဲ့သည်ပင် ထိုမျှအားကောင်းနေလျှင် မည်သည့်အင်အားစုက လင်းဟိုင်မြို့ကို သိမ်းပိုက်ထားသနည်း။
“ ဆရာတို့ခင်ဗျား… ကျုပ်တို့က ချီလင်းစံအိမ်တော်က ကုန်သည်အဖွဲ့ပါ… ကျုပ်တို့ရဲ့ ဌာနမှူးက ပစ္စည်းကောင်းတွေကို ကျွန်းဆီ အရေးတကြီး ပို့ဆောင်ပေးရမယ်လို့ မှာကြားထားပါတယ် ”
ကျောက်မုန့်ဟဲက ထိုစစ်သည်တော်များထံသို့ လက်နှစ်ဖက်ဆုပ်၍ ဂါရဝပြုလိုက်ပြီး အပြုံးဖြင့် ပြောသည်။
“ ဆရာတို့ ကျုပ်တို့ကို ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ် ”
ချီလင်းစံအိမ်တော်သည် လင်းရှောင်ကောင်းကင်နန်းတော်၏ လက်အောက်ရှိ အင်မော်တယ်ကျွန်းတစ်ကျွန်းပေါ်မှ နာမည်ကျော်ကြားသော အင်အားစုတစ်ခု ဖြစ်သည်။ ချီလင်းစံအိမ်တော်ကို လေလွင့်ကျင့်ကြံသူ ဒါဇင်ခန့်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
သူတို့က လေလွင့်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း သူတို့ထဲမှာ လူသားအင်မော်တယ်များနှင့် ကောင်းကင်ဘုံအင်မော်တယ်အဆင့် ပုဂ္ဂိုလ်များပင် ရှိကြသည်။
“ ချီလင်းစံအိမ်တော်က လူတွေလား ”
စစ်ဗိုလ်ချုပ်၏ အကြည့်က ကျောက်မုန့်ဟဲပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူက အနောက်မှ ကုန်ပစ္စည်းယာဉ်တန်းကို ကြည့်လိုက်သည်။
သူက လူတိုင်းကို စစ်ဆေးကြည့်ရှုပြီးနောက် အော်ပြောသည်။
“ ချီလင်းစံအိမ်တော်က လူတွေဆိုရင် မြို့ထဲကို ဝင်နိုင်တယ်… မင်းတို့ရဲ့ စံအိမ်အရှင်သခင်သုံးပါးက မြို့ထဲမှာ ရှိနေတယ် ”
စံအိမ်အရှင်သခင်သုံးပါးက မြို့ထဲမှာ ရှိနေသည်လား။
ယင်းက မည်သည့်အဓိပ္ပာယ်နည်း။