အခန်း (၁၅၁၀)
Vol. 108 Ch. 1510
ဟန်မူယဲ့ အမိန့်ပေးလိုက်သည်နှင့်ချက်ချင်း သူ့ဘေးမှာ ထိုင်နေသော ကော့လန်က ရထားလုံးအပြင်ဘက်သို့ ခုန်ထွက်သွားပြီး လှုပ်ရှားလိုက်သည်။
“ ရွှီး ”
သုံးပေရှည်လျားသော ဓားက ဓားအိမ်မှ ထွက်ပေါ်လာသည်။
ဓားကို သူ၏ လက်ထဲမှာ ဆုပ်ကိုင်ထားစဉ် တောက်ပသော အလင်းတန်းက လေထဲမှာ ဖြတ်သန်းသွားသည်။
ထိုဓားအလင်းက ဥက္ကာပျံတစ်စင်းနှင့် ဆင်တူသည်။
ဓားအလင်းက ကြယ်များသဖွယ် တလက်လက် တောက်ပပြီး သူ့အရှေ့မှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။
လွှမ်းမိုးဖိနှိပ်ခြင်း… ။
အကြွင်းမဲ့စွမ်းအား… ။
ဓားအလင်း၏ အရှေ့မှာ မည်သည့်အရာက တည်ရှိနေပါစေ ဖျက်ဆီးခံရလိမ့်မည်။
ထိုဓားအလင်းကြောင့် ရွှေရောင်စစ်ချပ်ဝတ်နှင့် စစ်သည်တော်သုံးရာက အမြစ်ဖြတ်သုတ်သင်ခံလိုက်ရပြီး ခြေလှမ်းဝက် လူသားအင်မော်တယ် စစ်ဗိုလ်ချုပ်များက အနောက်သို့ လွင့်စင်သွားကြကာ သွေးအန်လိုက်ကြရသည်။
ဓားတစ်ကွက်… ။
အရှေ့ဆုံးမှ လူသားအင်မော်တယ်က ဆက်လက် မတ်တတ်ရပ်နိုင်သေးသော်လည်း သူ၏ မျက်နှာက လူသေကောင်ပမာ ဖြူဖျော့နေသည်။ သူက ကော့လန်ကို ကြောက်လန့်စွာ ကြည့်လိုက်သည်။
အကယ်၍ ထိုဓားအလင်းက သူ့တစ်ယောက်တည်းကိုသာ ဦးတည်လာခဲ့မည်ဆိုလျှင် သူက ယခုကဲ့သို့ မတ်တတ်ရပ်နိုင်လိမ့်မည် မဟုတ်ချေ။
ကျောက်မုန့်ဟဲက ခေါင်းလှည့်လိုက်ပြီး ကော့လန်ကို ကြည့်လိုက်သည်။
ယခု သူက ထိုစီနီယာအကိုကို ရှင်းလင်းစွာ မှတ်မိသွားသည်။
လွန်ခဲ့သော နှစ်ခြောက်ဆယ်တွင် ဓားရေကန်မှ ယှဉ်ပြိုင်ပွဲတစ်ခုမှာ လူငယ်တစ်ယောက်က ဓားတစ်လက်နှင့်အတူ ထိပ်ဆုံးလက်ရွေးစင်သုံးယောက်ကို စိန်ခေါ်သွားခဲ့ပြီး ဓားအိမ်မှ ခေါင်းဆောင်ကဲ့သို့ ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်သွားခဲ့သည်။
ကြယ်ချွေဓားသမား ကော့ချန်းထျန်း… ။
ကျောက်မုန့်ဟဲက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ရထားလုံးကို လှည့်ကြည့်လိုက်သည်။
ကြယ်ချွေဓားသမား ကော့ချန်းထျန်းသည်ပင် ဤတာဝန်မှာ အစောင့်တစ်ယောက်အဖြစ် လိုက်ပါလာလေရာ ဓားအိမ်မှ ထိုနောက်ဆုံးတပည့်က မည်သူနည်း။ ရထားလုံးထဲမှ ပုဂ္ဂိုလ်က မည်သည့်သရုပ်အဆင့်အတန်းကို ပိုင်ဆိုင်ထားသနည်း။
“ ဝီး ”
ကော့လန်၏ လက်ထဲမှ ဓားက ထပ်မံ မြည်ဟိန်းလာသည်။
ကုချန်းမင်သည်လည်း လှုပ်ရှားလိုက်ပြီး ကော့လန်၏ ဘေးမှာ ရပ်လိုက်ကာ သူ၏ ဓားကို မြှောက်လိုက်သည်။
အစွမ်းထက် ဓားသမားနှစ်ယောက်ဖြင့် ရင်ဆိုင်ရသောအခါ လူသားအင်မော်တယ်က နောက်ထပ် ဆက်မနေဝံ့တော့ဘဲ အမြန်ထွက်ပြေးသွားသည်။
အကယ်၍ ယခုအချိန်မှာ သူမထွက်ပြေးလျှင် သူ၏ အသက်ကို ဆုံးရှုံးသွားလိမ့်မည်။
“ အရမ်းသန်မာတယ် ”
ပြန်သတိရလာသော မိန်းကလေးမိုလီကို ဖေးမကူညီပေးနေသည့် မိုချူးမှ လူသားအင်မော်တယ်က အံ့ဩစွာ ပြောသည်။ ထို့နောက် သူက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။
“ သွားကြစို့ ”
ဟန်မူယဲ့က ပြောသည်။
သူက ရထားလုံးထဲမှ ဆင်းလာပြီး အလင်းထောင့်တိုင်ထဲသို့ ဖြတ်သန်းသွားသည်။
ကျောက်မုန့်ဟဲက အနောက်မှ အမြန်လိုက်သွားသည်။
အလင်းထောင့်တိုင်ထဲတွင် ရွှေရောင်အလင်းက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည့်အခါ တည်နေရာပြောင်းရွှေ့ခြင်း ဝိညာဉ်စွမ်းအားက ပေါ်လျှိုးလာသည်။
လင်းဟိုင်မြို့မှ အစွမ်းထက်ပုဂ္ဂိုလ်များ စစ်ကူရောက်လာသည့်အခါ ဟန်မူယဲ့နှင့် သူ့အပေါင်းအဖော်များက ထွက်ခွာသွားကြပြီးပြီ ဖြစ်၏။ မြေပြင်ပေါ်မှာ ရထားလုံးနှင့် မြင်းများသာ ကျန်နေခဲ့သည်။
“ ဟွန့်… ဓားရေကန်က လူတွေက သူတို့ကိုယ်သူတို့ အရမ်းသန်မာတယ် ထင်နေတာလား ”
“ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က ကိစ္စကြီးတွေမှာ ဝင်နှောင့်ယှက်ရဲတယ်ဆိုတော့ ဒီအင်မော်တယ်က ဓားရေကန်က လူတွေကို တစ်ယောက်မကျန် သုတ်သင်ရှင်းလင်းပစ်မယ် ”
အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက စကားပြောလိုက်သော အဖိုးအိုထံမှ ထွက်ပေါ်လာသည်။
သူ၏ စကားကို ကြားသောအခါ တခြားမုတ်ဆိတ်ဖြူအကြီးအကဲက ခေါင်းခါလိုက်သည်။
“ ရှုကျွယ်နဲ့ လော့ခွန်းက ရင်ဆိုင်ရလွယ်ကူတဲ့ လူတွေ မဟုတ်ဘူး… ဒီအပျက်အစီးနယ်မြေထဲမှာ ငါတို့ထုတ်လွှတ်နိုင်တဲ့ စွမ်းအားက အကန့်အသတ်ရှိတယ် ”
“ ပြီးတော့ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ရဲ့ မဟာအစီအစဉ်အရ ပြန့်ကျဲနေတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကြောင့် ရှုကျွယ်နဲ့ လော့ခွန်းကို ငါတို့ဖိနှိပ်စရာ မလိုလောက်ဘူး ”
မုတ်ဆိတ်ဖြူအကြီးအကဲက ထပ်ပေါင်း ပြောသည်။
သူ၏ စကားကို ကြားသောအခါ အစောနက ဒေါသမာန်ဟုန် တောက်လောင်နေသော အဖိုးအို၏ အမူအရာက ပြောင်းလဲသွားသည်။ နောက်ဆုံးမှာတော့ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အလင်းထောင့်တိုင်ထဲ ဝင်ရောက်သွားသည်။
“ ဘာပဲဖြစ်ဖြစ် အင်မော်တယ်ကျွန်းဆီ တည်နေရာပြောင်းရွှေ့သွားကြတဲ့ အဲ့ဒီလူတွေကို အသက်ရှင်ခွင့်ပေးလို့ မဖြစ်ဘူး ”
သူက ပြောသည်။
သို့သော်လည်း သူ၏ ပုံရိပ်က အလင်းထောင့်တိုင်ထဲသို့ ဝင်သွားသည်နှင့်ချက်ချင်း သူက အနောက်သို့ တွန်းထုတ်ခံလိုက်ရသည်။
“ ဝှစ် ”
ထိုအခိုက်အတန့်မှာ လင်းဟိုင်မြို့ထဲမှ အလင်းထောင့်တိုင်အားလုံးက တုန်ယင်သွားကြပြီး ငြိမ်းသတ်သွားကြသည်။
ကောင်းကင်ထက်တွင် ပုံရိပ်တစ်ခုက တိတ်တဆိတ် လွင့်မျောနေသည်။
“ မင်းဘယ်သူလဲ ”
“ တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါကို ငြိမ်းသတ်ရဲတယ်… မင်းက သေချင်နေတာပဲ ”
ဒေါသတကြီး အော်သံက လင်းဟိုင်မြို့ထဲမှ ထွက်ပေါ်လာသည်။
တည်နေရာပြောင်းရွှေ့ခြင်းအလင်းထောင့်တိုင်ထဲသို့ စောစောက ဝင်ရောက်သွားကြသူများနှင့် အပြင်ဘက်မှ လူအနည်းစုက စကားမပြောကြချေ။ ယင်းအစား သူတို့၏ အမူအရာက သုန်မှုန်သွားသည်။
လေထဲမှ ပုံရိပ် ထုတ်လွှတ်နေသော အရှိန်အဝါထဲမှာ ဖိနှိပ်မှုမပါဝင်သော်လည်း ယင်းက သူတို့ကို အသက်ရှူရန် ခက်ခဲစေသည်။
“ မိုချူးက ဘာလို့ အခုထိ တည်ရှိနေနိုင်တာလဲ မင်းတွေးကြည့်ဖူးလား ”
လေထဲမှ ပုံရိပ်က ပြောသည်။
မိုချူးက ဘာလို့ တည်ရှိနေနိုင်တာလဲ… ။
မြေပြင်ပေါ်မှ လူတိုင်းက မျက်နှာပျက်ယွင်းသွားကြသည်။
“ မင်းက ရှုကျွယ် ”
တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါအရှေ့မှ မုတ်ဆိတ်ဖြူအကြီးအကဲက အလန့်တကြား အော်ပြောလိုက်သည်။ ထို့နောက် သူက ထွက်ပြေးသည်။
သို့သော်လည်း ထွက်ပြေးရန် သူကြိုးစားလိုက်သည်နှင့်ချက်ချင်း သူ၏ ခြေထောက်က ကီလိုဂရမ်တစ်သောင်းခန့် လေးလံလာဟန် ရ၏။ သူ၏ ခြေထောက်ကို နည်းနည်းမှ မရွှေ့နိုင်ပေ။
တခြားလူများသည်လည်း ကြီးမားသော ထိုဖိအားအောက်မှာ မလှုပ်ရှားနိုင်တော့ချေ။
“ မင်းက ငါ့ဆရာရဲ့ နာမည်ကို ဘယ်လိုတောင် တိုက်ရိုက် ခေါ်ရဲတာလဲ ”
လေထဲမှ ပုံရိပ်က အေးစက်စွာ ပြောလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
မရေမတွက်နိုင်သော အလင်းတန်းများက မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည့်အခါ လင်းဟိုင်မြို့ထဲမှ ပုံရိပ်အများအပြားက အပိုင်းပိုင်းအစစ အက်ကွဲသွားကြသည်။
ထိုတိုက်ခိုက်မှုကို လူသားအင်မော်တယ်တစ်ပါးသည်ပင် မတောင့်ခံနိုင်ချေ။
ထိုအလင်းတန်းများက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး သူတို့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။
တည်နေရာပြောင်းရွှေ့ခြင်းဝင်္ကပါအရှေ့မှ အကြီးအကဲနှစ်ယောက်မှလွဲ၍ ပြင်ပလောကမှ တခြားလူများက ချက်ချင်း အသတ်ခံလိုက်ကြရသည်။
သူတို့က အပျက်အစီးနယ်မြေထဲသို့ ဝိညာဉ်ဖြင့် ဝင်လာခြင်းဖြစ်စေ သို့မဟုတ် ရုပ်ခန္ဓာကိုယ်ဖြင့် ဝင်လာခြင်းဖြစ်စေ ဤအခိုက်အတန့်မှာ သေခြင်းတရားကို မရှောင်လွှဲနိုင်ကြပေ။
“ အပြင်လောကက ငချွတ်လေးတွေကများ ငါ့ရဲ့ ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှာ ပြဿနာရှာရဲကြတယ် ”
လေထဲမှ ပုံရိပ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။
သူ့မှာ မီးခိုးရောင်ဆံပင်ရှိပြီး အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဝတ်စုံပေါ်တွင် ရှစ်ထောင့်အဌဂံပုံများနှင့် တိမ်တိုက်ပုံများကို ဇာထိုးထားသည်။
ယင်းက ကျားဝိညာဉ်အပျက်အစီးနယ်မြေမှ ပန်းပဲနတ်ဘုရားရှုကျွယ်၏ မျိုးဆက်အမှတ်အသား ဖြစ်သည်။
“ ဒီနေ့… လွင့်မျောဝိညာဉ်အင်မော်တယ်ကျွန်းဆီ ဘယ်သူသွားချင်လဲ ငါ့ကို ပြောစမ်း ”
…..
တစ်ခဏကြာပြီးနောက် လင်းဟိုင်မြို့ထဲမှ တည်နေရာပြောင်းရွှေ့ခြင်းအလင်းထောင့်တိုင်များက တဖန် ထွန်းလင်းသွားကြသည်။
အလင်းထောင့်တိုင်များ၏ အပြင်ဘက်တွင်တော့ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ လူသားအင်မော်တယ်နှစ်ပါး၏ ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ အက်ကွဲနေသည်။
လင်းဟိုင်မြို့၏ အပြင်ဘက်တွင် ကောင်းကင်ဘုံထန်အင်ပါယာမှ စစ်တပ်က နေရာယူထားလိုက်ကြပြီး မြို့ကို ထိန်းချုပ်လိုက်ကြသည်။
“ မိုချူးတော်ဝင်ကလန်ရဲ့ မျိုးဆက်ကို လင်းရှောင်ကောင်းကင်နန်းတော်ဆီ ပြန်ခေါ်သွားရမယ်… ဒါနဲ့ ဓားရေကန်က လူတွေက ဘာဖြစ်လို့ မင်းသမီးကို လိုက်ရှာနေတာလဲ ”
အလင်းထောင့်တိုင်ထဲတွင် ရှစ်ထောင့်အဌဂံတာအိုဝတ်စုံနှင့် ပုံရိပ်တစ်ခုက တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက လက်မြှောက်လိုက်ပြီး နေရာမှ ပျောက်ကွယ်သွားသည်။
…..
လွင့်မျောဝိညာဉ်အင်မော်တယ်ကျွန်း… ။
ယင်းကို ကျွန်းဟု ခေါ်ဆိုသော်လည်း အလွန်ကျယ်ပြောသော မြေဧရိယာကို ပိုင်ဆိုင်ထားသည်။ အမှန်မှာ ယင်းက မိုချူးတိုင်းပြည်ထက်ပင် ပိုပြီးကျယ်ပြောသည်။
ဤအခိုက်အတန့်မှာ နတ်ဘုရားအလင်းက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားနေပြီး ကျွန်းကို ဖုံးလွှမ်းထားသည်။ ယင်းက ကျွန်းပေါ်မှာ အဆုံးမဲ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟူသော လက္ခဏာဖြစ်သည်။
ဟန်မူယဲ့က ကျောက်တုံးတစ်တုံးပေါ်မှာ မတ်တတ်ရပ်နေစဉ် နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ စီနီယာအကိုဟန်… ဘာပဲဖြစ်လာပါစေ ကျုပ်တို့ မထွက်သွားဘူး ”
မြေပြင်ပေါ်မှ ကျောက်မုန့်ဟဲက ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြီး ပြောသည်။
“ ကျုပ်ရရှိထားတဲ့ တာဝန်က စီနီယာဟန်ရဲ့ ဘေးကင်းလုံခြုံမှုကို သေချာစေဖို့ပါ ”
ကျောက်မုန့်ဟဲက ဆက်ပြီး ပြောသည်။
တခြားလူများက အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။
“ ကျုပ်တို့လည်း အတူတူပါပဲ ”
သိမ်မွေ့ညင်သာသော မျက်နှာပိုင်ရှင် ကော့လန်နှင့် ကူချန်းမင်သည်လည်း တူညီသော အမိန့်ကို ရရှိထားကြကြောင်း ထင်ရှားပေသည်။
လက်စသတ်တော့ ရိက္ခာပို့ဆောင်ခြင်းတာဝန်က အကြောင်းပြချက်သက်သက်သာ ဖြစ်၏။
သို့သော်လည်း သူတို့မရင်းနှီးသော ဤစီနီယာအကိုဟန်၏ သရုပ်အစစ်အမှန်က မည်သည်နည်း။
ကျောက်မု့န်ဟဲဖြစ်စေ သို့မဟုတ် ကော့လန်ဖြစ်စေ သူတို့က ဓားရေကန်ထဲမှ စီနီယာများနှင့် လူငယ်လက်ရွေးစင်များကို သိထားကြသည်။ သို့သော်လည်း လွန်ခဲ့သော ခြောက်လခန့်က ဝင်ရောက်လာခဲ့သော တပည့်အသစ်များကိုတော့ သူတို့မသိထားကြချေ။
ပုံမှန်အားဖြင့် ထိုသို့တပည့်အသစ်များက သူတို့၏ အာရုံစိုက်မှုကို ရရှိရန် မလုံလောက်ချေ။
ကော့လန်၏ အကြည့်က ဟန်မူယဲ့၏ မျက်နှာပေါ်သို့ ကျရောက်သွားသည့်အခါ သူက အနည်းငယ် မျက်လုံးမှေးကျဉ်းလိုက်သည်။
သူက ဟန်မူယဲ့၏ မျက်နှာကို တစ်နေရာရာမှာ မြင်ဖူးသည်ဟု ခံစားမိသည်။ သို့သော်လည်း မည်သည့်နေရာမှာ သူမြင်ခဲ့ဖူးကြောင်း မမှတ်မိပေ။
“ မင်းတို့အားလုံးက ငါ့နောက်လိုက်ဖို့ ဆန္ဒပြင်းပြနေမှတော့ ငါမငြင်းတော့ဘူး ”
ဟန်မူယဲ့က မြေပြင်ပေါ်မှ လူများကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ နောက်လာမယ့် သေခြင်းရှင်ခြင်းတိုက်ပွဲတွေမှာ သတိထားကြပါ ”
သူက အကြံပေးသည်။
အပျက်အစီးနယ်မြေထဲမှ တည်ရှိမှုများကို သက်ရှိများအဖြစ် သဘောထားနိုင်သည်။
သို့သော် အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို ပုံရိပ်ယောင်ဝိညာဉ်များအဖြစ် သတ်မှတ်မည်ဆိုလျှင်လည်း မမှားချေ။
သက်ရှိအနည်းစုသာလျှင် အပျက်အစီးနယ်မြေထဲမှ ထွက်သွားနိုင်ကြသည်။
ဟန်မူယဲ့က ကျောက်မုန့်ဟဲနှင့် တခြားလူများကို ကြည့်လိုက်သည်။ ထို့နောက် သူက ဓားပျံနှင့်အတူ မြန်ဆန်စွာ ရွေ့လျားသွားသည်။
သူ၏ အနောက်တွင် ကျောက်မုန့်ဟဲ၊ ကော့လန်နှင့် ကူချန်းမင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က လုံးဝ တုံ့ဆိုင်းမနေဘဲ ဟန်မူယဲ့နောက်သို့ အမြန်လိုက်သွားကြသည်။
ကုချန်းမင်က သူ၏ ဓားနှင့်အတူ ပျံလွှားတစ်ကောင်အသွင် ပြောင်းလဲလိုက်သည်။
“ အဲ့ဒီပုံရိပ်… တစ်နေရာရာမှာ ငါမြင်ဖူးသလိုပဲ… ”
ကော့လန်က အဝေးသို့ ပျံသန်းသွားနေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်သွားသည်။
နောက်အခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ မျက်လုံးက ပြူးကျယ်သွားသည်။
“ ကောင်းကင်ဘုံဓား… ”
နောက်ဆုံးမှာ သူမှတ်မိသွားသည်။
သူက ဓားရေကန်၏ တပည့်ခေါင်းဆောင်ဖြစ်လေရာ အတိတ်တွင် ဓားရေကန်ထဲမှ ဓားများကို စီနီယာများနှင့်အတူ ဆင်ခြင်နားလည်နိုင်ရန် ကြိုးစားခဲ့ဖူးသည်။
ထိုစဉ်အခါက သူက ကိုယ့်ကိုယ်ကိုယ် အတော်လေး ယုံကြည်ချက်ရှိခဲ့လေရာ အသန်မာဆုံးဓားကို ဆင်ခြင်နားလည်နိုင်ရန် ကြိုးစားခဲ့သည်။
ထို့ကြောင့် သူက ယခင်ကောင်းကင်ဘုံဓားဘုရင်၏ ဓားကို ဆင်ခြင်နားလည်ရန် ရွေးချယ်ခဲ့သည်။
ထိုဓားထဲမှာ သူက မြင်ကွင်းများစွာကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းများထဲမှာ ဓားပျံစီးနင်းနေသော ပုံရိပ်တစ်ခုလည်း ပါဝင်သည်။
‘ ဒါကြောင့် ဟန်ဝူရှဲကို ငါရင်းနှီးနေတယ်လို့ ခံစားမိတာပေါ့… မထူးဆန်းတော့ပါဘူး ’
အံ့ဩသော အရိပ်အမြွက်က ကော့လန်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက စိတ်ထဲမှာ ရယ်လိုက်ပြီး သူ့ကိုယ်သူ ဓားပျံတစ်လက်အဖြစ် ပြောင်းလဲလိုက်သည်။ နောက်အခိုက်အတန့်မှာ ဓားပျံက မိုင်ထောင်ပေါင်းများစွာ အကွာအဝေးကို ဖြတ်ကျော်သွားသည်။
ဤတစ်ခေါက်တာဝန်မှာ သူဆင့်ခေါ်ခံရခြင်းက မထူးဆန်းတော့ချေ။
ယင်းက သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်သည်။
တစ်ခဏကြာပြီးနောက် နတ်ဘုရားအလင်းက ကျွန်းပေါ်မှာ နောက်တစ်ကြိမ် ထွန်းလင်းလာသည်။
လင်းရှောင်ကောင်းကင်နန်းတော်၏ ရှုကျွယ်မျိုးဆက်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက လေထဲမှာ ထွက်ပေါ်လာသည်။
“ ငါထင်ထားသလို သူက ဒီမှာပဲ ”
ပုံရိပ်က တီးတိုးရေရွတ်လိုက်ပြီး နောက်အခိုက်အတန့်မှာ ပျောက်ကွယ်သွားသည်။
…..