အခန်း (၁၅၁၁)
Vol. 108 Ch. 1511
ဟန်မူယဲ့ ပျံသန်းနေသော အလျင်က အလွန်မြန်ဆန်သည်။
သူ့အနောက်မှ ဓားရေကန်တပည့်များ သူ့အား လိုက်မမီမည်ကို စိုးရိမ်သောကြောင့်မဟုတ်လျှင် သူက နောက်ထပ် အရှိန်တိုးမြှင့်လိမ့်မည်။
ဓားအလင်းက ထွန်းလင်းတောက်ပနေစဉ် စူးရှသော လေခွင်းသံများ ထွက်ပေါ်လာသည်။ ဓားအလင်းက ကျွန်း၏ အရိပ်ကို ဖြတ်သန်းသွားသည့်အခါ ပုံရိပ်အများအပြားက ကောင်းကင်ပေါ်သို့ ပျံတတ်လာကြသည်။
သူတို့ထဲမှ တချို့က ရွှေရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြပြီး တချို့က အစိမ်းရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားကြသည်။
တချို့က နှောင်းပိုင်း ကောင်းကင်ဘုံအဆင့်မှာဖြစ်ကြပြီး တချို့က ခြေလှမ်းဝက် လူသားအင်မော်တယ်အဆင့်မှာ ဖြစ်ကြသည်။ သူတို့ထဲမှ လူသားအင်မော်တယ်နှစ်ယောက်က ဟန်မူယဲ့ကို တားဆီးရန် လေဟာနယ်ကို ဖြတ်ကျော်လာကြသည်။
သို့သော်လည်း ထိုလူသားအင်မော်တယ်နှစ်ယောက် ဟန်မူယဲ့ဆီ မရောက်လာမီ ကျောက်မုန့်ဟဲနှင့် တခြားလူများက ဓားဆွဲထုတ်လိုက်ကြပြီး ဓားဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ဓားဝင်္ကပါ ပေါ်လျှိုးလာသည့်အခါ ဓားအလင်းများက အရှေ့တွင် လမ်းပိတ်ထားကြသော ပုံရိပ်များကို ဖျက်ဆီးလိုက်ကြသည်။ သို့ဖြစ်၍ ဟန်မူယဲ့က မည်သည့်အတားအဆီးနှင့်မှ မတွေ့ဘဲ ဆက်လက် ပျံသန်းသွားသည်။
“ ဗုန်း ”
အရှေ့တွင် ပေါက်ကွဲသံများနှင့် တိုက်ခိုက်သံများက ဆူဆူညံညံ ထွက်ပေါ်လာပြီး ကျွန်းပေါ်မှ လေထဲမှာ ပျံ့လွင့်သွားသည်။
သွေးအနှစ်သာရနှင့် နတ်ဘုရားအလင်းက အပြန်အလှန် ဆန့်ကျင်နေလေရာ လေနှင့် တိမ်တိုက်များက ပရမ်းပတာဖြစ်သွားကြသည်။
ဟန်မူယဲ့က ဘေးပတ်ဝန်းကျင်မှ ဧရိယာကို စစ်ဆေးကြည့်လိုက်ပြီး သူ၏ ဓားကို အောက်သို့ ချိန်ရွယ်လိုက်သည်။
ထိုနေရာတွင် နတ်ဘုရားအလင်းက အလွန်သိပ်သည်းနေသည်။
ဟန်မူယဲ့ လှုပ်ရှားလိုက်သည်ကို မြင်သောအခါ သူ့အနောက်မှ ဓားဝင်္ကပါက ထက်ကြပ်မခွာ လိုက်ပါလာသည်။
ကုချန်းမင်က မျက်မှောင်ကြုတ်လိုက်လေရာ သူ၏ ဓားက ဝိညာဉ်ပုံရိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ကော့လန်က လေထဲမှာ လျှပ်တစ်ပြက် ရွေ့လျားသွားပြီး ကုချန်းမင်ကို ဖြတ်ကျော်သွားကာ ဓားဝင်္ကပါ၏ အရှေ့သို့ ရောက်ရှိသွားသည်။
ဟန်မူယဲ့ မလှုပ်ရှားမီ ကော့လန်၏ ဓားအလင်းက မြေပြင်ပေါ်သို့ ဆင်းသက်သွားသည်။
“ ဝုန်း ”
အချင်းပေတစ်ထောင်အတွင်းမှ အရာအားလုံးက ဖုန်မှုန့်ဖြစ်သွားသည်။
ထိုဓားအလင်းအောက်မှာ စစ်မြေပြင်က ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိုဓားတိုက်ခိုက်မှုက အလွန်အားကောင်းသည်။
“ ဓားရေကန်ရဲ့ တပည့် ကော့လန်က စီနီယာအကိုဟန်ရဲ့ ဓားဖြစ်ဖို့ ဆန္ဒရှိပါတယ် ”
ကော့လန်က ဓားကိုင်ထားလျက် ကျယ်လောင်စွာ အော်ပြောသည်။ တောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။
ထိုဓားချက်က ကုချန်းမင်ကို အံ့ဩသွားစေသည်။
သူနှင့် ကော့လန်ကြားမှ ကွာဟချက်ကို သူသိသည်။ သို့သော်လည်း ကော့လန်က အစွမ်းကုန်ထုတ်၍ တိုက်ခိုက်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
မည်သည့်အရာက ကော့လန်ကို ယခုကဲ့သို့ စိတ်အားထက်သန်စွာ တိုက်ခိုက်စေသနည်း။
ဟန်မူယဲ့က အရှေ့သို့ ကြည့်လိုက်သည်။ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ထို့နောက် သူက ခေါင်းမော့လိုက်ပြီး အဝေးမှ တောင်တန်းများဆီသို့ ကြည့်လိုက်သည်။
ထိုနေရာတွင် အင်မော်တယ်အဆင့် ကျင့်ကြံသူအများအပြားက ပုံရိပ်တစ်ချို့ကို ကာကွယ်ပေးနေရင်း ဒီရေသဖွယ် တိုးဝင်လာနေသော စစ်တပ်ကို ခုခံတွန်းလှန်နေကြသည်။
ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားကို မြှောက်လိုက်သည်။
ကော့လန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ စီနီယာအကိုဟန် ဓားညွှန်တဲ့ နေရာတိုင်း ကော့လန် သွားပါ့မယ် ”
ထို့နောက် သူက ဓားတစ်လက်နှင့်အတူ ကောင်းကင်နှင့် မြေပြင်ကြားမှာ ဖြတ်သန်းသွားသည်။ မည်သူမှ ကော့လန်၏ လက်ထဲမှ ဓားကို မတားဆီးနိုင်ချေ။
ဓားသွားက ရေလှိုင်းများကို ဖြတ်တောက်သွားဟန်ရပြီး ဘေးပတ်ဝန်းကျင်မှ မိုးမြေကို တုန်ယင်သွားစေသည်။
“ စီနီယာအကိုကော့က ရူးသွပ်သွားပြီ ”
ကျောက်မုန့်ဟဲ၏ ဘေးတွင် ဝတ်စုံဖြူဝတ်ဆင်ထားသော တပည့်တစ်ယောက်က ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။
ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် အရှေ့သို့ ရက်စက်ကြမ်းကြုတ်စွာ ချီတတ်သွားသင့်ကြောင်း သူတို့သိသော်လည်း ယခုကဲ့သို့ မဆင်မခြင်တိုက်ခိုက်ခြင်းက ပညာရှိလုပ်ရပ် မဟုတ်ပေ။
ဖြစ်နိုင်သည်မှာ သူ့အား ထိုသို့လုပ်ဆောင်စေလိုသော အကြောင်းအရင်းတစ်ခုခု ရှိနေခြင်းများလော။
ကုချန်းမင်က ဓားညွှန်ပြနေသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။
သူက အကြောင်းအရင်းလား။
ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တောက်ပသော ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။
သူ၏ ဓားအလင်းက ကော့လန်ကဲ့သို့ မတောက်ပသော်လည်း ယင်းက ပိုပြီးလျှင်မြန်ပြီး ပိုပြီးထက်ရှသည်။
သူ၏ ဓားအလင်းက ကော့လန်၏ ရက်စက်ကြမ်းကြုတ်သော ဓားအလင်းနှင့် အတူတကွ ပေါင်းစပ်သွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်သွားသည်။ ဘေးပတ်ဝန်းကျင်မှ မိုးမြေက တုန်ယင်သွားပြီး ဓားအလင်းက ရန်သူများ၏ တိုက်ခိုက်မှုအားလုံးကို တွန်းလှန်လိုက်သည်။
ဟန်မူယဲ့က သူတို့နှင့်အတူ အရှေ့သို့ ချီတတ်သွားသည်။
သူ၏ အနောက်တွင် ကျောက်မုန့်ဟဲနှင့် ဓားရေကန်မှ တပည့်များက ဓားဝင်္ကပါကို ဖွဲ့စည်းထားကြပြီး ဘေးပတ်ဝန်းကျင်မှ ရန်သူများကို ဆန့်ကျင်တိုက်ခိုက်လိုက်ကြသည်။
ဤအခိုက်အတန့်မှာ မည်သူမှ သူတို့၏ လမ်းကြောင်းကို မတားဆီးနိုင်ပေ။
“ အဲ့ဒါက… ”
အရှေ့မှ တောင်တန်းပေါ်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူက ခေါင်းမော့လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ထိုအခိုက်အတန့်မှာ ဟန်မူယဲ့သည်လည်း တိတ်ဆိတ်စွာ ခေါင်းမော့လိုက်သည်။ သိမ်မွေ့သော အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ဤလျှပ်တစ်ပြက်အချိန်လေးမှာ သူတို့က အံ့ဖွယ်ကိုးပါးတောင်ပေါ်မှ ဆေးခန်းဆောင်၏ အပြင်သို့ ပြန်ရောက်သွားကြဟန် ရ၏။ ယင်းက သူတို့နှစ်ယောက် ပထမဆုံး စတွေ့ခဲ့သောအချိန် ဖြစ်သည်။
“ သူတို့ကို တားဆီးကြ ”
အမိန့်ပေးသံက အရှေ့မှ ထွက်ပေါ်လာသည်။ ထို့နောက် အင်မော်တယ်အဆင့် ပုံရိပ်အများအပြားက ထွက်ပေါ်လာကြသည်။
တောင်ပေါ်တွင် အသက်ရှင်ကျန်ရစ်သော အင်မော်တယ်ကျင့်ကြံသူတချို့က စတင်ရွေ့လျားလိုက်ကြသည်။ သူတို့က အနောက်မှ လူများကို ဦးဆောင်၍ ဓားရေကန်မှ တပည့်များနှင့် ပူးပေါင်းရန် လုပ်ဆောင်လိုက်ကြသည်။
“ ဓားရေကန်က တာအိုရောင်းရင်းတို့… အဲ့ဒီလူတွေက လင်းလုံနယ်မြေကပါ… သူတို့က မိုချူးတော်ဝင်ကလန်က လူတွေကို သတ်ဖြတ်ဖို့ ကြံစည်နေကြပါတယ်… ကျေးဇူးပြုပြီးတော့ ကျုပ်ရဲ့ မိုချူးတော်ဝင်ကလန်ကို လင်းရှောင်ကောင်းကင်နန်းတော်ဆီ ပို့ဆောင်ပေးပါ… မိုချူးတော်ဝင်ကလန်က မျိုးဆက်တိမ်ကောသွားလို့ မဖြစ်ပါဘူး ”
အသံတစ်သံ ပဲ့တင်ထပ်လာစဉ် မီးခိုးရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က တောင်အောက်သို့ တစ်ဟုန်ထိုး ပြေးဆင်းသွားသည်။
ကံမကောင်းစွာပင် ဘေးပတ်ဝန်းကျင်မှ စစ်တပ်က တိုက်ပွဲဝင်္ကပါပုံစံ ဖွဲ့စည်းလိုက်ကြပြီး တောင်အောက်ဆင်းသော လမ်းကို အခိုင်အမာ ပိတ်ဆို့ထားကြသည်။
အေးစက်စက် အလင်းတန်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အရှေ့တွင် ကော့လန်နှင့် ကုချန်းမင်၏ ခြေလှမ်းများသည်လည်း တားဆီးခံလိုက်ရသည်။
“ မင်းတို့က ဒီကို ရောက်လာပြီဆိုမှတော့ အသက်ရှင်ဖို့ မစဉ်းစားနဲ့တော့ ”
အဝေးမှ ကောင်းကင်ယံတွင် ရွှေရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်တစ်ဦးက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏ လက်ထဲမှ ဓားမော့ကို လွှဲယမ်းလိုက်သည်။
အောက်ဘက်မှ စစ်တပ်၏ တိုက်ပွဲဝင်္ကပါပုံစံက အစဉ်အမြဲ ပြောင်းလဲသွားသည်။ ဝင်္ကပါက အလွှာအထပ်ထပ် ဖွဲ့စည်းသွားပြီး တောင်ပေါ်မှ ပြေးဆင်းလာနေကြသော ပုံရိပ်များနှင့် ဓားရေကန်မှ ဓားဝင်္ကပါကို တားဆီးပိတ်ဆို့လိုက်သည်။
ထို့ကြောင့် အချင်းဆယ်မိုင်ကျယ်ဝန်းသော ဧရိယာက သီးခြားနယ်မြေတစ်ခု ဖြစ်သွားဟန် ရ၏။
ဟန်မူယဲ့က ဓားကို တင်းကျပ်စွာ ဆုပ်လိုက်သည်။ မှိန်ဖျော့သော ဝိညာဉ်အလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ မိုးမြေကြားထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။
“ ဗုန်း ”
အချင်းမိုင်တစ်ရာအတွင်းဝယ် ကီလိုဂရမ်ထောင်ပေါင်းများစွာ လေးလံသော ဖိအားက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။
မီးခိုးရောင်ဆံပင်ရှိပြီး အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ဦးက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။
“ ပန်းပဲနတ်ဘုရားရဲ့ အမိန့်ကို ဆန့်ကျင်ပြီး မိုချူးတော်ဝင်ကလန်ကို ဘယ်သူက သုတ်သင်ရဲတာလဲ ”
အဆုံးမဲ့သော အလင်းတန်းများက ထိုပုဂ္ဂိုလ်ထံမှ ထွက်ပေါ်လာကြပြီး တောက်ပသော ဥက္ကာခဲများအဖြစ် ပြောင်းလဲသွားကာ မြေပြင်ပေါ်သို့ ကျဆင်းသွားကြသည်။
မရေမတွက်နိုင်သော ရွှေရောင်မြားများက ဆင်းသက်လာကြပြီး ပုံရိပ်အများအပြားကို ထိုးဖောက်သွားကြသည်။
“ လင်းရှောင်ကောင်းကင်နန်းတော်က ရှုကျွယ်ရဲ့ မျိုးဆက်တစ်ဦး တကယ်ရောက်လာတာပဲ ”
အသံတစ်သံက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသည်။
ထိုအသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရွှေရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားကြသော စစ်ဗိုလ်ချုပ်ဒါဇင်ခန့်က ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာကြသည်။ သူတို့၏ လက်ဖဝါးများက ရွှေရောင်တောက်ပလာပြီး မြားများကို ခုခံတားဆီးလိုက်သည်။
“ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က စစ်ဆေးရေးအကြီးအကဲရဲ့ အမိန့်တော်အရ… ကျားဝိညာဉ်အပျက်အစီးနယ်မြေက ပန်းပဲနတ်ဘုရားရဲ့ မျိုးဆက်ကို နတ်ဘုရားကမ္ဘာဆီ ခေါ်ဆောင်သွားရမယ်… မင်း ငါတို့နဲ့ လိုက်ခဲ့ပါ ”
လှံရှည် ကိုင်ထားသော စစ်ဗိုလ်ချုပ်တစ်ဦးက အရှေ့သို့ ရွေ့လျားလိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဗုန်း ”
ကောင်းကင်နှင့် မြေပြင်ကြားတွင် တိမ်တိုက်များက အဝေးသို့ လွင့်စင်သွားသည်။
ရွှေရောင်စစ်ချပ်ဝတ်နှင့် စစ်ဗိုလ်ချုပ်၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားအလင်းက ပေါက်ကွဲသွားပြီး အဆုံးမဲ့စွာ ပျံ့ပွားသွားသည်။ ယင်းက ဘေးပတ်ဝန်းကျင်မှ မိုးမြေကို ပိုက်ကွန်တစ်ခုအသွင် ပြောင်းလဲလိုက်ဟန် ရသည်။
ကောင်းကင်ဘုံအင်မော်တယ် အထွတ်အထိပ်… ။
ထိုသို့စွမ်းအားသည် သာမန်ကျင့်ကြံသူများ ခုခံနိုင်သောအရာ မဟုတ်ပေ။
ဟန်မူယဲ့၏ အရှေ့တွင် ကော့လန်နှင့် ကုချန်းမင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အနောက်သို့ ဆုတ်လိုက်ကြသည်။
ကျောက်မုန့်ဟဲနှင့် တခြားလူများသည်လည်း မျက်နှာတည်ကြည်သွားကြပြီး ဓားဝင်္ကပါ၏ အလယ်မှ ဟန်မူယဲ့ကို ကာကွယ်ပေးလိုက်ကြသည်။
“ ဟွန့်… အပြင်လောကက ကောင်တွေက အတော်မောက်မာတာပဲ ”
ရှုကျွယ်မျိုးဆက်မှ တာအိုပညာရှင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့နောက် ဝေဝါးသော ပုံရိပ်များက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာကြသည်။
ထိုပုံရိပ်များထဲတွင် တချို့က လှံရှည်ကို ကိုင်ထားကြပြီး တချို့က ဓားရှည်ကို ကိုင်ထားကြသည်။ တချို့သည်တော့ လေးနှင့် မြားကို ကိုင်ထားကြသည်။ နောက်အခိုက်အတန့်မှာ ထိုပုံရိပ်များက ကြည်လင်ပြတ်သားလာကြပြီး ရုပ်သေးရုပ်များအဖြစ် ဖွဲ့စည်းသွားကြသည်။
ကျားဝိညာဉ်အပျက်အစီးနယ်မြေမှ ဟန်မူယဲ့ မထွက်ခွာမီ ရုပ်သေးသခင်များနှင့်ပတ်သက်သော ဗဟုသုတများကို ရှုကျွယ်ထံသို့ သူပေးခဲ့သည်။ သို့သော်လည်း ရှုကျွယ်က ယင်းကို အမှန်တကယ် တတ်ကျွမ်းသွားလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
ရှုကျွယ်၏ လက်နက်သန့်စင်ခြင်းပါရမီက အမှန်တကယ် အံ့ဖွယ်ကောင်းသည်။
ထိုရုပ်သေးသခင်များက အစွမ်းမကြီးမားသော်လည်း လူသားအင်မော်တယ်အဆင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြဆဲပင်။
လူသားအင်မော်တယ်အဆင့် ရုပ်သေးသခင်အများအပြား ထွက်ပေါ်လာသည့်အခါ ရွှေရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်များက မျက်နှာသုန်မှုန်သွားကြသည်။
အရှေ့ဆုံးမှ စစ်ဗိုလ်ချုပ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ လက်ဝှေ့ယမ်းလိုက်လေရာ တိုက်ပွဲဝင်္ကပါတစ်ခုက ဒီရေသဖွယ် ပေါ်လျှိုးလာသည်။
ရုပ်သေးသခင်များသည်လည်း အရှေ့သို့ ချီတတ်သွားကြသည်။ သူတို့၏ လက်နက်များက လေထဲမှာ ရွေ့လျားသွားလေရာ ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က ပေါက်ကွဲသွားသည်။
“ ဗုန်း ”
အင်အားစုနှစ်ခု၏ အပြန်အလှန် တွေ့ဆုံမှုမှ ထွက်ပေါ်လာသော အားလှိုင်းဂယက်များက အလွန်ပြင်းထန်လေရာ မရေမတွက်နိုင်သော ပုံရိပ်များက အဝေးသို့ လွင့်စင်သွားကြသည်။
ကော့လန်နှင့် ကုချန်းမင်က သူတို့၏ ဓားများကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြပြီး ထိုအားလှိုင်းဂယက်များကို ခုခံတားဆီးလိုက်ကြသည်။
ဆယ်မိုင်အဝေးတွင် မိုချူးတော်ဝင်ကလန်မှ လူသားအင်မော်တယ်များသည် အနောက်သို့ အတင်းအဓမ္မ လွင့်စင်သွားကြသည်။
ဟန်မူယဲ့က အရှေ့သို့ အာရုံစိုက်လိုက်သည်။
ဤအခိုက်အတန့်မှာ ညီမမူဝမ်တစ်ဖြစ်လဲ မင်းသမီးမိုယွဲ့က လူအုပ်ကြားထဲမှာ ပျောက်ကွယ်သွားသည်။
တွေ့ဆုံခြင်း… ခွဲခွာခြင်း… ။
အကယ်၍ သူသာ သာမန်သေမျိုးတစ်ယောက်ဖြစ်ခဲ့မည်ဆိုလျှင် သူတို့နှစ်ယောက်၏ ဤတွေ့ဆုံမှုက နောက်ဆုံးနှုတ်ဆက်မှု ဖြစ်လာလိမ့်မည် မဟုတ်ပါလော။
အရှေ့မှ တိုက်ပွဲက တဖြည်းဖြည်း ပိုအားကောင်းလာပြီး တိုက်ပွဲဝင်္ကပါက ဒီရေသဖွယ် မြှောက်တတ်လာနေကြောင်း သူမြင်သွားသောအခါ အေးစက်စက်အလင်းက ဟန်မူယဲ့၏ မျက်လုံးအနက်ပိုင်းထဲမှ ထွက်ပေါ်လာသည်။ ဤသည်မှာ အေးစက်မှုက မိုင်တစ်သောင်းနက်သော ရှေးဟောင်းရေတွင်းတစ်တွင်း၏ အောက်ခြေမှ ထွက်ပေါ်လာနေသည့်အလားပင်။
နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က အတော်လေး တရားလွန်သွားချေ၏။
“ ဗုန်း ”
ရုပ်သေးသခင်တစ်ယောက်က တိုက်ပွဲဝင်္ကပါ၏ အရှေ့မှာ ပြိုကွဲပျက်စီးသွားသည်။
လင်းရှောင်ကောင်းကင်နန်းတော်မှ တပည့်က မျက်နှာဖြူဖျော့သွားပြီး ခြေတစ်လှမ်း အနောက်ဆုတ်သွားသည်။
“ အညံ့ခံမလား အသေခံမလား ”
ရွှေရောင်စစ်ချပ်ဝတ် ဝတ်ဆင်ထားသော စစ်ဗိုလ်ချုပ်က သူ၏ လက်ထဲမှ လှံရှည်ကို အရှေ့သို့ ချိန်ရွယ်လိုက်သည်။ တစ်ချိန်တည်းမှာ အလွန်အားကောင်းသော တိုက်ပွဲစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
ယင်းက သူ့အနောက်မှ တိုက်ပွဲဝင်္ကပါနှင့် အတူတကွ ပေါင်းစပ်သွားပြီး ရွှေရောင်ကျားတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။
ရွှေရောင်ကျားသည် အရှေ့သို့ ခုန်အုပ်လိုက်ပြီး ရုပ်သေးသခင်များကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သည်။
လင်းရှောင်ကောင်းကင်နန်းတော်မှ တပည့်က မျက်နှာဖြူဖျော့သွားပြီး အနောက်ဆုတ်သွားသည်။
သူက နောက်ထပ် မခုခံနိုင်တော့ပေ။