အခန်း (၁၅၁၂)
Vol. 108 Ch. 1512
မိုချူးမှ လူသားအင်မော်တယ်များဖြစ်စေ ဟန်မူယဲ့၏ အရှေ့မှ ကော့လန်နှင့် ကျောက်မုန့်ဟဲဖြစ်စေ ဤအခိုက်အတန့်မှာ သူတို့အားလုံးက မျက်နှာပျက်ယွင်းသွားကြသည်။
အကယ်၍ လင်းရှောင်ကောင်းကင်နန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်က ရွှေရောင်စစ်ချပ်ဝတ် စစ်သည်တော်များ၏ တိုက်ပွဲဝင်္ကပါကို မခုခံနိုင်ဘူးဆိုလျှင် ယနေ့ သူတို့၏ အခြေအနေက သေချာပေါက် ကပ်ဘေးဆိုက်တော့မည်။
“ အညံ့ခံမလား အသေခံမလား”
အော်သံက ထပ်မံ ထွက်ပေါ်လာသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ စကားသံ ထွက်ပေါ်လာသည်။
“ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က နတ်ဘုရားကမ္ဘာကို အုပ်ချုပ်နေတာ အတော်ကြာသွားလို့ ထင်တယ်… သူတို့က ဘယ်သူ့ကိုမှ သောက်ဂရုမစိုက်တော့ဘူးလား ”
စကားသံပျောက်ကွယ်သွားသည်နှင့် ဟန်မူယဲ့က သူ့လက်ထဲမှ ဓားနှင့်အတူ အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူက ထိုခြေတစ်လှမ်းဖြင့် အလွန်ကျယ်ပြောသော အကွာအဝေးကို ဖြတ်ကျော်သွားသည်။ ထို့နောက် သူက လက်ထဲမှ ဓားကို ညင်သာစွာ လွှဲယမ်းလိုက်သည်။
“ ဝုန်း ”
တောက်ပသော ဓားအလင်းက လေထဲမှာ နှင်းတောင်တစ်လုံးအဖြစ် အသွင်ပြောင်းလဲသွားပြီး အစွမ်းကြီးမားစွာ အောက်သို့ ကျဆင်းလာသည်။
ယင်းက သူ၏ ဓားချက်ဖြစ်ပြီး ထိုထဲမှာ သူ့ကိုယ်ပိုင်ဓားတာအိုနှင့် မိုးမြေစွမ်းအားက ပါဝင်နေသည်။ ထိုဓားချက်ထဲမှာ အချင်းမိုင်တစ်ထောင်အတွင်းမှ စွမ်းအင်အားလုံးလည်း ကိန်းအောင်းနေသည်။
အစတွင် ဓားအလင်းက ပြိုကျနေသော နှင်းတောင်တစ်လုံးမျှသာ ဖြစ်၏။ သို့သော်လည်း နောက်အခိုက်အတန့်မှာ မိုးမြေက ပြိုကျပျက်စီးသွားသည့်အလား အချင်းမိုင်တစ်သောင်းအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံအလင်းတန်းက မိုးပေါ်မှ ဆင်းသက်လာသည်။
ကောင်းကင်ဘုံအလင်းတန်း၏ အံ့မခန်း ဖိအားနှင့် အံ့ဖွယ်စွမ်းအားအောက်မှာ မည်သူမှ မခုခံနိုင်ကြချေ။
“ ဗုန်း ”
ရွှေရောင်စစ်ချပ်ဝတ် စစ်သည်တော်များ၏ တိုက်ပွဲဝင်္ကပါက ထိုဓားချက်ကြောင့် ဗလာနတ္ထိအဖြစ် ပျောက်ကွယ်သွားသည်။
မရေမတွက်နိုင်သော ဝိညာဉ်များက ပြန့်ကျဲသွားကြသည်။
တိုက်ပွဲဝင်္ကပါ၏ အရှေ့တွင် ရွှေရောင်စစ်ချပ်ဝတ်နှင့် စစ်ဗိုလ်ချုပ်၏ ခန္ဓာကိုယ်က စတင်အက်ကွဲသွားသည်။ နောက်ဆုံးမှာတော့ မှိန်ဖျော့သော ဝိညာဉ်အလင်းသည်သာ လေထဲမှာ ကျန်နေခဲ့တော့သည်။
“ မင်း… မင်းဘယ်သူလဲ ”
တုန်လှုပ်ချောက်ချားသော အော်သံက ထိုဝိညာဉ်ထဲမှ ထွက်ပေါ်လာသည်။
လူတိုင်းကို ဓားတစ်ချက်တည်းဖြင့် အမြစ်ဖြတ်သုတ်သင်ပစ်နိုင်သူက အပြင်လောကမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ထင်ရှားပေသည်။
အပြင်လူတစ်ယောက်က နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို ဆန့်ကျင်ဝံ့သည်လား။ ယင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေခြင်း မဟုတ်ပေဘူးလား။
“ ငါတို့က နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကဆိုတာ မင်းသိတာတောင်မှ ငါတို့ကို ဆန့်ကျင်ရဲတယ်လား… မင်းက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ ”
ဝိညာဉ်က ပျောက်ကွယ်ခါနီးနေသော်လည်း ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။ ရက်စက်ကြမ်းကြုတ်မှုက သူ၏ မျက်လုံးထဲမှာ အထင်အရှား ထွက်ပေါ်နေသည်။
“ မင်းပြန်သွားပြီး သတင်းပို့လိုက်ပါ… နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ဆီ ငါအလည်လာမယ်လို့ ”
ဟန်မူယဲ့၏ စကားသံ ပျံ့လွင့်သွားသည့်အခါ ဝိညာဉ်က အံ့ဩထိတ်လန့်သွားသည်။
ဘေးပတ်ဝန်းကျင်တွင် ဝိညာဉ်အလင်းများက မီးရှူးမီးပန်းများသဖွယ် ပြန့်ကျဲသွားကြပြီး သွေးချီစွမ်းအားက လေထဲမှာ လွင့်ပြယ်သွားသည်။
ကောင်းကင်နှင့် မြေပြင်ကြားတွင် ကျယ်လောင်သော မိုးခြိမ်းသံက ပဲ့တင်ထပ်သွားသည်။
ဤတစ်ကြိမ်တွင် အပျက်အစီးနယ်မြေမှ မူလစွမ်းအားက ကြီးကြီးမားမား သက်ရောက်ခံလိုက်ရသောကြောင့် မိုးမြေက ထိုသို့တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
“ အကိုဟန်က အရမ်းသန်မာတာပဲ… ”
ဓားတစ်လက်နှင့်အတူ လေထဲမှာ မတ်တတ်ရပ်နေသော ဟန်မူယဲ့ကို ကြည့်နေရင်း ကျောက်မုန့်ဟဲက အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ သူက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သော်လည်း စိတ်ပျက်အားလျော့သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သူက ခရီးတစ်လျှောက်လုံးမှာ ဟန်မူယဲ့ကို ကာကွယ်ပေးနေခဲ့ခြင်း မဟုတ်ပါလော။ အကိုဟန်က ထိုမျှသန်မာလေရာ သူ၏ ကာကွယ်ပေးမှုကို အမှန်တကယ် လိုအပ်ပါသလော။
အရှေ့တွင် ကုချန်းမင်က ခေါင်းလှည့်လိုက်ပြီး ကော့လန်ကို ကြည့်လိုက်သည်။
“ အဲ့ဒါကို အစောကြီးကတည်းက မင်းသိထားတာလား ”
ကုချန်းမင်၏ မေးခွန်းကို ကြားသောအခါ ကော့လန်က ပြုံးလိုက်သည်။ သို့သော်လည်း သူက စကားပြန်မပြောဘဲ နှုတ်ဆိတ်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူ့မှာ ကုချန်းမင်နှင့် အငြင်းပွားရန် အချိန်မရှိပေ။
ဟန်မူယဲ့၏ အစောနက ဓားချက်ထဲမှာ ကိန်းအောင်းနေသော ဓားအနှစ်သာရက သူ့ကိုယ်ပိုင်ဓားဆန္ဒနှင့် လုံးဝ လိုက်လျောညီထွေသည်။
ထိုသို့ဓားဆန္ဒဖြင့်ဆိုလျှင် သူ၏ ဓားတာအိုက သေချာပေါက် နောက်ထပ် တိုးတတ်သွားလိမ့်မည်။
စီနီယာအကိုဟန်က သူ့အား လမ်းညွှန်ပေးရန်အလို့ငှာ ထိုဓားဆန္ဒကို တမင်ထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သူခံစားမိသည်။
“ အဲ့ဒါ… ဓားတာအို… ”
လင်းရှောင်ကောင်းကင်နန်းတော်မှ တပည့်က မတ်တတ်ရပ်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်ကာ တီးတိုးရေရွတ်လိုက်သည်။
သူ၏ အကြည့်က ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏ မျက်လုံးက ရုတ်တရက် ပြူးကျယ်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။
ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး သူ့ကို ကြည့်လိုက်သည်။
ထိုအကြည့်က လင်းရှောင်ကောင်းကင်နန်းတော်မှ တပည့်ကို အားအင်ချည့်နဲ့သွားစေသည်။ သူက နောက်ထပ် မတ်တတ်မရပ်နိုင်တော့ဘဲ မြေပေါ်မှာ ဒူးထောက်ကျသွားသည်။
အဝေးတွင် မိုချူးတော်ဝင်ကလန်မှ မျိုးဆက်များကို ကာကွယ်စောင့်ရှောက်ပေးနေသော လူသားအင်မော်တယ်က တုန်ယင်သွားသည်။ သူ့အရှေ့မှ မြင်ကွင်းက ယုံကြည်ရန် အလွန်ခဲယဉ်းပေသည်။
တစ်စုံတစ်ယောက်၏ အကြည့်တစ်ချက်က လင်းရှောင်ကောင်းကင်နန်းတော်မှ တပည့်ကို ဒူးထောက်သွားစေသည်လား။
ထိုသို့လူက ဤလောကမှာ အမှန်တကယ် ရှိသည်လား။
ဓားရေကန်မှ ထိုထိပ်တန်းပုဂ္ဂိုလ်များသည်ပင် သူတို့ဆီမှာ ကိုယ်ပိုင်မာန်မာန ရှိကြသည်မဟုတ်ပါလော။
ဟန်မူယဲ့က အရှေ့သို့ ဖြည်းညင်းစွာ လျှောက်လာနေသည်ကို မြင်သောအခါ လူသားအင်မော်တယ်၏ မျက်နှာက ပျက်ယွင်းသွားသည်။ သူက မည်သို့တုံ့ပြန်သင့်ကြောင်း မသိတော့ပေ။
“ ရှင့်ကို ရင်းနှီးတယ်လို့ ကျွန်မခံစားမိတယ် ”
ထိုအခိုက်အတန့်မှာ နူးညံ့သော အသံက လူသားအင်မော်တယ်၏ အနောက်မှ ပျံ့လွင့်လာသည်။
မင်းသမီးမိုယွဲ့… ။
မင်းသမီးက ထိုပုဂ္ဂိုလ်ကို ရင်းနှီးသည်လော။
မည်သို့ဖြစ်နိုင်မည်နည်း။
မင်းသမီးမိုယွဲ့သည် မိုချူးမှာ မွေးဖွားပြီးကတည်းက တစ်ခါမှ အပြင်မထွက်ဖူးပေ။
စူးရှသော အလင်းတန်းက လူသားအင်မော်တယ်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သို့ဆိုလျှင် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့၏။
အဆုံးမဲ့သစ်သားဒြပ်စင်ကို ပိုင်ဆိုင်ထားသော ထိုမင်းသမီးက ပြင်ပလောကမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ ပြန်လည်မွေးဖွားမှုလော။
မိုချူးတော်ဝင်မိသားစုက အတိတ်မှာ ထိုကိစ္စကို သံသယရှိခဲ့ကြပြီး စုံစမ်းစစ်ဆေးခဲ့ကြသည်။ သို့သော်လည်း သူတို့က မည်သည့်အဖြေကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ပြင် မိုချူး၏ အခြေအနေက မတည်မငြိမ်ဖြစ်နေသောကြောင့် သူတို့က ထိုကိစ္စကို နောက်ထပ် အရေးမစိုက်ခဲ့ပေ။
“ ဒါပေါ့ ကိုယ်တို့က ရင်းနှီးတဲ့လူတွေပါ ”
ဟန်မူယဲ့က အပြုံးဖြင့် ပြောပြီး အရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။
သူက မည်သည့်ဖိအားကိုမှ သို့မဟုတ် မည်သည်သတ်ဖြတ်ခြင်းအရှိန်အဝါကိုမှ မထုတ်ဖော်ထားသော်လည်း မိုချူးမှ ကျွမ်းကျင်သူများက သူ့အတွက် ချက်ချင်း လမ်းဖယ်ပေးလိုက်ကြသည်။
လူသားအင်မော်တယ်က အနောက်မဆုတ်မီ တဒင်္ဂ တုံ့ဆိုင်းသွားသည်။
ဟန်မူယဲ့က သူ့အရှေ့မှ မင်းသမီးမိုယွဲ့ကို ကြည့်လိုက်သည်။
ထိုခန္ဓာကိုယ်က ညီမမူဝမ်၏ ဝိညာဉ်အမျှင်တန်းမှ ပြန်လည်မွေးဖွားလာခြင်းဖြစ်လေရာ ညီမမူဝမ်နှင့် အတော်လေး ဆင်တူသည်။
သို့သော်လည်း ညီမမူဝမ်က တမင်ရည်ရွယ်ချက်ရှိစွာ ပြုလုပ်ခဲ့သောကြောင့် သူ၏ ဝိညာဉ်က အပြည့်အဝ မနိုးထခဲ့ပေ။ သို့ဖြစ်၍ သူက အပြင်လောကမှ မှတ်ဉာဏ်များကို မရရှိသေးပေ။
ထို့ကြောင့် ဟန်မူယဲ့ကို မြင်လိုက်သောအခါ စိတ်ရှုပ်ထွေးသော အမူအရာက မင်းသမီးမိုယွဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ မင်းက ကိုယ့်ရဲ့ ဂျူနီယာညီမလေးပါ ”
ဟန်မူယဲ့က အရှေ့သို့ ချဉ်းကပ်သွားပြီး နူးညံ့စွာ ပြောသည်။
“ ဂျူနီယာညီမလား… ”
မင်းသမီးမိုယွဲ့က ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း သူက ဇဝေဇဝါဖြစ်နေဆဲပင်။
“ ဒါကြောင့် ရှင့်ကို ရင်းနှီးတယ်လို့ ခံစားမိတာကို ”
“ အခု ရှင်ရောက်လာပြီဆိုတော့ ကျွန်မစိတ်အေးသွားပါပြီ ”
မင်းသမီးမိုယွဲ့က ပြောသည်။
မင်းသမီးမိုယွဲ့၏ စကားက ဘေးပတ်ဝန်းကျင်မှ လူတိုင်း၏ စိတ်ခံစားချက်များကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။ အထူးသဖြင့် မိုချူးတော်ဝင်မိသားစု၏ သစ္စာရှိအမှုထမ်းဖြစ်သော လူသားအင်မော်တယ် ဖြစ်သည်။ သူက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။
မင်းသမီးမိုယွဲ့ပြောသော ရင်းနှီးမှုက သူ့ဝိညာဉ်၏ တုံ့ပြန်မှုမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုအချက်က မင်းသမီးမိုယွဲ့က အပြင်လောကမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ ပြန်လည်မွေးဖွားမှုဖြစ်ကြောင်း သေချာသွားစေသည်။
သို့ဆိုလျှင် သူတို့က မင်းသမီးကို အသုံးပြု၍ ဓားရေကန်မှ ထိုအစွမ်းထက်ပုဂ္ဂိုလ်နှင့် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်သင့်သည် မဟုတ်ပါလော။
“ ဟူး… ကျုပ်တို့က တစ်မိသားစုတည်းဆိုမှတော့ ကျုပ်စိတ်အေးသွားပါပြီ ”
အကြီးအကဲတစ်ယောက်က ပြောသည်။
“ အားလုံးပဲ ဒီနေရာက မလုံခြုံပါဘူး… ဒီနေရာမှာ ကြာကြာနေဖို့ မသင့်တော်ပါဘူး ”
အကြီးအကဲက လူတိုင်းကို စကားပြောလိုက်သော်လည်း သူ၏ အကြည့်က ဟန်မူယဲ့ပေါ်မှာသာ ရှိနေသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အဝေးမှ ကောင်းကင်ယံကို ကြည့်လိုက်သည်။
ထိုနေရာတွင် အစွမ်းထက်အားလှိုင်းများက ပေါ်လျှိုးလာနေသည်။
လင်းလုံနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်များက သူတို့ဆီသို့ မြန်ဆန်စွာ ချဉ်းကပ်လာနေကြသည်။
ဤတစ်ကြိမ် အစီအစဉ်က နှောင့်ယှက်ခံလိုက်ရလေရာ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ ထိုလူများက သူတို့ကို အလွယ်တကူ လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
“ သွားကြစို့ ”
ဟန်မူယဲ့က မြေပြင်ပေါ်မှာ ဒူးထောက်နေသော လင်းရှောင်ကောင်းကင်နန်းတော်မှ တပည့်ကို လှည့်ကြည့်လိုက်ပြီး ပြောသည်။
“ ငါတို့ကို လင်းရှောင်ကောင်းကင်နန်းတော်ဆီ ခေါ်သွားပါ ”
လင်းရှောင်ကောင်းကင်နန်းတော်… ။
ဟန်မူယဲ့၏ စကားကို ကြားသောအခါ လူတိုင်းက ဝမ်းသာပျော်ရွှင်သွားကြသည်။
ကျားဝိညာဉ်အပျက်အစီးနယ်မြေတစ်ခုလုံးမှာ ကျင့်ကြံသူများအတွက် အကောင်းဆုံးနေရာက မည်သည့်နေရာနည်း။
ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှာ မည်သည့်အင်အားစုက အသန်မာဆုံး ဖြစ်သနည်း။
ယင်းက လင်းရှောင်ကောင်းကင်နန်းတော်ဖြစ်သည်မှာ သံသယရှိရန် မလိုပေ။
ရွှမ်ချင်ဖြစ်စေ၊ မိုချူးဖြစ်စေ သို့မဟုတ် ကောင်းကင်ဘုံထန်အင်ပါယာမှ အစွမ်းထက်ပုဂ္ဂိုလ်များဖြစ်စေ သူတို့၏ အန္တိမပန်းတိုင်က လင်းရှောင်ကောင်းကင်နန်းတော် ဖြစ်သည်။
ဓားရေကန်မှ စစ်မှန်သော ဓားသမားများသည်ပင် သူတို့၏ ကျင့်ကြံခြင်းအတွက် လင်းရှောင်ကောင်းကင်နန်းတော်ဆီသို့ သွားရောက်ချင်ကြသည်။
ဤနေရာမှာ ရှိနေကြသော ပုဂ္ဂိုလ်များထဲတွင် မည်သူက လင်းရှောင်ကောင်းကင်နန်းတော်ဆီသို့ သွားရောက်ရန် ဆန္ဒမရှိဘဲ နေမည်နည်း။
သို့သော်လည်း သူတို့အရှေ့မှ ပုဂ္ဂိုလ်၏ စကားတစ်ခွန်းက သူတို့ကို ထိုနေရာဆီသို့ အမှန်တကယ် ခေါ်ဆောင်သွားနိုင်မည်လော။
လူတိုင်းက ဖြည်းညင်းစွာ မတ်တတ်ပြန်ရပ်လိုက်သော လင်းရှောင်ကောင်းကင်နန်းတော်မှ တပည့်ကို လှည့်ကြည့်လိုက်ကြသည်။
“ ဒီတပည့် အမိန့်နာခံပါတယ် ”
ထိုတပည့်က ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။ သူ၏ မျက်နှာပေါ်မှာ ရိုသေလေးစားသော အမူအရာရှိသည်။
သူက လက်ဝှေ့ယမ်းလိုက်လေရာ ယာဉ်ပျံတစ်စင်းက ထွက်ပေါ်လာသည်။ ယာဉ်ပျံ၏ မျက်နှာပြင်ပေါ်တွင် ဝိညာဉ်သင်္ကေတများကို ရေးထွင်းထားသည်။
ယာဉ်ပျံက အလွန်ကြီးမားပြီး ပေသုံးဆယ်ရှည်လျားသည်။
ဤအခိုက်အတန့်မှာ လူတိုင်းက ယာဉ်ပျံပေါ်သို့ ခုန်တတ်သွားကြသည်။ ထို့နောက် ယာဉ်ပျံက အဝေးသို့ ပျံသန်းသွားသည်။
အဝေး၌ အားလှိုင်းဂယက်များက တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး အစွမ်းထက်ပုဂ္ဂိုလ်ဒါဇင်ခန့်က အင်မော်တယ်အရှိန်အဝါဖြင့် ဆင်းသက်လာကြသည့်အခါ မိုချူးမှ မည်သည့်လူမှ ကျွန်းပေါ်မှာ မရှိကြတော့ချေ။
“ ဟွန့်… မင်းတို့က လွတ်မြောက်သွားပြီ ထင်နေတာလား… အဲ့လောက် မလွယ်ဘူး ”
တစ်စုံတစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။
“ ငါ့အမိန့်ကို နားထောင်ကြ… စစ်တပ်တွေကို နေရာရွေ့ပြောင်းပြီး လင်းရှောင်ကောင်းကင်နန်းတော်ဆီ ဝင်တိုက်ခိုက်ကြမယ် ”
“ လက်နက်သန့်စင်ခြင်းအမွေအနှစ်ကြောင့်မဟုတ်ရင် ဒီကျားဝိညာဉ်အပျက်အစီးနယ်မြေက ဟိုးအရင်ကတည်းက ငါ့နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ရဲ့ ဖျက်ဆီးတာခံလိုက်ရပြီးပြီ ”
တစ်စုံတစ်ယောက်က ပြောသည်။
အမိန့်တော် ထုတ်ပြန်လိုက်သည်နှင့်ချက်ချင်း မရေမတွက်နိုင်သော စစ်သည်တော်များက ဆူနာမီလှိုင်းလုံးများသဖွယ် အရှေ့သို့ ချီတတ်သွားကြသည်။
လျှပ်တစ်ပြက်အတွင်းမှာ ကောင်းကင်နှင့် မြေပြင်ကြားမှ လေဟာနယ်က အင်မော်တယ်အလင်းနှင့် သွေးအနှစ်သာရကြောင့် ပရမ်းပတာ လှုပ်ခတ်သွားသည်။
အစွမ်းထက်ပုဂ္ဂိုလ်များက အံ့မခန်းအလျင်နှင့်အတူ ရွေ့လျားသွားကြသည်။ စက္ကန့်ပိုင်းအတွင်းမှာ သူတို့က မိုင်တစ်ရာအကွာအဝေးကို ဖြတ်ကျော်သွားကြသည်။
အရှေ့မှ အရင်ထွက်ခွာသွားသော ယာဉ်ပျံက အလွန်မြန်သော်လည်း နေ့တစ်ဝက်ကြာပြီးနောက် အနောက်မှ လိုက်ဖမ်းသူများက လိုက်မီသွားကြသည်။
“ အကြီးအကဲ… ကျွန်တော် ရန်သူတွေကို သွားထိန်းထားလိုက်ပါ့မယ် ”
ယာဉ်ပျံကို ထိန်းချုပ်ထားသော လင်းရှောင်ကောင်းကင်နန်းတော်မှ တပည့်က အနောက်သို့ လှည့်ကြည့်လိုက်သည်။ စိတ်ဓာတ်ပြတ်သားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ သရုပ်ကို သူသိသည်။
သို့ဖြစ်၍ ဤသို့အခြေအနေမျိုးမှာ သူက သေချာပေါက် လှုပ်ရှားရမည်။
ကျောက်မုန့်ဟဲနှင့် တခြားလူများသည်လည်း မတ်တတ်ထရပ်လိုက်ကြသည်။
ဟန်မူယဲ့က မထူးမခြားအမူအရာဖြင့် ဆက်ရှိနေဆဲပင်။ သူက ဘေးမှ မင်းသမီးမိုယွဲ့ကို ကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
“ မလိုဘူး ”
“ ဒီဟာကို ရှုကျွယ်နဲ့ လောခွန်း ဖြေရှင်းပါစေ ”
ရှုကျွယ်… ။
လော့ခွန်း… ။
မဟာဦးသျှောင်ရှုကျွယ်နဲ့ မဟာဦးသျှောင်လော့ခွန်းလား… ။
သူတို့နှစ်ယောက်က ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ အသန်မာဆုံးပုဂ္ဂိုလ်များဖြစ်ကြပြီး ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ ဘုရင်နှစ်ပါး ဖြစ်ကြသည်။
မည်သို့သောလူက ထိုနှစ်ယောက်ကို တိုက်ရိုက် နာမည်ခေါ်ဝံ့သနည်း။
ဟန်မူယဲ့၏ စကားကို ကြားသောအခါ ယာဉ်ပျံထဲမှ လူတိုင်းက အံ့ဩသွားကြသည်။ ထို့နောက် သူတို့က ယာဉ်ပျံကို ထိန်းချုပ်ထားသော လင်းရှောင်ကောင်းကင်နန်းတော်မှ တပည့်ကို လှည့်ကြည့်လိုက်ကြသည်။
ယင်းက လင်းရှောင်ကောင်းကင်နန်းတော်ကို မျက်နှာသာမပေးခြင်း မဟုတ်ပါလော။
သို့သော်လည်း ချင်းကျောက်လင်ဟု အမည်ရသော လင်းရှောင်ကောင်းကင်နန်းတော်မှ တပည့်၏ အမူအရာကို မြင်လိုက်ရသောအခါ သူတို့က ပိုပြီးအံ့ဩသွားကြသည်။
ချင်းကျောက်လင်က စိတ်ဆိုးသွားပုံမပေါ်ချေ။ သူ၏ အမူအရာက ပုံမှန်အတိုင်း ဆက်ရှိနေသည်။ ဤသည်မှာ ဟန်မူယဲ့ ပြောခဲ့သော စကားက ပုံမှန်ဖြစ်သည့်အလားပင်။
“ ဂျိန်း ”
အဝေးတွင် ကျယ်လောင်သော မိုးခြိမ်းသံက ပဲ့တင်ထပ်သွားသည်။