← Chapters

အခန်း (၁၅၀၉)

Vol. 108 Ch. 1509

အခန်း (၁၅၀၉)

Vol. 108 Ch. 1509

ကျောက်မုန့်ဟဲက တဒင်္ဂ မင်သက်သွားသည်။ ထို့နောက် သူက ဝမ်းသာပျော်ရွှင်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

“ စံအိမ်အရှင်သခင်သခင်ကျူးလျန့်က မြို့ထဲမှာ ရှိနေတာလား… ဒါဆို ပိုပြီးအဆင်ပြေတာပေါ့… သူ့ဆီ ပစ္စည်းလွှဲပြောင်းပေးပြီးရင် ကျုပ်ရဲ့ တာဝန် ကျေပွန်သွားပြီ ”

ရွှေရောင်စစ်ချပ်ဝတ်နှင့် စစ်ဗိုလ်ချုပ်က မည်သည့်စကားမှ ပြန်မပြောပေ။ သို့သော်လည်း သူက လက်ယမ်းပြလိုက်ပြီး သူ့အနောက်မှ စစ်သည်တော်များကို လမ်းဖယ်ခိုင်းလိုက်သည်။

သူတို့အဖွဲ့ အရှေ့သို့ ရွေ့လျားသွားနေစဉ် ကျောက်မုန့်ဟဲ၏ မျက်နှာပေါ်မှ အပြုံးက ဖြည်းညင်းစွာ ပျောက်ကွယ်သွားသည်။

“ ဂရုစိုက်ကြ ”

သူက တိုးညင်းစွာ ပြောသည်။

သူ့အနောက်မှ တပည့်များက မသိမသာ ခေါင်းညိတ်လိုက်ကြသည်။

ရထားလုံးထဲတွင် ကုချန်းမင်နှင့် ကော့လန်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့က ဟန်မူယဲ့နားသို့ တိတ်တဆိတ် တိုးကပ်သွားကြသည်။

ရထားလုံးက ဖြည်းဖြည်းချင်း အရှေ့သို့ ရွေ့လျားသွားနေပြီး မြို့ထဲသို့ ဝင်ရောက်သွားသည်။

မြို့ရိုးတစ်လျှောက်တွင် အလောင်းများကို ချိတ်ဆွဲထားကြောင်း မည်သူမဆို မြင်နိုင်ပေသည်။

မြေပြင်ပေါ်တွင် သွေးစွန်းသွေးကွက်များက ယခုထိ မပျောက်ကွယ်သေးပေ။

ယင်းကို ကြည့်ခြင်းအားဖြင့် ထိုလူများက လင်းဟိုင်မြို့ကို သိမ်းပိုက်ရန် ဤနေရာမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအများအပြားကို ပြုလုပ်ခဲ့ကြောင်း ထင်ရှားပေသည်။

သူတို့က မိုင်အနည်းငယ်ခန့် အရှေ့သို့ ဆက်လက် ရွေ့လျားသွားနေစဉ် အရှေ့ဆုံးမှ ကျောက်မုန့်ဟဲက ရုတ်တရက် လက်မြှောက်လိုက်သည်။ သို့ဖြစ်၍ လူတိုင်းက ရပ်တန့်လိုက်ကြသည်။

အရှေ့မှ လမ်းလယ်ခေါင်တွင် အရပ်ရှည်သော အမျိုးသားတစ်ဦးက ဓားမော့တစ်လက်ကို ကိုင်ထားလျက် မတ်တတ်ရပ်နေသည်။ သူ၏ အနောက်တွင် သံချပ်ကာဝတ် စစ်သည်တော်များက တိုက်ပွဲဝင်္ကပါများကို ဖွဲ့စည်းထားကြသည်။

“ မင်းတို့က ချီလင်းစံအိမ်တော်က လူတွေလား ”

ဓားမော့ကိုင်ထားသော ထိုအမျိုးသားက ကျောက်မုန့်ဟဲကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောသည်။

ကျောက်မုန့်ဟဲက ခေါင်းညိတ်လိုက်သည်။

ထိုအခါ ဓားမော့ကိုင်ထားသော အမျိုးသားက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး သူ၏ လက်ထဲမှ ဓားမော့ဖြင့် မြို့ရိုးပေါ်သို့ ညွှန်ပြလိုက်သည်။

“ ဒါဆိုရင် ချီလင်းစံအိမ်အရှင်သခင်သုံးပါးကို မြို့ရိုးပေါ်မှာ ချိတ်ဆွဲထားတာ မင်းတို့မမြင်ခဲ့ဘူးလား ”

စံအိမ်အရှင်သခင်သုံးပါးကို မြို့ရိုးပေါ်မှာ ချိတ်ဆွဲထားသည်လော။

ထိုစကားက ခရီးသွားယာဉ်တန်းထဲမှ လူတိုင်းကို မျက်နှာပျက်ယွင်းသွားစေသည်။

ကျောက်မုန့်ဟဲက လေထဲသို့ ခုန်လိုက်ပြီး ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။

“ အရှေ့ကို ချီတတ်ကြ ”

သူက တိုးညင်းစွာ အော်ပြောလိုက်သည်နှင့် ဓားရေကန်မှ တပည့်များက အရှေ့သို့ အမြန်ပြေးသွားကြသည်။

လူတိုင်း ဓားထုတ်လိုက်သည့်အခါ အလွန်အားကောင်းသော ဓားဆန္ဒများက သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ ဖွဲ့စည်းသွားကြသည်။

“ မင်းတို့က ချီလင်းစံအိမ်တော်က မဟုတ်ဘူးဆိုတာ ငါသိတယ် ”

ဓားမော့ကိုင်ထားသော အမျိုးသားက အော်ပြောလိုက်သည်။ ထို့နောက် သူက လေထဲမှ ကျောက်မုန့်ဟဲထံသို့ ပြေးသွားပြီး သူ၏ လက်ထဲမှ ဓားမော့ဖြင့် တိုက်ရိုက် ခုတ်ပိုင်းလိုက်လေသည်။

“ မင်းတို့က ဓားရေကန်ကမလား ”

“ အခု မင်းတို့က ဒီရောက်နေပြီဆိုမှတော့ ပြန်ထွက်သွားဖို့ မစဉ်းစားနဲ့တော့ ”

ဓားမော့က ရွှေရောင်အလင်း တောက်ပလာပြီး ကျောက်မုန့်ဟဲ၏ ဓားသွားနှင့် တွေ့ဆုံသွားသည်။

ဓားမော့အလင်းနှင့် ဓားအလင်းတို့ ထိပ်တိုက်တွေ့ဆုံသွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဤသည်မှာ ငြိမ်သက်နေသော ကန်ရေပြင်ပေါ်သို့ ကျောက်ခဲတစ်လုံးက ပြုတ်ကျသွားသည့်အလားပင်။

နောက်အခိုက်အတန့်မှာ ကျောက်မုန့်ဟဲ၏ ပုံရိပ်က အနောက်သို့ လွင့်စင်သွားသည်။ သို့သော်လည်း သူက လေထဲမှာ ပျံလွှားတစ်ကောင်နှယ် သေသပ်စွာ ရွေ့လျားလိုက်ပြီး နောက်တစ်ကြိမ် ထိုးဆင်းလိုက်သည်။

သူက ဓားရှည်ကို ထပ်မံ ထိုးသွင်းလိုက်လေရာ ဓားသွားက အလင်းတန်းတစ်ထောင်အဖြစ် ပြောင်းလဲသွားသည်။

“ ပြောင်မြောက်တဲ့ ဓားကွက်ပဲ ”

ဓားမော့ကိုင်ထားသော အမျိုးသားက ကြုံးဝါးလိုက်ပြီး သူ၏ ဓားမော့ကို ဝှေ့ယမ်းလိုက်သည်။ သူ၏ အနောက်တွင် တိုက်ပွဲဝင်္ကပါပုံစံ ဖွဲ့စည်းထားကြသော စစ်သည်တော်များက အရှေ့သို့ ချီတတ်လာကြသည်။

ရွှေရောင်အလင်းတိုင်လုံးတစ်ခုက ဝင်္ကပါထဲမှ ထွက်ပေါ်လာပြီး ဓားအလင်းတစ်ထောင်ကို ခုခံတားဆီးလိုက်သည်။ ကျောက်မုန့်ဟဲ၏ ဓားက ရွှေရောင်အလင်းတိုင်လုံးကို ထိုးစိုက်သွားသည့်အခါ သူ၏ ဓားဖျားက အနည်းငယ် တုန်ခါသွားသည်။

“ ဓားဝင်္ကပါကို ဖွဲ့စည်းမယ် ”

ကျောက်မုန့်ဟဲက တုံ့ဆိုင်းမနေဘဲ အော်ပြောလိုက်သည်။

ဓားရေကန်မှ တပည့်ငါးယောက်သည် အရှေ့သို့ ချီတတ်လာကြပြီး သူတို့၏ ဓားများကို အပေါ်သို့ မြှောက်တင်လိုက်ကြသည်။ ထိုအခါ တောက်ပသော ဓားအလင်းက ရုတ်တရက် ပေါ်လျှိုးလာပြီး ကျောက်မုန့်ဟဲ၏ ဓားနှင့် တစ်သားတည်း ပေါင်းစည်းသွားသည်။

“ ဝုန်း ”

ဓားအလင်းက အစွမ်းတိုးမြှင့်သွားသည်နှင့်ချက်ချင်း ကျယ်လောင်သော ပေါက်ကွဲမှုက ဓားထိပ်ဖျားပေါ်မှာ ထွက်ပေါ်လာသည်။

နောက်ဆုံးမှာတော့ သူတို့အရှေ့မှ အလင်းတိုင်လုံးက တုန်ယင်သွားပြီး အက်ကွဲသွားသည်။

ဓားရေကန်မှ တပည့်များသည် တိုက်ပွဲဝင်္ကပါပုံစံ ဖွဲ့စည်းထားကြသော စစ်သည်တော်များထံသို့ ဆက်လက် ချီတတ်သွားကြသည်။

ဓားမော့ကိုင်ထားသော အမျိုးသားက အံတင်းတင်းကြိတ်လိုက်ပြီး ဓားအလင်းများကို ရှောင်တိမ်းရန် ဘေးသို့ လှမ်းခုန်လိုက်သည်။

ဓားအလင်းများက တိုက်ပွဲဝင်္ကပါ၏ ခံစစ်ကို ချိုးဖြတ်သွားပြီး စစ်သည်တော်များကို သုတ်သင်ရှင်းလင်းလိုက်သည်။

ရထားလုံးထဲတွင် ဟန်မူယဲ့က သူ၏ လက်ကို ရုတ်တရက် ဆန့်ထုတ်လိုက်ပြီး ဆင့်ခေါ်လိုက်သည်။

ဓားစုတ်တစ်လက်က သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

တောက်ပသော အလင်းစီးကြောင်းက ဓားသွားပေါ်မှာ ဖြတ်ပြေးသွားသည်။

စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွန်းလင်းလာသည်။

“ ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာက လူတွေ… ”

သူက တီးတိုးရေရွတ်လိုက်ပြီး ရထားလုံး၏ ပြတင်းပေါက်မှတဆင့် အပြင်ဘက်သို့ ကြည့်လိုက်သည်။

အပျက်အစီးနယ်မြေများကြားမှ တိုက်ပွဲအတွင်းမှာ ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာ၏ သဲလွန်စကို မမျှော်လင့်ဘဲ သူမြင်တွေ့သွားသည်။

လင်းလုံနယ်မြေပြီးနောက် နတ်ဘုရားကမ္ဘာမှ လူများက ကြားဝင်စွက်ဖက်လာကြသည်။

ပြတင်းပေါက် အပြင်ဘက်တွင် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားနေကြသော ပုံရိပ်များကို ကြည့်နေရင်း ဟန်မူယဲ့က မျက်လုံးမှေးကျဉ်းလိုက်သည်။

ထိုလူများက အမှန်တကယ်ပင် နတ်ဘုရားကမ္ဘာမှ ဖြစ်ကြသည်။ ကြည့်ရသည်မှာ ထိုလူများကို သူလျော့တွက်မိခဲ့ဟန် ရ၏။

ဤနှစ်များမှာ နတ်ဘုရားကမ္ဘာက သူတို့၏ အစီအစဉ်များကို တိတ်တဆိတ် လုပ်ဆောင်နေခဲ့ကြဟန် ရ၏။

တစ်ခုသိထားရမည်မှာ အပျက်အစီးနယ်မြေက ဤစကြာဝဠာထဲမှ စကြာဝဠာကပ်ဘေး၏ မူလစမှတ်များအနက် တစ်ခုဖြစ်သည်။

အကယ်၍ သူတို့က စကြာဝဠာကပ်ဘေးကို မတားဆီးနိုင်လျှင် သူတို့ကိုယ်တိုင် ယင်းကို တွန်းအားပေးလိမ့်မည်။ ထိုနည်းဖြင့်ဆိုလျှင် သူတို့က စကြာဝဠာကပ်ဘေးကို ကြိုတင်လက်ဦးမှု ရယူနိုင်လိမ့်မည်။

နတ်ဘုရားကမ္ဘာ၏ အစီအစဉ်က ယုတ္တိရှိကြောင်း ဟန်မူယဲ့ ဝန်ခံရလိမ့်မည်။

သို့သော်လည်း သူတို့က အချက်တစ်ချက်ကို လျစ်လျူရှုခဲ့မိသည်။

ယင်းက ဟန်မူယဲ့ဖြစ်သည်။

ကြည့်ရတာတော့ ညီမမူဝမ်ကို ငါရှာဖွေပြီးရင် ရှေးဦးအပျက်အစီးနယ်မြေနဲ့ တခြားအပျက်အစီးနယ်မြေတွေဆီ အလည်သွားရလိမ့်မယ် ထင်တယ်… ။

အထူးသဖြင့် ရှေးဦးအပျက်အစီးနယ်မြေ ဖြစ်သည်။ အတိတ်မှာ ထိုနေရာကို သူတစ်ချက်ကြည့်လိုက်စဉ် သူ၏ ဝိညာဉ်က တုန်ယင်သွားခဲ့သည်။

ကောင်းကင်စက်ဝန်းနတ်ဘုရားကမ္ဘာက ရှေးဦးအပျက်အစီးနယ်မြေအပေါ် လှုပ်ရှားရန် စဉ်းစားနေခြင်းလော။

အကယ်၍ သူတို့က ရှေးဦးအပျက်အစီးနယ်မြေအပေါ် အမှန်တကယ် လှုပ်ရှားမည်ဆိုလျှင် ယင်းက ပိုပြီးစိတ်ဝင်စားဖွယ်ကောင်းလာလိမ့်မည်။

မည်သို့ဖြစ်ပါစေ မိုးပြာရောင်နဂါး၊ ဒုစရိုက်နဂါး၊ ဖီးနစ်နှင့် ယိုယင်းအပါအဝင် ကမ္ဘာဦးအုပ်ချုပ်သူတချို့က ရှေးဦးအပျက်အစီးနယ်မြေသို့ ပြန်ရောက်လာကြပြီ မဟုတ်ပါလော။

ထို့နောက် ရထားလုံးက အရှိန်မြှင့်တင်လိုက်ပြီး ကောင်းကင်နှင့် ထိစပ်နေသော ရွှေရောင်ထောင့်တိုင်တစ်ခုဆီသို့ ဦးတည်သွားသည်။

ထိုထောင့်တိုင်က အင်မော်တယ်ကျွန်းဆီသို့ ဦးတည်နေသော တည်နေရာပြောင်းရွှေ့ခြင်းအလင်းဝင်္ကပါ ဖြစ်သည်။

“ မင်းတို့တွေ စီနီယာအကိုသုံးယောက်ကို ခေါ်ဆောင်ပြီး အရင်ဝင်သွားနှင့်ကြ ”

ကျောက်မုန့်ဟဲသည် အလင်းထောင့်တိုင်၏ အရှေ့မှာ ဓားကိုင်ထားလျက် မတ်တတ်ရပ်နေရင်း သူ့ဆီသို့ ဦးတည်လာနေကြသော စစ်သည်တော်အများအပြားကို ကြည့်လိုက်သည်။ လေထဲတွင် တာအိုပညာရှင်ပုံရိပ်တချို့က သူ့ဆီသို့ ပျံသန်းလာနေကြသည်။

အမိန့်ရသည်နှင့် ဓားရေကန်မှ တပည့်များသည် ရထားလုံးကို အကာအကွယ်ပေး၍ အလင်းထောင့်တိုင်ထဲသို့ ဝင်ရောက်သွားကြသည်။

ထိုစဉ် အော်သံတစ်သံက အဝေးမှ ပျံ့လွင့်လာသည်။

“ ဓားရေကန်က တာအိုရောင်းရင်းတို့… ကျုပ်တို့ မိုချူးမျိုးဆက်ရဲ့ သခင်မလေးမိုလီကို ဒီကနေ လွတ်မြောက်သွားနိုင်အောင် ကူညီပေးကြပါ ”

ထိုအသံက အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော တာအိုပညာရှင်တစ်ယောက်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူက အသည်းအသန် ပြေးလွှားနေစဉ် သွေးက သူ၏ ခန္ဓာကိုယ်ပေါ်မှာ မရပ်မစဲ စီးကျနေသည်။

သူ၏ လက်ထဲတွင်တော့ သတိမေ့နေသော အမျိုးသမီးကျင့်ကြံသူတစ်ဦး ရှိသည်။ သူ၏ အနောက်တွင် မိုချူးမှ ခြေလှမ်းဝက် လူသားအင်မော်တယ်နှစ်ယောက်က အနောက်မှ လိုက်ဖမ်းနေသူများကို ခုခံတားဆီးရန် ကျန်နေခဲ့ကြသည်။

ကျောက်မုန့်ဟဲက မျက်လုံးမှေးကျဉ်းလိုက်သည်။

ထိုအမျိုးသမီးကျင့်ကြံသူကို သူမှတ်မိသည်။

ထိုမိန်းကလေးက ဒုန်ဂူးမြို့တော်ထဲမှာ သူနှင့် ပညာဖလှယ်ခဲ့သောသူ မဟုတ်ပါလော။

ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။ သူ၏ မျက်နှာပေါ်မှ အမူအရာက မပြောင်းလဲသွားချေ။

ထွက်ပြေးနေသော ထိုလူသားအင်မော်တယ်သည် ဒုန်ဂူးမြို့တော်ထဲမှာ ကျင့်ကြံခြင်းစွမ်းအားကို ဖုံးကွယ်ထားခဲ့သည့်လူ ဖြစ်သည်။

ယခု ကြည့်ရသည်မှာ ထိုလူက မိုချူးတော်ဝင်ကလန်မှ အဖွဲ့သားတစ်ယောက်ဖြစ်ဟန် ရ၏။

“ မြန်မြန် ရွေ့လျားကြ… တာဝန်က ပိုပြီးအရေးကြီးတယ် ”

ကျောက်မုန့်ဟဲက ရုတ်တရက် အော်ပြောလိုက်သည်။

သူ့အနောက်မှ တပည့်များက အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရထားလုံးကို အလင်းဝင်္ကပါထဲသို့ အမြန်ပို့ဆောင်လိုက်ကြသည်။

အကယ်၍ တခြားအချိန်မှာသာဆိုလျှင် ကျောက်မုန့်ဟဲက ဝင်ရောက်ကူညီပေးလိမ့်မည်။ သို့သော်လည်း သူပြောခဲ့သလိုပင် ယခုအချိန်မှာ တာဝန်က ပိုပြီးအရေးကြီးသည်။

“ သူတို့ကို သွားကယ်လိုက်ပါ ”

ထိုစဉ် အသံတစ်သံက ရထားလုံးထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။

လူတိုင်းက ရပ်တန့်လိုက်ကြသည်။

ကျောက်မုန့်ဟဲသည်လည်း ရပ်တန့်သွားသည်။

အဘယ့်ကြောင့်ဆိုသော် ယင်းက ဟန်မူယဲ့၏ အသံ ဖြစ်သည်။

“ ရွှီး ”

ဟန်မူယဲ့၏ ဘေးမှာ ထိုင်နေသော ကုချန်းမင်က တုံ့ဆိုင်းမနေဘဲ ရထားလုံးအပြင်သို့ ခုန်လိုက်ပြီး ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။

ရုတ်တရက်ဆိုသလို ဓားအလင်းက မိုင်တစ်ရာအကွာအဝေးသို့ ဆန့်တန်းသွားသည်။ ဓားအလင်းက အလွန်သန်မာလေရာ ကြယ်များကို ဖျက်ဆီးပစ်နိုင်ဟန် ရ၏။

ဓားအလင်း ပေါ်လျှိုးလာသည့်အခိုက် ကောင်းကင်နှင့် မြေပြင်ကြားမှ နတ်ဘုရားများနှင့် မိစ္ဆာများက တုန်လှုပ်ချောက်ချားသွားကြသည်။

ထိုဓားကို လူသားအင်မော်တယ်များသည်ပင် မခုခံနိုင်ကြချေ။

ဓားအလင်း ဆင်းသက်လာသည့်အခါ မိုချူးတော်ဝင်ကလန်မှ အဖွဲ့သားနောက်သို့ လိုက်ဖမ်းဆီးနေကြသော ပုံရိပ်များက ချက်ချင်း အနောက်ဆုတ်သွားကြသည်။

ကုန်ချန်းမင်က ဓားကိုင်လျက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး အလင်းထောင့်တိုင်အရှေ့မှာ မားမားမတ်မတ် ရပ်လိုက်သည်။

“ ကျေးဇူးတင်ပါတယ် ”

မိုချူးတော်ဝင်ကလန်မှ အဖွဲ့သားက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။ ထို့နောက် သူက အမျိုးသမီးကျင့်ကြံသူနှင့် အသက်ရှင်ကျန်ရစ်သော နောက်လိုက်များကို ခေါ်ဆောင်၍ အလင်းဝင်္ကပါဆီသို့ အမြန်ဦးတည်သွားသည်။

အလင်းဝင်္ကပါဆီသို့ သူတို့ရောက်သွားသည့်အခါ ဟန်မူယဲ၏ အသံက ရထားလုံးထဲမှ ထွက်ပေါ်လာသည်။

“ သူ့ကို အဲ့ဒီပုလွေ ဘယ်သူပေးခဲ့တာလဲ ”

ပြေးလွှားနေသော လူသားအင်မော်တယ်က ရပ်တန့်သွားပြီး မိုလီ၏ ခါးပေါ်မှာ ချိတ်ဆွဲထားသော ပုလွေကို ကြည့်လိုက်သည်။

“ အဲ့ဒီပုလွေက မင်းသမီးမိုယွဲ့ ပေးထားတဲ့ပစ္စည်းပါ ”

သူက ပြန်ပြောသည်။

ရထားလုံးထဲတွင် ဟန်မူယဲ့က ခါးမတ်လိုက်ပြီး လိုက်ကာကို ဘေးသို့ ဆွဲဖယ်သည်။

လူသားအင်မော်တယ်ကို စိုက်ကြည့်လိုက်သည့်အခါ နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။

“ မင်းသမီးမိုယွဲ့က ဘယ်မှာလဲ ”

ဟန်မူယဲ့၏ မေးခွန်းကို ကြားသောအခါ သူ့အရှေ့မှ လူသားအင်မော်တယ်က အံ့ဩသွားသည်။

အကယ်၍ သူသာ ထိုလူများ၏ သရုပ်ကို မသိထားလျှင် သူတို့ကို နေရာမှာတင် တိုက်ခိုက်ပစ်လိမ့်မည်။

မည်သို့ကြောင့် သူက မိုချူး၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောကြားနိုင်မည်နည်း။

“ ညီမမိုယွဲ့က လွင့်မျောဝိညာဉ်အင်မော်တယ်ကျွန်းမှာပါ… အခု သူက လင်းလုံနယ်မြေက လူတွေရဲ့ ဝိုင်းရံတိုက်ခိုက်တာ ခံနေရပါတယ် ”

ထိုစဉ် မိန်းကလေးမိုလီထံမှ တိုးညင်းသောအသံ ပျံ့လွင့်လာသည်။

လွင့်မျောဝိညာဉ်အင်မော်တယ်ကျွန်း… ။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

ညီမမူဝမ် ရှိသည့်နေရာကို သူသိထားသရွေ့ အခြေအနေကို ရင်ဆိုင်ဖြေရှင်းသည့်အခါ ပိုပြီးလွယ်ကူသွားလိမ့်မည်။

ညီမမူဝမ်၏ ဘေးကင်းလုံခြုံမှုကိုတော့ သူစိတ်မပူချေ။ ယင်းက မူဝမ်၏ ဝိညာဉ်အမျှင်တန်းတစ်ခုဆိုလျှင်ပင် သူ့မှာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်သော နည်းစနစ်များ ရှိသေးပေသည်။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး သူတို့ဆီ ချီတတ်လာနေကြသော ရွှေရောင်စစ်ချပ်ဝတ်နှင့် စစ်သည်တော်များကို ကြည့်လိုက်သည်။

ထိုစစ်သည်တော်များသည် နတ်ဘုရားကမ္ဘာမှ ဆင်းသက်လာကြသော နတ်ဘုရားသက်ရှိများ ဖြစ်ဟန်တူသည်။ သို့သော်လည်း သူတို့ထဲမှ တချို့က လင်းလုံနယ်မြေမှ ဖြစ်ဟန်ရ၏။

အရှေ့ဆုံးမှ စစ်ဗိုလ်ချုပ်က အသန်မာဆုံးဖြစ်ပြီး လူသားအင်မော်တယ်အဆင့်မှာ ဖြစ်သည်။ သူ့အနောက်မှ တခြားလူများသည်တော့ သူတို့က ခြေလှမ်းဝက် လူသားအင်မော်တယ်နှင့် ကောင်းကင်ဘုံအဆင့်မှာ ဖြစ်ကြသည်။

သို့ဖြစ်၍ ထိုအုပ်စုက အားမနည်းချေ။

သူတို့ထဲမှ လူအများစုက အပျက်အစီးနယ်မြေထဲသို့ သူတို့၏ ဝိညာဉ်အမျှင်တန်းကို စေလွှတ်ခဲ့ခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့၏ အစစ်အမှန်ခန္ဓာကိုယ်က အားမနည်းနိုင်ပေ။

“ သူတို့တွေကို မြန်မြန် အနိုင်ယူပစ်ပြီး တိုက်ပွဲကို အဆုံးသတ်ပါ… ပြီးသွားရင် လွင့်မျောဝိညာဉ်အင်မော်တယ်ကျွန်းဆီ ငါတို့သွားကြမယ် ”

မြန်မြန် အနိုင်ယူပြီး တိုက်ပွဲကို အဆုံးသတ်ပါ… ။

ယင်းက တောင်းဆိုမှုမဟုတ်ပေ။ ယင်းက အမိန့်‌ပေးမှုဖြစ်သည်။

All Chapters