← Chapters

အခန်း (၁၅၀၅)

Vol. 108 Ch. 1505

အခန်း (၁၅၀၅)

Vol. 108 Ch. 1505

ဓားရေကန်နှင့် သိပ်မဝေးသော ဓားအိမ်တစ်လုံးထဲတွင် ဟန်မူယဲ့နှင့် မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က မျက်နှာချင်းဆိုင်ထိုင်၍ အပြန်အလှန် ကြည့်နေကြသည်။

အကြီးအကဲက ခါးမတ်ထား၍ ခန္ဓာကိုယ်တောင့်တင်းနေသည်။

“ စိတ်အေးအေးထားပါ ”

ဟန်မူယဲ့က အကြီးအကဲကို နူးညံ့စွာ ပြောသည်။

အကြီးအကဲ၏ နှုတ်ခမ်းထောင့်က တုန်ရီသွားပြီး သူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။

“ ဆရာ ”

“ ငါ့ကို ဟန်ဝူရှဲလို့ ခေါ်ပါ ”

ဟန်မူယဲ့က ပြောသည်။

“ ဆရာဝူရှဲ ”

အကြီးအကဲက ညင်သာစွာ ဦးညွတ်လိုက်ပြီး ပြောသည်။

“ ကျုပ်က ဓားရေကန်ရဲ့ ခြောက်ဆယ့်သုံးကြိမ်မြောက်မျိုးဆက်က တပည့်တစ်ယောက်ပါ… ကျုပ်ရဲ့ နာမည်က လျူကျွီပါ… ကျုပ်ရဲ့ ကျင့်ကြံခြင်းက ကောင်းကင်ဘုံအင်မော်တယ်အဆင့်မှာပါ ”

“ အတိတ်မှာ ကျုပ်က သိုင်းလောကထဲမှာ ကျင်လည်ခဲ့ပြီး ကျင့်ကြံဖို့အတွက် လင်းရှောင်ကောင်းကင်နန်းတော်ဆီလည်း သွားရောက်ခဲ့ဖူးပါတယ်… ကျုပ် ကျင့်ကြံတဲ့ ဓားတာအိုက ရေနဲ့ သစ်သားဒြပ်စင် အထူးပြုပါ ”

“ လင်းရှောင်ကောင်းကင်နန်းတော်ထဲမှာ ကျုပ်က ကံကြမ္မာကောင်းတစ်ခုနဲ့ တွေ့ဆုံခဲ့ပြီး မဟာဦးသျှောင်ရှုကျွယ်က ကျုပ်အတွက် ကိုယ်တိုင် ဓားတစ်လက်ကို သွန်းလုပ်ပေးခဲ့ပါတယ်… ”

နှစ်ပေါင်းထောင်ချီအသက်ရှင်ခဲ့ကြသော ကျင့်ကြံသူများတွင် မည်သူ့ဆီမှာ ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ်မရှိဘဲ နေမည်နည်း။

လျူကျွီက ကောင်းကင်ဘုံအင်မော်တယ်တစ်ပါးဖြစ်ပြီး ရွှမ်ယွမ်ဓားရေကန်၏ အကြီးအကဲတစ်ဦးဖြစ်လေရာ သူ့တွင်လည်း ကိုယ်ပိုင်ဇာတ်လမ်းတစ်ပုဒ် ရှိ၏။

“ အခုလက်ရှိမှာ ကောင်းကင်ဘုံထန်အင်ပါယာကို လီမိသားစုကပဲ ဆက်ပြီး အုပ်ချုပ်နေပါတယ်… ဒါပေမဲ့ အင်အားစုအသီးသီးကြားမှာ ပဋိပက္ခတွေ ရှိနေတုန်းပါပဲ ”

“ ရွှမ်ချင်လည်း အဲ့ဒီအတိုင်းပါပဲ ”

“ လင်းရှောင်ကောင်းကင်နန်းတော်တောင်မှ ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ် ”

လျူကျွီ၏ ပြောစကားများမှတဆင့် စကြာဝဠာကပ်ဘေးက ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှာ စတင်နေပြီဖြစ်ကြောင်း ဟန်မူယဲ့ သိလိုက်သည်။

နှစ်ထောင်ပေါင်းများစွာကြာပြီးနောက် အနည်းဆုံး နယ်မြေသုံးခုက ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ ဝါးမျိုခြင်းခံလိုက်ရသည်။

နယ်မြေသုံးခုက ပေါင်းစည်းသွားကြပြီး ယင်းတို့ထဲမှ သက်ရှိများက ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာကြသည်။ သို့သော်လည်း မူလစွမ်းအားဆုံးရှုံးမှုကြောင့် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက အားနည်းကြသည်။

သို့ဖြစ်၍ အရင်းအမြစ်လုယက်သော သေခြင်းရှင်ခြင်းတိုက်ပွဲများ ဖြစ်ပေါ်လာကြသည်။

“ လင်းလုံနယ်မြေက ကျားဝိညာဉ်နယ်မြေကို တိုက်ခိုက်နေတာ အနှစ်တစ်သောင်းရှိပါပြီ… အဲ့ဒီအနှစ်တစ်သောင်းအတွင်းမှာ ကျားဝိညာဉ်နယ်မြေထဲက အစွမ်းထက်ပုဂ္ဂိုလ်တွေဟာ အရှေ့ပိုင်းပင်လယ်ထဲမှာ လင်းလုံနယ်မြေနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲတွေ ဆင်နွှဲနေကြပါတယ် ”

“ လင်းရှောင်ကောင်းကင်နန်းတော်က ရှေ့တန်းမှာ အမြဲတမ်း ရှိနေပါတယ် ”

“ ဘယ်ဘက်ကမှ အနိုင်မရရှိသေးပါဘူး… ဒါကြောင့် အခု နှစ်ဖက်စလုံးက ထိုးဖောက်ဝင်ရောက်ဖို့ စတင်ပြင်ဆင်နေကြပါတယ် ”

“ သူတို့က မဟာဦးသျှောင်ရှုကျွယ်သန့်စင်ထားတဲ့ ရတနာတွေနဲ့ လင်းရှောင်ကောင်းကင်နန်းတော်ရဲ့ မျိုးဆက်အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ လက်နက်သန့်စင်ခြင်းနည်းလမ်းတွေကို လိုချင်တပ်မက်နေကြပါတယ် ”

“ ကျုပ်တို့ကတော့ သူတို့ရဲ့ ကောင်းကင်အသူရာချောက်နက်ပုလဲတွေကို လိုချင်ကြပါတယ်… ပြီးတော့ လင်းလုံနယ်မြေက အရမ်းကြွယ်ဝချမ်းသာပါတယ် ”

နှစ်ဖက်အင်အားစုက မျှခြေညီနေသော်လည်း အပျက်အစီးနယ်မြေများ၏ စည်းမျဉ်းများအရ တစ်ဖက်က အနိုင်ရပြီး အခြားတစ်ဖက်က အညံ့ခံရလိမ့်မည်။

“ အခုဆိုရင် ပင်လယ်ထဲက မိုင်းသုံးသောင်းကျယ်ဝန်းတဲ့ ဧရိယာဟာ စစ်ပွဲမြေပြင်ဖြစ်လာပါပြီ ”

“ အခု လင်းရှောင်ကောင်းကင်နန်းတော်က စစ်သည်တော်တွေနဲ့ လင်းလုံနယ်မြေက စစ်သည်တော်တွေဟာ အဲ့ဒီမိုင်သုံးသောင်းဧရိယာထဲမှာ တိုက်ပွဲဖြစ်နေကြပါတယ်… တိုက်ပွဲဖြစ်နေတာ နှစ်ထောင်ချီပါပြီ ”

လျူကျွီ၏ စကားကို နားထောင်ပြီးနောက် ဟန်မူယဲ့က ကျားဝိညာဉ်အပျက်အစီးနယ်မြေ၏ လက်ရှိအခြေအနေကို ပိုပြီးကောင်းမွန်စွာ နားလည်သွားသည်။

အမှန်မှာ အကယ်၍ အတိတ်မှာ သူသာ ရောက်မလာခဲ့လျှင် ကျားဝိညာဉ်အပျက်အစီးနယ်မြေက တစ်ဖက်အင်အားစု၏ ဝါးမျိုခံရလိမ့်မည်။

မည်သို့ဖြစ်ပါစေ ထိုအချိန်မှာ ကျားဝိညာဉ်အပျက်အစီးနယ်မြေက အလွန်အားနည်းပေသည်။

ဖြစ်နိုင်တာ အဲ့ဒါက ကမ္မလား… ။

လျူကျွီ ထွက်သွားပြီးနောက် ဟန်မူယဲ့က မျက်လုံးမှိတ်လိုက်ပြီး သူ၏ အရှိန်အဝါကို ဖြည်းညင်းစွာ ပြန်ရုပ်လိုက်သည်။

သူက အပျက်အစီးနယ်မြေထဲသို့ ဝိညာဉ်အမျှင်တန်းဖြင့် ဝင်ရောက်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်းက လူသားအဆင့်မှာသာ ရှိ၏။

သို့သော်လည်း သူ့အတွက်တော့ ကျင့်ကြံခြင်းစွမ်းအားကို မြှင့်တင်ခြင်းက ခက်ခဲသောအရာ မဟုတ်ပေ။

သုံးလကြာပြီးနောက် လျူကျွီ သူ့အတွက် ယူဆောင်လာသော ကောင်းကင်အသူရာချောက်နက်ပုလဲများကို အသုံးပြုခြင်းဖြင့် သူ၏ ကျင့်ကြံခြင်းက ကောင်းကင်ဘုံအဆင့်သို့ မြင့်တတ်သွားသည်။

ကောင်းကင်ဘုံကျင့်ကြံခြင်းအဆင့်နှင့် သူ၏ ဓားတာအိုကြောင့် ဤအပျက်အစီးနယ်မြေထဲမှာ သူက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်သွားပြီ ဖြစ်၏။

ထို့ပြင် ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိသွားပြီးနောက် သူက ညီမမူဝမ်၏ သဲလွန်စကို ရှာတွေ့သွားသည်။

မူဝမ်က ကောင်းကင်ဘုံထန်အင်ပါယာမှာ မဟုတ်သလို ရွှမ်ချင်မှာလည်း မဟုတ်ပေ။ ယင်းအစား သူက အရှေ့ပင်လယ်ထဲမှ မိုင်သုံးသောင်းဧရိယာထဲမှာ ဖြစ်၏။

မူဝမ်၏ ဝိညာဉ်အမျှင်တန်းက မိုင်သုံးသောင်းကျယ်ဝန်းသော စစ်မြေပြင်ပေါ်သို့ ဆင်းသက်သွားလိမ့်မည်ဟု ဟန်မူယဲ့ မမျှော်လင့်ထားပေ။

ထိုနေရာက အလွန်အန္တရာယ်များသည်။

ထိုဝိညာဉ်အမျှင်တန်းကို ဆုံးရှုံးခြင်းက ဟန်မူယဲ့အတွက် အသေးအမွှားသာဖြစ်သော်လည်း သူက ကျားဝိညာဉ်အပျက်အစီးနယ်မြေထဲမှာ မူဝမ်ကို မရှာဖွေဘဲ သူ၏ ခရီးစဉ်ကို အဆုံးမသတ်ချင်ပေ။

သူတို့နှစ်ယောက်က ဤအပျက်အစီးနယ်မြေထဲမှာ ပြန်လည်ဆုံစည်းကြမည်ဟု ကတိပြုခဲ့ကြသည်။

“ ဒင် ”

“ ဒင် ”

ခေါင်းလောင်းမြည်သံက ဓားအိမ်၏ အပြင်ဘက်မှ ပဲ့တင်ထပ်လာသည်။

ဟန်မူယဲ့က အိမ်အပြင်သို့ ထွက်လျှောက်လာသည်နှင့် တပည့်အများအပြားက ဓားရေကန်၏ ဘေးမှာ စုဝေးနေကြကြောင်း သူမြင်တွေ့သွားသည်။

“ ဟန်ဝူရှဲ… မင်းရောက်လာပြီလား ”

ရွှင်လန်းတတ်ကြွသော အော်ခေါ်သံက ထွက်ပေါ်လာသည်။

ဓားခန်းဆောင်၏ တပည့်ဝတ်စုံကို ဝတ်ဆင်ထားသော လီစီ၏ ဘေးမှာ အလွန်အားကောင်းသော ဓားချီတစ်ခုက ပျံဝဲနေသည်။

သုံးလကြာပြီးနောက် ဓားချီက ထိုမျှအားကောင်းလာလေရာ ထိုကောင်လေး၏ ဓားတာအိုပါရမီက မဆိုးဝါးကြောင်း ထင်ရှားပေသည်။

လီစီ၏ အော်ခေါ်သံကို ကြားသောအခါ လူအများစုက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ကြသည်။

ကံမကောင်းစွာပင် သူတို့၏ အမြင်မှာ ဟန်မူယဲ့၏ အရှိန်အဝါက သာမန်သာဖြစ်ပြီး သူ၏ ဘေးမှာ မည်သည့်ဓားချီမှ မရှိပေ။

ဓားအိမ်ဆီ ဝင်ရောက်သွားခဲ့သည့် တပည့်တစ်ယောက်က ယခုထိ ဓားချီမဖွဲ့စည်းနိုင်သေးဘူးလား။

ရွှမ်ယွမ်ဓားရေကန်၏ စည်းမျဉ်းများအရ အကယ်၍ တပည့်တစ်ယောက်က တစ်နှစ်အတွင်း ဓားချီကို မပျိုးထောင်နိုင်လျှင် သူ၏ ကျင့်ကြံခြင်းအကျိုးခံစားခွင့်များက ပြန်ရုပ်သိမ်းခံရလိမ့်မည်။

ဟန်မူယဲ့က ခေါင်းညိတ်ပြလိုက်ပြီး လီစီဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။

ထိုတပည့်အုပ်စုထဲတွင် တချို့က အမြော်အမြင်ရှိစွာ လမ်းဖယ်ပေးလိုက်ကြသည်။ တပည့်တချို့သည်တော့ သူတို့က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး နက်နဲစွာ တွေးတောလိုက်ကြသည်။

“ ဟန်ဝူရှဲ… ဒီနေ့က ဓားရေကန်ရဲ့ တပည့်တွေ ဓားတာအိုကို ဆင်ခြင်နားလည်ပြီး ဓားလက်ခံရမယ့်နေ့ပဲ… မင်း ဒီအခွင့်အရေးကို သေချာပေါက် အမိဖမ်းဆုပ်ရမယ် ”

လီစီက ဟန်မူယဲ့ကို အကဲခတ်ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

အရှေ့တွင် ဓားရေကန်မှ လျူကျွီနှင့် မျိုးဆက်တစ်ဆက်တည်းဖြစ်သော အကြီးအကဲတစ်ယောက်က ယနေ့ လုပ်ဆောင်မည့် ဓားတာအို ဆင်ခြင်နားလည်ခြင်းနှင့် ဓားလက်ခံခြင်းအတွက် အဓိကတာဝန်ရှိသူ ဖြစ်သည်။

သူက ဘေးဘီကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ဓားတာအို ဆင်ခြင်နားလည်ခြင်းနှင့် ဓားလက်ခံခြင်းအတွက် စည်းမျဉ်းများကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့နောက် သူက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

ဓားတာအိုကို ဆင်ခြင်နားလည်ခြင်းက ရိုးရှင်းပေသည်။ သူတို့က ဓားရေကန်ဘေးမှာ ထိုင်ပြီး ရေကန်ထဲမှ ဓားများကို ကြည့်ရှုရလိမ့်မည်။ ထိုဓားများထဲမှ အားအကောင်းဆုံး တုံ့ပြန်မှုကို ပေးသော ဓားတစ်လက်ကို ရွေးချယ်ပြီး ယင်း၏ အနှစ်သာရကို ဆင်ခြင်နားလည်ရမည်။

ယင်းက အလွန်ရိုးရှင်းသော်လည်း လက်တွေ့တွင် ဓားတာအိုကို ဆင်ခြင်နားလည်နိုင်သူများက တစ်ဆယ်ရာခိုင်နှုန်းအောက်မှာသာ ရှိ၏။

အထူးသဖြင့် တပည့်အသစ်များအတွက် ဖြစ်သည်။ ဓားတာအိုကို ကျင့်ကြံသည့်အချိန်က သိပ်မကြာသေးလေရာ မည်သို့ကြောင့် သူတို့က ဓားအနှစ်သာရကို ထိုမျှမြန်ဆန်စွာ ဆင်ခြင်နားလည်နိုင်လိမ့်မည်နည်း။

ဟန်မူယဲ့နှင့် လီစီသည် ဘေးချင်းကပ်လျက် ထိုင်လိုက်ကြပြီး ဓားရေကန်ဆီသို့ စိုက်ကြည့်လိုက်ကြသည်။

ဓားရေကန်ဆီသို့ ဟန်မူယဲ့ ကြည့်လိုက်သည့်အခါ ထိုနေရာမှ ဓားတစ်လက်ချင်းစီက သူ့အား ရိုသေလေးစားနေကြောင်း ခံစားမိသွားသည်။

ထို့နောက် သူ၏ အကြည့်က အဝေးမှ ဓားရေကန်၏ အလယ်ဗဟိုဆီသို့ ကျရောက်သွားသည်။

ထိုနေရာတွင် လူအနည်းစုသာ ဆင်ခြင်နားလည်နိုင်သော ဓားများရှိသည်။ ထိုဓားများကို မြင်တွေ့သွားသောအခါ အတိတ်မှ မိတ်ဆွေဟောင်းများကို လွမ်းဆွေးသော အမူအရာက ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ဓားရေကန်ထဲတွင် စိမ်းပုပ်ရောင် ဓားရှည်တစ်လက်ရှိသည်။

လင်းရှောင်ကောင်းကင်နန်းတော်ဆီသို့ သူသွားရောက်ခဲ့စဉ်က ထိုဓားက သူ့ကို အဖော်ပြုပေးခဲ့ပြီး ကျားဝိညာဉ်အပျက်အစီးနယ်မြေကို နှစ်ပေါင်းများစွာကြာအောင် ငြိမ်းချမ်းစေခဲ့သည်။

ဟန်မူယဲ့က ထိုဓားကို နောက်တစ်ကြိမ် ကြည့်လိုက်သည့်အခါ ဓားကိုယ်ထည်က အနည်းငယ် တုန်ယင်သွားသည်။

“ ဓားတာအိုကို ဆင်ခြင်နားလည်တော့မယ်ဆိုရင် အရင်ဆုံး စိတ်တည်ငြိမ်အောင်ထားရမယ်… စိတ်အပြောင်းအလဲဖြစ်လို့ မရဘူး ”

သူ့ဘေးမှ လီစီက ခေါင်းလှည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ အဲ့ဒါက စီနီယာအကိုတစ်ယောက် ငါ့ကို ပြောပြခဲ့တဲ့ လျှို့ဝှက်ချက်ပဲ ”

သူက ဘေးဘီကို ကြည့်လိုက်ပြီး ထပ်မံ ပြောသည်။

“ ပြီးတော့ ဓားတာအိုကို ဆင်ခြင်နားလည်တဲ့အခါ ရည်မှန်းချက်ကြီးကြီးမထားတာ ကောင်းတယ်… အရင်ဆုံး ဓားရေကန်ရဲ့ အပြင်ဘက်စွန်းက ဓားတစ်လက်ကို ရွေးချယ်သင့်တယ် ”

“ ဒီနေရာက ဓားတွေထဲမှာ နက်ရှိုင်းတဲ့ ဝိညာဉ်အနှစ်သာရတွေနဲ့ မှတ်ဉာဏ်တွေ ကိန်းအောင်းနေတယ် ”

“ ဓားတွေထဲမှာ ကိန်းအောင်းနေတဲ့ ဝိညာဉ်အနှစ်သာရတွေနဲ့ မှတ်ဉာဏ်တွေက ပိုပြီးနက်ရှိုင်းလေ ဓားတာအိုကို ဆင်ခြင်နားလည်ဖို့ ပိုပြီးလွယ်ကူလေပဲ ”

အစောနက ဟန်မူယဲ့၏ အကြည့်က ရေကန်၏ အလယ်ဗဟိုဆီသို့ ရွှေ့ပြောင်းသွားကြောင်း သူသတိထားမိခဲ့ဟန် ရ၏။ ထို့ကြောင့် သူက ဟန်မူယဲ့ကို သတိပေးစကားပြောခြင်း ဖြစ်၏။

ထိုဗဟုသုတများကို ဓားခန်းဆောင်၏ စီနီယာအကိုကြီးများထံမှ သူရရှိလာခဲ့ခြင်း ဖြစ်သည်။

ယင်းက စာကြောင်းအနည်းငယ်မျှသာ ဖြစ်သော်လည်း ထိုအတွက် သူက ပမာဏများပြားသော ဝိညာဉ်ကျောက်တုံးများကို ပေးချေခဲ့ရသည်။

အကယ်၍ လီစီ၏ ဓားတာအိုပါရမီက မထူးချွန်လျှင် တခြားလူများက သူ့ကို ထိုသို့ဗဟုသုတများ ဝေမျှပေးလိမ့်မည် မဟုတ်ချေ။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး လီစီကို ကြည့်လိုက်သည်။ ထို့နောက် သူက ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။

“ ဘယ်ဓားကို ဆင်ခြင်နားလည်ဖို့ မင်းကြိုးစားနေတာလဲ ”

သူ၏ မေးခွန်းက လီစီကို ရပ်တန့်သွားစေသည်။ ထို့နောက် စိတ်လှုပ်ရှားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

လီစီက ဓားရေကန်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။

“ ငါးဆယ့်ရှစ်ကြိမ်မြောက်မျိုးဆက်က ဘိုးဘေးရဲ့ ဓား ”

ဓားရေကန်ထဲမှ ဓားများကို အလွှာတစ်လွှာပေါ် တစ်လွှာဆင့်၍ စုဝေးထားသည်။ ယေဘုယျအားဖြင့် ယင်းက မျိုးဆက်အစဉ်အဆက်ပေါ်မှာ မူတည်သည်။

မျိုးဆက်က ပိုပြီးရှေးကျလေ ဓားများထဲမှာ ကိန်းအောင်းနေသော နက်နဲသိမ်မွေ့မှုက ပိုပြီးထူးခြားလေ ဖြစ်သည်။

လီစီ၏ ပြောစကားအရ ခြောက်ဆယ်ကြိမ်မြောက် နောက်ပိုင်းမျိုးဆက်များမှ ဓားများကို ဆင်ခြင်နားလည်ခြင်းက ပိုမိုလွယ်ကူလိမ့်မည်။

သူက ဟန်မူယဲ့ကို ဓားရေကန်၏ အပြင်ဘက်စွန်းမှ ဓားများအား ရွေးချယ်ရန် အကြံဉာဏ်ပေးခဲ့သော်လည်း သူကိုယ်၌သည်တော့ ခြောက်ဆယ်ကြိမ်မြောက် ရှေ့ပိုင်းမျိုးဆက်များထံမှ ဓားကို ပစ်မှတ်ထားနေလေသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် သူက ကိုယ့်ကိုယ်ကိုယ် အနည်းငယ် မြင့်မြင့်တွေးထားပုံပေါ်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းလှည့်လိုက်ကာ ဓားရေကန်ထဲမှ ဓားများကို ဆက်လက် ကြည့်ရှုလိုက်သည်။

ဓားတစ်လက်ကို ရွေးချယ်ပြီး ယင်းထံမှ အနှစ်သာရကို ဆင်ခြင်နားလည်ရန် သူစိတ်ကူးမထားပေ။

ထိုဓားများဖြင့် ဆက်သွယ်ခြင်းက သူ့အတွက် လုံလောက်ပေသည်။

“ ဒင် ”

“ ဒင် ”

တစ်နာရီကြာပြီးနောက် ခေါင်းလောင်းမြည်သံ ထွက်ပေါ်လာသည်။

တပည့်အများစုက နောင်တရသော အမူအရာဖြင့် မတ်တတ်ရပ်လိုက်ကြသည်။

တပည့်အနည်းစု၏ မျက်နှာပေါ်မှာတော့ စိတ်ရှုပ်ထွေးသော အမူအရာနှင့် စိတ်လှုပ်ရှားသော အမူအရာက ထွက်ပေါ်နေသည်။

လီစီက ခေါင်းခါလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူက ဟန်မူယဲ့၏ ပခုံးပေါ်သို့ လက်ပုတ်လိုက်ပြီး ပြောသည်။

“ ဘာမှမစိုးရိမ်ပါနဲ့… ဓားကို ဆင်ခြင်နားလည်တာက ကံပေါ်မှာ မူတည်တယ် ”

“ နောက်ထပ် အကြိမ်ရေအနည်းငယ် ကြိုးစားပြီးရင် အဲ့ဒါကို မင်းဆင်ခြင်နားလည်လာလိမ့်မယ် ”

“ မင်းကရော ”

ဟန်မူယဲ့က အပြုံးဖြင့် မေးသည်။

လီစီ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ ထို့နောက် သူက ခေါင်းခါလိုက်ပြီး ပြောသည်။

“ ဒီတစ်ခေါက်တော့ ကံမပါသေးဘူး ”

ထိုသို့ပြောပြီးနောက် ဝမ်းသာပျော်ရွှင်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ သွားစို့… ငါတို့ကိုယ်ပိုင်ဓားကို သွားယူကြမယ် ”

“ တကယ်လို့ ကံကောင်းရင် ဓားကောင်းတစ်လက်ကို ငါတို့ရရှိလိမ့်မယ် ”

ဤနေရာမှ ဓားများက စံသတ်မှတ်ချက်ပြည့်မီသော်လည်း ယင်းတို့ကြားတွင် အရည်အသွေးကွာခြားမှု အနည်းငယ်ရှိသည်။

အကယ်၍ သူတို့က စီနီယာတစ်ယောက် ချန်ထားခဲ့သော ဓားတစ်လက်ကို ရရှိနိုင်မည်ဆိုလျှင် ဓားအတွင်းမှာ ကိန်းအောင်းနေသော ဓားဆန္ဒနှင့် ဓားချီကို အဆက်မပြတ် ဆင်ခြင်နားလည်နိုင်လိမ့်မည်။

ထိုသို့အခွင့်အရေးက အလွန်တန်ဖိုးကြီးမားသည်။

ဓားများကို ထိန်းသိမ်းထားသော ဓားခန်းဆောင်က ဓားရေကန်၏ အောက်ခြေမှာ တည်ရှိသည်။

ခန်းဆောင်တံခါးက ဖွင့်လှစ်သွားသည့်အခါ ဓားလက်ခံမည့် တပည့်များက အုပ်စုဖွဲ့၍ အထဲသို့ ဝင်ရောက်သွားကြပြီး ကိုယ့်စိတ်ကြိုက်ဓားကို လိုက်လံရှာဖွေကြသည်။

ထိုမြင်ကွင်းက အတိတ်မှ အံ့ဖွယ်ကိုးပါးဓားစံအိမ်နှင့် အတော်လေး ဆင်တူသည်။ သို့သော်လည်း ဤနေရာတွင် ဓားထိန်းများ မရှိကြချေ။

လီစီနှင့် ဟန်မူယဲ့သည်လည်း ခန်းဆောင်ထဲသို့ ဝင်ရောက်သွားကြသည်။ ခန်းဆောင်ထဲသို့ သူတို့ရောက်ရှိသွားသည့်အခါ အနည်းငယ် စိတ်ပျက်သွားသည်။

ဤနေရာမှာ စုပုံထားသော ဓားအားလုံးက အမျိုးအစားတစ်ခုတည်း ဖြစ်သည်။ ပြန့်ကျဲနေသော ဓားများသည်ပင် သံချေးတတ်နေပြီး ဟောင်းနွမ်းနေသည်။

သူတို့က ထိုသို့နေရာမှ ဓားကောင်းတစ်လက်ကို မည်သို့ရရှိနိုင်မည်နည်း။

ထိုဓားကျိုးများက အကြိမ်ပေါင်းများစွာ စစ်ဆေးခံထားရလေရာ ယင်းတို့ထဲမှ ရတနာဓားကို ရှာဖွေခြင်းက မဖြစ်နိုင်သောအရာ ဖြစ်သည်။

လီစီက ဆောင့်ကြောင့်ထိုင်လိုက်ပြီး ဓားပုံများထဲတွင် ရှာဖွေလိုက်သည်။ သူက တစ်ခဏကြာပြီးနောက် ခေါင်းယမ်းလိုက်သည်။

ဤနေရာမှ ဓားအားလုံးက တစ်ပုံစံတည်းဖြစ်လေရာ အခွင့်အရေးကို မည်သို့ရှာဖွေနိုင်မည်နည်း။

ထိုစဉ် ဟန်မူယဲ့က သူ၏ ပခုံးကို လက်ပုတ်လိုက်သည်။

လီစီက ခေါင်းလှည့်ကြည့်လိုက်လေရာ ဟန်မူယဲ့က အနီးနားမှ သံချေးတတ်နေသော ဓားရှည်တစ်လက်ကို ညွှန်ပြနေကြောင်း သူမြင်တွေ့သွားသည်။

ထိုဓားပေါ်မှာ အစွန်းအထင်းများရှိပြီး ဓားအိမ်ပင် မရှိပေ။

“ အဲ့ဒီဓားကို ရွေးလိုက်ပါ ”

All Chapters