← Chapters

ထူးကဲသောစွမ်းအား

Vol. 7 Ch. 94

ထူးကဲသောစွမ်းအား

Vol. 7 Ch. 94

မဟူရာဓား၏ အငွေ့အသက်သည် အဘက်ဘက်မှနေ ဆင်းသက်လာပြီး အန်လင်း၏ ခန္ဓာကိုယ် ရှိနေသည့် ကြီးမားသည့် တောင်ကြီးအား ဖုံးလွှမ်း သွားတော့သည်။ သို့သော်လည်း ထိုစွမ်းအားသည် သူ့အား ခြစ်ရာတစ်ခု တစ်လေပင် ထင်ကျန်စေခြင်း မရှိချေ။

သူ၏ နဖူးထက်တွင် အနက်ရောင် သင်္ကေတတစ်ခု ပေါ်လာပြီး ထက်မြက်သည့် ဓားတစ်လက်သဏ္ဌာန် အဖြစ် ရှိနေသည်။ အန်လင်းသည် ခြေတစ်လှမ်း လှမ်းလိုက်သည့် နောက်တွင် ကီလိုမီတာပေါင်း များစွာ ကွာဝေးသည့် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင် ရှိနေသည့် နေရာသို့ ရောက်ရှိသွားသည်။

“အန်လင်း လား...”

အန်လင်း အသက်ရှင်နေသည်ကို မြင်လိုက်ရသဖြင့် စုရှောင်လန်သည် အော်ဟစ်လိုက်သည်။ ထို့နောက်တွင် နီရဲနေသည့် မျက်လုံးများဖြင့် အန်လင်းထံသို့ ပြေးသွားကာ တင်းကြပ်စွာ ဖက်လိုက်သည်။ နူးညံ့သည့် ခန္ဓာကိုယ်လေးသည် သူ့လက်မောင်းများ အတွင်းမှနေ တုန်ရီလျက်ရှိပြီး ဝမ်းနည်းစွာဖြင့် ငိုရှိုက်နေခြင်းအား မြင်လိုက်ရသည့်အခါ အန်လင်းမှာ နူးညံ့ လာတော့သည်။

စုရှောင်လန်၏ နောက်ကျောအား ညင်သာစွာ ပုတ်လိုက်ပြီးနောက် “နင့်ကို စိုးရိမ်စေခဲ့လို့ တောင်းပန်ပါတယ်...”

အန်လင်းသည် စုရှောင်လန်အား တောင်းပန်ပြီးသည့် နောက်တွင် ဘေးသို့ ပို့လိုက်သည်။

“ငါ့ကိုစောင့်နေ... အရင်လုပ်ရမယ့် ကိစ္စလေးတွေ ရှိနေသေးတယ်...”

ရွှမ်ယွမ်ချန်သည်လည်း အန်လင်းပြန်လာသည့် မြင်ကွင်းကြောင့် စိတ်သက်သာရာ ရစွာဖြင့် သက်မ ချလိုက်မိတော့သည်။

“ဆရာမ...”

အန်လင်းသည် မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်၏ နံဘေးတွင် မုဆိုးဒူးထောက် ထိုင်လိုက်သည်။ မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် ခေါင်းမော့ကာ ရုန်းကန်နေဆဲ ဖြစ်ပြီး သူမ၏ နှုတ်ခမ်းများအား လှုပ်ရှားလျက် ရှိသည်။ သို့သော်လည်း သူမထံတွင် စကားပြောရန် စွမ်းအင် မကျန်ရှိတော့ချေ။ သူမသည် အလွန်အမင်း လှပခဲ့သော်ငြား ယခုအခါတွင် အထိခိုက် မခံနိုင်လောက်အောင်ကို အားအင်ချည့်နဲ့လျက် ရှိနေသည်။

သူမ၏ ဆံပင်များသည် အဖြူရောင်သို့ ပြောင်းလဲသွားသည် သာမက မျက်နှာတွင်လည်း အရေးအကြောင်းများ ပေါ်လာတော့သည်။ အလွန်အမင်း အားနည်းသည့် အခြေအနေတွင် ရှိနေသည့်အတွက် သူမ၏ အငွေ့အသက်သည်လည်း ဖျော့တော့ လာနေသည်။

မိစ္ဆာရှင်းဓားသည် အနက်ရောင် အငွေ့အသက်များ တောက်ပလျက်ရှိပြီး စည်းချက်ကျကျ လှုပ်ရှားလျက် ရှိနေသည်။ ထိုဓားသည် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်၏ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေခြင်း ဖြစ်ပေသည်။ အန်လင်းသည် မိစ္ဆာရှင်းဓားကို ဓားရိုးမှ ဖမ်းဆုပ် လိုက်ပြီးနောက် ဒေါသတကြီးဖြင့် ...

“မင်းစုပ်ယူထားတာ မှန်သမျှ အကုန် ပြန်ထွေးလိုက်စမ်း...”

ဘုန်း …

မိစ္ဆာရှင်းဓားမှ ကြောက်မက်ဖွယ် ဓားအငွေ့အသက်များ ထွက်ပေါ်လာပြီး အန်လင်း၏ လက်အတွင်း သက်ဆင်းပြီးသည့် နောက်တွင် သူ့အား အညံ့ခံလာလေသည်။ အန်လင်းသည် ဓားရိုးမှနေ တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး ချက်ချင်းဆိုသလို မိစ္ဆာရှင်းဓား၏ အငွေ့အသက်အား ဖိနှိပ်လိုက်သည်။

ဓားစိတ်ဝိညာဉ် ဖြစ်သည့် ပြိတ္တာဧကရာဇ်သည် ကြောက်မက်ဖွယ် အငွေ့အသက်ကြောင့် ချက်ချင်းဆိုသလို အဝေးသို့ ထွက်ပြေး သွားလေသည်။ ဓားသည် စတင် တုန်ခါလာပြီးနောက် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်၏ ခန္ဓာကိုယ်အတွင်းသို့ စွမ်းအင်များ ပြန်လည်စီးဆင်းလာစေသည်။

မကြာမီမှာပင် သူမ၏ မျက်နှာသည် သွေးရောင် လွှမ်းလာပြီး အသားအရည်မှာလည်း ချောမွေ့ကာ ပြန်လည် ကောင်းမွန်လာသည်။

“အန်လင်း... နင်ဘယ်လိုတောင်...”

မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် သူမခန္ဓာကိုယ်မှာ မူလ အခြေအနေသို့ ပြန်လည် ရောက်ရှိလာခြင်းကြောင့် အန်လင်းအား မယုံကြည်နိုင်စွာ ကြည့်လျက်ရှိသည်။

အန်လင်းသည် နွေးထွေးစွာဖြင့် ပြုံးလိုက်ပြီးနောက် “ဆရာမ... နည်းနည်းလောက် သည်းခံနော်... အဲဒါက နည်းနည်းနာလိမ့်မယ်...”

ထိုသို့ ပြောပြီးသည့် နောက်တွင် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်၏ ခန္ဓာကိုယ်အတွင်း စိုက်ဝင်နေသည့် မိစ္ဆာရှင်းဓားကို ဆွဲထုတ် လိုက်လေသည်။

“အာ့…”

မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် သူမ၏ အောက်နှုတ်ခမ်းအား ဖိကိုက် ထားသော်လည်း နာကျင်မှုကြောင့် အနည်းငယ် ညည်းညူမိလေသည်။

သို့သော်လည်း သူမ၏ ဒဏ်ရာများသည် နာကျင်ရာမှနေ ချက်ချင်း ဆိုသလို သက်သာပျောက်ကင်း သွားလေသည်။ မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် သူမ၏ လက်ဖဝါးအား ရင်ဘက်တွင် တင်ကာဖြင့် အဖြူရောင် အလင်းများအား ကြောင်အစွာဖြင့် ကြည့်နေလေသည်။

ထိုသည်မှာ အခြေခံအကျဆုံးသော ကုသခြင်း အင်မော်တယ် မန္တန်တစ်ခု ဖြစ်သည်။ သို့သော်လည်း အန်လင်း၏ လက်ထဲတွင် ပျက်ပြယ်ခြင်း အဆင့်ရှိ ခွန်အားကြီးသည့် စွမ်းအား အကြွင်းအကျန်များ ပါဝင်နေသည့် ထိုအင်မော်တယ် မန္တန်သည် သူမ၏ ဒဏ်ရာများသည် ချက်ချင်းဆိုသလို သက်သာပျောက်ကင်း သွားစေသည်။

ထိုအချိန်ခဏမှာပင် အလွန် ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားသည် လေထုအတွင်း ထွက်ပေါ်လာလေသည်။ မဟူရာညသည် သူမ၏ ဒုတိယ တိုက်ကွက်အား အသုံးပြုလိုက်သည်။

အားနည်းသည့် ကျင့်ကြံသူသည် သူ၏ ခွန်အားများကို ဖုံးကွယ် ထားခြင်းသာလျှင် ဖြစ်သည်။ ထို့ကြောင့် သူမသည်လည်း သူမ၏ အားအကောင်းဆုံးသော မှော်စွမ်းအား ထုတ်ဖော်လိုက်လေသည်။ မူလအမှောင်ထု...

နက်မှောင်နေသည့် မိုးကုတ် စက်ဝိုင်းကြီးသည် အန်လင်းထံ ဆင်းသက် လာလေသည်။ ကောင်းကင်သည် နိမ့်ဆင်း ကျလာလေလေ ကြီးမားသည့် အဖျက်အဆီး စွမ်းရည်သည် ကမ္ဘာမြေပြင်ရှိ အရာအားလုံးအား ဖျက်ဆီးတိုက်စား သွားတော့သည်။

များပြားလှစွာသော လူသား ကျင့်ကြံသူများသည် ထိုသည်အား မြင်တွေ့လိုက်သည့် အခါတွင် အံ့ဩထိတ်လန့် နေကြတော့သည်။ ချက်ချင်းဆိုသလိုပင် ထိုမြင်ကွင်းမှ ဝေးနိုင်သမျှ ဝေးသည့်နေရာသို့ သွားရောက်ရန် ရွေးချယ် လိုက်ကြသည်။

သွေးမျိုးနွယ်စုဝင် များသည်ပင်လျှင် ထိုအချင်းအရာအား မြင်တွေ့ ရသည့်အခါ တိုက်ပွဲကွင်းပြင်မှနေ ထွက်ပြေး တိမ်းရှောင်ကြလေသည်။ ထိုတိုက်ခိုက်မှုသည် ရန်သူ မိတ်ဆွေ ဟူ၍ ခွဲခြားကာ တိုက်ခိုက်မည် မဟုတ်ပေ။ သူ၏ ရည်ရွယ်ချက်မှာ မြေပြင်ပေါ်ရှိ သက်ရှိများ အားလုံးကို ရှင်းလင်းပစ်နိုင်ရန် ဖြစ်သည်။

“မဟူရာည သခင်မက ရူးသွပ်သွားတာလား... ဘယ်လိုများ ဒီနည်းစနစ်ကို အသုံးပြုနိုင် ရတာလဲ...”

“ငါတို့ သေသေ ရှင်ရှင် သူမက သောက်ဂရု စိုက်မနေဘူးကွ...”

“စကားပြောတာ ရပ်တော့ ဒီကနေ ထွက်သွားကြမယ်...”

သွေးမျိုးနွယ်စုဝင်များ၏ ပြောကြားနေသည်ကို ကြားလိုက်ရသည့် အခါတွင် လူသား ကျင့်ကြံသူများသည် အလွန်အမင်း တွေဝေသွားကြသည်။

“ဘုရားရေ... ဒီလိုကြောက်မက်ဖွယ် နည်းစနစ်ကို အသုံးပြုနိုင်တာ ဆိုတော့ အနက်ရောင် တောင်ပံတွေနဲ့ မိန်းမက ဘာကြီးလဲ...”

“ငါတို့က ပြိတ္တာဧကရာဇ်ရဲ့ အစီအစဉ်ကို တားဆီးဖို့အတွက်ပဲ ဒီကို လာတာလေ... အခုလို စွမ်းအားကြီးတဲ့ ရန်သူနဲ့ ဘာလို့များ ရင်ဆိုင်တွေ့နေ ရတာတုန်း...”

“အန်လင်းတို့ အဖွဲ့က တိုက်ခိုက်မှုရဲ့ အလယ်တည့်တည့်မှာ ရောက်နေတာ... ပြီးသွားပြီ...”

“အန်လင်းကို မေ့ထား လိုက်စမ်းပါကွာ... ငါတို့တောင်မှ လွတ်လမ်း မရှိဘူး...”

ဝူတန်းမှ တာအိုရောင်းရင်း ရှုရန်သည် ကြေကွဲမှုအပြည့်ဖြင့် ဦးခေါင်းအား ခါယမ်းလိုက်သည်။

အဆုံးမရှိ ကျယ်ပြန့်သည့် အမှောင်ထုကြီးသည် ကောင်းကင် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သူ၏ ပစ်မှတ်များအား အလွတ်ပေးမည်ပုံ မပေါ်ချေ။

မိုးကုတ်စက်ဝိုင်းသည် အရှိန်အဟုန်ဖြင့် နိမ့်ဆင်းလာနေပြီး အန်လင်းရှိနေသည့် တောင်တန်းနှင့် ပတ်ပတ်လည် တောင်တန်းများအား လွှမ်းခြုံထားသည်။

မြေကမ္ဘာ အင်မော်တယ် မင်းယွမ်သည်ပင်လျှင် သွေးနတ် ဘုရားများနှင့် တိုက်ခိုက်နေရာမှ သူတို့အပေါ်သို့ ကျရောက်လာသည် ထိုကြောက်မက်ဖွယ် မြင်ကွင်းအား ကြည့်လိုက်သည်။ သူ့မျက်နှာတွင် ဒေါသများ ထင်ဟပ်လာပြီးနောက် သူတို့၏ ကံကြမ္မာအား လက်ခံလိုစိတ် မရှိပေ။

“အန်လင်း... နင့်နောက်မှာ...”

မြေကမ္ဘာအင်မောင်တယ် ယွဲ့ရင်သည် အန်လင်းမှာ ပုံမှန်နှင့် လွန်စွာကွဲပြား နေခြင်းအား ခံစားမိသည်။ သို့သော်လည်း သူမသည် ကြောက်မက်ဖွယ် တိုက်ခိုက်မှု ကျရောက်လာခြင်းအား တားဆီးဖို့ရန်အတွက် သတိပေးမိ နေတုန်းပင် ဖြစ်သည်။

“မစိုးရိမ်ပါနဲ့...”

အန်လင်းသည် အနောက်သို့ပင် လှည့်ကြည့်ခြင်းမရှိ ခေါင်းညိတ် လိုက်ပြီးနောက် လေထုအတွင်းသို့ ပြင်းထန်သည့် လက်ဝါးချက် တစ်ခု ပစ်လွှတ်လိုက်သည်။

ဘုန်း …

သူ၏ လက်ဝါး ရိုက်ချက်ကြောင့် ကောင်းကင်သည် အစိတ်စိတ် အမြွာမြွာ ပြိုကွဲသွားတော့သည်။ တိတိကျကျ ပြောရမည်ဆိုလျှင် မဟူရာည၏ မူလအမှောင်ထု ပြိုကွဲသွားခြင်း ဖြစ်သည်။

ကောင်းကင်နှင့် မြေပြင်ကိုပါ ခြေမွပစ်နိုင်သည့် ထိုစွမ်းအား ကြီးမားသည့် နည်းစနစ်ကို အန်လင်းသည် လက်ဝါးရိုက်ချက် တစ်ခုတည်းဖြင့် ဖျက်ဆီး ပစ်လိုက်ခြင်း ဖြစ်သည်။

ကြောက်မက်ဖွယ် စွမ်းအားနှင့် မြေပြင်အား ပြိုကွဲစေသည့် နည်းစနစ်ပါ မရှိတော့ချေ။ အန်လင်းသည် မိုးကုတ် စက်ဝိုင်းသို့ လက်ဝါးဖြင့် ကာလိုက်ရုံမျှပင် အဆုံးမဲ့သည့် အမှောင်ထုသည် ဘာမျှ မဟုတ်သည့်အလား လွင့်စင်သွားလေသည်။

စွမ်းအားကြီးသည့် အငွေ့အသက်များ ထုတ်လွှတ်လျက် ရှိသော လေထုအတွင်းရှိ ပုံရိပ်သည် ရုတ်တရက် ဆိုသလို တန့်သွားတော့သည်။ ကြည်လင်သည့် ညကောင်းကင်တွင် ကြယ်တာရာနှင့် လတို့ ပြန်လည် ပေါ်ထွက်လာသည်။

များပြားလှသည့် ကျင့်ကြံသူများနှင့် သွေးမျိုးနွယ်စု ဝင်တို့သည် သူတို့၏ ခေါင်းများကို မော့ကာဖြင့် ကြောင်အလျက် ရှိကြပြီး သူတို့၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုများ အပြည့်နှင့်ဖြစ်သည်။

မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် အန်လင်းအား မယုံကြည်နိုင်သည့် မျက်လုံးများဖြင့်ကြည့်ကာ အံ့ဩလွန်းသဖြင့် မည်သည့် စကားမျှပင် ပြောမထွက်တော့ချေ။

“ပြီးပြီ”

အန်လင်းသည် သူ၏လက်ဖဝါးမှ အဖြူရောင် အလင်းများ လွင့်စင်သွားသည့် အခါတွင် ခေါင်းညိတ် လိုက်သည်။

“အခု ဆရာမရဲ့ ဒဏ်ရာတွေ အကုန်လုံး ပျောက်ကင်းသွားပြီ ဆိုတော့ ဆရာမကို အခုလိုဖြစ်အောင် လုပ်ခဲ့တဲ့ သူကို ကျွန်တော်သွားပြီးတော့ တိတိကျကျ လက်စား ပြန်ချေပေးမယ်...”

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် အန်လင်း၏ စကားလုံးများကို ကြားလိုက်သည့် အခါတွင် ကြောင်အနေသည့် အမူအရာဖြင့် ခေါင်းညိတ် လိုက်သည်။ အန်လင်းသည် ကောင်းကင်အား လှည့်ကြည့် လိုက်ပြီးနောက် ခပ်ပါးပါး ပြုံးလိုက်သည်။

မဟူရာည၏ မျက်နှာသည်လည်း မယုံကြည်နိုင်မှုများ ပြည့်နှက်လျက် ရှိသည်။ သူမ၏ ယခင်က တည်ရှိခဲ့သော အေးစက် တည်ငြိမ်မှုများသည် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

မူလအမှောင်ထုသည် သူမ၏ အစွမ်းအထက် ဆုံးသော မှော်စွမ်းရည် ဖြစ်သည်။ ထိုနည်းစနစ်အား လက်ဝါးတစ်ချက်တည်းဖြင့် ပျက်ပြယ်စေခဲ့သည်။ သူမအနေဖြင့် မတည်ငြိမ်ဘဲ ရှိပါတော့ အံ့နည်း။

“နင်... နင်ဘယ်သူလဲ...”

“ကျုပ်က ဘယ်သူလဲ...”

အန်လင်းသည် ကောင်းကင်ထက်တွင် ရှိနေသည့် အမျိုးသမီးအား ကြည့်ကာဖြင့် “ကျုပ်နာမည် အန်လင်း... ဆရာမ ယွဲ့ရင်ရဲ့ ကျောင်းသား...”

အန်လင်းသည် တုံ့ပြန်ပြီးသည့် နောက်တွင် ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှနှင့် ချက်ချင်း ဆိုသလိုပင် မဟူရာည၏ အရှေ့တွင် ပေါ်လာသည်။

သူမရဲ့ တပည့်တဲ့လား၊ မဟူရာညသည် တုံ့ပြန်နိုင်ခြင်း မရှိခင်မှာပင် မိစ္ဆာရှင်းဓားသည် သူမ၏ ရင်ဘက်အတွင်း စိုက်ဝင်နေပြီ ဖြစ်သည်။

အလွန်ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားတစ်ခုသည် ချက်ချင်း ဆိုသလိုပင် သူမ၏ စွမ်းအားများကို ကန့်သတ်ချုပ်နှောင် လိုက်သည်။

မဟူရာည၏ နက်မှောင်နေသည့် မျက်လုံးများသည် သူမအရှေ့တွင် ရှိနေသည့် လူအား စိုက်ကြည့် လိုက်ပြီးနောက် သူမ၏ နှလုံးသားထဲတွင် မယုံကြည်နိုင်မှုများ ဖြစ်ပေါ်လျက် ရှိသည်။ သူမ၏ အရှေ့တွင် ရုတ်တရက် ဆိုသလို အန်လင်း ပေါ်လာသည်ကိုပင် မြင်တွေ့နိုင်ခြင်း မရှိခဲ့ပေ။

တည်နေရာ ပြောင်းရွှေ့ခြင်းများလား...

မဖြစ်နိုင်ချေ၊ တည်နေရာ ရွှေ့ပြောင်းခြင်းသည် ပတ်ဝန်းကျင်နှင့် အချိန်အား မငြိမ်မသက် ဖြစ်စေသည်။ ထိုသူသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံမျှနှင့် သူမအရှေ့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

သူ၏ ခြေတစ်လှမ်းသည် အကွာအဝေးကို မမှုသလို အချိန်နှင့် ပတ်ဝန်းကျင်အားလည်း ဂရုပြုခြင်း မရှိပေ။ အရာအားလုံးကို လျစ်လျူရှုလိုက်ခြင်း ဖြစ်သည်။

“ကျုပ်ရဲ့ ဆရာမကို ခင်ဗျား ဘာလုပ်လိုက်သလဲ သိတယ်နော်... အဲဒီအတိုင်း ကျုပ်က အဆ တစ်ရာ... အဆ တစ်ထောင် ပြန်ပေးဆပ်ခိုင်းမှာ...”

အန်လင်းသည် မဟူရာညအား အေးစက်စွာ ကြည့်လိုက်သည်။ မိစ္ဆာရှင်းဓားသည် အားကောင်းသည် အနက်ရောင် အငွေ့အသက်များကို ထုတ်လွှတ်ပြီးနောက် သူမ၏ သွေးအဆီအနှစ်များအား အရူးအမူး စုပ်ယူတော့သည်။

“အား…”

မဟူရာည၏ ခန္ဓာကိုယ်မှာ စတင် တုန်ရီ လာတော့သည်။

သူမ၏ စွမ်းအင်၊ ကျင့်ကြံခြင်းအခြေခံနှင့် အသက်စွမ်းအား တို့သည် အလွန် လျှင်မြန်စွာဖြင့် လွင့်ပါးနေလေသည်။ သူမ၏ အသိစိတ်သည်ပင်လျှင် ဖြည်းညင်းစွာ ပျောက်ကွယ်နေပြီ ဖြစ်သည်။

အန်လင်းသည် သူမအား အဆုံးစွန်ဆုံးသော နာကျင်မှုကို ပေးနေခြင်း ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးအား အလွန်နာကျင်စေရန် နှိပ်စက်လျက်ရှိပြီး သူမအား နှလုံးသားထဲမှ နာကျင်စွာဖြင့် အော်ဟစ် ငိုကြွေးစေသည်။

“မဟူရာည အရှင်မ...”

လိုဏ်ခေါင်းအား စောင့်ကြည့်နေသည့် ခန့်ညားသည့် သူသည် သူ့မျက်စိရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အလွန်ဒေါသ ထွက်လာတော့သည်။

သူသည် ကြီးမားသည့် အနက်ရောင် တောင်ပံများကို ဖြန့်ကာ ငွေရောင်လှံအား ကိုင်ဆောင်ကာဖြင့် အန်လင်းထံသို့ ပျံသန်းလာသည်။

“ရပ်စမ်း”

သူ၏လှံကို ရှေ့သို့ ထိုးသွင်း လိုက်ပြီးနောက် သောင်းနှင့်ချီသည့် လှံပုံရိပ်များ ထုတ်လွှတ်လိုက်သည်ကြောင့် ကောင်းကင်တစ်ခုလုံး အဖြူရောင်များနှင့် ပြည့်နှက် သွားတော့သည်။

“တိတ်တိတ်နေစမ်း...”

အန်လင်းသည် ထိုလူအား ဝဲဘက်လက်ချောင်းဖြင့် ထိုးလိုက်သည်။

ခွပ် ...

လှံနှင့်တကွ လှံကိုင်ဆောင်သူပါ မကျန်... ချက်ချင်းဆိုသလို ပျက်စီး သွားပြီးနောက် အမှုန်တစ်မှုန်မျှပင် ကျန်ရှိခြင်း မရှိချေ။

တာအိုရောင်းရင် ရှုရန်၊ ယူမူနှင့် ဝိညာဉ်ငယ် ရှီ တို့သည် ထိုအဖြစ်အပျက်အား မြင်လိုက်ရပြီး နောက်တွင် တုန်လှုပ်ကာဖြင့် တိတ်ဆိတ် သွားကြတော့သည်။

ယခု ချေမှုန်းခံလိုက်ရသည့် တောင်ပံနက် စစ်သည်မှာ အလွန်စွမ်းအား ကြီးသည့်အတွက် သူတို့သုံးဦး ပေါင်းလျှင်ပင် လွယ်ကူစွာ အနိုင်မယူနိုင်ပေ။ ထိုသူသည် စွမ်းအား ကြီးသော်လည်း အန်လင်းသည် လက်ချောင်း တစ်ချောင်းတည်းနှင့် သတ်ဖြတ် ပစ်လိုက်ခြင်း ဖြစ်သည်။

ကကျန်ရှိနေသည့် သွေးမျိုးနွယ်စု အားလုံးတို့သည် အန်လင်း၏ ခွန်အားကို မြင်တွေ့လိုက်ရသည့် အခါတွင် လျင်မြန်စွာပင် ထွက်ပြေး ကြတော့သည်။။ အန်လင်းသည် လက်တစ်ဖက်အား ဆန့်တန်းကာဖြင့် ကောင်းကင်နှင့် မြေပြင်အား ဆွဲယူဟန် ပြုလိုက်သည်။  ကောင်းကင်အား ပိုက်ကွန် တစ်ခုကဲ့သို့ အသုံးပြုပြီး မြေပြင်အား ကွပ်မျက်စီရင်သည့် လက်နက် တစ်ခုအဖြစ် အသုံးပြုလိုက်သည်။

ဘုန်း ...

အန်လင်း၏ ဆုပ်ကိုင်ထားမှုကြောင့် မြေပြင်သည် ကြောက်မက်ဖွယ် တုန်လှုပ် လာလေသည်။ ကောင်းကင်မှ ကျဆင်းလာသည့် ကန့်သန့် စွမ်းအားသည် သွေးမျိုးနွယ်စု အားလုံးတို့အား မရွေ့လျားနိုင်အောင် ပြုလုပ်ပေးသည်။ ချက်ချင်းဆိုသလိုပင် ဖျက်စီးနိုင်စွမ်း ကြီးမားသည့် စွမ်းအားသည် မြေပြင်မှ မြင့်တက်လာသည့် အရာအားလုံးနှင့် သွေးမျိုးနွယ်စုဝင်များ အားလုံးကို အစိတ်စိတ် အမြွာမြွာ ဖြစ်စေသည်။

ကြီးမားသည့် စွမ်းအင်များကို ပိုင်ဆိုင်ထားသော သွေးနတ်ဘုရားများ သည်ပင်လျှင် သူတို့၏ ဝိညာဉ်နှင့်ခန္ဓာ အိုးစားကွဲရသည့် ကံတရားမှ လွတ်မြောက်နိုင်ခြင်း မရှိကြချေ။ ထိုသို့ဖြင့် သွေးမျိုးနွယ်စု စစ်တပ်သည် အန်လင်း၏ လက်ဝါးတစ်ချက် အောက်တွင် သေကြေပျက်စီး သွားခဲ့ရတော့သည်။

***

All Chapters