← Chapters

ဆုံးရှုံးမှုနှင့် အကျိုးအမြတ် ခံစားရမှု

Vol. 8 Ch. 95

ဆုံးရှုံးမှုနှင့် အကျိုးအမြတ် ခံစားရမှု

Vol. 8 Ch. 95

လူသားကျင့်ကြံသူ အားလုံးတို့သည် လေထုထဲတွင် ရပ်လျက် ရှိနေသည့် လူငယ်အား ကြည့်နေကြပြီး ထိတ်လန့်တုန်လှုပ်ကာဖြင့် တိတ်ဆိတ် သွားကြတော့သည်။

“အဲဒါ ငါသိတဲ့ အန်လင်းကော ဟုတ်ရဲ့လား ...”

“အဆိပ်သခင်က ကြောက်ဖို့ ကောင်းရလောက်အောင် စွမ်းအား ကြီးလွန်းတယ်ဗျာ ...”

“ပြီးသွားပြီ ... ငါ့ရဲ့ဓားမှာ အဆိပ်သခင်ရဲ့ သွေးတွေ ရှိနေတုန်းပဲ ... အဲဒီအတွက် ငါ့ကို လက်စားချေတာတွေ ဘာတွေ လုပ်မှာတော့ မဟုတ်လောက်ဘူး မလား ...”

***

မြေပြင်တွင် ရှိနေသည့် ကျင့်ကြံသူများ အားလုံးတို့သည် အချင်းချင်း ဆွေးနွေးပြောဆိုလျက် ရှိကြသည်။

သူတို့ အားလုံးတို့သည် နတ်ဘုရား တစ်ပါးအား သက်ရှိထင်ရှား မြင်တွေ့ နေရသကဲ့သို့ ကောင်းကင်ထက်တွင် ရှိနေသည့် ပုံရိပ်အား မျှော်ကြည့်နေကြသည်။

နှိုင်းယှဉ်ကြည့်မယ် ဆိုလျှင် လွန်ခဲ့သည့် အချိန်က ထိတ်လန့်ဖွယ် ကောင်းရလောက်အောင် စွမ်းအားကြီးသည့် မဟူရာညသည် ယခုအခါတွင် သူမဘဝ၏ အဆုံးသတ် အချိန်သို့ နီးကပ်လာနေပြီ ဖြစ်သည်။

မဟူရာည၏ သွင်ပြင်သည် တဖြည်းဖြည်း အိုစာလာပြီး ဆံနွယ်နက်များ မှာလည်း နှင်းကဲ့သို့ ဖြူဖွေးနေလေပြီ ဖြစ်သည်။ အသက်ဓာတ်မှာလည်း လျော့ပါးလာနေပြီး မျက်စိတ်တစ်မှိတ် အတွင်းမှာပင် ကုန်ဆုံး သွားနိုင်ချေ ရှိသည်။

မဟူရာညမှာ သူမ၏ ဖြစ်တည်မှုသည် ကွယ်ပျောက်လုနီးနီး အခြေအနေတွင် ရောက်ရှိနေသည့်အတွက် သူမ၏ နာကျင်မှုနည်းတူ စွမ်းအား၊ စိတ်ဝိညာဉ်၊ ကျင့်ကြံခြင်း အခြေခံနှင့် အသက်စွမ်းအား စသည်တို့ကို မခံစားရတော့ချေ။ သူမခံစားနေရသည့် တစ်ခုတည်းသော အရာမှာ ရှောင်လွှဲလို့ မရနိုင်တော့သည့် သေခြင်းတရားကြောင့် မျှော်လင့်ချက် ကင်းမဲ့မှုသာလျှင် ဖြစ်သည်။

“နင့်ကို အမှိုက်တစ်စလို့ ထင်ခဲ့မိတာ ...”

“တကယ်တမ်း ငါကပဲ နင့်အတွက် အမှိုက်တစ်စ ဖြစ်နေခဲ့တာ မလား ...”

မဟူရာညသည် အန်လင်းအား ကွဲအက်နေသည့် လေသံဖြင့် ပြောသည်။ သူမသည် ကံကြမ္မာကို ခုခံနိုင်စွမ်း မရှိတော့ချေ။

သူမသည် တောင်ပံနက် မျိုးနွယ်စု၏ အစစ်အမှန် ဧကရီမ ဖြစ်ခဲ့သည်ကြောင့် သူမထက် ခွန်အား နည်းပါးသည့် အရာအားလုံးထက်တွင် တည်ရှိနေခဲ့သူ ဖြစ်သည်။ ယခုအခါတွင်မူ သူမသည် ကလေကချေကောင်၏ နင်းချေခြင်းကို ခံနေရလေပြီ။

အန်လင်းသည် သူမအား အေးစက်စွာဖြင့် ကြည့်လိုက်ပြီးနောက် ခေါင်းခါယမ်းလိုက်သည်။

“တစ်ဦးတစ်ယောက်ရဲ့ အသက် ရှင်သန်မှုကို ဆုံးဖြတ်ပေးဖို့ အတွက် ကျုပ်ရဲ့ခွန်အားကို သုံးမှာ မဟုတ်ဘူး ...”

“ကျုပ်အတွက် ခင်ဗျားက ကျုပ်ရဲ့ ဆရာမကို သတ်ဖို့အတွက် ကြိုးပမ်းခဲ့တဲ့ မကောင်းတဲ့သူ တစ်ယောက်ပဲ ...”

“ဆရာမ ယွဲ့ရင်က ကျုပ်ရဲ့ ကျင့်ကြံခြင်းပေါ်ကို လိုက်ပြီး ခွဲခြား ဆက်ဆံတာမျိုး မလုပ်ခဲ့ဘူး ...”

“သူမအတွက်တော့ ကျုပ်က သူမရဲ့ ကျောင်းသားတစ်ယောက်ပဲ ...”

မဟူရာည “ ...”

သူမ၏ မျက်လုံးများသည် ဝမ်းနည်းမှု အရိပ်အယောင်များ ယှက်သန်းကာ တဖြည်းဖြည်း မှိတ်ကျလာပြီးနောက်တွင် ပျောက်ကွယ်လာသည်။

အန်လင်းသည် မည်သည့်စကားမျှ မဆိုတော့ဘဲနှင့် မိစ္ဆာရှင်းဓားကို တင်းတင်း ဆုပ်ကိုင်ကာ စွမ်းအားအပြည့်နှင့် ခုတ်ချလိုက်သည်။

မဟူရာည၏ ခန္ဓာကိုယ်သည် ပြိုဆင်း လာပြီးနောက်တွင် အစအနပင် မကျန်တော့သည် အထိ ပျောက်ကွယ် သွားတော့သည်။

အန်လင်းနဖူးတွင် ရှိနေသည့် အနက်ရောင် သင်္ကေတသည် သိသိသာသာ အားနည်းလာနေပြီး လွင့်ပါးလုနီးနီး ဖြစ်သည်။

သူမ၏ သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်ပြီး နောက်တွင် အနက်ရောင် လိုဏ်ခေါင်းဝသို့ ခြေလှမ်းလိုက်သည်။

ဒါက တောင်ပံနက် မျိုးနွယ်စုကို သွားတဲ့ဝင်ပေါက်ပဲ ဖြစ်ရမယ် ... နှမြောစရာက ငါ့မှာ အချိန် သိပ်မကျန်တော့ဘူး ... မဟုတ်ရင် သေချာပေါက် သွားကြည့်ဖြစ်မှာ ...

အန်လင်းသည် အနက်ရောင် လိုဏ်ဂူဝအား ကြည့်လိုက်ပြီးနောက်တွင် လက်သီးတစ်လုံး ပစ်သွင်းလိုက်တော့သည်။

ခွက် ...

လိုဏ်ခေါင်းသည် အန်လင်း၏ လက်သီးချက် အောက်မှာပင် အက်ကွဲသွားပြီးနောက် ပြိုကျသွားတော့သည်။

“အားလုံး ပြီးသွားပြီ ...”

အန်လင်းသည် သက်ပြင်းဖွဖွ ချလိုက်ပြီးနောက် နဖူးထက်တွင် ရှိနေသည့် အနက်ရောင် သင်္ကေတသည်လည်း ပျောက်ကွယ်လာနေပြီ ဖြစ်သည်။

ရုတ်တရက် ဆိုသလိုပင် သူ၏ ခွန်အားများ ဆုံးရှုံးသွားသည်ဟု ခံစားလိုက်ရသည်။ ခန္ဓာကိုယ်မှာလည်း အလွန်အမင်း မောပန်း နွမ်းနယ်မှုကြောင့် ကယိမ်းကပါး ဖြစ်နေရသည်။

များမကြာမီတွင် အန်လင်းသည် အမြင်အာရုံများ ဝေဝါးလာပြီးနောက် သတိလစ်ကာ မြေပြင်သို့ ပုံလျက်သား လဲကျသွားတော့သည်။

စုရှောင်လန်နှင့် သူ၏သူငယ်ချင်းများ အားလုံးသည် စိုးရိမ်ပူပန်စွာဖြင့် အန်လင်းထံသို့ အပြေးလာပြီးနောက် မြေပြင်ပေါ်တွင် လဲကျနေသည့် ခန္ဓာကိုယ်အား ဂရုတစိုက်နှင့် မချီလိုက်ကြသည်။

အရေးကြီးသည့် အင်္ဂါရပ် အားလုံးသည် ပုံမှန်အတိုင်း ရှိနေသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် လူတိုင်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်မချလိုက်ကြတော့သည်။

“ဝှီး ... ကံကောင်းလိုက်တာနော် ... ဒီတစ်ကြိမ်တော့ သူက ပေါက်ကွဲမသွားဘူးပဲ ...”

စုရှောင်လန်သည် အန်လင်းအား ကြည့်နေလျက်မှ သူမမျက်ဝန်းထဲတွင် ယခင်ဖြစ်ရပ်များ ပြန်ပေါ်လာသည်ကြောင့် စိုးရိမ်မှုများ အနည်းငယ် လျော့ကျသွားသည်။

ကောင်းကင်တာအို၏ လက်ချောင်းအား အသုံးပြုပြီးနောက်တွင် အန်လင်း၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည့် မြင်ကွင်းမှာ သူတို့အားလုံးတို့၏ မှတ်ဉာဏ်ထဲတွင် ရှင်းလင်းစွာ ကျန်ရစ်နေဆဲ ဖြစ်သည်။

ယခုတစ်ကြိမ်တွင် အန်လင်း ပေါက်ကွဲသွားမည် ဆိုပါက သူတို့အနေဖြင့် အန်လင်းအား ဆုံးရှုံးလိုက်ရမည် ဖြစ်သည်။

“အန်လင်းကတော့ အဆန်းတွေ လုပ်လိုက်ပြန်ပြီဟေ့ ... ကံကြမ္မာ ... ကံကြမ္မာ ... တကယ်ကို အံ့ဩဖို့ကောင်းတဲ့ အရာပဲ ...”

မြေကမ္ဘာအင်မော်တယ် မင်းယွမ်သည် အန်လင်းအား ကြည့်နေလျက်နှင့် ယခင်က ဖြစ်ပျက်ခဲ့သည်များအား ယုံကြည်နိုင်စွမ်း မရှိသေးပေ။ သူ့အမူအရာများသည် တုန်လှုပ်ကာ ကျေနပ်ဝမ်းသာမှု အပြည့်နှင့် ဖြစ်သည်။

အန်လင်း၏ မှော်အစွမ်း အသုံးပြုမှုကို မြင်တွေ့ချိန်တိုင်းတွင် သူ့အနေဖြင့် ကံကြမ္မာအား ပို၍ နက်နဲစွာ နားလည် လာနိုင်ခဲ့သည်။

ထိုကဲ့သို့ အဖြစ်အပျက်မျိုးအား နှစ်ကြိမ် သုံးကြိမ်ခန့် ကြုံတွေ့ရမည် ဆိုပါက သူ့အနေဖြင့် ပျက်ပြယ်ခြင်းအဆင့်သို့ ချိုးဖောက် ဝင်ရောက်နိုင်မည့် အခွင့်အရေးကိုပင် ရရှိနိုင်မည် ဖြစ်သည်။

လူတိုင်း သတိမပြုမိသည့် အရာမှာ အန်လင်း၏ နဖူးမှ အနက်ရောင်သင်္ကေတ ပျောက်ကွယ်သွားသည့်  နည်းတူ မဟာတာအို၏ အစိတ်အပိုင်း မဟုတ်သည့် အရာတစ်ခုသည်လည်း ထွက်ခွာသွားခြင်း ဖြစ်သည်။

ထိုအရာသည် သေမျိုးကမ္ဘာအား ထိုးဖောက် ကျော်ဖြတ်ပြီးနောက် ထိုက်ချူကုန်းမြေကြီးနှင့် ပေါင်းစပ် သွားလေသည်။

ကောင်းကင်နှင့် မြေပြင်သည် ပြောင်းလဲမှုမရှိဘဲ ကျန်နေခဲ့ပြီး ထိုက်ချူ ကုန်းမြေကြီးပေါ်ရှိ သက်ရှိများသည်လည်း မည်သည့် ပြောင်းလဲမှုကိုမျှ သတိမပြု မိကြပေ။

အမှန်တရားမှာမူ ကောင်းကင်နှင့် မြေပြင်သည့် ပြောင်းလဲမှုများနှင့် ကြုံတွေ့နေရပြီး ဖြစ်ကာ အချို့အရာများသည် ပို၍ ကျိုးကြောင်း သင့်လာပုံရသည်။

***

ထိုက်ချူကုန်းမြေကြီး၏ အစွန်အဖျားတွင် ရှေးမိစ္ဆာ နတ်ဆိုးများနှင့် ပြည့်နှက်နေသည့် နေရာတစ်ခု တည်ရှိသည်။

ခန္ဓာကိုယ်အောက်ပိုင်းမှာ မြွေဖြစ်ပြီး အထက်ပိုင်းသည် လူသားဖြစ်နေသည့် မြွေတစ်ပိုင်း လူတစ်ပိုင်း အမျိုးသမီးသည် သူမ၏ မျက်လုံးများအား ဖွင့်လိုက်ပြီး ထိုမျက်လုံးများသည် မဟာတာအို၏ တလက်လက် တောက်ပနေသော ကြယ်စင်များနှင့် တူလေသည်။

သူမလက်ထဲတွင် ကိုင်ဆောင်ထားသည့် ကောင်းကင် သက်တန့်ကျောက်သည် တောက်ပသည့် အလင်းတန်းများ ထုတ်လွှတ်လာပြီးနောက် ချက်ချင်း ဆိုသလိုပင် ကီလိုမီတာ ရာပေါင်းများစွာ အတွင်းရှိ မိစ္ဆာနတ်ဆိုးများအား သန့်စင်ပစ်လိုက်လေသည်။

"ကောင်းကင်ရဲ့ ပြင်ဆင်မှုတွေကတော့ စတင်နေပြီ ... အဲတော့ ငါလည်းပဲ မြန်မြန်ဆန်ဆန် လက်စသတ် ရတော့မယ် ..."

ထိုမြွေတစ်ပိုင်း လူတစ်ပိုင်း အမျိုးသမီးသည် လေထဲသို့ မြင့်တက်သွားပြီးနောက် သက်တန့်တိမ်တိုက်များ ထိပ်တွင် ရှိနေကာ မျက်စိတစ်မှိတ် အတွင်းမှာပင် အဝေး၌ ပျောက်ကွယ်သွားကာ ကုန်းမြေတိုက်ကြီးနှင့် ဝေးရာသို့ ရွေ့လျားသွားတော့သည်။

***

သုံးရက်ကြာပြီး နောက်တွင် အန်လင်း နိုးလာသည်။

သူ့အခြေအနေကို စစ်ဆေးပြီးနောက် အသစ်တစ်ခု ကဲ့သို့ အကောင်းအတိုင်း ရှိနေသည်ကို တွေ့လိုက်ရသည်။

အန်လင်း ပြန်လည် သက်သာလာသည့် သတင်းအား ရရှိကြသည့် လူသားကျင့်ကြံသူများသည် သူ့ထံသို့ လာရောက်လည်ပတ် ကြလေသည်။

အန်လင်း၏ အခန်းတွင်း၌ တဖြည်းဖြည်းနှင့် လက်ဆောင်ပုံကြီး ဖြစ်တည်လာသည်။

ထိုမြင်ကွင်းသည် သူ့ခန္ဓာကိုယ် ပေါက်ကွဲသွားပြီးနောက် သူ၏ ပရိသတ်များထံမှ ရရှိသည့် လက်ဆောင်များနှင့် အတော်လေး ဆင်ပေသည်။

သို့သော်လည်း ယခုတစ်ကြိမ်သည် ပို၍များသည်ဟု ဆိုရမည်။

အန်လင်းသည် သဘာဝလွန် စွမ်းအားများကို သာလျှင် ပြသခဲ့ခြင်း မဟုတ်ပေ။

တခြားသော ရှုထောင့်မှ ကြည့်မည်ဆိုလျှင် သူသည် လူသား ကျင့်ကြံသူများ၏ အသက်များအား ကယ်တင် ပေးခဲ့သည်ဟု ဆိုနိုင်ပေသည်။

အန်လင်းကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့ အားလုံးတို့သည် မဟူရာည ဧကရီ၏ လက်ထဲတွင် သေဆုံး သွားကြရမည်သာ။

လူသား ကျင့်ကြံသူများသည် သူတို့၏ အသက်သခင်အား စေးကုတ်မှု မရှိကြပေ။ အန်လင်း လက်ခံရရှိသည့် လက်ဆောင်များထဲတွင် ပစ္စည်းကောင်းများ အပြည့်နှင့် ဖြစ်သည်။

လုံဟူ၊ ဝူတန်း၊ ရှန်းချင်နှင့် ခွန်းလွန်ဂိုဏ်းတို့မှ ဂိုဏ်းခေါင်းဆောင်များ သည်လည်း အန်လင်းထံ လာရောက်ကြပြီးနောက် သိုလှောင်လက်စွပ် သုံးကွင်းအောင် လက်ဆောင် ပေးအပ်ကြသည်။

ထိုသိုလှောင်လက်စွပ် များသည် သွေးနတ်ဘုရားများ ထံမှ ရရှိခြင်း ဖြစ်သည်။ အန်လင်းသည် ယင်းတို့အား ကောက်ယူရန် အချိန်မရှိသည့် အတွက် ဂိုဏ်းခေါင်းဆောင်များသည် အန်လင်းအစား သိမ်းဆည်းလာကြခြင်း ဖြစ်သည်။

သွေးနတ်ဘုရားများသည် အန်လင်း၏ လက်ဝါး တစ်ချက်တည်းဖြင့် သေဆုံး သွားကြရခြင်း ဖြစ်သည်ကြောင့် အန်လင်းသည် ၎င်းတို့၏ သိုလှောင်လက်စွပ်များအား အလိုအလျောက်ပင် ပိုင်ဆိုင် သွားရခြင်း ဖြစ်ပေသည်။

ကျင့်ကြံခြင်းလောက၏ ထိပ်တန်းအဆင့်ရှိသူ အားလုံးတို့သည် အန်လင်းအတွက် တိုက်ပွဲ အကြွင်းအကျန် ပစ္စည်းများကို ကောက်ယူပေးခြင်းကိုသာ ပြုလုပ် ပေးနိုင်ကြသည်။

လင်းရီသည်လည်း ပြန်ရောက်လာခဲ့သည်။ သူသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။ သွေးမျိုးနွယ်စု စစ်တပ်၏ တည်ရှိမှုအား ရှာဖွေတွေ့ရှိပြီး နောက်တွင် ယင်းတို့နောက်သို့ ခြေရာခံလိုက်ခဲ့သည်။ သွေးမျိုးနွယ်စု စတင်လှုပ်ရှားသည့် အချိန်မှသာလျှင် ပြင်ပကမ္ဘာနှင့် ပြန်လည် ဆက်သွယ်နိုင်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်။

ထို့နောက်တွင် မဟူရာည ဧကရီသည် လောကထွင်းအပ်အား အသုံးပြု၍ မန္တန်ဝင်္ကပါအား ဖိအားပေး ချိုးဖောက်ကာ ဝင်ရောက်သွားပြီးနောက် လျှို့ဝှက်နယ်မြေ အတွင်း ရောက်ရှိနေပြီး  ဖြစ်သည့် ပြိတ္တာ ဧကရာဇ်တို့နှင့် ပေါင်းစည်းလိုက်သည်။

သူမသည် မိစ္ဆာရှင်းဓား၏ ယခင်ဓား စိတ်ဝိညာဉ်အား ရှင်းထုတ်ပြီးနောက် ပြိတ္တာဧကရာဇ်အား ဓားစိတ်ဝိညာဉ် အသစ်အဖြစ် အစားထိုးလိုက်သည်။

မိစ္ဆာရှင်းဓားသည် တတိယအဆင့် ဓားစိတ်ဝိညာဉ် သန့်စင်ကန့်သတ်ခြင်း မန္တန်ဝင်္ကပါအား ခုခံပြီးနောက်တွင် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိ လာနိုင်ခဲ့သည်။

အကျိုးဆက်မှာ မဟူရာည ဧကရီသည် မိစ္ဆာရှင်းအား ခုတ်လွှဲလိုက်သည်နှင့် လူသားကျင့်ကြံသူများ အားလုံးကို အပိုင်းပိုင်းပြတ်သည် အထိ သတ်ဖြတ်ပစ်စွမ်း ရှိနိုင်လေသည်။

သို့သော်လည်း အန်လင်းထံတွင် မမျှော်လင့်ထားသည်များ ပေါ်လာခဲ့သည်။

တစ်ခဏချင်းမှာပင် အန်လင်း ထိုမျှလောက် စွမ်းအား ကြီးလာခြင်းအား မည်သူကမျှ သိရှိနိုင်ခြင်း မရှိပေ။

ယခုချိန်ထိ တိုင်အောင် လူတိုင်းသည် မသိနားမလည်ဘဲ ရှိနေဆဲ ဖြစ်သည်။

သေချာတာပေါ့။ လူတိုင်းတွင် လျှို့ဝှက်ချက် ကိုယ်စီ ရှိကြသည်။

အန်လင်း မပြောချင်လျှင် စုရှောင်လန်နှင့် အခြားသူများသည် သိရှိလာအောင် ကြိုးစားကြလိမ့်မည် မဟုတ်။

***

အခန်းအတွင်း ...

မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် အန်လင်းအား စူးစမ်းမှုအပြည့်နှင့် စိုက်ကြည့်လျက်ရှိသည်။ သူမ၏ အနီရောင် မျက်မှန်ကိုင်းအား ပင့်တင်လိုက်ပြီးနောက် သူမ၏ မျက်ဝန်းများထဲတွင် အတွေးအမြင် အသစ်များ ပေါ်လာလေသည်။

"ကျောင်းသားအန်လင်း ... နင့်ရဲ့ အပြုအမူတွေက ပိုပိုပြီး မယုံနိုင်စရာ ကောင်းလာတယ် ..."

"တာအိုခန္ဓာ ဗလာအဆင့်ကနေ အဆင့် ၁၀ ကို တစ်နှစ်အတွင်း ရောက်လာတယ် ... ဒါက စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်မှာရှိတဲ့ စံချိန်ကို ချိုးဖြတ်လိုက်တာ ဖြစ်ပေမဲ့ နင့်အတွက်တော့ အလွယ်လေးပဲလို့ ထင်ရတယ် ..."

သူမ၏ စကားလုံးများကြောင့် အန်လင်းမျက်နှာမှာ ရှုံ့မဲ့လာသော်လည်း တုံ့ပြန်နိုင်စွမ်း မရှိချေ။

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်၏ မျက်လုံးများသည် ပြုံးလိုက်သည့် အခါတွင် အနည်းငယ် မှေးမှိတ်သွားပြီး သူမ၏ နှုတ်ခမ်းများသည်လည်း ပြီးပြည့်စုံစွာ တွန့်ကွေးသွားသည်။

"ကန့်သတ်မဲ့ တိုက်ပွဲမှာ နင်သုံးခဲ့တဲ့ လက်ချောင်း အင်မော်တယ်မန္တန်က ကောင်းကင် အင်မော်တယ် တစ်ဦးရဲ့ တိုက်ခိုက်မှုနဲ့တောင် ယှဉ်လို့ရတယ် ... အဲဒါက အတော်လေး ထူးခြားလွန်းတဲ့ အပြုအမူပဲ ... ဒါပေမဲ့ ဘေးထွက်ဆိုးကျိုး ရှိခဲ့တယ် ..."

"ပြီးတော့ နင့်ရဲ့သွေးက သွေးမျိုးနွယ်စု အတွက် သေစေနိုင်လောက်တဲ့ အဆိပ် ဖြစ်လာတယ် ..."

အန်လင်းသည် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင် အဆက်မပြတ် ပြောလျက်ရှိသည့် သူ၏ ထူးခြားသည့် အပြုအမူများအား တိတ်ဆိတ်စွာဖြင့် နားထောင်နေလေသည်။ သူ၏ အပြုအမူများသည် အနည်းငယ် လွန်ကဲသွားသည်ဟု ခံစားနေမိသည်။

ဘဇာကြောင့် ထိုမျှလောက် စွမ်းအား လွန်ကဲရသနည်း။

"တုန်လှုပ်ဖို့ အကောင်းဆုံးကတော့ ရှေးဟောင်း ကျောက်စိမ်းရေကန်က တိုက်ပွဲပဲ ... နင်ထုတ်ဖော်လိုက်တဲ့ စွမ်းအားက အချိန်တိုလေးပေမဲ့ ရိုးရိုးတန်းတန်း ရှင်းပြလို့တောင် မရနိုင်ဘူး ... တောင်ပံနက် မျိုးနွယ်စုက မဟူရာည တောင်မှပဲ မယှဉ်နိုင်တဲ့ စွမ်းအား ..."

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် စကားပြောနေရင်းနှင့် အန်လင်းအနီးသို့ တိုးလာခဲ့ပြီး အန်လင်းမျက်နှာနှင့် အလွန်နီးကပ်သည့် နေရာတွင် ရပ်တန့်လိုက်သည်။

"ပြောပါဦး ... ဒီတစ်ကြိမ်ကော ဘေးထွက်ဆိုးကျိုးတွေ ဘာတွေ ရှိနေသေးလား ..."

အန်လင်း၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားသော်လည်း တည်ငြိမ်သည့် အပြုံးတစ်ခု ချိတ်ဆွဲလျက်နှင့်ပင် "သေချာပေါက် ဘေးထွက်ဆိုးကျိုး ရှိနေတာပေါ့ ဆရာမရဲ့ ..."

"ဘာများလဲ ..." မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် စိုးရိမ်စွာဖြင့် မေးလိုက်သည်။

"ဘေးထွက်ဆိုးကျိုး ကတော့ ..."

အန်လင်းသည် လျှို့ဝှက်သည့် အမူအရာနှင့် ...

"သုံးရက်တောင် သတိမေ့ နေခဲ့တယ်လေ ..."

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် သူမ၏ မျက်ဝန်း လှလှလေးများအား မှိတ်ချည် ဖွင့်ချည် ပြုလုပ်ပြီးနောက် လက်လျှော့သည့် အမူအရာဖြင့် သူမနဖူးအား လက်ဖြင့် ရိုက်လိုက်တော့သည်။

"ဟုတ်ပါပြီ ... နင်နိုင်ပါတယ် ..."

"အနားယူတော့လေ ... ငါသွားတော့မယ် ..."

ဟူး ... ထိုသည်က သူ၏ ပဉ္စမမြောက် အသက်စွမ်းအားသာလျှင် ဖြစ်သည်။

သူ၏ သက်တမ်းသည် တစ်ရာမှနေ ရှစ်ဆယ်သို့ လျော့ကျ သွားပေလိမ့်မည်။ တစ်သောင်းမှနေ ရှစ်ထောင်သို့ လျော့ကျသွားပေလိမ့်မည်။

ထိုသည်က ကြီးမားသည့် ပြဿနာ တစ်ရပ်တော့ မဟုတ်ပေ။ သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ သက်တမ်းသည်လည်း တိုးလာမည် ဖြစ်သည်။

တဖြည်းဖြည်း အဝေးသို့ ရောက်ရှိသွားသည့် မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်အား ကြည့်ကာဖြင့် အန်လင်းသည် တိုက်ပွဲအကြောင်းအား ပြန်လည်တွေးတော နေမိတော့သည်။

***

All Chapters