အနန္တအဘိုးအို
Vol. 136 Ch. 1753
၁၆ စင်းမြောက် စကြဝဠာ၏ ဖရိုဖရဲမြစ်....
ကျောက်စိမ်းမြို့တော်ထဲတွင် မီးတောက်နှစ်ခုသည် ဗျပ်စောင်းကြိုးတစ်လျှောက် လောင်ကျွမ်းလာ၏။ သခင်လေးလေးကျစ်ရှောင် မျက်နှာပျက်သွားပြီး အလျင်အမြန် လက်ခါလိုက်သည်။ ထိုမီးတောက်များက သူ၏လက်ချောင်းများဆီသို့ ကူးစက်လောင်ကျွမ်းနေပြီဖြစ်သည်။
သခင်လေးလေးက လေတစ်ချက် မှုတ်ထုတ်ရင်း လက်ချောင်းများပေါ်မှ မီးတောက်တို့အား ငြိမ်းသတ်ရန် ကြိုးစားလိုက်သည်။ သို့သော် မီးတောက်များက ပို၍သာ ပြင်းထန်လောင်ကျွမ်းလာသည်။ သူ ပါးစပ်ဟ၍ မှုတ်လိုက်သော်လည်း အရေပြားနှင့် အသားစများ ကွဲအက်လောင်ကျွမ်းလာ၏။ သူ့လက်ချောင်းနှစ်ချောင်းပေါ်ရှိ အသွေးအသားများ ချက်ချင်း အရည်ပျော်သွားသဖြင့် အရိုးဖြူတို့ပင် ပေါ်ထွက်လာသည်။
ဖျောက်…. ဖျောက်
အရိုးဖြူများလည်း ပြာကျကုန်၏။ မီးတောက်များက သူ၏ ဤလက်ချောင်းနှစ်ချောင်းတလျှောက် လိုက်ပါ၍ အခြားလက်ချောင်းများဆီသို့ ကူးစက်လောင်ကျွမ်းလာချေပြီ။
သခင်လေးလေးက လက်မြှောက်၍ ညာလက်ကို ခုတ်ဖြတ်လိုက်သည်။ သူ၏ အင်္ကျီလက်စ ခါလိုက်သည့်အခါ ပြတ်တောက်သွားသော လက်မှာ ဖရိုဖရဲမြစ်ထဲသို့ ပြုတ်ကျသွားသည်။ သူ၏ညာလက်သည် ဖရိုဖရဲမြစ်ထဲတွင် ပြင်းထန်စွာ လောင်ကျွမ်းသွားပြီး မကြာမီ ပြာတစ်ပုံအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွား၏။
သခင်လေးလေးကျစ်ရှောင်မှာ မျက်စိမျက်နှာပျက်နေပြီး အင်္ကျီလက်စကို ခါလိုက်သည်။ “လောကသစ်ပင်အောက်က အဲဒီအဘိုးကြီးက တကယ် လွတ်မြောက်လာပြီပဲ”
အနက်ရောင်တောင်တန်းထဲတွင် ချင်မူ ရင်ခုန်နေသည်။ ‘ကြည့်ရတာ ဒီလူက အတိတ်စကြဝဠာမှာ ငါ့ရဲ့ မိတ်ဆွေဟောင်းဖြစ်ရမယ်…. ဟုတ်သား… ငါက အတိတ်စကြဝဠာဆီ မပြန်ရသေးဘူးဆိုတော့ သူက အနာဂတ်က မိတ်ဆွေဟောင်းပဲ…’
သူ့အတွက် သခင်လေးလေးကို ခုခံနိုင်သော လောကသစ်ပင်အောက်မှ ပုဂ္ဂိုလ်နှင့် သိကျွမ်းခြင်းမှာ အနာဂတ်တွင် ဖြစ်ပေါ်မည့် ကိစ္စဟု ဆိုနိုင်သော်လည်း ထိုသူ့အတွက်မူ ဖြစ်ပျက်ပြီးသား ကိစ္စ မဟုတ်လော။
‘ဒါပေမဲ့ ငါက အတိတ်စကြဝဠာမှာ ဘယ်ဆိုးလို့လဲဟ… အနည်းဆုံးတော့ မိတ်ဆွေတွေ ရှိသေးတာပဲ’
ချင်မူလည်း ပြုံးပြုံးရွှင်ရွှင် လောကသစ်ပင်အောက်သို့ လျှောက်သွားသည်။ လမ်းတလျှောက်တွင် အနက်ရောင်တောင်များသည် ပိုးအိမ်များကဲ့သို့ ကွဲအက်နေကြ၏။ တောင်အတွင်း၌ ကပ်တွယ်နေကြသော အတိတ်စကြဝဠာမှ အင်အားကြီးသိုင်းပညာရှင်များသည်လည်း ပိုးအိမ်များထဲမှ ထွက်လာနေကြ၏။
အနက်ရောင်တောင်တန်း၏ စွမ်းအားသည် ကောင်းကင်နတ်ဘုံတွင် တပ်စွဲထားသော အကြီးအကဲငါးဦးထက် များစွာကြီးမား၏။ ထိုအနက်ရောင်တောင်တန်းများမှ ထွက်လာနေသော အတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်များမှာ အလွန်အားနည်းနေသေးသဖြင့် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို ဆွဲယူနေကြ၏။ အသက်တစ်ရှိုက်စာအတွင်း ကောင်းကင်မှ ကြယ်တာရာများ ယိမ်းယိုင်လာကာ ကြယ်အလင်းရောင်လည်း အတော်လေး မှိန်ကျသွားသည်။
ချင်မူ လမ်းလျှောက်နေစဉ်မှာပင် ကြယ်တာရာ နှစ်လုံးသုံးလုံးမှာ အတိတ်စကြဝဠာမှ အင်အားကြီးသိုင်းပညာရှင်များ၏ ဆွဲယူမှုကြောင့် ငြိမ်းသေသွားပြီး ကြယ်သေများအဖြစ်သို့ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။
‘မိတ်ဆွေ မဟုတ်တာလည်း ဖြစ်နိုင်တယ်…’
သူ မျက်နှာပျက်လာသည်။ လမ်းတစ်လျှောက်တွင် နက်ရှိုင်းသော အမုန်းတို့ကို ခံစားနေရသည်။
အနက်ရောင်တောင်တန်းတွင် ခြေကုပ်ယူထားသော အတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်အများစုကား သူ့အပေါ်တွင် အတော်လေး ရန်လိုမုန်းတီးနေကြသည်။
‘ငါက လောကသစ်ပင်အောက်က အဲ့ဒီပုဂ္ဂိုလ်အတွက် မိတ်ဆွေကောင်းတစ်ယောက်ဆိုရင် ဒီခိုးဝင်လာသူတွေက ဘယ်လိုလုပ် ငါ့အပေါ် ရန်လိုနေကြမှာလဲ’
ချင်မူမှာ ရင်ထဲတွင် လေးလံနေပြီး လည်ဂုတ်တွင် ချွေးများ စို့နေသည်။ သူက စိတ်ထဲမှ တွေးနေ၏။ ‘ဒီတစ်ခေါက်က မိတ်ဆွေဟောင်းကို လာတွေ့တာ မဟုတ်ဘဲ သေတွင်းထဲ တည့်တည့် တိုး၀င်မိတာများလား…’
မူလအနက်ရောင်တောင်တန်းသည် လောကသစ်ပင်၏ ပြန်လည်ရှင်သန်မှုနှင့်အတူ စိမ်းလန်းစိုပြည်လာခဲ့ပြီး လူအများ အားကျရသည့် အထွတ်အမြတ်နေရာ ဖြစ်ခဲ့၏။ ယခု အတိတ်စကြဝဠာမှ ထိုအင်အားကြီးသိုင်းပညာရှင်များ ခိုးဝင်လာသည့်အခါ မဟာပျက်စီးခြင်းကပ်ဘေးထဲမှ စွမ်းအင်ဆုံးရှုံးမှုကို ချေဖျက်ရန် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကြသည်။ ယင်းက ဤနေရာကို ပြန်လည်၍ ခြောက်သွေ့ကွဲအက်လာစေသည်။
ချင်မူ မျက်မှောင်ကြုတ်လိုက်မိသည်။
သူ့အရှေ့ရှိ လောကသစ်ပင်မှာမူ ပို၍ စိမ်းလန်းစိုပြည်နေပြီး ခိုင်မာတောင့်တင်းနေသည်။ စကြဝဠာတစ်ခွင်ရှိ ကမ္ဘာလောကအားလုံးအား ထောက်ပံ့ပေးနိုင်သည့် ခန့်ညားထည်ဝါသော အသွင်သဏ္ဍာန်ကို ပြသနေ၏။
“ဘိုးဘေးနန်းတော်သစ်ပင်က တစ်နှစ်တစ်ခါ ခြောက်သွေ့ပြီး စိမ်းလန်းတယ်… ဖရိုဖရဲတွေကြောင့် မလောင်ကျွမ်းဘူး…. ကပ်ဘေးပြီးရင် ပြန်လည်မွေးဖွားလာတယ်”
လောကသစ်ပင်အောက်တွင် ထိုအဘိုးအိုက သီချင်းဆိုနေသည်။ သီချင်းသံတွင် ရုတ်တရက် အမုန်းတို့ ပြည့်နှက်လာပြီး အသက်အဖြတ်စိတ်ဆန္ဒများ ထကြွလာ၏။ “ထိုက်ယီက ငါ့သစ်ပင်ကို ခုတ်လှဲတယ်…. တျန်းတုက ငါ့အမြစ်ကို မီးရှို့တယ်…. ကံကောင်းစွာနဲ့ နွေဦးက ငါ့ကို လာစောင့်ရှောက်ပြီး ငါ့ရဲ့ လှပတဲ့ မြို့ကို ပြန်ပေးတယ်”
ချင်မူလည်း အခြားသူများ၏ ရန်လိုမုန်းတီးမှုကို လျစ်လျူရှုပြီး သီချင်းသံလာရာသို့ လျှောက်သွားသည်။ အရှေ့ရှိ သစ်ပင်အောက်တွင် ရေကန်တစ်ကန် တွေ့မြင်လိုက်ရ၏။ ရေကန်မှာ မကြီးမားပေ။ ဆံဖြူအဘိုးအိုတစ်ဦးက ရေကန်ထဲတွင် ရေချိုးနေသည်။ သူ၏ လက်နှစ်ဖက်က အဖြူရောင်သဘက်တစ်ထည်ကို ဆွဲကိုင်ကာ ကျောကုန်းအား ပွတ်တိုက်နေ၏။
ချင်မူ မှင်သက်သွားသည်။
ရေကန်ထဲရှိ ဝိညာဉ်စွမ်းအင်တို့ကား အားကောင်းပြင်းထန်လှသည်။ ယင်းက အမှန်တွင် ထိုက်ယီ၏ တာအိုသစ်ပင်ပေါ်မှ ကျဆင်းလာသော တာအိုနှင်းစက်နှင့် ကမ္ဘာဦးဖရိုဖရဲရေကြည်တို့ ရောယှက်နေခြင်း ဖြစ်သည်။ ဤအဘိုးအိုက ၎င်းတို့ကို ရောနှောကာ သူ၏ ရေချိုးကန်အဖြစ်သို့ ပြောင်းလဲထားသည်။
ထိုက်ယီ၏ တာအိုသစ်ပင်မှာ ညအချိန်တွင် ပေါ်ထွက်လာပြီး အနက်ရောင်တောင်တန်းအား ပြုပြင်ရန်အတွက် တာအိုသစ်စေးများ ကျဆင်းစေ၏။
ရှုရှန်းဟွာ ထွက်ခွာသွားပြီးနောက် ကျန်ရှိနေသော တာအိုသစ်စေးတို့က ဤမျှကြီးမားသော ရေချိုးကန်ပြုလုပ်ရန် မလုံလောက်ချေ။ သို့သော် အရေအတွက်မှာလည်း မနည်းလှပေ။ ထိုသို့သော ရတနာမျိုးကို ဤအဘိုးအိုက ရေချိုးရန် အသုံးပြုနေချေသည်။
အဘိုးကြီးသည် တာအိုသစ်စေးနှင့် ကမ္ဘာဦးဖရိုဖရဲရေကြည်ထဲတွင် စိမ်နေရုံသာမက ချေးတွန်းနေသေး၏။ အမှန်တကယ် ရတနာကို ဖြုန်းတီးနေခြင်းပင်။
ဆံဖြူအဘိုးအိုကား ရေကန်ထဲတွင် စိတ်အားတက်ကြွနေကြသည်။ ချင်မူ ရောက်လာသည်ကို မြင်သောအခါ ပြုံးလိုက်သည်။ “မီလော့နန်းတော်က ခုနစ်၊ လာ အတူတူ ရေချိုးရအောင်”
ချင်မူ ခေါင်းခါလိုက်သည်။ “ကျွန်တော်က ကမ္ဘာဦးဖရိုဖရဲခန္ဓာပိုင်ရှင်ပါ…. ဒီလိုရတနာတွေကို ငှားယူဖို့ မလိုအပ်ဘူး”
“ကမ္ဘာဦးဖရိုဖရဲခန္ဓာကိုယ်က စွမ်းအားကြီးလို့လား... မဟုတ်ဘူး ထင်တယ်နော်”
ထိုဆံဖြူအဘိုးအိုက ဟားတိုက်ရယ်မောပြီး ရေကန်ထဲမှ ထရပ်လိုက်သည်။ ချင်မူမှာ အကြည့်လွှဲ၍ လောကသစ်ပင်ဆီသို့ ကြည့်လိုက်ရသည်။ ထိုအဘိုးအိုမှာမူ ရေကန်ဘေးသို့ လျှောက်သွားပြီး သူ၏ အဝတ်အစားများကို ကောက်ယူဝတ်ဆင်နေသည်။ “မီလော့နန်းတော်ရဲ့ လေး ကို ငါ တိုက်ထုတ်လိုက်ပြီ… ငါ့ရဲ့ကောင်းကင်နတ်သိုင်းမှာ ကျစ်ရှောင်တောင် အရေးနိမ့်ရတယ်… မီလော့နန်းတော်ရဲ့ ခုနစ်၊ မင်း ငါ့အပေါ် ကျေးဇူးကြွေးတင်သွားပြီ”
ချင်မူက အဘိုးအို၏ မျက်နှာကို ပြန်ကြည့်ကာ ပြုံးလိုက်သည်။ “တာအိုနောင်တော်၊ သခင်လေးလေးရဲ့ ဗျပ်စောင်းကြိုးကို ဖြတ်တောက်တာက အကြီးအကဲသုံးဦးကို ကယ်တင်ဖို့အတွက်ပဲ… ဒီကျေးဇူးကြွေးက ကျွန်တော့်အတွက် မဟုတ်ဘူး… အကြီးအကဲသုံးဦးအတွက်ပဲ”
ဆံဖြူအဘိုးအိုသည် ခေါင်းခါ၏။ “အကြီးအကဲငါးဦးက ဘာကောင်တွေမို့လို့ ငါက သူတို့ကို ကူညီပေးရမှာလဲ…. အဲ့ဒီ အဘိုးကြီးငါးယောက်က ဘာမှ မလုပ်တတ်ဘဲ နေ့တိုင်း သစ်ပင်အောက်မှာ တွင်းတူးပြီးပဲ ပုန်းနေကြတာ… နောက်ခေတ်မှာ အသက်ရှင်နိုင်မယ့် အခွင့်အရေးမရမှာကို စိုးရိမ်နေကြတာ… သိပ်ကို စိတ်ပျက်ဖို့ ကောင်းတယ်… ဒီခေတ်မှာ သူတို့က ဆက်နေဖို့ ကြံစည်နေသေးတယ်…. ငါ သူတို့ကို တကယ်စိတ်ပျက်လို့ မောင်းထုတ်လိုက်တာ”
ချင်မူက အရိုအသေပြုကာ မေးလေသည်။ “ကျွန်တာ် တာအိုနောင်တော်ကို ဘယ်လိုခေါ်ရမလဲဗျ… နောင်တော်က ဘယ်ကလာတာပါလဲ”
ဆံဖြူအဘိုးအိုက ခပ်မဲ့မဲ့ ပြုံးလိုက်သည်။ “မီလော့နန်းတော် ခုနစ်၊ ငါ့ရဲ့ ဇာစ်မြစ်ကို မင်း မသိသေးဘူးလား…. မင်း ငါ့ကို လာတွေ့တုန်းက တစ်ချက်ကြည့်ရုံနဲ့ ငါ့ရဲ့ ဇာစ်မြစ်ကို သိနိုင်ခဲ့တာလေ … ရိုရိုသေသေနဲ့ ငါ့ဆီမှာ ကျေးဇူးအကြွေးတွေ အများကြီးတင်နေတယ် ဆိုပြီး အကြွေးစာချုပ်တောင် ရေးပေးခဲ့တယ်”
ချင်မူက မျက်ခုံးနှစ်ဖက်ကြားမှ ဒေါင်လိုက်မျက်လုံးကို ဖွင့်ကြည့်လိုက်သော်လည်း ဤအဘိုးအို၏ ဇာစ်မြစ်ကို မမြင်နိုင်ချေ။ နတ်ဘုရားအလင်းတန်းတစ်တန်းက သူ၏ ခန္ဓာကိုယ်အစစ်အမှန်ကို ဖုံးအုပ်ထားသည်ကိုသာ မြင်တွေ့ရပြီး သူ၏ဒေါင်လိုက်မျက်လုံးမှာ ထိုနတ်ဘုရားအလင်းတန်းကို မထွင်းဖောက်နိုင်ပေ။
“အရင်က မီလော့နန်းတော်အရှင်သခင်က ငါ့ကို ကိုးကွယ်ခဲ့တယ်… နောက်ပိုင်းမှာ ထိုက်ယီက ငါ့ကို ခုတ်လှဲခဲ့တယ်…. ကံကောင်းစွာနဲ့ သူက အဲ့ဒီကောင်လေးတွေ အမြစ်ထဲကနေ ခိုးမဝင်အောင် တားဆီးဖို့ နေ့တိုင်း တာအိုသစ်စေး ယူလာပြီး ငါ့အမြစ်တွေကို လောင်းပေးခဲ့လို့ ငါ့အသက်ဆက်နိုင်ခဲ့တယ်… ငါဟာ မီလော့နန်းတော် ချိပ်တံဆိပ်ဖွင့်တာကို အခွင့်ကောင်းယူပြီး သေရာကနေ ပြန်ရှင်သန်လာနိုင်ခဲ့တယ်… အပင်ပေါက်လေး ထွက်လာခါစမှာ မင်းက ထိုက်ယီရဲ့ ပုဆိန်ကို ငှားပြီး ငါ့ကို လာခုတ်ပြန်တယ်”
ဆံဖြူအဘိုးအိုက ချင်မူ့ကို တစ်ချက်ကြည့်ကာ ပြောသည်။ “မင်းက ငါ့အပင်ပေါက်ကို ခုတ်ပြီး မင်းရဲ့ ကိုယ်ပိုင် ကောင်းကင်ရတနာထဲမှာ စိုက်ခဲ့တယ်… မင်း အဲ့လိုစိုက်မယ်လို့ ငါ ထင်မထားခဲ့ဘူးလေ….သိပ်ကို ထူးဆန်းတဲ့ဟာပဲ”
ချင်မူမှာ မျက်လုံးကြီးပြူး၍ သူ့ကို ကြည့်ကာ ဆွံ့အနေတော့သည်။
“ငါ အဲ့ဒီအချိန်ကျမှ မင်း ငါ့ကို ကျေးဇူးကြွေးတင်တယ်လို့ ပြောပြီး အကြွေးစာချုပ် ပေးခဲ့တဲ့ အကြောင်းအရင်းကို နားလည်သွားတာ”
ဆံဖြူအဘိုးအိုက ခေါင်းတခါခါဖြင့် သက်ပြင်းချလိုက်သည်။ “ငါမှာတော့ လှည့်စားကောက်ကျစ်တတ်ပြီး ရက်စက်တဲ့ သခင်လေးခုနစ်ကို အခွင့်ကောင်းယူနိုင်ခဲ့ပြီ ထင်ခဲ့တာ…. အကြွေးစာချုပ် မဟုတ်ဘဲ ထောင်ချောက်ကြီး ဖြစ်နေလိမ့်မယ် ထင်မထားဘူး”
ချင်မူမှာတော့ မည်သည်ကိုမှမသိ။ အဘိုးအိုကို ကြည့်လိုက်၊ ဘေးမှ လောကသစ်ပင်ကို ကြည့်လိုက်ဖြင့် ငေးကြောင်နေသည်။
“မင်း ခုတ်လိုက်လည်း ငါ ပြန်ပေါက်လာမှာပဲဟာ... မင်းရဲ့ အကြွေးစာချုပ်ကို လက်ခံပြီး ဘာလုပ်ရမှာလဲ”
ဆံဖြူအဘိုးအိုမှာ မှုန်ကုပ်နေသော်လည်း စိတ်အား ပြန်လည်တက်ကြွလာကာ ပြုံးလိုက်သည်။ “ထိုက်ယီကလည်း ငါ့ကို ခုတ်ချင်သေးတယ်…. ကံကောင်းစွာနဲ့ မင်းကန့်ကွက်လို့ သူ ငါ့ကို မသတ်ခဲ့ဘူး…. နောက်ဆုံးတော့ အသက်ရှူချောင်သွားတာပေါ့လေ… ဒီမှာ နေ့တိုင်း ငလျင်လှုပ်တာက မီလော့နန်းတော်က လာတဲ့ တုန်ခါမှု မဟုတ်ဘူး…. ငါ့ရဲ့ အမြစ်တွေ မဟာပျက်စီးခြင်းကပ်ဘေးရဲ့ စွမ်းအင်ကို ခိုးယူပြီး ကိုယ့်ကိုယ်ကို ကြီးထွားစေနေတာကြောင့်ပဲ”
လောကသစ်ပင် အပင်ပေါက်လာသည့်အခါ အနက်ရောင်တောင်တန်း၌ မကြာခဏ ငလျင်လှုပ်တတ်သည်ကို ချင်မူ ရုတ်တရက် သတိရသွားသည်။ ငလျင်လှုပ်ပြီးတိုင်း လောကသစ်ပင်၏ အပင်ပေါက်မှာ ရုတ်တရက် များစွာရင့်သန်လာတတ်သည်။ ကြီးထွားနှုန်းမှာ အံ့ဩဖွယ်ကောင်းခဲ့၏။
ထိုအချိန်က လောကသစ်ပင် လျင်မြန်စွာ ကြီးထွားခြင်းသည် မီလော့နန်းတော်၏ အကြံအစည် ဖြစ်လိမ့််မည်ဟု သူ ထင်ခဲ့ဖူးသည်။ သစ်ပင်အမြစ်ထဲမှ အတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်များ ခိုးဝင်လာနိုင်ရန် လောကသစ်ပင်ကို တမင်တကာ ကြီးထွားလာစေခဲ့ခြင်းဟု ထင်ခဲ့မိသည်။
ထိုငလျင်များမှာ မီလော့နန်းတော်၏ လက်ချက် မဟုတ်ဘဲ လောကသစ်ပင်ကိုယ်တိုင်က အမြစ်များမှတစ်ဆင့် ဖရိုဖရဲချီစွမ်းအင်ကို ခိုးယူကာ အလျင်အမြန် ကြီးထွားနေစေခြင်းကြောင့်သာ ဖြစ်ကြောင်း ထင်မထားခဲ့ချေ။
“ငါမှာလေ အမြဲတမ်း စိတ်ပူနေခဲ့ရတာကွ… ထိုက်ယီ ရူးသွားပြီး ငါ့ကို နောက်တစ်ခါ လာခုတ်မှာကို ကြောက်နေခဲ့တာ…. ကံကောင်းစွာနဲ့ သူ ထွက်သွားတယ်”
ဆံဖြူအဘိုးအိုက ပြုံးလိုက်သည်။ “ထိုက်ယီက အနက်ရောင်တောင်တန်းတွေကို ပြုပြင်ဖို့ မင်းကို ချန်ထားခဲ့တယ်…. ဒါပေမဲ့ မင်းလည်း ထွက်သွားပြီး ရှုရှန်းဟွာကို ချန်ထားခဲ့ပြန်တယ်… သူက ပြုံးတောင် မပြုံးဘူး… သိပ်ပျင်းစရာကောင်းတယ်… နောက်ပိုင်း ရှုရှန်းဟွာလည်း ထွက်သွားတော့ ငါလည်း ထွက်လာပြီး ဟိုဟိုသည်သည် လျှောက်ကြည့်ခဲ့တယ်… ငါ့အမြစ်ထဲမှာ ပုန်းအောင်းနေတဲ့ ကောင်လေးတွေကိုလည်း ထုတ်လိုက်တယ်… အခု မင်း ငါ့ရဲ့ ဇစ်မြစ်ကို သိပြီမဟုတ်လား”
ချင်မူမှာ နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားပြီး ဦးညွှတ်ကာ နောက်တစ်ကြိမ် မေးလိုက်ပြန်သည်။ “တာအိုနောင်တော်ကို ဘယ်လိုခေါ်ရမလဲဗျ”
ဆံဖြူအဘိုးအိုက အေးဆေးတည်ငြိမ်စွာ ဖြေသည်။ “နာမည်ဆိုတာ သူများပေးတာပဲ… ငါက အစတုန်း သိပ်ကို ပြည့်စုံတဲ့ သစ်ပင်တစ်ပင် ဖြစ်ခဲ့တာ… ဘယ်လိုလုပ် နာမည်ရှိမှာလဲ… ဒါပေမဲ့ မီလော့နန်းတော်အရှင်သခင်က ငါ့ကို အနန္တအဘိုးအိုလို့ ခေါ်တယ်”
ချင်မူက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြီး ရုတ်တရက် ပြော၏။ “ဘဝမှာလည်း အဆုံးမရှိသလို တာအိုမှာလည်း အဆုံးမရှိပါဘူး… တာအိုနောင်တော်က တကယ်ပဲ အနန္တအဘိုးအိုဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါတယ်… ဒါပေမဲ့ တာအိုနောင်တော်က ဘာမှမလုပ်ဘဲ နေတဲ့သူလို့တော့ ကျွန်တော်မထင်ဘူး… တာအိုနောင်တော် ဒီလောက်များပြားတဲ့ အတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်တွေကို လွှတ်ပေးတာက ၁၇ စင်းမြောက် စကြဝဠာကို အန္တရာယ်ဖြစ်စေပြီး အလျင်အမြန် ပျက်သုဉ်းစေလိမ့်မယ် … တာအိုနောင်တော် ပြန်ရှင်သန်လာပြီဆိုမှတော့ ၁၇ စင်းမြောက် စကြဝဠာကို ပိုကြာကြာတည်တံ့အောင် ခွင့်ပြုပေးထားရင်ရော”
အဘိုးအိုက သူ့ကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။ “၁၇ စင်းမြောက် စကြဝဠာ တည်တံ့ခြင်း၊ မတည်တံ့ခြင်းက ငါနဲ့ ဘာဆိုင်လို့လဲ”
ချင်မူ ကြောင်သွား၏။ “၁၇ စင်းမြောက် စကြဝဠာသာ ကြာရှည်တည်တံ့ရင် မဟာပျက်စီးခြင်းကပ်ဘေးလည်း နောက်ကျမှ ရောက်လာလိမ့်မယ်.. ၁၇ စင်းမြောက် စကြဝဠာရဲ့ သက်ရှိသတ္တဝါတွေလည်း မဟာပျက်စီးခြင်းကပ်ဘေးကိုတောင် ဖြေရှင်းနိုင်လောက်တယ်…”
“ငါနဲ့ ဘာဆိုင်လို့လဲ”
အဘိုးအိုက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “ငါက ဖရိုဖရဲအခြေအနေကနေ စွမ်းအင်စုပ်ယူတာ… မဟာပျက်စီးခြင်းကပ်ဘေးကြီး ကျရောက်တဲ့ အချိန်တိုင်းက ငါ ကြီးထွားတဲ့အချိန်ပဲ… ငါက ၁၇ စင်းမြောက် စကြဝဠာ ကြာရှည်တည်တံ့တာကို မလိုလားရုံတင်မကဘဲ ပိုမြန်မြန် ပြီးဆုံးသွားဖို့တောင် မျှော်လင့်တယ်… မီလော့နန်းတော် ခုနစ်၊ မင်းတော့ လူမှားတွေ့ပြီ”
ချင်မူ၏ မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး သူက ရုတ်တရက် ပြုံးလိုက်သည်။ “လမ်းမတူရင် ခံယူချက်လည်း မတူဘူး.. ကြည့်ရတာ ကျွန်တော် နေရာမှားလာမိတာပဲ… နှုတ်ဆက်ပါတယ်”
“ပြန်ဖို့ အလောမကြီးပါနဲ့ဦး”
အနန္တအဘိုးအိုက အင်္ကျီလက်စကို ခါလိုက်ရာ လောကသစ်ပင်အကိုင်းအခက်များ လွင့်ပျံသွားသည်။ သူက ပြုံးလိုက်၏။ “ငါတို့နှစ်ယောက် အခုမှတွေ့တာကို စကားစမြည် မပြောဘဲ ထွက်သွားလို့ ဖြစ်မလား”
ချင်မူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “တာအိုနောင်တော်အတွက်တော့ အတိတ်အကြောင်းပြောတာ ဖြစ်ပေမယ့် ကျွန်တော့်အတွက်တော့ မဟုတ်ဘူး… ကျွန်တော့်မှာ အရေးကြီးတဲ့ကိစ္စ ရှိသေးတယ်…. နောင်တော့်ကို မနှောင့်ယှက်တော့ပါဘူး…. နှုတ်ဆက်ပါတယ်”
သူ လှည့်ထွက်သွားရန် ပြင်လိုက်စဉ် အနောက်မှ အနန္တအဘိုးအို၏ အသံ ထွက်လာသည်။ သူက အေးအေးလူလူ ပြောနေသည်။ “မီလော့နန်းတော် ခုနစ်၊ ဘယ်သူက မင်းကို အတိတ် ပြန်ပို့ပြီး ငါတို့နှစ်ယောက်ကို တွေ့ဆုံစေခဲ့တာလဲ… ငါ အရင်တုန်းက မင်းကို ဒီမေးခွန်း မေးဖူးတယ်…. ဒါပေမဲ့ မင်း မဖြေခဲ့ဘူး…အခု ငါ နားလည်သွားပြီ”
ချင်မူ၏ အရှေ့ရှိ ကောင်းကင်မှာ ရုတ်တရက် မှောင်မိုက်သွားသည်။ လောကသစ်ပင် ဖုံးလွှမ်းထားသော ဧရိယာအပြင်ဘက်တွင် ကမ္ဘာပျက်ကိန်း၏ မြင်ကွင်းကို မြင်နေရ၏။
ချင်မူ ရပ်လိုက်သည်။
အနောက်မှ အနန္တအဘိုးအို၏ ရယ်သံ ထွက်ပေါ်လာသည်။ “ငါပဲလေ… ငါက မင်းကို အတိတ်ဆီ ပြန်ပို့ခဲ့တာ… ဒါကြောင့် မင်း ငါ့ကို မပြောပြတာပဲ”
ချင်မူက ပြုံးလျက် ခေါင်းငုံ့ပြီး သူ၏လက်ဖဝါးကို ကြည့်နေသည်။ ထိုက်ယီ၏ တာအိုမှာ လက်ဝါးထဲတွင် စီးဆင်းနေပြီး ထိုက်ယီပုဆိန်အဖြစ်သို့ ပြောင်းလဲပေတော့မည်။ “တာအိုနောင်တော်၊ ထိုက်ယီက ဘာလို့ ခင်ဗျားကို ခုတ်တာလဲ”
“ကိစ္စက မကြီးပေမယ့် သေးလည်း မသေးဘူး”
အနန္တအဘိုးအိုသည် အဖြူရောင်မုတ်ဆိတ်ကို သပ်ရင်း ပြုံးလိုက်၏။ “ငါက မီလော့နန်းတော်အရှင်သခင်ကို သူ့ကို သတ်ခိုင်းခဲ့တာ… သူက သေချာပေါက် ပြန်ကလဲ့စားချေမှာပေါ့… ဘာလဲ မင်းလည်း ငါ့ကို ခုတ်ချင်လို့လား”