သေခြင်းရှင်ခြင်းကြားက လမ်းကို ခုတ်ဖွင့်ပေးမည့် ဓား
Vol. 136 Ch. 1754
ချင်မူ၏လက်ထဲတွင် ရတနာအလင်းတန်းများ စီးဆင်းနေပြီး ထိုက်ယီပုဆိန်မှာ တဖြည်းဖြည်း ပုံပေါ်လာသည်။ ဤတစ်ခေါက်တွင် ယခင်က မကြုံဖူးသော အန္တရာယ်ကို ခံစားနေရလေသည်။ မီလော့နန်းတော်မှ သခင်လေးသုံး၊ သခင်လေးလေးတို့နှင့် ရင်ဆိုင်ရစဉ်ကထက်ပင် ပို၍ အန္တရာယ်များသည်။
အနန္တအဘိုးအို၏ စွမ်းဆောင်ရည်တို့မှာ နားမလည်နိုင်အောင် နက်ရှိုင်းလှသည်။
သူသည် မီလော့နန်းတော်နှင့် တျန်းတုအကြားရှိ ရန်ငြိုးတွင်လည်း ပါဝင်ပတ်သက်နေသည့်အပြင် အရေးပါသော အဆက်အသွယ်ဟုပင် ဆိုနိုင်ပေသည်။
ချင်မူမှာ အန္တိမဟင်းလင်းပြင်၏ စွန့်ပစ်မြေတွင် တျန်းတု ကောင်းကင်နှင့် မြေကြီးအား ဖွင့်လှစ်ခဲ့သော မြင်ကွင်းအား ကြုံတွေ့ခဲ့ဖူးသည်။ ထိုနေရာတွင် တျန်းတုအရှင်သခင်သည် တျန်းတုမှ တာအိုသိုင်းပညာရှင်များစွာကို ဦးဆောင်ကာ ကမ္ဘာလောကအား ဖွင့်လှစ်ပြီး စကြဝဠာအား ဆင်းကဲပြောင်းလဲစေခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ထိုအချိန်က မီလော့နန်းတော်သည် ဝင်ရောက်မစွက်ဖက်ဘဲ တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။
သို့သော် နောက်ပိုင်းတွင် မီလော့နန်းတော်အရှင်သခင်က တျန်းတုအရှင်သခင်ကို သတ်ဖြတ်ကာ “မင်းလုပ်ရပ်က မှားတယ်” ဟု ပြောခဲ့သည်။
အနန္တအဘိုးအို၏ ပြောစကားအရ မီလော့နန်းတော်အရှင်သခင် တျန်းတုအရှင်သခင်ကို တိုက်ခိုက်ခဲ့သည့် ကိစ္စမှာ ထိုမျှမရိုးရှင်းပေ။
ထိုအချိန်မှစ၍ တျန်းတုနှင့် မီလော့နန်းတော်အကြားတွင် တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားခဲ့သည့်အပြင် ယခုအချိန်အထိ မပြီးဆုံးသေးပေ။
ချင်မူက ခေါင်းငုံ့၍ သူ့လက်ထဲမှ ရတနာအလင်းရောင်ကို ကြည့်နေသည်။ “မီလော့နန်းတော်အရှင်သခင်က ကျင့်ကြံသူအားလုံးရဲ့ ဆရာပဲ… ပထမဆုံးစကြ၀ဠာကနေ ၁၇ စင်းမြောက် စကြဝဠာအထိ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းအားလုံးရဲ့ အရင်းအမြစ်က သူနဲ့ ပတ်သက်နေတယ်လို့ ပြောလို့ရတယ်… သူက ဘာလို့ ခင်ဗျားစကားကို နားထောင်ပြီး တျန်းတုကို သွားတိုက်ခိုက်မှာလဲ”
အနန္တအဘိုးအိုက သူ့ထံသို့ လျှောက်လာရာ ချင်မူမှာ ကြက်သီးမွေးညင်းများ ထလာသည်။
သူသည် အနန္တအဘိုးအိုကို ကျောခိုင်းထား၏။ အနန္တအဘိုးအို သူ့ထံသို့ လျှောက်လာသည့်အခါ ဘိုးဘေးနန်းတော်ကောင်းကင်ကို ထောက်ပံ့ထားသည့် သစ်ပင်ကြီးက သူ့အပေါ် ဖိနှိပ်လာသကဲ့သို့ ခံစားလိုက်ရသည်။ စကြဝဠာတစ်ခုလုံးမှာ လောကသစ်ပင်၏ ဖိအား ဖြစ်လာသကဲ့သို့ ခံစားနေရပြီး သူ့မှာ ဤဖိအားမှ အသည်းအသန် လွတ်မြောက်ချင်လာသည်။
ဤဖိအားမှ ဖယ်ရှားလိုပါက ရှေ့သို့ လျှောက်ရမည် ဖြစ်သော်လည်း အရှေ့တွင် လောကသစ်ပင်အပြင်ဘက်မှ မဟာပျက်စီးခြင်း မြင်ကွင်းကြီး ရှိနေသည်။
သူ ခြေတစ်လှမ်း ဝင်ရောက်လိုက်သည်နှင့် အတိတ်သို့ ရောက်ရှိသွားပေလိမ့်မည်။
ချင်မူမှာ တစ်ကြိမ် မှားယွင်းဝင်ရောက်ခဲ့ဖူးသောကြောင့် ထိုက်စုကို စောစီးစွာ မွေးဖွားစေခဲ့ပြီး သူမနှင့် ရန်ငြိုး ဖြစ်တည်ခဲ့ရသည်။
ယခု ချင်မူအနေဖြင့် အတိတ်တို့ ဝင်ရောက်လျှင်ပင် အန္တရာယ် မရှိတော့ပေ။ မဟာပျက်စီးခြင်းကပ်ဘေးက သူ့ကို မသတ်နိုင်သော်လည်း ဝင်ရောက်ပြီးနောက် ပြန်လာနိုင်ရန် လွယ်ကူမည်မဟုတ်။
သူ အတိတ်သို့ မှားယွင်းဝင်ရောက်ခဲ့သည့် တစ်ကြိမ်တုန်းက ထိုက်စုနှင့် ပူးပေါင်းပြီး လောကသစ်ပင်၏ အမြစ်များမှတစ်ဆင့် ပြန်လည်ခိုးဝင်လာခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်မူ အနန္တအဘိုးအိုက ဝင်ရောက်လာနိုင်ရန် အခွင့်အရေးပေးတော့မည် မဟုတ်ပေ။
ချင်မူ မျက်လုံးမှိတ်လိုက်ရာ လက်ထဲမှ ရတနာအလင်းတန်းက တဖြည်းဖြည်း မှိန်ကျသွားသည်။ ၎င်းက တျန်းတုလောကဖန်ဆင်းဓားအဖြစ် ပြောင်းလဲသွားကာ အချိန်မရွေး အသင့်ရှိလာသည်။
တျန်းတုလောကဖန်ဆင်းဓားသည် ကမ္ဘာဦးဖရိုဖရဲမှ လောကအသစ်အား ဖွင့်လှစ်သော ဓားတစ်ချက် ဖြစ်ပြီး ချင်မူ သိမြင်နားလည်ထားသည့် အနက်ရှိုင်းဆုံး တာအိုအဆင့်လည်း ဖြစ်သည်။
ကမ္ဘာဦးဖရိုဖရဲလက်ချောင်း၊ အနီရောင်ကြိုးထုံး၊ ထိုက်ယီသစ်ပင်ခုတ်ချက်။ ၎င်းတို့အားလုံးမှာ သူ သင်ယူခဲ့သော ကောင်းကင်နတ်သိုင်းများ ဖြစ်သဖြင့် တာအိုအဆင့်အဖြစ် သတ်မှတ်၍မရချေ။
တျန်းတုလောကဖန်ဆင်းဓားမှာမူ အင်အားကြီးမားသော သိုင်းပညာရှင်များစွာ ကောင်းကင်နှင့် မြေကြီးအား ဖွင့်လှစ်နေခဲ့သည်ကို တွေ့မြင်ခဲ့ရာမှ သိမြင်နားလည်ခဲ့သော တာအိုအဆင့် ကောင်းကင်နတ်သိုင်းပင် ဖြစ်သည်။
တျန်းတုလောကဖန်ဆင်းဓားအပေါ် သူ၏ သိမြင်နားလည်မှုမှာ အခြားကောင်းကင်နတ်သိုင်းများထက်ပက် ပို၍နက်ရှိုင်းသည်။
သူ၏ဓားမှာ ထုတ်လွှတ်ရန် အသင့်ဖြစ်နေသော်လည်း ပစ်မှတ်မှာ အနန္တအဘိုးအို မဟုတ်ဘဲ လောကသစ်ပင်အပြင်ဘက်မှ မဟာပျက်စီးခြင်းကပ်ဘေး ဖြစ်သည်။
ကပ်ဘေးထဲသို့ မကျရောက်ရန် နည်းလမ်းတစ်ခုတည်းသာ ရှိသည်။ လောကသစ်ပင်မှ ထွက်ခွာ၍ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ မကျရောက်ခင် မဟာပျက်စီးခြင်းကပ်ဘေးအား အလယ်မှ နှစ်ခြမ်းခွဲရန် ဖြစ်သည်။
မဟာပျက်စီးခြင်းကပ်ဘေးကို နှစ်ခြမ်းခွဲရန်မလိုအပ်ချေ။ လမ်းကြောင်းတစ်ခု ခုတ်ဖွင့်ကာ ထွက်ပြေးရန်သာ လိုအပ်သည်။ ကပ်ဘေးထဲသို့ မကျရောက်သရွေ့ အတိတ်သို့ ပြန်ရောက်သွားမည် မဟုတ်ပေ။
ဤသည်မှာ လက်ရှိအခြေအနေအား ရင်ဆိုင်ရန် သူ စဉ်းစားနိုင်သည့် အကောင်းဆုံးဗျူဟာပင် ဖြစ်သည်။
သို့သော် ဤလှုပ်ရှားမှုက သူ၏ နောက်ကျောကို အနန္တအဘိုးအိုထံတွင် လုံး၀လစ်ဟာနေစေသည်။ သူ၏ရုပ်ခန္ဓာ မည်မျှပင် ပြီးပြည့်စုံသည်ဖြစ်စေ အနန္တအဘိုးအို၏ အစွမ်းအစများအရ သူ့ကို အပြင်းအထန် ဒဏ်ရာရစေရန် မခက်ခဲချေ။
သို့သော် ချင်မူ့တွင် ဤသို့လုပ်ရန်မှ တစ်ပါး ရွေးချယ်စရာ မရှိတော့။
“မင်းရဲ့ဆရာက ဘာလို့ ငါ့စကား နားထောင်ပြီး တျန်းတုကို မဖြစ်မနေ တိုက်ခိုက်ခဲ့တာလဲ”
အနန္တအဘိုးအို၏ ခြေလှမ်းများမှာ အလွန်တရာ နှေးကွေးနေပြီး သူက အေးဆေးစွာ ပြောနေသည်။ “မင်းရဲ့ ဆရာဟာ နှလုံးသားထဲမှာ တစ်လောကလုံးက သက်ရှိတွေအားလုံးကို ထည့်ထားပြီးတော့ သိပ်ကို နွေးထွေးတဲ့သူလေ... ပြောပြမတတ်အောင်လည်း ရိုးအတယ်... ဒီလို နွေးထွေးပြီး သန့်စင်တဲ့ တာအိုနှလုံးသား ရှိတဲ့ ပုဂ္ဂိုလ်ပဲ အဲ့ဒီလောက်အထိ အောင်မြင်နိုင်တာ… သူ့ကို သွေးဆောင်ခဲ့တာ မဟုတ်သလို သူ့အကြိုက် မြှောက်ပြောခဲ့တာလည်း မဟုတ်ဘူး… ငါက သူ့ရဲ့ ထင်မြင်ချက်တစ်ခုကို အတည်ပြုပေးခဲ့ရုံပဲ”
ဖိအားမှာ ပိုပို၍လေးလံလာသောကြောင့် ချင်မူ၏ အသံမှာ အနည်းငယ် အက်ကွဲလာသည်။ “ဆရာ့မှာ ဘာထင်မြင်ချက် ရှိခဲ့လို့လဲ”
အနန္တအဘိုးအို ပြောပြနေသည့် မီလော့နန်းတော်အရှင်သခင်သည် သူ့အား လန်ယွီတျန်းကို သတိရမိစေသည်။ လန်ယွီတျန်းသည်လည်း အလားတူ သန့်စင်သော တာဝန်နှလုံးသားကို ပိုင်ဆိုင်ထားပြီး နွေးထွေးကြင်နာတတ်သူ မဟုတ်လော။
မီလော့နန်းတော်အရှင်သခင်နှင့် လန်ယွီတျန်းတို့မှာ တူညီသော လူစားမျိုး ဖြစ်သောကြောင့် ဉာဏ်ကြီးရှင်များစွာက သူတို့အပေါ် သစ္စာရှိကြခြင်း ဖြစ်ပေမည်။
“တျန်းတုက ကောင်းကင်နဲ့ မြေကြီးကို ဖွင့်လှစ်ပြီး စကြဝဠာအသစ်ကို ဆင့်ကဲပြောင်းလဲဖန်တီးခဲ့တယ်... ၇ စင်းမြောက် စကြဝဠာရဲ့ မွေးရာပါတာအိုက တကယ်တော့ တျန်းတုက တာအိုသိုင်းပညာရှင်တွေက သတ်မှတ်ခဲ့တာပဲ…. တျန်းတုက တာအိုသိုင်းပညာရှင်တွေရဲ့ မဟာတာအိုတွေက ၇ စင်းမြောက် စကြဝဠာရဲ့ မွေးရာပါတာအိုတွေ ဖြစ်သွားခဲ့တယ်”
အနန္တအဘိုးအိုက အတိတ်အကြောင်း ပြန်တွေးရင်း ဆက်လျှောက်လာနေသည်။ “အဲဒါက လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်လိုက်တဲ့အပြင် တခြားပြဿနာတွေလည်း ဖြစ်ပေါ်စေခဲ့တယ်…. တျန်းတုက တာအိုသိုင်းပညာရှင်တွေက ရှေးဟောင်းနတ်ဘုရားတွေ ဖြစ်သွားကြပြီး ၇ စင်းမြောက် စကြ၀ဠာရဲ့ မွေးရာပါတာအိုမှာ သူတို့ထက် ပို၍နက်နက်ရှိုင်းရှိုင်း သိမြင်နားလည်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာဖို့ ခက်ခဲသွားတယ်…. ဒါက မမြင်နိုင်တဲ့ သံခြေကျင်းတစ်ခုလိုပေါ့... ဒါအပြင် တျန်းတုဟာ ၇ စင်းမြောက် စကြဝဠာရဲ့ အကြီးမားဆုံးအာဏာကို ပိုင်ဆိုင်သွားတော့ စကြဝဠာရဲ့ စည်းမျဉ်းတွေကို စတင်ပြောင်းလဲလာခဲ့တယ်…. တျန်းတုက ၇ စင်းမြောက် စကြ၀ဠာကို စမ်းသပ်တဲ့နယ်မြေ အဖြစ် သတ်မှတ်ပြီး သူတို့ရဲ့အတွေးအခေါ်တွေကို စမ်းသပ်ခဲ့တယ်”
ချင်မူ၏ ခန္ဓာကိုယ်ကြွက်သားများ လှုပ်ရှားလာသည်။ သူ့မှာ ဖိအားကြောင့် အလိုလို ရှေ့သို့ ရွေ့နေ၏။ လောကသစ်ပင်အပြင်ဘက်ရှိ မဟာပျက်စီးခြင်းကပ်ဘေးနှင့် ပို၍နီးကပ်လာနေချေပြီ။ “စည်းမျဉ်းတွေကို ပြောင်းလဲတာက ကောင်းပေမယ့် ကျရှုံးမှုတွေတော့ သေချာပေါက် ရှိမှာပဲ... ဟုတ်တယ်မလား” သူက အက်ကွဲစွာ ပြန်မေးလိုက်သည်။
သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် တျန်းတုလောကဖန်ဆင်းဓားအား အသက်သွင်းပြီး မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ဝင်ရောက်ကာ လမ်းဖွင့်ရန် ကြိုးစားရပေတော့မည်။
ဤလှုပ်ရှားမှုက အောင်မြင်နိုင်ခြင်း ရှိ၊ မရှိ မသိရသေးပေ။
ရုတ်တရက် အနန္တအဘိုးအိုက ရပ်တန့်လိုက်ရာ ချင်မူမှာ မအီမသာ ဖြစ်သွားသည်။
“မင်း ပြောတာ မှန်တယ်…. တျန်းတုက တာအိုသိုင်းပညာရှင်တွေဟာ စမ်းသပ်တီထွင်မှုတွေ အများကြီး လုပ်ခဲ့ကြပေမယ့် ကျရှုံးတာက များတယ်…. သူတို့က ၇ စင်းမြောက် စကြ၀ဠာကို စမ်းသပ်နယ်မြေအဖြစ် သတ်မှတ်ခဲ့တော့ မငြိမ်မသက်မှုတွေ အများကြီး ဖြစ်လာခဲ့တယ် … သက်ရှိသတ္တဝါတွေ ဒုက္ခဆင်းရဲ ခံစားခဲ့ရတယ်... မီလော့နန်းတော်ရဲ့ အတွေးအခေါ်နဲ့ ဆန့်ကျင်လာခဲ့တယ်”
အနန္တအဘိုးအိုက ဤဖိအားကို ထိန်းထားကာ ချင်မူအား အသက်စွန့်ရုံမှလွဲ၍ ရွေးချယ်စရာမရှိသော အခြေအနေအထိ တွန်းအားမပေးသေးပေ။ “အတွေးအခေါ်တွေ ဆန့်ကျင်လာတာက အမှားအမှန်၊မ ကောင်းမှု၊ ကောင်းမှုထက် ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်…” သူက အေးဆေးစွာ ပြောသည်။ “ကောင်းမှု၊ မကောင်းမှုမှာ အမှားနဲ့ အမှန်ဆိုတာ ရှိတယ်... မှားနေတယ်ဆို အမှန်ပြင်လိုက်ရုံပဲ… ဒါပေမဲ့ အတွေးအခေါ်တွေ ဆန့်ကျင်တာကတော့ မတူဘူး… အတွေးအခေါ်တွေ ထိပ်တိုက် တွေ့ပြီဆိုရင် အသက်နဲ့ ခန္ဓာ တခြားစီဖြစ်သွားလိမ့်မယ်… တျန်းတုက တာအိုကို ဖီဆန်သူတွေ ဖြစ်ပြီး သူတို့ရဲ့ အတွေးအခေါ်က မှားယွင်းတယ်…. သူတို့ကို အမှန်ပြင်ပေးနိုင်တဲ့ နည်းလမ်းမရှိဘူးလို့ပဲ ငါ မီလော့နန်းတော်အရှင်သခင်ကို ပြောခဲ့တာ”
ချင်မူ၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ သူ့မှာ မျက်လုံး ဖွင့်လိုသော်လည်း မဖွင့်ဘဲ စွမ်းအင်သာ ဆက်လက်စုဆောင်းနေသည်။
သူ နတ်မျက်လုံးသုံးလုံးအား ဖွင့်လိုက်သည့်အချိန်တွင် အချိန်ကြာမြင့်စွာ စုဆောင်းထားသော စွမ်းအင်တို့ ပေါက်ကွဲထွက်လာပေလိမ့်မည်။ သို့သော် အနန္တအဘိုးအိုက သူ့ကို အခွင့်အရေး မပေးပေ။
“ငါ့မှာလည်း ကိုယ်ပိုင်ရည်ရွယ်ချက်တွေ ရှိတယ်”
အနန္တအဘိုးအိုက ပြုံးလိုက်သည်။ “တျန်းတုဘက်တော်သားတွေက သိပ်ကို ဆိုးသွမ်းတယ်… တစ်ယောက်ချင်းစီက အတွေးအခေါ်များတဲ့ ဥပဒေမဲ့ ပုဂ္ဂိုလ်တွေပဲ… သူတို့က ၇ စင်းမြောက် စကြ၀ဠာကို ဖရိုဖရဲဖြစ်စေခဲ့ပြီး ငါ့ရဲ့ လျှို့ဝှက်ချက်တွေကိုတောင် ရှာဖွေခဲ့တယ်…. တာအိုသစ်ပင် မကျင့်ကြံတဲ့ လမ်းစဥ်ကို စတင်လျှောက်လှမ်းခဲ့ကြတယ်”
သူက သက်ပြင်းချလိုက်သည်။ “သူတို့က လောကသစ်ပင်နဲ့ ငါ့ကိုတောင် ထိန်းချုပ်ချင်ခဲ့ကြတာလေ … ငါက ဘယ်ပျော်ပါ့မလဲ… မီလော့နန်းတော်ရဲ့ တာအိုကျင့်စဉ်စနစ်က ငါ့ကို တုပထားတာ... တာအိုသစ်ပင်ကျင့်ကြံပြီး ငါ့ကိုဖြစ်တည်လာစေတာ... ငါကလည်း တာအိုသိုင်းပညာရှင်တွေကို ကာကွယ်ပေးပြီး မဟာပျက်စီးခြင်းကပ်ဘေးကို ကျော်လွှားအသက်ရှင်နိုင်စေတယ်… ဒါက မကောင်းဘူးလား… ဘာလို့ပြောင်းလဲရမှာလဲ”
သူက ခေါင်းခါလိုက်သည်။ “တျန်းတုက သေရမှာပဲ”
ချင်မူ ပြုံးလိုက်သည့်အခါ ညာလက်မောင်း၏ ကြွက်သားများ ဖောင်းတက်လာပြီး သူ၏ခန္ဓာကိုယ်က ပုံမှန်ထက် အဆပေါင်းများစွာ ကြီးမားလာသည်။ “တာအိုနောင်တော် ခင်ဗျားရဲ့ တစ်ကိုယ်ကောင်းဆန်စိတ်က တခြားသူတွေအားလုံးထက် ပိုအရေးပါနေတယ်… မီလော့နန်းတော်က သခင်လေးသုံးက ၁၇ စင်းမြောက် စကြဝဠာက ကျင့်ကြံသူတွေအတွက် ကျောက်စိမ်းမြို့တော်ထောင်ချောက်၊ နတ်ကောင်းကင်ခန်းမထောင်ချောက်တွေကို ချန်ထားခဲ့တယ်…. ခင်ဗျားကတော့ သူတို့အတွက် တာအိုသစ်ပင်ထောင်ချောက်ကို ချန်ထားခဲ့တယ်… ကျွန်တော်ဖြင့် လေးစားမိပါတယ်”
အနန္တအဘိုးအိုက သက်ပြင်းချလိုက်သည်။ “မင်းတို့အတွက် တစ်နှစ်ဆိုတာ တစ်နှစ်တာ အချိန်ပဲ.... ငါ့အတွက်တော့ စကြဝဠာခေတ်တစ်ခေတ်က တစ်နှစ်ပဲ… အဲ့ဒီတုန်းက ငါက ခုနစ်နှစ်ပဲ ရှိသေးတယ်….ကိုယ်ပိုင်ရည်ရွယ်ချက်ရှိတာ ပုံမှန်ပဲ... မီလော့နန်းတော် ခုနစ်၊ မင်း နေထွက်တာကို စောင့်နေတာလား”
သူက ပြုံးလိုက်သည်။ “နေထွက်လာတဲ့အထိ စောင့်ပြီး လောကသစ်ပင်အပြင်ဘက်က မဟာပျက်စီးခြင်းကပ်ဘေး ပျောက်ကွယ်သွားရင် ထွက်ပြေးတော့မလို့လား”
ချင်မူ တိတ်ဆိတ်နေသည်။
“မင်း စောင့်နိုင်မှာ မဟုတ်ဘူး”
အနန္တအဘိုးအိုက အေးအေးလူလူ ဆက်ပြောသည်။ “လောကသစ်ပင်က စကြဝဠာ တစ်ခုပြီးတစ်ခုကို ဖြတ်သန်းလာတာ… ဒီလောကမှာ ထာဝရမပြောင်းလဲတဲ့ အရာပဲ.... တျန်းတုမှာ တာအိုဖီဆန်သူတစ်ယောက် ရှိတယ်… သူ့ရဲ့ကောင်းကင်နတ်သိုင်းက မပြောင်းလဲခြင်းတဲ့လေ... သိပ်ကို ထူးဆန်းတယ်.. ငါကတော့ မွေးရာပါ မပြောင်းလဲတာ... ငါ လောကသစ်ပင်ကို အမြဲတမ်း အမှောင်ထဲမှာ ထားပြီး အပြင်မှာ အမြဲတမ်း မဟာပျက်စီးခြင်းကပ်ဘေး ဖြစ်နေအောင် လုပ်လို့ ရတယ်”
ချင်မူ၏ မျက်လုံးထောင့်စွန်းများ တွန့်သွား၏။
“ငါက မင်းကို ဘယ်စကြဝဠာက မဟာပျက်စီးခြင်းကပ်ဘေးထဲကိုမဆို ပို့နိုင်တယ်”
အနန္တအဘိုးအိုက ပြောလိုက်သည်။ “သခင်လေးခုနစ် ဖရိုဖရဲ၊ မင်းက မင်းရဲ့ တာအိုဘွဲ့နဲ့ လိုက်ဖက်တယ်… တော်တော် ကံဆိုးတာပဲ.. လောကသစ်ပင်က ဖရိုဖရဲကို ဝါးမြိုပြီး ကြီးထွားလာတာလေ... မဟာပျက်စီးခြင်းကပ်ဘေးတိုင်းက ကြီးထွားဖို့ အခွင့်အရေးတစ်ခုပဲ…. မင်းဟာ ဖရိုဖရဲအခြေအနေကနေ ကိုယ်ပိုင်လမ်းစဉ်သိမြင်နားလည်ပြီး ကိုယ်ပိုင်တာအို ကျင့်ကြံနိုင်ခဲ့ပေမယ့် မင်း ဘယ်အဆင့်အထိ ရောက်နိုင်ပါစေ ငါ့ရဲ့ ဖိနှိပ်မှုကို ခံရမှာပဲ.... ပြီးပြည့်စုံတဲ့ ဖိနှိပ်ချုပ်နှောင်မှုပေါ့”
ချင်မူ အားတင်းပြုံးနေသည်။ သူ၏ ညာလက်မောင်းအကြောများက လှုပ်ရှားနေပြီး တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေနေသည်။ “ကျွန်တော်တို့က မိတ်ဆွေတွေလို့ ထင်ခဲ့တာ”
အနန္တအဘိုးအိုက ပြုံးလိုက်၏။ “ငါတို့က မိတ်ဆွေတွေ ဖြစ်လာမှာပါ... ငါ့အပင်ပေါက်ကို ခုတ်ပြီး မင်းရဲ့ ကောင်းကင်ရတနာထဲမှာ စိုက်ဖို့ ငါ မင်းကို မပြောခဲ့ဘူးလား... မင်း အတိတ်ဆီ ပြန်သွားပြီး ငါနဲ့ တွေ့တုန်းက ငါတို့နှစ်ယောက်သား အပြန်အလှန်လေးစားပြီး မိတ်ဆွေတွေလို့ ခေါ်ခဲ့ကြတယ်လေ... မင်းက ငါ့ကို အကြွေးစာချုပ်တောင် ပေးခဲ့တယ်”
ချင်မူ၏ ခန္ဓာကိုယ်သည် တောင့်တင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ကြွက်သားတိုင်းမှာ အပြင်းအထန် လှုပ်ရှားနေသည်။
အနန္တအဘိုးအိုက ခြေမြှောက်လိုက်သည်။ သူ ထိုသို့မြှောက်လိုက်သည်နှင့် တစ်ပြိုင်နက် ချင်မူခံစားနေရသော ဖိအားမှာ ရုတ်တရက် အဆမတန် တိုးပွားလာတော့သသည်။
ဒုန်း
အနန္တအဘိုးအိုက ရှေ့သို့ ခြေချလိုက်ရာ ပြိုင်ဘက်ကင်း ဖိအားက ချင်မူအား ခွန်အားအလုံးစုံသုံး၍ ခုခံလိုက်ရစေသည်။
“မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး... ငါလည်း မင်းကို မထိခိုက်စေချင်ဘူး... မင်း ငါ့ရဲ့ ထိန်းချုပ်မှုကနေလည်း မလွတ်မြောက်နိုင်ဘူး”
အနန္တအဘိုးအိုသည် သူ့အပေါ် နင်းချေနေသော ဖိအားကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်၏။ ချင်မူ၏ခြေထောက်အောက်မှ အနက်ရောင်တောင်မှာ ပြင်းထန်လှသော ချီစွမ်းအင်တုန်ခါမှုထဲတွင် ပျော့ပျောင်းသွားသည်။ ဧရာမအနက်ရောင်ကျောက်တုံးကြီးများက လေထဲတွင် လွင့်မျောနေပြီး ပြိုကွဲပျောက်ကွယ်လာကြ၏။
“မင်းက လမ်းဖောက်နိုင်မှာ မဟုတ်ဘူး.... ပထမဦးဆုံး ဖရိုဖရဲအလွှာကို ခုတ်ပိုင်းလိုက်မယ်ဆိုရင် ဒုတိယအလွှာနဲ့ တတိယအလွှာကို တွေ့ရလိမ့်မယ်... ရှေ့မှာ ဖရိုဖရဲအလွှာဆယ့်ငါးလွှာက မင်းကို စောင့်နေတယ်..မင်းကို အားအကုန် ကုန်သွားလိမ့်မယ် ”
ချင်မူ၏ ကြွက်သားများတွင် ပါဝင်သော စွမ်းအားမှာ နောက်ဆုံးတွင် အမြင့်ဆုံးသို့ ရောက်ရှိသွားသောကြောင့် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ချေပြီ။
သူ ဤခြေလှမ်း လှမ်းလိုက်သည့်အချိန်တွင် ခါးကို လှည့်၍ တိုက်ခိုက်လိုက်သည်။
ဝုန်း...
တျန်းတုလောကဖန်ဆင်းဓားက သူ့အနောက်ရှိ မဟာပျက်စီးခြင်းကပ်ဘေးကို မခုတ်ပိုင်းဘဲ အနန္တအဘိုးအိုကို ခုတ်ဖြတ်လိုက်ချေပြီ။
ဤတိုက်ကွက်မှာ သူ၏ စွမ်းအားအားလုံးနီးပါး ပါဝင်သော တိုက်ကွက်ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ၏ နောက်ကျောနှင့် မဟာပျက်စီးခြင်းကပ်ဘေးအကြားမှ တိုတောင်းသော အကွာအဝေးမှာ ရုတ်တရက် ကွဲအက်သွားပြီး အဆုံးသတ်မြို့ပျက် ကြာပန်းတစ်ပွင့် ပေါ်ထွက်လာ၏။ ၎င်းက မဟာပျက်စီးခြင်းကပ်ဘေး၏ ဖရိုဖရဲချီစွမ်းအင်တွင် အမြစ်တွယ်ကာ မဟာပျက်စီးခြင်းကပ်ဘေး၏ စွမ်းအားကို စုပ်ယူလိုက်သည်။ ထို့နောက် သူ့တိုက်ကွက်၏ စွမ်းအားကို တိုးမြှင့်ပေးလိုက်သည်။
ဤလောကတွင် ထိုက်ယီသစ်ပင်ခုတ်ချက် သိုင်းကွက်သည်သာ လောကသစ်ပင်ကို ခုတ်ပိုင်းနိုင်သည်မဟုတ်၊ သူ၏ကောင်းကင်နတ်သိုင်းကလည်း လုပ်နိုင်စွမ်း ရှိ၏။
ချင်မူကား ဤတိုက်ကွက်ဖြင့် အောင်မြင်ရန် စိတ်ပိုင်းဖြတ်ထားလေသည်။