← Chapters

အဆုံးမရှိသော တိုက်ပွဲ

Vol. 136 Ch. 1755

အဆုံးမရှိသော တိုက်ပွဲ

Vol. 136 Ch. 1755

ချင်မူ့အနောက်ရှိ အဆုံးသတ်မြို့ပျက်၏ ကြာပန်းပွင့်က မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်မူ၏ ခန္ဓာကိုယ်ထက် အဆတစ်ထောင်မက ကြီးမားလာသည်။ ကြာပန်းသည် မဟာပျက်စီးခြင်းကပ်ဘေးကြီးကို ဖရိုဖရဲပင်လယ်ပမာ အသုံးချကာ မဟာပျက်စီးခြင်းကပ်ဘေးကြီး၏ စွမ်းအားကို စုပ်ယူလိုက်၏။

မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲမှ ဖရိုဖရဲချီများက ပင်လယ်တစ်စင်းပမာ စုစည်းလာကာ ချင်မူ့အနောက်၌ ဒေါင်လိုက် ဖွဲ့တည်လာသည်။ ကြာရွက်များက ပင်လယ်ပြင်ထက်၌ မျောလွင့်နေလေသည်။

ဝုန်း

အားကောင်းပြင်းထန်သော တုန်ခါလှိုင်းများ ထကြွလာပြီး နေရာဟင်းလင်းပြင်သည် ချင်မူ့ကို ဗဟိုပြု၍ အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်ပမာ ပုံပျက်ရှုံ့တွလာတော့သည်။ အပြင်မှကြည့်လျှင် ထိုချောက်နက်အတွင်း၌ အဆုံးမဲ့သော အမှောင်ထုကြီးကိုသာ မြင်ရလိမ့်မည်။

သို့သော် ချင်မူ၏ ရှုထောင့်မှ ကြည့်လျှင် ဟင်းလင်းပြင်သည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၏။ မရဏလေပူက ဤနေရာအား အလွန်တရာ လင်းထိန်လာစေသည်။

ချင်မူက အဆုံးသတ်မြို့ပျက် အသူရာချောက်နက်အတွင်း၌ ရပ်ကာ ဒေါသမာန်ဟုန်အပြည့်ဖြင့် ဓားအား လွှဲခုတ်လိုက်သည်။

ဖရိုဖရဲပင်လယ်အတွင်းမှ ဖြာဆင်းလာသော စွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာ၍ ပျံ့နှံ့သွားပြီးနောက် လောကဖန်ဆင်းဓားစွမ်းအားအဖြစ် ပြောင်းလဲလာသည်။

သူ၏ ခြေထောက်အောက်တွင် ချီစွမ်းအင်တို့ ဝဲလှည့်လှုပ်ယွလာကာ တျန်းတု တည်ထောင်ရာ ယဇ်ပလ္လင်အသွင်သဏ္ဍာန် ဖြစ်တည်လာသည်။ ယဇ်ပလ္လင် မြင့်တက်လာသည်နှင့် လှပထည်ဝါသော သင်္ကေတအမှတ်အသားများ လင်းလက်တောက်ပလာကာ ဓားချက်၏ စွမ်းအားကို အားဖြည့်ပေးလိုက်သည်။

ဖရိုဖရဲခန်းမသည်လည်း မဟာပျက်စီးခြင်းကပ်ဘေးအတွင်း၌ ပေါ်လွင်လာ၏။ ထိုအခါ ပျက်စီးခြင်းကပ်ဘေးအတွင်းရှိ ဖရိုဖရဲချီများသည် သွေးရူးသွေးတန်း လှုပ်ခတ်ဆူပွက်လာကာ ချင်မူ၏ သိုင်းအဆင့်အား တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာစေသည်။

ချင်မူအနေဖြင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးကို ယခင်က ထုတ်သုံးနိုင်ခဲ့ခြင်း မရှိခဲ့ဖူးချေ။

အသူရာချောက်နက် တုန်ခါသွားပြီး တျန်းတုလောကဖန်ဆင်းဓား၏ စွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ ဓားစွမ်းအားသည် နှင်းကဲ့သို့ ဖြူဖွေးနေသော အလင်းတန်းတစ်တန်းအဖြစ်သို့ ပြောင်းလဲ၍ အသူရာချောက်နက်ထဲမှ ခုတ်ချလိုက်ချေပြီ။

အနန္တအဘိုးအိုမှာ ဤအပြောင်းအလဲကို လုံးဝ မျှော်လင့်မထားခဲ့ပေ။ ချင်မူ၏ တုံ့ပြန်မှုက သူ့အထင်နှင့် လွဲသွားခဲ့သည်။ သူ့အမြင်တွင် ချင်မူအတွက် အကောင်းဆုံး ရွေးချယ်မှုသည် သူ၏ ဖိအားအောက်တွင် မဟာပျက်စီးခြင်းကပ်ဘေးကြီးထဲသို့ မိမိသဘောအတိုင်း ဝင်ရောက်၍ တျန်းတုလောကဖန်ဆင်းဓားအား အသုံးပြုကာ ဆယ့်ခြောက်စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးအား ခုတ်ပိုင်းလမ်းဖွင့်ရန်သာ ဖြစ်၏။

ထိုအခါ ချင်မူသည် ဆယ့်ငါးစင်းမြောက် စကြဝဠာ၏ ကပ်ဘေးကြီးထဲသို့ ရောက်သွားလိမ့်မည်။

အကယ်၍ ချင်မူတွင် အင်အားပိုလျှံနေသေးပါက ဆယ့်ငါးစင်းမြောက် စကြဝဠာ၏ ကပ်ဘေးကြီးကို ဖောက်ထွက်ကာ ဆယ့်လေးစင်းမြောက် စကြဝဠာ၏ ကပ်ဘေးကြီးထဲသို့ ဝင်ရောက်သွားလိမ့်မည်။

ချင်မူ အစွမ်းထက်လေလေ၊ သူ့အား တားဆီးနေမည့် စကြဝဠာခေတ်သည် ပိုမိုရှေးကျလာလေလေ ဖြစ်မည်။ အကယ်၍ ချင်မူ၏ စွမ်းအားက သခင်လေးအဆင့်၌ ရှိနေလျှင် ပထမစကြဝဠာခေတ်၏ ကပ်ဘေးကြီးကို မရင်ဆိုင်နိုင်တော့ဘဲ ပထမခေတ်သို့ ပြန်ရောက်သွားလိမ့်မည်။

ထိုအခါ ချင်မူမှာ ပစ္စုပ္ပန်သို့ ပြန်လာနိုင်တော့မည် မဟုတ်ပေ။ ပြန်လာလိုပါက စွမ်းအင်ဖလှယ်နိုင်ရန် သခင်လေးသုံး၏ သွေးယဇ်ပူဇော်ပွဲဆီမှ အကူအညီ ယူရလိမ့်မည်။

ချင်မူ၏ အကျင့်အရ ထိုသို့သော ကိစ္စကို ဘယ်သောအခါမှ လုပ်လိမ့်မည် မဟုတ်ပေ။

သခင်လေးသုံးနှင့် သခင်လေးလေးတို့ကလည်း သူ့ကို စွမ်းအင်ဖလှယ်ရန် လုံးဝကူညီမည် မဟုတ်သောကြောင့် ချင်မူအနေဖြင့် အတိတ်တွင် ထာဝရ နေထိုင်သွားရုံသာ ရှိတော့သည်။

သို့သော် ချင်မူကား ကပ်ဘေးထဲသို့ မိမိသဘောအတိုင်း မဝင်ရောက်သည့်အပြင် သူ့ကိုပင် ပြန်လည်တိုက်ခိုက်ခဲ့ချေပြီ။

ဤဓားချက်၏ စွမ်းအားက ကြီးကျယ်ခမ်းနားလှသည်။ ဓားအလင်းတန်းသည် အသူရာချောက်နက်၏ ကြေမွပုံပျက်နေသော အမှောင်ထုထဲမှ ထွက်လာသည်နှင့် လောကသစ်ပင်အောက်ရှိ နေရာဟင်းလင်းပြင်ကို ထိုးခွင်းလာကာ သူနှင့် လောကသစ်ပင်ကို တစ်ခါတည်း ခုတ်ဖြတ်ချင်နေသယောင် ထင်ရ၏။

ဓားရောင်ထဲတွင် အနန္တအဘိုးအို၏ ဆံပင်ဖြူများ လှုပ်ခတ်လာသည်။ သို့သော် ဆံပင်ဖြူတို့သည် ဓားရောင်နှင့် မထိတွေ့ခင် အစိတ်စိတ်အမြွှာမြွှာ ပြတ်တောက်သွားလေသည်။

ဖောက်၊ ဖောက်၊ ဖောက်

ပြတ်တောက်သွားသော ဆံပင်ဖြူများသည် လေထဲတွင် အသစ်စက်စက် ဖြစ်တည်လာသော စကြဝဠာငယ်လေးများအဖြစ်သို့ ပြောင်းလဲသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ခေတ်ငါးခေတ် ကူးပြောင်းဖြတ်ကျော်သွားသည်။ ကြယ်တာရာများ လျင်မြန်စွာ မွေးဖွားလာပြီး တစ်ခုနှင့် တစ်ခု ဝေးကွာသွားသည်။ လောကသစ်ပင်၏ အကိုင်းအခက်များအောက်တွင် ခမ်းနားထည်ဝါသော စကြဝဠာငယ်လေးများ ချိတ်ဆွဲထားသည့်နှယ် လှပနေသည်။

အဘိုးအို၏ အနောက်တွင် လောကသစ်ပင်အသားစတို့ လွင့်ဖြာသွားကာ ပင်စည်ပေါ်တွင် ဓားဒဏ်ရာများ ပေါ်ထွက်လာသည်။ အကယ်၍ ချင်မူ၏ ဓားချက်သာ အမှန်တကယ် ခုတ်ဖြတ်မိသွားပါက လောကသစ်ပင် ပြတ်တောက်သွားနိုင်ပေသည်။

“ဖရိုဖရဲ၊ မင်းကတော့ အစွဲအလမ်းကြီးနေတုန်းပဲကိုး”

အနန္တအဘိုးအိုက လောကသစ်ပင်ဆီသို့ ဦးတည်နေသော ဓားချက်၏ လမ်းကြောင်းပေါ်တွင် ပိတ်ရပ်လိုက်သည်။ ဤတိုက်ကွက်ကို တားဆီးရလိမ့်မည်။ လောကသစ်ပင်သည် သူ၏ မူလခန္ဓာကိုယ် မဟုတ်လော။ အကယ်၍ ချင်မူသာ ခုတ်ဖြတ်လိုက်ပါက သူ၏စွမ်းအားမှာ နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြီး အမြစ်အတွင်း၌ ငုပ်လျှိုးသွားလိမ့်မည်။ မည်သည့်အချိန်မှ ပြန်လည်နိုးထနိုင်မည်ကို မသိနိုင်တော့ချေ။

အဘိုးအိုအနေဖြင့် ထိုသို့ဖြစ်ခွင့်ပေးမည် မဟုတ်။

သူ၏ ခြေလှမ်းများ လှုပ်ရှားသွားသည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ အလွန်နက်နဲသော တာအိုစည်းချက်တို့ ထွက်ပေါ်လာသည်။ စိတ်ကူးဖြင့်ပင် မမှန်းဆဖူးသော ကောင်းကင်နတ်သိုင်းများနှင့် တာအိုသိုင်းကွက်အမျိုးမျိုး သူ၏လက်ထဲမှ ဖြာထွက်လာသည်။ အမျိုးအစားတစ်ခုစီတိုင်းတွင် အလွန်နက်နဲအံ့ဩဖွယ်ကောင်းကာ မဟာတာအို၏ သဘောသဘာဝတို့ ကိန်းဝပ်နေသည်။

ရှေးယခင် စကြဝဠာခေတ် အဆက်ဆက်တွင် ပါရမီရှင်များသည် ကောင်းကင်ယံထက်က ကြယ်တာရာများသဖွယ် များပြားလှ၏။ တစ်ဘဝလုံး မဟာတာအိုတစ်ခုတည်းကို ကျင့်ကြံပြီး ထိုတာအိုကို ကောင်းကင်ဘုံ သုံးဆယ့်ခြောက်ဆင့်အထိ မြှင့်တင်ခြင်းဖြင့် ဟင်းလင်းပြင်တွင် တာအိုသစ်ပင်အဖြစ် တံဆိပ်ခတ်နှိပ်ကာ တာအိုသစ်သီး မွေးဖွားစေနိုင်ခဲ့သော ပုဂ္ဂိုလ်များမှာမူ နည်းပါးလှသည်။

မီလော့နန်းတော်၏ ခန်းမသခင်များပင်လျှင် စကြဝဠာတစ်ခေတ်တွင် မဟာတာအိုတစ်မျိုးကိုသာ အဆုံးစွန်အဆင့်အထိ အားထုတ်နိုင်ခဲ့သည်။ တာအိုသစ်သီးတစ်လုံးသာ မွေးဖွားစေနိုင်သည့်အပြင် တစ်ခါတစ်ရံတွင် ထိုတာအိုသစ်သီး သီးရန်ပင် မသေချာပေ။

သို့သော် ဤကန့်သတ်ချက်သည် အနန္တအဘိုးအိုအပေါ်တွင် မရှိသကဲ့သို့ပင်။

ဤခဏတာလေးအတွင်းမှာပင် သူ ထုတ်သုံးလိုက်သော မဟာတာအိုအမျိုးအစားတို့ကား ရာပေါင်းများစွာ ရှိနေပြီဖြစ်ပြီး မဟာတာအိုတစ်ခုစီတိုင်းသည် တာအိုနယ်ပယ်၏ အဆုံးစွန်အဆင့်သို့ ရောက်ရှိနေသည်။

ထိုမဟာတာအိုများမှ ဆင်းသက်လာသော ကောင်းကင်နတ်သိုင်းများသည်လည်း အဆုံးစွန်အဆင့်မှ ဆင်းသက်လာသော ကောင်းကင်နတ်သိုင်းများပင် ဖြစ်သည်။

သူ၏လက်ထဲတွင် မီလော့နန်းတော်၏ မဟာတာအိုကောင်းကင်နတ်သိုင်းများနှင့် တျန်းတု၏ မဟာတာအိုကောင်းကင်နတ်သိုင်းများပင် ထွက်ပေါ်လာနေသည်။

အဘိုးအိုကား ကမ္ဘာဦးဖရိုဖရဲကောင်းကင်နတ်သိုင်းကိုလည်း အလွန်ကျွမ်းကျင်ညက်ညောစွာ ပြသသွားခဲ့သေးသည်။ ဖရိုဖရဲတာအို၏ ကောင်းကင်ဘုံ ၃၆ ဆင့်အထိပင် ရောက်နေခဲ့သည့်အလားပင်။

မီလော့နန်းတော်၏ သခင်လေးခုနစ်ယောက်ပင်လျှင် မီလော့နန်းတော်သခင်၏ ပညာရပ်အားလုံးကို အပြည့်အဝ မသင်ယူနိုင်ခဲ့ကြပေ။ အကြီးဆုံးသခင်လေး မဟာဥသျှောင်မှာလည်း မဟာဥသျှောင်ခန်းမကိုသာ တည်ထောင်နိုင်ခဲ့သည်။ မီလော့နန်းတော်ကို တည်ထောင်နိုင်ခြင်း မဟုတ်ခဲ့ပေ။

သို့သော် အနန္တအဘိုးအိုက ကမ္ဘာဦးဖရိုဖရဲတာအို၏ အဆုံးစွန်သော သဘောတရားများကို အမှန်တကယ် ထုတ်ဖော်ပြသသွားခဲ့သည်။

ဤသည်ကား ချင်မူ ပြောခဲ့သော တာအိုသစ်ပင်ထောင်ချောက်ပင် ဖြစ်သည်။

တာအိုစနစ်အတိုင်း တာအို အောင်မြင်ပြီး အန္တိမဟင်းလင်းပြင်တွင် တံဆိတ်ခတ်နှိပ်သည့် လမ်းစဉ်ကို လျှောက်လှမ်းနေသမျှ ကာလပတ်လုံး တာအိုနယ်ပယ်ထောင်ချောက်ထဲသို့ ဝင်ရောက်နေခြင်းပင် ဖြစ်သည်။

တာအိုနယ်ပယ်ထောင်ချောက်သည် ကျောက်စိမ်းမြို့တော်ထောင်ချောက် သို့မဟုတ် နတ်ကောင်းကင်ခန်းမကဲ့သို့ ကြမ်းကြုတ်သော အကြံအစည်တို့ မရှိထားသော်လည်း တာအိုနယ်ပယ်၏ တာအိုသစ်ပင်ကို ကျင့်ကြံနေသမျှ အနန္တအဘိုးအိုကို အမျိုးမျိုးသော မဟာတာအိုတို့အား နားလည်သဘောပေါက်ရန် ကူညီပေးနေသည်နှင့် မခြားပေ။

တာအိုသိုင်းပညာရှင်တစ်ဦး တတ်မြောက်ထားသော မဟာတာအိုမှန်သမျှကို အနန္တအဘိုးအိုကလည်း တတ်မြောက်နိုင်သည်။ ၎င်းတွင် မီလော့နန်းတော်သခင်၏ ကမ္ဘာဦးအစ ဖရိုဖရဲတာအိုလည်း ပါတင်နေလေသည်။

အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲ၌ ချင်မူ့လက်မောင်းမှာ ပြင်းထန်စွာ တုန်ရီနေသည်။ သူ၏ တုတ်ခိုင်သော လက်မောင်းထဲမှ အကြောများ ပြတ်တောက်သွားပြီး အရေပြားကို ဖောက်ထွက်ကာ ကြွတက်နေသည်။ ထိုအကြောများသည် အစွယ်ဖြဲလျက် လက်သည်းထုတ်ပြထားသော အနီရောင်နဂါးများပမာ ကြောက်စရာကောင်းသော်လည်း နဂါးတို့၏ ခန္ဓာကိုယ်များမှာ ကျိုးပဲ့နေလေပြီ။

သူ၏ အရေပြား ပေါက်ကွဲသွားပြီး အသွေးအသားတို့ စုတ်ပြတ်သွားသည်။ မကြာမီပင် လက်မောင်းမှာ အရိုးသာ ကျန်တော့ချေပြီ။

အနန္တအဘိုးအို၏ ကောင်းကင်နတ်သိုင်းများက အလွန်ကျယ်ပြန့်နက်နဲသည့်အပြင် ထိုအဘိုးအို ကျွမ်းကျင်ထားသော တာအိုပညာရပ်တို့သည်လည်း အလွန်များပြားသလို၊ အလွန်အစွမ်းထက်လှသည်။ သူက ရှန့်ကျွင်း၏ သတ်ဖြတ်ခြင်းတာအိုကိုပင် ထုတ်ဖော်အသုံးပြုခဲ့သည်။

တျန်းတုလောကဖန်ဆင်းဓားက ချင်မူ ဖန်တီးခဲ့သမျှတွင် အစွမ်းအထက်ဆုံးနှင့် အံ့ဩဖွယ်အကောင်းဆုံး ကောင်းကင်နတ်သိုင်း ဖြစ်၏။ သူ သင်ယူတတ်မြောက်ထားသမျှ၊ နားလည်သဘောပေါက်ထားသမျှ အရာအားလုံးကို ပေါင်းစည်း၍ ကောင်းကင်ကို ဖွင့်၊ မြေကြီးကို ခွဲနိုင်သော ဓားချက်အဖြစ် ဖော်ဆောင်ထားသည်ဟု ဆိုရမည်။

သို့သော် အခြေခံတွင် ချင်မူမှာ အနန္တအဘိုးအိုထက် များစွာ နိမ့်ကျနေသေးသည်။

ကျင့်ကြံခြင်းအဆင့်တွင် ချင်မူအနေဖြင့် မဟာပျက်စီးခြင်းကပ်ဘေးကြီးကို နောက်ခံပြုထားရင်း ကြာပန်းပွင့်နှင့် ဖရိုဖရဲခန်းမမှတစ်ဆင့် စွမ်းအား စုပ်ယူနေသော်လည်း ဖရိုဖရဲထဲတွင် အမြစ်တွယ်နိုင်သော လောကသစ်ပင်ကို မမီသေးပေ။

ဖောင်း

ချင်မူ၏ ညာဘက် လက်မောင်း ပေါက်ကွဲသွားပြီးနောက် သူ၏ခြေထောက်အောက်မှ ယဇ်ပလ္လင်သည်လည်း ဝုန်းခနဲ မြည်သံနှင့်အတူ ကွဲအက်သွားသည်။

အနန္တအဘိုးအို၏ ကောင်းကင်နတ်သိုင်းက အဆုံးသတ်မြို့ပျက် အသူရာချောက်ထဲသို့ ဝင်ရောက်တိုက်ခိုက်လာသည်။ ချင်မူမှာ ဘယ်ဘက်လက်ဖြင့် ထိုက်ယီတာအိုကို လည်ပတ်စေလိုက်ပြီး ထိုက်ယီ၏ သစ်ပင်ခုတ်ချက်ဖြင့် အနန္တအဘိုးအိုဆီ ခုတ်ပိုင်းလိုက်သည်။

ထိုက်ယီပုဆိန်မှာ ချင်မူ၏ ဘယ်လက်မောင်းနှင့်အတူ ပေါက်ကွဲသွားပြီး သွေးမြူများ ပျံ့လွင့်သွားသည်။

ချင်မူ၏ ပါးစပ်ထောင့်မှ သွေးတို့ ယိုစီးကျလာသည်။ သူ၏ ချိုင်းအောက်မှ အသွေးအသားတို့က လူးလွန်လှုပ်ရှားလာပြီး နောက်ထပ်လက်တစ်ဖက် ထွက်ပေါ်လာကာ အနီရောင်ကြိုးထုံးအစီအရင်ဖြင့် ရှေ့သို့ ချုပ်နှောင်လိုက်သည်။

သို့သော် သူ၏ လက်ချောင်းငါးချောင်းစလုံး တဖျစ်ဖျစ် မြည်လျက် ကြေမွသွားပြီးနောက် လက်ကောက်ဝတ်၊ တံတောင်ဆစ်နှင့် ပခုံးဆီသို့ ပျံ့နှံ့လာသည်။

ချင်မူက ခါးကို လိမ်၍ လှည့်လိုက်သည်။ သူ၏ လည်ပင်းအသားတို့ လှုပ်ယွလာပြီး ဦးခေါင်း တစ်လုံးပြီးတစ်လုံး ပေါက်လာသည်။ ခေါင်းတို့၏ နဖူးအလယ်မှ ဒေါင်လိုက်မျက်လုံးများ ပွင့်လာပြီး ဖရိုဖရဲတာအိုအလင်းတန်းများ ထုတ်လွှတ်ကာ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ ဝင်ပေါက်ဆီ ပစ်ခွင်းနေသည်။

ချောက်နက်၏ ဝင်ပေါက်တွင် အနန္တအဘိုးအို၏ ဆံပင်ဖြူများက လွင့်ခတ်နေသည်။ သူက အေးဆေးသက်သာစွာ လမ်းလျှောက်ဝင်လာရင်း အလွန်နက်နဲသော မဟာတာအိုကောင်းကင်နတ်သိုင်းအမျိုးမျိုးဖြင့် ချင်မူ၏ ကောင်းကင်နတ်သိုင်းများကို လွယ်ကူစွာ ချိုးဖျက်လျက် ရယ်မောလိုက်သည်။ "ဖရိုဖရဲ၊ မင်းကတော့ မျှော်လင့်ချက် မစွန့်သေးဘူးကိုး.... မင်း အတိတ်ကို မပြန်ခင် ဒုက္ခနည်းနည်းတော့ ခံရဦးမယ့်ပုံပဲ"

ဂျွတ်

ချင်မူ၏ ဦးခေါင်း လိမ်ကျိုးသွားပြီး ဒေါင်လိုက်မျက်လုံးများ ပေါက်ကွဲသွားသောကြောင့် နဖူးအလယ်တွင် သွေးပေါက်တစ်ခု ပေါ်လာသည်။

သူ၏လည်ပင်းက လိမ်ကောက်သွားပြီး ဦးခေါင်းအသစ် ပေါက်လာသည်။

တစ်ချိန်တည်းမှာပင် သူ၏ ချိုင်းအောက်မှ လက်မောင်းများ ထွက်လာပြီး ကောင်းကင်နတ်သိုင်းများဖြင့် ရှေ့သို့ အရူးအမူး တိုက်ခိုက်သည်။ သို့သော် ကောင်းကင်နတ်သိုင်းတစ်ခုချင်းစီတိုင်းကို အနန္တအဘိုးအိုက အေးဆေးစွာ ချိုးဖျက်နေသည်။

ချင်မူ မျှော်လင့်ချက်မဲ့လာသည်။ သူ၏ တိုက်ကွက်များနှင့် ကောင်းကင်နတ်သိုင်းအားလုံး လုံးဝအသုံးမဝင်ပေ။ တျန်းတုလောကဖန်ဆင်းဓားကိုပင် အနန္တအဘိုးအိုက ချိုးဖျက်ပစ်နေသည်။ သူ သင်ယူခဲ့သမျှတွင် အနုစိတ်ဆုံးသော အနီရောင်ကြိုးထုံးအစီအရင်ပင်လျှင် အနန္တအဘိုးအိုကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။

"ဟုတ်သားပဲ အဆုံးသတ်မြို့ပျက်တာအို”

ချင်မူ့စိတ်ထဲတွင် အတွေးတစ်ချက် လက်သွားသည်။ သူက ရုတ်တရက် ချီစွမ်းအင်အားလုံး စုစည်းလိုက်ရင်း အဆုံးသတ်မြို့ပျက် အမြွှာကြာပန်းပွင့်ကို အသက်သွင်းကာ အဆုံးသတ်မြို့ပျက်တာအိုအား လှုံ့ဆော်လိုက်သည်။

ဆယ့်ခြောက်စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေး ပြင်းထန်စွာ တုန်ခါသွားသည်။

အမြွှာကြာပန်းပွင့်က ယိမ်းနွဲ့နေရင်း တစ်ချက် တုန်ခါသွားတိုင်း ပိုပိုကြီးမားလာသည်။ ဖရိုဖရဲပင်လယ်သည်လည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာပြီး ကြာပန်းအရွက်များကား ကောင်းကင်ကို ဖုံးလွှမ်းသွားတော့မည့်အလား ခန့်ညားထည်ဝါနေ၏။

ခဏတာလေးအတွင်းမှာပင် ဒေါင်လိုက်ထောင်နေသော ဖရိုဖရဲပင်လယ်ကား အဆပေါင်းများစွာ ကျယ်ပြန့်လာခဲ့ချေပြီ။ ၎င်းကား အလွန်အံ့ဩမှင်သက်ဖွယ်ရာ အသွင်ဖြင့် လောကသစ်ပင်၏ အပြင်ဘက်တွင် တည်ရှိနေသည်။

တစ်ချိန်တည်းမှာပင် ကြာပန်းက ချာချာလည်လျက် ပွင့်အာကျလာကာ ပွင့်ချပ်များ ထပ်ထွက်လာသည်။ ပွင့်ချပ်များက ပထမတစ်လွှာပေါ် ထပ်သွားပြီး အလယ်တွင် ကြာပလ္လင် ပေါ်လွင်လာစေသည်။

ချင်မူလည်း စိတ်လှုပ်ရှားသွားပြီး နောက်သို့ တစ်လှမ်းဆုတ်ကာ ကြာပလ္လင်ပေါ် ဆင်းသက်လိုက်သည်။

အနန္တအဘိုးအိုသည် ခဏမျှ တုံ့ဆိုင်းသွားပြီး ချောက်၏ ဝင်ပေါက်တွင် ရပ်နေကာ ဝင်မလာတော့ပေ။

နောက်ဆုံးတော့ ချင်မူ အသက်ရှူချိန်ရသွားသည်။ စောစောက တိုက်ပွဲတွင် သူ၏ ကောင်းကင်နတ်သိုင်းအားလုံးနီးပါး ချိုးဖျက်ခံခဲ့ရပြီး တစ်ခုမျှ အရာမထင်ခဲ့ပေ။ အနန္တအဘိုးအို၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် သူသာ ထပ်ခါတလဲလဲ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ယခုအချိန်အထိ တောင့်ခံနိုင်ရန်မှာ မလွယ်ခဲ့ပေ။

"နှစ်ရဲ့ လမ်းစဉ်ကို မင်းက ကောင်းကောင်းမွန်မွန် သင်ယူထားတာပဲ"

အနန္တအဘိုးအိုက အသူရာချောက်နက်ထဲသို့ စိုက်ကြည့်နေသည်။ ထိုအထဲတွင် ချင်မူက နှစ်လွှာကြာပလ္လင်၏ ဒုတိယအလွှာ၌ ရပ်နေသည်။ အဆုံးသတ်မြို့ပျက်တာအိုက အရာအားလုံးကို ၎င်းအတွက် အာဟာရအဖြစ် စုပ်ယူနေသည်။

"နှစ်ရဲ့ လမ်းစဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေက တာအိုဖီဆန်သူတွေ လမ်းစဉ်ပေါ် ရောက်တော့မှာမလို့ မင်းရဲ့ဆရာက သူ့ကို ချိပ်ပိတ်ခဲ့တာ"

အနန္တအဘိုးအိုသည် ထပ်ခါတလဲလဲ သက်ပြင်းချရင်း နှမြောတသဖြစ်သော အမူအရာဖြင့် ပြောလိုက်သည်။ "ဖရိုဖရဲ၊ မင်းလည်း လမ်းမှားပေါ် ရောက်တော့မှာပဲ"

ချင်မူမှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သော်လည်း ရုတ်တရက် လည်ချောင်းထဲမှ သွေးတစ်လုပ် ဆို့တက်လာကာ အသက်ရှူပြွန်ကို ပိတ်ဆို့သွားသဖြင့် အဆက်မပြတ် ချောင်းဆိုးလိုက်ရသည်။

"တာအိုဖီဆန်သူတဲ့လား"

သူက သွေးခဲများကို ထွေးထုတ်လိုက်ပြီး အသက်ရှူလိုက်ကာ လှောင်ပြောင်သရော်လိုက်သည်။ "ဘယ်သူက တာအိုဖီဆန်သူလဲ... တာအိုနောင်တော်ပဲ သတ်မှတ်ပေးတာ မဟုတ်ဘူးလား... ခင်ဗျားက ဘယ်သူလို့ပြောရင် အဲဒီလူက ခင်ဗျားနာမည် တပ်တဲ့အတိုင်း ဖြစ်ရတာပဲ... တာအိုနောင်တော်၊ လောကသစ်ပင်နဲ့ အဆုံးသတ်မြို့ပျက်ကြာပွင့်က ဆန့်ကျင်ဘက်အနေနဲ့ မွေးဖွားလာတာ... ကျွန်တော် ဒီကြာပလ္လင်ပေါ်မှာ ရပ်နေသမျှ ခင်ဗျား ကျွန်တော့်ကို ဘာမှလုပ်လို့မရဘူး.... ဒီတိုက်ပွဲက ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် အကျိုးမရှိဘူး... ကျွန်တော့်ကို သွားခွင့်ပေးရင် အဲဒီအကြွေးစာချုပ်ကို ကျွန်တော် အသိအမှတ်ပြုပေးမယ်"

အနန္တအဘိုးအိုက ပြုံးတစ်ဝက် မပြုံးတစ်ဝက်ဖြင့် ပြောလိုက်သည်။ "မီလော့နန်းတော်ရဲ့ သခင်လေးခုနစ်၊ မင်းက တကယ်ကို ရိုးသားတာပဲ... မီလော့နန်းတော်ရဲ့ သခင်လေးနှစ်ဆို ဆယ့်ခြောက်လွှာကြာပလ္လင်ကို ပိုင်ဆိုင်ခဲ့တာတောင် မင်းရဲ့ ဆရာက လုံးဝနှိမ်နင်းထားခဲ့တာ မဟုတ်ဘူးလား.... မင်းက နှစ်လွှာပဲ ဖော်‌ဆောင်နိုင်သေးတယ်... မင်းရဲ့စွမ်းရည်က အများကြီးလိုသေးတယ်... မင်း စောစောက ထုတ်သုံးခဲ့တဲ့ ကောင်းကင်နတ်သိုင်းတွေထဲမှာ နှစ်ကို နှိမ်နင်းခဲ့တဲ့ ကောင်းကင်နတ်သိုင်းလည်း ပါတယ်... အဲဒီလို ကောင်းကင်နတ်သိုင်းမျိုးက ငါ့အတွက်လည်း မခက်ခဲပါဘူး... ပြီးတော့..."

သူက အေးဆေးစွာ ပြောလိုက်သည်။ "လောကသစ်ပင်နဲ့ အဆုံးသတ်မြို့ပျက်ကြာပွင့်က အပြန်အလှန် ထိန်းထားနိုင်တယ်... အပြန်အလှန် ထိန်းထားနိုင်မှတော့ ငါက မင်းရဲ့ ကြာပွင့်ကို ထိန်းပြီး သန့်စင်ဝါးမြိုလိုက်တာကလည်း မဖြစ်နိုင်စရာ မရှိဘူး ထင်တယ်"

ချင်မူ ရင်ထဲ တဖြည်းဖြည်း လေးလံလာသည်။

"နှစ်ဝက်... ငါ နှစ်ဝက်အထိ တောင့်ခံထားရမယ်"

သူက အသက်ရှူသွင်းလိုက်ရင်း စိတ်ထဲမှ တိတ်တဆိတ် ပြောလိုက်သည်။ "ရှင်းအန်း၊ ဒီတိုက်ပွဲရဲ့ အနိုင်အရှုံးက မင်း ခြောက်လအတွင်းမှာ ထိုက်ယီကို ကယ်တင်နိုင်မလားဆိုတဲ့အပေါ် မူတည်နေပြီ... ထိုက်ယီ၊ မြန်မြန်လာကယ်ပါ..."

ဘိုးဘေးနန်းတော်ထဲတွင် ရှင်းအန်းက သေတ္တာနှင့်အတူ လျှောက်သွားနေသည်။ တစ်လကျော် ကြာပြီးနောက် တောတောင်ရေမြေ လှပပြီး အေးချမ်းသော နေရာအား ရှာတွေ့၍ သီးသန့်နေထိုင်လိုက်သည်။

ဗြန်း ဗြုန်း

သေတ္တာသည် ဖွင့်လိုက်ပိတ်လိုက်လုပ်ရင်း သူ့ကို မေးခွန်းထုတ်နေ၏။

"တောတောင်ရေမြေ လှပပြီး အေးချမ်းတဲ့ နေရာ ရှာရမှာပေါ့ကွ”

ရှင်းအန်းက ရှင်းပြနေသည်။ "စိတ်အခြေအနေ ကောင်းမှ၊ စိတ်လန်းဆန်းနေမှ အလုပ်လုပ်ရတာ မြန်တယ်.... ဒီလိုနေရာမျိုး ရှာတွေ့ရင် အလုပ်နှစ်ဆ ပြီးတယ်"

သူက တာအိုအသုဘခေါင်းတလားအား မည်သို့ ဖွင့်ရမည်ကို လေ့လာရန် စိတ်မကူးသေးပေ။ ချူကောခန်းမသခင်၏ ခန္ဓာကိုယ်အောက်ပိုင်းကို ထုတ်ယူပြီး အသေးစိတ် လေ့လာနေသည်။

သေတ္တာမှာ အတော်လေး နားမလည်နိုင်သဖြင့် သူ့ပတ်လည်တွင် တဗြုန်းဗြုန်း တဗြန်းဗြန်း မြည်အောင် လျှောက်သွားနေသည်။

"ပုဆိန်သွေးတာက ထင်းခုတ်တာကို မနှောင့်နှေးစေပါဘူး"

ရှင်းအန်းက ရှင်းပြလိုက်သည်။ "အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်မှ တာအိုအသုဘခေါင်းတလားကို ဖွင့်ရတာ ပိုမြန်မှာလေ... ပြီးတော့ ငါက ဂိုဏ်းသခင်ချင်ဆီက ခြောက်လအချိန် တောင်းထားတာ... အချိန်က လုံလောက်တယ်... ပိုတောင်ပိုသေးတယ်”

သေတ္တာလည်း မေးခွန်းမထုတ်တော့ချေ။

All Chapters