တောမီးလောင် တောကြောင် လက်ခမောင်းခတ်
Vol. 136 Ch. 1756
ဘိုးဘေးနန်းတော်တွင် ကောင်းကင်နတ်ဘုံကား လုံးဝပြိုကျသွားခဲ့ချေပြီ။ ဟွမ်ထန်း၊ လီရှုနှင့် ယန်ရှို့ကောတို့သည် သွေးဆာနေသော ဝံပုလွေများသဖွယ် ဟွမ်ရှီခန်းမသခင်နှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်တို့ကို တိုက်ခိုက်နေကြ၏။ သူတို့နှစ်ယောက်မှာ ကောင်းကင်နတ်ဧကရီရှိရာ ကောင်းကင်နတ်ဘုံစစ်တပ်သို့ ထွက်ပြေးခဲ့ရလေသည်။
ကောင်းကင်နတ်ဘုံစစ်တပ်သည် အင်အားကြီးသိုင်းပညာရှင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် ကောင်းကင်နတ်ဧကရီကိုယ်တိုင်က စစ်တပ်ကို ဦးဆောင်၍ အကြီးအကဲသုံးဦးကို တားဆီးလိုက်သည်။
အဆုံးသတ်မြို့ပျက်နတ်ဘုရားမ ဖြစ်သည်နှင့်အညီ ကောင်းကင်နတ်ဧကရီ၏ ခွန်အားကား သာမန်မဟုတ်ပေ။ သူမကိုယ်တိုင် လီရှုကို ရင်ဆိုင်တိုက်ခိုက်သည့်အခါ ထိုအဘိုးအို၏ ခန္ဓာကိုယ်ထဲ၌ အသူရာချောက်နက် ဖြစ်တည်လာစေကာ ချီစွမ်းအင်နှင့် မဟာတာအိုကိုပင် ဝါးမြိုနိုင်လေသည်။
ဟွမ်ထန်းနှင့် ယန်ရှို့ကောတို့က အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းကို ပူးပေါင်းဖြေရှင်း၍ လီရှုကို ကယ်တင်နိုင်ခဲ့ကြသည်။ သူတို့မှာ ဒေါသူပုန်ထ၍ အတိတ်စကြဝဠာမှ အင်အားကြီးသိုင်းပညာရှင် ရာပေါင်းများစွာကို စုစည်းကာ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာခုနစ်သိန်းအား တိုက်ခိုက်သတ်ဖြတ်တော့သည်။
ကောင်းကင်နတ်ဧကရီအနေဖြင့်လည်း ကောင်းကင်နတ်ဘုံ၏ အရေးနိမ့်နေသော အခြေအနေကို မကယ်တင်နိုင်တော့သောကြောင့် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ဆုတ်ခွာခဲ့ရသည်။
အကြီးအကဲသုံးဦးက အတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်များကို ဦးဆောင်၍ လိုက်လံသတ်ဖြတ်သည်။ ကောင်းကင်နတ်ဘုံစစ်တပ်မှာ ကျရှုံးထိခိုက်မှုများ အဆက်မပြတ် ခံစားခဲ့ရသည်။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ ရောက်ရှိသည့်အခါတွင် အင်အားနှစ်သိန်းသာ ကျန်တော့ချေပြီ။
ကောင်းကင်နတ်ဧကရီနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်ပင်လျှင် ကြံရာမရတော့ဘဲ မျှော်လင့်ချက်မဲ့လာတော့သည်။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က ဘိုးဘေးနန်းတော်တွင် တည်ရှိနေသယောင် ထင်ရသော်လည်း အမှန်တကယ်တွင် စကြ၀ဠာခေတ်အဆက်ဆက်၏ မဟာပျက်စီးခြင်းကပ်ဘေးကြီးများတလျှောက် ဖြတ်သန်းတည်ရှိနေခြင်းဖြစ်သည်။ အမှန်တွင် မီလော့နန်းတော်မှ ၁၇ စင်းမြောက် စကြ၀ဠာသို့ အပြည့်အ၀ ဆင်းသက်လာနိုင်သည့် သိုင်းပညာရှင် ဟူ၍ မရှိသေးချေ။
သွေးယဇ်ပူဇော်ခြင်းဖြင့် စွမ်းအင်အစားထိုးဖလှယ်ပြီးမှသာ ၁၇ စင်းမြောက် စကြဝဠာသို့ ဆင်းသက်လာနိုင်ကြလိမ့်မည်။
ဟွမ်ရှီခန်းမသခင်မှာ ၁၇ စင်းမြောက် စကြဝဠာသို့ ဆင်းသက်လာနိုင်ခဲ့သည့် တစ်ဦးတည်းသော တာအိုသိုင်းပညာရှင်ဟု ဆိုနိုင်သည်။ သို့သော် သူမသည်လည်း ဆင်းသက်လာလျှင်ချင်း ရှန့်ကျွင်း၏လက်ချက်ကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့၏။
ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ဆိုသည်မှာ အပျက်အစီးများ ပုံနေသည့် နေရာတစ်ခုသာ ဖြစ်ချေသည်။
မြို့ထဲတွင် နန်းဆောင်ထောင်ပေါင်းများစွာ ရှိနေသကဲ့သို့ ထင်ရ၏။ တာအိုသစ်ပင်တောအုပ်များ ရှိနေသည်နှင့် တူပြီး ဆန်းကြယ်သည်။ အမှန်တွင် ဤမြို့မှ ထွက်ခွာနိုင်သည့် သိုင်းပညာရှင်ဟူ၍ မရှိပေ။
သူတို့အားလုံးမှာ မဟာပျက်စီးခြင်းကပ်ဘေး၏ အလယ်ဗဟိုတွင်သာ ရှိနေကြသေး၏။
ကောင်းကင်နတ်ဧကရီနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်တို့က လက်ကျန်တပ်ဖွဲ့များကို ဦးဆောင်၍ မြို့ထဲတွင် ပုန်းအောင်းနေကြသည်။ အကြီးအကဲသုံးဦးက အတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်များအား ခေါ်ဆောင်ကာ မြို့ထဲသို့ ကမူးရှူးထိုး ဝင်လာကြသည်။ သို့သော် သူတို့ မြို့ထဲသို့ ဝင်ရောက်သည်နှင့် အကျအရှုံးများစွာ တွေ့ကြုံခဲ့ရသည့်အပြင် ထူးဆန်းသောဖြစ်ရပ်များ မကြာခဏဆိုသလို ဖြစ်ပွားလာလေသည်။ ဝင်ရောက်လာသော အတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်များမှာ အကြောင်းအရင်းပင် မသိလိုက်ဘဲ သေဆုံးသွားကြရသည်။
အကြီးအကဲသုံးဦးမှာ ကျောက်စိမ်းမြို့တော်မှ ထွက်ခွာရန်မှတစ်ပါး ရွေးချယ်စရာ မရှိကြချေ။
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ အသက်ရှူချောင်သွားသော်လည်း အကြီးအကဲသုံးဦးသည် မြို့အပြင်ဘက်တွင် ၀င်္ကပါခင်းကျင်း၍ ယဇ်ပလ္လင် တည်ဆောက်ကာ ကျောက်စိမ်းမြို့တော်အား ဝါးမြိုရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရ၏။
“အကြီးအကဲသုံးဦးတော့ တကယ်ပဲ သေချင်နေကြတာထင်တယ်”
ဟွမ်ရှီခန်းမသခင်က စိတ်ပျက်သည့်ဟန်ဖြင့် ခေါင်းရမ်းနေသည်။ “ကောင်းကင်နတ်ဧကရာဇ်၊ ငါနဲ့အတူ မြစ်ကို ဖြတ်ကူးပြီး သခင်လေးဆီ သွားတွေ့ကြစို့... ငါ ရှန့်ကျွင်းကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့တဲ့အပြင် အဲ့ဒီကောင်းကင်နတ်အရှင်ယွဲ့ရဲ့ သတ်ဖြတ်ခြင်းတာအိုတေးသွားနဲ့လည်း ထိခိုက်ခဲ့မိတယ်.... တာအိုဒဏ်ရာကို ကုသဖို့ သခင်လေးရဲ့ အကူအညီ လိုအပ်တယ်.... သခင်လေးရဲ့ ကောင်းကင်နတ်သိုင်းနဲ့ စွမ်းအားတွေက သိပ်ကို ကျယ်ပြန့်နက်ရှိုင်းတယ်... လက်တစ်ချက် ခါလိုက်ရုံနဲ့ အကြီးအကဲသုံးဦးကို သတ်ပစ်နိုင်တယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်လည်း သဘောတူသည်။ “ကျုပ်က ကောင်းကင်နတ်အရှင်ယွင်ရဲ့ လက်ချက်နဲ့ မဟာခြုံလွှမ်းကောင်းကင်ဘုံအဆင့်ကနေ ကျသွားပြီ.... တာအိုသစ်ပင်၊ တာအိုပန်းပွင့်အပြင် မဟာခြုံလွှမ်းကောင်းကင်ဘုံပါ မရှိတော့ဘူး... ကျုပ်ရဲ့ သိုင်းအဆင့် ပြန်တက်လာအောင် သခင်လေးသုံးအရှေ့မှာ နည်းနည်းလောက် ချီးကျူးပေးလို့ ရမလား”
ဟွမ်ရှီခန်းမသခင်က သူ့ကို တစ်ချက်ကြည့်ပြီး ခပ်မဲ့မဲ့ ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်၊ မီလော့နန်းတော်မှာ သေရေးရှင်ရေး အခြေအနေကနေ မရုန်းကန်ဖူးတဲ့သူဆိုတာ ရှိလို့လား... မီလော့နန်းတော်မှာ ရှိတဲ့သူတိုင်းဟာ တစ်သက်မှာ တစ်ကြိမ်ထက်မနည်း ကျရှုံးမှုခဲ့ကြဖူးတယ်... တချို့ဆိုရင် နင့်ထက်တောင် ပိုခံစားခဲ့ကြရတာ.... သူတို့တောင် မဟာခြုံလွှမ်းကောင်းကင်ဘုံအဆင့်အထိ ပြန်တက်ပြီး တာအိုပန်းပွင့်နဲ့ တာအိုသစ်သီးကို ကျင့်ကြံနိုင်ကြတယ်... နင်က မလုပ်နိုင်ဘူးလား”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က အက်ကွဲနေသော အသံဖြင့် ဖြေသည်။ “သူတို့က ကျုပ်လို ကျရှုံးမှုကို မကြုံတွေ့ဖူးကြဘူးလေ ... ကျုပ်ဘဝမှာ အောင်မြင်မှုနဲ့ ကျရှုံးမှုကြီးနှစ်ခု ကြုံတွေ့ခဲ့ရတယ်.... အကြိမ်တိုင်း အရင်ကထက် ပိုသန်မာလာခဲ့တယ်… ဒါပေမဲ့ တတိယအကြိမ် ရှုံးနိမ့်မှုက မတူဘူး... ဒီရှုံးနိမ့်မှု မတိုင်ခင်မှာ ကျုပ်ဟာ အာဏာအထွတ်အထိပ်ကို ရောက်ရှိခဲ့ပြီး အခြေအနေကောင်းနေခဲ့တယ်.... ဒါပေမဲ့ ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်မူတို့ရဲ့ လက်ချက်ကြောင့် ပြိုကွဲသွားခဲ့ပြီး အရာအားလုံး မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့တယ်.... ကျုပ်ရဲ့ကောင်းကင်နတ်ဘုံ၊ ကျုပ်ရဲ့အာဏာအသာထား ကျုပ်ရဲ့ ကျင့်ကြံခြင်းအခြေခံကိုတောင် မထိန်းသိမ်းနိုင်ခဲ့ဘူး.... ကျုပ်က အားလုံးရဲ့အမြင်မှာ ရယ်စရာ ဟာသတစ်ခုပဲ”
ဟွမ်ရှီခန်းမသခင်က စိတ်ဓာတ်ကျနေ၍ ရူးတော့မည့် သူ့အသွင်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။ “ဒါက တာအိုကို ကျင့်ကြံပြီး နှလုံးသားကို မကျင့်ကြံတဲ့ အားနည်းချက်ပဲ.... ကောင်းကင်နတ်ဧကရာဇ်၊ နင်ဟာ ခွန်အားပဲရှိပြီး တာအိုနှလုံးသားမှာတော့ ပျော့ညံ့လွန်းတယ် ... နင်သာ တာအိုနှလုံးသားကို ကျင့်ကြံခဲ့ရင် အခုထက် အဆတစ်ရာ ပိုပြင်းထန်တဲ့ ကျရှုံးမှုကို ကြုံတွေ့ရရင်တောင်မှ ပြန်ထနိုင်လိမ့်မယ်.... ဒီလောကမှာ အကြီးမားဆုံး ကျရှုံးမှုကို ကြုံတွေ့ခဲ့ရတဲ့သူက တကယ်တမ်းမှာ ဆရာ၊ မီလော့နန်းတော်အရှင်သခင်ပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ မှင်သက်သွားကာ ခေါင်းရမ်းလိုက်၏။ “မီလော့နန်းတော်အရှင်သခင်က စကြ၀ဠာ ၁၇ စင်းမှာ အသန်မာဆုံး ပုဂ္ဂိုလ်ပဲလေ ... သူက ဘယ်လိုကျရှုံးမှုမျိုးကို ကြုံတွေ့ခဲ့ရတာလဲ”
“ဆရာက တစ်လောကလုံးကို ဂရုစိုက်ပြီး သတ္တဝါမှန်သမျှ ကယ်တင်ချင်တယ်.... အတိုက်အခိုက်စွမ်းရည်မှာ သူ့ကို ယှဉ်ပြိုင်နိုင်တဲ့သူ မရှိဘူး.... ဒါပေမဲ့ မဟာပျက်စီးခြင်းကပ်ဘေးတိုင်းက ဆရာ့အတွက် ကြီးမားတဲ့ ကျရှုံးမှုတစ်ခုပဲ”
ဟွမ်ရှီခန်းမသခင်က စိတ်အားထက်သန်စွာ သင်ကြားပြသနေသည်။ “ကပ်ဘေးတိုင်းမှာ သူက တစ်လောကလုံးကို ကယ်တင်ချင်ခဲ့မိတယ်... အဆုံးမရှိတဲ့ခွန်အား ပိုင်ဆိုင်ထားပေမယ့် အကြိမ်တိုင်း ကျဆုံးခဲ့ရတယ်... သူ့ခွန်အားက ဘာမှ အသုံးမဝင်ဘဲ တစ်လောကလုံး သူ့အရှေ့မှာ သေသွားတာကိုပဲ ကြည့်နေခဲ့ရတယ်.... အဲဒီလိုနာကျင်မှုမျိုးကို နင် မှန်းကြည့်နိုင်မှာတောင် မဟုတ်ဘူး.... ဒါပေမဲ့ ကျရှုံးမှုပြီးတိုင်းမှာ ဆရာရဲ့ တာအိုနှလုံးသားက ပြန်လည်မွေးဖွားလာတဲ့အပြင် အတိုက်အခိုက်စိတ်ဆန္ဒကလည်း ပြန်လည်နိုးထလာခဲ့တယ်.... ဒါက တာအိုသိုင်းပညာရှင်တစ်ယောက်ရဲ့ စိတ်ဓာတ်ပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က မေး၏။ “အခု မီလော့နန်းတော်အရှင်သခင်က ဘယ်မှာလဲ”
ဟွမ်ရှီခန်းမသခင် တိတ်ဆိတ်သွားသည်။
တစ်ဆယ့်ခြောက်ကြိမ်တိုင်တိုင် ကျရှုံးပြီးနောက် မီလော့နန်းတော်အရှင်သခင်မှာ ပြန်ထမလာနိုင်တော့ဘဲ တာအိုနှလုံးသား သေဆုံးသွားခဲ့ရချေပြီ။
“ဆရာသာ ရှိနေရင် ၁၇ စင်းမြောက် စကြဝဠာမှာ ဒီလောက် ရှုပ်ထွေးတဲ့ ကိစ္စတွေ ဖြစ်ပေါ်မှာမဟုတ်ဘူး… မီလော့နန်းတော်လည်း အခုအချိန်အထိ ၁၇ စင်းမြောက် စကြဝဠာထဲ မဆင်းသက်နိုင်ဘဲ တားဆီးခံနေရမှာ မဟုတ်ဘူး”
သူမက သက်ပြင်းချလိုက်ပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်နှင့်အတူ ဖရိုဖရဲမြစ်သို့ ရောက်လာသည်။
မြစ်ထဲတွင် ဖရိုဖရဲချီမှာ အုံကြွလှုပ်ရှားနေပြီး လှိုင်းလုံးများမှာလည်း ယခင်ကထက် ပို၍ပြင်းထန်နေ၏။
ဟွမ်ရှီခန်းမသခင် အံ့ဩသွားသည်။ သူမက တာအိုသစ်ပင်ကို အသက်သွင်းလိုက်ရင်း မရဏလေနှင့် လှုပ်ရှားနေသော ဖရိုဖရဲချီတို့ကို တည်ငြိမ်စေလိုက်သည်။ ဤအခိုက်အတန့်တွင် မီလော့နန်းတော်မှ သခင်လေးသုံး၊ သခင်လေးလေးနှင့် အခြားခန်းမသခင်များကို တွေ့လိုက်ရ၏။
မီလော့နန်းတော်မှ ထိုသိုင်းပညာရှင်များသည် မဟာပျက်စီးခြင်းကပ်ဘေး၏ အလယ်ဗဟိုတွင် ရှိနေကြပြီး တူညီသော အရပ်မျက်နှာသို ကြည့်ရှုနေကြသည်။
ဟွမ်ရှီခန်းမသခင်လည်း ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ခေါ်လာကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ဟွမ်ရှီ အသုံးမကျခဲ့ပါဘူး… သခင်လေးတို့ ပေးအပ်တဲ့တာဝန်ကို မကျေပွန်ခဲ့မိပါဘူး”
သခင်လေးသုံးက လက်မြှောက်လိုက်သည်။ “ရိုကျိုးနေစရာ မလိုဘူး... ဒီတိုက်ပွဲ ရှုံးသွားရတာက မင်းကြောင့် မဟုတ်ဘူး... မီလော့နန်းတော်က သုံးယောက် ဆင်းသက်သွားတဲ့ထဲမှာ မင်းတစ်ယောက်တည်း အသက်ရှင်နိုင်ခဲ့တယ်…. အသက်ရှင်ကျန်ခဲ့မှ တခြားကိစ္စတွေကို ဆောင်ရွက်နိုင်မှာ… ဒီတစ်ခေါက် တခြားပြောင်းလဲမှုတွေ ထွက်ပေါ်လာပြီ... မင်း မဟာယဇ်ပူဇော်ပွဲကို ကျင်းပဦးစီးနိုင်ခဲ့ရင်တောင်မှ သဲထဲရေသွန်ဖြစ်သွားမှာ”
ဟွမ်ရှီခန်းမသခင် ဇဝေဇဝါ ဖြစ်သွား၏။
သခင်လေးသုံးလင်းရှောင်၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည််။ သူက ခပ်တိုးတိုး ပြောသည်။ “ဒီပြောင်းလဲမှုကို ငါနဲ့ ကျစ်ရှောင်တောင်မှ မျှော်လင့်မထားခဲ့ဘူး…. လောကသစ်ပင်အောက်က အဘိုးကြီး အသက်ပြန်ရှင်လာပြီ”
ဟွမ်ရှီခန်းမသခင်မ တုန်လှုပ်ချောက်ချားသွားကာ မည်သည့်စကားမှ မပြောရဲတော့ချေ။။ လောကသစ်ပင်အောက်မှ ထိုအဘိုးအိုအကြောင်း သူမ တစ်ခါ ကြားခဲ့ဖူးသည်။ မီလော့နန်းတော်အရှင်သခင်ပင်လျှင် သူ့ထံမှ အကြံဉာဏ်တောင်းခဲ့ဖူး၏။ ထိုအဘိုးအိုက အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လှသည်။
နောက်ပိုင်းတွင် မီလော့နန်းတော်အရှင်သခင်သည် တစ်စုံတစ်ခုကို သတိထားမိသွားဟန်တူပြီး သစ်ပင်အောက်မှ အဘိုးအိုနှင့် တဖြည်းဖြည်း ပေါင်းသင်းဆက်ဆံရေး ကျဲလာခဲ့၏။
သူမလည်း အားလုံးကြည့်နေသည့် နေရာသို့ လှမ်းကြည့်လိုက်သည့်အခါ ရင်တဒိန်းဒိန်း ခုန်လာပြီး အာမေဋိတ်ပြုလိုက်မိသည်။ “သခင်လေးနှစ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်လည်း အလောတကြီး လှမ်းကြည့်လိုက်မိသည်။ ဖရိုဖရဲမြစ်ထဲတွင် မြစ်ရေပြင်တစ်ခုသည် ဒေါင်လိုက် ထောင်မတ်၍ တောင်ကမ်းပါးကဲ့သို့ မတ်စောက်နေသည်ကို တွေ့လိုက်ရ၏။ ကြာရွက်နှစ်ရွက်နှင့် ကြာပန်းတစ်ပွင့်က တောင်ကမ်းပါးကဲ့သို့သော မြစ်ရေပြင်တွင် လွင့်မျောနေသည်။
ကြာရွက်နှင့် ကြာပန်းမှာ အလွန်ကြီးမားလှသည်။ ကြာပန်း၏ အမြစ်များက ဖရိုဖရဲမြစ်ထဲသို့ စိုက်ဝင်ကာ စွမ်းအင် စုပ်ယူနေသည်ကို ခပ်ရေးရေး တွေ့မြင်ရနိုင်သည်။ အမြစ်များသည် အလွန်ပါးလွှာသော်လည်း အရေအတွက် ထောင်ပေါင်းများစွာ ရှိ၏။ မြစ်ထဲတွင် မကောင်းဆိုးဝါးတစ်ကောင် ပုန်းအောင်းနေသယောင် ထင်ရသည်။
“အဲ့ဒါက သခင်လေးနှစ် မဟုတ်ဘူး... သခင်လေးခုနစ် ဖရိုဖရဲပဲ”
သခင်လေးလေးကျစ်ရှောင်က မှင်သေသေ ပြော၏။ “သခင်လေးနှစ်သာဆိုရင် သူ့ခွန်အားက ဒီထက်အများကြီး ကြောက်စရာကောင်းလိမ့်မယ်”
ကျန်ခန်းမသခင်များ မျက်နှာအနည်းငယ် ပျက်သွားကြသော်လည်း တိတ်ဆိတ်နေကြသည်။ သူတို့အားလုံး သခင်လေးနှစ် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ပြန်လည်သတိရသွားကြသည်မှာ သိသာသည်။
“သခင်လေးခုနစ် ဖရိုဖရဲလား”
ကောင်းကင်နတ်ဧကရာဇ်ဟောင် ကြက်သီးမွေးညှင်း ထသွားသည်။ “ကောင်းကင်နတ်အရှင်မူ၊ သူ့ရဲ့ ခွန်အားက ဒီလိုအဆင့်အထိ ရောက်နေပြီလား”
အဆုံးသတ်မြို့ပျက်ကြာပန်းအပြင် လောကသစ်ပင်၏ ထူးဆန်းသော မြင်ကွင်းကိုလည်း တွေ့မြင်နေကြရ၏။ လောကသစ်ပင်မှာ သူတို့မျှော်မှန်းထားသလောက် မကြီးမားသော်လည်း ပေါ့သေးသေးတော့ မဟုတ်ချေ။ အဆုံးသတ်မြို့ပျက်ကြာပန်းထက် အဆပေါင်းများစွာ ပိုမိုကြီးမားပြီး အဆုံးသတ်မြို့ပျက်ကြာပန်းကို တိုက်ခိုက်နေသဖြင့် ကြာပန်းမှာ ကျဉ်းထဲကျပ်ထဲ ကျရောက်နေသည်။
“ခုနစ်နဲ့ တိုက်ခိုက်နေတာက လောကသစ်ပင်အောက်က အဲဒီ မကောင်းဆိုးဝါးအဘိုးကြီး အနန္တအဘိုးအိုပဲ”
သခင်လေးသုံးက ပြောလိုက်သည်။ “သူက လောကသစ်ပင်ရဲ့ လူအသွင်ပဲ… သိပ်ကို စွမ်းအားကြီးတဲ့အပြင် ဗဟုသုတလည်း နက်ရှိုင်းကြွယ်ဝတယ်… အရင်တုန်းက ဆရာ သူ့ကို အတော်လေး လေးစားခဲ့ပေမယ့် နောက်ပိုင်း လမ်းခွဲသွားခဲ့ကြတယ်… ဒီတစ်ခေါက် ငါတို့ရဲ့ သွေးယဇ်ပူဇော်ပွဲ အနှောင့်အယှက်ခံလိုက်ရတာ သူ့ကြောင့်ပဲ”
သူက လှည့်လိုက်ပြီး ဟွမ်ရှီခန်းမသခင်၏ ဒဏ်ရာများမှ အသတ်အဖြတ်စိတ်ဆန္ဒနှင့် ရှန့်ကျွင်း၏ သတ်ဖြတ်ခြင်းတာအို အကြွင်းအကျန်များကို ဖယ်ရှားပေးလိုက်ရင်း မှင်သေသေပင် ဆက်ပြောသည်။ “အဲ့အဘိုးကြီး သေသွားခဲ့ပေမယ့် အလောင်းဖြစ်မသွားခဲ့ဘူး… သွေးယဇ်ပူဇော်ပွဲရဲ့ စွမ်းအင်ကို ခိုးယူရင်း ကိုယ်ကျိုးအတွက် အသုံးချနေခဲ့တာ…. ရလဒ်အနေနဲ့ ၁၇ စင်းမြောက် စကြ၀ဠာမှာ နှစ်ခြောက်ကုဋေတစ်၀က်ကျော် သွေးယဇ်ပူဇော်ခဲ့တာဟာ သူ့ကြောင့် တားဆီးခံခဲ့ရပြီ … ဒါက မီလော့နန်းတော်က တာအိုသိုင်းပညာရှင်တွေ ဆင်းသက်နိုင်ဖို့ ဒီလောက် ခက်ခဲနေရတဲ့ အကြောင်းအရင်းပဲ…. အခု သူ ပြန်ရှင်လာပြီ…. လောကသစ်ပင်လည်း ပြန်လည်မွေးဖွားလာခဲ့ပြီ… ၁၇ စင်းမြောက် စကြဝဠာမှာ တာအိုသိုင်းပညာရှင်တွေရဲ့ အရေအတွက် တိုးပွားလာတာနဲ့အမျှ သူ့ခွန်အားကလည်း တဖြည်းဖြည်း မြင့်တက်လာလိမ့်မယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင် ချက်ချင်း သဘောပေါက်သွားသည်။
ဤမျှများပြားသော အတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင်များအား လောကသစ်ပင်အောက်မှ အနန္တအဘိုးအို လွှတ်ပေးခဲ့ခြင်းမှာ ၁၇ စင်းမြောက် စကြဝဠာတွင် တာအိုအောင်မြင်စေရန် ဖြစ်၏။
အနန္တအဘိုးအိုသည် လောကသစ်ပင်၏ လူအသွင် ဖြစ်သည်သာမက တာအိုသိုင်းပညာရှင်တို့၏ တာအိုသစ်ပင်မှာ လောကသစ်ပင်ကို တုပထားခြင်း မဟုတ်လော။ တာအိုသိုင်းပညာရှင်အရေအတွက် ပိုများလေလေ၊ အနန္တအဘိုးအို၏ ခွန်အား ပိုမိုလျင်မြန်စွာ ပြည့်တင်းလာလေလေပင်။
၁၇ စင်းမြောက် စကြဝဠာတွင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုပြီးနောက် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းတို့သည် အရည်အသွေး တိုးတက်လာခဲ့၏။ အထူးသဖြင့် လန်ယွီတျန်း၊ ရှုရှန်းဟွာနှင့် မျိုးဆက်သစ် ကောင်းကင်နတ်သိုင်းပညာရှင်များက ဘိုးဘေးနန်းတော်တာအိုကျင့်စဉ်စနစ်ကို တီထွင်ဖန်တီးခဲ့ကြသည်။ တာအိုအောင်မြင်ရန် အပြင်လောကမှ အရာများကို မှီခိုစရာ မလိုအပ်တော့သလို ဟင်းလင်းပြင်တွင်လည်း တာအိုတံဆိပ်ခတ်နှိပ်စရာ မလိုတော့ချေ။ လောကသစ်ပင်၏ အမြစ်များကို လေ့လာဆည်းပူးကာ ခန္ဓာကိုယ်အတွင်းပိုင်း၌သာ သစ်ပင်အား တည်ဆောက်ကြ၏။
ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသာ ဤစနစ်မျိုးအား လောကတခွင် ကျင့်သုံးစေပါက တာအိုသစ်ပင် ကျင့်ကြံ၍ ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ကြသော တာအိုသိုင်းပညာရှင်များ ရှိကြတော့မည် မဟုတ်ချေ။ အနန္တအဘိုးအို၏ ကျင့်ကြံခြင်းအခြေခံကလည်း ဤနေရာတွင် အဆုံးသတ်သွားပေလိမ့်မည်။
မီလော့နန်းတော်မှာ စွမ်းအားကြီးလွန်းသည့်အပြင် သခင်လေးတစ်ယောက်ချင်းစီမှာ စကြဝဠာခေတ်တစ်ခေတ်ချင်းစီ၏ အထွတ်အထိပ် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ အနန္တအဘိုးအိုအနေဖြင့် ဤအင်အားကို မထိန်းချုပ်နိုင်ချေ။ ထို့ကြောင့် မီလော့နန်းတော် ၁၇ စင်းမြောက် စကြဝဠာသို့ ဆင်းသက်လာပါက သူသည် မီလော့နန်းတော်၏လက်အောက်ခံသာ ဖြစ်လာရလိမ့်မည်။
ထိုအကြောင်းကြောင့် သူက သခင်လေးသုံးလင်းရှောင်၏ သွေးယဇ်ပူဇော်ပွဲမှ စွမ်းအင်ကို ဖြတ်တောက်ခိုးယူရင်း အတိတ်စကြဝဠာမှ အင်အားကြီးသိုင်းပညာရှင်တစ်စုကို ၁၇ စင်းမြောက် စကြဝဠာသို့ ခိုးဝင်စေခဲ့သည်။
ဤအတိတ်စကြဝဠာ အင်အားကြီးသိုင်းပညာရှင် အများစုမှာ ကောင်းကင်နတ်အရှင်အဆင့် အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်သာမက တာအိုရရှိရန် ခြေတစ်လှမ်းသာ လိုကြတော့သည်။
သူတို့ ၁၇ စင်းမြောက် စကြဝဠာတွင် တာအို ရရှိခဲ့ပါက အနန္တအဘိုးအို၏ စွမ်းအားသည် ဆက်လက်တိုးတက်လာပြီး နောက်ဆုံးတွင် ၁၇ စင်းမြောက် စကြဝဠာကို သိမ်းပိုက်နိုင်မည် ဖြစ်၏။
“ဒီကစားပွဲမှာ အဖွဲ့သုံးဖွဲ့ရှိနေပြီ”
သခင်လေးလေးကျစ်ရှောင်က အေးအေးဆေးဆေး ပြောလိုက်သည်။ “အနန္တအဘိုးအိုက တစ်ဖွဲ့၊ မီလော့နန်းတော်က တစ်ဖွဲ့၊ ပြီးတော့ ခုနစ် ဦးဆောင်တဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက တစ်ဖွဲ့ပဲ…. အဖွဲ့သုံးဖွဲ့ထဲမှာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက အားအနည်းဆုံး ဖြစ်ပြီး မီလော့နန်းတော်က အင်အားအကြီးဆုံး ဖြစ်တယ်… ဒါပေမဲ့ မီလော့နန်းတော်ဟာ မဟာပျက်စီးခြင်းကပ်ဘေးမှာ ရှိနေတဲ့အတွက် ၁၇ စင်းမြောက် စကြဝဠာဆီ မဆင်းသက်နိုင်ဘူး…. ဒါကြောင့် ထုတ်လွှတ်နိုင်တဲ့ စွမ်းအားကတော့ အနည်းဆုံးပဲ”
သခင်လေးသုံးက ပြော၏။ “အနန္တအဘိုးအို ထုတ်လွှတ်နိုင်တဲ့ စွမ်းအားက အများဆုံးပဲ…. သူ ခုနစ်ကို အနိုင်ယူပြီး အတိတ် ပြန်ပို့လိုက်ရင် ၁၇ စင်းမြောက် စကြဝဠာကို သိမ်းပိုက်ပြီး မီလော့နန်းတော် မဆင်းသက်နိုင်အောင် လုပ်နိုင်တယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ရင်ထဲ တဒိန်းဒိန်း ခုန်နေသည်။ ‘သုံးဖွဲ့ ရင်ဆိုင်တိုက်ခိုက်ရင် ကောင်းကင်နတ်အရှင်မူအနေနဲ့ ဘယ်လိုမှ အနိုင်မရနိုင်ဘူး…. ဘာပဲလုပ်လုပ် ကျန်တဲ့နှစ်ဖွဲ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး…. ရှားပါးတဲ့ ကုန်ပစ္စည်းတွေကို စုဆောင်းထားတာ ကောင်းတယ်လို့ ပြောကြတယ်မလား…. ဒီအနန္တအဘိုးအိုရဲ့ အနာဂတ်က မီလော့နန်းတော်ထက် ပိုပြီး တောက်ပနေသလိုပဲ… ငါသာ အနန္တအဘိုးအိုဘက်ကို ခိုလှုံပြီး သူ့ရဲ့ ထောက်ပံ့မှုကို ရခဲ့ရင်…’
ရုတ်တရက် သူ၏ စိတ်မှာ ဗလာနတ္ထိဖြစ်သွားကာ တစ်စုံတစ်ခုကို သတိရသွားသည်။ သူကား အနန္တအဘိုးအို လိုအပ်သည့် ရှားပါးကုန်ပစ္စည်း ဖြစ်ပါ၏လော။
အနန္တအဘိုးအိုသည် အတိတ်စကြဝဠာမှ အင်အားကြီးသိုင်းပညာရှင်များစွာ၏ ထောက်ခံမှုကို ရရှိထား၏။ သူ့ကို လုံးဝမလိုအပ်ချေ။
ယခု သူ့မှာ ကောင်းကင်နတ်ဘုံ၏ လက်ကျန်စစ်သည်တော်နှစ်သိန်းမှ လွဲ၍ အခြားမည်သည့်အရာမှ မရှိပေ။
အနန္တအဘိုးအိုက သူ့ကို တစ်ချက်မျှပင် လှည့်ကြည့်လိမ့်မည်မဟုတ်။
သူ့တွင် အားကိုးစရာဟူ၍ မီလော့နန်းတော်သာ ရှိ၏။
သူ၏နဖူးတွင် ချွေးများ စို့နေသည်။ သူသည် မီလော့နန်းတော်၏ အကျိုးအမြတ်များနှင့် လုံးဝ ပါဝင်ပတ်သက်နေသဖြင့် မလွတ်မြောက်နိုင်တော့ချေ။
“ဒါပေမဲ့ ခုနစ်ရဲ့ ခွန်အားကိုလည်း လျှော့တွက်ထားလို့ မရဘူး”
သခင်လေးသုံးလင်းရှောင်က တည်ငြိမ်အေးဆေးစွာ ပြောသည်။ “တျန်းတုအရှင်သခင်ထိုက်ယီက တစ်ချိန်တုန်းက လောကသစ်ပင်ကို ခုတ်ပြီး အနန္တအဘိုးအိုကို ဖိနှိပ်ခဲ့ဖူးတယ်…. သူ တစ်ယောက်တည်းနဲ့ ခိုးဝင်လာသူတွေကို တားဆီးပြီး မီလော့နန်းတော် ဆင်းသက်လာမယ့် အစီအစဉ်ကို နှစ်ခြောက်ကုဋေကြာအောင် ဟန့်တားနိုင်ခဲ့တာ…
“ ခုနစ် အရွယ်ရောက်လာပြီးတဲ့နောက် သူက လောကသစ်ပင်ကို စွန့်ခွာပြီး ဆရာ့ကို စိန်ခေါ်ခဲ့တယ်…. ဆရာ့လက်ချက်နဲ့ လေးစင်းမြောက်စကြဝဠာထဲ ရောက်သွားခဲ့ရတယ်…. ၁၆ စင်းမြောက် စကြ၀ဠာထိ ပြန်ရောက်လာတော့ အစ်ကိုကြီး ချုပ်ထားတာ ခံခဲ့ရတယ်… အစ်ကိုကြီးက သိပ်ကို လျှို့ဝှက်တဲ့သူ… ထိုက်ယီကို ချုပ်ပြီးတဲ့နောက်ပိုင်း သတင်းရှာမရအောင် ပျောက်ကွယ်သွားခဲ့တာ… မကြာသေးခင်ကမှ အစ်ကိုကြီး ပြန်လာခဲ့တယ်”
အခြားခန်းမသခင်များ မျက်နှာများ အကြီးအကျယ် ပျက်သွားကြ၏။ သူတို့က စိုးရိမ်ပူပန်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“အစ်ကိုကြီး ပြန်လာတာက ထိုက်ယီ လွတ်သွားတဲ့ အဓိပ္ပာယ်ပဲ”
သခင်လေးလေးကျစ်ရှောင်က ဆက်ပြော၏။ “ခုနစ်က အနန္တအဘိုးအိုနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတာ… သူက အနန္တအဘိုးအိုရဲ့ ပြိုင်ဘက် လုံးဝမဟုတ်ဘူး… ထိုက်ယီက လွတ်လာပြီးရင် သေချာပေါက် ဒီတိုင်း ထိုင်ကြည့်နေမှာမဟုတ်ဘူး…. သမိုင်းတစ်လျှောက် ခုနစ် ထိုက်ယီအပေါ် ဆက်ဆံတဲ့ သဘောထားက အမြဲတမ်း မရှင်းမလင်းဖြစ်ခဲ့တာ… ခုနစ်က တာအိုဖီဆန်သူတွေနဲ့လည်း ပေါင်းခဲ့ဖူးတယ်… သူတို့ရဲ့ ဆက်ဆံရေးက သံသယဖြစ်စရာပဲ…. ထိုက်ယီ သေချာပေါက် သူ့ကို ကယ်လိမ့်မယ်… ထိုက်ယီ ထွက်လာတဲ့ အခိုက်အတန့်က...”
သူနှင့် သခင်လေးသုံးလင်းရှောင်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နားလည်စွာ ပြုံးလိုက်ကြသည်။
“အဲ့ဒီအခိုက်အတန့်က ငါတို့က အနန္တအဘိုးအိုနဲ့ ထိုက်ယီကို ဒဏ်ရာ အပြင်းအထန် ရစေပြီး ခုနစ်ကို အတိတ်ဆီ ပြန်ပို့မယ့်အချိန်ပဲ”