ထိုက်ယီ လာပြီ
Vol. 136 Ch. 1757
မီလော့နန်းတော်သားအားလုံး ဖရိုဖရဲပင်လယ်ကို ကြည့်နေကြစဉ် အဆုံးသတ်မြို့ပျက်ကြာပန်းမှာ အရွယ်အစား အမျိုးမျိုး ပြောင်းလဲနေသည်ကို တွေ့မြင်နေကြရသည်။ ပြောင်းလဲမှုများက ခန့်မှန်းရခက်သည့်အပြင် ကြာရွက်များမှာလည်း တုန်ခါလျက် ဦးတည်ရာ ပြောင်းလဲနေကြ၏။
ချင်မူမှာ အနန္တအဘိုးအိုကို ရင်ဆိုင်တိုက်ခိုက်နေရပြီး တိုက်ပွဲက အလွန်ပြင်းထန်ကြောင်း သိသာထင်ရှားသည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ ချင်မူ အရေးနိမ့်လာနေသည်ကို အားလုံး မြင်နေကြရသည်။ သူက အဆုံးသတ်မြို့ပျက်ကြာပန်းကို အသုံးပြုလျက် မဟာပျက်စီးခြင်းကပ်ဘေးနှင့် ချိတ်ဆက်ကာ စွမ်းအင်ခိုးယူနေသော်လည်း ခုခံရန် မလွယ်ကူသေးပေ။
အဆုံးသတ်မြို့ပျက်ကြာပန်း တဖြည်းဖြည်း သေးငယ်လာသည်နှင့််အမျှ ၎င်းဖန်တီးနိုင်သော ဖရိုဖရဲလှိုင်းများမှာလည်း အားနည်းလာသည်။
“ထိုက်ယီက ဘာလို့ မလှုပ်ရှားသေးတာလဲ”
အားလုံး ဇဝေဇဝါဖြစ်နေကြသည်။ “သခင်လေးခုနစ် အနန္တအဘိုးအိုကြောင့် အတိတ်ဆီ ပြန်ပို့ခံရတော့မှာကို ဒီအတိုင်း ထိုင်ကြည့်နေတော့မှာလား”
ဤအခိုက်အတန့်တွင် တာအိုအသုဘခေါင်းတလားကို ဖွင့်ပေးမည်ဟု ရှင်းအန်း ကတိပေးခဲ့သည်မှာ နှစ်လပင် ပြည့်ခဲ့လေပြီ။
ယနေ့တွင် ရှင်းအန်းတစ်ယောက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ချူကောခန်းမသခင်၏ ခန္ဓာကိုယ်တစ်ဝက်ကို သေတ္တာထဲသို့ ထည့်လိုက်သည်။ ထို့နောက် တာအိုအသုဘ နတ်ခေါင်းတလားကို သေချာလေ့လာနေသည်။
“သိပ်ကောင်းတဲ့ ခေါင်းတလားပဲ”
သူ့မှာ ချီးကျူးမဆုံးတော့ပေ။ “ဒါပေမဲ့ မီလော့နန်းတော်ရဲ့ သခင်လေးတစ်ပါးကြောင့် တစ်လွှာ ပါးသွားတာတော့ နှမြောစရာကောင်းတယ် … ကံကောင်းတယ်လို့လည်းပြောရမယ်… မဟုတ်ရင် ဖွင့်ဖို့ တကယ်ကြီး အချိန်ခြောက်လတောင် ကြာသွားမှာ”
ရှင်းအန်းကား လောနေခြင်း၊ စိတ်ရှုပ်ထွေးနေခြင်း မရှိပေ။ တာအိုအသုဘခေါင်းတလားကို ကိုယ်တိုင်သွန်းလုပ်နိုင်သဖြင့် ခေါင်းတလား၏ ဆန်းကြယ်နက်နဲမှုများကို အလုံးစုံသိရှိထားသည်။ သို့သော် ထိုသို့ပင် ဖြစ်စေကာမူ ခေါင်းတလားကို ဖွင့်ရန် အားနည်းချက်ကို ရှာဖွေရပေလိမ့်မည်။
တာအိုအသုဘခေါင်းတလားကို အလွန်ရှုပ်ထွေးသော သော့ခလောက်တစ်ခုအဖြစ် တင်စားရမည်။ ၎င်းတွင် တစ်ခုနှင့်တစ်ခု ရောယှက်ချိတ်ဆက်နေသော ယန္တရားစက်သွားများစွာ ရှိရုံသာမက အတင်းအကြပ်ဖွင့်သူအား တန်ပြန်တိုက်ခိုက်မည့် စွမ်းအားကြီး အားတစ်ရပ်လည်း ကိန်းဝပ်နေသေးသည်။
ရှင်းအန်းတွင် ချင်မူ့ကဲ့သို့ အင်အားကြီးမားသော စွမ်းဆောင်ရည်များ ပိုင်ဆိုင်မထားချေ။ ထို့ကြောင့် တာအိုအသုဘခေါင်းတလား၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အသက်မသေအောင် ခုခံနိုင်မည်မဟုတ်။
သို့သော် ပထမဆုံးယန္တရားစက်သွားကို ရှာတွေ့ပြီး ဖွင့်နိုင်သရွေ့ ကျန်ယန္တရားစက်သွားများ အလိုလို ပွင့်သွားပေလိမ့်မည်။
သူ၏ မရေမတွက်နိုင်သော ဦးနှောက်များက ပထမဆုံး ယန္တရားစက်သွားကို ရှာဖွေရန် အသည်းအသန် တွက်ချက်နေကြသည်။
အချိန်တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး နောက်ထပ်နှစ်လ ကြာမြင့်သွားခဲ့ချေပြီ။ ရှင်းအန်းမှာ ပထမဆုံးယန္တရားစက်သွားကို ရှာမတွေ့သေးပေ။
တာအိုအသုဘခေါင်းတလားထဲတွင် သင်္ကေတပေါင်း မရေမတွက်နိုင်အောင် ပုန်းကွယ်နေကြသည်။ ခေါင်းတလား၏ သင်္ကေတများမှာ တာအိုအစီအရင်သံချောင်းတို့၏ သင်္ကေတများနှင့် အပြန်အလှန် ချိတ်ဆက်နေကာ အမြဲတစေ ပြောင်းလဲနေကြသည်။
ဤအပြောင်းအလဲသည် သစ်သားတုံးများတွင် အထိုင်အံကျ စရွေးစနစ်ဖြင့် ချိတ်ဆက်ထားခြင်းနှင့် တူပေသည်။ သံတစ်ချောင်းအပေါ်ရှိ သင်္ကေတတစ်ခုစီအား စရွေးအဖြစ် သဘောထားလျှင် ခေါင်းတလားပေါ်ရှိ သင်္ကေတတစ်ခုစီမှာမူ အထိုင်အံတစ်ခု ဖြစ်မည်။ စရွေးတံသည် အထိုင်အံထဲသို့ ထိုးစိုက်ဝင်ရောက်၍ အံကျသွားသောအခါ အလွန်ရှုပ်ထွေးသော ယန္တရားစက်သွားတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
ယန္တရားစက်သွား ဖွဲ့စည်းသွားပြီးနောက် စရွေးနှင့် အထိုင်တို့သည် အပြန်အလှန် ဆက်တိုက်ချိတ်ဆက်သွားကြလိမ့်မည်။
သံချောင်းအပေါ်ရှိ သင်္ကေတ စရွေးများက အဆက်မပြတ် လှုပ်ရှားနေပြီး အထိုင်အံများနှင့် အချက်အလက်များ ဖလှယ်ကာ အသွင်သဏ္ဌာန်ကို ပြောင်းလဲနေကြသည်။ ခေါင်းတလားထဲမှ အထိုင်အံများသည်လည်း အဆက်မပြတ် လှုပ်ရှားနေကြပြီး စရွေးများနှင့် အချက်အလက်များ ဖလှယ်ကာ ၎င်းတို့၏ အသွင်သဏ္ဌာန်ကို ပြောင်းလဲနေကြ၏။
ပထမဆုံးစရွေးသည် အထိုင်အံထဲမှ လွတ်ထွက်သွားသောအခါ ၎င်း၏ ပုံသဏ္ဌာန်ကို ပြောင်းလဲပြီး ဒုတိယအထိုင်အံဆီသို့ ရောက်ရှိကာ ပေါင်းစပ်လိုက်သည်။ ၎င်းတို့နှစ်ခု အချက်အလက်များ ဖလှယ်ပြီးနောက်တွင် ပုံသဏ္ဌာန်များ ထပ်မံပြောင်းလဲသွားပြီး တတိယမြောက် စရွေး၊ အထိုင်တို့နှင့် ပေါင်းစပ်သွားကြပြန်သည်။
ခေါင်းတလားထဲတွင် ဖြစ်ပေါ်နေသော စရွေး၊ အထိုင် ပေါင်းစပ်မှုနှင့် အချက်အလက် ဖလှယ်မှုသည် တစ်ခဏအတွင်း အကြိမ်ပေါင်း ကုဋေနှင့် ချီ၍ ဖြစ်ပေါ်နေသဖြင့် အလွန်တရာ ရှုပ်ထွေးလှသော သော့ခလောက်တစ်ခုအား ဖန်တီးလိုက်တော့၏။
ရှင်းအန်းအဖို့ တစ်ခဏအတွင်း အကြိမ်ထောင်သောင်းမကသော ပြောင်းလဲမှုများအထဲမှ အခြေခံအကျဆုံး စရွေး၊ အထိုင် အသွင်သဏ္ဌာန်အား ရှာဖွေရန်မှာ အမှန်တကယ်ပင် ခက်ခဲလွန်းလှပေသည်။
သို့သော်လည်း ဖြစ်နိုင်ခြေတော့ ရှိသေးသည်။
သူက အစကတည်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အစွမ်းအထက်ဆုံး သင်္ချာမိစ္ဆာ ဖြစ်သည့်အတွက် နှစ်လကြာတိုင်း အခြေခံအကျဆုံး စရွေး၊ အထိုင် အသွင်သဏ္ဌာန် တစ်ကြိမ် ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ကြိုတင်တွက်ချက်ထားပြီးချေပြီ။ ထိုအချိန်သည် ဤသော့ကို ဖြည်ရန် အကောင်းဆုံးအချိန် ဖြစ်ပေလိမ့်မည်။
အခြေခံအကျဆုံး စရွေး၊ အထိုင် အသွင်သဏ္ဌာန်ကို အလျင်စလို ဖြည်လိုက်ပါက နောက်ဆက်တွဲ စရွေး၊ အထိုင် အသွင်သဏ္ဌာန်များ၏ အချက်အလက်တို့အား လွဲချော်သွားစေလိမ့်မည်။
အသေးငယ်ဆုံးကွာဟမှုလေးက မိုင်ထောင်ပေါင်းများစွာအထိ ကြီးမားသွားနိုင်၏။ ဤပြောင်းလဲမှုလေးတစ်ခုက တာအိုအသုဘခေါင်းတလား၏ ယန္တရားစက်သွားစနစ်တစ်ခုလုံးကို ဖရိုဖရဲဖြစ်စေပြီး ပြိုလဲသွားစေနိုင်သည်။
ချင်မူအား ခြောက်လအတွင်း ခေါင်းတလားကို ဖွင့်နိုင်မည်ဟု အာမခံခဲ့ခြင်းမှာ စရွေး၊ အထိုင် အသွင်သဏ္ဍာန်တို့၏ အပြောင်းအလဲများအား တွက်ချက်ရန်၊ ပထမဆုံး ယန္တရားစက်သွားအား ခန့်မှန်းရန်နှင့် အသွင်သဏ္ဍာန် ပေါ်ပေါက်လာမည့် အချိန်ကာလကို စောင့်ကြည့်မှတ်တမ်းတင်ရန် အချိန်လိုအပ်သောကြောင့်ပင်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
သေတ္တာမှာ ရှင်းအန်းနှင့် ခေါင်းတလားအနားတွင် လမ်းလျှောက်နေပြီး မကြာခဏ ရပ်တန့်ကာ ၎င်း၏အရိပ်ကို ကြည့်နေတတ်သည်။
နှစ်တစ်ဝက်ပြည့်ရန် အလွန်တရာ နီးကပ်နေလေပြီ။ နေမှာ တဖြည်းဖြည်း မြင့်တက်လာနေသည်။ နေမွန်းတည့်ချိန်သို့ ရောက်လျှင် ချင်မူနှင့် သဘောတူထားသော အချိန်သို့ ရောက်ပေတော့မည်။
ရှင်းအန်းသည် အမြဲတမ်း အချိန်တိကျပြီး ကတိတည်သူဖြစ်ရာ သေတ္တာတွင်လည်း ထိုအကျင့် ရှိ၏။
သို့သော် ရှင်းအန်းကား တာအိုအသုဘခေါင်းတလားကို မလှုပ်မယှက် စိုက်ကြည့်နေဆဲပင်။
တာအိုအသုဘခေါင်းတလား၏ ပတ်ပတ်လည်တွင် အရွယ်အစား မတူညီသော နတ်မျက်လုံးများက လေထဲတွင် ပျံဝဲလျက် ခေါင်းတလားကို စိုက်ကြည့်နေကြသည်။
ရှင်းအန်း တွက်ချက်နေခြင်းအား ရပ်တန့်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။ ပြီးခဲ့သည့် နှစ်လအတွင်း သူသည် တာအိုအသုဘခေါင်းတလားကို စိုက်ကြည့်၍ သင်္ကေတအပြောင်းအလဲတို့အား စောင့်ကြည့်လေ့လာနေခဲ့သည်။
ရှင်းအန်း၏ မျက်လုံးများက ပြူးကျယ်နေသည်။ ဤနှစ်လအတွင်း တစ်ခါမျှ မျက်တောင်မခတ်သောကြောင့် မျက်လုံးများထဲတွင် သွေးကြောများ ယှက်ဖြာကာ နီရဲနေတော့သည်။
နေမှာ တစတစ မြင့်တက်လာချေပြီ။
သေတ္တာက ဖြောင့်တန်းသော ပေါင်ရိုးတစ်ချောင်းကို ထုတ်ယူကာ မြေကြီးတွင် စိုက်လိုက်သည်။ ၎င်းက ပေါင်ရိုး၏ အရိပ်ကို စိုက်ကြည့်နေသည်။
ပေါင်ရိုး၏ အရိပ်သည် တဖြည်းဖြည်းချင်း ရွေ့လျားနေပြီး နေကား ခေါင်းထိပ်တည့်တည့်သို့ ရောက်ပေတော့မည်။
ဤအခိုက်အတန့်တွင် ရှင်းအန်းက ရုတ်တရက် သူ၏ ချီစွမ်းအင်ကို လှည့်ပတ်လိုက်ပြီး အလွန်တရာ သေးငယ်သော သင်္ကေတတစ်ခုအဖြစ် ပြောင်းလဲစေလိုက်သည်။ လက်ညှိးတစ်ချက် တောက်လိုက်သည့်အခါ သင်္ကေတသည် တာအိုအသုဘခေါင်းတလား၏ တာအိုအစီအရင်သံတစ်ချောင်းအပေါ်သို့ ခတ်နှိပ်လိုက်၏။
သူက စိတ်အေးစွာ သက်ပြင်းတစ်ချက်ချ၍ မတ်တပ်ထရပ်လိုက်သည်။ ပစ္စည်းများ စတင်သိမ်းဆည်းကာ နတ်မျက်လုံးများကို သေတ္တာထဲသို့ ပြန်ထည့်နေသည်။
သေတ္တာမှာ အဖုံးဖွင့် ခံထားရသော်လည်း ပေါင်ရိုး၏ အရိပ်ကိုသာ စိုက်ကြည့်နေဆဲပင်။ ၎င်း၏ အသွင်သည် အလွန်တရာလေးနက်နေဟန် ရှိ၏။
အရိပ်မှာ တရွေ့ရွေ့ ရွေ့လျားနေဆဲပင်။ နောက်ဆုံး ရှင်းအန်း ပစ္စည်းများ သိမ်းဆည်းပြီးသည့်အချိန်တွင် နေမှာလည်း မွန်းတည့်ချိန်သို့ ရောက်သွားသည်။
ဗြုန်း
သေတ္တာက အဖုံးကို ပိတ်လိုက်ပြီး တာအိုအသုဘခေါင်းတလားဆီသို့ ကြည့်လိုက်သည်။ ခေါင်းတလားထဲ၌ မည်သည့်လှုပ်ရှားမှုမှ မရှိချေ။
သေတ္တာမှာ သံသယဝင်သွားပြီး ရှေ့သို့ တိုးရန် ပြင်လိုက်စဉ် ရုတ်တရက် ခေါင်းတလားထဲမှ တကျွီကျွီ အသံများ ကြားလိုက်ရသည်။ တာအိုအစီအရင်သံချောင်းများ အလိုအလျောက် လှည့်ပတ်လာပြီး တဖြည်းဖြည်း ကျွတ်ကျလာနေသည်ကို တွေ့လိုက်ရ၏။
တာအိုအစီအရင်သံချောင်းတို့၏ လည်ပတ်နှုန်းက တစတစ မြန်လာပြီး ပိုပို၍ အလျင်လိုလာသည်။
ဤသည်မှာ အခြေခံအကျဆုံး စရွေး၊ အထိုင် ဖွဲ့စည်းပုံ ပျက်စီးသွားသောကြောင့် ဖြစ်သည်။ ထို့နောက်ပိုင်းတွင် စရွေး၊ အထိုင် ဖွဲ့စည်းပုံတိုင်း သင်္ကေတအချက်အလက် ဖလှယ်သည့်အခါတိုင်း လွဲမှားသော အချက်အလက်များကိုသာ လက်ခံရရှိတော့သည်။
ထို့ကြောင့် စရွေးနှင့် အထိုင်တိုင်းမှာ တစ်ခုနှင့်တစ်ခု အံဝင်ခွင်ကျ မရှိတော့ပေ။ ကူးစက်ရောဂါပမာ အခြားဖွဲ့စည်းပုံအားလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားကာ နောက်ဆုံးတွင် သံချောင်းတို့အား အသုဘခေါင်းတလားထဲနှင့် မပေါင်းစည်းနိုင်အောင် ဖြစ်လာစေသည်။ အပြန်အလှန် တွန်းကန်လာကြသည့်အခါ သံချောင်းများသည် ခေါင်းတလားဆီမှ အလိုအလျောက် ကျွတ်လာတော့၏။
ချွင်… ချွင်… ချွင်…
တာအိုအစီအရင်သံများ တစ်ချောင်းပြီးတစ်ချောင်း မြေပေါ်သို့ ပြုတ်ကျလာသည်။ ရှင်းအန်းက မျက်ခုံးပင့်ထားပြီး သူ၏မျက်နှာတွင် ကျေနပ်ပျော်ရွှင်နေသော အရိပ်အယောင်တို့ ထင်ဟပ်နေသည်။
သူ့မှာ လပေါင်းများစွာ လေ့လာဆန်းစစ်ခဲ့ရသည်။ အောင်မြင်လိုပါက အလွန်သေးငယ်သော သင်္ကေတတစ်ခုသာ လိုအပ်၏။ ၎င်းဖြင့် ထိုက်ယီကို ချုပ်နှောင်ထားသော တာအိုအသုဘခေါင်းတလားအား ဖွင့်နိုင်ခဲ့လေပြီ။
ဤသည်က သူ့အတွက် အောင်မြင်မှုကြီးတစ်ခုပင်။
ရုတ်တရက် တာအိုအသုဘခေါင်းတလားမှာ ဝုန်းခနဲ ပွင့်ထွက်သွားသည်။ ၎င်းထဲရှိ ဖရိုဖရဲမြူခိုးများ လွင့်ပျယ်ပျောက်ကွယ်သွား၏။ လူငယ်တစ်ဦးက ခေါင်းတလားထဲတွင် ထထိုင်လိုက်ပြီး လည်ပင်းအား တဂျွတ်ဂျွတ်မြည်အောင် ချိုးလိုက်ရင်း ရှင်းအန်းကို ကြည့်လိုက်သည်။
ထိုလူငယ်ကား ထိုက်ယီပင်။
ရှင်းအန်းက သူ့ကို ခေါင်းအစခြေအဆုံး အကဲခတ်ပြီးနောက် ခါးကိုင်းကာ နတ်သံများအား ကောက်ယူလိုက်သည်။
လူငယ်ထိုက်ယီက ပြန်လှဲအိပ်လိုက်သည်။ သူ ပြန်ထလာသည့်အချိန်တွင်တော့ ခေါင်းတလားထဲမှ ဘီလူးကြီးတစ်ကောင် လျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူက ဗလုံးဗထွေးအသံဖြင့် မေး၏။ “ကောင်းကင်နတ်အရှင်မူ ဘယ်မှာလဲ”
ရှင်းအန်း ခေါင်းခါလိုက်သည်။ “မသိဘူး”
ဘီလူးကြီးထိုက်ယီက လက်ဆန့်ကာ ခေါင်းတလားကို ဆွဲယူလိုက်သည်။ ရှင်းအန်းမှာ မျက်နှာအနည်းငယ် ပျက်သွားပြီး တည်ကြည်လေးနက်စွာ ပြောသည်။ “ဒါက ကျုပ်ဟာ”
ထိုက်ယီမှာ အံ့အားသင့်သွားမိသည်။ “ဒါက မီလော့နန်းတော်ရဲ့ သခင်လေးတစ်က ငါ့အတွက် သွန်းလုပ်ထားတဲ့ ခေါင်းတလားလေ…” သူက ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ငါ့ကို ကယ်ဖို့ မြေပုံအတိုင်း လိုက်လာခဲ့တယ်… ဒါပေမဲ့ ငါ့ခေါင်းတလားကို ရန်သူနဲ့ တိုက်ခိုက်ဖို့ အသုံးချခဲ့သေးတယ်… ငါ့ခမျာ ခေါင်းတလားထဲမှာ ချာချာလည်ခဲ့ရတဲ့အပြင် ဇောက်ထိုးပြောင်းပြန် ဖြစ်လိုက်နဲ့ သေတော့မယ့်အတိုင်း ခံခဲ့ရတာ… သူ့ကိုလည်း ရက်အနည်းငယ်လောက် ဒီထဲ ထည့်ထားပြီး ကလဲ့စားချေမလို့ … မဟာဥသျှောင်ကို ဖမ်းမိတဲ့အခါကျရင်လည်း သူ့ကို ဒီထဲ ထည့်ပြီး ကလဲ့စားချေရဦးမှာ”
ရှင်းအန်းက ခေါင်းခါလိုက်သည်။ “ဂိုဏ်းသခင်ချင်က ကျုပ်ကို ခေါင်းတလား ဖွင့်ခိုင်းခဲ့တာ… သဘောတူညီချက်ထဲမှာ ဒီခေါင်းတလားကို ကျုပ်ဆီ ပေးမယ်ဆိုတာလည်း ပါတယ်”
ဘီလူးကြီးထိုက်ယီမှာ တာအိုအသုဘခေါင်းတလားကို တစ်လှည့်၊ ရှင်းအန်းကို တစ်လှည့် ကြည့်နေသည်။
ရှင်းအန်း၏ စွမ်းဆောင်ရည်များမှာ သူ့ထက် များစွာနိမ့်ကျသည်။ သူသာ အင်အားသုံး၍ လုယူပါက ရှင်းအန်းအနေဖြင့် မည်သည်မှ တတ်နိုင်လိမ့်မည်မဟုတ်ချေ။ သို့သော် သူက တာအိုအသုဘ နတ်ခေါင်းတလားကို အောက်သို့ ချလိုက်ရင်း ရေရွတ်နေသည်။ “သခင်လေးခုနစ်က တကယ်ပဲ ကောက်ကျစ်လိုက်တာ … ခေါင်းတလားကို မင်းဆီ ပေးသွားမှတော့ ငါလည်း သူများပစ္စည်းကို အတင်းမလုချင်ပါဘူး”
သူက ခေါင်းမော့၍ လောကသစ်ပင်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ ချက်ချင်းပင် မျက်နှာပျက်သွား၏။
“တာအိုနောင်တော်၊ ခင်ဗျား ခုနက ဂိုဏ်းသခင်ချင်ကို ခေါင်းတလားထဲ ထည့်ထားမယ်လို့ ပြောလိုက်တာလား” ရှင်းအန်းက မေးလိုက်သည်။
ဘီလူးကြီးထိုက်ယီလည်း ခေါင်းညိတ်သည်။
ရှင်းအန်းက ပြုံးလိုက်သည်။ “ဒါဆိုရင် တာအိုနောင်တော် သူ့ကို ဖမ်းလာတဲ့အခါကျရင် ကျုပ် ရက်ပိုင်းလောက် ငှားပေးပါမယ် … ကျုပ်ကိုယ်တိုင် သံရိုက်ပေးမယ်လေ”
ဘီလူကြီးထိုက်ယီက သဘောတကျ ရယ်မောလိုက်သည်။ သူ၏အသံက ခမ်းနားတည်ကြည်၍ ပြတ်သားလှသည်။ သူက လှည့်ထွက်သွားရင်း လှမ်းပြော၏။ “ကောင်းပြီ… ငါ့ကို ရက်ပိုင်းလောက် စောင့်… သူ့ကို သွားဖမ်းလာခဲ့မယ်”
ရှင်းအန်းက ပြုံးလျက် ထိုင်ချလိုက်သည်။ ယခုလေးတင် သိမ်းဆည်းလိုက်သော တာအိုအစီအရင်သံချောင်းတစ်ရာကို တစ်ချောင်းချင်းစီ အစီအရီနေရာချလိုက်ရင်း တိတ်ဆိတ်စွာ စောင့်နေတော့သည်။
“ဂိုဏ်းသခင်ချင်၊ မင်းရဲ့ ဦးနှောက်ကို ငါ မရနိုင်ပေမယ့် မင်းကို တာအိုအသုဘခေါင်းတလားထဲ ထည့်ထားလိုက်ရရင် ငါ့ရဲ့ ဆန္ဒတစ်ခု ပြည့်ဝသွားပြီလို့ သတ်မှတ်လို့ရတယ်… ငါ့ရဲ့တာအိုနှလုံးသားက ပြီးပြည့်စုံဖို့ တစ်လှမ်း ပိုနီးသွားလိမ့်မယ်”
နေသည် ကောင်းကင်ထက်တွင် မြင့်မားစွာ တောက်ပနေပြီး ခြစ်ခြစ်တောက် ပူနေ၏။ လောကသစ်ပင်အောက်တွင်မူ မှောင်မည်းနေသည်။ အမှောင်ထုထဲတွင် လျှပ်စီးမိုးကြိုးများ တဖျတ်ဖျတ် လက်နေပြီး ကောင်းကင်နတ်သိုင်းများ ပွတ်တိုက်မှုမှ အသံတို့ ဆူညံနေသည်။ ယင်းတို့က နှလုံးသားကို တူဖြင့် ထုနေသကဲ့သို့ ခံစားရစေပြီး ချီနှင့် သွေးတို့ကို ဖရိုဖရဲဖြစ်စေကာ အလွန်တရာ မအီမသာဖြစ်စေသည်။
ဘီလူးကြီးထိုက်ယီက လောကသစ်ပင်ဆီသို့ လျှောက်သွားနေသည်။ ရုတ်တရက် ကောင်းကင်မှ တာအိုအလင်းတန်းတစ်တန်း ဖြာကျလာပြီး လောကသစ်ပင်အောက်ရှိ အမှောင်ထုကို ခွင်းကာ လမ်းဖွင့်ပေးလိုက်၏။
ထိုအလင်းတန်း၏ ရင်းမြစ်မှာ မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ခု ဖြစ်သည်။
ထိုက်ယီ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံပင်။
မဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် ရှေးဟောင်းတာအိုသစ်ပင်တစ်ပင် ရှိနေသည်။
ထိုက်ယီ၏ တာအိုသစ်ပင်။
ပုဆိန်အလင်းရောင်က တာအိုသစ်ပင်အောက်မှ ပျံတက်လာပြီး လေကို ခွင်းလျက် ရောက်ရှိလာသည်။ ဘီလူးကြီးထိုက်ယီ လက်မြှောက်လိုက်သည့်အခါ ပုဆိန်အလင်းရောင်က သူ့လက်ထဲသို့ ကျဆင်း၍ ထိုက်ယီပုဆိန်အဖြစ်သို့ ပြောင်းလဲသွား၏။
ဘီလူးကြီးက ပုဆိန်ကို ထမ်း၍ တာအိုအလင်းတန်း ဖြာကျနေသော လမ်းတစ်လျှောက် လိုက်ပါရင်း လောကသစ်ပင်အောက်သို့ လျှောက်သွားသည်။
သူ့အရှေ့တွင် ရုတ်တရက် ဖရိုဖရဲချီစွမ်းအင်များ ကျယ်ပြန့်စွာ ထွက်ပေါ်နေသည်။ လှိုင်းလုံးများ ပြင်းထန်နေသော ဖရိုဖရဲမြစ်တစ်စင်းက သူ၏လမ်းကို ပိတ်ဆို့ထားသည်။
ဖရိုဖရဲမြစ်တစ်ဖက်ကမ်းတွင် ကြာရွက်နှစ်ရွက် မျောလွင့်နေသည်အား ဝိုးတဝါးမြင်ရနိုင်၏။ ကြာပန်းတစ်ပွင့်က ပင်လယ်မျက်နှာပြင်ပေါ်၌ မြောက်တက်နေသည်။
ဤအခိုက်အတန့်တွင် ကြာပန်းမှာ ပြင်းထန်စွာ တုန်ခါနေသည်။ အနီရောင်ကြိုးများသည်လည်း ကြာပန်းပတ်ပတ်လည်တွင် ပျံဝဲနေသည်။
ထိုနေရာတွင် မရဏလေအေးနှင့် လေပူတို့မှာ ပြင်းထန်စွာ တိုက်ခတ်နေကြ၏။ အလွန်တရာ အန္တရာယ်များလှသည်။
ထိုက်ယီ ခပ်ဟဟ ရယ်လိုက်သည်။ သူက ဘယ်ဘက်လက်ဖြင့် ရှေ့သို့ ကာလိုက်ပြီး ညာလက်က ပုဆိန်ကြီးကိုမူ ဝှေ့ယမ်းလိုက်ရာ တဝှီးဝှီးမြည်သံများ ထွက်ပေါ်လာသည်။
သူက ရုတ်တရက် ပုဆိန်ကို မြှောက်လိုက်ပြီး အောက်သို့ ခုတ်ချလိုက်သည်။
ထိုက်ယ်၏ ပုဆိန်က ဖရိုဖရဲမြစ်ကို ခုတ်ပိုင်းလိုက်ရာ မြစ်မှာ နှစ်ပိုင်းကွဲသွား၏။ သူက မြစ်တလျှောက် ဆက်လျှောက်လာသည်။ သူ၏ ဧရာမအရိပ်ကြီးကား ထောင်မတ်နေသော ဖရိုဖရဲမြစ်နံရံများပေါ်တွင် ထင်ဟပ်နေလေသည်။
ဘီလူးကြီးထိုက်ယီ တစ်ဖက်ကမ်းသို့ ရောက်သွားသော်လည်း နောက်ထပ် ဖရိုဖရဲမြစ်တစ်စင်းကို တွေ့လိုက်ရပြန်သည်။
“အနန္တ၊ မင်းရဲ့ လှည့်ကွက်တွေက များလှချည်လား”
ထိုက်ယီ ဂရုမစိုက်ချေ။ ပုဆိန်ကို ဆက်လက် လွှဲခုတ်ကာ ဖရိုဖရဲမြစ် တစ်စင်းပြီးတစ်စင်းကို ဖွင့်ဖောက်သွားသည်။
သူသည် မြစ် ၁၅ စင်းကို ဆက်တိုက် ခုတ်ပိုင်းလိုက်ရင်း အသက်ပြင်းပြင်းရှူ၍ တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ရှေ့သို့ကြည့်လိုက်သည်။
“သုံးဖွဲ့ ခွဲပြီး တိုက်ခိုက်နေကြတာပဲ… ကောင်းကင်နတ်အရှင်မူကလွဲရင် ကျန်တဲ့သူတွေအားလုံး ငါ့ကို အကောက်ကြံဖို့ စောင့်နေကြတဲ့ပုံပဲ ”
ထိုက်ယီသည် အခြေအနေကို ရှင်းလင်းပြတ်သားစွာ တွေ့လိုက်ရပြီး အလေးအနက် စဉ်းစားနေသည်။ ဤအခိုက်အတန့်တွင် အက်ကွဲသံနှင့်အတူ ကြာပန်းမှာ ပျက်စီးသွားချေပြီ။
ထိုက်ယီမှာ မဆိုင်းမတွပင် ပုဆိန်ကို နောက်တစ်ကြိမ် လွှဲရမ်းလိုက်ပြီး သူ့အရှေ့ရှိ နောက်ဆုံးဖရိုဖရဲမြစ်ကို ခုတ်ပိုင်းလိုက်သည်။ သူက တစ်ဖက်ကမ်းသို့ ဦးတည်ပြေးဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင် မီလော့နန်းတော်မှ သခင်လေးသုံးလင်းရှောင်၊ သခင်လေးလေးကျစ်ရှောင်နှင့် ခန်းမသခင်များ၊ တာအိုသိုင်းပညာရှင်အားလုံး မော့ကြည့်လိုက်ကြရာ ဘီလူးကြီးတစ်ကောင် မြစ်ရေပြင်ပေါ်တွင် လျှောက်လှမ်းနေသည်အား တွေ့လိုက်ကြရသည်။
‘လာပြီ’ အားလုံး စိတ်လှုပ်ရှားစွာဖြင့် စိတ်ထဲမှ တွေးလိုက်မိကြ၏။