← Chapters

မီလော့နန်းတော်သခင်၏ လျော်ကြေး

Vol. 136 Ch. 1758

မီလော့နန်းတော်သခင်၏ လျော်ကြေး

Vol. 136 Ch. 1758

ဤနှစ်ဝက်တာ ကာလမှာ ချင်မူ့အတွက် ငရဲခံနေရသော အချိန် ဖြစ်သော်လည်း တစ်ချိန်တည်းမှာပင် ကိုယ့်ကိုယ်ကို တိုးတက်လာစေသည့် ရှားပါးအခွင့်အရေးတစ်ခုလည်း ဖြစ်ခဲ့သည်။

အနန္တအဘိုးအိုသည် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများစွာကို သိရှိထား၏။ မီလော့နန်းတော်၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအပြင် တျန်းတု၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ၏ တချို့တစ်ဝက်ကိုပင် ထိုးလိုမွှေရေလိုနှောက် နားလည်ထားသည်။ သူ နားမလည်သည့် တစ်ခုတည်းသော အရာမှာ တာအိုဖီဆန်သူများဟု သူ စွပ်စွဲခဲ့သော တျန်းတုတာအိုသိုင်းပညာရှင်တို့၏ မဟာတာအိုကောင်းကင်နတ်သိုင်းနှင့် အဆုံးသတ်မြို့ပျက်တာအိုတို့သာ ဖြစ်၏။

အနန္တအဘိုးအိုအနေဖြင့် တာအိုသစ်ပင်ထောင်ချောက်ကို အသုံးချ၍ တာအိုသစ်ပင် မကျင့်ကြံထားသော တာအိုသိုင်းပညာရှင်တို့၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို ချောင်းမြောင်းကြည့်ရှု၍ မရနိုင်ချေ။

သို့ထိတိုင်အောင် သူ နားလည်သိရှိထားသော ဗဟုသုတမှာ စကြဝဠာ ၁၇ စင်းတွင် နံပါတ်တစ်ပုဂ္ဂိုလ်ဟု ဆိုနိုင်ပေသည်။

ဤသို့သော ပုဂ္ဂိုလ်မျိုးနှင့် တိုက်ခိုက်ရသည်မှာ ချင်မူ့အတွက် အလွန်ခက်ခဲပင်ပန်းလှသည်။ သို့သော် ကံကောင်းစွာဖြင့် အဆုံးသတ်မြို့ပျက်တာအိုကို ချေဖျက်ရန် မီလော့နန်းတော်အရှင်သခင်ကိုယ်တိုင် ဖန်တီးခဲ့သော အနီရောင်ကြိုးထုံးချိပ်တံဆိပ်ကို သူလည်း သိရှိထားသည်။၊

အနန္တအဘိုးအိုက သူ့ကို တိုက်ခိုက်ရန် အနီရောင်ကြိုးထုံးချိပ်တံဆိပ်ကို အသုံးပြုခဲ့သော်လည်း သူက အကြိမ်ကြိမ် ဖျက်စီးနိုင်ခဲ့သဖြင့် အဆုံးသတ်မြို့ပျက်တာအိုကို ရည်ရွယ်သည့် ဤအစွမ်းထက်ဆုံးကောင်းကင်နတ်သိုင်းမှာ လုံးဝအသုံးမဝင် ဖြစ်ခဲ့ရ၏။

အနန္တအဘိုးအိုမှာ သူ့ကို အနိုင်ယူရန်အတွက် သူကိုယ်တိုင်ပင် ဖြစ်သော လောကသစ်ပင်အား ဒဏ်ပေးခဲ့သည်။

သို့သော် ချင်မူမှာ ဖရိုဖရဲမြစ်ကို နောက်ခံပြုထားသည့်အပြင် အဆုံးသတ်မြို့ပျက်ကြာပန်းက ဖရိုဖရဲထဲတွင် အမြစ်တွယ်လျက် စွမ်းအင်ကို အဆက်မပြတ် စုပ်ယူနေသည်။ ဤသည်မှာ သူ ဆက်လက်ရပ်တည်နိုင်ခဲ့သည့် အရင်းအနှီးပင် ဖြစ်လာခဲ့၏။

ဖရိုဖရဲမြစ်ကို နောက်ခံမပြုထားပါက ချင်မူ၏ စွမ်းဆောင်ရည်ဖြင့်သာ ဆိုလျှင် အနန္တအဘိုးအို၏ လက်ချက်ကြောင့် ရှုံးနိမ့်သည်မှာ ကြာခဲ့လေပြီ။

အနန္တအဘိုးအိုအနေဖြင့် ဖရိုဖရဲမြစ်ကို ပျောက်ကွယ်သွားစေနိုင်သည်။ သို့သော် ထိုသို့လုပ်ပါက ချင်မူသည် လောကသစ်ပင်၏ ဖိအားအောက်မှ ချက်ချင်း ထွက်ခွာသွားနိုင်မည်။ သူ့ကို အတိတ်သို့ ပြန်ပို့နိုင်တော့မည် မဟုတ်ချေ။

နှစ်ဦးသား နှစ်ဝက်အတွင်း ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေခဲ့သည်။

အနန္တအဘိုးအို၏ ဖိအားပေးမှုအောက်တွင် ချင်မူ၏ အဆုံးသတ်မြို့ပျက်တာအိုအပေါ် သိမြင်နားလည်မှုမှာ ပိုမိုအားကောင်းနက်ရှိုင်းလာခဲ့သည်။

သူ၏ အဆုံးသတ်မြို့ပျက်တာအိုအပေါ် သိမြင်နားလည်မှုမှာ မူလက ကောင်းကင်နတ်ဧကရီထက် အနည်းငယ် နိမ့်ကျခဲ့သည်။ ကောင်းကင်နတ်ဧကရီကဲ့သို့ အဆုံးသတ်မြို့ပျက်ဖြင့် တာအို မရရှိခဲ့သော်လည်း သခင်လေးနှစ်၏ “အကူအညီ” ကို ရရှိခဲ့ပြီး ကြာစေ့ကို စိုက်ပျိုးကာ ကြာရွက်နှင့် ကြာပန်းများ ပေါက်လာစေခဲ့သည်။ ထို့ကြောင့် အဆုံးသတ်မြို့ပျက်တာအိုမှ ထုတ်လွှတ်နိုင်သည့် စွမ်းအားမှာ ကောင်းကင်နတ်ဧကရီထက် အနည်းငယ် သာလွန်ခဲ့သည်။

ယခု သူ၏ ကြာပန်းသည် ကြာပလ္လင်ဖွဲ့တည်နိုင်လာသလို၊ အဆုံးသတ်မြို့ပျက်တာအိုအပေါ် သိမြင်နားလည်မှုမှာလည်း ကောင်းကင်နတ်ဧကရီထက် များစွာမြင့်တက်လာခဲ့သည်။ စကြဝဠာ ၁၇ စင်းအတွင်း သခင်လေးနှစ် ပြီးလျှင် ဒုတိယဟုပင် ဆိုနိုင်၏။

အနန္တအဘိုးအို၏ တိုက်ခိုက်မှုအောက်တွင် သိမြင်နားလည်မှု နက်ရှိုင်းသထက် နက်ရှိုင်းလာခဲ့သည့်အလျောက် သုံးလွှာကြာပလ္လင် တည်ဆောက်နိုင်ရန်လည်း ပိုမိုနီးစပ်လာခဲ့သည်။

သို့သော် အကြီးမားဆုံး တိုးတက်မှုမှာ အဆုံးသတ်မြို့ပျက်တာအို မဟုတ်ဘဲ ချင်မူ၏ လောကသစ်ပင်သာ ဖြစ်သည်။

လောကသစ်ပင်နှင့် အဆုံးသတ်မြို့ပျက်ကြာပန်းက အပြန်အလှန် ဖိနှိပ်ချုပ်နှောင်နေကြသည်။ အနန္တအဘိုးအိုသည် လောကသစ်ပင်ကို အသက်သွင်း၍ ချင်မူ၏ အဆုံးသတ်မြို့ပျက်ကြာပန်းကို ဖိနှိပ်သည့်အခါ လောကသစ်ပင်၏ ဆန်းကြယ်နက်နဲမှုအလုံးစုံကို ထုတ်ဖော်ပြသခဲ့၏။

ချင်မူကလည်း လောကသစ်ပင်ကို ကျင့်ကြံထားသူ မဟုတ်လော။

သူ၏ လောကသစ်ပင်မှာလည်း အစစ်အမှန်လောကသစ်ပင် ဖြစ်သည်။ မြင်ယောင်ဖန်ဆင်းထားခြင်း မဟုတ်သလို လန်ယွီတျန်းနှင့် ရှုရှန်းဟွာ၏ တာအိုကျင့်စဉ်စနစ်အတိုင်း ဖြစ်တည်လာခြင်းလည်း မဟုတ်ချေ။ ထိုအစား အနန္တအဘိုးအို၏ “အကူအညီ” မှ ရရှိခဲ့ခြင်း ဖြစ်သည်။

ချင်မူမှာ လောကသစ်ပင်အား မည်သို့အသုံးချရမည်ကို သိပ်နားမလည်ခဲ့ပေ။ အပြင်က သစ်ပင်ကို ခုတ်၍ အထဲ၌ စိုက်ထားခြင်းသာ ဖြစ်သည့်အပြင် သူကဲ့သို့ သိမြင်နားလည်သူကလည်း မရှိခဲ့ပေ။

အနန္တအဘိုးအို သူ့ကို သတ်ဖြတ်ရန် ကြိုးစားသည့်အခါ သင်ကြားပေးနေသည့်ပမာ ဖြစ်နေသည်။ လောကသစ်ပင်ကို မည်သို့ အသက်သွင်း၍ ၎င်းတွင် ပါဝင်သော လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို မည်သို့သိမြင်နားလည်ရမည်ကို လက်တွေ့ပြသ သင်ကြားပေးနေသကဲ့သို့ ဖြစ်နေသဖြင့် ချင်မူအား တိုးတက်လာစေခဲ့သည်။

ဤသည်မှာ ချင်မူ အနန္တအဘိုးအိုလက်ထဲတွင် နှစ်ဝက်ကြာအောင် တောင့်ခံနိုင်ခဲ့သည့် အကြောင်းအရင်းများထဲမှ တစ်ခုပင်ဖြစ်သည်။

သို့သော် အမိုက်မဲဆုံး နည်းလမ်းသည် အထိရောက်ဆုံးနည်းလမ်းပင် ဖြစ်နေတတ်၏။ အနန္တအဘိုးအိုက ချင်မူကို နှိပ်စက်ညှင်းပန်းရင်း ခြောက်လကြာပြီးနောက်ဆုံးတွင် ချင်မူ၏ အဆုံးသတ်မြို့ပျက်ကြာပန်းကို ချိုးဖျက်နိုင်ခဲ့လေသည်။

အောင်မြင်မှုကား လက်တစ်ကမ်းအကွာတွင်သာ ရှိတော့သည်။

အဆုံးသတ်မြို့ပျက်ကြာပန်း ပျက်စီးသွားသဖြင့် ချင်မူမှာ အပြင်းအထန် ဒဏ်ရာရကာ ကြာပန်းအပေါ်မှ ပြုတ်ကျသွားသည်။ အနန္တအဘိုးအိုက လက်ညှိုးတောက်လိုက်သည့်အခါ လောကသစ်ပင်မှ သစ်ရွက်တစ်ရွက် ကြွေကျ၍ ချင်မူ၏ ခြေထောက်အောက်သို့ ဆင်းသက်လာသည်။

ထိုသစ်ရွက်သည် လျင်မြန်စွာ ကြီးမားလာပြီး သစ်ရွက်ပေါ်ရှိ အကြောအမျှင်များက တောင်တန်းမြစ်ချောင်းများပမာ ယှက်ဖြာနေသည်။ ချင်မူ လောကသစ်ပင်သစ်ရွက်ပေါ်သို့ ပြုတ်ကျသွားသည့် အချိန်တွင် သစ်ရွက်အကြောအမျှင်များကလည်း ပိုမိုကြီးမားလာခဲ့သည်။

သူ သစ်ရွက်ပေါ်သို့ မကျရောက်ခင်မှာပင် သစ်ရွက်သည် ကြီးမားခမ်းနားသော ကုန်းမြေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ကို သယ်ဆောင်ကာ ဖရိုဖရဲမြစ်ထဲသို့ ဝင်ရောက်ပေတော့မည်။

ထိုစဉ် အနန္တအဘိုးအိုက မဟာရန်သူတော်တစ်ဉီးကို ရင်ဆိုင်ရသည့်အလား တည်ကြည်လေးနက်လာသည်။ သူ၏အနောက်မှ လောကသစ်ပင်သည်လည်း ရုတ်တရက် ထွန်းလင်းတောက်ပလာ၏။ ဘီလူးကြီးထိုက်ယီ ဖရိုဖရဲမြစ်ထဲသို့ ခြေချလိုက်သည်အား အာရုံခံမိပြီးချေပြီ။

ဘီလူးကြီးထိုက်ယီ ပထမဖရိုဖရဲမြစ်ကို ခုတ်ပိုင်းပြီးနောက် အရှေ့တွင် နောက်ထပ်မြစ်တစ်စင်း ပေါ်ပေါက်လာခြင်းမှာလည်း သူ တားဆီးခဲ့ခြင်းကြောင့်ပင်။

ဤလောကတွင် အနန္တအဘိုးအိုအား အန္တရာယ်ပေးနိုင်သူ သိပ်မရှိပေ။ သခင်လေးနှစ်က သူတို့ထဲမှ တစ်ဦးအပါအဝင် ဖြစ်ပြီး ထိုက်ယီလည်း ပါဝင်သည်။

မီလော့နန်းတော်မှ ကျန်သခင်လေးများနှင့် တျန်းတုမှ တာအိုဖီဆန်သူများကိုမူ သူ အာရုံပင် မရှိပေ။

ဘီလူးကြီးထိုက်ယီ၏ သိုင်းကွက်များက ရဲတင်းမောက်မာလှသည်။ သူ ဖရိုဖရဲမြစ်ထဲသို့ ဆင်းသက်လိုက်သည့် အခိုက်အတန့်တွင် သူ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံမှ တာအိုအလင်းတန်းက အနန္တအဘိုးအို၏ ကိုယ်ပေါ်သို့ ဖြာကျလာခဲ့သည်။

အနန္တအဘိုးအို အဆုံးသတ်မြို့ပျက်ကြာပန်းအား အလျင်အမြန် ဖျက်ဆီး၍ ချင်မူ့ကို ဦးစွာ ဖိနှိပ်ခဲ့သည်မှာ ဤအခြင်းအရာကြောင့် ဖြစ်သည်။

ရုတ်တရက် ဖရိုဖရဲမြစ်က ပြင်းထန်စွာ တုန်ခါလာသည်။ အနန္တအဘိုးအိုက သစ်ပင်အောက်တွင် ရပ်၍ မော့ကြည့်လိုက်ရာ ဖရိုဖရဲမြစ် နှစ်ခြမ်းကွဲသွားသည်ကို တွေ့လိုက်ရ၏။ ပုဆိန်အလင်းရောင်က တုန်ခါနေသော ဖရိုဖရဲချီစွမ်းအင်များအား ခုတ်ပိုင်းလိုက်သည်။ မဟာပျက်စီးခြင်းကပ်ဘေးကြီးကား ဘေးနှစ်ဖက်သို့ ကွဲထွက်သွားချေပြီ။

ပုဆိန်အလင်းရောင်သည် အလွန်တရာ ထက်မြက်ကာ ကြောက်မက်ဖွယ်ကောင်းလှ၏။ ဤကောင်းကင်နတ်သိုင်းက မဟာပျက်စီးခြင်းကပ်ဘေးကိုပင် ထိုးခွင်းလျက် လောကသစ်ပင်အောက်သို့ ရောက်ချလာကာ အနန္တအဘိုးအို၏ ဦးခေါင်းကို ချိန်ရွယ်၍ ခုတ်ပိုင်းချလိုက်သည်။

မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ဖရိုဖရဲချီများ ပြင်းထန်စွာ လှုပ်ခတ်နေသည်။ ကျယ်ပြန့်သိပ်သည်းနေသော ဖရိုဖရဲချီများ၏ နောက်ကွယ်တွင် ဧရာမဘီလူးကြီးတစ်ကောင် မြစ်ကို ဖြတ်ကျော်ကာ သူ့ထံ လျှောက်လှမ်းလာနေသည့် ပုံရိပ်အား ခပ်ရေးရေး မြင်ရနိုင်သည်။

မြစ်ထဲရှိ ဖရိုဖရဲချီများသည် သူ၏ ကျောက်ဆောင်ကဲ့သို့ ခန္ဓာကိုယ်အား အသည်းအသန် ရိုက်ခတ်နေသော်လည်း သူ့ကို မည်သို့မျှ အနှောင့်အယှက် မပေးနိုင်ပေ။ မဟာပျက်စီးခြင်းကပ်ဘေးပင်လျှင် ထိုဘီလူးကြီးအား အနည်းငယ်မျှ မထိခိုက်စေနိုင်သည့်အလားပင်။

တစ်ချိန်တည်းမှာပင် ထိုက်ယီ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံကလည်း အနန္တအဘိုးအို၏ ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်။ တာအိုသစ်သီးတစ်လုံးက တာအိုသစ်ပင်ပေါ်တွင် ဖွဲ့တည်လာ၏။ တာအိုသစ်သီးထဲတွင် ပါဝင်သော မဟာတာအိုက ပေါက်ကွဲထွက်လာသည်။

လက်ရှိထိုက်ယီက စကြဝဠာ ၁၆ စင်း၏ မဟာပျက်စီးခြင်းကပ်ဘေးတို့အား ဖြတ်ကျော်ရင်း ပထမစကြဝဠာမှ မီလော့နန်းတော်သို့ သွားရောက်ခဲ့သည့် မြင်ကွင်းကို ပြသနေသည်။ သူသည် သူရဲကောင်းစိတ်ဓာတ်အပြည့်ဖြင့် မီလော့နန်းတော်အရှင်သခင်အား ရင်ဆိုင်တိုက်ခိုက်ခဲ့၏။

မီလော့နန်းတော်အရှင်သခင်က ထိုက်ယီကို အနိုင်ယူ၍ လေးစင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ပို့ဆောင်နိုင်ခဲ့သည်။ သို့သော် အနန္တအဘိုးအိုမှာ မီလော့နန်းတော်အရှင်သခင် မဟုတ်ပေ။

သူသည် မီလော့နန်းတော်အရှင်သခင်ထက် ဗဟုသုတ ပိုများပြားသည့်အပြင် လောကသစ်ပင်ဖြင့် တာအိုရရှိခဲ့သော်လည်း သူ၏ တာအိုကျင့်စဉ်အားလုံးကို သူကိုယ်တိုင်ကျင့်ကြံခဲ့ခြင်း မဟုတ်ပေ။

‘သိသော်လည်း အဘယ်ကြောင့် ဆိုသည်ကို မသိ’ ဟူသည် စကားက အနန္တအဘိုးအို၏ အခြေအနေနှင့် ကိုက်ညီနေသည်။

ထိုက်ယီပုဆိန်ကို ရင်ဆိုင်လိုက်ရသည်နှင့် အနန္တအဘိုးအို၏ ဆံပင်ဖြူများ လေထဲတွင် ဝဲပျံသွားသည်။ အဘိုးအိုကား ခွန်အားအလုံးစုံ ထုတ်သုံးလိုက်ချေပြီ။

ဘုန်း…

၁၆ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် ဧရာမအနက်ရောင်အမြစ်ကြီးများက နဂါးနက်ကြီးများသဖွယ် ထိုက်ယီ၏ အစစ်အမှန်ခန္ဓာကိုယ်ဆီသို့ ပြေးဝင်သွားကြသည်။

ထိုမြင်ကွင်းမှာ နဂါးတစ်သောင်း ဖရိုဖရဲများအကြား ပြေးလွှားနေသကဲ့သို့ပင်။

လောကသစ်ပင်သည် သဘာဝအတိုင်း မပျက်စီးနိုင်သော ဒြပ်ထုတစ်ခု ဖြစ်သည်။ သူ၏ အမြစ်များက မည်သည့်ခေတ်၊ မည်သည့်မဟာပျက်စီးခြင်းကပ်ဘေးတွင်မဆို ပေါ်ပေါက်လာနိုင်၏။ မီလော့နန်းတော်ထက်ပင် ပိုမိုခိုင်မာပြီး မပျက်စီးနိုင်ပေ။

သူ၏ အမြစ်များက ထိုက်ယီ၏ ခြေထောက်နှစ်ဖက်ကို လျင်မြန်စွာ တွယ်တက်ရစ်ပတ်လျက် ထိုက်ယီအား ၁၆ စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးထဲသို့ ဆွဲသွင်းရန် ကြိုးစားလိုက်သည်။

တစ်ချိန်တည်းတွင် သူ၏ အနောက်ရှိ လောကသစ်ပင်ဆီမှ တာအိုအလင်းများ တောက်ပလာပြီး တာအိုသစ်သီးများအဖြစ် စုစည်းဖွဲ့တည်သွားသည်။ တာအိုသစ်သီးပေါင်း သုံးသောင်းခြောက်ထောင်က မတူညီသောအလင်းရောင်များ အသီးသီး ဖြန့်ကျက်နေကြသည်။

ဤသစ်သီးတို့သည် အစစ်အမှန် တာအိုသစ်သီးများ မဟုတ်ပေ။ လွန်ခဲ့သော စကြဝဠာ ၁၆ စင်းအတွင်း တာအိုသစ်ပင် ကျင့်ကြံ၍ တာအိုရရှိခဲ့သော တာအိုသိုင်းပညာရှင်အားလုံး၏ တာအိုသစ်သီး ပုံရိပ်ယောင်များသာ ဖြစ်သည်။

မည်သို့ဆိုစေကာမူ ဤစွမ်းအားကား ပြိုင်ဘက်ကင်းနေသေးသည်။

ထိုတာအိုသစ်သီးအပေါင်း၏ အလင်းရောင်အောက်တွင် လောကသစ်ပင်၏ အကိုင်းအခက်များသည် မဟာတာအိုများစီးဆင်းနေသကဲ့သို့ ဖြာထွက်လာ၏။ ပထမ စကြဝဠာမှ ၁၆ စင်းမြောက် စကြဝဠာအထိ မဟာတာအိုတို့က လောကသစ်ပင်အား ဖွဲ့တည်ပေးထားသယောင် ထင်ရသည်။

အနန္တအဘိုးအိုအနေဖြင့် ထိုက်ယီ၏ တိုက်ခိုက်မှုကို ခုခံရပေမည်။

ခုခံရုံသာမက ထိုက်ယီကို အပြင်းအထန် ဒဏ်ရာရစေပြီး သတ်ပစ်ရမည်။

ထိုက်ယီ၏ အန္တရာယ်က ချင်မူထက်ပင် ကြီးမားသည်။ ချင်မူမှာ အတိတ်စကြဝဠာ၌ နေရာတကာ ဝင်ရှုပ်တတ်သော သခင်လေးခုနစ်သာ ဖြစ်သော်လည်း ထိုက်ယီမှာမူ အမှန်တကယ် တာအိုဖီဆန်သူတစ်ဦး ဖြစ်သည်။

မဟာတာအိုကို ဖီဆန်သူစစ်စစ်ပင်။

ပုဆိန်နှင့် လောကသစ်ပင်တို့ ထိတိုက်ပေတော့မည်။ တစ်ချိန်တည်းမှာပင် မီလော့နန်းတော်၏ သခင်လေးသုံးနှင့် သခင်လေးလေးတို့သာမက မီလော့နန်းတော်မှ ခန်းမသခင်များ၊ တာအိုသိုင်းပညာရှင်တို့ကလည်း သူတို့၏ တာအိုကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများကို အမြင့်ဆုံးအဆင့်သို့ တွန်းတင်လိုက်ကြချေပြီ။

ဤသည်မှာ ကောင်းကင်မှ ကောင်းချီးပေးသော အခွင့်အရေးပင်။ မီလော့နန်းတော်၏ ရန်သူတော်နှစ်ဦးကို တစ်ချက်တည်း ရှင်းပစ်နိုင်မည့် အခွင့်အရေးကောင်း ဖြစ်သည်။

ဤအခွင့်အရေးကို အမိအရ မဖမ်းဆုပ်နိုင်လျှင် မိုးကောင်းကင်၏ အလိုတော်ကို ဆန့်ကျင်ရာ ကျပေလိမ့်မည်။

ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်အထက်တွင် မီလော့နန်းတော် ပျံဝဲနေသည်။

မဟာဥသျှောင်ခန်းမထဲတွင် အကြီးဆုံးသခင်လေးက မျက်လုံးဖွင့်လိုက်၏။ သူ၏အကြည့်များက ၁၇ စင်းမြောက် စကြဝဠာရှိ တိုက်ပွဲဆီသို့ ကြည့်ရှုနေသည်။

မဟာဥသျှောင်ခန်းမမှာ ယခင်ကဲ့သို့ ခမ်းနားထည်ဝါခြင်း မရှိတော့ဘဲ သက်ကယ်တဲတစ်လုံးသာ ဖြစ်နေသည်။ သက်ကယ်တဲ၏ တံခါးမှာ ပွင့်နေပြီး တဲထဲရှိ မဟာဥသျှောင်က ဤမြင်ကွင်းကို အဝေးမှ ကြည့်နေ၏။ သူက ခေါင်းခါ၍ ခပ်တိုးတိုး ‌ရေရွတ်လိုက်သည်။ “လင်းရှောင်၊ ကျစ်ရှောင်… မင်းတို့က သူတို့နှစ်ယောက်ကို အထင်သေးနေကြတာပဲ”

သူ၏အကြည့်များက တင်းကျပ်စွာ ပိတ်ထားသော မီလော့နန်းတော်၏ တံခါးအပေါ်သို့ ကျရောက်သွားသည်။ တံခါးအတွင်း၌ တာအိုနှလုံးသား သေဆုံးပြီး ခန္ဓာကိုယ် ပျက်စီးသွားခဲ့သော သူ၏ ဆရာ မီလော့နန်းတော်အရှင်သခင် ရှိနေသည်။

“ဆရာက တျန်းတုကို လေးစင်းမြောက် စကြဝဠာဆီ ပို့ဆောင်ခဲ့တာက နက်ရှိုင်းတဲ့ အဓိပ္ပာယ် ရှိတယ်… တျန်းတု လေးစင်းမြောက် စကြဝဠာမှာ စတင်အရေးပါလာခဲ့တုန်းက ခုနစ်စင်းမြောက် စကြဝဠာရောက်တဲ့အချိန်မှာ ဆရာက သူ့ကို ဖျက်ဆီးခဲ့တယ်… သူ့ကို လေးစင်းမြောက် စကြဝဠာဆီ ပို့ပေးခဲ့တာက ဆရာဟာ သူ့အမှားကို ပြန်ပြင်ချင်လို့ ဖြစ်နိုင်တယ်”

သခင်လေးတစ် မဟာဥသျှောင်က ခပ်တိုးတိုး ပြောလိုက်သည်။ “အခုတော့ ဆရာ့ရဲ့ စေတနာကို ငါ နားလည်သွားပြီ… မင်းတို့ကတော့ အမှားထဲမှာ နစ်မွန်းနေကြတုန်းပါပဲလား…”

သူသည် မဟာဥသျှောင်ခန်းမမှ ထွက်ခွာ၍ သခင်လေးသုံးနှင့် သခင်လေးလေးကို မတားခဲ့ပေ။ မဟာဥသျှောင်သည် အစကတည်းက ဩဇာနှင့် အာဏာအပေါ် မက်မောသူမဟုတ်။ မီလော့နန်းတော်အရှင်သခင်၏ တာအိုနှလုံးသား သေဆုံးသွားပြီး သခင်လေးနှစ်လည်း ချုပ်နှောင်ခံထားရသည့်အချိန်တွင် သူသာ မီလော့နန်းတော်ကို လာရောက် ဦးဆောင်မည်ဆိုပါက သခင်လေးသုံးနှင့် သခင်လေးလေးအနေဖြင့် သူ့ကို ယှဉ်နိုင်ပါမည်လော။

သို့သော် သူ ထိုသို့လုပ်ရန် စိတ်မဝင်စားခဲ့ပေ။

ထိုအချိန်တွင် သူ၏အကြည့်များက မနီးမဝေးရှိ ဖရိုဖရဲခန်းမပေါ်သို့ ကျရောက်သွားသည်။ ဖရိုဖရဲခန်းမမှာ သခင်လေးခုနစ် ချင်မူ၏ မဟာတာအိုအောင်မြင်မှု ဖြစ်၏။ ယခုအခိုက်အတန့်တွင် ဖရိုဖရဲခန်းမ၏ တံခါးမှာလည်း ပွင့်နေပြီး အတွင်းထဲတွင် ဖရိုဖရဲများဖြင့် ပြည့်နှက်နေသည်။

သခင်လေးခုနစ် ချင်မူသည် ခန်းမတံခါးကို တွန်းဖွင့်လိုက်ပြီး အေးဆေးသက်သာစွာဖြင့် အကြောဆန့်နေသည်။

နှစ်ဦးသား အကြည့်ချင်း ဆုံသွားသည့်အခါ သခင်လေးခုနစ် ချင်မူက သူ့ကို အသာအယာပြုံးပြပြီး ခေါင်းညိတ်ပြသည်။

ဂျိန်း…

သခင်လေးတစ်က ခန်းမတံခါးကို ပိတ်၍ သူ့အား လျစ်လျူရှုသွားတော့သည်။

“ငါ့ကို မကြည်ပါလားဟ…”

သခင်လေးခုနစ် ချင်မူက စိတ်ဝင်တစားဖြင့် ၁၇ စင်းမြောက် စကြဝဠာမှ တိုက်ပွဲကို ကြည့်နေသည်။ ရုတ်တရက် သူ၏ အကြည့်များ ရွေ့လျားသွားပြီး ဖရိုဖရဲမြစ်အတွင်း၌ မပြောင်းလဲသောဒြပ်ထုတစ်ခုကို တွေ့လိုက်၏။ သူ၏ နှလုံးသား လှုပ်ခတ်သွားသည်။

“မမကြီးလင်…”

သူက နောက်လှည့်ကာ ဖရိုဖရဲခန်းမသို့ ပြန်သွားပြီး ခန်းမတံခါးကို ပိတ်လိုက်၏။

ဖရိုဖရဲခန်းမ၏ တံခါးပိတ်သွားသည့် အခိုက်အတန့်၌ ငါးစင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင် တာအိုသစ်သီးတစ်လုံးသည် မပြောင်းလဲသောဒြပ်ထုထဲမှ ထွက်ပေါ်လာပြီး ထွန်းလင်းတောက်ပလာ၏။ ယင်းက သိပ်သည်းထူထဲနေသော ဖရိုဖရဲချီစွမ်းအင်ကို ခွင်းကာ ၁၇ စင်းမြောက် စကြဝဠာဆီသို့ ပျံသန်းသွားသည်။

တစ်ချိန်မှာပင် ခြောက်စင်းမြောက် စကြဝဠာ မဟာပျက်စီးခြင်းကပ်ဘေးထဲတွင်လည်း တာအိုသစ်သီးတစ်လုံး ရေပြင်အပေါ်သို့ ပေါ်ထွက်လာပြီး စောစောက တာအိုသစ်သီးနှင့်အတူ လိုက်ပါပျံသန်းလာသည်။ ဤတာအိုသစ်သီးမှာလည်း မပြောင်းလဲသော ဒြပ်ထုတစ်ခုထဲတွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။

၈ စင်းမြောက်၊ ၉ စင်းမြောက်၊ ၁၀ စင်းမြောက်မှ ၁၆ စင်းမြောက်အထိ စကြဝဠာတိုင်းတွင် တာအိုသစ်သီးတစ်လုံးစီက မဟာပျက်စီးခြင်းကပ်ဘေးထဲရှိ မပြောင်းလဲသော ဒြပ်ထုထဲမှ ထွက်ပေါ်လာခဲ့၏။ ၇ စင်းမြောက်တွင်သာ ဤသို့ ထူးဆန်းသည့် ဖြစ်ရပ် မပေါ်ပေါက်ခဲ့ပေ။

၁၆ စင်းမြောက် စကြဝဠာ၏ မဟာပျက်စီးခြင်းကပ်ဘေးသို့ ရောက်သည့်အခါတွင် စုစုပေါင်း တာအိုသစ်သီး ၁၁ လုံး ရှိနေပြီး ထိုက်ယီ၏ အနောက်သို့ ပျံသန်းဆင်းသက်လိုက်ကြသည်။

၁၇ စင်းမြောက် စကြဝဠာ လောကသစ်ပင်အထက်ရှိ ထိုက်ယီ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင်မူ ထိုက်ယီ၏ တာအိုသစ်သီးက အလင်းရောင်များ တောက်ပလာပြီး ထိုတာအိုသစ်သီး ၁၁ လုံးနှင့် လိုက်လျောညီထွေ ဖြစ်နေ၏။

မီလော့နန်းတော်သခင် သူ၏ အမှားများအတွက် အလျော်ပေးခြင်းမှာ ဤအရာပင် ဖြစ်သည်။

သူက ထိုက်ယီ၊ တစ်နည်းအားဖြင့် တျန်းတုကို အစမှ ပြန်လည်စတင်ရန် အခွင့်အရေး ပေးခဲ့လေသည်။

All Chapters