များပြားလွန်းသည့် ရတနာများ
Vol. 8 Ch. 96
ကနဦးတွင် ထိုလက်ဆောင်များသည် စွမ်းအားကြီးသည့် လူသားကျင့်ကြံသူများ ထံမှ ရောက်ရှိလာကြခြင်း ဖြစ်သည်။
လက်တွေ့တွင်မူ အန်လင်း၏ ကြောက်မက်ဖွယ် စွမ်းအားကို မြင်တွေ့လိုက်ရသည့် လူသားကျင့်ကြံသူများသည် လက်ဆောင်ပေးရန်ပင် မဝံ့ရဲကြပေ။
စွမ်းအားကြီးမားသလို ကြီးမြတ်လှသည့် အဆိပ်သခင်၏ မျက်လုံးထဲတွင် သူတို့ပေးအပ်မည့် လက်ဆောင်များသည့် ထိုက်တန်မှု မရှိမည်ကို စိုးရွံ့ကြသည်။
ကံကောင်းသည်မှာ စုရှောင်လန်နှင့် အခြားသူများ၏ ပြောကြားချက်အရ အန်လင်း၏ ကျင့်ကြံခြင်း အခြေခံမှာ တာအိုခန္ဓာ အဆင့် ၁၀ သာလျှင် ရှိနေသေးကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထူးခြားသည့် အခြေအနေများ ကြောင့်သာ အန်လင်းသည် ထိုကဲ့သို့ စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း သိလိုက်ရသည်။
ထို့ကြောင့် ကျင့်ကြံသူ အားလုံးတို့သည့် ချက်ချင်း ဆိုသလိုပင် လက်ဆောင်များစွာဖြင့် အန်လင်း၏ အခန်းသို့ လာရောက်ကြတော့သည်။
များမကြာမီမှာပင် အခန်းအတွင်း၌ လက်ဆောင် အမျိုးအစားများစွာဖြင့် ပြည့်နှက်သွားလေသည်။
အန်လင်းသည် လက်ဆောင်များအား ရေတွက်ကာဖြင့် သူ၏ သိုလှောင်လက်စွပ် အတွင်းသို့ အစီစဉ်တကျ ထည့်နေသည်။
ပြောရမည် ဆိုလျှင်တော့ဖြင့် ...
အတော်လေး ပင်ပန်းလှပေသည်။
လက်ဆောင်များအား ရေတွက်နေရင်းနှင့် သူ့လက်များမှာ ကိုက်ခဲလာသည်။ သို့သော်လည်း မရပ်တန့်နိုင်ပါ။
စိတ်ဝိညာဉ်ဆေးလုံး ၃၂၆ လုံး ပါရှိပြီး အကျိုးသက်ရောက်မှု အမျိုးမျိုးနှင့် ဖြစ်သည်။ အများစုသည် ကျင့်ကြံခြင်းအား အထောက်အကူ ပြုသည့် ဆေးလုံးများနှင့် စိတ်စွမ်းအင်အား ပြန်လည် ဖြည့်တင်းပေးသည့် ဆေးလုံးများ ဖြစ်ကြသည်။ ဆေးလုံးအားလုံးသည် အဆင့် ၄ မှ အဆင့် ၉ အကြားတွင် ရှိသည့် ဆေးလုံးများ ဖြစ်ကြသည်။
အဆောင်လက်ဖွဲ့ ၇၂ ခုလည်း ပါဝင်သည်။
အဆောင်လက်ဖွဲ့များသည် တစ်ခါသုံး ပစ္စည်းများ ဖြစ်ကြသည်။ ကျင့်ကြံသူသည် အဆောင်လက်ဖွဲ့ အတွင်းသို့ စွမ်းအားများ စီးဆင်း စေလိုက်ခြင်းဖြင့် ထိုအဆောင်လက်ဖွဲ့အား အသက်သွင်းကာ အသုံးပြုနိုင်မည် ဖြစ်သည်။
အဆောင်လက်ဖွဲ့ ကဲ့သို့သော ပစ္စည်း အမျိုးအစားများသည် တိုက်ပွဲအတွင်း ရန်သူအား အံ့ဩ သွားစေနိုင်သည့် အကျိုး သက်ရောက်မှုများ ရှိပေသည်။
သို့သော်လည်း အဆောင်လက်ဖွဲ့ ပြုလုပ်သည့် နည်းစဉ်မှာ ရှုပ်ထွေးသောကြောင့် အာရုံစူးစိုက်ရန် လိုအပ်သည်။
အဆောင်လက်ဖွဲ့ ပြုလုပ်သည့် နည်းစနစ်မှာ လွန်စွာမြင့်မားပြီး ကောင်းမွန်သည့် အဆောင်လက်ဖွဲ့တစ်ခု ပြုလုပ်ရန် အရည်အချင်း ပြည့်မီရန် လိုအပ်သည်။
တချို့ ကျင့်ကြံသူများသည် အဆောင်ပြုလုပ်သည့် နယ်ပယ်တွင် ရုန်းကန် နေကြရသည်။ ဥပမာအားဖြင့် ဆိုရလျှင် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများသည် လုံလောက်သည့် အရည်အချင်း မရှိသေးသောကြောင့် တာအိုခန္ဓာ အဆင့် စွမ်းအားကိုသာလျှင် ထုတ်ဖော်နိုင်သည့် အဆောင်လက်ဖွဲ့ကိုသာ ဖန်တီးနိုင်မည် ဖြစ်သည်။
အချို့သော ပါရမီရှင်များ ဉာဏ်ကြီးရှင်များမှာမူ တာအိုခန္ဓာ အဆင့်တွင်သာလျှင် ရှိသေးသော်ငြား စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်ရှိ အဆောင်လက်ဖွဲ့များကို ဖန်တီးနိုင်စွမ်း ရှိကြသည်။
အန်လင်းသည် သူ့အရှေ့တွင် ရှိနေသည့် အဆောင် လက်ဖွဲ့ပုံကြီးအား စိုက်ကြည့်နေမိသည်။ ထိုအဆောင်လက်ဖွဲ့များသည် မည်သည့်အဆင့်တွင် ရှိနေခြင်းအား သူမသိ။
သို့သော်လည်း ယင်းတို့အားလုံးသည် အနိမ့်ဆုံးအနေဖြင့် စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူများမှ ဖန်တီးထားခြင်း ဖြစ်သည်။
ထိုအဆောင်လက်ဖွဲ့ အားလုံးကို အသက်သွင်းလိုက်မည် ဆိုပါက ထွက်ပေါ်လာမည့် စွမ်းအားသည် သူပိုင်ဆိုင်ထားသည့် စွမ်းအားထက်ပင် ကြီးမားပေလိမ့်မည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ ပြုလုပ်ထားသော အဆောင်လက်ဖွဲ့ တစ်ဒါဇင်ခန့်လည်း ရှိသည်။
အန်လင်းသည် ယန်-ယင် အဝိုင်းပုံစံ ပြုလုပ်ထားသည့် အဆောင်လက်ဖွဲ့ သုံးခုအား ကောက်ယူလိုက်သည်။ ယင်းအဆောင် လက်ဖွဲ့များတွင် မှတ်စုတစ်ခုစီ ပါရှိသည်။
တာအိုရောင်းရင်း ရှုရန် "သေချာစွာ ပြုလုပ် ဖန်တီးထားသည့် အဆောင်လက်ဖွဲ့ သုံးခု ဖြစ်ပါသည်။ အသက်သွင်းလိုက်မည် ဆိုပါက ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့် ကျင့်ကြံသူ တစ်ဦး၏ စွမ်းအားပြည့် တိုက်ခိုက်မှုအား ကာကွယ်ပေးနိုင်စွမ်း ရှိပါသည်။ ကျွန်ုပ်သူငယ်ချင်း သုံးဦး၏ အဆောင်လက်ဖွဲ့များနှင့် နှိုင်းယှဉ်မည်ဆိုလျှင် အပိုတစ်ခုသာလျှင် ဖြစ်သော်လည်း သင့်အနေဖြင့် ကျွန်ုပ်၏ ကျေးဇူးတင်မှုနှင့် လေးစားမှုတို့အား ပြသသည့် ယခု အဆောင်လက်ဖွဲ့အား လက်ခံပေး စေလိုပါသည်"
ထို့နောက်တွင် အန်လင်းသည် နောက်ထပ် အဆောင်လက်ဖွဲ့ သုံးခုအား ကောက်ယူလိုက်ပြန်သည်။ ယင်းတို့ထဲတွင် အားကောင်းသည့် ဓားစိတ်ဆန္ဒများ ပါဝင်နေပုံ ရပြီး မှတ်စုတစ်ခုလည်း ရှိနေသေးသည်။
ဝိညာဉ်ငယ် ရှီ "ဓားအဆောင်လက်ဖွဲ့များ ဖြစ်ပါသည်။ အသက်သွင်းကာ အသုံးပြုလိုက်မည် ဆိုလျှင် ဝိညာဉ်ဖွဲ့စည်းခြင်း ကနဦးအဆင့် ကျင့်ကြံသူ တစ်ဦး၏ စွမ်းအားပြည့် တိုက်ခိုက်မှုနှင့် ယှဉ်နိုင်သည့် စွမ်းအားကို ထုတ်လွှတ် ပေးနိုင်သည်။ ကျွန်ုပ်သူငယ်ချင်း သုံးဦး၏ အဆောင်လက်ဖွဲ့များနှင့် နှိုင်းယှဉ်မည် ဆိုလျှင် အပိုတစ်ခုသာလျှင် ဖြစ်သော်လည်း ကျွန်ုပ်တို့ အားလုံးအပေါ် သင်ပြုခဲ့ဖူးသည်နှင့် နှိုင်းယှဉ်နိုင်စွမ်း မရှိသော်လည်း လက်ခံ ပေးစေလိုပါသည်”
အန်လင်း “ ...”
ထို့နောက်တွင် ကြိုးကြာဖြူ သဏ္ဌာန် ရိုက်နှိပ်ထားပြီး မှတ်စုတစ်ခု ပါရှိသည့် အဆောင်လက်ဖွဲ့ သုံးခုအား ကောက်ယူလိုက်သည်။
ကောင်းကင်ရှီးဖော့ ကျန်း "စွမ်းအားပြည့် မှော်လျှပ်စီး အဆောင်လက်ဖွဲ့များ ဖြစ်ပါသည်။ သင်သဘောမကျသူ တစ်ဦးဦးအား မိုးကြီးလျှပ်စီးများ ပစ်ချကာဖြင့် ဖောက်ခွဲပစ်နိုင်စွမ်း ရှိသည်။ ကျွန်ုပ်သူငယ်ချင်း သုံးဦး၏ အဆောင်လက်ဖွဲ့များနှင့် နှိုင်းယှဉ်မည် ဆိုလျှင် အပိုတစ်ခုသာလျှင် ဖြစ်သော်လည်း ယခု အဆောင်လက်ဖွဲ့များသည် သင့်အား အကူအညီ ဖြစ်စေနိုင်တာကြောင့် လက်ခံ ပေးစေလိုပါသည်"
နောက်ဆုံးအနေဖြင့် အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှတ်လျက် ရှိနေသော အဆောင်လက်ဖွဲ့ လေးခုအား ကောက်ယူလိုက်သည်။ မှတ်စုတစ်ခုလည်း သေချာပေါက် ပါရှိပေသည်။
တာအိုရောင်းရင် ယူမူ "ပင်ပန်းတကြီးနှင့် ကြိုးစား ပြုလုပ်ထားသော သတ်ဖြတ်ခြင်း အဆောင်လက်ဖွဲ့များ ဖြစ်ပါသည်။ ကျွန်ုပ်သူငယ်ချင်း သုံးဦး ပေးသည့် ပမာဏ၏ နှစ်ဆဖြစ်သလို 'ချစ်ခြင်းမေတ္တာ' များလည်း နှစ်ဆ ထည့်သွင်းကာ ပြုလုပ်ပေးထားပါသည်။ လက်ခံပေးစေလိုပါသည်”
အန်လင်းသည် ထိုမှတ်စုအား ဖတ်ပြီးသည့်နောက်တွင် ပါးစပ်နှင့်အပြည့် သွေးအန်တော့ မတတ်ပင် ဖြစ်ရသည်။
ဒီအဆောင် လက်ဖွဲ့တွေကို ကျေးဇူးတင်စွာနဲ့ လက်ခံပါ့မယ်နော် ... ဒါပေမဲ့လည်း ခင်ဗျားရဲ့ ချစ်ခြင်းမေတ္တာ တွေကိုတော့ ပြန်သိမ်းထားပေးပါဗျ ...
တာအိုရောင်းရင်း ယူမူ သူ၏ လက်ကောက်ဝတ်အား လှီးဖြတ်သည့် မြင်ကွင်းနှင့် မျက်နှာအား သွေးများ ဖျန်းပက်လာခြင်းအား အန်လင်းသည် သေချာစွာ မှတ်မိနေဆဲ ဖြစ်သည်။
အရမ်း ကြောက်ဖို့ ကောင်းလွန်းသည်။
အန်လင်းသည် ဂိုဏ်းခေါင်းဆောင်ကြီး လေးဦးထံမှ ရရှိသည့် မှတ်စုများအား ကြည့်ကာဖြင့် တဖြည်းဖြည်းချင်း နားလည် သဘောပေါက်လာခဲ့သည်။
ယင်းလေးဦးသည် တစ်ဦးလျှင် အဆောင်လက်ဖွဲ့ နှစ်ခုစီ ပြုလုပ်ရန် စီစဉ်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူတို့ လေးဦးလုံးသည် အခြားသော အစီအစဉ်များ ကိုယ်စီ ရှိနေခဲ့ကြသည်။
အဆုံးတွင်မူ ရူးသွပ်နေသော တာအိုရောင်းရင်း ယူမူသည် မူလ စီစဉ်ထားသည်အား နှစ်ဆ တိုးမြှင့်လိုက်ခြင်းကြောင့် အနိုင် ရရှိခဲ့လေသည်။
အန်လင်းသည် အဆောင်လက်ဖွဲ့ ၁၃ ခုအား ကြည့်ကာဖြင့် သူ၏နှလုံးသားလေးမှာ ပျော်ရွှင်မှုကြောင့် တလှပ်လှပ် ဖြစ်နေလေသည်။
ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ရှိ ကျင့်ကြံသူများမှ ပြုလုပ်ပေးသည့် အဆောင်လက်ဖွဲ့များ ... အသက်ကယ် လက်မှတ်များသာလျှင် ဖြစ်သည်။
အဆောင်လက်ဖွဲ့များအား သိမ်းဆည်းပြီးနောက်တွင် ဝင်္ကပါပြားများ၊ စိတ်ဝိညာဉ် ကျောက်တုံးများနှင့် ဝိညာဉ်ဆေးများ ကိုလည်း သိုလှောင်လက်စွပ် အတွင်း ထုပ်ပိုးလိုက်သည်။
စိတ်ဝိညာဉ် ကျောက်တုံးများသည် ကမ္ဘာမြေပေါ်တွင် အတော်လေး ရှားပါးသည့်အတွက် စုစုပေါင်း စိတ်ဝိညာဉ်ကျောက်တုံး ၃၀၀၀ သာလျှင် လက်ခံရရှိလေသည်။ ဝင်္ကပါပြားများနှင့် ဝိညာဉ်ဆေးများမှာမူ အထူးအထွေများ မဟုတ်ကြပေ။
နောက်ဆုံးတွင် အန်လင်း၏ အကြည့်များသည် သွေးနတ်ဘုရား သုံးဦး၏ သိုလှောင်လက်စွပ်များ ပေါ်သို့ ကျရောက်သွားသည်။
ပြိတ္တာဧကရာဇ်၏ သိုလှောင်လက်စွပ်မှာ အစအနပင် ရှာမရအောင် ပျောက်ကွယ်သွားပြီး ဖြစ်သည်။ သို့သော်လည်း ယင်းအစား သွေးနတ်ဘုရား တစ်ဦး၏ သိုလှောင်လက်စွပ်အား အစား ရရှိလိုက်လေသည်။
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်သည် ထိုသိုလှောင် လက်စွပ်များအား သန့်စင်ပေးပြီး ဖြစ်သည့်အတွက် စားပွဲပေါ်တွင် ငြိမ်သက်စွာဖြင့် ရှိနေကြသည်။
သိုလှောင်လက်စွပ် ဟူသည်မှာ သွေးနတ်ဘုရား အတွက် ရတနာသိုက်ပင် ဖြစ်သည်။ မည်သို့သော ပစ္စည်းများ ရှိနေလိမ့်မည်နည်း။
အန်လင်းသည် စိတ်လှုပ်ရှားစွာဖြင့် သိုလှောင်လက်စွပ် တစ်ကွင်းအား ကောက်ယူလိုက်ပြီးနောက် အတွင်းတွင် ပါရှိသည့် အရာများအား လေ့လာလိုက်သည်။
ကောင်းပြီ။ ထိုအရာသည် ၁၀ ကုဗပေသာလျှင် ရှိသည့် သာမန်သိုလှောင်လက်စွပ် တစ်ကွင်းသာလျှင် ဖြစ်သည်။
စိတ်ဝိညာဉ်ကျောက်တုံး ရာချီခန့် ... ယင်းတို့သည် ကမ္ဘာမြေတွင် ရှားပါးသည့်အတွက် နားလည်ပေးနိုင်သည်။
အဆင့်မြင့် မှော်လက်နက် နှစ်ခု ...
အဆင့် ၄ သာလျှင် ရှိလောက်မည့် တစ်ခုတည်းသော စိတ်ဝိညာဉ်ဆေးလုံး ...
ထိုမျှသာ ...
အန်လင်းမှာ လုံးဝ တုန်လှုပ် သွားမိသည်။ သိုလှောင်လက်စွပ် တစ်ကွင်းအား ကြောင်အစွာဖြင့် လက်ထဲတွင် ကိုင်ထားလျက်နှင့် အတွေးထဲ နစ်မျောနေတော့သည်။
ဒါက တကယ်ကြီး ကြီးမြတ်ပါတယ်ဆိုတဲ့ သွေးနတ်ဘုရားရဲ့ ကိုယ်ပိုင် သိုလှောင်လက်စွပ် တဲ့လား ...
အတု မဟုတ်တာ သေချာရဲ့လား ...
ထိုအရာအား လက်ခံရန် ငြင်းဆိုလျက် သိုလှောင်လက်စွပ် နောက်တစ်ကွင်းအား ကောက်ယူလိုက်ပြန်သည်။
၁၀ ကုဗပေ ထုရှိသည့် သိုလှောင်လက်စွပ် အတွင်း၌ စိတ်ဝိညာဉ်ကျောက်တုံး ထောင်ကျော်နှင့် အနီရောင် ဝတ်စုံတစ်ထည် ရှိနေသည်။
ထိုမျှသာ ...
အန်လင်းသည် ထိုသိုလှောင်လက်စွပ်အား ဒေါသတကြီး ပစ်ပေါက်လိုက်တော့သည်။
ဒီသိုလှောင်လက်စွပ်တွေနဲ့ ဘာသွား လုပ်ရမှာတုန်း ...
အန်လင်းသည် ဒေါသများပြည့်နှက်ကာ ရွံရှာမိလာသည်။ သင်းတို့သည် ကံမ,လို့ သွေးနတ်ဘုရား ဖြစ်လာကြသည့် အကောင်များပင် ဖြစ်ပေလိမ့်မည်။
ဘာကြောင့်များ ထိုမျှလောက် မွဲတေရသနည်း။
အန်လင်းသည် နောက်ဆုံးသော မျှော်လင့်ချက် ရောင်ခြည်အား ဆုပ်ကိုင်ကာဖြင့် တတိယမြောက် သိုလှောင်လက်စွပ်အား စစ်ဆေးကြည့်လိုက်သည်။
အာ့ ...
အထဲတွင် စိတ်ဝိညာဉ်ကျောက်တုံး သောင်းနှင့်ချီ၍ ရှိသည်။
ထို့အပြင် ...
သိုလှောင်လက်စွပ် တစ်ခုလုံးမှာ စိတ်ဝိညာဉ် ကျောက်တုံးများနှင့် ပြည့်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ...
အခြားသော အရာများအတွက် နေရာ မရှိတော့ချေ။
အန်လင်းသည် အနောက်သို့ ယိုင်သွားပြီးနောက်တွင် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သက်ပြင်း အရှည်ကြီးအား ချလိုက်ပြီးနောက် သိုလှောင်လက်စွပ် သုံးကွင်းအတွင်းရှိ ပစ္စည်းများအား သူ့ကိုယ်ပိုင် သိုလှောင်လက်စွပ် အတွင်းသို့ ရွှေ့ပြောင်းလိုက်သည်။
စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းသည် ကမ္ဘာမြေပေါ်ရှိ ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူတစ်ဦး အတွက် များပြားလှသည့် ပမာဏဟု ဆိုနိုင်ပေသည်။
သို့သော်လည်း အန်လင်းမှာမူ အနည်းငယ်မျှပင် စိတ်လှုပ်ရှားခြင်း မရှိသည့်အပြင် အတော်လေး စိတ်ပျက် နေမိသေးသည်။
သိုလှောင်လက်စွပ် အလွတ် သုံးကွင်းကိုမူ ...
သူ၏အဖေ၊ ထျန်းလင်းလင်းနှင့် တုန်ဖန်ရွှယ်တို့အား ပေးဖို့ ဆုံးဖြတ်ထားသည်။ သူတို့သည် ပျော်ရွှင်စွာဖြင့် လက်ခံကြပေလိမ့်မည်။
နောက်ဆုံးတွင် အန်လင်း၏ အကြည့်သည် နက်မှောင်နေသည့် သိုလှောင်လက်စွပ် အပေါ်သို့ ကျရောက် သွားတော့သည်။
အဆိုပါ သိုလှောင်လက်စွပ်မှာ တောင်ပံနက် မျိုးနွယ်စု၏ ဧကရာဇ်များထဲမှ တစ်ဦးဖြစ်သူ မဟူရာည ဧကရီ၏ ပိုင်ဆိုင်မှု ဖြစ်သည်။
အန်လင်းသည် သိုလှောင်လက်စွပ် အတွင်းသို့ သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်သည်။
ကုဗပေ ထောင်နှင့်ချီ ကျယ်ဝန်းသည့် ပမာဏ ...
အန်လင်း ပြုံးလိုက်သည်။ ဤသိုလှောင်လက်စွပ်သည် အဆင့်မြင့် သိုလှောင်လက်စွပ် တစ်ကွင်းဖြစ်ကာ စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်း တန်ကြေးရှိသည်။
အထဲတွင် အဖြူရောင်အလင်းများ ထုတ်လွှတ်လျက် ရှိသည့် စိတ်ဝိညာဉ်ကျောက်တုံး ရာချီ၍ ရှိသည်။
အမ် ... စိတ်ဝိညာဉ် ကျောက်တုံးတွေလည်း အများကြီး မရှိဘူးပဲ ...
ခဏလေး ... အဲဒါတွေက ဘာလို့များ အဖြူရောင်အလင်းတွေ လွှတ်နေရတာတုန်း ...
အန်လင်းသည် နတ်ဘုရားအာရုံကို ထိုစိတ်ဝိညာဉ် ကျောက်တုံးများထံ ပို့လွှတ်လိုက်ပြီးနောက် သူ့မျက်နှာပေါ်တွင် အပြုံး အကြီးကြီးတစ်ခု ပေါ်လာတော့သည်။
လခွမ်းဟေ့ ... ဒါတွေက ချီကျောက်တုံးတွေဟ ...
သာမန် စိတ်ဝိညာဉ် ကျောက်တုံးများသည် ချီစွမ်းအင် ကြွယ်ဝစွာ ပါဝင်သည်။
ချီကျောက်တုံးတွင်မူကား အရည် အခြေအနေတွင် ရှိနေသည့် သိပ်သည်းသည့် ချီစွမ်းအင်များ ပါဝင်ပေသည်။
၎င်းတို့၏ အချိုးအစားအား နှိုင်းယှဉ်မည်ဆိုလျှင် ၁ : ၁၀၀၀၀၀ ဖြစ်သည်။
သာမန် ကျင့်ကြံသူများသည် ချီကျောက်တုံးများမှ ချီစွမ်းအင်အား စုပ်ယူရန် ကြိုးစားမည် ဆိုပါက ချက်ချင်းပင် ခန္ဓာကိုယ် ပေါက်ကွဲကာဖြင့် သေဆုံး သွားပေလိမ့်မည်။
အနိမ့်ဆုံးအားဖြင့် ပျက်ပြယ်ခြင်း အဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူများ သာလျှင် ချီကျောက်တုံးများမှ ချီစွမ်းအင်ကို ဘေးအန္တရာယ် မရှိဘဲ စုပ်ယူသုံးစွဲ နိုင်ပေလိမ့်မည်။
ချီကျောက်တုံး တစ်ရာကျော် ... တစ်နည်းအားဖြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်အား ပိုင်ဆိုင်နေပြီ ဖြစ်သည်။
လခွမ်းဟေ့ ...
အန်လင်း၏ မျက်လုံးများသည် အနည်းငယ် ရီဝေနေလေသည်။ ရုတ်တရက် ကြုံတွေ့ရသည့် ပျော်ရွှင်မှုသည် သူ့အား မိန်းမော နေစေသည်။
အသိပြန်လည်လာပြီး နောက်တွင် သိုလှောင်လက်စွပ်အား လေ့လာကြည့်ပြန်သည်။
ပစ္စည်း အများအပြား ရှိမနေသော်လည်း အားလုံးသည် အထွတ်အထိပ် အဆင့်တွင် ရှိကြသည်။
မဟူရာည၏ သိုလှောင်လက်စွပ်နှင့် နှိုင်းယှဉ်ပါက သွေးနတ်ဘုရားများ၏ ပိုင်ဆိုင်မှုသည် အမှိုက်သာလျှင် ဖြစ်သည်။
အဆင့် ၇ အင်မော်တယ်ဆေး-နဂါးဝိညာဉ်ဆေးရည် ... နဂါးဟိန်းသံ ဖျော့ဖျော့သည် ဆေးရည် ပတ်လည်တွင် လှည့်ပတ်လျက် ရှိနေပုံရသည်။
ယင်းဆေးရည်သည် သုံးစွဲသူ၏ အသိစိတ်စွမ်းအားကို တိုးမြင့်လာစေပြီး ဝိညာဉ်ဖွဲ့စည်းခြင်း အထက်ရှိ ကျင့်ကြံသူများနှင့်သာ သင့်လျော်သည်။
ကြယ်စင်မဲ့ကောင်းကင် သတ်ဖြတ်ခြင်း ဝင်္ကပါပြား-အဆင့်သတ်မှတ်ချက် မသိရ-စွမ်းအားအဆင့် မသိရ ...
နတ်ဘုရားစစ်ဆေးခြင်း နည်းစနစ်သည် ပင်လျှင် ထိုနာမည်မှအပ အခြားအရာများအား သိရှိရခြင်း မရှိပေ။
လောကထွင်းအပ်-ဝင်္ကပါများကို ဆုတ်ဖြဲ ပစ်နိုင်သလို လေထုကိုပင် ဖြဲဆုတ် ပစ်နိုင်သည့် အစွမ်းထက် လက်နက်။
မြေကမ္ဘာအင်မော်တယ် ယွဲ့ရင် ပြောကြားချက်အရ ထိုအပ်သည် အင်မော်တယ်လက်နက် တစ်ခုဖြစ်သည်။
မိစ္ဆာရှင်းဓား-အဆင့် ၁ အင်မော်တယ် လက်နက်။ ဓားစိတ်ဝိညာဉ် အဖြစ် ပြောင်းလဲထားသည့် ပြိတ္တာဧကရာဇ်အား အန်လင်းမှ ရှင်းလင်းဖယ်ရှားပြီး ဖြစ်သည်။
ဤအချက်ကြောင့် မိစ္ဆာရှင်းဓားသည် အင်မော်တယ် လက်နက်တစ်ခု၏ သွင်ပြင် လက္ခဏာများ ရှိနေသော်လည်း စိတ်ဝိညာဉ် မရှိခြင်းကြောင့် အင်မော်တယ် လက်နက် တစ်ခုအဖြစ် ရေတွက်ရန် တစ်ဆင့်ခန့် လိုနေသေးသည်ဟု ဆိုရပေမည်။
အိုး ... တံဆိပ်ပင် မဖြုတ်ရသေးသည့် အဝတ်တစ်စုံလည်း ရှိနေသေးသည်။
အဆင့်မြင့် စိတ်ဝိညာဉ် ဝတ်ရုံဖြစ်ပြီး နတ်ဘုရားတောင်ကြား ဝိညာဉ်မှ ရက်လုပ်ထားသည့် ကာကွယ်ရေးဝတ်ရုံ-မင်နက်ကျောက်စိမ်း ဝတ်ရုံ။
ကာကွယ်ရေး စိတ်ဝိညာဉ်လက်နက် ဖြစ်သည်။
ဤဝတ်ရုံနှင့်ဆိုလျှင် တိုက်ပွဲများတွင် အန်လင်း အတွက် ပို၍ လုံခြုံမှု ရှိလာစေလိမ့်မည်။
သို့သော်လည်း ...
ဤသည်မှာ အမျိုးသမီးဝတ် ဖြစ်နေခြင်းသာ ...
***