အပိုင်း (၂၆၅)
Vol. 20 Ch. 265
နန်းမြို့တော်၊ ကျန်းယွမ်နယ်စားအိမ်တော်...။
ကျင်းမိသားစုသည် မြို့တော်ထဲတွင် နေထိုင်စရာ တည်နေရာ တစ်ခုတည်းသာလျှင် ရှိ၏။ စုမိသားစုကို ကြည့်ရှုမည်ဆိုပါက နယ်စားဘွဲ့ထူးကို ပိုင်ဆိုင်သောကြောင့် မြို့ထဲတွင် ကြီးမားသည့် အိမ်တော်ကြီးတစ်ခုကို ပိုင်ဆိုင်သည့်အပြင် တည်နေရာ တော်တော်များများတွင်လည်း အိမ်တော်များ တည်ရှိ၏။
ဤနယ်စားအိမ်တော်သည် ဘုရင်မင်းမြတ်က ပေးထားခဲ့သည့် အရာတစ်ခုဖြစ်ပြီး ဧကပေါင်း ရာချီ ကျယ်ပြော၏။ ကြည့်ရှုရမည်ဆိုလျှင် ဘုရင်မင်းမြတ်၏ နှလုံးသားထဲတွင် ဤမြေခွေးအိုကြီးသည် မည်မျှ အရေးပါကြောင်း သိရှိနိုင်သည်။
နယ်စားကြီး စုနန်သည် တကယ့်ကို ဆိုးရွားသည့် ဂုဏ်သိက္ခာတရားကို ပိုင်ဆိုင်ပြီး ဆိုးသွမ်းလွန်း၏။ လူပေါင်းများစွာတို့သည် ဤလူမှာ တော်ဝင်မျိုးနွယ်ဟောင်းများ၏ အရှက်တရားဟူ၍ပင် သတ်မှတ်ခဲ့ကြ၏။ ဘုရင်မင်းမြတ်၏ ဖင်ကို သွားယက်ကာ မြှောက်ပင့်သည့ နေရာတွင် မည်သည့် စည်းမျဉ်းစည်းကမ်းနှင့် အရှက်တရားဟူ၍ မရှိချေ။ သူသည် တော်ရုံ အညံ့ခံခဲ့သည်သာမကချေ။ ရှိရှိသမျှသော မြေပိုင်နက်အားလုံးကို ပေးအပ်ခဲ့၏။
ဘုရင်မင်းမြတ်သည် တော်ဝင်မျိုးနွယ် တော်တော်များများကို ဆိုးရွားစွာ ဆက်ဆံလျက်ရှိ၏။ သို့ပေမည့် လက်ရှိအချိန်မှာတော့ ရွှမ်ဝူမြို့စားအိမ်တော်သည် ရှေ့ဆီသို့ လှမ်းတက်နိုင်ခဲ့ပြီ ဖြစ်၏။ ကျန်းချုံး၏ တိုက်ခိုက်မှုအား ကြံ့ကြံ့ခံ ရပ်တည်နိုင်ခဲ့၏။ သူတို့သည် အစိုးရသစ်၏မူဝါဒဓားအောက်တွင် သေဆုံးခဲ့ခြင်း မရှိသည့်အပြင် နုရှောင်မြို့တစ်ခုလုံးကိုပင် သိမ်းဆည်းနိုင်ခဲ့၏။ အခြေအနေက ဟန်ချက်ညီသွားခဲ့သည်။
အခွင့်အရေးကို အရယူခဲ့ပြီးနောက် တော်ဝင်မျိုးနွယ်များအတွက် ရှေ့မှဦးဆောင်ကာ တိုက်ခိုက်မည့် လူမျိုး အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ ရွှမ်ဝူသည် နယ်စားဆိုသည့်ဘွဲ့ထူးကို လက်ခံရရှိတော့မည်ဖြစ်၏။
ထို့ကြောင့် တော်ဝင်မျိုးနွယ်များသည် မြန်မြန်ဆန်ဆန်နှင့် လှုပ်ရှားလာခဲ့ပြီး ကျင်းမိသားစုအား ခေါင်းဆောင် အဖြစ် ခန့်အပ်ချင်ကြသည်။ ထိုအရာက တိတ်တဆိတ် ကြံစည်နေခြင်းသာ ဖြစ်သည်။ ကျင်းကျိုးပင် မသိရချေ။
နယ်စားကြီးစုနန်သည် ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ရယ်ရယ်မောမောဖြင့် ပြောလိုက်၏။ “လုပ်ကြ လုပ်ကြ။ မြန်မြန်လုပ်ကြ။ ခင်ဗျားတို့ ဒီလိုလုပ်လေ သူ မြန်မြန်သေလေပဲ”
သူသည် ကြီးမားသည့် မှန်ကြီးတစ်ခု၏ ရှေ့တွင်ထိုင်လျက်ရှိပြီး သူ၏ ဆံနွယ်များသည် မိန်းကလေး တစ်ယောက်ကဲ့သို့ပင် ဖြောင့်စင်းလျက် ရှိနေ၏။ သူသည် ရွှေဒင်္ဂါးတော်တော်များများကို အသုံးပြု၍ ဤကြီးမားသည့် မှန်ကြီးကို ဝယ်ယူခဲ့ရသည်။
ကောင်းကင်တာအိုအဖွဲ့အစည်း၏ လေလံပွဲသည် လွန်ခဲ့သည့်လအနည်းငယ်တုန်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး ထိပ်တန်းတော်ဝင်မျိုးနွယ် တော်တော်များများတို့၏ အိမ်ထဲတွင် ဤသို့ကြီးမားသည့် မှန်ကြီးများ ရောက်ရှိနေပြီ ဖြစ်၏။ ထိုအရာသည် ထိပ်တန်းတော်ဝင်မျိုးနွယ်များသာ အသုံးပြုနိုင်သည့် အရာမျိုး ဖြစ်၏။
စုနန်သည် ဆံပင်ကို အဖြူရောင်ဆိုးလျက်ရှိသည်။ အဘယ့်ကြောင့် သူ၏ ဆံပင်ကို အဖြူဆေးဆိုးရန် ကြိုးစားနေရသနည်း။ အားလုံးသောသူတို့သည် ဆံပင်အမဲရောင်ဆိုးခြင်းအား နှစ်သက်ကြသည်။ သို့ပေမည့် သူကတော့ ဆန့်ကျင်ဘက် ဖြစ်၏။ သူသည် အဖြူရောင်ဆွတ်ဆွတ်ကိုသာလျှင် နှစ်သက်၏။ ဆံနွယ်ဖြူသည် သူ့ကို ပိုမိုကာရင့်ကျက်ပြီး အိုမင်းသလို ခံစားရစေသည်။
တခြားသောလူပေါင်းများစွာတို့သည် စုနန်အား အဘိုးအိုကြီးတစ်ယောက်ဟု ထင်မှတ်ကြသည်။ ထိုသို့အိုမင်းနေသည် ဆိုလျှင်တောင်မှ သွက်လက်ဖြတ်လတ်စွာ လှုပ်ရှားနေနိုင်သောကြောင့် ကြိတ်ကာလည်း ချီးကျူးမိကြ၏။
အချက်အလက်အားဖြင့် သူသည် ယခုနှစ်တွင်မှ အသက် ၆၀ ပြည့်မှာဖြစ်၏။ သူ၏ အဆင့်၊ သိုင်းပညာစွမ်းရည် အရ ဆိုလျှင် ဘဝ၏အကောင်းဆုံးသော ထိပ်ဆုံးအခြေအနေ၌ရှိနေသည့် အရွယ်မျိုးပင်။ ထို့အပြင် သူ၏ သိုင်းပညာသည် အလွန်အဆင့်အတန်း မြင့်မား၏။ ခန္ဓာကိုယ်ကလည်း သန်မာကြံ့ခိုင်လွန်းသည်။ ဆံပင်များကလည်း အုံကောင်းကောင်းနှင့်ပင်။ ထို့ကြောင့် အချိန်တိုင်းဆိုသလိုပင် သူသည် ဆံပင်အဖြူများကို ဆိုးနေရ၏။ ထို့ကြောင့်ပင်လျှင် သူ့၌ စုပိုင်ဆိုသည့် နာမည်ပြောင်တစ်ခု ရရှိခဲ့သည်။ (ပိုင် -အဖြူ)
စုကျန့်ထင်က ပြောလိုက်၏။ “ဒီည ဘုရင်မင်းမြတ်က ရှမ့်လန်ကို ဆင့်ခေါ်ခဲ့တယ်။ ဒီသတ္တဝါက လူမြင်ကွင်းမှာပဲ ကျုပ်တို့ စုကလန်ကို သတ်ဖြတ်ပစ်မယ်လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်”
စုကလန်သည် တကယ့်ကို ကြီးမားမြင့်မြတ်လွန်းသည့် မိသားစုတစ်ခုဖြစ်ပြီး စုဖေးသည် နန်းတော်ထဲတွင် အခြေအနေတစ်ခု ဖန်တီးထားနိုင်စွမ်းရှိသည့် မိဖုရားဖြစ်၏။ ထို့ကြောင့်ပင် ရှမ့်လန်၏ စကားသည် လျင်လျင်မြန်မြန်ပင် နန်းတော်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
စုနန်က အသာရယ်မောကာ ပြောလိုက်၏။ “သူက သူ့ကိုယ်သူ ကာကွယ်ချင်တာလား။ မူလအားဖြင့် အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားက သူ့ကို ကြည့်မရကြဘူး။ အခွင့်အရေးရရင် သတ်ပစ်ဖို့ ချောင်းနေကြတာ။ အခု သူက ဒီလိုမျိုး ကြေညာလိုက်တယ်ဆိုတော့ ငါတို့နဲ့ ရှမ့်လန် တိုက်ခိုက်တာကို အသာလေး စောင့်ကြည့်ကြတော့မယ်”
စုကျန့်ထင်က မေးလိုက်သည်။ “ဘာပဲပြောပြော အဲမင်းသား နှစ်ယောက်လုံးက ကျုပ်တို့ရဲ့ ထောက်ပံ့မှုကို လိုချင်တာ မဟုတ်လား အဖေ”
စုနန်က ခေါင်းညိတ်လိုက်၏။ “အင်း.. ငါတို့ စုမိသားစုက တကယ့်ကို အဆုံးစွန်ထိ ချမ်းသာနှင့်နေပြီ။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ် ၂၀ လုံးလုံး ရရှိခဲ့တဲ့ သင်ခန်းစာတွေကို သေသေချာချာမှတ်ပြီး အလုပ်လုပ်မှ ဖြစ်လိမ့်မယ်”
ဟုတ်ပေ၏၊ နယ်စားကြီးစုကျန့်သည် အကြီးဆုံးမင်းသား နင်ယွမ်ဝူကို ထောက်ပံ့ရန် စီစဉ်ခဲ့၏။ နောက်ဆုံးအချိန်မှာတော့ ပျံ့ရှောင်းကြောင့် အိမ်ရှေ့စံမင်းသားနေရာအား နင်ယွမ်ရှန်းက ရရှိခဲ့၏။ နင်ယွမ်ရှန်း သည် ဘုရင်မင်းမြတ်၏ နန်းပလ္လင်ကို ဆက်ခံခဲ့၏။ စုကလန်သည် ကပ်ဘေးကြုံရလုနီးပါးဖြစ်ခဲ့ရသည်။
“ဒီအကြောင်းကို တွေးလိုက်တိုင်း၊ တွေးလိုက်တိုင်း ကြောက်လန့်မှုကို ခံစားရတယ်။ ပြောရမယ်ဆိုရင် ကျင်းမိသားစုကိုတောင် ကျေးဇူးတင်ရမယ်။ သူတို့သာ နှောင့်နှေးမနေဘူးဆိုရင် ငါတို့ စုမိသားစုတစ်ခုလုံး ဒုက္ခရောက်နိုင်တယ်”
နယ်စားကြီး စုနန်က ပြောလိုက်၏။ “ဒီတော့ ဒီနေ့ကစပြီး ငါတို့ စုကလန်က ဘုရင်မင်းမြတ်ကို ကောင်းကောင်း ထောက်ပံ့ပေးရမယ်။ ပြီးတော့ နန်းပလ္လင်ပေါ်ကို တက်မယ့် ဘယ်သူပဲဖြစ်ဖြစ် ငါတို့က ထောက်ပံ့ပေးရမယ်”
“ကောင်းပါပြီ” စုကျန့်ထင်က ပြောလိုက်သည်။
နယ်စားကြီး စုနန်သည် သူ၏ အောက်ခြေတွင် ရှိနေသည့် ခွေးခြေခုံကို ပုတ်လိုက်၏။
ဘုတ်
ခွေးခြေခုံက တုန်ယင်သွားခဲ့သည်။
အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့် ခွေးခြေခုံက လှုပ်သွားသနည်း။ အဘယ့်ကြောင့်ဆိုသော် သတ္တုခွေးခြေခုံ မဟုတ်ချေ။ မိန်းမလှလေးတစ်ယောက်သည် လေးဘက်ထောက်ကာထိုင်ပြီး ခုံအဖြစ်နေထိုင်နေပြီး စုနန်က သူမအပေါ် တက်ထိုင်နေခြင်းဖြစ်၏။
စုနန်သည် အမျိုးသမီးများကို စွဲလမ်းလွန်းသူဖြစ်ကြောင်း အားလုံး သိရှိ၏။ ထို့ကြောင့် အမျိုးသမီးများကို သူ၏ ပျော်တော်ဆက်အဖြစ် အသုံးပြုတတ်၏။ လစဉ်လတိုင်းဆိုသလို ထိပ်တန်းအလှမယ်များကို ခေါ်ဆောင်ကာ အတူနေထိုင်တတ်သည်။
ထိုအကြောင်အရာနှင့်ပတ်သက်၍ ဘုရင်မင်းမြတ်ကပင် ခေါ်ယူကာ သတိပေးခဲ့ရဖူးသည်။ သို့ပေမည့် စုနန်သည် အမူအကျင့် ပြောင်းလဲခြင်းမရှိချေ။ စုနန်သည် ရမ္မက်လှောင်ချိုင့်ထဲတွင် ပျော်မွေ့ရာခြင်း၌ အားသာ၏။
လူပေါင်းများစွာတို့သည် နယ်စားကြီး စုနန်နှင့် ပတ်သက်၍ ရယ်စရာလုပ်ကာဖြင့် ပြောဆိုတတ်ကြ၏။ ဤကဲ့သို့ အမျိုးသမီးများနှင့် ဆက်ဆံခြင်း အကြိမ်အရေအတွက် များပြားသောကြောင့် အိုမင်းရင့်ရော်မှု မြန်ဆန် လေသည်လား ဆိုသည့်စကားပင်။
နယ်စားကြီး စုနန်သည် လူတစ်ယောက်၏ အကန့်အသတ်ကို ကောင်းကောင်းသိသည်။ မည်သို့ ပျော်ရွှင်ရမည်ဖြစ်ကြောင်းကိုလည်း ကောင်းကောင်း နားလည်၏။ ယောက်ျားတစ်ယောက်အနေနှင့် တွေ့သမျှ မိန်းမလှများနှင့် လိုက်အိပ်နေပါက ပြဿနာတက်မည် မဟုတ်ပါလား။
သို့ပေမည့် မြို့စားကြီးစုနန်သည် သူ၏ ကျန်းမာရေးကို အလေးထားသည်။ မိန်းမလှလေးများနှင့် အိပ်စက်ခြင်းကို နှစ်သက်သူ ဖြစ်လျှင်တောင်မှ သူသည် ငါးရက်ကို တစ်ကြိမ်သာ အိပ်စက်သည်။ လောဘတကြီးနှင့် စိတ်ဆန္ဒရမက်၏ သွေးဆောင်ရာသို့ မလိုက်ချေ။
အိုမင်းရင့်ရော်ဟန်ဆောင်ရန် အလို့ငှာ သူသည် ဆံပင်များကို အဖြူရောင်ဆိုးတတ်သည်သာမက ခါးကုန်းကုန်း နှင့်လည်း အစဉ်အမြဲ လမ်းလျှောက်တတ်သေး၏။ ဘဝသည် ပြဇာတ်တစ်ခုပင် ဖြစ်၏။ ပြဇာတ်တွင် နေရာရခြင်းသည် သရုပ်ဆောင်မှုပေါ်တွင် မူတည်၏။ ထို့ကြောင့် နယ်စားကြီးစုနန်သည် သရုပ်ဆောင်သည့် နေရာ၌ ကျွမ်းကျင်သူတစ်ယောက်ပင် ဖြစ်၏။
စုကျန့်ထင်က ပြောလိုက်သည်။ “အဖေ... ကျုပ် လူတွေကို ခေါ်ပြီး ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်ခဲ့တယ်လို့ ရှမ့်လန်က ဘုရင်မင်းမြတ်ကို တိုင်တန်းခဲ့တယ်”
စုနန်က ပြောလိုက်၏။ “ဒီကိစ္စကို ဘုရင်မင်းမြတ်က အသေးစိတ် မေးခဲ့သေးလား”
စုကျန့်ထင်က ပြောလိုက်သည်။ “မမေးဘူး။ လျစ်လျူရှုခဲ့တယ်”
စုနန်သည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဒါမကောင်းဘူး။ ဘုရင်မင်းမြတ်က အသေးစိတ် ထပ်ပြီး မမေးဘူးဆိုရင် သူက သံသယ ရှိနေလို့ပဲ။ လျှို့ဝှက်စာကို မီးရှို့လိုက်တယ်ဆိုတာ သေချာရဲ့လား”
စုကျန့်ထင်က ပြောလိုက်သည်။ “သေချာပါတယ်။ ကျုပ်ကိုယ်တိုင် မီးရှို့ခဲ့တာ။ အဲနေ့တုန်းက စုဖေ့ဖေ့က ရွေးချယ်ခွင့် မရှိဘူးလေ။ ကိုယ်တိုင် ထုတ်ပေးခဲ့ရတယ်”
စုနန်က ပြောလိုက်၏။ “ဘာပဲပြောပြော ဘုရင်မင်းမြတ်ရဲ့ စိတ်နှလုံးထဲမှာ ရှိနေတဲ့ အကြိတ်ထုံးကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုကို ရှာရမယ်”
ပြီးနောက် စုနန်သည် အမှတ်မထင်ဆိုသလို အောက်တွင်ရှိနေသည့် မိန်းမလှလေး၏ ပခုံးကို အသာ ပုတ်လိုက်သည်။
သူသည် သိုင်းပညာရှင်တစ်ယောက်ဖြစ်၏။ သူ၏ သိုင်းပညာစွမ်းရည်သည် အလွန်လည်း မြင့်မား၏။ ထို့ကြောင့် အားဖျော့ဖျော့ဖြင့် အမှတ်မထင် ပုတ်လိုက်လျှင်တောင်မှ သူ၏ အားအင်သည် ကြောက်မက်ဖွယ်ရာ ကောင်းနေတုန်းပင်။
မိန်းကလေးသည် နာကျင်မှုကို ခပ်ပြင်းပြင်း ခံစားလိုက်ရ၏။ သို့သော်ငြား အသံမထွက်ရဲချေ။
“ရွှေတွေကို ယူပြီးတော့ အစိုးရအဖွဲ့တွေဆီသွား။ ပြီးတော့ ငါကို တိုင်ကြားတဲ့ တိုင်တန်းစာတွေ ရေးဖို့ ပြောလိုက်” စုနန်က အမိန့်ပေးလိုက်၏။
စုကျန့်ထင်က ပြောလိုက်သည်။ “ဘယ်လိုပြစ်မှုမျိုးကို တိုင်ခိုင်းရမှာလဲ။ ဒါက နည်းနည်း မလွန်လွန်းဘူးလား”
စုနန်က ပြောလိုက်၏။ “မဟုတ်ဘူး။ ပြစ်မှုက ပိုပြီးတော့ လေးနက်ဖို့လိုတယ်။ ဒီတော့ ငါက ဥပဒေနဲ့ ပတ်သက်ပြီးတော့ လေးစားမှုမရှိဘူး။ ကျွမ်းကျင်သူတွေ ခေါ်ပြီး ရွှမ်ဝူအိမ်တော်ကို တိုက်ခိုက်ခဲ့တယ်။ ပြီးတော့ ကျင်းမိသားစုရဲ့ အပြစ်ကင်းစင်တဲ့ ကျေးကျွန် ၁၀၀ ကျော်လောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ တကယ့်ကို ဆိုးဆိုးရွားရွား ပြုလုပ်ခဲ့တယ်။ ပြီးတော့ ကိုယ့်ရဲ့ညီမ စုဖေ့ဖေ့ကို သတ်ပစ်ဖို့တောင် ကြိုးစားခဲ့တယ်။ အဲလို အကြောင်းအရာတွေ ရေးပြီး တိုင်ခိုင်းရမယ်”
စုကျန့်ထင်က တုန်လှုပ်သွားခဲ့သည်။ “ဘာကြောင့်လဲ”
နယ်စားကြီး စုနန်က ပြောလိုက်၏။ “ဒီလိုကိစ္စမျိုးတွေက တခြားသောသူတွေ ပြောဆိုတာထက် ကိုယ်ကိုယ်တိုင် အပြစ်ကိုထုတ်ဖော်တာ ပိုပြီး ကောင်းတဲ့ကိစ္စပဲ။ တခြားသူ မီးတို့တာကို ခံမယ့်အစား ကိုယ့်ဘာသာ မီးရှို့လိုက်တာ အကောင်းဆုံးပဲ။ ဒါမှ ငါ့အပေါ် လူတွေရဲ့အမြင်က ပြောင်းလဲသွားမှာ။
တိုင်ကြားစာနဲ့ ပတ်သက်ပြီး လူတွေက မှန်သလား၊ မှားသလားဆိုတာ ဝေခွဲမရ ဖြစ်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ မင်း လူတစ်ယောက်ကို သတ်တယ်ဆိုပါစို့။ မသတ်ပါဘူး ငြင်းနေတယ်ဆိုရင် အားလုံးက လူသတ်သမားဆိုပြီး သံသယဝင်နေမှာပဲ။ ဒါပေမဲ့ ကျုပ် ကိုယ်တိုင် သတ်တာပါ၊ ကျုပ်ကိုယ်တိုင် သတ်တာပါဆိုပြီး အားရပါးရ အော်ကြည့်လိုက်။ တကယ်သတ်တာ ဟုတ်ပါ့မလား ဆိုပြီး အာလုံးက တွေးကြလိမ့်မယ်”
စုကျန့်ထင်က ပြောလိုက်သည်။ “နားလည်ပါပြီ”
နယ်စားကြီး စုနန်က ပြောလိုက်၏။ “ဒါနဲ့ ကျင်းမူကုန်းအတွက် ပြင်ဆင်ပြီးသွားပြီလား”
စုကျန့်ထင်က ပြောလိုက်သည်။ “ပြင်ဆင်ခဲ့ပြီးတာ ကြာပါပြီ။ သူ နန်းမြို့တော်ထဲကို ဝင်လာတည်းက ကျုပ်တို့ အခြေအနေကို စောင့်ကြည့်နေခဲ့တာ”
နယ်စားကြီး စုနန်က ပြောလိုက်၏။ “ဘုရင်မင်းမြတ်က ကျင်းကျိုးကို နုရှောင်နယ်စားကြီးဆိုတဲ့ ဘွဲ့တံဆိပ်ကို ပေးဖို့ ပြင်ဆင်နေပြီ။ ဒီကိစ္စကို တားဆီးမှ ဖြစ်လိမ့်မယ်”
စုကျန့်ထင်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဒါပေမဲ့ နင်ကျန့်က...”
နယ်စားကြီး စုနန်က ပြောလိုက်၏။ “လောလောဆယ် အဲဒီတလွဲကောင်ကို လျစ်လျူရှုထားလိုက်”
…………..
ကျင်းမိသားစု၏ခြံဝင်းအတွင်းမှာတော့ မင်းသမီးနင်ယန်၏ နှင်းကဲ့သို့ ဖြူဖွေးသည့် ခါးလေးသည် အထင်းသား ပေါ်နေသည်။
ရှမ့်လန် ပြောဆိုသည်မှာ အမှန်ပင်ဖြစ်၏။ သူမ၏ ခါးသည် တကယ်ကို သေးသွယ်ကာ အချိုးအစား ကျနလှသည်။ အင်ပြည့်အားပြည့် ရှိနေမည့် ခါးမျိုးပင်။
ဤကဲ့သို့ ခါးအမျိုးအစားသည် အလွန်ပင် သန်မာအားကောင်းလွန်းပြီး တစ်ခါလောက် ဆွဲလှည့်လိုက်ပါက မျက်လုံးများပင် ပြူးထွက်ကာ နိဗ္ဗာန်သို့ရောက်ရှိစေပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် ထိပ်တန်း တဏှာရူးများသည် အမျိုးသမီးများ၏ ခါးကိုသာ ကြည့်ရှုခြင်းဖြစ်ပေလိမ့်မည်။
ရှမ့်လန်သည် မင်းသမီးနင်ယန်၏ခါးကို စူးစိုက်ကာ ကြည့်ရှုနေ၏။ ဟုတ်ပေ၏၊ သူသည် လူပေါ့လူသွမ်း နှာဗူးတစ်ယောက်ကဲ့သို့ ကြည့်ရှုနေခြင်း မဟုတ်ချေ။ X-Rayအမြင်ကို အသုံးပြုကာဖြင့် ကျောက်ကပ်၏ ကျောက်တည်နေရာကို သေသေချာချာ စစ်ဆေးနေခြင်းဖြစ်၏။
“တတိယမင်းသမီး.. အသား အစားများလား”
နင်ယန်က ဖြေလိုက်သည် “အင်း .... အသားစားရတာ ကြိုက်တယ်”
အသားစားများခြင်းသည် အသားဓာတ် တိုးစေသည်။ ကျောက်ဖြစ်နိုင်ချေ ပိုများသည်။ ထို့ကြောင့်ပင်လျှင် နင်ယန်သည် ကျောက်တည်ခြင်းဖြစ်ပေမည်။
ရှမ့်လန်က ထပ်မံကာ ပြောလိုက်၏။ “ပြီးတော့ ရေနွေးကြမ်းပြင်းပြင်းကို သောက်ရတာ ကြိုက်တတ်လား”
“အင်း.. အရမ်းပြင်းတဲ့ ရေနွေးကြမ်းခါးခါးမျိုးကို ငါ ကြိုက်တယ်” နင်ယန်က ဖြေလိုက်သည်။
“အင်း .. ” ရှမ့်လန်က ဆက်ပြီး စပ်စုလိုက်၏။ “ဒါဆိုရင် ရေနွေးကြမ်းပြင်းပြင်း သောက်ရင် မအိပ်ချင်ဘူး။ အိပ်မပျော်တဲ့ ညဘက်တွေမှာ ဘာလုပ်တတ်လဲ”
နင်ယန်က ပြောလိုက်သည်။ “စာဖတ်ပါတယ်”
ရှမ့်လန်က ကြောင်သွား၏။ မင်းသမီးနင်ယန်၏ အသေးစိတ် သတင်းအချက်အလက်များကို သူက သုတေသနပြု မေးမြန်းနေခြင်းသာလျှင် ဖြစ်လေ၏။ သူမ၏ အနှစ်သက်ဆုံးသော စာအုပ်သည် “အရှေ့အရပ်မှ ဒဏ္ဍာရီ” ဆိုသည့် စာအုပ်ဖြစ်ပြီး အကြိမ် ၂၀ ကျော်ထက်မနည်း ဖတ်ရှုခဲ့ပြီးဖြစ်၏။ ယခု သူမသည် ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း ဆိုသည့် စာအုပ်ကို စွဲလန်းလျက် ရှိနေ၏။
ရှမ့်လန်သည် စကားတပြောပြောဖြင့် မင်းသမီးနင်ယန်၏ ခါးတည်နေရာတစ်ခုအား အမှတ်အသားအဖြစ် ဘောပင်ဖြင့် ရေးခြယ်လိုက်၏။ ဤတည်နေရာသည် ကြီးမားသည့်ကျောက်တစ်ခု ရှိနေသည့် နေရာပင်ဖြစ်သည်။
“ရှမ့်လန်.. မာယာမျဉ်းပြိုင်များက မင်းရေးခဲ့တာလား” နင်ယန်က မေးမြန်းလိုက်သည်။
“ဟုတ်ပါတယ်” ရှမ့်လန်က ပြန်လည်ကာ ဖြေဆို၏။
နင်ယန်က ပြောလိုက်သည်။ “ဘယ်လို သောက်တလွဲတွေ လျှောက်ရေးထားတာလဲ။ တကယ့်ကို ဆိုးရွား စုတ်ပြတ်လွန်းတယ်”
ထိုသို့ရင့်သီး ရိုင်းစိုင်းသောစကားကို ကြားချိန်မှာတော့ အကြီးဆုံးမင်းသမီးနင်ကျဲ့သည် မျက်လွှာပင်ချလိုက်မိ၏။
မင်းသမီး နင်ယန်က မေးမြန်းလိုက်သည်။ “ဆရာ.. ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းစာအုပ်ကို ဖတ်ပြီးပြီလား။ ကျွန်မ ဒါကို ဖတ်ကြည့်ဖို့ တိုက်တွန်းခဲ့ဖူးတယ်လေ”
အကြီးဆုံးမင်းသမီး နင်ကျဲ့က ပြောလိုက်၏။ “ငါ့ကို ဆရာလို့ မခေါ်နဲ့”
“အဒေါ် စာအုပ်ဖတ်ပြီးပြီလား” မင်းသမီးနင်ယန်သည် ထပ်ကာ မေးမြန်းလိုက်သည်။
“အင်း ... ဖတ်ပြီးပြီ” နင်ကျဲ့ကဖြေလိုက်၏။
“ကောင်းတယ် မဟုတ်လား။ ဟုတ်တယ်နော်။ ကျွန်မဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေထဲမှာ အကောင်းဆုံးစာအုပ်ပဲ။ ဒါ ‘အရှေ့ရပ်ရဲ့ ဒဏ္ဍာရီ’ ဆိုတဲ့ စာအုပ်ထက်တောင် ပိုပြီး ကောင်းတယ်”
နင်ကျဲ့က ပြောလိုက်သည်။ “မဆိုးပါဘူး”
မင်းသမီး နင်ယန်က ဆက်ပြောလိုက်၏။ “မဆိုးဘူး ဟုတ်လား။ ဒီမှတ်ချက်က သာမန်ဆန်လွန်းတယ်။ မကြိုက်လို့လား။ စာအုပ်ကောင်းတစ်ခုကို ဘယ်လိုဖြစ်ပြီးတော့ အသိအမှတ် မပြုနိုင်ရတာလဲ”