အပိုင်း (၂၆၉)
Vol. 20 Ch. 269
နင်ကျန်းက ပြောလိုက်၏။ “တကယ်လို့ ကျင်းမူကုန်းကို ကျုပ်တို့ကယ်တင်ချင်တယ်ဆိုရင် နေမထွက်ခင်မှာ ပြဿနာတွေအကုန်လုံးကို ဖြေရှင်းမှဖြစ်မယ်။ ဒီကိစ္စကလည်း ကောင်းကင်ဘုံကို တက်လှမ်းတာထက်တောင် ပိုပြီးခက်ခဲလိမ့်မယ်”
အမှန်ပင် ဖြစ်၏။ ကောင်းကင်ဘုံကို တက်လှမ်းတာထက်ပင် ပိုမိုကာ ခက်ခဲပေလိမ့်မည်။ လွယ်ကူသည့် ကိစ္စရပ်မျိုးလည်း မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူများသည် သေသေချာချာနှင့် ကြိုတင်ကာ ပြင်ဆင်ခဲ့ကြ၏။ တာဆီးဖို့ နည်းလမ်းဟူ၍ မရှိနိုင်ချေ။
စုကလန်သည် တကယ်ကို မြန်ဆန်လွန်းလှချေ၏။ ရှမ့်လန်တစ်ယောက် နန်းမြို့တော်ဆီသို့ ဝင်ရောက်လာသည် နှင့်တပြိုင်နက် စတင်ကာ လှုပ်ရှားခဲ့သည်။ မြန်ဆန်၏၊ တိကျ၏၊ ကြမ်းတမ်း၏၊ ရက်စက်၏။ ထို့အပြင် အောက်ခြေစည်းမျဉ်းဟူ၍လည်း မရှိခဲ့ချေ။ ဤအရာက စုကလန်၏ ပုံပန်းသွင်ပြင်ပင် ဖြစ်၏။
နင်ကျန်းက ပြောလိုက်သည်။ “နေထွက်ဖို့ သုံးနာရီလောက်ပဲ ကျန်တော့တယ်။ ဒီအချိန်အတိုင်းအတာ အတွင်းမှာ ကျင်းမူကုန်းရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့ လုံလောက်တဲ့ သက်သေသာဓကတွေ မရှာနိုင်ဘူးဆိုရင် အရမ်းခက်ခဲသွားလိမ့်မယ်”
ရှမ့်လန်သည် အထင်အမြင်သေးသလို ခေါင်းကိုခါယမ်းလိုက်၏။ “သက်သေတွေရှာရမယ် ဟုတ်လား။ ကျင်းမူကုန်းရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြရမယ် ဟုတ်လား။ မဟုတ်ဘူး၊ မဟုတ်ဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းသား.. ဒီကိစ္စက ရန်သူ့ရဲ့ စည်းချက်ထဲကို ရောက်ရှိသွားတဲ့ကိစ္စမျိုးပဲ။ ကျင်းမူကုန်းက အိပ်ရာပေါ်မှာကို ဖမ်းမိတာ။ နိုးလာတာနဲ့တစ်ပြိုင်နက် ယုဖန်ရဲ့မိန်းမ ခန္ဓာကိုယ်ပေါ်မှာ ရောက်နေတာ။ ဒီတော့ သူက အပြစ်ကင်းစင်သူ မဖြစ်နိုင်ဘူး။ အဓိကသော့ချက်အားဖြင့် ကျင်းမူကုန်းရဲ့ အပြစ်ကင်းစင်မှုကို ကျုပ်တို့ ထုတ်ဖော်ဖို့လည်း မလိုဘူး”
“လူတွေဆီမှာ ဒီလိုမျိုး အလိုဆန္ဒနှင့် စိတ်ဆန္ဒမျိုး တည်ရှိနေတာပဲလေ။ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာနေဖို့ မလိုအပ်ဘူး။ အဓိကသော့ချက်အားဖြင့် ကျင်းမူကုန်းရဲ့ အပြစ်ကင်းစင်မှုကို ကျုပ်တို့ သက်သေမပြဘူး။ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းဖို့ပဲလိုတယ်”
နင်ကျန်းက ပြောလိုက်၏။ “ကျုပ် အသေးစိတ် သိချင်တယ်”
ရှမ့်လန်က ပြောလိုက်သည်။ “ပထမဦးဆုံးအနေနဲ့ သတင်းအမှားတွေကို ဖန်တီးဖို့ပဲ။ ရန်သူက အရှက်ကင်းမဲ့ပြီ ဆိုမှတော့ ကျုပ်တို့က သူ့ထက်ပိုပြီးတော့ အရှက်ကင်းမဲ့မှ ဖြစ်လိမ့်မယ်။ ဒုတိယခြေလှမ်းက ပိုပြီးတော့ အရေးကြီးတယ်”
“ကျင်းမိသားစုကို ဒုက္ခပေးဖို့ ကြံစည်နေတဲ့ လူပေါင်းများစွာတို့ရဲ့ ရန်ကနေ ကာကွယ်နိုင်ဖို့အတွက် လူတို့ရဲ့ အထင်အမြင်တွေကလည်း ကျုပ်တို့ ကာကွယ်နိုင်ဖို့လိုတယ်။ ကျင်းမိသားစုက ဒီအချိန်မှာ နာမည် ကျော်ကြားလာခဲ့တယ်။ ဒီလိုကိစ္စရပ်တွေသာ အပြင်ဘက်ကို ပေါက်ကြားသွားပြီဆိုရင် လူထုအထင်အမြင် တစ်ခုလုံးကလည်း အုတ်အော်သောင်းတင်းဖြစ်လာမယ်။ ဒီကိစ္စကို ကျုပ်တို့ဘယ်လိုတားဆီးကြမလဲ။
နန်းမြို့တော်တစ်ခုလုံး တုန်လှုပ်သွားစေနိုင်တဲ့ ကိစ္စရပ်ကြီးတစ်ခုကို ကျုပ်တို့ ဖန်တီးဖို့ လိုအပ်တယ်။ လူတွေ အကုန်လုံးက အဲကိစ္စအပေါ်မှာ အာရုံစိုက်ကြလိမ့်မယ်။ ဒေါသတွေ ထွက်လာမယ်။
ဒါဆိုရင် ဝတုတ်ရဲ့ အဓမ္မပြုကျင့်တဲ့ ကိစ္စရပ်ကို ဘယ်သူမှ စိတ်ဝင်စားတော့မှာ မဟုတ်ဘူး။ ကျင်းမူကုန်းကို တိုင်ကြားဖို့အတွက် ကြိုးစားနေတဲ့ တိုင်ကြားစာတွေကလည်း ပျောက်ကွယ်သွားလိမ့်မယ်။ သူတို့ ဒီကိစ္စကို မလုပ်ချင်ဘူးဆိုရင်တောင် ကျိန်းသေပေါက် လုပ်ရမယ်။ ဘာလို့လဲဆိုတော့ ရွှဲ့ပြည်နယ်ရဲ့ ဂုဏ်သိက္ခာတရားနှင့် သက်ဆိုင်နေတဲ့ ကိစ္စရပ် ဖြစ်လာမှာမို့လို့ပဲ။
တတိယခြေလှမ်းအားဖြင့် ယုဖန်တို့ တစ်မိသားစုတစ်ခုလုံးကို သတ်ပစ်ရမယ်။ ပြီးတော့ အရာရှိဝမ်ကွက် ဆိုတဲ့လူကိုလည်း သတ်ပစ်ရမယ်။ ဒါမှသာ စုမိသားစုရဲ့မျက်နှာကို ခပ်ပြင်းပြင်း ပိတ်ရိုက်လိုက်သလို ဖြစ်မှာ။ ဒီတိုက်ပွဲက ရုတ်တရက်ဆန်တယ်။ စပြီဆိုတာနဲ့ ကျုပ်တို့က အဆုံးထိတိုက်ခိုက်မှ ဖြစ်လိမ့်မယ်။ ရုတ်တရက် မတ်တပ်ထရပ်တဲ့လူတွေ အကုန်လုံးကို ပါးရိုက်မယ်။ ပြီးတော့ ဒီယုဖန်တို့ တစ်မိသားစုလုံးက သေကို သေရမယ်။
ပဉ္စမမင်းသား... ကျုပ်တို့က ရန်သူရဲ့ စည်းချက်ထဲ ကျဆင်းသွားလို့ မဖြစ်ဘူး။ ပြီးတော့ ရန်သူရဲ့ အိမ်ကွင်းမှာ သွားပြီး တိုက်ခိုက်လို့လည်း မဖြစ်ဘူး။ ကိုယ့်ရဲ့ အိမ်ကွင်းမှာပဲ တိုက်ခိုက်ရမယ်။ ကိုယ့်ရဲ့ပိုင်နက်နေရာထဲမှာ တိုက်ခိုက်ရမယ်။ ကိုယ်ကျွမ်းကျင်တဲ့အရာနဲ့ပဲ တိုက်ခိုက်ရမယ်”
နင်ကျန်းက တုန်လှုပ်သွားခဲ့၏။ ရွှမ်ဝူအိမ်တော်၏ သမက်တော်သည် အသိပညာနှင့် ပတ်သက်သည်ဆိုပါက နတ်ဆိုးကဲ့သို့ပင် ကြောက်မက်ဖွယ်ရာကောင်းသည်ဟု သူ ကြားခဲ့ဖူး၏။ သို့ပေမည့် လက်ရှိ အခြေအနေမှာတော့ နတ်ဆိုးကို သူကိုယ်တိုင် မျက်မြင်တွေ့နေရ၏။ တကယ့်ကို ခြေတစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း၊ အရာအားလုံးကို စဉ်းစားတွေးတော ချမှတ်လျက်ရှိနေ၏။ နည်းလမ်းများက ကြမ်းတမ်းပြီး ရက်စက်လွန်း၏။ တစ်ဖက်ရန်သူ၏ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ရန် ကြံစည်နေခြင်းပင်။
နင်ကျန်းက ပြောလိုက်၏။ “ဒီကိစ္စကို လုပ်လို့ဖြစ်ပါ့မလား”
ရှမ့်လန်က ပြောလိုက်သည်။ “အရာအားလုံးက ကျုပ် အိတ်ကပ်ထဲကို ရောက်နေပြီ။ ကျုပ်လူတွေ အကုန်လုံးက ဒီအရာတွေကို လုပ်ခဲ့ပြီးပြီ။ မနက်ဖြန် မနက်ခင်းရောက်ရင် အဓိကကိစ္စရပ်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး နန်းမြို့တော်တစ်ခုလုံးကို တုန်လှုပ်စေလိမ့်မယ်။ ရွှဲ့ပြည်နယ်တစ်ခုလုံးပေါ့။ လောကကြီးတစ်ခုလုံးတောင် တုန်လှုပ်သွားနိုင်လောက်တယ်”
“ကျုပ် အခု ဝမ်နျန်ခရိုင်ဆီကို သွားပြီးတော့ မိတ်ဆွေဟောင်းကြီး ဝမ်ကွက်နှင့် တွေ့လိုက်အုံးမယ်။ စိတ်လှုပ်ရှားလိုက်တာ။ နန်းမြို့တော်ကို ရောက်ရောက်ချင်းပဲ ရှိသေးတယ်။ တိုက်ခိုက်ရမယ့်အခြေအနေမျိုး ဖြစ်နေပြီ။ အင်း... တခြားသူတွေကို တိုက်ခိုက်ရတာက အဆုံးမဲ့ ပျော်ရွှင်ခြင်းပဲ”
နင်ကျန်းသည် ဆွံ့အလျက် ရှိ၏။ သူသည် ပါးစပ်အဟောင်းသားနှင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ကြီးမားလွန်းသည့် ပြဿနာကြီးကို ကြုံတွေ့ရလိမ့်မည်ဟု သူ ထင်မှတ်ခဲ့၏။ သို့ပေမည့် အဆုံးသတ်မှာတော့ ရှမ့်လန်သည် ကြောက်ရွံ့ခြင်း၊ စိုးရွံ့ခြင်းတို့ တစ်ချက်ကလေးမှ မခံစားသည့်အပြင် စိတ်လှုပ်ရှားလျက်ပင် ရှိနေသေး၏။ သူ၏မျက်လုံးထဲတွင်ရှိနေသည့် သတ်ဖြတ်လိုခြင်းဆန္ဒများကိုပင် သူ ထင်းထင်း မြင်နေရ၏။ ဤလူသည် တကယ့်ကို နတ်ဆိုးတစ်ကောင်ပင် ဖြစ်၏။
ရှမ့်လန် ထွက်ခွာသွားခဲ့၏။ သူသည် ဝမ်နျန်ခရိုင် တရားရုံးဆီသို့ ဦးတည်သွားခဲ့ခြင်းပင်။ စိတ်လှုပ်ရှားလျက်လည်း ရှိနေ၏။ သူ ... ရှမ့်လန်သည် မြို့တော်သို့ ရောက်ရောက်ချင်း ပထမဦးဆုံးဓားကို စတင်ကာ လွှဲခုတ်ခဲ့ပြီ ဖြစ်၏။ ကြီးမားလွန်းသည့် အလှည့်အပြောင်းပြဿနာကြီးတစ်ခုကို ဖန်တီးပေးတော့မည်။ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ပစ်တော့မည်။ စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှသည်။
“ဝတုတ်... ငါ့ကို အပြစ်မတင်နဲ့။ မင်းထောင်ထဲမှာ ခဏလောက် နေလိုက်အုံး။ မင်းရဲ့ ယောက်ဖက နန်းမြို့တော်တစ်ခုလုံးမှာ ဘယ်လောက်ကြီးမားတဲ့ မုန်တိုင်းကြီးတစ်ခုကို ဖန်တီးမလဲဆိုတာ မင်း စောင့်ကြည့်လိုက်။ ပြီးတော့ ယုဖန်တို့မိသားစုတစ်ခုလုံးကို ဘယ်လိုသတ်ဖြတ်ပစ်မလဲဆိုတာကို ကြည့်ထား ....”
…….
ကျန်းယွမ်နယ်စားကြီး၏ နေအိမ်တော်မှာတော့ နယ်စားကြီးစုနန်သည် အိပ်မောကျလျက် ရှိနေ၏။ သူသည် ကျန်းမာရေးကို တကယ်ပင် ဂရုစိုက်သည့် လူတစ်ယောက် ဖြစ်၏။ နေ့စဉ်နေ့တိုင်းဆိုသလို ခြောက်နာရီထက် ကျော်လွန်စွာ အိပ်စက်တတ်သူ တစ်ယောက်လည်း ဖြစ်၏။ ထိုတင်သာ မကသေးချေ။ သူ၏အိပ်ရာကို တစ်ချိန်လုံး နွေးထွေးနေရန်လည်း ဂရုစိုက်တတ်သည်။
တစ်ရက် ၂၄ နာရီအတွင်း ကျောက်စိမ်းကဲ့သို့သော အသွင်အပြင်နှင့် မိန်းမလှလေး တစ်ယောက်ယောက်သည် သူ၏အိပ်ရာထက်တွင် ဝင်ရောက် လှဲလျောင်းနေရမည်။ ထို့အပြင် သူမသည် အပျိုစင်ဖြစ်ရပေလိမ့်မည်။ ဤအရေးကိစ္စအားလုံးကို စုကျန့်ထင်က တာဝန်ယူထား၏။
ကျန်းယွမ်နယ်စားကြီး၏ အတိုင်ပင်ခံ စုရုံက ပြောလိုက်သည်။ “ဆက်ခံသူ.. အရာအားလုံးက အဆင်သင့်ပါပဲ။ ကျင်းမူကုန်းကို ဖမ်းထားပါပြီ။ ပြီးတော့ ဝမ်နျန်ခရိုင်ရဲ့ အကျဉ်းထောင်ထဲကို စေလွှတ်ခဲ့ပြီးပြီ။ ပဉ္စမမင်းသား နင်ကျန်းက ဝမ်နျန်ခရိုင်ရဲ့ တရားရုံးအရာရှိနဲ့ သွားပြီးတွေ့ဆုံခဲ့သေးတယ်။ ကျင်းမူကုန်းကို လွှတ်ပေးဖို့ ဝမ်ကွက်ကို သွားတောင်းဆိုခဲ့တာ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ ငြင်းပယ်ခဲ့ရတယ်။ အရှက်တောင် ကွဲသွားသေးတယ်”
စုကျန့်ထင်သည် မျက်မှောင် ကုတ်လိုက်၏။ ဤနင်ကျန်းသည် တကယ့်ကို မကောင်းသည့် လူတစ်ယောက် ဖြစ်၏။ မွေးဖွားစဉ်ကတည်းက ဆိုးဝါးသည့် အခြေအနေမျိုးနှင့် မွေးဖွားလာခဲ့သူတစ်ယောက်ဖြစ်ပြီး စုဖေ့ဖေ့ ကယ်တင်သောကြောင့်သာ အသက်ရှင် ကျန်ရစ်ခဲ့ခြင်းဖြစ်၏။
ဘုရင်မင်းမြတ် မကြိုက်နှစ်သက်သည်သာ မကချေ။ သူ၏မိခင်အရင်းဖြစ်သည့် စုဖေးကပင်လျှင် ချစ်ခင် နှစ်သက်ခြင်း မရှိချေ။ စုကလန်အနေနှင့်လည်း ထိုသူ့ကို ကြိုက်နှစ်သက်ခြင်း မရှိချေ။ မည်သူမှ မကြိုက်မနှစ်သက်သောကြောင့် ခြံဝင်းငယ်လေးထဲမှ ထွက်မလာဘဲ သိုသိုသိပ်သိပ်နှင့် နေထိုင်သင့်သည် မဟုတ်ပါလား။ အဘယ့်ကြောင့် ထွက်လာရသနည်း။ ယခု အဘယ့်ကြောင့် ထွက်ကာ ပြဿနာရှာရသနည်း။
လက်ရှိအခြေအနေမှာတော့ အားလုံးသောသူတို့သည် ရွှမ်ဝူအိမ်တော်ကို ရှောင်ရှားလျက်ရှိနေ၏။ သို့ပေမည့် နင်ကျန်းဆိုသည့် မကောင်းသည့်ကောင်သည် တစ်ဖက်လူကို သွားရောက်ကာ ပံ့ပိုးပေးလျက် ရှိနေသည်။
စုကျန့်ထင်က ပြောလိုက်၏။ “အင်း… တိုင်ကြားစာအားလုံးကို ပြင်ဆင်ပြီးသွားပြီလား”
စုရုံက ပြောလိုက်သည်။ “အားလုံးကို သတင်းပို့ပြီးသွားပါပြီ။ အားလုံးက အဆင်သင့်ပါပဲ။ မနက်ဖြန် မိုးလင်းတာနဲ့ တပြိုင်နက် ကျင်းမိသားစု ကို တိုင်ကြားစာတွေက နှင်းလိုပဲ ညီလာခံရ့ တည်နေရာအနှံ့ကို ပျံ့ကြဲသွားစေရမယ်။ ပြီးတော့ ကျင်းကျိုးရဲ့ နယ်စားဘွဲ့တံဆိပ်ရရှိမယ့် ကိစ္စကလည်း ရွှေ့ဆိုင်းခံရမယ်လို့ ကျုပ်အာမခံတယ်”
စုကျန့်ထင်က မေးလိုက်၏။ “ဒါဆိုရင် ရှမ့်လန်ကရော ... ”
စုရုံက ပြောလိုက်သည်။ “သူက နင်ကျန်းရဲ့ ဘေးနားကို ရောက်နေပြီ”
စုကျန့်ထင်က မေးလိုက်ပြန်၏။ “အင်း... သူစပြီး လှုပ်ရှားတော့မှာလား”
စုရုံက ဖြေလိုက်သည်။ “အင်း... စတောင်လှုပ်ရှားနေပါပြီ”
စုကျန့်ထင်က ပြောလိုက်၏။ “သူ ရွှမ်ဝူမြို့ထဲမှာ ပြဿနာကောင်းကောင်း ရှာနိုင်တယ်။ ဒါပေမဲ့ ဒါက နန်းမြို့တော်လေ။ ပြီးတော့ တစ်ယောက်တည်း။ ဘယ်သူ့ကိုမှ မှီခိုစရာစရာရှိတာ မဟုတ်ဘူး။ ဒါပေမဲ့ တခြားဖက်မှာရှိတဲ့ ကျုပ်တို့ကတော့ ဒီနေရာမှာ အခြေချနေတဲ့လူတွေ။ အသိပညာနဲ့ အဆက်အသွယ်ပိုင်း ဆိုင်ရာမှာဆိုရင် ကျုပ်တို့က ပိုပြီးကြီးမားတယ်။ သူနဲ့ကျုပ်တို့ကြားမှာ ကွာခြားချက်တွေ အများကြီး ရှိတယ်။ သူ မလှုပ်ရှားဘူးဆိုရင် အကောင်းဆုံးပဲ။ ဒါပေမဲ့ လှုပ်ရှားလာပြီဆိုရင်တော့ ကိုယ့်ဘာသာ သေလမ်းရှာတာပဲဖြစ်မယ်”
စုရုံက ပြောလိုက်သည်။ “အင်း... ဇာတ်လမ်းဇာတ်ကွက်တွေအကုန် စီစဉ်ထားခဲ့တာကလည်း အဆင်သင့် ဖြစ်နေပြီ။ ဘာပဲပြောပြော သူလှုပ်ရှားလိုက်ပြီဆိုတာနဲ့ ကျိန်းသေပေါက် လူသတ်ကွင်းထဲကို ရောက်သွားသလို ဖြစ်လိမ့်မယ်။ ဒါဆိုရင် ကျင်းမိသားစုရဲ့ သားနဲ့သမက်နှစ်ယောက်လုံးကတော့ ဒုက္ခရောက်ပြီ။
တစ်ယောက်က အပြစ်ကင်းစင်တဲ့မိန်းကလေး တစ်ယောက်ကို မုဒိမ်းကျင့်ခဲ့ပြီး တစ်ခြားတစ်ယောက်ကတော့ ကိုယ်နဲ့မတည့်တဲ့ တစ်စုံတစ်ယောက်ကို သတ်ဖြတ်ပစ်ခဲ့တယ်။ ကြည့်အုံး ... ကျင်းမိသားစုရဲ့ ဂုဏ်သိက္ခာ ဘယ်တွေရောက်သွားမလဲ။ မြောင်းထဲကို ရောက်သွားလိမ့်မယ်”
စုကျန့်ထင်က ပြောလိုက်၏။ “ကျင်းမိသားစုအိမ်တော်ကို ဝင်စီးဖို့ လူတွေအားလုံး အဆင်သင့် ဖြစ်နေပြီလား”
စုရုံက ပြောလိုက်သည်။ “အားလုံးက အဆင်သင့်ပါပဲ”
စုကျန့်ထင်က နှာခေါင်းရှုံ့လိုက်၏။ သူသည် ရှမ့်လန်ကို အလစ်အငိုက် တိုက်ခိုက်ရန် ပြင်ဆင်လျက် ရှိနေ၏။ လက်သီးနှစ်ဖက်သည် လက်လေးဖက်နှင့် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ရှမ့်လန်က တကယ့်ကို ဉာဏ်ကောင်းလွန်းလှ၏။ သို့ပေမည့် နင်ကျန်းက ဘာမှအသုံးဝင်သည့် လူတစ်ယောက် မဟုတ်ပေ။ ထိုနှစ်ခု၏ ပေါင်းစပ်မှုသည် အဘယ်သို့ စုကလန်နှင့် နှိုင်းယှဉ်၍ ရနိုင်မည်နည်း။ တစ်ချက်ကလေးမှပင် မသိရှိဘဲ သေဆုံးသွားနိုင်သည့် အခြေအနေဆီသို့ သူတို့ ကောင်းကောင်းတွန်းပို့နိုင်၏။
စုကျန့်ထင်သည် သေသေချာချာ စဉ်းစားပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ ဤပြဿနာကို ဖြေရှင်း၍ မရနိုင်လောက်အောင် ဖန်တီးထား၏။ ရှမ့်လန်သည် နတ်သူငယ်တစ်ယောက် ဖြစ်လျှင်တောင်မှ ဤအခြေအနေကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ချေ။ ကျင်းမူကုန်းကို ကယ်တင်နိုင်ဖို့ဆိုသည်မှာ ဝေလာဝေးပင်။
ထို့အပြင် ကျင်းမူကုန်းသည် အိပ်ရာထက်တွင် မိထားခြင်းဖြစ်၏။ သူ၏ ခန္ဓာကိုယ်ကလည်း မိန်းကလေး၏ ခန္ဓာကိုယ်ပေါ်တွင် ရှိလို့နေခဲ့၏။ ကျင်းမူကုန်း၏ အပြစ်ကင်းစင်မှုကို အဘယ်သို့ သက်သေပြမည်နည်း။ နုကျန့်စီရင်စုကို မပြောနှင့်။ တခြားသော မြို့နယ်အသီးသီးသို့ပင် ထိုသတင်းက ရောက်ရှိသွားစေနိုင်သည်။
စုကျန့်ထင်က ပြောလိုက်၏။ “အင်း... ဒါဆိုရင် အဖေ့ကို တိုင်ကြားတဲ့စာတွေ အဆင်သင့်ဖြစ်နေပြီလား”
စုရုံက ပြောလိုက်သည်။ “အင်း... ဒီမှာ တစ်ခု ရှိပါတယ်။ ကြည့်ကြည့်ပါအုံး”
စုကျန့်ထင်က ထိုအရာကို ဖွင့်ကာကြည့်ရှုလိုက်၏။ စာထဲတွင် သူ့အဖေသည် တကယ့်ကို ကြမ်းတမ်းသည့် လူတစ်ယောက်ဖြစ်ကြောင်း ရေးသားထား၏။ သွေးပွက်ပွက်ဆူချင်စရာ မှုခင်းများကို ကျူးလွန်ခဲ့သူ တစ်ယောက်ဖြစ်၏။ ကျင်းမူလန်ကို ရှမ့်လန် ယူသွားခဲ့သောကြောင့် စုကျန့်ထင်က ဒေါသထွက်ခဲ့၏။ ထို့ကြောင့် လုပ်ကြံသတ်ဖြတ်သူ ၅၀၀ ကျော်ကို ခေါ်ဆောင်ပြီး ရွှမ်ဝူအိမ်တော်ဆီသို့ ဝင်ရောက်ကာဖြင့် တစ်ဖက်လူ၏ ကိုယ်ပိုင်စစ်သည် ၁၀၀၀ ကျော်တို့ကို သတ်ဖြတ်ပစ်ခဲ့ပြီး အပြစ်ကင်းစင်သည့် ကျင်းမိသားစု၏ ကျေးကျွန် အားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။
ထိုတင်သာမကသေးချေ။ စုနန်သည် သူ၏ညီမ စုဖေ့ဖေ့ကိုပင် သတ်ဖြတ်ရန် စေလွှတ်ခဲ့၏။ အတိုချုပ်၍ ပြောရမည်ဆိုလျှင် ဤကဲ့သို့သော တိုင်ကြားမှုမျိုးသည် တကယ့်ကိုဆိုးဝါးပြီး အဓိပ္ပာယ်ရှိသည့်အရာမျိုး မဟုတ်ချေ။ ကြည့်ရှုလိုက်သည်နှင့် ဤအရာက အဓိပ္ပာယ်မရှိကြောင်း သိသာထင်ရှားသည်။
“ကောင်းပြီ။ မနက်ဖြန်ကျရင် ဒါတွေအကုန်လုံးကို စုစည်းပြီး တိုင်စာအဖြစ် ပို့ရမယ်။ ပြီးတော့ ကျင်းမိသားစု ဒုက္ခရောက်အောင် ကျုပ်အဖေက ပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကို သိသာထင်ရှားအောင် ပိုပိုသာသာ ထုတ်ဖော်ပြသရမယ်” စုကျန့်ထင်က ပြောလိုက်၏။
ဤနည်းလမ်းဖြင့် ပိုမိုကာ စိတ်ဝင်စားစရာကောင်းလာသည့် အရာများ ဖြစ်လာနိုင်၏။ ဤနေရာတွင် ကျင်းမိသားစုကို ဒုက္ခပေးနိုင်ရန် လူပေါင်းများစွာတို့က စီစဉ်လျက်ရှိနေသေး၏။ ကျင်းမူကုန်း အပြစ်ကင်းစင်သည့် မိန်းမ တစ်ယောက်ကို အဓမ္မပြုကျင့်ခြင်းနှင့်ပတ်သက်၍ အစစ်အမှန် သက်သေသာဓကများကလည်း အစုံအလင် ရှိသည်။
စုနန်နှင့်ပတ်သက်သော များပြားလွန်းသည့် တိုင်ကြားစာများ ရှိသည်ဆိုလျှင်တောင်မှ ထိုအရာက ငြိမ်သက်သွားမှာ ဖြစ်၏။ တစ်ချက်ကြည့်ရှုလိုက်သည်နှင့် ထိုအရာက အမှန်မဟုတ်ကြောင်း သိသာ ထင်ရှားနေသောကြောင့်ပင်။ လူအားလုံးတို့၏ အာရုံကိုဆွဲဆောင်ရန်အလို့ငှာ ကျင်းမိသားစုသည် လက်စားချေနိုင်ရန် ပေါက်ပန်းလေးဆယ်များ လျှောက်ကာရေးသားခဲ့ခြင်း ဖြစ်လိမ့်မည်ဟု အားလုံးက တွက်ချက်ကြပေလိမ့်မည်။
ဤနည်းလမ်းဖြင့် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ခတ်ခဲ့ခြင်း ဖြစ်၏။ ကျင်းမိသားစုကို တည့်တည့် ထိမှန်ရုံ သာမက စုမိသားစုသည်လည်း ဤအရေးကိစ္စဆီမှ အသက်ရှင်ရပ်တည် ကျန်ရစ်ပေလိမ့်မည်။ ဤကဲ့သို့သော နိုင်ငံရေးကစားပွဲမျိုးသည် တကယ့်ကိုတောက်ပပြီး ဉာဏ်ကောင်းလွန်းသည့်အရာမျိုးပင် ဖြစ်၏။
ရှမ့်လန်သည် ဝမ်နျန်ခရိုင်၏ တရားရုံးထဲသို့ ဝင်ရောက်လိုက်သည်။ “ဂါရဝပြုပါတယ် အရှင်ကြီးဝမ်.... ခင်ဗျား ရာထူးတိုးသွားတာ ကြားတဲ့အတွက် ဂုဏ်ပြုပါတယ်”
ရှမ့်လန်သည် သူ၏ရန်သူဟောင်းကြီး ဝမ်ကွက်နှင့် ထပ်မံကာ တွေ့ဆုံခဲ့၏။
ရုံးဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည့် ဝမ်ကွက်သည် ထိုင်ခုံနောက်တွင် ထိုင်လျက်ရှိနေပြီး ရေနွေးကြမ်းကို ဇိမ်ကျကျနှင့် သောက်လျက်ရှိသည်။ “ဒါနဲ့ ဒီထဲကို ဝင်လာတာ ဘယ်သူပါလိမ့်”
ဝမ်ကွက်သည် မသိချင်ယောင်ဆောင်လျက် ရှိနေ၏။
ရှမ့်လန်က ပြောလိုက်သည်။ “ကျုပ် ရွှမ်ဝူအိမ်တော်က သမက်တော် ရှမ့်လန်ပါပဲ”
“ရှမ့်လန်.. ဟုတ်လား”
ဝမ်ကွက်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ ခဏလောက်ကြာပြီးနောက် သူသည် တစ်စုံတစ်ခုကို သတိရသွားပုံနှင့် ပြောလိုက်၏။ “ဪ မင်းကိုး... ဒါနဲ့ မင်းရဲ့ကျောက်ရောဂါက ပျောက်ကင်းသွားခဲ့ပြီလား”
ရှမ့်လန်က ပြောလိုက်သည်။ “အင်း... နည်းနည်းတော့ ကောင်းသွားပါပြီ။ တချို့နေရာတွေကတော့ မကောင်းသေးဘူးပေါ့။ တစ်ခါတစ်လေဆိုရင်တော့ ရောဂါပြန်ထတတ်တယ်”
‘မင်းကြီးတော် ရောဂါထပါသလား။ ကျောက်ရောဂါဆိုတာ တစ်ခါပဲဖြစ်တာ။ မင်းကျမှ အားတိုင်းယားတိုင်း ရောဂါက ထရသလား။’
ဝမ်ကွက်သည် အေးစက်စက် ပြောလိုက်၏။ “မင်းက ရွှမ်ဝူအိမ်တော်ရဲ့ သမက်တော်တစ်ယောက်လေ။ ဘယ်လို ဖြစ်ပြီးတော့ ဒီလိုအစိုးရအရာရှိ တစ်ယောက်ရဲ့ရှေ့မှာလာပြီး မတ်တပ်ရပ်နေရဲသလဲ။ ဒူးထောက်စမ်း”
ပြောရမည်ဆိုလျှင် သမက်တော်တစ်ယောက်သည် အစိုးရအရာရှိတစ်ယောက်၏ ရှေ့ဘက်တွင် ဒူးထောက် သင့်၏။ ရွှမ်ဝူအိမ်တော်မှ သမက်တော်တစ်ယောက် ဖြစ်နေသည်ဆိုလျှင်တောင်မှ ထပ်တူညီစွာပင်။ သမက်တော်တစ်ယောက်၏ ဂုဏ်သိက္ခာဆိုသည်မှာ ကျေးကျွန်ထက် အနည်းငယ်သာလျှင်သာ၏။ မည်သည့် ဘွဲ့ထူးမှလည်း ပိုင်ဆိုင်သည်မဟုတ်ချေ။ သို့ပေမည့် ရွှမ်ဝူမြို့သို့လာစဉ်အခါက တစ်ဖက်လူကို ဒူးထောက်ရန် သူ မခိုင်းစေရဲချေ။
ရွှမ်ဝူမြို့အကြောင်းကို ပြောရမည်ဆိုလျှင် ရှမ့်လန်သည် မြို့တော်ဝန်လျှိုဝူယမ်၏ အကြောင်းကို စဉ်းစားမိ၏။ တစ်ဖက်လူ ဘာလုပ်နေမည်ဖြစ်ကြောင်းကိုပင် သူ သိချင်နေမိသည်။
ဝမ်ကွက်သည် အေးစက်စက် ပြောလိုက်၏။ “ရှမ့်လန်... ငါပြောခဲ့တာကို မင်းမကြားဘူးလား။ မင်းက သမက်တော်လေး တစ်ယောက်ပဲ။ ငါက အဆင့်ငါး ရာထူးရာခံနဲ့ အရာရှိတစ်ယောက်ပဲ။ အရာရှိ တစ်ယောက်ရဲ့ရှေ့မှာ မင်းဘာလို့ ဒူးမထောက်တာလဲ။ တစ်ယောက်လောက် လာစမ်း။ သူ့ကို ဒူးထောက်တတ်အောင် သင်ပေးလိုက်”
ရှမ့်လန်က အသာပင် ပြောလိုက်၏။ “အင်း ... အရှင်ကြီးဝမ်.. ကျုပ်က နန်းတွင်းကျောင်းရဲ့ ကျောင်းသား တစ်ယောက်ပဲ။ ကျုပ်ရဲ့ကျောင်းအဆင့်က အဆင့်မြင့်ကျောင်းတော်သားတွေနဲ့ အတူတူလို့ သတ်မှတ်လို့ ရတယ်။ ကျုပ်က အရာရှိတွေရှေ့မှာ ဒူးထောက်စရာမလိုပါဘူး”