အပိုင်း (၂၇၃)
Vol. 20 Ch. 273
သွေးစမ်းသပ်မှုက စတင်တော့မည်။ ဆေးအမှုထမ်းသည် ဓားသေးသေးလေးတစ်ခုကို ထုတ်ယူလိုက်၏။
ရှမ့်လန်က အေးစက်စက်ပြောလိုက်သည်။ “ဒီလိုငယ်ရွယ်တဲ့ ကလေးကို ဘယ်လိုဖြစ်ပြီး ဓားသုံးချင်ရတာလဲ။ ဒီလိုဓားသုံးလိုက်မယ်ဆိုရင် အမာရွတ်တွေ ဖြစ်သွားမှာပေါ့။ အပ်တစ်ချောင်းလောက်သုံးရင် လုံလောက်ပြီ”
ချက်ချင်းပဲ ဆေးသမားတော်သည် ပါးလွှာသည့် ငွေရောင်အပ်လေးတစ်ခုကို ထုတ်ယူလိုက်၏။ ရှမ့်လန်က ရှေ့ကိုလှမ်းတက်ပြီး မိန်းကလေးနှစ်ယောက်၏ လက်ကို အသာကိုင်လိုက်၏။
“ရှမ့်လန်... ဒီသက်သေကလေးနှစ်ယောက်ကို မကိုင်နဲ့” ဝမ်ကွက်က အေးစက်စက် ပြောလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒီလက်ချောင်းတွေက နှလုံးနဲ့ ချိတ်ဆက်နေတဲ့ အရာပဲ။ အသက် နှစ်နှစ်၊ သုံးနှစ်ကလေးတွေ ဆိုပေမယ့် နာကျင်မှုကို ခံစားနိုင်တယ်။ နာကျင်နိုင်သေးတယ်။ ဒီတော့ အရင်ဆုံး လက်ချောင်းတွေကို ထုံကျင်သွားအောင်လို့ ပွတ်ပေးလိုက်မယ်။ ဒါမှအပ်နဲ့ထိုးရင် သွေးပဲထွက်ပြီး မနာကျင်မှာပေါ့”
ရှမ့်လန်သည် တကယ့်ကို ပြဿနာကောင်ဟု ဝမ်ကွက်ကခံစားမိ၏။ အနည်းငယ် နာကျင်သွားတော့ ဘာဖြစ်သနည်း။
ရှမ့်လန်က အေးစက်စက်ပြောလိုက်သည်။ “တရားသူကြီးဝမ်... မိဘတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ကလေး နာကျင်မှာကိုတောင် တစ်ချက်ကလေး မစိုးရိမ်တဲ့လူတွေ လောကမှာ ရှိနေတာ မြင်လား”
ချီးထဲမှ... အလွန်မှန်ကန်သော ၊ သီလသမာဓိနှင့်ပြည့်စုံသော လူတစ်ယောက်၏ ဟန်ပန်အမူအရာမျိုးဖြင့် သူ့ကို ထပ်မံကာ ဖိအားပေးရန် ကြိုးစားနေလေသည်လား။
ဝမ်ကွက်က ပြောလိုက်၏။ “အင်း... မင်းဆီမှာ ဘယ်လို မေတ္တာ၊ ကရုဏာမျိုးပဲ ရှိရှိ၊ ဒီသက်သေနှစ်ယောက်ကို ထိဖို့အတွက် ခွင့်ပြုမပေးနိုင်ဘူး”
ပဉ္စမမင်းသားနင်ကျန်းက မေးလိုက်သည်။ “တကယ်လို့ ရှမ့်လန်ထိလို့ မရဘူးဆိုရင် ကျုပ်ကရော ထိလို့ရလား”
ဝမ်ကွက်သည် တကယ်တော့ မထိစေချင်ပေ။ သို့ပေမည့် လူပေါင်းများစွာတို့၏ရှေ့တွင် ပဉ္စမမင်းသားကို အမိန့်ပေးဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။ ဘုရင်မင်းမြတ်၏ သားဖြစ်သောကြောင့် အားလုံးသောသူတို့၏ရှေ့တွင် အရိုမသေမဲ့ ပြောဆိုပါက သူသာမှားယွင်းသွားပေလိမ့်မည်။
“ကောင်းပြီ .. ရပါတယ်”
‘တကယ်လို့ မင်း ဝမ်ကွက်က ငါ့ကိုတားချင်တယ်ဆိုရင် ဘာဖြစ်သွားမလဲသိလား။ ငါတို့ နင်ကလန်က အားလုံးသောသူတွေရဲ့ရှေ့မှာ တောင်လို မြင့်မာတဲ့သူတွေပဲ။ ငါ့ကို လူရှေ့သူရှေ့ စော်ကားပြောဆိုမယ်ဆိုရင် ဘုရင်မင်းမြတ်ကို စော်ကားတာနဲ့ အတူတူပဲ’
ထို့ကြောင့် နင်ကျန်းသည် ရှေ့ဆီသို့လှမ်းတက်ပြီး အားလုံးသောသူတို့၏ရှေ့၌ လက်ကို ဖြန့်ပြလိုက်၏။ သူ၏ လက်ထဲတွင် ဘာတစ်ခုမှမရှိကြောင်း သေသေချာချာ ထင်ထင်ရှားရှား မြင်နိုင်စေရန်ပင်။ ပြီးနောက် သူသည် သူ၏လက်ဖြင့် ကလေးလေးနှစ်ယောက်၏ လက်ကို ဖြည်းဖြည်းလေး ပွတ်သပ်လိုက်၏။ အဓိက သွေးလွှတ်ကြောများကို ပွတ်သပ်ပြီးနောက် ကလေးတို့၏လက်များသည် အနည်းငယ် ထုံကျင်လာခဲ့၏။
“လုံလောက်ပြီ” ဆေးအဖွဲ့မှူးသည် လှမ်းကာပြောဆိုလိုက်သည်။ သွေးစမ်းသပ်မှုသည် တရားဝင်စတင်မည်။
ယုဖန်သည် ယုံကြည်ချက် အပြည့်အဝရှိ၏။ သူနှင့် ဤသမီးနှစ်ယောက်တို့သည် တစ်ကြိမ်ထက် ပိုမိုကာ သွေးစမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီးသားဖြစ်၏။ ရလဒ်ကလည်း အချိန်တိုင်း တူညီခဲ့၏။ သူတို့၏ သွေးများသည် ပေါင်းစပ်ခဲ့ပြီးသားပင်။ တစ်ရာ ရာခိုင်နှုန်း မိမိ၏သွေးရင်းသားရင်းများပင် ဖြစ်သည်။
တစ်စုံတစ်ယောက်သည် ရေတစ်ဝက်ထည့်ထားသော ပန်းကန်တစ်လုံးကို ယူလာ၏။ ပြီးနောက် လက်ချောင်းများကို အပ်နှင့်ထိုးစိုက်ခြင်းကြောင့် ကျဆင်းလာသည့် သွေးနှစ်စက်သည် ရေခွက်ထဲသို့ ရောက်ရှိသွား၏။ သို့နှင့် ဆေးအဖွဲ့မှူးသည် ကလေးနှစ်ယောက်၏ လက်မှာသွေးများကို ရေခွက်ထဲသို့ ညှစ်ချလိုက်၏။
ကလေးနှစ်ယောက်သည် နိုးပင်မနိုးခဲ့ချေ။ ဤအရွယ် ကလေးများသည် အအိပ်မက်ကြသည်။
ရှမ့်လန်သည် တစ်ချိန်လုံး ယုဖန်ကို စူးစိုက်ကြည့်ရှုနေမိသည်။ မိဘများသည် သူတို့၏ ကလေးငယ် ဆေးထိုးခံရလျှင် ကိုယ်တိုင်အထိုးမခံရသော်လည်း မျက်နှာများ ရှုံ့မဲ့သွားတတ်သည်။ မေတ္တာ၏ တန်ခိုးကြောင့်ပင်။ သို့ပေမည့် ယုဖန်မှာတော့ တစ်ချက်ကလေးမှ မျက်နှာမပျက်ပေ။ ပုံမှန်အတိုင်းပင် ရှိနေ၏။
အားလုံးသောသူတို့သည် သက်မချပြီး ရေပန်းကန်ထဲတွင်ရှိနေသော သွေးသုံးစက်ကို လှမ်းကာ ကြည့်ရှုလိုက်သည်။
ယုဖန်သည် အလုံးစုံ သေချာသော ယုံကြည်ချက်ကို ပိုင်ဆိုင်သည်။ သူသည် အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့ပြီဖြစ်၏။ တစ်ခါမှလည်း ပြဿနာမရှိခဲ့ချေ။
ရှမ့်လန် ဤအရူးသည် ဘာမှန်းမသိသည့် အခြေအနေတစ်ခုကို ဖန်တီးကာဖြင့် သူ့ကို ဒုက္ခရောက်စေရန် စီစဉ်လျက် ရှိနေ၏။ အဓိပ္ပာယ်ပေ။
သူသည် ကျင်းမူကုန်းဆီမှ မျိုးစေ့ကို ငှားရမ်းချင်သည်ဟု ပြောဆိုသည့်အပြင် ဤကလေးနှစ်ယောက်သည် တစ်ဖက်လူများ၏ သုတ်မျိုးစေ့ကို ငှားရမ်းကာဖြင့် မွေးဖွားထားခဲ့သည့် ကလေးများဟု စွပ်စွဲခဲ့၏။ ဟာသပင်။ ရှမ့်လန်သည် ဉာဏ်ကောင်းလွန်းသည့် လူတစ်ယောက်ဖြစ်ကြောင်း အားလုံးသောသူတို့က ပြောဆိုခဲ့၏။ သို့ပေမည့် ကြည့်ရသည်မှာ အဲလောက်ကြီး ဟုတ်သည့်ပုံ မပေါ်ချေ။
ပြီးနောက် ယုဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူ၏ မျက်စိကိုပင် သူ မယုံကြည်နိုင်ခဲ့သလို ဖြစ်နေမိ၏။ အဘယ်ကြောင့်ဆိုသော် သွေးစက်သုံးစက်သည် ပေါင်းစပ်ခဲ့ခြင်း မရှိသောကြောင့်ပင်။ သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် တည်နေရာထဲတွင် ငြိမ်ငြိမ်သက်သက်ဖြင့် ရပ်တန့်နေမိ၏။
အဖေနှင့် သမီးများ၏ သွေးသည် သွေးပန်းကန်ထဲသို့ ကျဆင်းသွားခဲ့ပြီ ဖြစ်၏။ သို့ပေမည့် ပေါင်းစပ်ခဲ့ခြင်း မရှိသည့်အပြင် တစ်ခုနှင့်တစ်ခု တုံ့ပြန်ရန် ငြင်းဆန်လျက် ရှိနေ၏။ ဤအရာသည် သွေးမျိုးဆက် မတူညီခြင်းပင် ဖြစ်သည်။
မည်သို့.. မည်သို့ဖြစ်နိုင်မည်နည်း။
ယုဖန်သည် ဤသွေးစမ်းသပ်မှုကို ယခင်တုန်းက အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့၏။ မည်သည့် ပြဿနာမှ မရှိချေ။ သွားများက ပေါင်းစပ်သွားခဲ့သည်သာ ရှိ၏။ ယခင်က သုံးကြိမ်တိုင်တိုင်ပင် စမ်းသပ် စစ်ဆေးခဲ့သည် မဟုတ်ပါလား။ အဘယ်ကြောင့်ဖြစ်ရသနည်း။ အဓိပ္ပာယ် မရှိချေ။
ဟုတ်ပေ၏။ ထိုအရာတို့ ပေါင်းစပ်မသွားရအောင်လို့ ရှမ့်လန်သည် အရာတစ်ခုကို ပြုလု်ပခိုင်းခဲ့သည်။ မင်းသားနင်ကျန်း၏ လက်ထဲတွင် ကျောက်ချဉ်ခဲတစ်ခုကို မသိမသာ ကိုင်ဆောင်ထားခဲ့ခြင်းပင်။
မင်းသားနင်ကျန်းသည် ကလေးနှစ်ယောက်ကို ရင်နာနာဖြင့် လှမ်းကာကြည့်ရှုရင်း ပြောလိုက်၏။ “အင်း... သွေးစမ်းသပ်မှုက ပြီးသွားပြီ။ ကလေးတွေကို မြန်မြန်ခေါ်ပြီးတော့ ပြန်အိပ်ခိုင်းလိုက်တော့”
“ကောင်းပါပြီ”
ပြီးနောက် မိန်းမစိုးနှစ်ယောက်သည် စစ်သည်နှစ်ယောက်ကို ခေါ်ဆောင်ကာဖြင့် ကလေးနှစ်ယောက်ကို အသာပင်ချီပိုးပြီး ထွက်ခွာသွားခဲ့၏။ အစမှအဆုံးထိ ဤကလေးနှစ်ယောက်တို့သည် နှစ်နှစ်ခြိုက်ခြိုက်ဖြင့် အိပ်မောကျလျက် ရှိနေပြီး တစ်ချက်ကလေးမှ မနိုးခဲ့ချေ။
ကလေးနှစ်ယောက် အဝေးဆီသို့ ရောက်ရှိသွားသည့်အချိန်ကို သူတို့ စောင့်မျှော်လျက်ရှိနေ၏။ ပြီးနောက် ရှမ့်လန်သည် ရုတ်တရက် ကျယ်လောင်စွာထကာ ရယ်မောလိုက်၏။
အားလုံးသောသူတို့သည် ခန္ဓာကိုယ်များ တုန်ယင်သွားသည်အထိ လန့်ဖြန့်သွားခဲ့ကြသည်။
“အားလုံးမြင်တယ်နော်၊ မြင်တယ်မဟုတ်လား။ ဒီသွေးစက်က ပေါင်းစပ်သွားတာမျိုးမရှိဘူး။ ယုဖန်.. ခင်ဗျားက ခင်ဗျားသမီးနှစ်ယောက်ရဲ့ သွေးတွေနဲ့ ပေါင်းစပ်သွားသင့်တယ် မဟုတ်လား။ ဒါပေမယ့် ပေါင်းစပ် မသွားခဲ့ဘူး။ ပြဿနာက ဘာလဲ။ ဘာကိုသက်သေပြတာလဲ။
ဘာကိုသက်သေပြတာလဲ ယုဖန်။ ခင်ဗျားက ကိုယ်တိုင်ကလေးတစ်ယောက်မှ မွေးဖွားနိုင်ခြင်း မရှိရုံသာမကဘူး။ မတူညီတဲ့လူတွေဆီကနေပြီးတော့ ဒီကလေးနှစ်ယောက် မွေးဖွားလာအောင် ဖန်တီးခဲ့တာပဲ။ ဒီကလေး နှစ်ယောက်ရဲ့ အဖေတွေကလည်း တူညီတဲ့လူတွေ မဟုတ်ပြန်ဘူး။ ဘယ်လောက် ရှက်စရာကောင်းလဲ။ ဘယ်လောက် ဆိုးယုတ်လိုက်လဲ။ ဒီကလေးတွေက အပြစ်ကင်းစင်တဲ့လူတွေပါ။ ဒါပေမယ့် ခင်ဗျားက လူကြီး၊ ခင်ဗျားမှာပဲ အပြစ်ရှိတာ။ ခင်ဗျားတို့ ယုမိသားစုက အဆုံးစွန်ထိ ယုတ်မာတဲ့လူတွေပဲ။
မိန်းကလေးချန်း... ခင်ဗျားက ဆိုးရွားတဲ့ မိန်းမတစ်ယောက်ပဲ။ ခင်ဗျားက တကယ်တော့ ရိုးရိုးရှင်းရှင်း နေထိုင်သင့်တယ်။ အခုတော့ တွေ့ရာလူနဲ့လိုက်အိပ်တဲ့ အခြေအနေမျိုးရောက်နေပြီ။ အခု သက်သေတွေကလည်း စုံလင်သွားပြီ။ ခင်ဗျား ဘာပြောချင်လဲ။ တခြား ဘာပြောချင်သေးလဲ။
သေချာ ရှင်းရှင်းလင်းလင်းပဲ။ ခင်ဗျားက ကျုပ်ရဲ့ညီငယ်လေး ကျင်းမူကုန်းရဲ့ တော်ဝင်သွေးမျိုးဆက်ကို လိုချင်တာကြောင့်မလို့ ဒီလိုကိစ္စမျိုးကို ပြုလုပ်ခဲ့တာ။ တမင်သက်သက် အရက်မူးအောင်တိုက်ခဲ့တယ်။ အဲအရက်ကလည်း ရိုးရိုးအရက် မဖြစ်နိုင်ဘူး။ ဆေးခတ်ထားတာပဲဖြစ်ရမယ်။ အခွင့်အရေးကို အရယူပြီး ကျင်းမူကုန်းကို ခင်ဗျား အဓမ္မပြုကျင့်ခဲ့တယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သေသေချာချာစဉ်းစားလေ ခင်ဗျားက ဆိုးယုတ်ပြီး အရှက်ကင်းမဲ့တဲ့လူတစ်ယောက် ဖြစ်လေပဲ။ ပြီးတော့ ခင်ဗျားမှာ အရမ်းကို ဆိုးယုတ်ပြီး ကျက်သရေတုံးတဲ့ ယောက်ျားတစ်ယောက် ရှိနေသေးတယ်။ လောကကြီးထဲမှာ ဘယ်လိုမျက်နှာ၊ ဘယ်လိုဂုဏ်သိက္ခာမျိုးနဲ့ ဆက်ပြီး အသက်ရှင် နေထိုင်မှာလဲ။
ငရဲကိုသွားတော့။ ခင်ဗျား အခုငရဲကို သွားတော့။ ခင်ဗျားရဲ့ နှလုံးသားထဲမှာ အရှက်တရားဆိုတာလေး ရှိတယ်ဆိုရင် ရှေ့မှာရှိတဲ့နံရံကို ခေါင်းနဲ့ပြေးတိုက်ပြီး တစ်ခါတည်း သေလိုက်တော့”
ရှမ့်လန်သည် အမှန်တရားကို လက်ဆုပ်လက်ကိုင် ကိုင်စွဲထားသည့် လူတစ်ယောက်ကဲ့သို့ပင် ကျယ်လောင်စွာ အော်ဟစ်လိုက်လျက်ရှိသည်။
ဝမ်နျန်တရားသူကြီးချုပ် ဝမ်ကွက်သည် ရုတ်တရက် ကျောရိုးမကြီးပင် စိမ့်တက်သွားခဲ့၏။ “ကောင်းကင်ဘုံ... ဘယ်လိုဖြစ်ပြီး အခြေအနေက ဒီလိုမျိုး ပြောင်းလဲသွားရတာလဲ”
ကျင်းမူကုန်း အဓမ္မပြုကျင့်သည့်ကိစ္စရပ်ကို သူတို့တရားရုံးက စစ်ဆေးမေးမြန်းနေခြင်းဖြစ်၏။ အဘယ်ကြောင့် သွေးစမ်းသပ်မှုဆီ ရောက်ရှိသွားရသနည်း။ ပြီးနောက် ရှမ့်လန်က အဘယ်ကြောင့် ဤကဲ့သို့သော အခြေအနေထ ိရောက်အောင် ခေါ်ဆောင်သွားရသနည်း။ ဘယ်လောက် ဆိုးယုတ်လိုက်သည့် ခွေးကောင်နည်း။
....................
ရှမ့်လန်သည် သူ၏ကိုယ်ပိုင်ဦးနှောက်ကို အသုံးပြုကာဖြင့် တရားရုံးထဲတွင် ရှိနေသည့်လူပေါင်းများစွာတို့ကို သတ်ဖြတ်ရန် စဉ်းစားထားခဲ့၏။ သို့သော်ငြား လက်ရှိအချိန်က ဘာမှမဟုတ်သေးပေ။ အဘယ်ကြောင့်ဆိုသော် ဤတိုက်ပွဲ၏ အဓိကပစ်မှတ်သည် ဝမ်နျန်ခရိုင်၏ တရားသူကြီး မဟုတ်သောကြောင့်ပင်။ အရေးကြီးသည်မှာ မနက်ဖြန် ညီလာခံပင် ဖြစ်၏။
များပြားလွန်းသည့် အင်ပါယာအမှုထမ်းများနှင့် အရာရှိအားလုံးတို့သည် ရှိရှိသမျှသောတိုင်စာများကို ရေးသားကာဖြင့် ကျင်းမိသားစုနှင့် ကျင်းမူကုန်းတို့ကို ဒုက္ခပေးရန် ပြင်ဆင်လျက် ရှိနေ၏။ လူပေါင်း များစွာတို့သည် ကျင်းမိသားစုကို အောက်သို့ဆွဲချရန် ပြင်ဆင်နေခဲ့ကြပြီဖြစ်၏။ အစစ်အမှန်တရားကို မည်သူမှ ဂရုစိုက်မည် မဟုတ်ချေ။ ရှမ့်လန်ကိုယ်တိုင်ပင်လျှင် ဂရုမစိုက်ချေ။
အရေးကြီးဆုံးမှာ ဤတိုက်ပွဲ၏အခြေအနေသည် မနက်ဖြန်ညီလာခံတွင် ပြောင်းပြန်လှန်သွားရန်ပင်ဖြစ်၏။ ဤအရာရှိ၊ အရာခံအားလုံး ၊ ဝန်ကြီးအားလုံးတို့သည် သူတို့ရေးသားထားခဲ့သည့် တိုင်စာအားလုံးကို ငြိမ်ငြိမ်သက်သက်နှင့် ပြန်လည်ကာသိမ်းဆည်းသွားရန် မည်သို့ တွန်းအားပေးရမည်နည်း။ မည်သို့ လုပ်ရမည်နည်း။ ဤတိုက်ပွဲကို မည်ကဲ့သို့အနိုင်ရအောင် ပြုလုပ်ရမည်ဆိုသော အရေးကြီးသည့် သော့ချက်များ တည်ရှိနှင့်ပြီးဖြစ်၏။
ပထမဦးဆုံးအနေနှင့် ဤအရာသည် ကောင်းကင်ကြီးတစ်ခုလုံးကို ထိုးခွင်းသွားခဲ့ပြီး ဆူနာမီမုန်တိုင်းကြီးကဲ့သို့ပင် အရာအားလုံးသောသူတို့ကို လှုပ်ခတ်စေနိုင်သည့်အရာမျိုး ဖြစ်ရပေလိမ့်မည်။ ထို့အပြင် ရှိရှိသမျှသော နန်းတွင်းနှင့် စစ်ဘက်ဆိုင်ရာအရာရှိအားလုံးတို့သည် အဆုံးစွန်သော ဒေါသတရားများ ဖြစ်ပေါ်စေရပေလိမ့်မည်။ အားလုံးသော သူတို့သည် ထိုအရာကိုသာ ထုတ်ဖော်ပြောကြားကြပြီး ထိုအရာလောက် အရေးကြီးသည့်အရာမျိုး လောကတွင် မရှိတော့သကဲ့သို့ပင် ဖြစ်ရပေမည်။
ဒုတိယအားဖြင့် ဤကဲ့သို့အရာရှိ၊ အရာခံများကို ဒေါသထွက်အောင် ပြုလုပ်ရသည်သာမက ဘုရင်မင်းမြတ် ကိုလည်း ဒေါသထွက်အောင် ပြုလုပ်ရပေမည်။ အပြင်ဘက်ပိုင်းတွင် ဘုရင်မင်းမြတ်သည် ဒေါသထွက်ရမည်ဖြစ်ပြီး စိတ်အတွင်း၌ ဒေါသထွက်၍ မဖြစ်ချေ။ ထိုအစား ကြိတ်ကာ ပျော်ရွှင်သည့် အခြေအနေမျိုး ဖြစ်ရပေမည်။ ထိုအရာကို ဖန်တီးရပေမည်။
တတိယအားဖြင့် မင်းသမီးနင်ယန်သည် ထိုကိစ္စကို လိုလိုချင်ချင်နှင့် ပြုလုပ်ပေးချင်စိတ် ရှိရပေလိမ့်မည်။ ဤအချက်လေးချက် ကိုက်ညီမှသာလျှင် စုကလန်ဆီသို့ ဒုက္ခတရားများ ပေးပို့နိုင်ပေမည်။
တစ်ချိန်တည်းမှာပဲ ထိုကဲ့သို့သော အချက်ကြီးလေးချက်ကို ပြုလုပ်နိုင်ရန် အလွန်ခက်ခဲသည်။
ဟုတ်ပေ၏။ အလွန့်အလွန်ကို ခက်ခဲလွန်းလှချေ၏။ ကောင်းကင်ပေါ်သို့ တက်လှမ်းသည်ထက်ပင် ခက်ခဲ၏။ မဖြစ်နိုင်သလောက်နီးပါးပင်။
အရုဏ်မိုးသောက်ရန်အတွက် သုံးနာရီသာလျှင်ကျန်ရှိတော့၏။ ထို့ကြောင့် မကြာခင် ညီလာခံတက်ရောက်မည့် နန်းတွင်းအမှုထမ်းများသည် စောစောအိပ်ရာထ၊ ကိုယ်လက်ဆေးကြောပြီး ပြင်ဆင်နှင့်နေကြပြီဖြစ်သည်။
သို့ပေမည့် ရှမ့်လန်အတွက်တော့ ခက်ခဲလှသည် မဟုတ်ချေ။ လောကကြီးတစ်ခုလုံး ဝက်ဝက်ကွဲ ဗြောင်းဆန် သွားနိုင်သည့် အခြေအနေတစ်ခုကို သူက ဖန်တီးထားခဲ့၏။ ကျိန်းသေပေါက် နန်းမြို့တော်တစ်ခုလုံးကို မုန်တိုင်း ထန်သွားပေလိမ့်မည်။
……
‘နိုင်ငံရေးမှန်ကန်မှု’ ဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းသော စကားလုံးတစ်လုံးပင်။
မည်သူမှ ထိုအရာကို ချိုးဖောက်၍မရပေ စိတ်ထဲ၌ မည်သို့ပင် တွေးနေပါစေ လူအများရှေ့တွင် ထိုအရာကို ချိုးဖောက်၍မရချေ။ ချိုးဖောက်မိလျှင် သေရမည်သာ ဖြစ်သည်။ ဂုဏ်သိက္ခာ မည်မျှမြင့်မားသည်ဖြစ်စေ၊ အာဏာ မည်မျှကြီးမားသည်ဖြစ်စေ အရေးမကြီးပေ။ထိုအရာကို သွား၍ထိပါးမိသည်နှင့် တပြိုင်နက် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားပေလိမ့်မည်။
ဥပမာအားဖြင့် အလယ်ခေတ်ဥရောပတွင် ပုပ်ရဟန်းမင်းကြီးကို မေးခွန်းထုတ်ဝံ့သူတိုင်းသည် သေလမ်းကို ရွေးချယ်ရာရောက်သည် ထိုအမှောင်ခေတ်ကြီးထဲတွင် သိပ္ပံပညာရှင် မည်မျှ မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရသနည်း ဥရောပ၏ ဧကရာဇ်များနှင့် ဘုရင်အားလုံးသည် ပုပ်ရဟန်းမင်းကြီးထံမှ သဘောတူညီချက်ဖြင့် သရဖူဆောင်းရသည်။
နောက်ဥပမာတစ်ခုမှာ အနောက်တိုင်းနိုင်ငံမှပင်။
အရောင်ရှိသူများ (လူမည်းများ) ကို မည်မျှ အထင်အမြင်သေးနေပါစေ၊ လူအများရှေ့တွင် ထုတ်ဖော် ကန့်ကွက် နှိမ့်ချ၍မရချေ။ ဆယ်လီတစ်ယောက်ဖြစ်စေ၊ နိုင်ငံတော်သမ္မတဖြစ်စေ လူမည်းများကို အထင်သေးကြောင်း လူရှေ့သူရှေ့ ထုတ်ဖော်ပြောဆိုခွင့်မရှိချေ ထိုသို့ပြောဆိုမိပါက ဘဝနှင့် အလုပ်အကိုင်သည် လုံးဝပျက်စီးသွားမည်ဖြစ်သည်။
နောက်ဥပမာတစ်ခုမှာ ရှေးခေတ်တရုတ်ပြည်မှ စာမေးပွဲများအပြီး ပေါ်ထွန်းလာသော ကွန်ဖြူးရှပ်ဝါဒပင် မည်သူမှ ထိုအရာကို ငြင်းပယ်၍မရ။ ငြင်းပယ်ဝံ့သူတိုင်းသည် ပျက်စီးခြင်းသို့ ရောက်ရှိ၏။
အာဏာကို အလွန်အမင်း ဗဟိုချုပ်ကိုင်မှုအဖြစ် အသုံးပြုသော ချင်အင်ပါယာခေတ်တွင်ပင် ဧကရာဇ်မင်းသည် ကွန်ဖြူရှပ်မိသားစုအား ‘ယန်မြို့စား’ ဘွဲ့ ချီးမြှင့်ခဲ့ရသည်။
ယခု တော်ဝင်ရန်နိုင်ငံတွင် အရာထမ်းစာမေးပွဲစနစ်ကို နှစ်ပေါင်းရာနှင့်ချီ၍ အကောင်အထည်ဖော်ခဲ့ပြီးဖြစ်သည် အရပ်ဘက်နှင့် စစ်ဘက်ရာထူးများ ယှဉ်တွဲတည်ရှိနေသော်လည်း အနည်းဆုံးတော့ အစိုးရအဖွဲ့အတွင်း၌ အရပ်ဘက်အရာရှိများက ရာထူးနေရာ၏ ၆၀% ကို ပိုင်ဆိုင်ထား၏။
သိုင်းပညာသည် ထွန်းကားဆဲပင်။ အဘယ့်ကြောင့်ဆိုသော် ပညာတတ်များသည်လည်း ကိုယ်ခံပညာကို လေ့ကျင့်ကြသောကြောင့်ပင်။
ဥပမာအားဖြင့် ကျန်းချုံး၏ သိုင်းပညာသည် အတော်လေးကောင်းမွန်သော်လည်း သူ၏ သိုင်းအရည်အသွေးကို ပြသခွင့်မရခဲ့ဖူးပေ ရှေးကမ္ဘာကြီးပျက်စီးပြီးနောက် ဤကမ္ဘာ၏ ယဉ်ကျေးမှုသည် ရှေးဟောင်းကျမ်း စာအုပ်များအား အခြေခံ၍ တည်ဆောက်ခဲ့သည်။
‘လေးအုပ်နှင့် ငါးကျမ်း’ သည် အရှေ့တိုင်းလောတစ်ခုလုံး၏ ယဉ်ကျေးမှု၊ အရှေ့တိုင်းယဉ်ကျေးမှုတစ်ခုလုံး၏ မြင့်မြတ်သောကျမ်းပင်ဖြစ်၏။
အရာထမ်းစာမေးပွဲစနစ်ကို အကောင်အထည်ဖော်ပြီးနောက် အရပ်ဘက်အရာရှိအများအပြားသည် အာဏာကို ဆုပ်ကိုင်လာကြသည်။ တရုတ်ပြည်သမိုင်းကဲ့သို့ပင် သူတို့သည် သူတို့၏ အကျိုးစီးပွားအတွက် သူတော်စင်ကြီး၏ အဆင့်အတန်းကို အသည်းအသန် မြှင့်တင်ခဲ့ကြသည်။
ရှေးခေတ်တရုတ်ပြည်တွင် စုန့်မင်းဆက်နောက်ပိုင်း၌ ကွန်ဖြူးရှပ်သည် လူသား မဟုတ်တော့ဘဲ ဘုရားတစ်ဆူ ဖြစ်လာခဲ့၏။
၁၉ ရာစုအလယ်ပိုင်းမတိုင်မီ တရုတ်ပြည်တွင် မည်သူမျှ သူတော်စင်ကွန်ဖြူးရှပ်ကို မစော်ကားဝံ့ပေ။ ထိပါးသူတိုင်း သေရသည်။
လက်ရှိတော်ဝင်ရန်မင်းဆက်မှာတော့ ကွန်ဖြူးရှပ်ဝါဒသည် အရာအားလုံးထက် သာလွန်ကြီးစိုးနေသည် မဟုတ်ပေ။ သို့ရာတွင် ကွန်ဖြူးရှပ်ဝါဒသည် ယုတ္တိဗေဒများစွာရှိပြီး အားလုံး၏ ရှေ့မှဦးဆောင်နေနိုင်၏။
သို့ဆိုလျှင် ရွဲ့နိုင်ငံတော် မည်သည့်အဆောက်အအုံသည် အထွတ်အမြတ်အဖြစ်ဆုံးနှင့် မထိပါးအပ်ဆုံး ဖြစ်သနည်း။
နန်းတော်လည်းမဟုတ်၊ တော်ဝင်ဂူဗိမာန်လည်းမဟုတ်။
ထိုအရာမှာ ‘သူတော်စင်ဘုံကျောင်း’ ပင်ဖြစ်သည်။ ဘုံကျောင်းတွင် သူတော်စင်ပညာရှိများကို ပူဇော်ထားသည် သူတို့သည် လူသားများမဟုတ်တော့ဘဲ တော်ဝင်ရန်မင်းဆက်၏ နတ်ဘုရားများ ဖြစ်နေကြပြီဖြစ်သည်။ ထိုသူများထဲတွင် သူတော်စင်ကွန်ဖြူးရှပ်မှာ အမြတ်ဆုံးသော နတ်ဘုရားတစ်ပါးဖြစ်၏။
နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးနေ့၏ ပထမဆုံးသောနေ့တွင် ဘုရင်မင်းမြတ်ကိုယ်တိုင် ဘုံကျောင်းသို့ လာရောက်၍ အရိုအသေပြုရသည်။
ထိုဘုံကျောင်းသည် အီဂျစ်နိုင်ငံမှ ပိရမစ်များ၊ အမေရိကန်မှ ကက်ပီတိုလ်ဟေးလ်၊ လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်တို့နှင့် တူညီသော အဆင့်အတန်းတွင် ရှိသည် အကယ်၍ တစ်စုံတစ်ယောက်သည်သာ သူတော်စင်ဘုံကျောင်းကို မီးရှို့ခဲ့လျှင် မည်သို့သောအကျိုးဆက်များ ဖြစ်လာမည်နည်း။