အပိုင်း (၂၇၈)
Vol. 20 Ch. 278
အထူးတရားရုံး၏ အပြင်ဘက်၌ ကျန်းချုံး၏ဒုတိယသားကျန်းချွင်သည် ကျောကို မတ်မတ်ထားကာဖြင့် ဒူးထောက်လျက် ရှိနေတုန်းပင်။ လအနည်းငယ်ကြာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ဆက်လက်ကာ ဒူးထောက်ရန် မလိုတော့ကြောင်း လူတော်တော်များများက ပြောဆိုခဲ့၏။ သားသမီးဝတ်ကို ပြသခဲ့ပြီးပြီ ဖြစ်၏။ အစောကြီးတည်းက တစ်လောကလုံးအား စိတ်လှုပ်ရှားနှင့်ပြီ ဖြစ်၏။
ကျန်းချုံးသည် အကျဉ်းထောင်အတွင်း ရှိလို့နေ၏။ ကျန်းချုံးကပင်လျှင် သူအတွက် ဆက်လက်ဒူးထောက်ရန် မလိုတော့ကြောင်း စကားပါးစေခဲ့၏။ ပြန်၍ ရနိုင်ပြီ ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းပင်။
သို့ပေမည့် ကျန်းချွင်သည် အထူးတရားရုံး၏ ရှေ့တွင် နေ့စဉ်နေ့တိုင်း .... သူ၏ အရေးကိစ္စရပ်များ ပြုလုပ်ပြီးသည့် အချိန်တိုင်း ရောက်ရှိလာကာ ဒူးထောက်တတ်၏။ အကျဉ်းထောင်ထဲတွင် ရှိနေသည့် သူ့အဖေနှင့် အတူ အပြစ်ဒဏ်ကို ခံယူနေခြင်းဟုလည်း ပြောဆိုခဲ့၏။ ကျန်းချွင်သည် တကယ့်ကို သရုပ်ဆောင်သည့်နေရာ၌ ကောင်းမွန်လွန်းသည့် လူတစ်ယောက်ဟု လူပေါင်းများစွာတို့က ပြောဆိုခဲ့၏။ သားသမီးဝတ်အကြောင်းကို သူက ကောင်းကောင်းသိ၏။ သို့ပေမည့် ထိုကဲ့သို့ ပြုမူဆောင်ရွက်နေရန် မလိုအပ်ချေ။ ဤအရာက များပြားလွန်း၏။
ကျန်းချွင်သည် ထိုစကားများကို ကြားသည့်အချိန်တွင် ပြုံးလိုက်မိ၏။ ဟုတ်ပေ၏။ သရုပ်ဆောင်စွမ်းရည်သည် နိုင်ငံရေးရာ ကိစ္စရပ်များတွင် တကယ့်ကို လိုအပ်သည့် ကိစ္စရပ်ဖြစ်၏။ သို့ပေမည့် ကျန်းမိသားစုဝင်များသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ မာကျောသူများဖြစ်သည်။ ယခု သူ သရုပ်ဆောင်နေခြင်း မဟုတ်ချေ။
သူ ဤနေရာသို့ နေ့စဉ်နေ့တိုင်း သူ၏အဖေနှင့်အတူ လာရောက်ကာ ပြစ်ဒဏ်ကျခံနေခြင်းဆိုသည်မှာ သားသမီးဝတ်ကို ကျေပွန်ကြောင်း တစ်လောကလုံးကို သိစေချင်၍ မဟုတ်ချေ။ ဘုရင်မင်းမြတ်ကို သူ၏ အကျင့် စာရိတ္တနှင့် အမူအကျင့်ကို ပြသနေခြင်းသာလျှင် ဖြစ်၏။ နေ့စဉ်နေ့တိုင်း ကျောက်ရုပ်ထုတစ်ခုကဲ့သို့ ဤနေရာတွင် ဒူးထောက်ခဲ့သည်။ သူ၏အကြောင်းသည် ဘုရင်မင်းမြတ်၏ နားဆီသို့ ပေါက်ရောက်မှာ သေချာ၏။ ထိုသို့ဆိုလျှင် သူ့အကြောင်းပြောရင်း ဘုရင်မင်းမြတ်သည် သူ၏အဖေကို မေ့လျော့တော့မည် မဟုတ်ချေ။
လူသားတို့၏သဘာဝအရ အားနည်းပြီး သနားစရာကောင်းသည့် လူများကို စာနာသနားတတ်၏။ ဘုရင်မင်းမြတ် စိတ်ဓာတ်ပျော့ပြောင်းသွားသည်နှင့် တပြိုင်နက် သူ၏အဖေသည် အခွင့်အရေးရပေလိမ့်မည်။
ဟုတ်ပေ၏။ ဘုရင်မင်းမြတ်သည် အကြင်နာတရားကင်းမဲ့ပြီး နှလုံးသားကလည်း မာကြောလွန်းလှသူ တစ်ယောက် ဖြစ်နေ၏။ ထိုကဲ့သို့သော လူမျိုး၏စိတ်ဓာတ်ကို ပျော့ပြောင်းသွားစေရန် ကြိုးစားရခြင်းသည် တောင်ကိုရွှေ့ရန် ကြိုးစားနေသည့် အရူးအဘိုးအိုနှင့်ပင် ဆင်တူ၏။ သို့ပေမည့် သူသည် ထိုအရာကို ဇွဲသတ္တိရှိရှိနှင့် ပြုလုပ်ရပေမည်။ အခက်ခဲဆုံးသော ကိစ္စရပ်များ ပြီးသွားသည့်အချိန်တွင် ရာသီဥတုသည် ပြန်လည်ကာ နွေးထွေး လာပေလိမ့်မည်။
သူသည် မည်သည့် အတားအဆီးနှောင့်ယှက်မှုမှ မရှိဘဲ ဤနေရာတွင် ဒူးထောက်ကာ အိပ်စက်ခြင်းကို ပြုမူ၏။
လွန်ခဲ့သည့်တစ်ရက် အလုပ်မှ ပြန်ခါနီးတွင် အမှုထမ်းဝမ်ချန်လီသည် သူ့ဆီသို့ ရောက်ရှိလာခဲ့ပြီး နန်းပုလ္လင်အတွက် တိုင်ကြားစာတစ်ခု ရေးသားရန် လာရောက်ကာ တိုက်တွန်းခဲ့၏။
ရွှမ်ဝူအိမ်တော်၏သားသည် အကျင့်စာရိတ္တပျက်ပြားပြီး တစ်ဖက်သောသူ၏ အပြစ်ကင်းစင်သည့် မိန်းမကို အဓမ္မပြုကျင့်ခဲ့၏။ ထိုအရာနှင့်ပတ်သက်၍ တိုင်တန်းခြင်းကို ပြုလုပ်သင့်သည်ဟု တိုက်တွန်းခဲ့ခြင်းပင်။
ကျန်းချွင်သည် ပထမဆုံးကြားရစဉ်က တုန်လှုပ်သွားခဲ့မိ၏။ ကျင်းမူကုန်းသည် ဤကဲ့သို့ ကိစ္စရပ် ဖြစ်ပွားခဲ့သည်တဲ့လား။ အချက်အလက်အရ ထိုအချိန်တုန်းက ကျင်းမူကုန်းသည် ဝမ်နျန်ခရိုင် တရားရေးရာဌာနဆီမှ ဖမ်းဆီးခြင်းကို မခံရသေးချေ။ သို့ပေမည့် မုဒိမ်းကျင့်သည့် ကိစ္စရပ်က ပေါ်ပေါက်နေပြီ ဖြစ်၏။ ထို့အပြင် တချို့သော အရာရှိအရာခံတို့သည် ကျင်းမိသားစု ဒုက္ခရောက်စေရန် တိုင်ကြားစာများကို ကြိုတင်ကာ ရေးသားနှင့်ပြီးဖြစ်သည်။ မည်မျှဆိုးဝါးလိုက်သနည်း။
အမှုထမ်း ဝမ်ချန်လီက ပြောဆိုလိုက်၏။ “အင်း... ကျေးဇူးတင်တရားနဲ့ ရန်ငြိုးဆိုတာ ဖယ်ရှားလို့ရတဲ့ အရာမျိုးမဟုတ်ဘူး။ ခင်ဗျားတို့ ကျန်းမိသားစုနဲ့ ကျင်းမိသားစုကြားမှာ ရှိနေတဲ့ ရန်ငြိုးလောက် တခြားဘယ်သူကမှ ပိုပြီးနက်ရှိုင်းမှာ မဟုတ်ဘူး။ ဒီတော့ ခင်ဗျားတို့က ဒီလိုတိုင်တန်းစာကို ရေးတင်တယ်ဆိုတာ အဖြစ်သင့်ဆုံးပဲ။ ခင်ဗျားရဲ့တိုင်စာကို ကျုပ်တို့က အရင်ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးမယ်။ ဒါဆိုရင် ခင်ဗျားရဲ့သစ္စာရှိမှုကို ဘုရင်မင်းမြတ်ကလည်း သိသွားလိမ့်မယ်။ ဒါဆိုရင် ခင်ဗျားအဖေလည်း အကျိုးကျေးဇူးတွေ ရလိမ့်မယ်”
ဆိုလိုရင်းမှာ တကယ်ပင် ရှင်းလင်းလွန်းလှချေ၏။ ကျန်းချွင်အနေနှင့် ပထမဦးဆုံးငှက် ဖြစ်ရခြင်းပင်။ ထို့အပြင် အကြောင်းအရင်းကလည်း သက်ဆိုင်လွန်းလှ၏။ ကျန်းမိသားစုနှင့် ကျင်းမိသားစုသည် သေမျိုးရန်သူများ ဖြစ်၏။ ကျန်းချွင်သည် ဦးကိုညွတ်လိုက်၏။ သူသည် သဘောတူခြင်းမဟုတ်သလို ၊ ငြင်းလည်းမငြင်းပယ်ခဲ့ချေ။
ညသို့ရောက်သည့်အချိန်မှာတော့ ကျန်းချွင်သည် အပြင်ဘက်တွင် ဒူးထောက်လျက် ရှိနေတုန်းပင်။ သူသည် အင်ပါရီယာတိုင်ကြားစာနှင့် ပတ်သက်၍ ဆက်လက်ကာ ရေးသားရမည်လား၊ မရေးသားရမည်လားဆိုသည်ကို တုန့်ဆိုင်းလျက် ရှိနေတုန်းပင်။ သူ ကျိန်းသေပေါက် ဤကိစ္စနှင့်ပတ်သက်၍ ဘာလုပ်ရမှန်း မသိချေ။
သို့ပေမည့် အားလုံးသောသူတို့သည် တိုင်ကြားစာကို သူ့အား ရေးသားစေချင်၏။ ထို့အပြင် ပထမဦးဆုံး ပစ်လွှတ်ရမည့် ငှက်တစ်ကောင်၏ အဖြစ်မျိုးလည်း သူ့ကို ရောက်ရှိစေချင်၏။ ထို့ကြောင့် သူ ကျိန်းသေပေါက် ရေးသားရပေလိမ့်မည်။ သို့ပေမည့် သူသည် ရိုးရှင်းစွာ ရေးသားရမည်။ လူကြားထဲ ခွဲထွက်နေသလိုမျိုး အလွန်ကောင်းမွန်သည့် တိုင်ကြားစာမျိုးဖြစ်အောင် ရေးသား၍မဖြစ်ပေ။
ဘာပဲပြောပြော ကျန်းမိသားစုနှင့် ကျင်းမိသားစု၏ ရန်ငြိုးသည် အစောကြီးတည်းက ဖြေရှင်းခဲ့ပြီးသား ဖြစ်၏။ သူ၏ညီ ကျန်းကျင်း သေဆုံးခြင်းသည် အရာအားလုံး ပြီးဆုံးသွားခဲ့ခြင်းပင်။ သို့နှင့် သူသည် မြေပေါ်တွင် ဒူးထောက် ထိုင်လျက်မှ အလွန်ရိုးရှင်းသည့် တိုင်ကြားစာတစ်စောင်ကို စတင်ကာ ရေးသား၏။ သူ၏ ပုံမှန် အဆင့်အတန်းမျိုးနှင့် ရေးသားခြင်း မဟုတ်ချေ။ တော်တော်ဆိုးဝါးသည့် အခြေအနေမျိုးဖြင့် ရေးသားခဲ့ခြင်း ဖြစ်၏။
ညသို့ရောက်ချိန်မှာတော့ ကောင်းကင်ယံ၌ မီးတောက်များ လင်းလက်လာခဲ့၏။ “ဘယ်ကမီးတွေလဲ”
အစေခံတစ်ယောက်က ပြောလိုက်သည်။ “ဒါ ဘုံကျောင်းရှိတဲ့ဘက်ပဲ”
ကျန်းချွင်က ပြောလိုက်၏။ “သွား၊ သွားပြီးတော့ စစ်ဆေးကြည့်အုံး။ ပြီးတော့ ဒီမီးကိစ္စနဲ့ ပတ်သက်ပြီး မသိချင်ယောင်ဆောင်နေ။ အဝေးကပဲ လှမ်းပြီး ဟိုမေးဒီမေး လုပ်ခဲ့။ ဒီလိုရဲရဲတင်းတင်းနဲ့ ကောင်းကင်ယံ အထိ ထိုးဖောက်ရဲတဲ့သူက ဘယ်သူဖြစ်မလဲဆိုတာ မသိမသာ စုံစမ်းခဲ့”
ခဏလောက်ကြာပြီးနောက် ကျန်းမိသားစုမှ အစေခံအိုကြီးက ပြန်လည် ရောက်ရှိလာခဲ့သည်။ “အင်း.. ဒါက ချင်နိုင်ငံရဲ့ စစ်သည်တွေပါ။ လူတော်တော်များများက မြင်ခဲ့တယ်။ ဘုံကျောင်းကို မီးရှို့ပြီးတဲ့နောက်မှာ သူတို့က မီးထဲ သေးတောင်ပန်းခဲ့သေးတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ သီချင်းဆိုပြီး ကခုန်တာမျိုးတောင် ပြုလုပ်ခဲ့တယ်။ ဒီကောင်တွေ ရူးသွားပြီနဲ့တူတယ်။ အကုန်လုံး အဖမ်းခံထားရတယ်”
“ချင်နိုင်ငံရဲ့ ကိုယ်စားလှယ်တွေ ဟုတ်လား” ကျန်းချွင်က ကြောင်အသွားခဲ့၏။ ပြီးနောက် သူ၏ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားခဲ့၏။ သူ့၌ မေးခွန်းအနည်းငယ် ပေါ်ပေါက်လာခဲ့၏။ ဤကဲ့သို့ ချင်နိုင်ငံမှ စစ်သည်များ ဘုံကျောင်းကို မီးရှို့ခြင်းအားဖြင့် မည်သူ အကျိုးကျေးဇူးအများဆုံး ဖြစ်မည်နည်း။ ကျင်းမိသားစုပင် ဖြစ်၏။
မည်သူ ကံအဆိုးဆုံး ဖြစ်မည်နည်း။ စုမိသားစုပင် ဖြစ်သည်။
“ဒါဆိုရင် ဒါ ရှမ့်လန်လုပ်ခဲ့တာပဲ ဖြစ်နိုင်တယ်။ သူ ... သူအဲလောက်ကြီးတော့ အားမကောင်းနိုင်လောက်ပါဘူး။ ဟုတ်တယ်မလား” ကျန်းချွင်၏ နှလုံးခုန်သံများသည် မြန်ဆန်သွားခဲ့၏။ သူသည် ကျောရိုးမကြီးပင် စိမ့်တက်သွားခဲ့၏။
“ဒီလိုဆိုရင် ကောင်းကင်ကို ပြောင်းပြန်လှန်နိုင်တဲ့ အရာဖြစ်ခဲ့တာပဲ”
သူသည် ရှမ့်လန်၏ အကြောင်းကို ယခင်က ကြားခဲ့ဖူး၏။ သို့ပေမည့် ဤမျှအထိ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဓားအော်ရာများကို ထုတ်ဖော်နိုင်စွမ်း ရှိသည့် လူတစ်ယောက်ဖြစ်ကြောင်း မသိရှိခဲ့ချေ။ တကယ့်ကို အထင်ကြီးလောက်စရာပင်။ သူ့အနေဖြင့် တစ်ဖက်လူကို အနိုင်ယူဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
ကံကောင်းစွာဖြင့် ကျန်းမိသားစုသည် တစ်ဖက်လူနှင့် မည်သည့်ရန်ငြိုးရန်စမှ မရှိခဲ့ချေ။ ထို့ကြောင့် ကျန်းချွင်သည် သူ ရေးသားထားသည့် ကျင်းမိသားစုအတွက် တိုင်စာအား အစိတ်စိတ်အမွှာမွှာဖြစ်အောင် ဆွဲဖြဲလိုက်၏။ ပြီးနောက် သူက စိုးရိမ်မိနေတုန်းပင်။ ထို့ကြောင့် စာရွက်အပိုင်းအစများကို ပြန်လည်ကောက်ယူပြီး မီးရှို့ကာ အစဖျောက် ဖျက်ဆီးလိုက်၏။
ပြီးနောက် တိုင်ကြားစာအသစ်တစ်ခုကို စတင်ကာ ရေးသား၏။ ဤအချိန်မှာတော့ တကယ့်ကို ကောင်းမွန်သည့် စိတ်ဆန္ဒအပြည့်နှင့် စိတ်အားတက်ကြွစွာ ရေးသားနေခြင်း ဖြစ်၏။ သူ၏တိုက်ခိုက်လိုခြင်း ဓားအော်ရာများသည် ကောင်းကင်ယံဆီသို့ လွင့်တက်သွားခဲ့သည်။
အချက်အလက်အရ ပြောရမည်ဆိုလျှင် ကျင်းမိသားစုကို တိုင်ကြားခဲ့သည့် တိုင်ကြားစာထက် အလုံးစုံ ကွာခြားလျက် ရှိနေသည့် အရာမျိုးပင်။ တိုင်ကြားစာထဲတွင် ကျန်းချွင်သည် ဒုတိယခရိုင်၏ အဆင့်ငါး ရာထူးရာခံကို ပိုင်ဆိုင်သည့် ပါရမီရှင် လူတစ်ယောက်၏ စွမ်းရည်မျိုးကို အပြည့်အဝ ထုတ်ဖော်ပြသခဲ့၏။ စကားလုံးတစ်ခုချင်းစီတိုင်းတွင် ဒေါသများ၊ စိတ်အားတက်ကြွမှုများ၊ သူရဲကောင်းဆန်သည့်အရာများ ပါဝင်လျက် ရှိနေလေ၏။
သူသည် သူ၏ဓားကို မြှောက်ပြီး ချင်တိုင်းပြည်တစ်ခုလုံးကို သတ်ဖြတ်ချင်သည်ဆိုသည့် အကြောင်းအရာကို ရေးသားခဲ့ခြင်း ဖြစ်၏။ ဘုရင်မင်းမြတ်အတွက် သူသည် တရားမျှတမှုကို ဆောင်ကျဉ်းချင်၏။ လောကအတွက်၊ ကျောင်းတော်သားများအတွက် အကုန်လုံး တူတူပင်။
.............................
အာရုံတက်ချိန်သို့ ရောက်ရှိချိန်မှာတော့ ဝမ်ချန်လီသည် အစောကြီးတည်းက နိုးထခဲ့ပြီ ဖြစ်၏။ သူသည် မျက်နှာသစ်၊ သွားတိုက်ခဲ့၏။ ရွေးချယ်စရာ မရှိချေ။ သူ၏ ရာထူးရာခံကအနည်းငယ် မြင့်မား၏။ သို့ပေမည့် သူသည် ဆင်းရဲ၏။ တကယ်တမ်း ဆင်းရဲသည်လား။ သို့မဟုတ် ဆင်းရဲချင်ယောင် ဆောင်နေသည်လား ဆိုသည်မှာ ကိစ္စမရှိချေ။ သို့ပေမည့် သူသည် ဆင်းရဲကြောင်းကိုတော့ ထုတ်ဖော်ပြသရမည်။
ဤကဲ့သို့ တရားရေးရာ ဝန်ထမ်းများသည် တခြားသောသူများကို ဆူငေါက်ခြင်း သို့မဟုတ် တခြားသော သူများ၏ အပြစ်များကို လိုက်လံရှာဖွေခြင်းတွင် ကျွမ်းကျင်သူများဖြစ်၏။ ထို့ကြောင့် သူသည် တခြားသောသူများအား ဒုက္ခပေးနိုင်ရန် လုံလောက်အောင် ဆင်းရဲနေမှ ဖြစ်ပေလိမ့်မည်။ မောက်မာဝင့်ကြွားစွာဖြင့် ချမ်းသာနေသည် ဆိုပါက အဓိပ္ပာယ်မရှိပေ။ နန်းတွင်းတွင် ရိုးသားသူများသည် ဆင်းရဲကြသည်။
ထို့ကြောင့် အရှင်ဝမ်၏အိမ်သည် နန်းတော်နှင့် တော်တော်ဝေးဝေးတွင် တည်ရှိ၏။ သူသည် မနက်ခင်း စောစော ထပြီး နန်းတော်၏ညီလာခံဆီသို့ အစောဆုံးရောက်ရှိရန် ကြိုးစားနေ၏။ မည်မျှ ပင်ပန်းလိုက်သနည်း။ ကောင်းကင်ကပင် နေမထွက်သေးချေ။ သို့ပေမည့် သူ အိပ်ရာထနေရပြီ။
မနက်စာ စားသုံးပြီးနောက် ဝမ်ချန်လီသည် သူပြင်ဆင်ရေးသားခဲ့ပြီးပြီဖြစ်သော တိုင်ကြားစာများကို သေသေချာချာဖြင့် ပြန်လည် စစ်ဆေးလိုက်၏။ မည်သည့်ပြဿနာမှ မရှိချေ။ လုံလောက်သည့် အားကောင်းမှုလည်း ရှိ၏။ တကယ့်ကို ကြမ်းတမ်းလွန်းသည်ဟူ၍ သုံးသပ်ရမှာဖြစ်၏။ စာသည် ကျင်းမိသားစုကို ဦးတည် တိုက်ခိုက်ခြင်း မဟုတ်ပေ။ သို့ပေမည့် ဆိုလိုရင်းမှာတော့ ထိုအကြောင်းအရာပင် ဖြစ်၏။
ဝမ်ချန်လီ၏ ကျင်းမိသားစုအား တိုင်ကြားသည့်စာသည် တကယ့်ကို ကြောက်မက်ဖွယ်ရာ ကောင်းသည့် အခြေအနေမျိုးပင်။ ကျင်းမူကုန်းသည် အပြစ်ကင်းစင်သည့် အမျိုးသမီး တစ်ယောက်ကို အဓမ္မပြုကျင့်ခဲ့လေ၏။ ထို့ကြောင့် ကျင်းမိသားစု၏ စည်းမျဉ်းစည်းကမ်းသည် တင်းကျပ်ခြင်း မရှိခဲ့ချေ။ ပြေလျော့နေခဲ့၏။ ထို့ကြောင့်ပင်လျှင် ကျင်းမူကုန်း၏ စိတ်ထဲတွင် ဆိုးဝါးလွန်းသည့် စိတ်ဆန္ဒများ ပေါ်ပေါက်လာခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အမျိုးသမီးအားလုံးတို့သည် သူ၏မျက်လုံးထဲတွင် မြက်ပင်ကဲ့သို့ တန်ဖိုးမရှိချေ။
နန်းမြို့တော်သို့ ရောက်ရှိလာသည်ဆိုလျှင်တောင်မှ စိတ်ကို မထိန်းချုပ်ဘဲ မိမိပြုလုပ်ချင်ရာကို ပြုလုပ်ခဲ့လေ၏။ ရွှမ်ဝူမြို့ထဲတွင်လည်း ထိုကဲ့သို့သော အရာများကို ကျိန်းသေပေါက် ပြုလုပ်ပေလိမ့်မည်။
ကျင်းမူကုန်း အမျိုးသမီးတစ်ယောက်ကို အဓမ္မပြုကျင့်ခြင်းမှ စတင်၍ ကျင်းမိသားစုသည် ပုန်ကန်ရန် စိတ်ဆန္ဒရှိသည် အထိပင် သူက လိုရာဆွဲတွေးနိုင်သည့် အဓိပ္ပာယ်နှစ်ခွမျိုးနှင့် ရေးသားထား၏။ တခြားနည်းလမ်းလည်း မရှိချေ။ သူတို့အနေနှင့် ထိုအရာကို ကျိန်းသေပေါက် ပြုလုပ်ရပေလိမ့်မည်။ သေးငယ်သည့် ကိစ္စရပ်ကို တစ်ဖက်လူက ပြုလုပ်ထားသည် ဆိုလျှင်တောင်မှ မိုးလောက်ကြီးသည့် ကိစ္စရပ်မျိုး ဖြစ်အောင် အဆင်း ဘီးတပ်ပေးရမည်။
ထိုသို့ဆိုလျှင် ဝမ်ချန်လီသည် ကျင်းမိသားစုနှင့် ပုဂ္ဂိုလ်ရေးရာအရ ရန်ငြိုးရန်စများ ရှိနေသည်လား။ အနည်းငယ်ရှိ၏။
ထိုနေ့က ဘုရင်မင်းမြတ်သည် ရွှမ်ဝူအိမ်တော်ဆီသို့ သူ့အား စေလွှတ်ပြီးသည့်နောက် ဝမ်ကျားကျွန်းအား ယင်ယွမ် အဖွဲ့အစည်းဆီသို့ ပေးအပ်မည့် အခိုက်အတန့်တွင် သူ့ကို လိုက်ပါစေခဲ့၏။ အဆုံးသတ်မှာတော့ သူသည် ရှမ့်လန်၏ မျက်နှာပိတ်ရိုက်ခြင်းကို ခံခဲ့ရ၏။ ဦးရီးတော်နင်ချီပင်လျှင် ပြုံးရုံသာ ပြုံးနိုင်ခဲ့သည်။
သို့ပေမည့် ဝမ်ချန်လီမှာတော့ ပြုံးပင် မပြုံးနိုင်ခဲ့ချေ။ သူ မည်သူ ဖြစ်သနည်း။ သူက အရာရှိကြီး တစ်ယောက်ပင် ဖြစ်၏။ ထို့အပြင် လူများကို ဆူငေါက်ခြင်း၊ တခြားသော သူများ၏ မျက်နှာကို ပိတ်ရိုက်ခြင်း တို့ကိုသာလျှင် တာဝန်ယူထားသည့် လူတစ်ယောက်ဖြစ်၏။ ယခု သူသည် မျက်နှာကို ပိတ်ရိုက်ခြင်းကို ခံခဲ့ရ၏။
ဟုတ်ပေ၏။ ကျင်းမိသားစုဆီမှ ရိုက်ချက်သည် ယင်ယွမ်အဖွဲ့အစည်းကို ဦးတည်ခဲ့ခြင်း ဖြစ်၏။ သို့ပေမည့် သူ၏ မျက်နှာဆီသို့ သက်ရောက်ခဲ့၏။ ရှမ့်လန်၏ မျက်နှာပိတ်ရိုက်ခြင်း အတတ်ပညာသည် တစ်ဖက်သောသူများကို စင်စေသည့် အစွမ်းသတ္တိပင် ပါဝင်လျက် ရှိနေသည်။
ထို့ကြောင့် ဤအရာရှိသည် အခွင့်အရေးကို အရယူပြီးနောက် ကျင်းမိသားစုကို သေဆုံးသည်အထိ ဆူငေါက်ချင်စိတ် ရှိ၏။ ဟုတ်ပေ၏။ သူ၏ ဤတိုင်ကြားစာသည် ကျင်းမိသားစုအား ထိခိုက်စေနိုင်မည် မဟုတ်ကြောင်း သူ သိရှိ၏။ သို့ပေမည့် ကျင်းမိသားစု ပုန်ကန်မည်ကို အစိုးရိမ်ဆုံးမှာ ဘုရင်မင်းမြတ်ဖြစ်၏။
ထို့ကြောင့်ပင်လျှင် သူသည် ကျင်းကျိုး၏ နယ်စားကြီးဖြစ်မည့်လမ်းကို တားဆီးနိုင်စွမ်းရှိပေလိမ့်မည်။
“သွားကြရအောင်” ထိုအရာရှိကြီးက အမိန့်ပေးလိုက်၏။ ပြီးနောက် ဝေါယာဉ်ကို အသုံးပြုကာဖြင့် နန်းတော်ဆီသို့ ခရီးနှင်လေ၏။ သူ၏အိမ်သည် အတော်ဝေးဝေးတွင် တည်ရှိနေသောကြောင့် သူ စောစောထွက်ခဲ့၏။ တခြား နည်းလမ်းလည်း မရှိချေ။ သူသည် အရာရှိကြီးတစ်ယောက် ဖြစ်၏။ ဆူငေါက်ရန် တာဝန်ယူထားရသည် မဟုတ်ပါလား။ ထို့ကြောင့် အစောဆုံး ရောက်ရှိရပေလိမ့်မည်။
သူ့အနေနှင့် နန်းတော်ဆီသို့ အစောဆုံးရောက်ရှိပြီး အားလုံးသောသူတို့၏ စိတ်ဆန္ဒများကို စုစည်းနိုင်သည် ဆိုပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
တခြားသော အရာရှိကြီးများသည် တိုင်ကြားစာကို ရေးသားနှင့် နေပြီလား။ လုံလောက်အောင် ရေးသားခဲ့လေသည်လား။ သူတို့လောက် မကောင်းလျှင် မည်သို့ လုပ်မည်နည်း။ ထိုအရာများကို သူ ကြိုတင်ကာ စစ်ဆေးရန် လိုအပ်၏။
မည်သည့် အမှားအယွင်းမှ မရှိကြောင်း သေချာမှသာလျှင် သပ်သပ်ရပ်ရပ်ဖြင့် တင်သွင်းရပေမည်။ သူသည် လူပေါင်းများစွာတို့၏ စိတ်ဆန္ဒကို စုစည်းပြီး ကျင်းမိသားစုသည် သည်းခံ၍ မရနိုင်သည့် အကြောင်းအရာမျိုးကို ပြုလုပ်ခဲ့ကြောင်း ယိုးစွပ်ရပေမည်။
ဤအရာက တိုက်ပွဲဖြစ်၏။ သူ အရာရှိကြီး တစ်ယောက်အနေနှင့် ဦးစီးဦးဆောင် အမိန့်ချမှတ်သူ ဖြစ်၏။ သူ့ကို အပြစ်တင်၍ မဖြစ်ချေ။ ကျင်းမိသားစုသည် အဘယ်ကြောင့် ရဲရဲတင်းတင်းနှင့် သူ၏ မျက်နှာကို ပိတ်ရိုက်ခဲ့ရလေသနည်း။
အပွင့်လင်းဆုံး ပြောရမည်ဆိုလျှင် ကျင်းမိသားစု ပုန်ကန်မည်ဆိုခြင်းသည် ဘုရင်မင်းမြတ် အစိုးရိမ်ဆုံးသော ကိစ္စရပ်ဖြစ်၏။ သူတို့စိုးရိမ်ရမည့် ကိစ္စမျိုး မဟုတ်ချေ။ သူတို့၏ တာဝန်သည် လူများကို ဆူငေါက်ခြင်း၊ အခြေအနေတစ်ခု ဖြစ်သည်ဆိုပါက လူများကို ခေါ်ဆောင်ကာ ရိုက်နှက်ခြင်းကို ပြုလုပ်ရမည့် အရာမျိုးပင်။ ဆူငေါက်စရာ လူမရှိသည်ဆိုပါက ကျိန်းသေပေါက် ဆူငေါက်စရာရှိအောင် ဖန်တီးရပေမည်။
ဝေါယာဉ်ပေါ်တွင် ထိုင်လျက်ရှိနေပြီး ဝမ်ချန်လီသည် မောက်မာဝင့်ကြွားစွာဖြင့် ရှိလို့နေ၏။ ကျင်းမိသားစု သည် ရွှမ်ဝူမြို့တွင် ကျန်းချုံးကို အနိုင်ရရှိခဲ့၏။ ကြည့်ရသည်မှာ အံ့အားသင့်စရာ ဖြစ်၏။ သို့ပေမည့် နန်းမြို့တော်တွင်တော့ ထိုသူတို့သည် မည်သည့်အရိပ်အယောင်ကိုမှ ထုတ်ဖော်ပြသနိုင်သည့် လူမျိုး မဟုတ်ချေ။ ဩဇာအာဏာလည်း ရှိသည့်လူမျိုး မဟုတ်ချေ။ သူတို့အတွက် ဩဇာအာဏာဆိုသည်မှာ သီးခြားဆန်လွန်းသည့် နယ်မြို့လေးတစ်ခုမှာသာ ရှိသည့်အရာဖြစ်သည်။
“ရွှမ်ဝူ.. ခင်ဗျားတို့ရဲ့ကံကိုသာ အပြစ်တင်လို့ရမယ်။ စုမိသားစုက ခင်ဗျားတို့နဲ့ ရင်ဆိုင်ဖို့အတွက် ဓားတစ်ချောင်းကို အသုံးပြုခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့ကတော့ မီးလောင်စေဖို့အတွက် လောင်စာ ထည့်ခဲ့တာပဲ”
ပြီးနောက် များပြားလွန်းသည့် တိုင်ကြားစာများသည် နန်းတော်ဆီသို့ နှင်းမှုန်များကဲ့သို့ ကျဆင်းလာမှာ သေချာ၏။ တရားရုံးထဲမှာတော့ အရာရှိပေါင်းများစွာတို့သည် ကျင်းမိသားစုအား အတူတကွ တိုင်ကြား ပေလိမ့်မည်။ ကြီးမားလွန်းသည့် မြင်ကွင်းတစ်ခုဖြစ်ပြီး တွေးကြည့်လိုက်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းသည့် အရာဖြစ်ပေမည်။
သို့ပေမည့် ထိုအချိန်မှာပဲ အပြင်ဘက်ရှိဝေါယာဉ်က ရပ်တန့်သွားခဲ့၏။ ပြီးနောက် ဆူညံဆူညံအသံများကို ကြားခဲ့ရ၏။
ဘာတွေ ဖြစ်နေသနည်း။ အာရုံပင် မတက်သေးချေ။ အဘယ်ကြောင့် ဆူညံနေရသနည်း။
“ဘာတွေ ဖြစ်နေတာလဲ။ တခြားသူရဲ့ ကိစ္စကို ဝင်မရှုပ်နဲ့။ ကိုယ့်လမ်းကိုယ် သွားတော့” ဝမ်ချန်လီက ပြောလိုက်၏။
အပြင်ဘက်တွင်ရှိနေသော စစ်သည်တော်များက ပြောလိုက်သည်။ “သခင်ကြီး.. ဘုံကျောင်း မီးလောင် သွားခဲ့ပြီ”
“ဘာ...”
အထဲတွင် ရှိနေသည့် သခင်ကြီးဝမ်ချန်လီသည် ရုတ်တရက် ထခုန်လုမတတ်ပင် ဖြစ်သွားခဲ့၏။ ဘုံကျောင်း မီးလောင်သွားခဲ့လေသည်လား။ မည်သူ လုပ်ခဲ့သနည်း။ မည်သူက ဤမျှ သတ္တိရှိသနည်း။
ကျောင်းတော်သားများအတွက် တကယ့်ကို အရေးကြီးသည့် သူတော်စင်ဘုံကျောင်းတစ်ခု ဖြစ်၏။ အရှေ့ဘက် ပြည်သူပြည်သားအားလုံးတို့အတွက် နတ်ဘုရားများကဲ့သို့ ထွန်းလင်းတောက်ပသည့် အရာတစ်ခု ဖြစ်၏။ လောကရှိ ကျောင်းတော်သားအားလုံးတို့၏ ယုံကြည်မှုပင် ဖြစ်၏။ မည်သူမီးရှို့သည်မဆို မီးရှို့သူ၏ ဆွေစဉ်မျိုးဆက် ကိုးဆက်လုံးကို သတ်ဖြတ်သုတ်သင်သင့်သည်။
ထိုအရာသည် ကောင်းကင်ယံတစ်ခုလုံးကို ထိုးဖောက်သွားမည့်အရာ ဖြစ်၏။ ပြီးနောက် ဝမ်ချန်လီသည် ပျော်ရွှင်သွားခဲ့၏။ ဤအရာကို ရှမ့်လန် လုပ်ခဲ့လေသည်လား။ ကောင်းပေ၏။ ထိုသို့ဆိုလျှင် သေဆုံးရန် ထိုက်တန်သွားပြီဖြစ်သည်။ ကျင်းမိသားစုသည် အဆုံးသတ်ပြီ ဖြစ်၏။
ဤအရာက ဘုံကျောင်းတစ်ခုပင် ဖြစ်၏။ နိုင်ငံရေးရာအရ အလုံးစုံ တားမြစ်ထားသည့် အရာတစ်ခု ဖြစ်၏။ ထိုအရာကို ဖျက်ဆီးသည့် လူတိုင်းသည် သေဆုံးရပေမည်။ တော်ဝင်မိသားစုပင် ခြွင်းချက် မရှိချေ။
“ဘယ်သူ မီးရှို့လိုက်တာလဲ။ ဘယ်သူ ရှို့လိုက်တာလဲ။ သွားရှာစမ်း... မြန်မြန်၊ ဘယ်သူလဲ ရှာခဲ့ကြ။ ကြည့်ရတာ ရှမ့်လန် လုပ်ခဲ့တဲ့ အရာပဲ ဖြစ်ရမယ်”
ခဏလောက် ကြာပြီးနောက် စစ်သည်တော်များ ပြန်လာခဲ့၏။ “ချင်နိုင်ငံရဲ့ စစ်သည်တော်တွေ လုပ်ခဲ့တာပါတဲ့။ အရက်မူးပြီး မီးရှို့ခဲ့တာ။ မီးထဲ သေးတောင်ပေါက်ခဲ့သေးတယ်။ ဒါတင် မကသေးဘူး။ လှလိုက်တဲ့ မီးလို့တောင် အော်သွားကြသေးတယ်တဲ့”