အပိုင်း (၂၆၇)
Vol. 20 Ch. 267
ရှမ့်လန်သည် တကယ်ပင် တည့်တိုးဆန်လွန်းနေသည်။ အနည်းငယ်လေးသော အားနာတက်မှုပင် မရှိခဲ့ချေ။ စောဏတုန်းက သူမသည် ဝင့်ကြွားစွာဖြင့် ကြွားဝါပြောဆိုနေခြင်းသာ ဖြစ်၏။ နန်းမြို့တော်ထဲတွင် သူမသည် လုပ်ချင်ရာကို ပြုလုပ်တတ်သော်လည်း သူမ မလုပ်နိုင်သည့်အရာများလည်း တည်ရှိနေသည်။
ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် အရာရှိတစ်ယောက် ဖြစ်ချင်တယ်။ အဆင့် ၇၊ ၈ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဘာတာဝန်မှမရှိဘဲ အာဏာပဲရှိတဲ့ လူတစ်ယောက်ဖြစ်ချင်တာ။ ကျုပ်က နေ့စဉ်နေ့တိုင်း ရုံးတက်စရာ မလိုဘူး။ အနှစ်ချုပ်ပြောရမယ်ဆိုရင် ဘာတာဝန်မှမရှိတဲ့ တာဝန်ရှိသူပဲ”
ကျားမသည် နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့သည်။ ဤကဲ့သို့ ရာထူးမျိုးနှင့် တာဝန်ရှိသူများ တည်ရှိနေသည်လား။ အဘယ့်ကြောင့် သူ မသိရှိရသနည်း။
ကျားမက ပြောလိုက်သည်။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ သိပ်မရင်းနှီးဘူး။ သွားကြည့်လိုက်အုံးမယ် .. ဒီလိုအရာရှိမျိုး ရှိလားဆိုတာ။ ကျိန်းသေပေါက် မင်းအတွက် ငါ ဖန်တီးပေးမယ်။ ငါက ငါ့စကားကို ငါတည်တဲ့ မိန်းမတစ်ယောက်ပဲ”
ရှမ့်လန်က ပြောလိုက်၏။ “ကောင်းပြီ။ ကျေးဇူးတင်ပါတယ် အရှင်မင်းသမီး”
ကျားမက ပြောလိုက်သည်။ “အင်း... ညီအစ်ကိုတွေ ကြားထဲမှာ ဒီလို ယဉ်ကျေးနေဖို့ မလိုပါဘူး”
ပြီးနောက် ကျားမက ထွက်ခွာသွားခဲ့၏။
ရှမ့်လန်သည် စောင့်မနေတော့ချေ။ ပင်းအာကို အခန်းထဲသို့ ဆွဲခေါ်လိုက်သည်။ “ပင်းအာ.. မင်းဆီမှာ ပြိုင်စံရှားတဲ့ စွမ်းရည် တစ်ခု ရှိတယ်လို့ ငါ ကြားခဲ့တယ်။ ဟုတ်လား”
ပင်းအာက ပြောလိုက်၏။ “ဟုတ်ပါတယ်။ စာအုပ်တွေထဲက သင်ယူတတ်မြောက်ခဲ့တာလေ။ ကျွန်မ အကုန်လုံးကို လေ့လာထားတယ်။ ဒါပေမဲ့ မကြိုးစားဖူးသေးဘူး”
ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းပြီ။ လာ။ ... ဒါဆိုရင် စမ်းသပ်ကြည့်ရအောင်”
ပြီးနောက် ပင်းအာသည် သူမ၏ ပြိုင်စံရှားစွမ်းရည်များကို ထုတ်သုံးရန် ပြင်ဆင်လိုက်တော့၏။
သို့ပေမည့် ထိုအချိန်မှာပဲ ဟွမ်ဖန်က ရုတ်တရက် ဝင်ရောက်လာခဲ့၏။ ပြီးနောက် သူမသည် မျက်လုံးများကို အုပ်ကာပြီး လှည့်ကာ ထွက်ပြေးသွားတော့သည်။ အဘယ့်ကြောင့် သူမတွင် ဤကဲ့သို့သော သခင်မျိုး တည်ရှိနေရသနည်း။
“ဘာကိစ္စ ရှိလို့လဲ” ရှမ့်လန်က ဒေါသတကြီး မေးလိုက်သည်။
ဟွမ်ဖန်က အပြင်ဘက်မှ လှမ်းကာပြောလိုက်၏။ “ပဉ္စမမင်းသားရဲ့အိမ်တော် မိန်းမစိုးက ရှင့်ကို တွေ့ချင်လို့တဲ့”
ရှမ့်လန်သည် အံ့အားသင့်သွားသည်။ နင်ကျန်း၏ယုံကြည်ရသောမိန်းမစိုးသည် အဘယ့်ကြောင့် သူ့ကို ညနက်သန်းခေါင်ကြီး လာရောက် တွေ့ရသနည်း။ ကျိန်းသေပေါက် တစ်စုံတစ်ခု ဖြစ်ပွားခဲ့ခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ရှမ့်လန်သည် အဝတ်အစားများကို ပြန်လည်ကာ ကောက်ဝတ်ပြီး ဧည့်ခန်းဆီသို့ သွားလိုက်သည်။
“ရှမ့်.. ဆက်ခံသူ ကျင်းမူကုန်း ဝမ်နျန်ခရိုင် တရားရုံးမှာ အဖမ်းခံထားရတယ်”
နန်းမြို့တော်တွင် ခရိုင်နှစ်ခု တည်ရှိနေ၏။ ပင်အန်းနှင့် ဝမ်နျန်ပင် ဖြစ်၏။
ရှမ့်လန်သည် ထိုသတင်းကိုကြားသည့်အချိန်မှာတော့ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိသည်။ ကျင်းမူကုန်း ဖမ်းဆီးခံထားရသည်လား။
“သူ ဘယ်လိုပြစ်မှုမျိုးကို လုပ်ထားလို့လဲ။ ဘာကြောင့် ဝမ်နျန်ခရိုင် တရားရုံးက သူ့ကို ဖမ်းဆီးထားရတာလဲ” ရှမ့်လန်က မေးမြန်းလိုက်၏။
ပဉ္စမမင်းသား၏ မိန်းမစိုးက ပြောလိုက်သည်။ “မိန်းမတစ်ယောက်ကို မုဒိမ်းကျင့်လို့ပါပဲ”
ရှမ့်လန်သည် မယုံကြည်နိုင်သလို ဖြစ်သွား၏။ ဝတုတ်သည် မိန်းမတစ်ယောက်ကို မုဒိမ်းကျင့်လေသည်လား။ မည်သို့ဖြစ်နိုင်မည်နည်း။ ကြက်ဖ ကြက်ဥ ဥသည်ဆိုလျှင်ပင် ယုံကြည်ကောင်း ယုံကြည်နိုင်၏။ ဝတုတ် မိန်းမတစ်ယောက်ကို အဓမ္မကျင့်သည့် ကိစ္စမှာတော့ မည်သို့မှ မဖြစ်နိုင်ချေ။ ထို့အပြင် ဝတုတ်သည် ရိုးသားလွန်း သည့်အပြင် ကြောက်တတ်သည့် ကလေးငယ်တစ်ယောက်လည်း ဖြစ်၏။
ရှမ့်လန်၏ ခန္ဓာကိုယ်ဆီမှ ကြောက်စရာကောင်းလွန်းသည့် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပေါ်ပေါက်လာသည်။ “တစ်စုံတစ်ယောက်က ချောက်တွန်းတာပဲ ဖြစ်ရမယ်”
မိန်းမစိုးက ပြောလိုက်၏။ “ဟုတ်တယ်။ ဒါပေမဲ့ သူ့ကို အိပ်ရာထဲမှာ ဖမ်းမိခဲ့တာ။ အဲအချိန်တုန်းက သူက မိန်းကလေးရဲ့ အပေါ်ကို ရောက်နေတယ်။ ပြီးတော့ ဖင်တုံးလုံးနဲ့ တန်းလန်းကြီး ...”
“ဟမ်”
ရှမ့်လန်သည် အလုံးစုံ တုန်လှုပ်သွားခဲ့၏။ မည်သို့ ဖြစ်နိုင်မည်နည်း။
…..
နန်းမြို့တော်သို့ ရောက်လာခဲ့ပြီးနောက် ကျင်းမူကုန်းက တကယ်ကို လိမ္မာယဉ်ကျေးစွာနှင့် နေထိုင်ခဲ့၏။ ရှမ့်လန် မှာထားသည့်အတိုင်း နေထိုင်ပြုမူသည်။ သူ ဆောင်ကြာမြိုင်ကို မသွားချေ။ တခြားသောသူများနှင့် အတူတူ အပြင်ထွက်ကာ စားသောက်ခြင်းကို မပြုခဲ့ချေ။ တစ်စုံတစ်ယောက် ချောက်ချမည်ကို စိုးရိမ်သောကြောင့်ပင်။
လမ်းပေါ် လမ်းလျှောက်ချိန်တွင်လည်း သူသည် လူအို၊ လူငယ်၊ မိန်းမလှ ... မည်သူ့ကို ဖြစ်ဖြစ် သေသေချာချာပင် ကြည့်ရှုခြင်း မရှိချေ။ တစ်စုံတစ်ခုဖြစ်မည်ကို စိုးရိမ်သောကြောင့်ပင်။
ထို့အပြင် ပဉ္စမမင်းသားနင်ကျန်း၏ အိမ်တော်ဆီသို့ လာသည့်အချိန်မျိုးတွင်လည်း တခြားဆော့ကစားခြင်း မျိုး မပြုလုပ်ခဲ့ချေ။ သူ့အနေနှင့် သူငယ်ချင်းအပေါင်းအသင်းများ တည်ရှိနေသည်ဆိုလျှင်သော်လည်း အပြင်ဘက်သို့ ထွက်၍ လည်ပတ်ခြင်းမရှိချေ။
ဝတုတ်သည် လွန်ခဲ့သည့်လအနည်းငယ်အတွင်း ဤကဲ့သို့ ရိုးရိုးသားသားနှင့် နေထိုင်ခဲ့သူတစ်ယောက်ဖြစ်၏။ သူသည် အလွန်အဆော့မက်သည့်လူတစ်ယောက်ဖြစ်သည် ဆိုလျှင်တောင်မှ နှလုံးသားထဲတွင် သူ၏မိသားစု၊ သူ၏ယောက်ဖတို့အား ပြဿနာပေးရန် ရည်မှန်းချက် မရှိပေ။
ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းစာအုပ် နာမည်ကျော်ကြားလာပြီးနောက် ကျင်းမူကုန်းကလည်း ကျော်ကြားလာခဲ့၏။ နေ့စဉ်နေ့တိုင်းဆိုသလို လူပေါင်းများစွာတို့သည် သူ၏အဆောင်ဆီသို့ ရောက်ရှိလာခဲ့ပြီး ဒုတိယအတွဲကို ဆက်လက် ရေးပေးရန် တောင်းဆိုကြ၏။
ကျောင်းသားဆိုးတော်တော်များများတို့သည် သူ၏ပရိသတ်များ ဖြစ်လာခဲ့ကြ၏။ လောကထဲတွင် ရှိရှိသမျှ စကားလုံးများသည် သူ့ကို စာအုပ်ဆက်လက်ရေးသားရန် တိုက်တွန်းသည့်စကားလုံးများ ဖြစ်ခဲ့၏။ ကျင်းမူကုန်းသည် စာဖတ်ပရိသတ်ပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။
သို့ပေမည့် သူ၏ စိတ်ထဲ၌ ရင်းနှီးသည့် သူငယ်ချင်းမိတ်ဆွေဟူ၍ တစ်ယောက်သာလျှင် ရှိ၏။ ထိုသူသည် ထန်းဖန်စာအုပ်ဆိုင်၏ ဆိုင်ရှင် ယုဖန်ပင် ဖြစ်၏။ ထိုသူသည် ကျင်းမူကုန်း၏စာအုပ်ကို ပုံနှိပ်ထုတ်ဝေရန် ကူညီပေးခဲ့သည့်လူလည်း ဖြစ်၏။
ယုဖန်သည် မြို့တော်ထဲတွင် စာအုပ်ဆိုင်ငါးခုကို ပိုင်ဆိုင်ပြီး သူ၏စီးပွားရေးက မကြီးမားချေ။ ထို့အပြင် နန်းမြို့တော်ထဲတွင်ဖြစ်သည်မို့ စာအုပ်ဆိုင်များ၏ပြိုင်ဆိုင်မှုကလည်း များပြား၏။ ယုဖန်၏ စီးပွားရေးသည် သာမန်သာလျှင် ဖြစ်၏။ ထို့ကြောင့် အမြတ်အစွန်းအနည်းငယ်ကိုသာ ရှာဖွေနိုင်သည်။
ဟုတ်ပေ၏။ အမြတ်အစွန်းအနည်းငယ်ဖြစ်သည် ဆိုလျှင်တောင်မှ သူသည် ကောင်းမွန်သည့်ဘဝမျိုးတွင် နေထိုင်နိုင်စွမ်းရှိ၏။ သူ၏ တစ်နှစ်တစ်နှစ် အမြတ်ငွေသည် ရွှေဒင်္ဂါး ရာကျော်ပင်ရှိ၏။ သူ့အနေနှင့် အလွန်အမင်း ချမ်းသာသည့် လူတစ်ယောက်ဟု သုံးသပ်၍ မရနိုင်သော်လည်း သက်တောင့်သက်သာ ဘဝမျိုးတွင် နေထိုင်နိုင်စွမ်း ရှိနေ၏။
လွန်ခဲ့သည့်နှစ်က ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းသည် သူ၏ ဝင်ငွေတော်တော်များများကို ဆုံးရှုံးစေခဲ့၏။ ‘အရှေ့အရပ်၏ဒဏ္ဍာရီ’
ဤစာအုပ်သည် တော်ဝင်ရင်အင်ပါယာတွင် နံပါတ်တစ်စာအုပ်ဖြစ်သည်။ ဤစာအုပ်သည် စုစုပေါင်း အတွဲ ၁၀တွဲ ထွက်ပြီး စာလုံးရေ တစ်ဒသမငါးသန်းခန့် ရှိ၏။ တော်ဝင်ရင်အင်ပါယာ၏ အရောင်းရဆုံးစာအုပ် မှတ်ချက်ကို စံချိန်သစ်ဖြင့် ချိုးဖျက်နိုင်ခဲ့သည့် စာအုပ်လည်းဖြစ်သည်။ ၁၀ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ထိုစံချိန်ကို မည်သည့်စာအုပ်ကမှ မချိုးဖျက်နိုင်ခဲ့ချေ။
တော်ဝင်ရင်အင်ပါယာသည် ထိုစာအုပ်ကို တားဆီးပိတ်ပင်ထားသည်။ ကျန်းချုံးပြောသည်မှာ အမှန်ပင်ဖြစ်၏။ လောကထဲတွင် မည်သည့်စာအုပ်က နာမည်အကြီးဆုံး ၊ အကျော်ကြားဆုံး ဖြစ်သနည်း။
ဟုတ်ပေ၏။ ပိတ်ပင်တားဆီးခြင်းခံရသည့်စာအုပ်သည် အကျော်ကြားဆုံးပင် ဖြစ်၏။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း စာအုပ်ဆိုင်များတွင် ကြိတ်ကြိတ်တိုး ရောင်းချရသည့်စာအုပ်သည် ဤစာအုပ်ပင် ဖြစ်၏။ ခိုးကြောင်ခိုးဝှက်နှင့် ရောင်းချခဲ့သည့်စာအုပ်များဖြစ်သည် ဆိုလျှင်တောင်မှ အမြတ်ငွေ တော်တော်များများကို ရရှိစေ၏။ ယုဖန်၏ စာအုပ်ဆိုင်သည်လည်း ခြွင်းချက် မရှိချေ။ နှစ်ပေါင်းများအတွင်း နန်းတွင်းတရားရေးရာ ဠာနသည် ထိုအရာကို မျက်စိကန်းသလိုပင် လျစ်လျူရှုပေးခဲ့သည်။
လွန်ခဲ့သည့်နှစ်အတွင်း တော်ဝင်ရင်နိုင်ငံတော် မင်းသားတစ်ယောက်သည် ရွှဲ့နိုင်ငံဆီသို့ လာရောက်ပြီး အခြေအနေကို ကြည့်ရှုစစ်ဆေး၏။ ပြီးနောက် စာအုပ်ဆိုင်ပေါင်းများစွာတွင် အရှေ့အရပ်၏ဒဏ္ဍာရီ စာအုပ်အား တိတ်တဆိတ်ကြိတ်ကာ ရောင်းချနေကြကြောင်း တွေ့ရှိသွားခဲ့၏။
ထိုမင်းသားသည် ဒေါသူပုန်ထခဲ့သည်။ သို့ဖြင့် ရွှဲ့နိုင်ငံတော်၌ ကြီးမားသည့် စစ်ဆေးရေးတစ်ခုကို စတင်ကာ ဆောင်ရွက်၏။ လူပေါင်းများစွာတို့သည် စာအုပ်ဆိုင်များထဲသို့ အတင်းချိုးဖျက်ဝင်ရောက်ပြီး တားဆီး ပိတ်ပင်ထားသော စာအုပ်ကို မြင်သည်နှင့် တပြိုင်နက် အကုန်လုံးကို မီးတင်ရှို့ကြသည်။ ထိုမျှနှင့်မပြီးသေးချေ။ စာအုပ်ကို ရှာဖွေတွေ့ရှိသော စာအုပ်ဆိုင်သည် ဒဏ်ကြေးကြီးကြီးမားမား ပေးဆောင်ရသည်။
ဟုတ်ပေ၏။ မျက်စိနှင့်နား ကောင်းကောင်းရှိသော စာအုပ်ဆိုင်ပိုင်ရှင်များသည် ထိုသတင်းကို ကြိုတင်ကာ ရရှိခဲ့ပြီး တခြားသော တည်နေရာများဆီသို့ စာအုပ်ကို ပို့ဆောင်ထားခဲ့ပြီး ဖြစ်၏။ သို့ပေမည့် ထန်းဖန် စာအုပ်ဆိုင်၏ ယုဖန်မှာတော့ နောက်ခံမရှိချေ။ ထို့ကြောင့် မည်သည့်သတင်းကိုမှ ကြိုတင် မရရှိခဲ့ပေ။
ထို့ကြောင့် အရှေ့အရပ်၏ဒဏ္ဍာရီဆိုသည့်စာအုပ် မိတ္တူပေါင်း တစ်သောင်းတိတိကို မိခဲ့၏။ ပြီးနောက် မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ ထိုအရာက အရေးမကြီးချေ။ ပိုမို၍အရေးကြီးမားသည်မှာ ရွှေဒင်္ဂါး ၁၀၀၀ ကျော်ကျော် ဒဏ်ငွေပေးအပ်ရခြင်းဖြစ်သည်။
ပို၍ဆိုးဝါးသည်မှာ ခရိုင်ထဲရှိ အစိုးရအမှုထမ်းအားလုံးတို့သည် သူ့ကို မျက်စိဒေါက်ထောက် ကြည့်ရှုလာခဲ့ကြ၏။ ထို့အပြင် သူ့ဆီမှ ရွှေဒင်္ဂါး ၈၀၀၀ တိတိကိုပင် ငွေညှစ်ခဲ့၏။ သူ၏ ရှိရှိသမျှ ပိုက်ဆံအားလုံး ကုန်သွားခဲ့ပြီးဖြစ်သည်။ သို့သော်ငြား ရိုးတွင်းချဉ်ဆီကိုပင် စုပ်ထုတ်ရန် ပြင်ဆင်လျက်ရှိနေကြ၏။
ထို့ကြောင့်ပင်လျှင် ယုဖန်သည် မွဲပြာကျခဲ့သည်။ ကျင်းမူကုန်း ရောက်ရှိလာမှသာလျှင် သူ့အတွက် ကောင်းမွန်သည့် အခြေအနေမျိုးသို့ ပြန်လည် ရောက်ရှိခဲ့သည်။
ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းစာအုပ်ကို ထုပ်ပြီးနောက် စာအုပ်သည် တကယ်ကို ကျော်ကြားလာခဲ့၏။ ထို့အပြင် စာအုပ်ရေးသားသူ လန်လင်ရှောင်ရှောင်ရှမ်း ဆိုသည့်နာမည်သည် လူသိများ၊ ထင်ရှားပြီးသား ဖြစ်၏။
စာအုပ်ထုတ်ဝေပြီးနောက် စာအုပ်ဆိုင်၏တံခါးကို အမြဲဖွင့်ထားရ၏။ စာအုပ်ဝယ်ယူသူများနှင့် အမြဲတမ်း ပြည့်နှက်လျက် ရှိနေသောကြောင့်ပင်။ ဤစာအုပ်၏ စာရေးသူသည် မာယာမျဉ်းပြိုင် စာအုပ်ကို ရေးသားသူ ဖြစ်နေသောကြောင့်ပင်။ မာယာမျဉ်းပြိုင်စာအုပ်သည် ရွှဲ့ပြည်နယ်တွင် မည်မျှ ရောင်းချခဲ့ရကြောင်း သေချာမသိရှိပေ။ မိတ္တူစုစုပေါင်း နှစ်သိန်းနီးပါးခန့်ကို ရောင်းချခဲ့ပြီး ဖြစ်သည်။
ထန်းဖန်စာအုပ်ဆိုင်ဆီမှ ယုဖန်သည် ကျိန်းသေပေါက် စာအုပ်ဆိုင်ပိုင်ရှင်များထဲမှ အဆင်းရဲဆုံး လူတစ်ယောက် ဖြစ်၏။ သို့ပေမည့် ကျင်းမူကုန်းနှင့် ပူးပေါင်းပြီးနောက်မှာတော့ အမှန်ပင် ကျော်ကြားလာခဲ့၏။
ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းစာအုပ်သည် မျက်နှာဖုံးထက်တွင် မိန်းမတစ်ယောက်၏ ဝတ်လစ်စလစ် ကဲ့သို့သော ပန်းချီကို ဆွဲထားသည်။ ထို့ကြောင့် လူပေါင်းများစွာတို့သည် မာယာမျဉ်းပြိုင်စာအုပ် ဒုတိယတွဲထင်၍ အလုအယက် ဝယ်ယူကြတော့၏။ တကယ်တမ်း ဖတ်ရှုပြီးနောက်မှာတော့ ဘာမှမဆိုင်သည့် စာအုပ် ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့် ပိုးစိုးပက်စက် ဆဲဆိုကြတော့သည်။
ဝယ်ယူပြီး ပိုက်ဆံကို နှမျောသောကြောင့်သာ ဆဲဆဲဆိုဆို ဆက်လက်ဖတ်ရှုရသည်။ မကြာခင်မှာပဲ ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းစာအုပ်ကို သူတို့ စွဲလမ်းသွားခဲ့၏။ ဤနန်းမြို့တော်တစ်ခုတည်း၌ပင် မိတ္တူ သုံးသောင်းနီးပါးခန့် ရောင်းချခဲ့ရပြီး ဖြစ်၏။ ယုဖန်သည် ကံကောင်းခြင်းတရားကို ပိုင်ဆိုင်ခဲ့ပြီး ဖြစ်လေ၏။ သူသည် ရွှေဒင်္ဂါး ရှစ်ထောင်ကျော်ကို ပြန်လည်ကာ ရှာဖွေနိုင်ခဲ့သည်သာမက လွန်ခဲ့သည့်နှစ်က အရှုံးများကိုပင် မေ့လျော့သွားခဲ့၏။
ဤအရာက ကိစ္စတစ်ခု မဟုတ်သေးချေ။ အဓိကအားဖြင့် သူ၏ ထန်းဖန်စာအုပ်ဆိုင် ဂုဏ်သိက္ခာတရားက တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ဆိုင်ခွဲများဆီမှ စာအုပ် ရောင်းချရမှုကလည်း တိုးပွားလာခဲ့၏။ အချမ်းသာဆုံး ကုန်သည်များသည် သူ၏စာအုပ်ဆိုင်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီး သူ၏စာအုပ်ဆိုင်ကို ချဲ့ထွင်ချင်စိတ် ရှိကြသည်။
လွန်ခဲ့သည့်သုံးလအတွင်းမှာပဲ နန်းမြို့တော်ထဲတွင် ရှိနေသည့် သူ၏စာအုပ်ဆိုင် အရေအတွက်သည် ၅ ခုမှ ၁၅ ခု အထိ တိုးပွားခဲ့၏။ တခြားသောနိုင်ငံများဆီသို့ ချဲ့ထွင်ရန်အတွက်လည်း သူက သေသေချာချာ စီမံလျက် ရှိ၏။ စာအုပ်ဆိုင်ဆီမှရရှိသည့် တိုက်ရိုက်အမြတ်အစွန်းက ကြီးမားသည်မဟုတ်သော်လည်း သွယ်ဝိုက်၍ ရရှိနိုင်သည့် အကျိုးကတော့ ကြီးမားလွန်း၏။ ထို့ကြောင့် သူသည် အောက်ခြေစာအုပ်ရောင်းသူ တစ်ယောက်မှသည် ထိပ်ဆုံးအဆင့်ဆီသို့ တိုးတက် ရောက်ရှိနိုင်လောက်၏။
အဘယ်ကြောင့်ဆိုသော် ကျင်းမူကုန်း၏ ကောင်းကင်ဘုံသို့စစ်ပြိုင်ခြင်းစာအုပ်တွင် စာလုံးရေ ငါးသန်းနီးပါးခန့် တည်ရှိနေပြီး စာအုပ်ပေါင်း ၃၀ ခန့် ထုတ်လုပ်ရပေမည်။ ဤအရာက သူ့အတွက် ကောင်းချီးတရားကို ဖန်တီးပေးမည့်အရာပင် ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်ပင်လျှင် ယုဖန်သည် ဤဝတုတ်အား ကျေးဇူးတင်မိ၏။ ကျင်းမူကုန်းသည် သူ၏ စီးပွားရေးလုပ်ငန်း တစ်ခုလုံးကို ကယ်တင်ခဲ့သည်သာမက သူ၏မိသားစုတစ်ခုလုံးကိုလည်း ကယ်တင်ခဲ့သည်ဟု သတ်မှတ် ရပေမည်။ ဤအရာက ကြီးမားလွန်းသည့် ကျေးဇူးကြွေးပင် ဖြစ်သည်။
ထို့အပြင် ကျင်းမူကုန်းသည် တော်ဝင်မိသားစုတွင် မွေးဖွားလာခဲ့သူဖြစ်၏။ ထို့ကြောင့် ပိုက်ဆံကို စိတ်ဝင်စားမှု မရှိချေ။ ဤစာအုပ်နှင့်ပတ်သက်၍ ရရှိသည့်ရာခိုင်နှုန်းသည် နည်းပါးလွန်း၏။ သို့ပေမည့် ပိုက်ဆံကိစ္စ တစ်ချက်ကလေးမှ မပြောခဲ့ချေ။
ယုဖန်သည် သူ့ကိုတကယ်ပင် ကျေးဇူးတင်မိ၏။ ကျင်းမူကုန်းကို အိမ်သို့ဖိတ်ကာဖြင့် ချက်ပြုတ် ကျွေးမွေးချင်သည်ဟု အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့၏။
ကျင်းမူကုန်းသည် သူ့၏ယောက်ဖစကားကို သေသေချာချာမှတ်ထား၏။ ပဉ္စမမင်းသား၏အိမ်မှလွဲလျှင် သူသည် တခြားသောအိမ်များ၌ စားခြင်းသောက်ခြင်း မပြုလုပ်ချေ။ ယုဖန်သည် သူ့ကို အကြိမ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့၏။ သို့ပေမည့် ကျင်းမူကုန်းက မသွားခဲ့ချေ။
ထို့ကြောင့် ယုဖန်သည် နေ့စဉ်နေ့တိုင်း ဆိုသလိုပဲ ကျောင်းဆီသို့ ရောက်ရှိလာပြီး ကျင်းမူကုန်းနှင့် စကား ပြောဆိုတတ်၏။ လောက၏အကြောင်းအရာများကို ပြောဆိုရင်း သူတို့သည် ယခင်ကထက် ပိုမိုကာ ရင်းနှီးလာခဲ့ကြ၏။ နှစ်ယောက်သားသည် ရင်းနှီးလွန်းသည့် မိတ်ဆွေစစ်များအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ ကျင်းမူကုန်း ဘဝတွင် ရရှိခဲ့သည့် ပထမဦးဆုံး သူငယ်ချင်းမိတ်ဆွေပင် ဖြစ်၏။
မနေ့က ယုဖန်သည် ကျင်းမူကုန်းကို ထမင်းစားရန်အတွက် အိမ်သို့ဖိတ်ခေါ်ခဲ့၏။ ကျင်းမူကုန်းသည် သူ၏ ယောက်ဖ၏စကားကို နားထောင်ပြီး ငြင်းပယ်ခဲ့၏။ သို့ပေမည့် ယုဖန်သည် သူ၏နားလည်မှုကို ထုတ်ဖော် ပြသခဲ့၏။ သို့ပေမည့် သူသည် တကယ်ကို စိတ်ဓာတ်ကျသည့် အသွင်အပြင်မျိုးနှင့် ပြန်သွားခဲ့သည်။
ကျင်းမူကုန်းသည် မြို့စားအိမ်တော်၏ ဆက်ခံသူတစ်ယောက်ဖြစ်၏။ အနာဂတ်တွင် မြို့စားအိမ်တော်ကို ဆက်ခံရပေလိမ့်မည်။ အဘယ်သို့ သူကဲ့သို့ စီးပွားရေးသမား တစ်ယောက်နှင့် ပတ်သက် ဆက်နွယ်ချင်မည်နည်း ဟု ဝမ်းနည်းပက်လက် ပြောဆိုခဲ့ခြင်း ဖြစ်၏။ ထို့အပြင် ယုဖန်အမေ၏ မွေးနေ့ ဖြစ်ကြောင်း မပြန်ခင် ပြောဆိုခဲ့သေး၏။
မိသားစုတစ်ခုလုံးသည် မနက်တည်းက အားလုံးကို ပြင်ဆင်ခဲ့ပြီး ဖြစ်၏။ အရသာရှိသော ဟင်းပွဲများကို ချက်ပြုတ်ထားခဲ့သည်။ သူတို့သည် ဧည့်သည်အဖြစ် ကျင်းမူကုန်း တစ်ယောက်တည်း ကိုသာ ဖိတ်ကြားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ကျင်းမူကုန်းသာ မသွားပါက ယုဖန်၏ မိသားစုတစ်ခုလုံးသည် အလွန် ဝမ်းနည်းနေပေလိမ့်မည်။ မည်သူက စားဝင်တော့မည်နည်း။
ထို့ကြောင့်ပင်လျှင် စိတ်နှလုံးနူးညံ့သည့်ဝတုတ်သည် တစ်ဖက်လူကို ကူညီရန် သဘောတူညီခဲ့၏။ ထို့အပြင် လအနည်းငယ်ထဲက အထပ်ထပ် ဖိတ်ခေါ်ခဲ့သော်လည်း သူက တောက်လျောက် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရင်းနှီးသည့်မိတ်ဆွေများလည်း ဖြစ်နေသောကြောင့် သူသည် ယုဖန်၏အိမ်ဆီသို့ အလည်လိုက်သွားခဲ့၏။
မိသားစုတစ်ခုလုံးသည် လှိုက်လှိုက်လှဲလှဲဖြင့် တကယ့်မိသားစုရင်းချာကဲ့သို့ပင် ဆက်ဆံကြ၏။ ဤအရာသည် အိမ်နှင့်အတော်ကြာဝေးကွာနေခဲ့သော ကျင်းမူကုန်းအား စိတ်နှလုံးသားတစ်ခုလုံး နွေးထွေးသွားစေခဲ့၏။ ဟင်းပွဲအားလုံးကလည်း တကယ့်ကို အရသာရှိသည်။
ကျင်းမူကုန်းသည် ပျော်ပျော်ရွှင်ရွှင်နှင့် စားသောက်လျက် ရှိနေပြီး ဝိုင်နှစ်ခွက်လောက်ကိုပင် သောက်ခဲ့၏။ ပြီးနောက် သူသည် မူးဝေဝေ ခံစားမိ၏။ ခန္ဓာကိုယ်တစ်ခုလုံးကလည်း ပူလောင်လာခဲ့၏။
ဟုတ်ပေ၏။ ဝိုင်၌ ဆေးခတ်ထား၏။ ဤအချိန်မှာတော့ သူသည် အဘယ်ကြောင့်ဖြစ်မှန်း နားမလည်ခဲ့ချေ။ သို့ပေမည့် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ ရုတ်တရက် မတ်တပ်ထကာ ထွက်ခွာသွားရန် ပြင်ဆင်လိုက်၏။ အဆုံးသတ်မှာတော့ ယုဖန်သည် သူ့အား ကူညီပြီး အခန်းတစ်ခုထဲသို့ ထည့်သွင်းပေးခဲ့၏။ အိပ်ရာထက်တွင် အသာမှေးမှိတ်လှဲလျောင်းပြီး သူ အိပ်ပျော်သွားခဲ့သည်။