ဝတ်ရုံ လက်ဆောင်ပေးခြင်းနှင့် ထွက်ခွာခြင်း
Vol. 8 Ch. 97
သိုလှောင်လက်စွပ် အတွင်းတွင် ရှိနေသည့် အသေးစိတ် တန်ဆာဆင်ထားသည့် ဝတ်စုံအား မြင်ရခြင်းသည် အံ့အားသင့်ဖွယ် တစ်ရပ်တော့ မဟုတ်ပေ။
မဟူရာညသည် အမျိုးသမီး တစ်ဦးသာလျှင် ဖြစ်သည်။ ထို့အတွက်ကြာင့် မင်နက်ကျောက်စိမ်း ဝတ်ရုံကဲ့သို့သော အဆင့်မြင့် စိတ်ဝိညာဉ်ပစ္စည်း ရှိနေခြင်းသည် ပုံမှန်သာ ဖြစ်သည်။
နှမြောစရာမှာ သူမသည် ထိုဝတ်စုံအား ဝတ်ဖို့ရန် အခွင့်အရေးပင် မရရှိခဲ့ဘဲ အန်လင်းထံသို့ ရောက်ရှိသွားခဲ့ခြင်းပင် ဖြစ်သည်။
တံဆိပ်သည်ပင်လျှင် မဖြုတ်ရသေးချေ။
ဤဝတ်စုံအား သူဝတ်ဆင်နိုင်ခြင်း မရှိသည်ကြောင့် သူနှင့်သိသည့် မိန်းမပျို တစ်ဦးဦးကို သာလျှင် လက်ဆောင်အဖြစ် ပေးရပေလိမ့်မည်။
သို့သော် မည်သူ့အား ပေးရမည်နည်း။
အန်လင်းသည် စဉ်းစားမရနိုင်ဘဲ ရှိနေလေသည်။
သူ့စိတ်ထဲတွင် အမျိုးသမီး နှစ်ဦး ပေါ်လာသည်။
တစ်ဦးမှာ စုရှောင်လန် ဖြစ်ပြီး ကျန်တစ်ဦးသည် မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင် ဖြစ်သည်။
စုရှောင်လန်သည် သူ့အပေါ် အလွန်ကောင်းမွန်ပြီး အကူအညီများစွာ ပေးခဲ့သူ ဖြစ်သည်။
သူတို့နှစ်ဦးသည် သူငယ်ချင်းကောင်းများ ဖြစ်သော်လည်း အန်လင်းသည် စုရှောင်လန်အား ကျေးဇူးတင်ကြောင်း ပြသလိုသည့် အနေဖြင့် တစ်ခုခု ပြုလုပ်ပေးချင်နေဆဲ ဖြစ်သည်။
***
သို့သော်လည်း မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်သည် သူ့အရှေ့မှနေ မိစ္ဆာရှင်းဓားအား ခန္ဓာကိုယ်ဖြင့် ဝင်ကာခဲ့သည် မြင်ကွင်းကို ပြန်လည် အမှတ်ရမိသည့် အခါတွင် အန်လင်းသည် သူမအား ပေးချင်သွားသည်။
အန်လင်းမှာ အတွေးထဲတွင် ရစ်ဝဲနေလေသည်။
ဆရာမ ယွဲ့ရင်ထံတွင် ထိုကဲ့သို့သော ဝတ်ရုံမျိုး ရှိပါက မိစ္ဆာရှင်းဓား၏ ခုတ်ချက် ကဲ့သို့သော ကြောက်မက်ဖွယ် မြင်ကွင်းများအား ထပ်တလဲလဲ မဖြစ်ပေါ်စေရန် ကာကွယ်နိုင်ပေလိမ့်မည်။
ထိုကိစ္စအား အန်လင်းသည် အချိန် အတော်ကြာအား စဉ်းစား နေမိသော်လည်း ဆုံးဖြတ် မရနိုင်ဘဲ ရှိနေသည်။
အဆုံးတွင် ...
ဆရာမကိုသာလျှင် လေးစားမှု ပြုသင့်သည်ဟု ခံစားမိလေသည်။
မြေကမ္ဘာ အင်မော်တယ် ယွဲ့ရင်အား ထိုဝတ်စုံ ပေးလိုက်သည့် အခါတွင် သူမသည် လွန်စွာ စိတ်လှုပ်ရှား သွားလေသည်။ ထို့နောက်တွင် ငြင်းပယ်လိုက်သည်။
"ကျောင်းသား အန်လင်းရေ ... ငါ့ရဲ့ သင်ကြားရေး ကာလအတွင်း ကျောင်းသားတွေ ဆီကနေ ဘယ်တုန်းကမှ လက်ဆောင် လက်မခံခဲ့ဘူး ..."
"အဲဒါကြောင့် နင်ကလည်း ခြွင်းချက်တစ်ခု ဖြစ်မလာနိုင်ဘူး ..."
ထို့ကြောင့် အန်လင်းသည် အတော်လေး ကိုးရိုးကားယား နိုင်စွာဖြင့် စုရှောင်လန်ထံသို့ ယူဆောင် သွားလိုက်သည်။
စုရှောင်လန်သည် လှပသည့် ဝတ်ရုံအား ရရှိသည့်အတွက် အလွန်ပျော်ရွှင် နေလေသည်။
သို့သော်လည်း အဆင့်မြင့် စိတ်ဝိညာဉ်ပစ္စည်း ဖြစ်ကြောင်း သိရှိလိုက်ရသည့် အခါတွင် သူမသည် ချက်ချင်းဆိုသလို လက်ခံရန် ငြင်းပယ်လိုက်သည်။
ငြင်းပယ်ရသည့် အကြောင်းမှာ လက်ဆောင်သည် လွန်စွာ တန်ဖိုးကြီး နေသောကြောင့်ပင် ဖြစ်သည်ဟု ဆိုသည်။
အဆင့်မြင့် စိတ်ဝိညာဉ်ပစ္စည်း ဟူသည် အဘယ်နည်း။
ယင်းတို့သည် အဆင့်နိမ့် အင်မော်တယ် ပစ္စည်းများနှင့် နှိုင်းယှဉ်နိုင်သည့် မှော်ရတနာများသာ။
တိုက်ခိုက်ရေး အမျိုးအစား အဆင့်မြင့် စိတ်ဝိညာဉ် ပစ္စည်းများသည် လွန်စွာ တန်ဖိုးကြီးပြီး ကာကွယ်ရေး အမျိုးအစား အဆင့်မြင့် စိတ်ဝိညာဉ် ပစ္စည်းများသည် အလွန် ရှားပါး လွန်းလှသဖြင့် ဒဏ္ဍာရီထဲတွင်သာ ရှိကြသည်ဟု သတ်မှတ်ကြလေသည်။
အင်မော်တယ် ဂိုဏ်းကြီးများ၏ ဂိုဏ်းခေါင်းဆောင်များသည် ပင်လျှင် အဆင့်မြင့် ကာကွယ်ရေး စိတ်ဝိညာဉ်ပစ္စည်းအား ပိုင်ဆိုင်ပါမည်ဟု မပြောနိုင်ပေ။
သို့သော်လည်း အန်လင်းသည် ထိုပစ္စည်းအား တစ်ထိုင်တည်းမှာပင် အခြားသူများအား ပေးပစ်နေခြင်း ဖြစ်သည်။
သို့တိုင်အောင် စုရှောင်လန်သည် လက်မခံနိုင်ပေ။ ထိုကဲ့သို့ ပြုလုပ်ရန် သူမအသိစိတ်က ခွင့်မပြုနိုင်ပါ။
***
အန်လင်းသည် စုရှောင်လန်၏ အခန်းအတွင်းမှ စိတ်ဓာတ်ကျစွာဖြင့် ထွက်လာသည်။ ဝတ်စုံတစ်ခု လက်ဆောင်ပေးခြင်းသည် ဘာကြောင့်များ ထိုမျှလောက် ခက်ခဲနေရသနည်း။
သူဘာလုပ် နိုင်တော့မည်နည်း။ ထိုဝတ်စုံသည် သူ့လက်ထဲတွင် အချည်းနှီးသာလျှင် ဖြစ်ပေတော့မည်။
ဟမ် ... ရွှမ်ယွမ်ချန်ကို မမေးရသေးဘူးပဲ ...
အန်လင်း လက်ထဲတွင် ကိုင်ထားသည့် ဝတ်စုံအားကြည့်ကာ ရွှမ်ယွမ်ချန်၏ အမူအရာသည် မည်းမှောင် လာတော့သည်။
"အန်လင်း ... အခုချက်ချင်း နောက်ဆုတ်လိုက်စမ်း ..."
"အိုး ... ခဏလေး နေပါဦး ... မဟုတ်ဘူးလေ ..."
"ငါ့ကို မင်းလိုမျိုး ထင်မနေနဲ့နော် ... ငါက မိန်းမဝတ်စုံတွေ မဝတ်ဘူး ..."
ဤသို့ဖြင့် အန်လင်းသည် ရွှမ်ယွမ်ချန်၏ ကန်ထုတ်ခြင်းအား ခံလိုက်ရပြန်သည်။
အန်လင်းသည် အလွန် စိတ်ပျက်နေလေပြီ။ လက်ဆောင် ပေးအပ်ခြင်းအား ငြင်းပယ်သည့် လူမျိုးကို သူ့ဘဝတွင် ပထမဆုံး မြင်ဖူးခြင်းပင်။ ထိုမျှမကသေး သုံးယောက်ဆက်တိုက် ဖြစ်သည်။
ဤလက်ဆောင်သည် ထိုမျှလောက် တန်ဖိုး ကြီးမားနေသည်လား။
မင်နက်ကျောက်စိမ်း ဝတ်ရုံအား လက်တွင် ကိုင်ထားသည်။ ဝတ်ရုံသည် လွန်စွာပေါ့ပါးပြီး ချောမွေ့သည်။ ဝတ်လိုက်မည် ဆိုလျှင် သေချာပေါက် သက်သောင့်သက်သာ ရှိပေလိမ့်မည်။
သောက်ခွေးနဲ့မှ ... ဘာတွေ တွေးမိလိုက်တာတုန်း။
ထိုကဲ့သို့ မဖြစ်ရပါ။ တစ်စုံတစ်ယောက်အား ပေးအပ်မှပင် ဖြစ်ပေတော့မည်။ သူ့စိတ်ထဲတွင် ရှုပ်ထွေးနေလေပြီ။
အန်လင်းသည် စုရှောင်လန်၏ အခန်းသို့ ပြန်သွားလိုက်သည်။
စုရှောင်လန်သည် ထိုင်ခုံတွင် ကျောမီကာ ထိုင်လျက် ရှိနေသည်။ သူမသည် ထောင်ပေါင်အား အသုံးပြုနေပြီး သူမ၏ ဆံပင်ရှည်ကြီးများသည် ထိုင်ခုံနောက်မှနေ ရေတံခွန်ကဲ့သို့ စီးကျလျက် ရှိနေသည်။
"ဟမ် ... ဘာပြန်လာလုပ်တာလဲ ..."
အန်လင်းသည် လက်ထဲတွင် ဝတ်စုံအားကိုင်လျက် ပြန်လည် ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အခါ သူမသည် အလွန် အံ့အားသင့်သည့် အမူအရာဖြင့် မေးလိုက်သည်။
"ရှောင်လန် ... နင်ဒါကို လက်ခံမှ ဖြစ်မယ် ..." အန်လင်းသည် မင်နက်ကျောက်စိမ်း ဝတ်ရုံအား သူမရှေ့သို့ ဇွတ်တိုးပေးလိုက်သည်။ "နင်နဲ့ ဒီဝတ်ရုံနဲ့က ကောင်းကင်က တွဲဖက်ပေးလိုက်တဲ့ အတွဲအစပ်ပဲ ... ဒါလေးကိုသာ ဝတ်လိုက်မယ်ဆိုရင် နင်က နတ်မိမယ်လေးလို ဖြစ်သွားမှာ ... ဝတ်ကြည့် ..."
စုရှောင်လန် “ ...”
"အဲဒါကို နင့်ရဲ့ သိုလှောင်လက်စွပ်ထဲ ထည့်ထားရင် ထကိုက်လို့လား ..."
စုရှောင်လန်သည် ဝတ်စုံအား အဝေးသို့ ပေးပစ်နိုင်ရေး အတွက် အန်လင်း၏ အလွန်အကျူး မြှောက်ပင့် ပြောဆိုမှုများကို မြင်ရသည့်အခါ ဒေါသ ထွက်လာတော့သည်။
"ကိုက်တော့ မကိုက်ပါဘူး ... ဒါပေမဲ့ သူက ငါ့ရဲ့ စိတ်ကို အနှောင့်အယှက် ပေးနေတာ ..."
အန်လင်း၏ ရိုးသားသည့် အမူအရာမှာ စုရှောင်လန်ကို အနိုင်ရရှိ သွားလေပြီ။ သူမသည် လက်ခံသည့် အနေဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
"ကောင်းပါပြီ ... ကောင်းပါပြီ ... နင်နိုင်ပါတယ် ..."
"ဒါကို ယူလိုက်မယ် ... ဒါပေမဲ့ ပြန်ဝယ်တဲ့ သဘောနဲ့ ယူမှာနော် ... ပုံမှန်ဆိုရင်တော့ ကာကွယ်ရေး အမျိုးအစား အဆင့်မြင့် စိတ်ဝိညာဉ်ပစ္စည်းက စိတ်ဝိညာဉ်ကျောက်တုံး လေးသိန်း ဝန်းကျင်လောက်မှာ ရှိတယ် ..."
"ငါတို့က သူငယ်ချင်းတွေ ဆိုတော့ စိတ်ဝိညာဉ်ကျောက်တုံး သုံးသိန်းပဲ ပေးမယ် ... ဘယ်လိုလဲ ..."
စိတ်ဝိညာဉ်ကျောက်တုံး လေးသိန်း ပေးမည်ဆိုလျှင် အန်လင်း လက်ခံမည် မဟုတ်ကြောင်း သိသဖြင့် စုရှောင်လန်သည် ဈေးအား လျှော့ပြောလိုက်သည်။
"မဟုတ်ဘူး ... ငါတို့က အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေ ... အဲဒါကြာင့် နင့်ကို ဘော်ဒါဈေးနဲ့ ပေးမယ် ... စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းပဲ ပေးဟာ ..."
အန်လင်းသည် ဆုံးဖြတ်ချက် ချပြီးသည့် အမူအရာဖြင့် တုံ့ပြန်လိုက်သည်။
"အရမ်းရင်းနှီးတဲ့ သူငယ်ချင်းဆိုတာက ဘာကြီးတုန်း ..." စုရှောင်လန်မှာ ရှက်သွေးဖြာသွားသည်။ "ကောင်း ... ကောင်းပြီလေ ... ဒါပေမဲ့ ငါ့ဆီမှာတော့ စိတ်ဝိညာဉ်ကျောက်တုံး များများစားစား မရှိဘူးရယ် ... ဂိုဏ်းကို ပြန်ရောက်မှ ပေးမယ်နော် ..."
"ဟဟ ... အလျင်မလိုပါဘူးဟ ... ငါက တိုင်ကွန်းတစ်ယောက် ဖြစ်နေပါပြီ ..." အန်လင်းသည် အလွန်ပျော်ရွှင်သည့် အမူအရာဖြင့် စုရှောင်လန်အား ဝတ်စုံ ကမ်းပေးလိုက်သည်။ ပခုံးပေါ်ရှိ ဝန်ထုပ်ကြီးမှာ ကျသွားပေပြီ။
အဝတ်အစား အသစ်ရရှိလျှင် ပထမဆုံး ပြုလုပ်ရန်မှာ စမ်းဝတ်ကြည့်ရန် ဖြစ်သည်။
စုရှောင်လန်သည် မင်နက်ကျောက်စိမ်း ဝတ်ရုံအား ဝတ်ဆင်လျက် အန်လင်းရှေ့သို့ ပြန်ရောက်လာသည့်အခါတွင် အန်လင်းသည် မိန်းမောကာ တိတ်ဆိတ်သွားတော့သည်။
သူမ မျက်လုံးလေးများသည် ရေကဲ့သို့ ကြည်လင်နေသည်။ မိတ်ကပ် မပါဘဲနှင့်ပင် သူမ၏ နှုတ်ခမ်းပါးနှင့် မျက်ခုံးများသည့် ဖူးအိကြွရွလျက် ရှိသည်။ အစိမ်းရောင် ဝတ်စုံသည် သူမအား ကျက်သရေရှိကာ တင့်တယ်စေပြီးနောက် ခန္ဓာကိုယ် အလှတရားအား ပေါ်လွင်နေစေသည်။ သူမသည် ပန်းချီကားထဲမှ ခုန်ထွက်လာသည်နှင့်ပင် တူလေသည်။
အန်လင်းသည် လက်မနှစ်ခု ထောင်ပြီးနောက် "အရမ်း ကြည့်ကောင်းတာပဲ ... နင်နဲ့အတူတူ ဓာတ်ပုံရိုက်လို့ ရမလား ..."
စုရှောင်လန်သည် ကျက်သရေရှိစွာ ပြုံးလိုက်ပြီးနောက်
"ရတာပေါ့ ... ဒါပေမဲ့ တစ်ပုံကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းပဲနော် ..."
“ကိစ္စမရှိဘူး ...”
***
နှစ်ရက်ကြာပြီးနောက် ပိုင်ရန်ဘုရားကျောင်း အတွင်း -
အန်လင်းနှင့် သူ၏သူငယ်ချင်းများ ကောင်းကင်ဘုံ ပိုင်နက်သို့ ပြန်ရတော့ပေမည်။
အန်မင်ချွန်၊ ထျန်းလင်းလင်း၊ ဟောင်ရှန့်ရှန့်၊ တုန်ဖန်ရွှယ်၊ ကယ်တင်ရှင်၊ ဓားအင်မော်တယ် မြစ်စိမ်းနှင့် အခြားသူများသည် သူတို့အား လာရောက် နှုတ်ဆက်ကြသည်။
အန်လင်းသည် သူ့အဖေ၊ ထျန်းလင်းလင်းနှင့် တုန်ဖန်ရွှယ်တို့အား သိုလှောင်လက်စွပ် တစ်ကွင်းစီ လက်ဆောင် ပေးလိုက်သည်။
သူ့အဖေ၏ သိုလှောင်လက်စွပ် အတွင်းတွင် အသုံးဝင်သည့် ဆေးရည်များ၊ အရေးပေါ် အသက်ကယ်နိုင်သည့် အဆောင်လက်ဖွဲ့များ ပါရှိသည်။
"လင်းလေး ... ကျင့်ကြံခြင်းမှာပဲ အာရုံစိုက်နောက် ... အန္တရာယ်တောထဲ ဝင်မတိုးနဲ့ ... မှတ်ထား ... မင်းရဲ့အသက်က အရေးအကြီးဆုံးပဲ ..." အန်မင်ချွန်သည် အန်လင်းအား စိတ်ရှည်လက်ရှည် ဆုံးမနေသည်။
"ကောင်းပါပြီ ... သားသိပါတယ် အဖေရဲ့ ... အဖေလည်း ကျင့်ကြံခြင်းမှာ အာရုံစိုက်ထားနော် ..."
သူတို့၏ စကားများသည် အနည်းငယ် ရယ်စရာ ကောင်းနေသည်ဟု တွေးမိသဖြင့် အန်လင်းမှာ ရယ်မော မိတော့သည်။
အန်မင်ချွန်သည် သူ့သား၏ ပေါ့ပျက်ပျက် နိုင်သည့် အမူအရာအား အနည်းငယ် မကျေမနပ် ဖြစ်စွာနှင့် ကြည့်လိုက်သည်။
အခြားတစ်ဖက်တွင် ထျန်းလင်းလင်းသည် မျက်ရည်ချောင်း စီးနေလေပြီ။ သူမအနေဖြင့် ပထမဆုံးအကြိမ် တန်ဖိုးကြီးသည့် ပစ္စည်းအား လက်ခံရရှိခြင်း ဖြစ်သည်။
"အူးဝါး ... အတုအယောင် တာအိုသခင်က နောက်တစ်ခါ ပြန်လာလည် ရမယ်နော် ..."
အန်လင်းသည် သူမ၏ နူးညံ့သည့် အညိုရောင် ဆံပင်များအား လက်ဖွင့် ဖွလိုက်ပြီးနောက် ပြုံးလျက် "လိုလီလေးက အသက် ၁၈ နှစ် ပြည့်ပေးတာကော ဟုတ်ရဲ့လား ... ဘာလို့ အဲလောက်တောင် ငိုနေရတာလဲ ..."
"နင်ကမှ လိုလီ ... ငါက သေးသေးလေးနဲ့ ချစ်စရာ ကောင်းနေတာ ... ဘာဖြစ်လဲ ငိုတော့ ..."
"လိုလီလို့ ထပ်ခေါ်မယ် ဆိုရင် နင့်ရဲ့ မိန်းမလို ဝတ်ထားတဲ့ပုံကို WeChat ဂရုထဲ တင်ပစ်လိုက်မယ် မှတ် ... အားလုံး မြင်ပလေ့စေ ..."
ထျန်းလင်းလင်းသည် 'လိုလီလေး' ဟူသည့် စကားအား ကြားလိုက်ရသည့် အခါတွင် ဒေါသတကြီး တုံ့ပြန်တော့သည်။
အန်လင်းမှု ရှုံ့မဲ့ လာလေသည်။ ထျန်းလင်းလင်းသည် ပို၍ ချစ်စရာ ကောင်းလာပြီး သိမ်မွေ့လာပြီဟု သူထင်ထားမိခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ...
ဟုတ်သည်။ သူမသည် ပြောင်းလဲခြင်း မရှိချေ။ ယခင်အတိုင်း စိတ်အနှောင့်အယှက် ဖြစ်နေဆဲပင်။
တုန်ဖန်ရွှယ်သည် သူမပါးစပ်အား လက်ဖြင့် အုပ်လိုက်ပြီးနောက် အသာ ရယ်မောလိုက်သည်။
"လင်းလင်း ... နင်အဲဒီပုံကို ဟိုးအရင်ကတည်းက တင်ပြီးသား မဟုတ်ဘူးလား ..."
အန်လင်း “ ...”
ကောင်းပြီ။ ဒီ ချစ်စရာ လိုလီလေးက ဘယ်သူ့ဟာလေးလဲ။
တစ်ယောက်ယောက်က သူမကို လာမခေါ်လျှင် လည်ပင်း ညှစ်သတ်ပစ်တော့မည် ဖြစ်သည်။
မကြာမီမှာပင် ပိုင်ရန် ဘုရားကျောင်းရှိ တည်နေရာ ရွှေ့ပြောင်းခြင်း မန္တန်ဝင်္ကပါသည် အလင်းတန်းများ ဖြာထွက်လာလေပြီ။
အန်လင်းနှင့် သူ၏ သူငယ်ချင်းများသည် မန္တန်ဝင်္ကပါအတွင်း မတ်တတ် ရပ်လိုက်ပြီးနောက် ကမ္ဘာမြေပေါ်ရှိ လူများအား လက်ပြ နှုတ်ဆက်လိုက်သည်။
နောက်ဆုံးတွင် သူတို့ အားလုံးတို့သည် အဖြူရောင် အလင်းတန်းများ အတွင်း ပျောက်ကွယ် သွားကြတော့သည်။
***