← Chapters

ရွှီလင်လုံ ကလေးမွေးဖွားခြင်း

Vol. 65 Ch. 961

ရွှီလင်လုံ ကလေးမွေးဖွားခြင်း

Vol. 65 Ch. 961

လုချန်း၏ အသံကိုကြားသောအခါ အမျိုးသမီးနှစ်ယောက် သူတို့၏ အချင်းများနေခြင်းကို ရပ်တန့်လိုက်ကြ၏။

ထိုအခိုက်တွင် မုယန်စီက ပြုံးရွှင်စွာဖြင့် “မင်းကြီး။ မင်းကြီးက ကျွန်မကိုပဲ မျက်နှာသာပေးပြီး သူ့ကိုကျတော့ မပေးဘူးလို့ထင်ပြီး အစ်မလျှို စိတ်မကောင်းဖြစ်နေတာပါ။”

ထိုစကားများကို ကြားသောအခါ လုချန်း၏အကြည့်က လျှိုချင်းချိုအပေါ်သို့ ကျရောက်သွားပြီး ပြုံးကာ မေးလိုက်သည်။

“ဟုတ်လား ချင်းချို။”

လျှိုချင်းချို ဘာမှမပြောနိုင်ခင်မှာပင် လုချန်းက အလင်းအရိပ်ကျင့်စဉ်ကို သုံး၍ သူမ၏ရှေ့သို့ ရောက်လာပြီးနောက် သူမအား ပွေ့ဖက်ကာ သူမ၏ လှပသော မျက်လုံးများထဲသို့ စိုက်ကြည့်လိုက်၏။

“မင်းကို လျစ်လျူရှုမိတာ ကိုယ့်အမှားပါပဲ”

“ကျွန်မ... အွန်း...”

လျှိုချင်းချို စကားမဆုံးခင်မှာပင် လုချန်းက သူ၏နှုတ်ခမ်းများဖြင့် သူမ၏ နှုတ်ခမ်းကို ပိတ်လိုက်၏။

နောက်တစ်ခဏတွင် လုချန်းက လက်တစ်ဖက်ကိုဆန့်တန်းပြီး မုယန်စီ၏ လက်ကို တိုက်ရိုက်ဆုပ်ကိုင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သုံးဦးသည် ရန်မြို့တော် နန်းတွင်းသို့ ပြန်ရောက်သွားပြီး သူတို့၏ ခန္ဓာကိုယ်များသည် လျှိုချင်းချို၏ အဆောင်ထဲရှိ အိပ်ရာပေါ်တွင် ပေါ်လာ၏။

လျှိုချင်းချို၏ အဆောင်ထဲမှ အစေခံများလည်း အော်သံတစ်ခုကြားသောအခါ တစ်ခုခုဖြစ်သည်ဟု ထင်မှတ်ပြီး အခန်းထဲသို့ အလျင်အမြန် ဝင်လာကြသည်။ အခန်းထဲရှိ ပူးကပ်နေသော ပုံရိပ်များကိုမြင်သောအခါမှ အလျင်စလို နောက်ပြန်ဆုတ်သွားကြ၏။

မကြာမီမှာပင် လျှိုချင်းချို၏ အသံကို အခန်းထဲမှ ကြားလိုက်ရသည်။

“မင်းကြီး ကျွန်မ မှားသွားကြောင်း သိပါပြီ...”

“ချစ်သူ...”

………

လျှိုချင်းချို၏ အမူအရာကို မြင်သောအခါ မုယန်စီ နှာခေါင်းရှုံ့လိုက်သည်။

“ငါ့ထက်တောင် ကာမဂုဏ်ပိုမက်တဲ့ မိန်းမက ငါ့ကိုဝေဖန်စရာ ဘာအကြောင်းရှိလို့လဲ။”

နောက်ပိုင်းတွင် မုယန်စီ လျှိုချင်းချိုအကြောင်း မစဉ်းစားတော့ပေ။ လျှိုချင်းချိုသည်လည်း သူမကဲ့သို့ပင် တစ်သက်လုံး လုချန်းကို စွန့်ခွာနိုင်မည် မဟုတ်ကြောင်း သူမ သိသောကြောင့် ဖြစ်၏။

ချင်းချိုနန်းဆောင်တွင် လုချန်း အချိန်များစွာ မကုန်ဆုံးခဲ့ပါ။ နောက်တစ်နေ့ နံနက်တွင် မုယန်စီနှင့် လျှိုချင်းချိုတို့ကို သွားခွင့်ပြုလိုက်၏။

အခုအချိန်တွင် သူတို့နှစ်ဦးစလုံးသည် သူတို့အတွင်း၌ ကမ္ဘာငယ်တစ်ခုကို ပျိုးထောင်နိုင်စွမ်း မရှိသေးချေ။ အများဆုံး သူတို့လုပ်နိုင်သည်မှာ ကျင့်ကြံခြင်းဖြစ်ပြီး လုချန်းတွင်လည်း ကလေးများ ဖန်တီးခဲ့စဉ်တုန်းကလို ပြင်းပြသော စိတ်ဆန္ဒ မရှိတော့ပေ။

ဟုတ်ပါသည်။ အဓိကအကြောင်းရင်းမှာ သူ၌ အခြားကိစ္စများ ရှိသောကြောင့် ဖြစ်သည်။ ယခု သူ့၌ ဖေးဟုန်နတ်လှေ ရှိပြီဖြစ်သောကြောင့် သူတို့သည် စစ်မြေပြင်သို့ လျင်မြန်စွာ ဝင်ရောက်နိုင်ပြီး မြူခိုးဒေသမှ ကျူးကျော်သူများကို လိုက်လံတိုက်ခိုက်ရန် လွယ်ကူသွားပြီ ဖြစ်သည်။

ထို့ကြောင့် စစ်ဗိုလ်ချုပ်များကို အကြောင်းကြားပြီး နည်းဗျူဟာများ ဆွေးနွေးတိုင်ပင်ရန် စစ်ရေးအစည်းအဝေးတစ်ခု ခေါ်ယူရန် လိုအပ်၏။

………

ရှနိုင်ငံတော်၏ သံတမန်များ နဂါးနက်မြို့တော်သို့ ဝင်ရောက်ပြီးနောက် မြူခိုးဒေသမှ အဓိက အင်အားစုအမျိုးမျိုးနှင့် တဖြည်းဖြည်း ဆက်သွယ်ခဲ့သည်။ ရှနိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုများကြောင့် အဓိက အင်အားစုသုံးခုလုံးလည်း အခြားအင်အားစုများကို လောလောဆယ် မတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြီးမှသာ ဆောင်ရွက်ရန် စောင့်ဆိုင်းကြမည် ဖြစ်၏။

သို့သော် ရှနိုင်ငံတော်၏ သံတမန်များ လင်ဟူဂိုဏ်းနှင့် မြူခိုးမှော်ဂိုဏ်းတို့နှင့် ဆက်သွယ်ခဲ့ပြီးနောက် အဓိက အင်အားစုသုံးစုကြားမှ ဆက်ဆံရေး တစ်ဖန်ပြန်၍ တင်းမာလာပုံရ၏။

နောက်ဆုံးတွင် ပိုင်ကွမ်းယုနှင့် အခြားနှစ်ဦးတို့ စားသောက်ဆိုင်တစ်ခုတွင် တစ်ဖန်ပြန်၍ တွေ့ဆုံကြတော့သည်။ တတိယထပ်ရှိ လသာဆောင်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေကြသဖြင့် ပတ်ဝန်းကျင်က အနည်းငယ် ဖိစီးလာ၏။

အချိန်မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် ကူချီကျိန့်က စကားစပြောလိုက်သည်။ “ပိုင် ခေါင်းဆောင်။ခင်ဗျားတို့ဘက်က ကျွန်တော်တို့ကို ရှင်းပြစရာတစ်ခုခုပေးသင့်တယ်လို့ မထင်ဘူးလား။”

ထိုစကားများ ထွက်လာသည်နှင့် ပိုင်ကွမ်းယုက ပြန်၍ပြစ်တင်ပြောဆိုလိုက်သည်။

“မယုံနိုင်စရာပဲ။ ကျွန်တော်က ခင်ဗျားတို့ကို မဟာမိတ်တွေလို့ သတ်မှတ်ထားချိန်မှာ ခင်ဗျားတို့ရဲ့ အင်အားစုနှစ်ခုက ထျန်းချန်ထဲကို ဝင်လာတဲ့ တန်ခိုးရှင်တစ်သောင်းဂိုဏ်းက တပည့်တွေကို ရှင်းပစ်ဖို့ နောက်ကွယ်မှာ လျှို့ဝှက်ကြံစည်နေခဲ့ကြတာပဲ။”

ပိုင်ကွမ်းယု၏ စကားကိုကြားသောအခါ ကူချီကျိန့်နှင့် ပိုင်လီချန်တို့ မှင်တက်သွားကြ၏။ သူတို့က ဘာမှမပြောရသေးခင်မှာပင် ပိုင်ကွမ်းယုက သူတို့ကို အပြစ်တင်ရန် အစပြုနေပြီ ဖြစ်သည်။

သူတို့၏ အဓိက အင်အားစုနှစ်ခုက ဘယ်တုန်းက လျှို့ဝှက်ပူးပေါင်းခဲ့ကြသနည်း။

သူတို့ ထျန်းချန်သို့ ပထမဆုံး ဝင်ရောက်လာချိန်၌ မြူခိုးမှော်ဂိုဏ်း သို့မဟုတ် လင်ဟူဂိုဏ်းမှ တပည့်များ မရှိကြောင်း တွေ့ရှိခဲ့သဖြင့် ခေတ္တခဏ ပူးပေါင်းခဲ့ကြသည်ကတော့ အမှန်ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဂိုဏ်းနစ်ဂိုဏ်း၏ တပည့်များ ပျောက်ဆုံးမှုက တန်ခိုးရှင်တစ်သောင်းဂိုဏ်း၏ လက်ချက်ဖြစ်သည်ဟု သူတို့ ယုံကြည်ခဲ့ကြသောကြောင့် ဖြစ်သည်။

တန်ခိုးရှင်တစ်သောင်းဂိုဏ်းသာလျှင် သူတို့၏ အဓိကအင်အားစုနှစ်ခုမှ တပည့်များကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟု သူတို့ယူဆသည်။

သို့သော်လည်း ပိုင်ကွမ်းယု နောက်ပိုင်းပြောခဲ့သော စကားများက အင်အားစုနှစ်ခုမှ တပည့်များကို တစ်ယောက်ကိုတစ်ယောက် တစ်ဖန်ပြန်၍ သံသယဝင်စေခဲ့ပြီး သူတို့၏ ခေတ္တခဏ ပူးပေါင်းမှုလည်း အဆုံးသတ်သွားခဲ့သည်။

ထိုအခိုက်တွင် ပိုင်လီချန်က စကားပြောလိုက်သည်။

“ပိုင်ကွမ်းယု။ ကျွန်တော်တို့က တန်ခိုးရှင်တစ်သောင်းဂိုဏ်းနဲ့ ရှင်းရမယ့် စာရင်းတွေတောင် မရှင်းရသေးဘူး။ ခင်ဗျားက ဒီမှာ အပြစ်မရှိတဲ့သူလို ဟန်ဆောင်နေတာပဲ။”

“ရှနိုင်ငံတော်ရဲ့ သံတမန်တွေက ကျွန်တော်တို့ကို အကြောင်းကြားပြီးသွားပြီ။ မြူခိုးမှော်ဂိုဏ်းက လူတွေကို သတ်ခဲ့တာ တန်ခိုးရှင်တစ်သောင်းဂိုဏ်းက တပည့်တွေပဲတဲ့။ ရှနိုင်ငံတော်ရဲ့ သံတမန်တွေကတောင် ဒီလိုပြောနေမှတော့ ခင်ဗျားက ဘယ်လိုလုပ် ငြင်းနိုင်ဦးမှာလဲ။”

ပိုင်လီချန်၏ စကားကိုကြားသောအခါ ပိုင်ကွမ်းယုက လုံးဝ တုန်လှုပ်ခြင်းမရှိပဲ ချက်ချင်း တုံ့ပြန်လိုက်သည်။

“ရှနိုင်ငံတော်ရဲ့ သံတမန်တွေက ကျွန်တော့်ကိုလည်း ပြောခဲ့တယ်။ ခင်ဗျားတို့ အဓိကအင်အားစုနှစ်စုက ဒါကို အကြောင်းပြချက်အနေနဲ့သုံးပြီး တန်ခိုးရှင်တစ်သောင်းဂိုဏ်းကို ဒုက္ခပေးဖို့ ကြံစည်နေတယ်တဲ့။ ထျန်းချန်ထဲကို စေလွှတ်လိုက်တဲ့ တန်ခိုးရှင်တစ်သောင်းဂိုဏ်းက တပည့်တွေကို ခင်ဗျားတို့ချင်း ပူးပေါင်းပြီး ရှင်းပစ်ဖို့ ကြိုးစားနေတယ်တဲ့။ ဒီအတွက် မြူခိုးမှော်ဂိုဏ်းနဲ့ လင်ဟူဂိုဏ်းက ဘာများ ဖြေရှင်းချက်ပေးချင်လဲ။”

“ရှနိုင်ငံတော်ရဲ့ သံတမန်က ကျွန်တော့်ကို အကြောင်းကြားခဲ့သေးတယ်။ ခင်ဗျားတို့ အဓိကအင်အားစုနှစ်ခုက ရှနိုင်ငံတော်ကို သိမ်းသွင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲနေ့မှာ တန်ခိုးရှင်တစ်သောင်းဂိုဏ်းကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်တဲ့။”

ထိုသို့ကြားသောအခါ ကူချီကျိန့်က မျက်မှောင်ကြုတ်လိုက်ပြီး

“မဖြစ်နိုင်တာ။ ကျွန်တော်တို့ လင်ဟူဂိုဏ်းက ရှနိုင်ငံတော်နဲ့ ဒီလိုမျိုး သဘောတူညီချက်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူး။”

ပိုင်လီချန်ကလည်း ထပ်ပြောလိုက်သည်။ “ကျွန်တော်တို့ မြူခိုးမှော်ဂိုဏ်းကလည်း ရှနိုင်ငံတော်နဲ့ ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှု ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။”

သူတို့သုံးယောက်၏ စကားများ ထိုအချက်သို့ ရောက်သောအခါ တိတ်ဆိတ်သွားကြပြန်၏။ ထိုအချိန်တွင် ပိုင်လီချန်က ဦးဆောင်၍ စကားစပြောလိုက်သည်။

“ဒါဆို ဒီလိုကိုး”

“ကျွန်တော် သဘောပေါက်ပြီ”

“ရှနိုင်ငံတော်က မြူခိုးဒေသက အင်အားစုတွေနဲ့ ဆက်သွယ်ဖို့ သံတမန်တွေ အများကြီး လွှတ်ခဲ့တာ အံ့ဩစရာမရှိတော့ဘူး။ သူတို့က တကယ်တော့ သွေးခွဲဖို့ ကြံစည်နေခဲ့တာကိုး။ ကြည့်ရတာ ကျွန်တော်တို့အားလုံး ရှဧကရာဇ်ရဲ့ အကြံအစည်ထဲကို ကျသွားခဲ့ကြပြီနဲ့တူတယ်။”

ပြန်လည်စဉ်းစားပြီးနောက် ပိုင်လီချန်က ထပ်ပြောလိုက်သည်။

“ရှဧကရာဇ်က ကျွန်တော်တို့ကြားထဲမှာ သွေးခွဲဖို့ ဒီနည်းလမ်းကို သုံးချင်မှတော့ ကျွန်တော်တို့ကလည်း သူ့အစီအစဉ်အတိုင်းပဲ ဟန်ဆောင်ပြီး ကျွန်တော်တို့အချင်းချင်း ပြတ်စဲသွားပြီလို့ သူ့ကို တကယ်ယုံသွားအောင် လုပ်သင့်တယ်။”

ကူချီကျိန့်က သဘောတူလိုက်သည်။

“ကျွန်တော် ထောက်ခံတယ်”

ခဏခန့် စဉ်းစားပြီးနောက် ပိုင်ကွမ်းယုကလည်း သူ၏ ထောက်ခံမှုကို ဖော်ပြလိုက်သည်။

“ကျွန်တော်လည်း သဘောတူတယ်။ ဒီလိုဆိုမှတော့ ကျွန်တော်တို့လည်း ပြင်ဆင်ထားဖို့ လိုအပ်တယ်။”

ကူချီကျိန့်က

“ဘာကို ပြင်ဆင်ရမှာလဲ”

ပိုင်ကွမ်းယု မဖြေခင်မှာပင် ပိုင်လီချန်က ကြားဖြတ်ပြောလိုက်သည်။

“ရှနိုင်ငံတော်က အဓိကအင်အားစုတွေကြားက ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ချင်မှတော့ သူတို့ မကြာခင်မှာ လှုပ်ရှားလာမှာ သေချာတယ်။ အထူးသဖြင့် ညှိနှိုင်းဆွေးနွေးပွဲအတွင်းမှာပေါ့။ ခင်ဗျားတို့ ဘာကို ပြင်ဆင်သင့်တယ်လို့ ထင်လဲ”

ပိုင်လီချန်၏ သတိပေးမှုကြောင့် သတိဝင်သွားပြီး ကူချီကျိန့် လျင်မြန်စွာ သဘောပေါက်သွားကာ အကြံပြုလိုက်သည်။

“ခေါင်းဆောင်ကို အရင်ဖမ်းမလား”

ပိုင်လီချန်က ပြုံး၍ ပြောလိုက်သည်။

“ရှနိုင်ငံတော်ကသာ လှုပ်ရှားလာရင် ကျွန်တော်တို့က ကြိုတင်အသင့်ဖြစ်နေမှာပဲ။ ညှိနှိုင်းပွဲနေရာမှာ တပည့်အများကြီးနဲ့ ထောင်ချောက်ဆင်ထားမယ်။ ရှဧကရာဇ်သာ လာရဲရင် သူ့ကို အဲ့ဒီနေရာမှာပဲ ဖမ်းချုပ်ထားလိုက်မယ်။ ရှနိုင်ငံတော်ရဲ့ နယ်မြေတွေကို နောက်ပိုင်း ဘယ်လိုခွဲဝေမလဲဆိုတာကတော့ ကျွန်တော်တို့ အဓိကအင်အားစုသုံးခု ဆုံးဖြတ်ရမယ့်ကိစ္စပဲ။”

ရှဧကရာဇ်သည် ဤကမ္ဘာ၏ အုပ်စိုးသူဖြစ်၏။ အကယ်၍ သူ့ကို ဓားစာခံအဖြစ် လက်ရဖမ်းဆီးနိုင်ခဲ့လျှင် ဤသာမန်လောကကို ထိန်းချုပ်ဖို့ အလွန်အသုံးဝင်မည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ အခြားအင်အားစုများလည်း ဤအချက်ကို နားလည်ကြမည်ဖြစ်ပြီး ရှဧကရာဇ်ကို ဖမ်းချင်ကြမှာ သေချာ၏။

ထို့ကြောင့် သူတို့၏ ရပ်တည်ချက် မည်သို့ပင်ဖြစ်စေ အဓိက အင်အားစုသုံးစု အနေနှင့် ကြိုတင်၍ ကောင်းစွာ ပြင်ဆင်ထားသင့်သည်။ တစ်ဖက်တွင် ရှဧကရာဇ်ကို ဖမ်းဆီးရန်ဖြစ်ပြီး အခြားတစ်ဖက်တွင် အခြားအင်အားစုများက ရှဧကရာဇ်ကို ဖမ်းဆီးခြင်းမှ ကာကွယ်ရန် ဖြစ်၏။

ပိုင်လီချန်၏ စကားကို ကြားပြီးနောက် ကူချီကျိန့်က

“ ဒီလိုကိုး”

ထို့နောက် ကူချီကျိန့်နှင့် ပိုင်လီချန်တို့ ပြိုင်တူ ရယ်မောလိုက်ကြ၏။ သူတို့၏အမြင်တွင် ရှဧကရာဇ်သည် သူတို့၏ လက်ထဲမှ အကျဉ်းသားတစ်ယောက် ဖြစ်နေနှင့်ပြီးဖြစ်သည်။

ထိုလူနှစ်ယောက် အလွန်ပျော်ရွှင်နေသည်ကို မြင်သောအခါ ပိုင်ကွမ်းယုကလည်း အပြုံးတစ်ခုကို ပြသလိုက်သည်။ အင်အားစုကြီးနှစ်စုက သူတို့၏ လူများဖြင့် ချောင်းမြောင်းတိုက်ခိုက်ဖို့ စီစဉ်ထားသောကြောင့် အချိန်ကျလာသောအခါ ဤကျူးကျော်သူများကို အစုလိုက် အပြုံလိုက် ဖမ်းဆီးနိုင်ဖို့ အတော်အတန် လွယ်ကူပေလိမ့်မည်။

အဓိကအင်အားစုသုံးခုလုံးက သူတို့၏တပည့်အားလုံးကို ညှိနှိုင်းပွဲကျင်းပရာနေရာသို့ စေလွှတ်မည်‌ဖြစ်‌ကြောင်း အခြားအင်အားစုများမှ လူများပါ သိသွားပါက သူတို့၏ ထျန်းချန်ကမ္ဘာမှ တပည့်အားလုံးကို ညှိနှိုင်းပွဲကျင်းပရာနေရာသို့ စေလွှတ်ခြင်းဖြင့် အတုယူကြမည်မှာ သေချာ၏။

အဓိကအင်အားစုသုံးစုမှ တပည့်များစွာ ညှိနှိုင်းပွဲသို့ တက်ရောက်ခြင်းက ရှနိုင်ငံတော်၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရန်ဟု ယူဆ၍ ရနိုင်သည့်တိုင် အခြားအင်အားစုများ အနေနှင့် အဓိကအင်အားစုသုံးစုကို သတိထားရမည်သာ ဖြစ်၏။ အကယ်၍ အဓိကအင်အားစုသုံးခုက ညှိနှိုင်းပွဲအတွင်း အခြေအနေကို ပြောင်းပြန်လှန်လိုက်လျှင် မည်သို့လုပ်မည်နည်း။

ထိုဖြစ်နိုင်ခြေက အလွန်မြင့်မား၏။ ထျန်းချန်တိုက်၏ မြေနေရာသည် မြူခိုးဒေသမှ အင်အားစုများအတွက် အလွန်အရေးကြီးသည်။ လူတိုင်းက နယ်မြေများ ပိုမိုသိမ်းပိုက်လိုကြသည်။ မြေနေရာများများ ပိုယူနိုင်မှသာလျှင် မြူခိုးဒေသ၏ ကန့်သတ်ချက်များ ပျောက်ကွယ်သွားသည့်အခါ သူတို့အတွက် ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု ရှိနိုင်မည် ဖြစ်၏။

အချိန်သည် တစ်နေ့ပြီးတစ်နေ့ လျှင်မြန်စွာ ကုန် ဆုံးနေခဲ့သည်။ မကြာမီမှာပင် ရွှီလင်လုံ ကလေးမွေးဖွားရမည့် အချိန်သို့ ရောက်ရှိလာ၏။

ရွှီလင်လုံနှင့် ပိုင်ချင်းချင်းတို့သည် စနစ် အဆင့်မြှင့်တင်ခြင်း မပြုလုပ်ခင်ကတည်းက ကိုယ်ဝန်ရှိခဲ့ကြသောကြောင့် သူမ၏ ကလေးမွေးဖွားခြင်းသည် ယခုအခါတွင် အလွယ်ကူဆုံး ရရှိနိုင်သော ဆုလာဘ်တစ်ခု ဖြစ်နေသည်။ ဤတစ်ကြိမ်တွင် စနစ်က သူ့ကို ဘာဆုချမည်ကို လုချန်း အလွန်သိချင်နေမိ၏။

ရွှီလင်လုံ ဗိုက်မနာမီကပင် လုချန်း သူမ၏ အဆောင်သို့ စောစီးစွာ ရောက်ရှိလာပြီး သူမ၏ ကုတင်ဘေးတွင် ထိုင်နေသည်။

လုချန်း စောစီးစွာ ရောက်ရှိလာခြင်းကြောင့် ရွှီလင်လုံ အလွန်စိတ်ထိခိုက်သွား၏။

လုချန်း၏ ကလေးကို လွယ်ထားရကတည်းက သူမ၏ စိတ်‌နေစိတ်ထားတစ်ခုလုံး ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။ လုချန်း၏ အမျိုးသမီးအများစုလည်း ထိုသို့ပင်ဖြစ်သည်။ ကိုယ်ဝန်ရှိသွားသည်နှင့် သူတို့သည် ယခင်ကဲ့သို့ ပေါ့ပေါ့ပါးပါး မနေကြတော့ပဲ မိခင်ဆန်လာကြ၏။

ရွှီလင်လုံဆိုသော ဆွဲဆောင်မှုအလွန်ရှိသည့် အမျိုးသမီးသည်လည်း ယခုတော့ သူမ၏ ကာမစိတ်ပြင်းသော အငွေ့အသက်ကို စွန့်လွှတ်လိုက်ပြီး ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦး၏ အသွင်ကို ဆောင်နေ၏။

လုချန်းက သူ၏လက်ကို ဆန့်တန်းကာ ရွှီလင်လုံ၏ ချောမွေ့သော မျက်နှာကို ပွတ်သပ်လိုက်သည်။

“မင်းက အစတုန်းက ကိုယ့်ကလေးကို လုံးဝမမွေးပေးချင်ဘူးလို့ ခေါင်းမာခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးတော့ မင်း ကိုယ့်အတွက် ကလေးတစ်ယောက် မွေးပေးရဦးမှာပဲ။”

လုချန်း၏ စကားကိုကြားသောအခါ ရွှီလင်လုံ၏ မျက်နှာနီရဲသွားပြီး

“ ကျွန်မကို မစပါနဲ့တော့ မင်းကြီး။ ကျွန်မ မကြာခင် မိခင်တစ်ယောက် ဖြစ်တော့မှာပါ။”

ရွှီလင်လုံ၏ ချွဲနွဲ့သော အသံကြောင့် လုချန်း အနည်းငယ် စိတ်ယိမ်းယိုင်သွားသည်။ သူမသည် ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦးနှင့် တူနေပြီဖြစ်သော်လည်း သူမ၏ အရိုးထဲမှ ဆွဲဆောင်နိုင်စွမ်းကတော့ လုံးဝမပြောင်းလဲသေးပေ။

လုချန်းက ပြုံး၍

“မင်းက မိခင်တစ်ယောက်ဖြစ်တော့မယ်ဆိုတာ သိရဲ့သားနဲ့ ကိုယ့်ကို လာပြီး ချွဲနွဲ့နေတုန်းပဲ။”

ထိုသို့ပြောပြီးနောက် လုချန်းက ရွှီလင်လုံ၏ လုံးဝန်းသော ဗိုက်ပေါ်တွင် လက်တင်ထားပြီး ဆက်မေးလိုက်သည်။

“မင်း မသက်မသာ ဖြစ်တာမျိုး ခံစားရသေးလား။”

ရွှီလင်လုံက

“ဘာမှမဖြစ်ပါဘူး။ အားလုံးအဆင်ပြေပါတယ်။ ကလေးက အိပ်ပျော်နေတဲ့ပုံပဲ။”

ထို့နောက် လုချန်းက ရွှီလင်လုံအား စိတ်ဝိညာဉ်စွမ်းအား အချို့ကို ထည့်သွင်းပေးပြီး သူမအတွင်းမှ ကလေး၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ ရွှီလင်လုံ ပြောသကဲ့သို့ ကလေးသည် အလွန်ငြိမ်သက်နေပြီး အိပ်ပျော်နေသကဲ့သို့ ထင်ရ၏။

ကလေးက ဆော့ကစားနေခြင်း မရှိသောကြောင့် လုချန်း သူ့ကို မွေးဖွားရန် အလျင်မလိုခဲ့ပေ။

ရွှီလင်လုံ၏ ဘေးတွင် သူဆက်နေခဲ့ပြီး ခန့်မှန်းခြေအားဖြင့် နှစ်နာရီခန့်အကြာတွင် ရွှီလင်လုံ၏ ဗိုက် ရုတ်တရက် လှုပ်ရှားလာသည်။ အတွင်းမှ ကလေး၏ လှုပ်ရှားမှုကို သတိပြုမိသောအခါ ရွှီလင်လုံက အလျင်အမြန် ပြောလိုက်သည်။

“မင်းကြီး။ ကလေး နိုးလာပြီ။”

ထို့နောက် လုချန်း ကလေး၏ အခြေအနေကို စစ်ဆေးကြည့်ရာ သူ အပြင်သို့ ထွက်ချင်နေကြောင်း တွေ့ရှိရ၏။ တုံ့ဆိုင်းမနေတော့ပဲ ရွှီလင်လုံ၏ ခန္ဓာကိုယ်ထဲသို့ ပို၍များသော စိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းပေးလိုက်ရာ ၎င်းက သူမအတွင်းမှ ကလေးကို လျင်မြန်စွာ ဖုံးလွှမ်းသွား၏။

အခန်းထဲမှ ဝမ်းဆွဲသည်များနှင့် အစေခံများအားလုံးလည်း အသင့်ပြင်ထားကြသည်။

ခဏအကြာတွင် ရွှီလင်လုံ၏ ဝမ်းဗိုက် လျင်မြန်စွာ ပိန်ကျသွားပြီး မကြာမီမှာပင် ကလေးငယ်တစ်ဦး၏ ငိုသံ အခန်းတစ်ခုလုံး ပဲ့တင်ထပ်သွား၏။

နောက်တစ်ခဏတွင် လုချန်း၏ စိတ်ထဲ၌ စနစ်၏ အသိပေးချက်တစ်ခု ပေါ်ထွက်လာသည်။

“မျိုးဆက်တစ်ခု မွေးဖွားသည့်အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ်: သန့်ရှင်းသော နဂါးနက် နယ်မြေ။”

All Chapters