သန့်ရှင်းသော နဂါးနက် နယ်မြေ
Vol. 65 Ch. 962
ရွှီလင်လုံ၏ ဝမ်းထဲမှ ကလေး မွေးဖွားပြီးနောက် လုချန်းလည်း ကလေးကို ချက်ချင်း အမည်ပေးပြီးနောက် ရွှီလင်လုံ၏ အခန်းမှ လျင်မြန်စွာ ထွက်ခွာကာ နန်းတွင်းစာကြည့်ခန်းသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။
စနစ်က သူ့ကို အင်အားစုတစ်ခုကို ဆုလာဘ်အဖြစ် ထပ်မံပေးလိမ့်မည်ဟု မထင်ထားခဲ့သော်လည်း အံ့ဩစရာကောင်းစွာပင် နောက်ထပ် အင်အားစုတစ်ခု ထပ်ရောက်လာခဲ့သည်။
ဤတစ်ကြိမ်တွင် စနစ်မှ ဆုချီးမြှင့်သည့် အင်အားစု၏ အင်အားဘယ်လောက်ရှိသည်ကို သူ အလွန်သိချင်နေမိ၏။
နန်းတွင်းစာကြည့်ခန်းသို့ ရောက်သောအခါ စနစ် စာမျက်နှာကို ချက်ချင်းဖွင့်ပြီး သန့်ရှင်းသော နဂါးနက် နယ်မြေကို လျင်မြန်စွာ ရှာဖွေကာ ၎င်း၏ အသေးစိတ် စာမျက်နှာကို ဖွင့်လိုက်သည်။
[သန့်ရှင်းသော နဂါးနက် နယ်မြေ: ထျန်းယွမ်ကမ္ဘာတွင် တည်ရှိပြီး နတ်ဘုရားပြောင်းလဲခြင်း နယ်ပယ်အဆင့် တစ်ဦး၊ ဥပဒေ နိယာမအလုံးစုံ နယ်ပယ်အဆင့် ဆယ်ဦး၊ ယင်ယန်နယ်ပယ်အဆင့် သုံးဆယ်ဦးနှင့် မူလအစကမ္ဘာ နယ်ပယ်နှင့် ယင်းအဆင့်အောက် တပည့်အများအပြား ရှိသည်။]
သန့်ရှင်းသော နဂါးနက် နယ်မြေနှင့် ပတ်သက်သည့် အချက်အလက်များကို မြင်သောအခါ လုချန်း အနည်းငယ် အံ့ဩသွား၏။ ကလေးတစ်ယောက်မွေးဖွားခြင်းအတွက် ဆုချီးမြှင့်သည့် အင်အားစုက ဤမျှ အင်အားကြီးမားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
နတ်ဘုရား ပြောင်းလဲခြင်း နယ်ပယ်အဆင့်မှ စွမ်းအားရှင်တစ်ဦးပင် ရှိနေသည်။
သို့သော်လည်း ဤအင်အားစုသည် ထျန်းချန်ကမ္ဘာမှ မဟုတ်သဖြင့် သူတို့နှင့် ဆက်သွယ်မှုထူထောင်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
ထိုအချိန်မှာပင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။
“သခင်သည် သန့်ရှင်းသော နဂါးနက် နယ်မြေ၏ သခင်ထံသို့ အမိန့်တစ်ခု ထုတ်ပြန်နိုင်သည်။”
စနစ်၏ အသိပေးသံကို ကြားသောအခါ လုချန်းလည်း တုံ့ဆိုင်းမနေပဲ
“သူတို့ကို ထျန်းချန်ကမ္ဘာကို ချက်ချင်းရှာဖွေပြီး ငါနဲ့ ဆက်သွယ်မှုထူထောင်ဖို့ လူလွှတ်ခိုင်းလိုက်။”
လုချန်း၏ အသံဆုံးသွားသည်နှင့် စနစ်၏ အသိပေးသံ တစ်ဖန်ပြန်၍ ထွက်ပေါ်လာသည်။
“သန့်ရှင်းသော နဂါးနက် နယ်မြေ၏ သခင်သည် သင်၏ အမိန့်ကို လက်ခံရရှိသွားပြီ။”
လုချန်း စိတ်ထဲ တွေးတောနေမိ၏။ သန့်ရှင်းသော နဂါးနက် နယ်မြေမှ သူ၏ အမိန့်ကို လက်ခံရရှိပြီးနောက် ထျန်းချန်ကမ္ဘာကို ရှာဖွေတွေ့ရှိရန်နှင့် ဤကမ္ဘာသို့ လူတစ်ယောက် စေလွှတ်ရန် အချိန်မည်မျှ ကြာမည်ကို သူ သိချင်နေမိသည်။
……..
တစ်ချိန်တည်းမှာပင်။
ထျန်းယွမ်ကမ္ဘာ။
သန့်ရှင်းသော နဂါးနက် နယ်မြေ။
သန့်ရှင်းသော နယ်မြေ၏ တားမြစ်နယ်မြေအတွင်း၌ မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတရားထိုင်နေရာမှ ရုတ်တရက် သူ၏ မျက်လုံးဖွင့်လိုက်၏။ သူ၏မျက်နှာတွင် အံ့ဩဝမ်းသာမှုများဖြင့် ပြည့်နှက်နေသည်။
“ကောင်းလိုက်တာ။သခင်က အသက်ရှင်နေတုန်းပဲ။ နောက်ဆုံးတော့ သူ ငါ့ကို ဆက်သွယ်လာပြီ။”
ဤသို့ဖြင့် ထိုအမျိုးသားက တံခါးဝရှိ တစ်စုံတစ်ယောက်ကို ချက်ချင်း ပြောလိုက်သည်။
“အကြီးအကဲအားလုံးကို သန့်ရှင်းသော ဗိမာန်ကို ချက်ချင်းသွားဖို့ အကြောင်းကြားလိုက်။ သူတို့ကို ပြောစရာ အရေးကြီးကိစ္စတွေ ရှိတယ်။”
“ဟုတ်ကဲ့ပါ”
မကြာမီမှာပင် သန့်ရှင်းသော နဂါးနက် နယ်မြေ၏ သခင်ဖြစ်သူ ယင်ကျန်းယဲ့ သန့်ရှင်းသော ဗိမာန်သို့ ရောက်ရှိလာ၏။ သူက ဗိမာန်အတွင်းရှိ အားလုံး၏အထက်တွင် ထိုင်လိုက်ကာ ခန်းမထဲ၌ စုရုံးနေကြသော အကြီးအကဲများကို တစ်ချက်ကြည့်လိုက်သည်။
ထိုအခိုက်တွင် အကြီးအကဲတစ်ဦးက နားမလည်စွာ မေးလိုက်သည်။
“ခေါင်းဆောင်။ ဘာဖြစ်လို့ ကျင့်စဉ်စခန်းကနေ ဒီလောက်စောစော ထွက်လာတာလဲ။ တစ်ခုခုများ ဖြစ်လို့လား။”
လူအများက ယင်ကျန်းယဲ့ အနည်းဆုံး နှစ်တစ်ထောင်ခန့် တံခါးပိတ်ကျင့်ကြံအားထုတ်နေမည်ဟု ထင်ထားကြ၏။ သူတို့၏ သခင်သည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ပြီး အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း သတင်းအစအနမရသဖြင့် လူတိုင်းနီးပါးက သူသေဆုံးသွားပြီဟု ယုံကြည်နေကြသည်။
သူတို့၏ သခင်မရှိပါက သန့်ရှင်းသော နဂါးနက် နယ်မြေသည် ဦးခေါင်းမပါသော ယင်ကောင်တစ်ကောင်နှင့်တူပြီး ခေါင်းဆောင်ဖြစ်သူ ယင်ကျန်းယဲ့လည်း တံခါးပိတ်ကျင့်ကြံနေရုံမှလွဲ၍ ဘာမှလုပ်၍ မရပေ။
သို့သော် ယင်ကျန်းယဲ့ ကျင့်စဉ်စခန်းဝင်ပြီး ဆယ်စုနှစ်တစ်ခု မပြည့်သေးခင်မှာပင် သူ၏စခန်းမှ ထွက်လာခဲ့သည်။ နတ်ဘုရားပြောင်းလဲခြင်း နယ်ပယ်အဆင့်မှ စွမ်းအားရှင်တစ်ဦးအတွက် ဆယ်နှစ်တာ တံခါးပိတ်ကျင့်ကြံခြင်းသည် တကယ့် ကျင့်စဉ်စခန်းဝင်ခြင်းဟုပင် မယူဆနိုင်ပေ။
ယင်ကျန်းယဲ့က
“သခင်က စိတ်ဝိညာဉ် လျှို့ဝှက်နည်းစနစ်ကနေတစ်ဆင့် ကျုပ်ကို ခုလေးတင် ဆက်သွယ်ခဲ့တယ်။”
ထိုစကားများ ထွက်လာသည်နှင့် ခန်းမဆောင်ကြီးထဲမှ လူများသည် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။
“ဘာ။ သခင်က အသက်ရှင်နေတုန်းလား”
“ငါသိသားပဲ။ သခင်က ဒီအတိုင်း သေသွားမှာ မဟုတ်ဘူးဆိုတာ”
“ဒါ အရမ်းကောင်းတာပဲ။သခင့်ကိုသာ ပြန်ရှာတွေ့ရင် ငါတို့ သန့်ရှင်းသော နဂါးနက် နယ်မြေက သေချာပေါက် ပြန်လည်ထွန်းတောက်လာမှာပဲ။”
“ခေါင်းဆောင်။ သခင်က အခုဘယ်မှာလဲ။ သူ့ကို ချက်ချင်းပြန်ခေါ်လာဖို့ လူလွှတ်လိုက်ကြရအောင်။”
……..
သန့်ရှင်းသော နဂါးနက် နယ်မြေမှ လူများ အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
လုချန်း အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့၏ သန့်ရှင်းသော နယ်မြေအတွက် မျှော်လင့်ချက်ရှိနေ၏။
မကြာမီ သူတို့သည် ထျန်းယွမ်ကမ္ဘာ၏ အထွတ်အထိပ်အဖြစ်သို့ တစ်ဖန်ပြန်လည် ရပ်တည်နိုင်ကာ ထျန်းယွမ်ကမ္ဘာ၏ အင်အားအကြီးဆုံး အင်အားစု ဖြစ်လာမည်မှာ သေချာ၏။
ထိုအခိုက်တွင် ယင်ကျန်းယဲ့က
“သခင်က ကျုပ်ကို အကြောင်းကြားတယ်။ သူက အခု ထျန်းချန်ကမ္ဘာလို့ခေါ်တဲ့ နေရာမှာ ရောက်နေတယ်တဲ့။ သူက အားနည်းနေပြီး အဲ့ဒီကမ္ဘာကနေ ထွက်ခွာလို့မရဘူး။ ဒါကြောင့် သူ့ကိုသွားခေါ်ဖို့ လူတစ်ယောက် လွှတ်ရမယ်။”
“ဒါပေမဲ့ သူက ကျုပ်ကို ထျန်းချန်ကမ္ဘာရဲ့ ကြယ်တာရာမြေပုံကို မပေးခဲ့ဘူး။ ဒါကြောင့် ကျုပ်တို့ ဘာသာ ကျုပ်တို့ ရှာရလိမ့်မယ်။”
ယင်ကျန်းယဲ့၏ စကားကိုကြားသောအခါ အကြီးအကဲများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။
ထျန်းချန်ကမ္ဘာ၏ တည်နေရာကို မည်သူမှ မသိကြချေ။
မရေမတွက်နိုင်သော ကမ္ဘာများဖြင့် ဖွဲ့စည်းထားသည့် စကြဝဠာကြီးတွင် သူတို့ တစ်ခါမှ မကြားဖူးသော ကမ္ဘာတစ်ခုကို ရှာဖွေခြင်းက သမုဒ္ဒရာထဲတွင် အပ်တစ်ချောင်း ရှာဖွေခြင်းနှင့် တူ၏။
ထိုအခိုက်တွင် အကြီးအကဲတစ်ဦးက ရုတ်တရက် ရှေ့သို့တက်လာပြီး ပြောလိုက်သည်။
“ကျွန်တော်ကြားဖူးတာတော့ လျှို့ဝှက်လဝန်းနန်းတော်က လွန်ခဲ့တဲ့ နှစ်တစ်ရာလုံး ထျန်းချန်ကမ္ဘာကို ရှာဖွေဖို့အတွက် နတ်လှေတွေကို ဆက်တိုက်တည်ဆောက်နေခဲ့တယ်တဲ့။ သူတို့မှာ ကျွန်တော်တို့နဲ့ တူညီတဲ့ ရည်မှန်းချက်ရှိပြီး နှစ်တစ်ရာလောက် ရှာဖွေနေခဲ့တာဆိုတော့ သူတို့ဆီမှာ သဲလွန်စတချို့တော့ ရှိရမယ်။”
လျှို့ဝှက်လဝန်းနန်းတော်သည် နတ်လှေများ ထုတ်လုပ်ရန်အတွက် သန့်ရှင်းသော နဂါးနက် နယ်မြေနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသော နယ်မြေရှိ အထူးဝိညာဉ်ကျောက်တုံးအချို့သည် နတ်လှေ တည်ဆောက်ရန် အလွန်သင့်တော်သောကြောင့် ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အတွင်း သန့်ရှင်းသော နဂါးနက် နယ်မြေမှ အကြီးအကဲအချို့သည် လျှို့ဝှက်လဝန်းနန်းတော်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဥပမာအားဖြင့် လျှို့ဝှက်လဝန်းနန်းတော်မှ သူတော်စင်မ ထွက်ပြေးလွတ်မြောက်သွားသည့် အဖြစ်အပျက်ကဲ့သို့သော အကြောင်းအရာများကိုလည်း သိရှိခဲ့ကြသည်။
အကြီးအကဲ၏ စကားကို ကြားသောအခါ ယင်ကျန်းယဲ့က
“လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်ကို လူလွှတ်ပြီး ပြောခိုင်းလိုက်။ ကျုပ်လျှို့ဝှက်လဝန်းနန်းတော်ကို လာလည်ဖို့ ရည်ရွယ်ထားတယ်လို့။”
လျှို့ဝှက်လဝန်းနန်းတော်နှင့် သူတို့သည် တူညီသောကမ္ဘာကို ရှာဖွေနေကြသောကြောင့် သူတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ဖြစ်နိုင်၏။ အင်အားစုနှစ်ခုလုံး အတူတူရှာဖွေခြင်းဖြင့် အခက်အခဲအချို့ကို လျော့ကျစေနိုင်ပေမည်။
…….
ဤအချိန်တွင် သူ၏ အမိန့်တစ်ခုတည်းက သန့်ရှင်းသော နဂါးနက် နယ်မြေမှ လူတိုင်းကို အလုပ်ရှုပ်သွားစေသည်ကို လုချန်း မသိခဲ့ချေ။
သို့သော်လည်း လုချန်းတွင်လည်း မကြာသေးမီက အလုပ်များစွာရှိနေခဲ့၏။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင်တော့မည်ဖြစ်သောကြောင့် သန့်ရှင်းသော နဂါးနက် နယ်မြေ၏ ကိစ္စရပ်များကို စဉ်းစားရန်ပင် စိတ်မရှိခဲ့ပေ။
ရှနိုင်ငံတော်နှင့် မြူခိုးဒေသမှ ကျူးကျော်သူများကြား ပထမဆုံးတိုက်ပွဲ ဖြစ်ပွားရန် အလွန်နီးကပ်နေပြီ ဖြစ်၏။
……..
နဂါးနက်မြို့တော်။
စံအိမ်တစ်ခု အတွင်း၌။
ရှနိုင်ငံတော်မှ ဝန်ကြီး ဟောင်မင်ဟွေက ကူချီကျိန့်အား မျက်နှာချိုသွေးကာ ပြောဆိုနေပြီး ကူချီကျိန့်ကမူ ဟောင်မင်ဟွေကို ကစားစရာတစ်ခုကဲ့သို့ ကြည့်နေ၏။
ကူချီကျိန့် ဟောင်မင်ဟွေ၏ စကားများကို လုံးဝမယုံကြည်တော့ပေ။ ရှနိုင်ငံတော်မှ သွေးခွဲရန် စေလွှတ်လိုက်သည့် ကိုယ်စားလှယ်တစ်ဦးအဖြစ်သာ သူ့ကို မြင်နေသည်။
ထိုအခိုက်တွင် ကူချီကျိန့်က ပြုံး၍ မေးလိုက်သည်။
“ခင်ဗျားပြောပုံအရ လေဝမ်တက အခု လွတ်လပ်တဲ့လူတစ်ယောက်ဖြစ်နေပြီ။ သူသွားချင်တဲ့နေရာကို သွားလို့ရပြီပေါ့ ဟုတ်လား။”
ဟောင်မင်ဟွေက အလျင်အမြန် ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ် တန်ခိုးရှင်။ အထူးကိုယ်ရံတော်တပ်က တန်ခိုးရှင် လေ ကို လွှတ်ပေးလိုက်တာ အတော်ကြာပါပြီ။ အခု သူက ရန်ခရိုင်မှာ ပူပင်သောကကင်းကင်းနဲ့ ပျော်ရွှင်စွာ နေထိုင်နေပါတယ်။”
ကူချီကျိန့်က ရယ်မောပြီးနောက်
“သူက တကယ်ပဲ လွတ်လပ်တဲ့လူတစ်ယောက်ဆိုရင် ဘာဖြစ်လို့ သူကိုယ်တိုင် နဂါးနက်မြို့တော်ကို မလာပဲ ခင်ဗျားလို ရှနိုင်ငံတော်ရဲ့ နန်းတွင်းအရာရှိတစ်ယောက်ကို ကျွန်တော်တို့အတွက် သတင်းစကားပါးဖို့ လွှတ်လိုက်ရတာလဲ။”
ဒါက...
ဟောင်မင်ဟွေ ခဏခန့် မှင်တက်သွားသော်လည်း ထို့နောက် သတိပြန်ဝင်လာ
“တန်ခိုးရှင်လေက ဆွမ်ဧကရာဇ် စကား ပြန်ပြင်မှာကို စိုးရိမ်နေလို့ပါ။ သူ ရန်ခရိုင်ကနေ ထွက်သွားတာနဲ့ ဆွမ်ဧကရာဇ်က သူ့ကို တစ်ခုခုလုပ်မှာကို စိုးရိမ်နေတာပါ။”
ကူချီကျိန့်က နှာခေါင်းရှုံ့လိုက်သည်။
“ဆွမ်ဧကရာဇ်က ညှိနှိုင်းဖို့ ဆုံးဖြတ်ပြီးသွားမှတော့ ဘာလို့ သူ့စကားကို ပြန်ပြင်ရမှာလဲ။ သူ့ကို ရန်ခရိုင်ကနေ မထွက်ခွာအောင် တားဆီးမယ် ဟုတ်လား။ မဖြစ်နိုင်တာ။”
ကူချီကျိန့် ဒေါသထွက်သွားသည်ကို မြင်သောအခါ ဟောင်မင်ဟွေ ကြောင်တောင်တောင် ဖြစ်သွား၏။ အစက ပြုံးရွှင်နေသော ကူချီကျိန့် ရုတ်တရက် ဒေါသထွက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဟောင်မင်ဟွေလည်း အလွန်ကြောက်လန့်သွားပြီး သူ၏နဖူးတွင် ချွေးစေးများ ထွက်လာသည်။ ကူချီကျိန့်၏ သူအပေါ်ထားသည့် ယုံကြည်မှု လျော့ကျသွားပြီဟု သူ ယုံကြည်လိုက်သည်။
ဟောင်မင်ဟွေက အလျင်အမြန်ပင်
“ဆွေးနွေးပွဲအတွင်းမှာ တန်ခိုးရှင်လေက ဆွမ်ဧကရာဇ်နဲ့အတူ လော့ရွှေမြစ်ကမ်းနားကို သေချာပေါက် လိုက်ပါလာမှာပါ။ အဲ့ဒီအခါကျရင် ခင်ဗျား သူ့ကို တွေ့ခွင့်ရမှာပါ။”
ကူချီကျိန့်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
“အဲ့ဒီအခါကျရင် သူ့ကို တွေ့နိုင်မတွေ့နိုင်က အရေးမကြီးဘူး။ အရေးကြီးတာက ခင်ဗျားပဲ။ ခင်ဗျားရဲ့ ဧကရာဇ်ကို ခင်ဗျား တွေ့ခွင့်ရတော့မှာ မဟုတ်လောက်ဘူးလို့ ကျွန်တော်စိုးရိမ်မိတယ်။”
ကူချီကျိန့်၏ စကားကို ကြားသောအခါ ဟောင်မင်ဟွေ အလွန်ကြောက်လန့်သွားသဖြင့် ဒူးထောက်ချလိုက်ပြီး
“ကျွန်တော့်အသက်ကို ချမ်းသာပေးပါ တန်ခိုးရှင်။ ကျွန်တော်ပြောခဲ့တာတွေအားလုံး အမှန်တွေချည်းပါပဲ။ ဒါတွေအားလုံး တန်ခိုးရှင် လေက ပြောခဲ့တာပါ။ ကျွန်တော်သာ သတင်းစကားကို ပို့ပေးနိုင်ခဲ့ရင် လင်ဟူဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်လာနိုင်မယ်တဲ့။”
“ကျွန်တော် လင်ဟူဂိုဏ်းရဲ့ ကျင့်စဉ်ကိုတောင် သင်ယူထားပြီးပါပြီ။”
ထိုသို့ကြားသောအခါ ကူချီကျိန့်က စိတ်ဝင်တစား မေးလိုက်သည်။
“အိုး။ ခင်ဗျားက လင်ဟူဂိုဏ်းရဲ့ ကျင့်စဉ်ကို သင်ယူထားတယ် ဟုတ်လား။ ပြစမ်းပါဦး”
ဟောင်မင်ဟွေက ပြောလိုက်သည်။ “ကျွန်တော်က ထိပ်သီးတစ်ဝက် အဆင့်တောင် မရောက်သေးတော့ အတွင်းစွမ်းအင်ကို အပြင်ထုတ်လို့ မရသေးပါဘူး။ ဒါပေမဲ့ တန်ခိုးရှင် လေ ပေးခဲ့တဲ့ ကျင့်စဉ်ကို ကျင့်ကြံခဲ့လို့ပဲ ကျွန်တော့်အင်အားက ဒီလောက် မြန်မြန် တိုးတက်လာခဲ့တာပါ။”
ကူချီကျိန့်က
“ဒါဆို ကျွန်တော့်ရှေ့မှာ ကျင့်ပြ။”
ကူချီကျိန့်၏ စကားကို ကြားသောအခါ ဟောင်မင်ဟွေလည်း တုံ့ဆိုင်းမနေပဲ
လေဝမ်တ သင်ပေးခဲ့သော နည်းလမ်းအတိုင်း ချက်ချင်း ကျင့်ပြလိုက်သည်။
ဟောင်မင်ဟွေ၏ ကျင့်ကြံပုံသည် လင်ဟူဂိုဏ်း၏ အတွင်းအားသွင်းခြင်းနည်းစနစ်နှင့် အမှန်တကယ် ဆင်တူသည်ကို မြင်သောအခါ ကူချီကျိန့်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားပြီး ပို၍ပင် မနှစ်မြို့ဖွယ် ဖြစ်လာ၏။
ထိုအချိန်တွင် ဟောင်မင်ဟွေက ပြုံး၍ မေးနေဆဲဖြစ်သည်။
“ဘယ်လိုထင်လဲ တန်ခိုးရှင်။ ကျွန်တော်ကျင့်ကြံနေတဲ့ ကျင့်စဉ်က လင်ဟူဂိုဏ်းက ဟုတ်တယ်မလား။”
ဟောင်မင်ဟွေ စကားဆုံးသည်နှင့်
ကူချီကျိန့်က ရုတ်တရက် လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ ဟောင်မင်ဟွေ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွား၏။
ဟောင်မင်ဟွေ သွေးများ အပြင်းအထန် အန်ထုတ်လိုက်ပြီး သူ၏မျက်လုံးများက ရှေ့မှ ဖြစ်ပျက်နေသည်များကို မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်နေ၏။
“ တန်ခိုးရှင် ခင်ဗျား...”
စကားမဆုံးခင်မှာပင် ဟောင်မင်ဟွေ လုံးဝ အသက်ရှူရပ်သွားတော့သည်။
ကူချီကျိန့်က ဟောင်မင်ဟွေ၏ အလောင်းကို လက်တစ်ချက် ယမ်းကာ လွှင့်ပစ်လိုက်ပြီး သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။
“ရှနိုင်ငံက လင်ဟူဂိုဏ်းရဲ့ ကျင့်စဉ်ကို သူ့တပည့်တွေဆီကနေ ရဖို့ ဘယ်လောက်တောင် ရက်စက်တဲ့ နည်းလမ်းတွေ သုံးခဲ့လဲ မသိဘူး။”
ဟောင်မင်ဟွေ လင်ဟူဂိုဏ်း၏ ကျင့်စဉ်ကို ကျင့်ကြံနိုင်သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ရှနိုင်ငံတော်က လင်ဟူဂိုဏ်း၏ တပည့်များကို ညှဉ်းပန်းနှိပ်စက်ပြီး သူတို့၏ နည်းစနစ်များကို ထုတ်ဖော်ခိုင်းသောကြောင့်သာ ဖြစ်သည်ဟု ကူချီကျိန့် မြင်သည်။ ထို့ကြောင့်သာ ဟောင်မင်ဟွေက အတွင်းအားသွင်းခြင်း နည်းစနစ်ကို သင်ယူနိုင်ခဲ့ခြင်း ဖြစ်၏။
ဟောင်မင်ဟွေက သူ၏ရှေ့တွင် ကျင့်ကြံပြရဲခြင်းသည် သိသိသာသာ ရန်စခြင်းပင် ဖြစ်သည်။
သူ လင်ဟူဂိုဏ်းသို့ လာရောက်ပူးပေါင်းရန် ကြိုးစားခဲ့သော်လည်း အဘယ်ကြောင့် လင်ဟူဂိုဏ်း တပည့်တစ်ဦး၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်ကို ဟောင်မင်ဟွေတစ်ယောက် သူ၏ နောက်ဆုံးထွက်သက်အထိ နားလည်နိုင်ခဲ့ခြင်း မရှိပေ။
ထိုအချိန်တွင် ကူချီကျိန့်က မြေပြင်ပေါ်ရှိ ဟောင်မင်ဟွေ၏ အလောင်းကို နောက်တစ်ချက် ကြည့်လိုက်ပြီးနောက်
“နိုင်ငံတွေကြားက စစ်ပွဲတွေမှာ သံတမန်ကို မသတ်ရဘူး။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ လင်ဟူဂိုဏ်းက နိုင်ငံမဟုတ်ဘူး။ သူက နတ်ဘုရားဂိုဏ်းတစ်ခု”
“သာမန်လောကက နိမ့်ကျတဲ့ သာမန်လူတွေက နတ်ဘုရားဂိုဏ်းတွေနဲ့ ညှိနှိုင်းဖို့ ဘာအခွင့်အရေးရှိလို့လဲ။ ရယ်စရာကောင်းလိုက်တာ”
……..
ရှနိုင်ငံတော်၏ သံတမန်တစ်ဦးကို သတ်ဖြတ်ခဲ့သည်မှာ လင်ဟူဂိုဏ်းတစ်ခုတည်း မဟုတ်ပါ။ မြူခိုးမှော်ဂိုဏ်း အပါအဝင် မြူခိုးဒေသအတွင်းမှ အခြားအင်အားစုများလည်း သံတမန်များကို သတ်ဖြတ်ခဲ့ကြသည်။
သူတို့အတွက်မူ ရှနိုင်ငံတော်မှ သံတမန်များသည် ပုရွက်ဆိတ်များကဲ့သို့ပင် အရေးမပါသလောက်ဖြစ်သည်။ သူတို့၏ သေဆုံးမှုသည် အသေးအဖွဲ ကိစ္စမျှသာ ဖြစ်၏။
ထို့ပြင် ရှနိုင်ငံတော်သည် စိတ်ရင်းအမှန်ဖြင့် ညှိနှိုင်းရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူတို့က သွေးခွဲရန် သံတမန်များစွာ စေလွှတ်ခဲ့ခြင်းသာဖြစ်၏။ ယင်း၏နောက်ကွယ်တွင် ပိုမိုကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည်။
အကယ်၍ ဆွမ်ဧကရာဇ် ကိုယ်တိုင်က ညှိနှိုင်းရန် ရည်ရွယ်ချက်မရှိလျှင် သူ၏သံတမန်များကို သတ်ဖြတ်သည့်အတွက် သူတို့ကို အပြစ်တင်၍ မရပေ။
……
လဝက်အကြာတွင်။
ရှနိုင်ငံတော်နှင့် မြူခိုးဒေသကြားမှ ငြိမ်းချမ်းရေး ညှိနှိုင်းမှုများ တရားဝင် စတင်ခဲ့သည်။
ဤညှိနှိုင်းမှုအတွက် မြူခိုးဒေသသို့ ဝင်ရောက်ခဲ့သော ဂိုဏ်းအားလုံး သူတို့၏ တပည့်များကို စုစည်းခဲ့ကြ၏။ ရှနိုင်ငံတော်က ဘယ်လိုလှည့်ကွက်တွေ ပြင်ဆင်ထားသည်ကို သူတို့ အလွန်သိချင်နေကြသည်။
အကယ်၍ ဆွမ်ဧကရာဇ်က ကျေနပ်ဖွယ်ရာ တုံ့ပြန်မှုတစ်ခု မပေးနိုင်ခဲ့လျှင် သူတို့၏ အင်အားကိုသုံး၍ ဆွမ်ဧကရာဇ်ကို ဖမ်းဆီးရန် အသင့်ဖြစ်နေကြသည်။