ယွမ်ရှန်ရှန်အား ကူညီခြင်း
Vol. 65 Ch. 964
မြူခိုးဒေသမှ ကျင့်ကြံသူများ ထိတ်လန့်တကြား ထွက်ပြေးနေကြသည်ကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။ ဤအခြေအနေက သူကနဦးက တွေးထင်ထားသည့်အတိုင်းပင် ဖြစ်၏။
သူကနဦးက တွေးထင်ထားသည်မှာ အင်းကွက်လက်နက်များကို အသုံးပြုလိုက်လျှင် မြူခိုးဒေသ၏ အင်အားစုများ ကြောက်လန့်တကြား ထွက်ပြေးသွားမည်ဟု ဖြစ်သည်။ ထိုအခါ သူတို့ကို လိုက်လံဖမ်းဆီးရန် ခက်ခဲလိမ့်မည်ဟုလည်း တွေးထားခဲ့သည်။
ယခု မြူခိုးဒေသမှ ကျူးကျော်သူများသည် အင်းကွက်အမြောက်များကြောင့် ထိတ်လန့်ထွက်ပြေးခြင်း မဟုတ်သော်လည်း သူတို့သည် အမှန်တကယ် ထွက်ပြေးခဲ့ကြသည်။ နတ်လှေမရှိပါက ထိုညီညွတ်ခြင်း အဆင့် ကျင့်ကြံသူများကို အမီလိုက်ရန် ခက်ခဲပေလိမ့်မည်။
ထို့နောက် လုချန်းက ဖေးဟုန်နတ်လှေပေါ်ရှိ နဂါးတပ်ကို အမိန့်ပေးလိုက်သည်။
“ချက်ချင်း ပစ်ခတ်တိုက်ခိုက်ပါ။”
လုချန်း၏ စကားသံအဆုံးတွင် စစ်သည်များလည်း အင်းကွက်အမြောက်များကို ချိန်ညှိကာ ထွက်ပြေးနေသော ကျင့်ကြံသူများထံသို့ အင်းကွက်အမြောက်ကျည်များ ပစ်လွှတ်လိုက်သည်။
ကျည်ဆံတစ်တောင့်စီသည် လော့ရွှေမြစ်ကမ်းနားကို ထိမှန်သည့်အခါ မှိုပွင့်တိမ်တိုက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအခါ ညီညွတ်ခြင်း အဆင့် ကျင့်ကြံသူများလည်း လုံးဝ ခုခံနိုင်စွမ်းမရှိပဲ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားကြ၏။
ဤမြင်ကွင်းကို မြင်သောအခါ မြူခိုးဒေသမှ ကျင့်ကြံသူများ သွေးပျက်မတတ် ကြောက်ရွံ့သွားကြသည်။ နတ်လှေတွင် အလွန်အစွမ်းထက်သော နည်းဗျူဟာပုံစံများ ရှိနိုင်သည်ဟု သူတို့ မျှော်လင့်ထားခဲ့ပြီးဖြစ်သည်။ သို့သော် တကယ်တမ်း သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင်တော့ ကြောက်ရွံ့မှုက သူတို့၏ နှလုံးသားထဲသို့ ချက်ချင်း ဝင်ရောက်လာခဲ့သည်။
ထိုအချိန်တွင် ပေါက်ကွဲမှုများသည် ဖေးဟုန်နတ်လှေ၏ နည်းဗျူဟာပုံစံများကြောင့်ဟု သူတို့ ထင်နေကြသည်။ ၎င်းမှာ အင်းကွက်လက်နက်များသာ ဖြစ်ကြောင်း သူတို့ မသိကြပေ။
ဟုတ်ပါသည်။ ဤညီညွတ်ခြင်း အဆင့် ကျင့်ကြံသူများအတွက် အင်းကွက်လက်နက်များနှင့် တိုက်ခိုက်ရေး နည်းဗျူဟာပုံစံများအကြား ခြားနားချက် များများစားစား မရှိချေ။
သူတို့သည် ကောင်းကင်လူသား စွမ်းအားရှင်များပင် မဟုတ်သေးပေ။ နှစ်မျိုးစလုံးက သူတို့၏ အသက်ကို လွယ်ကူစွာ ရယူနိုင်သည်။
ဆွေးနွေးညှိနှိုင်းပွဲရှိသဖြင့် မြူခိုးဒေသ အင်အားစုများအားလုံး တစ်နေရာတည်းတွင် စုဝေးနေကြသည်။ အင်းကွက်အမြောက်ကျည်များ၏ ပေါက်ကွဲမှု ဧရိယာက အလွန်ကျယ်ပြန့်သောကြောင့် ကျည်ဆန်တစ်တောင့်လျှင် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာကို သေဆုံးခြင်း ဒဏ်ရာရခြင်းများ ဖြစ်စေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လော့ရွှေမြစ်ကမ်းနားသည် အလောင်းများဖြင့် ပြန့်ကျဲနေခဲ့ပြီး မြစ်ရေသည် လုံးဝနီရဲသွားခဲ့၏။
သူတို့နောက်တွင် စဉ်ဆက်မပြတ် မှိုပွင့်တိမ်တိုက်များ တက်လာသည်ကို မြင်သောအခါ လွတ်မြောက်ရန် ခက်ခဲမည်ကို ပိုင်လီချန် သိလိုက်သည်။ အကယ်၍ သူတို့ ဤအတိုင်း ဆက်ပြေးနေပါက သူတို့၏ နိဂုံးလည်း အတူတူပင် ဖြစ်ပေလိမ့်မည်။ သူတို့လည်း ပေါက်ကွဲ၍ သေဆုံးသွားကြလိမ့်မည်။
မည်သို့ပင်ဆိုစေ သူတို့သည် ညီညွတ်ခြင်း အဆင့် ကျင့်ကြံသူများသာ ဖြစ်ပြီး ကောင်းကင်လူသား စွမ်းအားရှင်များပင် မဟုတ်ချေ။ သူတို့ မည်မျှပင် မြန်ဆန်စေကာမူ နတ်လှေကို မည်သို့ ယှဉ်ပြေးနိုင်မည်နည်း။
ထို့နောက် ပိုင်လီချန်က မြူခိုးမှော်ဂိုဏ်း၏ တပည့်များကို
“တန်းစီကြ”
သူ၏ စကားသံအဆုံးတွင် မြူခိုးမှော်ဂိုဏ်း၏ တပည့်များ ရပ်တန့်လိုက်ပြီး ချက်ချင်း စက်ဝိုင်းပုံ ဝိုင်းလိုက်ကြသည်။ ထို့နောက် တပည့်များ၏ ခြေဖဝါးအောက်တွင် နည်းဗျူဟာပုံစံတစ်ခု ပေါ်လာသည်။ လျှင်မြန်စွာပင် ပိုင်လီချန်က သူ့ထံ၌ရှိသော စိတ်ဝိညာဉ်ကျောက်တုံးအားလုံးကို ထုတ်ယူကာ မြေပြင်ပေါ်သို့ ကြဲချလိုက်သည်။
နောက်တစ်ခဏတွင် မြေပြင်မှ အပြာရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ မကြာမီမှာပင် မြူခိုးမှော်ဂိုဏ်း၏ တပည့်များရှိနေသော နေရာကို မြူများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
မြူခိုးမှော်ဂိုဏ်း၏ တပည့်များ ရပ်တန့်ကာ နည်းဗျူဟာပုံစံကို အသုံးပြုသည်ကို မြင်သောအခါ ကူချီကျိန့်လည်း တွန့်ဆုတ်မနေခဲ့ပေ။ သူက လင်ဟူဂိုဏ်း၏ တပည့်များကို
“ဆက်ပြေးနေရင် သေဖို့ပဲ ရှိတော့တယ်။ ပုံစံဖွဲ့။”
ကူချီကျိန့်၏ စကားသံအဆုံးတွင် လင်ဟူဂိုဏ်း၏ တပည့်များလည်း ပြေးခြင်းကို ရပ်တန့်လိုက်ကြသည်။ သို့သော် ကူချီကျိန့် မသိသေးသည့်အချက်တစ်ခု ရှိသည်။
ပိုင်လီချန်က နည်းဗျူဟာပုံစံတစ်ခု တည်ဆောက်ရန် ရပ်တန့်လိုက်သော်လည်း သူ့တွင် လုချန်းနှင့် တိုက်ရိုက်ရင်ဆိုင်ရန် ရည်ရွယ်ချက် မရှိပေ။
သူက မြူခိုးမှော်ဂိုဏ်း၏ မြူခိုးဖုံးကွယ်ခြင်း နည်းဗျူဟာပုံစံကို အသုံးပြုလိုခြင်းသာ ဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ ဖေးဟုန်နတ်လှေ၏ မြင်နိုင်စွမ်းကို နှောင့်ယှက်ရန် ဖြစ်သည်။ ထိုသို့ဖြင့် လှေပေါ်ရှိလူများ သူတို့ကို ဆက်လက်ခြေရာမခံနိုင်စေရန် ကြိုးစားခြင်း ဖြစ်သည်။
ဟုတ်ပါသည်။ ဤနည်းလမ်း အလုပ်ဖြစ်မည် မဖြစ်မည်ကိုတော့ သူတို့ အသုံးပြုပြီးမှသာ သိနိုင်ပေလိမ့်မည်။
ခဏအကြာတွင် လော့ရွှေမြစ်ကမ်းနား၌ ထူထဲသော မြူများ ပေါ်လာသည်။ မကြာမီမှာပင် အောက်ဘက်မှ အခြေအနေကို မမြင်နိုင်ဖြစ်သွားခဲ့သည်။
ထို့နောက် မြူများ ပို၍ ထူထဲပြီးလာပြီး ကျယ်ပြန့်လာသည်။ မကြာမီ ပျံသန်းနေသော ဖေးဟုန်နတ်လှေကိုပါ ဖုံးလွှမ်းသွားပြီး လှေပေါ်ရှိ စစ်သည်များ ပစ်မှတ် ပျောက်ဆုံးကာ အရှေ့နှင့်အနောက်ကို မသိတော့သည့်အခြေအနေ ဖြစ်သွားစေသည်။
လုချန်း ခပ်ရေးရေး ပြုံးလိုက်သည်။ ထို့နောက်သူက မြူခိုးမှော်ဂိုဏ်း၏ တည်နေရာကို ထောက်လှမ်းရန် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သို့သော် သူတို့၏ တိကျသော တည်နေရာကို မထောက်လှမ်းနိုင်ကြောင်း လုချန်း သိလိုက်ရသည်။
ဒါက…
လုချန်း အနည်းငယ် တုန်လှုပ်သွားသည်။ မြူများသည် သူတို့၏ အမြင်အာရုံကို ပိတ်ဆို့ထားရုံသာမက စိတ်ဝိညာဉ် စွမ်းအား အာရုံခံနိုင်စွမ်းကိုပါ ပိတ်ဆို့ထားကြောင်း သူ လျင်မြန်စွာ နားလည်သွားသည်။ ဤအခြေအနေများအောက်တွင် မြူခိုးမှော်ဂိုဏ်း၏ တည်နေရာကို ဆုံးဖြတ်ရန်က ထင်သလောက် မလွယ်ကူချေ။
ထိုသူများ အမှန်တကယ် လွတ်မြောက်သွားနိုင်သည်ဟု လုချန်း တွေးလိုက်မိသည်။
ထိုစဉ် နတ်လှေ၏ ပျံသန်းမှုကို ထိန်းချုပ်နေသော ဟုန်ဟုန်ကို ကြည့်ရင်း လုချန်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ဟုန်ဟုန်အား
“ဟုန်ဟုန်။ မြူခိုးမှော်ဂိုဏ်းနဲ့ လင်ဟူဂိုဏ်းကို ဆက်ပြီး ခြေရာခံလိုက်ပါ။”
လှေဝိညာဉ် ဟုန်ဟုန်က
“ဟုတ်ကဲ့ပါ သခင်”
ချက်ချင်းပင် ဟုန်ဟုန်က နတ်လှေကို ထိန်းချုပ်လိုက်ကာ မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်း၏ တပည့်များ ရှိနေနိုင်သော နေရာ၏ အပေါ်တည့်တည့်သို့ ပျံသန်းသွားသည်။ လှေဝိညာဉ်တွင် ထိုစွမ်းရည်ရှိမရှိ လုချန်း မသိပေ။ သူက စမ်းသပ်ကြည့်လိုခြင်းသာ ဖြစ်သည်။
ထို့ပြင် ယခု မြူများက မြင်ကွင်းကို ဖုံးကွယ်ထားသောကြောင့် မြူခိုးမှော်ဂိုဏ်းနှင့် လင်ဟူဂိုဏ်း၏ တပည့်များ အမှန်တကယ် သူတို့အောက်တွင် ရှိနေလား ဆိုတာကို သူ မသေချာပေ။ သို့သော် ထိုအခိုက်အတန့်တွင် ကြီးမားသော မြေခွေးပုံရိပ်ယောင်တစ်ခု မြူများထဲ၌ ပေါ်ပေါက်လာခဲ့သည်။
ဤမြေခွေးပုံရိပ်ယောင်ကို မြင်သောအခါ လုချန်း သေချာသွားခဲ့သည်။ လှေဝိညာဉ်က မြူများအတွင်းမှ ရန်သူ၏ တည်နေရာကို အမှန်တကယ် ခြေရာခံနိုင်ကြောင်း သူ သိလိုက်ရသည်။
ထိုသို့ သေချာသွားသောအခါ သူတို့ အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မြူခိုးမှော်ဂိုဏ်းမှ လူများလည်း မလှမ်းမကမ်းတွင် ကြီးမားလှသော မြေခွေးပုံရိပ်ယောင်ကို မြင်လိုက်ရ သောအခါ သူတို့၏ မျက်နှာများ ဖြူဖျော့သွားကြ၏။
သူတို့က မြူခိုးဖုံးကွယ်ခြင်း နည်းဗျူဟာပုံစံကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်မှာ ခြေရာများကို ဖုံးကွယ်ပြီး ထွက်ပြေးရန် အခွင့်အရေးတစ်ခု ဖန်တီးရန် ဖြစ်သည်။ သို့သော် လင်ဟူဂိုဏ်းက ဤအချိန်တွင် ထိုသို့ ထင်ရှားသော နည်းဗျူဟာပုံစံကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ဆိုလျှင် ဆွမ်ဧကရာဇ်က သူတို့၏ တည်နေရာကို တစ်ချက်ကြည့်ရုံဖြင့် ဆုံးဖြတ်နိုင်တော့မည် မဟုတ်ပါလား။
လင်ဟူဂိုဏ်းသည် သေလမ်းကို ရှာနေခြင်းပင် ဖြစ်သည်။
သို့သော်လည်း ထိုအချိန်တွင် ပိုင်လီချန်၏ မျက်နှာ၌ ဒေါသအရိပ်အယောင် တစ်စိုးတစ်စိမှ မရှိခဲ့ပေ။ ဒေါသမထွက်သည့်အပြင် အနည်းငယ် ပြုံးနေခဲ့သည်။
ထို့နောက် သူက သူ၏ တပည့်များကို
“ငါတို့ ဆုတ်ခွာမယ်။”
သူ၏ စကားသံအဆုံးတွင် ပိုင်လီချန်က မြူခိုးမှော်ဂိုဏ်း၏ တပည့်များကို ဆန့်ကျင်ဘက် လားရာသို့ ဦးဆောင်၍ ထွက်ပြေးသွားသည်။
သူတို့ ဖန်တီးခဲ့သော မြူခိုးဖုံးကွယ်ခြင်း နည်းဗျူဟာပုံစံသည် ပျောက်ကွယ်သွားရန် အချိန်အနည်းငယ် လိုသေးသည်။ ယခု လင်ဟူဂိုဏ်း၏ လင်ဟူနည်းဗျူဟာပုံစံက ဆွမ်ဧကရာဇ်၏ အာရုံကို ဖမ်းစားထားခဲ့သည်။ သူတို့ ဤအခွင့်အရေးကို အသုံးချ၍ ထွက်ပြေးနိုင်ပေသည်။
လင်ဟူဂိုဏ်း၏ လင်ဟူနည်းဗျူဟာပုံစံသည် မြူခိုးမှော်ဂိုဏ်း တပည့်များ၏ တည်နေရာကို ဖော်ပြခြင်း မရှိသည့်အပြင် သူတို့၏ ထွက်ပြေးရန်အတွက် အချိန်များစွာကိုပင် ပေးစွမ်းခဲ့သည်။ ထို့ကြောင့် ပိုင်လီချန် လုံးဝ စိတ်မဆိုးခဲ့ပေ။
လင်ဟူဂိုဏ်း၏ တပည့်များအား လူမိုက်တစ်သိုက်ဟုသာ သူ တွေးနေခဲ့သည်။
ထိုအခိုက်အတန့်တွင် လုချန်းက နတ်လှေပေါ်ရှိ စစ်သည်များကို
“လင်ဟူဂိုဏ်းက ကျူးကျော်သူတွေကို ချေမှုန်းလိုက်”
လုချန်း၏ အမိန့်ကို ရရှိသောအခါ စစ်သည်များလည်း အင်းကွက်အမြောက်များဖြင့် မြေပြင်ပေါ်ရှိ မြေခွေးပုံရိပ်ကို တိုက်ခိုက်လိုက်၏။ လင်ဟူဂိုဏ်း၏ လင်ဟူနည်းဗျူဟာပုံစံသည် အတော်လေး အစွမ်းထက်သည်ဟု ဆိုရမည် ဖြစ်သည်။ ၎င်းက အမြှောက်ဆံများ၏ တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာကို တွန်းလှန်နိုင်ခဲ့သည်။
ကံမကောင်းစွာဖြင့် အင်းကွက်လက်နက်များ၏ ပေါက်ကွဲအားက အလွန်ကြီးမားသောကြောင့် နောက်ဆုံးတွင် လင်ဟူနည်းဗျူဟာပုံစံသည် ပျက်စီးသွားခဲ့သည်။
လင်ဟူနည်းဗျူဟာပုံစံ ပျောက်ကွယ်သွားပြီးနောက် လင်ဟူဂိုဏ်း၏ တပည့်များလည်း ခုခံနိုင်စွမ်း လုံးဝ ဆုံးရှုံးသွားကြသည်။ နောက်ဆုံးတွင် အင်းကွက်အမြောက်ကျည်များကြောင့် သူတို့၏ ခန္ဓာကိုယ်များ လေထဲသို့ လွင့်စင်သွားခဲ့ရကာ မှတ်မိနိုင်စရာ မရှိတော့လောက်အောင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့သည်။
မြူများ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ လော့ရွှေမြစ်ကမ်းနားမှ သွေးစွန်းနေသော မြင်ကွင်း တစ်ဖန်ပြန်၍ ပေါ်လာခဲ့သည်။ သို့သော် ထိုအချိန်တွင် မြူခိုးမှော်ဂိုဏ်း၏ တပည့်များကို မည်သည့်နေရာတွင်မှ မတွေ့ရတော့ချေ။
လုချန်း အလျင်မလိုခဲ့ပေ။ သူက သူ၏ စိတ်ဝိညာဉ် စွမ်းအားကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်ပြီး မြူခိုးမှော်ဂိုဏ်း၏ တပည့်များ ထွက်ပြေးသွားသော လားရာကို စူးစမ်းလိုက်၏။ မြူခိုးဖုံးကွယ်ခြင်း နည်းဗျူဟာပုံစံ ပျောက်ကွယ်သွားသည်နှင့် လုချန်းလည်း သူတို့၏ တည်နေရာကို လွယ်ကူစွာ ရှာဖွေနိုင်ခဲ့သည်။
ထို့နောက် လုချန်းက ဟုန်ဟုန်ကို
“ဟုန်ဟုန်။ မြူခိုးမှော်ဂိုဏ်းက တပည့်တွေကို ချက်ချင်း လိုက်။”
ဟုန်ဟုန်က ခပ်အေးအေး လေသံဖြင့်
“ဟုတ်ကဲ့ပါ သခင်”
နောက်တစ်ခဏတွင် ဖေးဟုန်နတ်လှေ ချိုးကွေ့လိုက်ပြီး မြူခိုးမှော်ဂိုဏ်း၏ တပည့်များ ထွက်ပြေးနေသော လားရာသို့ တည့်တည့် ပျံသန်းသွားခဲ့သည်။
မကြာမီမှာပင် ဖေးဟုန်နတ်လှေသည် ပိုင်လီချန်နှင့် သူ၏ အုပ်စုအပေါ်တွင် ပေါ်လာခဲ့သည်။ ကောင်းကင်ယံမှ ကြီးမားသော အရိပ်ကြီးကို မြင်သောအခါ မြူခိုးမှော်ဂိုဏ်း တပည့်များ၏ မျက်နှာများ ချက်ချင်း ဖြူဖျော့သွားကြ၏။
ပိုင်လီချန်က နောက်တစ်ကြိမ်
“တန်းစီကြ”
နောက်တစ်ခဏတွင် မြူခိုးမှော်ဂိုဏ်း၏ တပည့်များသည် သူတို့၏ ပုံစံကို ပြန်လည် ဖွဲ့စည်းလိုက်ကြသည်။ သို့သော် ဤတစ်ကြိမ်တွင် လုချန်းက သူတို့ကို အခွင့်အရေးပေးရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူက ချက်ချင်းပင်
“မြူခိုးမှော်ဂိုဏ်းက ကျူးကျော်သူတွေကို ချေမှုန်းလိုက်”
သူ၏ အမိန့်ပေးသံ အဆုံးတွင် နတ်လှေပေါ်ရှိ အင်းကွက်အမြောက်များအားလုံး မြူခိုးမှော်ဂိုဏ်း၏ တပည့်များထံသို့ ချိန်ရွယ်လိုက်သည်။ မကြာမီမှာပင် မရေမတွက်နိုင်သော ကျည်ဆန်များ ကောင်းကင်မှ မိုးရွာကဲ့သို့ ရွာကျလာခဲ့သည်။
ပိုင်လီချန်နှင့် သူ၏ အုပ်စု မြူခိုးဖုံးကွယ်ခြင်း နည်းဗျူဟာပုံစံကို မတည်ဆောက်နိုင်မီမှာပင် အင်းကွက်အမြောက်ကျည်များဖြင့် ပျက်စီးသွားခဲ့ကြသည်။
မကြာမီမှာပင် မြူခိုးမှော်ဂိုဏ်း၏ ကျူးကျော်သူအားလုံးသည် ဗုံးကြဲခံရ၍ သေဆုံးသွားခဲ့ပြီး ပြန့်ကျဲနေသော အရိုးများကိုသာ ချန်ထားရစ်ခဲ့သည်။
ထိုအခိုက်အတန့်တွင် အလင်းအရိပ်ကျင့်စဉ်ကို အသုံးပြုကာ လုချန်း ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ သူက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ မြူခိုးမှော်ဂိုဏ်း၏ တပည့်များ၏ အိတ်ကပ်များထဲမှ စိတ်ဝိညာဉ်ကျောက်တုံးများသည် သူ၏ လက်ထဲသို့ ပျံသန်းဝင်ရောက်လာခဲ့သည်။
ထို့နောက် လော့ရွှေမြစ်ကမ်းနားသို့ ပြန်သွားပြီး အဓိက အင်အားစုအသီးသီး၏ တပည့်များ သယ်ဆောင်လာသော စိတ်ဝိညာဉ်ကျောက်တုံးအားလုံးကို စုဆောင်းလိုက်သည်။
ဤတပည့်များသည် ညီညွတ်ခြင်း အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြသည်။ ကျင့်စဉ်လောက၏ နယ်ပယ်အဆင့်များအရ သူတို့သည် အခြေခံ အဆင့်သို့ပင် မရောက်သေးချေ။ သူတို့၏ အဆင့်အတန်းအရ စိတ်ဝိညာဉ်ကျောက်တုံးများစွာ သယ်ဆောင်လာရန် မဖြစ်နိုင်ပေ။
လုချန်းလည်း သူ စုဆောင်းရရှိသော အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံးများကို ရေတွက်ကြည့်ရာ စုစုပေါင်း ငါးရာခန့်သာ ရှိသည်။ အရေအတွက် များများစားစား မဟုတ်သော်လည်း အချိန်အတိုင်းအတာတစ်ခုအထိ အသုံးပြုရန်တော့ လုံလောက်သည်။
မြူခိုးဒေသမှ ကျူးကျော်သူများကို ဖြေရှင်းပြီးနောက် ဖေးဟုန်နတ်လှေပေါ်သို့ လုချန်းပြန်လာသည်။ သူက ဟုန်ဟုန်အား
“ဟုန်ဟုန်။ နဂါးနက်မြို့ကို သွားမယ်”
ယွမ်ရှန်ရှန် နဂါးနက်မြို့သို့ ထွက်သွားကတည်းက လုချန်း သူမအတွက် အနည်းငယ် စိုးရိမ်ပူပန်လာခဲ့သည်။ လုယခု မျိုးဆက်များ ရရှိရန် သူ စိတ်အားထက်သန်ခြင်း မရှိတော့ပေ။ သို့သော် သူနှင့် ယွမ်ရှန်ရှန် ပြုလုပ်ခဲ့သော ကျင့်ကြံမှုများကို အမှတ်ရနေသေးသည်။
ထို့ပြင် ယွမ်ရှန်ရှန်၏ လက်ရှိအခြေအနေကို သူသိလိုခဲ့သည်။ သူတို့ နဂါးနက်မြို့နှင့် မဝေးသောကြောင့် သူမကို ရှာဖွေရန် လုချန်းဆုံးဖြတ်လိုက်သည်။ ယွမ်ရှန်ရှန်အား လျှို့ဝက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ် ကျင့်ကြံရာတွင် သူကူညီပေးရမည် ဖြစ်သည်။
ဖေးဟုန်နတ်လှေသည် လျင်မြန်စွာ ခရီးနှင်ခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် နဂါးနက်မြို့အပေါ်သို့ ရောက်ရှိလာခဲ့သည်။ ယွမ်ရှန်ရှန်ကလည်း ကြီးမားသော အင်အားတစ်ခု နဂါးနက်မြို့သို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို အာရုံခံမိခဲ့ပြီး သူမ၏ ရန်သူဟု ထင်မှတ်ကာ နဂါးနက်မြို့မှ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် သူမ ဘာမှ မလုပ်နိုင်မီမှာပင် ဖေးဟုန်နတ်လှေက သူမ၏ အထက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဖေးဟုန်နတ်လှေ၏ ကိုယ်ပျောက်စွမ်းအားကို ပိတ်လိုက်သောအခါ နဂါးနက်မြို့ရှိ လူတိုင်း အံ့အားသင့်သွားကြသည်။ ကောင်းကင်ယံမှ ဧရာမ အရာဝတ္ထုကြီးကို မော့ကြည့်ရင်း လူတို့ အချိန်အတော်ကြာ မှင်တက်နေခဲ့ကြသည်။
“မိုးနတ်မင်း။ အဲ့ဒါ ဘာကြီးလဲ”
“ဒီလောကမှာ ပျံနိုင်တဲ့ လှေမျိုးဘယ်လိုလုပ် ရှိနိုင်မှာလဲ။ ပြီးတော့ အကြီးကြီးပဲ”
“နတ်နန်းတော်။ အဲ့ဒါ နတ်တွေ စံမြန်းတဲ့ နေရာ ဖြစ်ရမယ်။”
…
မကြာမီမှာပင် နဂါးနက်မြို့၏ သာမန်ပြည်သူများ တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြကာ ကောင်းကင်ယံမှ ဖေးဟုန်နတ်လှေဘက်သို့ ဦးညွှတ် ရှိခိုးနေကြတော့သည်။
ကောင်းကင်ယံမှ နတ်လှေကို မြင်သောအခါ ယွမ်ရှန်ရှန်၏ ဖြူဖွေး သော အသားအရေ ပို၍ပင် ဖြူဖျော့သွားခဲ့သည်။ သူမ၏ နဖူးပေါ်တွင် ချွေးတစ်စက် အလိုအလျောက် ပေါ်လာခဲ့သည်။