← Chapters

ယွမ်ချင်းရှု

Vol. 65 Ch. 969

ယွမ်ချင်းရှု

Vol. 65 Ch. 969

ကြီးမားသော လက်ဝါးပုံရိပ်တစ်ခုသည် ဧရာမဓားတစ်စင်း၏ အရိပ်အယောင်နှင့်အတူ ကောင်းကင်မှ ကျဆင်းလာခဲ့သည်။

ထိုစဉ်မြေပြင်ပေါ်မှ အဝါရောင်မြေနဂါးတစ်ကောင်သည် မီးတိမ်တိုက်နန်းတော်၏ မီးနဂါးနည်းဗျူဟာပုံစံကြီးဆီသို့ တည့်တည့် ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ဟန်ယွမ်ခိုင်နှင့် သူ၏အဖော်နှစ်ဦး လှုပ်ရှားလိုက်သောအခါ ကောင်းကင်ရှိ မီးနဂါးလည်း ချက်ချင်းပင် နောက်သို့တွန်းထုတ်ခံလိုက်ရကာ ၎င်း၏အရိပ်အယောင် တဖြည်းဖြည်းချင်း ကြေပျက်သွားခဲ့၏။

ထို့အတူ မီးတိမ်တိုက်နန်းတော်ကို ဖုံးလွှမ်းထားသော နည်းဗျူဟာပုံစံ အကာအကွယ်သည်လည်း မှိန်ဖျော့လာပြီး ပြတ်တောင်းပြတ်တောင်း ဖြစ်လာသည်။

သို့သော် ထိုအခိုက်အတန့်တွင် ကဲယွမ်ကျိုးက ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။

“သွေးဆာနည်းဗျူဟာပုံစံကြီး ပွင့်စေ။”

နောက်တစ်ခဏတွင် မီးလျှံတိမ်တိုက်နန်းတော် ပတ်လည်ရှိ နည်းဗျူဟာပုံစံသည် ကြောက်မက်ဖွယ်ရာ ခရမ်းနီရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့ပြင် ၎င်းထံမှ မကောင်းဆိုးဝါး အငွေ့အသက်များ ထုတ်လွှတ်နေပြီး ထိုနေရာတွင် ရှိနေသူအားလုံး မှင်တက်သွားကြသည်။

ဤနည်းဗျူဟာပုံစံမှ ထုတ်လွှတ်သော အငွေ့အသက်သည် အလွန်အမင်း မိစ္ဆာဆန်နေသည်။ ၎င်းမှာ ဖြောင့်မတ်သော ကျင့်စဉ်ကျင့်သူများ အသုံးပြုမည့် နည်းဗျူဟာပုံစံ မဟုတ်ကြောင်း ထင်ရှားသည်။

အင်အားစုကြီးသုံးခုမှ လူများ အနည်းငယ် တုန်လှုပ်သွားကြ၏။ သူတို့သည် မီးတိမ်တိုက်နန်းတော်ကို တိုက်ခိုက်ရန် အကြောင်းပြချက် သက်သက်ဖြင့်သာ လာခဲ့ကြခြင်း ဖြစ်သည်။ အကြောင်းပြချက်က မီးတိမ်တိုက်နန်းတော်သည် နတ်ဆိုးကျင့်စဉ်ကျင့်သူများနှင့် မဟာမိတ်ဖွဲ့နေခြင်းဖြစ်သည်။

သို့သော် မီးတိမ်တိုက်နန်းတော်နှင့် နတ်ဆိုးကျင့်စဉ်ကျင့်သူများ အမှန်တကယ်ပင် ဆက်နွှယ်မှုရှိနေလိမ့်မည်ဟု သူတို့ထဲမှ မည်သူမှ မမျှော်လင့်ထားခဲ့ပေ။

မီးတိမ်တိုက်နန်းတော်၏ တပည့်များပင် သူတို့ရှေ့တွင် ပေါ်လာသော နည်းဗျူဟာပုံစံကြောင့် မှင်တက်နေကြဆဲ ဖြစ်၏။

မီးတိမ်တိုက်နန်းတော်သည် ဖြောင့်မတ်သောအင်အားစုတစ်ခု မဟုတ်လား။

သူတို့၏ နန်းတော်သခင်က နတ်ဆိုးကျင့်စဉ်ကျင့်သူများ၏ နည်းဗျူဟာပုံစံကို မည်သို့ အသုံးပြုနိုင်သနည်း။

မီးတိမ်တိုက်နန်းတော်၏ တပည့်များသည် တုန်လှုပ်မှု နေစဉ်မှာပင် သူတို့၏ ခန္ဓာကိုယ်များ တဖြည်းဖြည်း သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲသွားကြ၏။ ဂိုဏ်းဖော်များ သူတို့ မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ မီးတိမ်တိုက်နန်းတော်၏ တပည့်များလည်း အမှန်တရားကို လျင်မြန်စွာ သဘောပေါက်သွားကြသည်။ သူတို့ နန်းတော်သခင်၏ နည်းဗျူဟာပုံစံသည် နန်းတော်အတွင်းရှိ အခြားသူများ၏ သွေးအနှစ်သာရများကို စုပ်ယူ၍ အားဖြည့်နေခြင်း ဖြစ်သည်။

ဒါက နတ်ဆိုးကျင့်စဉ်ကျင့်သူတို့၏ သဘာဝပင် ဖြစ်သည်။ သူတို့သည် ကိုယ့်လူများကိုပင် မညှာပဲ ရက်စက်ကြမ်းကြုတ်တတ်သည်။

ကြောက်မက်ဖွယ်ရာ မြင်ကွင်းကို မျက်မြင်ကြုံတွေ့လိုက်ရသောအခါ မီးတိမ်တိုက်နန်းတော်၏ တပည့်များလည်း ထိတ်လန့်တကြားဖြင့် လေးဘက်လေးတန်သို့ ထွက်ပြေးကြသည်။ သို့သော် သူတို့အားလုံးသည်

ကဲယွမ်ကျိုး၏ သွေးဆာနည်းဗျူဟာပုံစံကြီးအတွင်း ပိတ်မိနေပြီး လွတ်မြောက်ရန် နည်းလမ်းမရှိခဲ့ချေ။

ကဲယွမ်ကျိုးက ကျယ်လောင်စွာ ရယ်မော၍ ပြောလိုက်သည်။

“ယင်ယန်နယ်ပယ် အဆင့်တွေလောက်နဲ့ မီးတိမ်တိုက်နန်းတော်ကို ဖျက်ဆီးနိုင်မယ်ထင်နေတာလား။ အိပ်မက်မက်နေလိုက်။”

ကဲယွမ်ကျိုး၏ စွမ်းအားသည် လျင်မြန်စွာ မြင့်တက်လာပြီး သူ၏အငွေ့အသက် ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်ကို မြင်သောအခါ ဟန်ယွမ်ခိုင်က ချက်ချင်း ပင်

“မိတ်ဆွေတို့။ကျွန်တော်တို့ ဆက်စောင့်နေလို့မဖြစ်တော့ဘူး။ ဒီနတ်ဆိုးကို သွေးစွမ်းအင်တွေ အလုံအလောက် စုပ်ယူခွင့်ပေးလိုက်ရင် ကျွန်တော်တို့အားလုံး သူ့ကိုယှဉ်နိုင်မှာမဟုတ်တော့ဘူး။”

ဟန်ယွမ်ခိုင်က စကားပြောနေရင်း သူ၏ စိတ်ဝိညာဉ်စွမ်းအားအားလုံးကို တစ်ဖန် ပြန်လည်စုစည်းပြီး ဓားဖြင့် ထိုးစိုက်လိုက်သည်။

ကျန်းဟုန်ရယ်နှင့် ကျိဟုန်ဝမ်တို့သည်လည်း ဘေးတွင် ရပ်ကြည့်မနေတော့ပဲ ဝင်ရောက်တိုက်ခိုက်ကြ၏။

သို့သော်လည်း လူသုံးဦး တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့သော်လည်း ကဲယွမ်ကျိုး၏ သွေးဆာနည်းဗျူဟာပုံစံကြီးကို မထိခိုက်နိုင်ခဲ့ချေ။ ကဲယွမ်ကျိုး၏ အင်အားသည် သူတို့သုံးဦးလုံးကို ကျော်လွန်သွားပြီဖြစ်ကြောင်း ထင်ရှားနေသည်။

ထိုအချိန်တွင် ကဲယွမ်ကျိုးက အားရပါးရ ရယ်မော၍ ပြောလိုက်သည်။

“ငါ့ကိုတောင် လာတိုက်ခိုက်ရဲတယ်ပေါ့။ မင်းတို့အားလုံး ဒီနေ့ ငါ့အတွက် သွေးအာဟာရ ဖြစ်သွားစေရမယ်။”

သူပြောနေစဉ် ကဲယွမ်ကျိုးက သူ၏ စိတ်ဝိညာဉ်စွမ်းအားများကို စုစည်းပြီး လက်ဝါးဖြင့် ရှေ့သို့ တွန်းထုတ်လိုက်၏။

“အသူရကယ်ဘုံ ပုံစံပေါင်းစုံ တိုက်ကွက်....”

နောက်တစ်ခဏတွင် သွေးနီရောင် ဦးခေါင်းခွံ မြောက်မြားစွာ အထက်သွေးတိမ်တိုက်များထဲမှ ပျံထွက်လာခဲ့သည်။

အင်အားစုကြီးသုံးခုမှ တပည့်များလည်း ထိုသွေးနီရောင် ဦးခေါင်းခွံများကို ခုခံရန် အလျင်အမြန်ပင် သူတို့၏စွမ်းအင်ကို ထုတ်သုံးလိုက်ကြရ၏။

အချို့တပည့်များကတော့ ထိုသွေးနီရောင် ဦးခေါင်းခွံများနှင့် မတော်တဆ ထိမိသွားကြပြီး နောက်တစ်ခဏတွင် သွေးအိုင်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။ တစ်စုံတစ်ခုက သူတို့ကို လျင်မြန်စွာ စုပ်ယူသွားသကဲ့သို့ ဖြစ်သည်။

ထိုမြင်ကွင်း‌ကို မြင်သောအခါ ဟန်ယွမ်ခိုင်၏ မျက်နှာ မည်းမှောင်သွား၏။

မီးတိမ်တိုက်နန်းတော်ကို အလွယ်တကူ ဖြေရှင်းနိုင်မည်ဟု အစက သူထင်ထားခဲ့သည်။ သို့သော် အခုတော့ ၎င်းက အခက်ခဲဆုံး အင်အားစု ဖြစ်လာခဲ့သည်။

သို့သော် ယခုအခြေအနေတွင်တော့

ကဲယွမ်ကျိုးကို ဖယ်ရှားဖို့ နည်းလမ်းရှာရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ထိုအခိုက်အတန့်တွင် ဟန်ယွမ်ခိုင်က သူ၏ ဓားပျံကို ပစ်လွှတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်ဖြင့် ထိန်းချုပ်လိုက်၏။ ထို့နောက် ကျန်းဟုန်ရယ်နှင့် ကျိဟုန်ဝမ်တို့အား

“ဂိုဏ်းချုပ်ကျန်း၊ ဂိုဏ်းချုပ်ကျိ ဒီနတ်ဆိုးကိုရှင်းလင်းဖို့ ကျွန်တော့်ကိုကူညီပေးကြပါ။”

ကျန်းဟုန်ရယ်နှင့် ကျိဟုန်ဝမ်တို့လည်း ဟန်ယွမ်ခိုင်၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားကြသည်။ သူတို့က သူ့နောက်တွင် လျင်မြန်စွာ နေရာယူလိုက်ကြပြီး သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကို ဟန်ယွမ်ခိုင်ထံသို့ ထည့်သွင်းပေးလိုက်သည်။

နောက်တစ်ခဏတွင် ဟန်ယွမ်ခိုင်၏ စိတ်ဝိညာဉ်စွမ်းအား ပမဏ အလွန်အမင်း တိုးပွားလာသည်။ ထို့နောက် သူ၏ကျင့်စဉ်ကို ချက်ချင်း အသက်သွင်းလိုက်ရာ ကောင်းကင်ယံရှိ ဓားပျံလည်း အလွန်ကြီးမားလာသည်။

ထိုမြင်ကွင်းကို မြင်သော်လည်း ကဲယွမ်ကျိုးက မထီမဲ့မြင် ပြုံးလိုက်သည်။

“မင်းတို့သုံးယောက်တည်းနဲ့ ငါ့ကိုအနိုင်ယူမယ်ကြံတာလား။ ရယ်စရာကောင်းလိုက်တာ။”

ထို့နောက် ကဲယွမ်ကျိုးက သူ၏ စိတ်ဝိညာဉ်စွမ်းအားကို ဆက်လက်စီးဆင်းစေလိုက်သည်။

“ငရဲဘုံ တိုက်ကွက်....”

ရုတ်တရက် ကောင်းကင်နှင့် မြေကြီး၏ အရောင် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်တစ်ခုလုံး ရောဂါရနေသကဲ့သို့ စိမ်းဖန့်ဖန့်ဖြစ်သွားသည်။ လူများ၏ မျက်နှာများပေါ်တွင်လည်း ကြောက်မက်ဖွယ် စိမ်းလဲ့လဲ့အလင်းရောင်များ ပေါ်လာပြီး ကြောက်စရာမြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်။

ထို့နောက်တွင် အစိမ်းရောင် မြစ်တစ်စင်းသည် ကောင်းကင်မှ လျင်မြန်စွာ စီးဆင်းလာသည်။ ၎င်း၏ အရှိန်ပြင်းသော စီးဆင်းမှုသည် ဟန်ယွမ်ခိုင်နှင့် သူ၏မဟာမိတ်များဆီသို့ တည့်တည့် ဦးတည်လာခဲ့သည်။

ဟန်ယွမ်ခိုင်က ထိုမြင်ကွင်းကိုကြည့်ရင်း ကြောက်ရွံ့ခြင်းမရှိပဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ကောင်းကင်ခွင်း ဓား....

ဧရာမဓားကြီးသည် အစိမ်းရောင်မြစ်ဆီသို့ ပြေးဝင်သွားပြီး ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် အစိမ်းရောင်မြစ် ချက်ချင်း ပျောက်ကွယ်သွား၏။ ထို့နောက် ဧရာမဓားကြီးက ရပ်တန့်မနေပဲ ကဲယွမ်ကျိုး၏ သွေးဆာနည်းဗျူဟာပုံစံကြီးဆီသို့ ပြင်းထန်စွာ ထိုးစိုက်သွားသည်။

သူ၏ ငရဲဘုံတိုက်ကွက် ဤမျှ လွယ်ကူစွာ ကြေပျက်သွားသည်ကို မြင်သောအခါ ကဲယွမ်ကျိုး မယုံနိုင်ဖြစ်သွား၏။ သူ သတိပြန်ဝင်လာပြီး တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်မှာပင် ဧရာမဓားကြီးက သွေးဆာနည်းဗျူဟာပုံစံကြီးကို အလွယ်တကူ ထိုးဖောက်လိုက်ကာ နောက်တစ်ဆင့်တွင် ဓားကြီးက သူ့ထံသို့ တည့်တည့် တိုးဝင်လာခဲ့သည်။

ကဲယွမ်ကျိုး၏ မျက်နှာ သွေးဆုတ်ဖြူရော်သွားပြီး အော်ဟစ်လိုက်သည်။

“မဖြစ်နိုင်ဘူး။ မင်းက ဘယ်လိုလုပ် ဒီလောက်တောင် အားကြီးနေရတာလဲ။”

ကဲယွမ်ကျိုး ရှောင်တိမ်းချိန်မရမီပင် ဧရာမဓားကြီးက သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားပြီး သူ့ကို ချက်ချင်းပင် သွေးမြူခိုးအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။

အင်အားအကြီးဆုံး နန်းတော်သခင်ဖြစ်သော ကဲယွမ်ကျိုး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် မီးတိမ်တိုက်နန်းတော်၏ ကျန်ရှိသူများလည်း ခုခံလိုစိတ် ပျောက်ဆုံးသွားကြ၏။ ထို့ပြင် အစောပိုင်းက တပည့်များကို ယဇ်ပူဇော်ခဲ့ခြင်းက သူတို့၏ စိတ်ဓာတ်ကို တုန်လှုပ်စေခဲ့သည်။

ထိုအကြောင်းများကြောင့် အင်အားစုကြီးသုံးခုမှ တပည့်များ ဝင်ရောက်တိုက်ခိုက်လာချိန်တွင် ကျန်ရှိနေသူများလည်း ခုခံခြင်းမပြုကြတော့ပေ။ ထို့သို့ဖြင့် မီးတိမ်တိုက်နန်းတော်လျင်မြန်စွာ ပျက်သုဉ်းသွားခဲ့သည်။

အရာအားလုံး ပြီးဆုံးသွားပြီးနောက်

ဟန်ယွမ်ခိုင်၏ နောက်ကျောရှိ ကျန်းဟုန်ရယ်နှင့် ကျိဟုန်ဝမ်တို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။

နှစ်ဦးစလုံး၏ မျက်လုံးထဲတွင် တုန်လှုပ်မှုတစ်ခုကို တွေ့မြင်နေရသည်။ ဟန်ယွမ်ခိုင်သည် ယင်ယန်နယ်ပယ် အဆင့်ရှစ်သို့ ရောက်ရှိနေပြီဖြစ်၍ အင်အားကြီးကြောင်း သူတို့နှစ်ဦးလုံး သိထားကြသည်။ သို့သော် ဤမျှလောက် အင်အားကြီးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ဟန်ယွမ်ခိုင်က သူတို့၏စွမ်းအားများကို အသုံးချခဲ့သော်လည်း ကဲယွမ်ကျိုးကို ဖယ်ရှားရန် ဒီလောက် မလွယ်ကူသင့်ပေ။ အထူးသဖြင့် ကဲယွမ်ကျိုးသည် ယခင်ကတည်းက ဥပဒေနိယာမအလုံးစုံနယ်ပယ်နှင့် တူညီသော အင်အားကို ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ၏အတားအဆီးများကို ချိုးဖျက်နိုင်စွမ်းရှိခဲ့သောကြောင့် ဖြစ်၏။

သို့သော်လည်း သူသည် ဟန်ယွမ်ခိုင်၏ တစ်ချက်တည်းသော ဓားချက်ဖြင့် အသတ်ခံလိုက်ရသည်။

ဟန်ယွမ်ခိုင်၏ ဤဓားချက်သည် ဥပဒေနိယာမအလုံးစုံနယ်ပယ်၏ အင်အားအထွတ်အထိပ်သို့ ရောက်ရှိသွားပုံရ၏။

ထိုအခိုက်အတန့်တွင် ကျန်းဟုန်ရယ်နှင့် ကျိဟုန်ဝမ် နှစ်ဦးစလုံး စိတ်မသက်သာသော ခံစားချက်တစ်ခုကို စတင်ခံစားလာရသည်။

အင်အားစုသုံးခုမှ တပည့်များ မီးလျှံတိမ်တိုက်နန်းတော်ထဲသို့ ဝင်ရောက်သွားကြသည်ကို ကြည့်ရင်း ဟန်ယွမ်ခိုင်က ကျန်းဟုန်ရယ်နှင့် ကျိဟုန်ဝမ်တို့ဘက်သို့ လှည့်၍ ပြုံးကာ

“ခင်ဗျားတို့နှစ်ယောက်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့နှစ်ယောက်သာမရှိရင် ဒီဓားချက်ကို ကျွန်တော် ထုတ်နိုင်ခဲ့မှာမဟုတ်ဘူး။”

ကျန်းဟုန်ရယ်က လျင်မြန်စွာ တုံ့ပြန်လိုက်သည်။

“မဟုတ်တာ။ ဂိုဏ်းချုပ်ဟန်က အစွမ်းထက်လှပါတယ်။ ကျွန်တော်တို့နှစ်ယောက် မရှိရင်တောင် ဂိုဏ်းချုပ်ဟန် တစ်ယောက်တည်းနဲ့ ဒီနတ်ဆိုးကို ဖြေရှင်းနိုင်မှာပါ။ ဟုတ်တယ်မလား ဂိုဏ်းချုပ်ကျိ။”

ကျိဟုန်ဝမ်ကလည်း ပြုံး၍ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျန်း ပြောတာမှန်ပါတယ်။ ဂိုဏ်းချုပ်ဟန် ခုနကပြသွားတဲ့ ဓားချက်နဲ့ဆိုရင် အဲ့ဒီနတ်ဆိုးကို ရှင်းဖို့ ကျွန်တော်တို့ကို မလိုအပ်ပါဘူး။”

ဟန်ယွမ်ခိုင်က

“တော်ပါပြီ။ ခင်ဗျားတို့နှစ်ယောက် ကျွန်တော့်ကို ဆက်ပြီးမမြှောက်ပင့်ကြပါနဲ့တော့။ ကျွန်တော့်အစွမ်းကို ကျွန်တော်အသိဆုံးပါ။”

“အခု မီးတိမ်တိုက်နန်းတော် ပျက်စီးသွားပြီဆိုတော့ နောက်လာမယ့်ကိစ္စတွေအတွက် ပြင်ဆင်ကြရအောင်။”

ကျန်းဟုန်ရယ်နှင့် ကျိဟုန်ဝမ်တို့က တညီတညွတ်တည်း ပြောလိုက်ကြသည်။

“ဂိုဏ်းချုပ်ဟန် ပြောတာမှန်ပါတယ်။”

သူတို့သုံးဦး နောက်ထပ်စကားများစွာ မပြောကြတော့ပေ။ ထို့နောက် မီးတိမ်တိုက်နန်းတော်၏ အရင်းအမြစ်များကို လျင်မြန်စွာ လုယူသိမ်းပိုက်ခဲ့ကြသည်။

……..

မီးတိမ်တိုက်နန်းတော်ကို ဖျက်ဆီးပြီးနောက် အင်အားစုကြီးသုံးခုသည် မီးတိမ်တိုက်နန်းတော်နှင့် အဆက်အဆံရှိသော အချို့အင်အားစုများကို ဆက်တိုက်ချေမှုန်းခဲ့သည်။ ထိုအင်အားစုများ ပျက်သုဉ်းသွားချိန်တွင်တော့ တစ်ခုခု မှားယွင်းနေသည်ကို မြူခိုးဒေသရှိ အခြားအင်အားစုများလည်း တဖြည်းဖြည်း သဘောပေါက်လာကြ၏။

အင်အားစုကြီးသုံးခုကို ရင်ဆိုင်ရန်အတွက် အချို့သော အလတ်စားအင်အားစုများ အလျင်အမြန်ပင် မဟာမိတ်ဖွဲ့ခဲ့ကြသည်။ သို့သော် အင်အားစုကြီးသုံးခုက မလှုပ်ရှားမီမှာပင် သူတို့နှင့် မဟာမိတ်ဖွဲ့ထားသော အဖွဲ့များက သူတို့ကို ပြန်တိုက်ခိုက်ပြီး အင်အားစုကြီးသုံးခုထံ ခိုလှုံသွားကြသည်။

ယခုအခြေအနေတွင် သူတို့၌ ရွေးချယ်စရာနှစ်ခုသာ ရှိသည်။ အင်အားစုကြီးသုံးခုနှင့် ပူးပေါင်းခြင်း သို့မဟုတ် ချေမှုန်းခံရခြင်းတို့ ဖြစ်၏။

အင်အားစုကြီးသုံးခုထံ သစ္စာခံသော အင်အားစုများ ပိုမိုများပြားလာသည်နှင့်အမျှ မြူခိုးဒေသတွင် တြိဂံအနေအထားတစ်ခု တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။ အင်အားစုကြီးသုံးခုကြားရှိ ပူးပေါင်းဆောင်ရွက်မှုသည်လည်း အဆုံးသတ်သို့ ရောက်ရှိလာခဲ့သည်။

ယခုအခါ အင်အားစုကြီးသုံးခုသည် မည်သည့်တပ်ဖွဲ့ကိုမှ စေလွှတ်ရန် မလိုအပ်တော့ပေ။ အချို့အင်အားစုများနှင့် စကားပြောဖို့ လူလွှတ်လိုက်ရုံဖြင့် ထိုအင်အားစုများက ဆန္ဒအလျောက် သစ္စာခံရန် ရောက်လာကြလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အင်အားစုကြီးသုံးခု၏ နောက်ထပ်အာရုံစိုက်မှုမှာ အင်အားစုများစွာကို ရနိုင်သလောက် စည်းရုံး၍ ကိုယ့်ကိုယ်ကို အားကောင်းအောင် လုပ်ရန် ဖြစ်လာသည်။

ထိုအခြေအနေက အင်အားစုကြီးသုံးခုကို ပြိုင်ဘက်များအဖြစ်သို့ ပြောင်းလဲစေခဲ့ပြီး မြူခိုးဒေသတွင် ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေအသစ်တစ်ခု တစ်ဖန်ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

……

ထျန်းယွမ်ကမ္ဘာ။

လျှို့ဝှက်လဝန်းနန်းတော်။

အဆောင်ငယ်တစ်ခုထဲတွင် ထိုင်နေသော အမျိုးသမီးတစ်ဦးသည် အဝေးသို့ ငေးကြည့်နေ၏။ သူမ၏ ဆံပင်ရှည်များသည် ရေတံခွန်ကဲ့သို့ စီးကျနေပြီး လရောင်အောက်တွင် ငွေရောင်အလင်းဖြင့် တောက်ပနေသည်။ သူမ၏ မျက်လုံးများသည် နက်ရှိုင်းတောက်ပပြီး ဆောင်းဦးရေကန်တစ်ခုကဲ့သို့ ကြည်လင်နေ၏။

သူမသည် အဖြူရောင် နတ်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ၎င်းသည် လေနှင့်အတူ ညင်သာစွာ တဖျပ်ဖျပ် လွင့်နေသည်။ ထိုဝတ်ရုံပေါ်တွင် ပန်းပွင့်ပုံများ လှပစွာ ပန်းထိုးထားသည်။ ထိုပန်းများသည် အလွန်အသက်ဝင်လှရာ တကယ့်ပန်းများကို အထည်ပေါ်တွင် ထည့်ချုပ်ထားသကဲ့သို့ပင် ထင်ရသည်။ သူမ၏ခါးတွင် ချည်နှောင်ထားသော အပြာရောင်ဖဲကြိုးသည် ရေတံခွန်ကဲသို့ ပျော့ပျောင်းစွာဖြင့် လေနှင့်အတူ ကခုန်နေ၏။

ထိုအမျိုးသမီး၏လက်ထဲတွင် ကျောက်ပုလွေတစ်ချောင်းကို ကိုင်ဆောင်ထား၏။ သူမ၏ လက်ချောင်းများသည် ဖြောင့်စင်းရှည်လျားပြီး လက်ရာမြောက်စွာ ထွင်းထုထားသော ကျောက်ဖြူသားများကဲ့သို့ ဖြစ်သည်။

ထိုအမျိုးသမီး၏ အသားအရေသည် ဖြူဖွေးနုဖတ်လှပြီး ခန္ဓာကိုယ် အချိုးအဆစ်များ ရှင်းလင်းစွာ ပေါ်လွင်နေ၏။ လရောင်အောက်တွင် သူမ၏ခန္ဓာကိုယ်သည် မြင့်မြတ်သော အလင်းရောင်တစ်ခု ထုတ်လွှတ်နေသယောင် ရှိသည်။ သူမသည် မြေကမ္ဘာသို့ ဆင်းသက်လာသော နတ်သမီးတစ်ပါးကဲ့သို့ပင်။

အချိန်အတော်ကြာပြီးနောက် ကျင့်စဉ်ကျင့်သူတစ်ဦး အဝေးမှ ဓားပျံစီး၍ ရောက်ရှိလာပြီး ထိုအမျိုးသမီးကို မြင်သောအခါ ချက်ချင်း ဂါရဝပြုလိုက်သည်။

“နန်းတော်သခင်ကို ဂါရဝပြုပါတယ်။”

ထိုအမျိုးသမီးက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။

“ဘာကိစ္စလဲ။”

သူမ၏အသံသည် ကြည်လင်ပြတ်သားပြီး လူတစ်ဦး၏ စိတ်ထဲသို့ တိုက်ရိုက်ဝင်ရောက်သွားသကဲ့သို့ ထင်ရ၏။

ကျင့်စဉ်ကျင့်သူက ပြောလိုက်သည်။ “နန်းတော်သခင်။ လုယန်ဟွာက ကျွန်တော်တို့ရဲ့တပည့်တွေ ထျန်းချန်ကမ္ဘာရဲ့ တည်နေရာကို သတင်းပို့တာကို သိသွားပါပြီ။ သူက ကျွန်တော်တို့ကို ထျန်းချန်ကမ္ဘာရဲ့ ကြယ်တာရာမြေပုံကို ချက်ချင်းလွှဲပေးဖို့ တောင်းဆိုနေပါတယ်။ မဟုတ်ရင် အကျိုးဆက်ကို ရင်ဆိုင်ရမယ်လို့ ပြောပါတယ်။”

ထိုအရာကို ကြားသောအခါ ယွမ်ချင်းရှု၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားပြီး ပို၍ပင် အေးစက်သွားသည်။ သူမ၏ ခန္ဓာကိုယ်မှလည်း ပြင်းထန်သော အေးစက်မှုတစ်ခုကို ထုတ်လွှတ်နေ၏။

ထို့နောက် ယွမ်ချင်းရှုက သူမရှေ့မှ ကျင့်စဉ်ကျင့်သူအား

“အကြီးအကဲတွေထဲမှာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်း ရာထူးတိုးသွားတဲ့သူ ဘယ်နှစ်ယောက်ရှိလဲဆိုတာကို ချက်ချင်း လူလွှတ်ပြီး စုံစမ်းစစ်ဆေးခိုင်းလိုက်။”

“ဟုတ်ကဲ့ပါ။ နန်းတော်သခင်။”

ထို့နောက် ကျင့်စဉ်ကျင့်သူလည်း သူ၏ဓားပျံဖြင့် အဆောင်ထဲမှ ထွက်ခွာသွားသည်။

ထိုအချိန်တွင် ယွမ်ချင်းရှုက ကောင်းကင်မှ လရောင်ကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။

“သူက မဟာဧကရာဇ်ရဲ့ သားတော်ဖြစ်နေရင်တောင် ငါ့ကို ရန်စမယ်ဆိုရင် ငါ့ရဲ့ စိတ်ဝိညာဉ်တစ်ခုကို စတေးပြီး ရှန်ယွဲ့မင်းဆက်ကို ချေမှုန်းပစ်မယ်။”

ယွမ်ချင်းရှု၏ စကားသံဆုံးသည်နှင့် ရုတ်တရက် ထူးဆန်းသော ခံစားမှုတစ်ခု သူမထံသို့ တိုးဝင်လာသည်။ သူမ၏ ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က ချောင်းကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

ယွမ်ချင်းရှု၏ ခန္ဓာကိုယ်မှ အေးစက်မှုများ ပေါက်ကွဲထွက်လာ၏။ သူမ၏ မျက်နှာအမူအရာ အလွန်အမင်း တင်းမာသွားပြီး

“ဘယ်သူလဲ။ ရှန်လေးရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရဲတာ ဘယ်သူလဲ။”

All Chapters