← Chapters

လျှိုချင်းယွင်

Vol. 65 Ch. 972

လျှိုချင်းယွင်

Vol. 65 Ch. 972

အခန်းထဲတွင် ကလေးငယ်၏ ငိုသံများ ပျံ့လွင့်လာသည်။ စနစ်၏ဆုလာဘ်အဖြစ် လုချန်း ဖန်တီးခဲ့သော နောက်ဆုံးရင်သွေး မွေးဖွားလာခဲ့ပြီဖြစ်သည်။

စနစ်ကို အဆင့်မြှင့်တင်ပြီးနောက် သူနှင့် သူ၏ဇနီးများသည် ရင်သွေးကမ္ဘာများကိုသာ ပဋိသန္ဓေတည်ရန် လိုအပ်သည်။ ထို့ကြောင့် ဆုလာဘ်များအတွက် ကလေးယူရန် မလိုအပ်တော့ချေ။

သို့သော် သူ၏ဇနီးများထဲမှ တစ်ဦးဦးက ကလေးလိုချင်ပါက သူ စဥ်းစားပေးနိုင်သေးသည်။ သို့သော်လည်း စနစ်က ကလေးယူခြင်းသည် သူ၏ကံကြမ္မာနှင့် သွေးမျိုးဆက်စွမ်းအားကို ခွဲဝေသွားစေမည်ဟု ဆိုထား၏။ ယခုအချိန်တွင် ထိုအရာနှစ်ခုကို သူ မခံစားရသေးသော်လည်း သူ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ရှိနေသည်။

ကလေးငယ်ကို ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားပြီး လုချန်း အသေအချာ စစ်ဆေးကြည့်ရှုနေ၏။ ကလေး၏ရုပ်သွင်က အလွန်သာမန်ဖြစ်နေသည်။ ကလေးယူခြင်းက သူ၏ကံကြမ္မာနှင့် သွေးမျိုးဆက်စွမ်းအားကို ခွဲဝေသွားစေမည်ဟု စနစ်က အဘယ်ကြောင့်‌ ပြောသည်ကိုတော့ သူ နားမလည်နိုင်သေးပေ။

ရှန်ဝူဧကရာဇ်၏ သွေးမျိုးဆက်က ဒီလောက်ပင် ထူးခြားနေလို့လား။

ထိုသို့ဆိုလျှင် ကလေးများစွာ ယူခဲ့သော ရှန်ဝူဧကရာဇ်ကိုယ်တိုင်၏ ကံကြမ္မာနှင့် သွေးမျိုးဆက်စွမ်းအားများကိုလာည်း ခွဲဝေသွားခြင်း မရှိဘူးလား။

လုချန်း ထိုသို့တွေးနေစဥ်မှာပင် စနစ်၏အသိပေးချက် ထွက်ပေါ်လာသည်။

“သခင်၏ခန့်မှန်းချက် မှန်ကန်ပါသည်။ ရှန်ဝူဧကရာဇ်သည် အမှန်တကယ်ပင် သူ၏သားသမီးများကြောင့် သူ၏ကံကြမ္မာနှင့် သွေးမျိုးဆက်စွမ်းအားများ ခွဲဝေပေးခဲ့ရပါသည်။ သူ သားသမီးများစွာ မွေးဖွားရခြင်းကလည်း အကြောင်းရင်းရှိသည်။ သူ၏အချိန်က နီးကပ်လာပြီဖြစ်၍ စကြဝဠာ၏ နိယာမများကို ရှောင်တိမ်းရန် ဝင်စားစရာ ခန္ဓာကိုယ်အသစ် လိုအပ်သောကြောင့် ဖြစ်သည်။”

စနစ်၏ အသံကို ကြားပြီးနောက်

လုချန်း၏စိတ်ထဲတွင်

“ယုတ္တိဗေဒ အရဆိုလျှင် ငါ့ရဲ့အရင်ဘဝတုန်းက ရှန်ဝူဧကရာဇ်က ငါ့ကို သတ်ခဲ့ပြီးပြီ။ အခု ငါက ပြန်ဝင်စားပြီးပြီ။ ဘာလို့ ငါ့မှာ ရှန်ဝူဧကရာဇ်နဲ့တူတဲ့အရာတွေ ရှိနေရတာလဲ။”

စနစ်က

“အကြောင်းမှာ သခင်၏စိတ်ဝိညာဉ်ကို ရှန်ဝူဧကရာဇ်က ဝိညာဉ်ပုတီးထဲတွင် ချုပ်နှောင်ထားခဲ့သောကြောင့် ဖြစ်သည်။ ထိုဝိညာဉ်ပုတီးထဲတွင် ရှန်ဝူဧကရာဇ်၏ သွေး ပါဝင်နေ၏။ ထို့ကြောင့် သခင်၏ခန္ဓာကိုယ်သည် ရှန်ဝူဧကရာဇ်၏ သွေးဖြင့် ပျိုးထောင်ပေးထားခြင်း ဖြစ်သည်။”

လုချန်းက

“ဒီဘဝမှာ ငါ့အမေက ငါ့ကို ပဋိသန္ဓေလွယ်ထားစဥ်က ငါအဖေရဲ့ သွေးကို သုံးခဲ့တာ မဟုတ်လား။ ဒါဆိုရင် ငါ့အဖေက ဘယ်လိုအခန်းကဏ္ဍက ပါဝင်တာလဲ။”

စနစ်က

“ဆွမ်ဧကရာဇ်၏ သွေးသည် သခင်၏ ခန္ဓာကို ပုံဖော်ပေးရန်သာ ကူညီခဲ့သည်။ သို့သော် သင်၏သွေးကြောများထဲတွင် စီးဆင်းနေသောသွေးမှာမူ ရှန်တူဧကရာဇ်၏ သွေးဖြစ်သည်။”

စနစ်၏အဖြေကို ကြားသောအခါ လုချန်း သူ၏ဤဘဝမှ ဖခင်အကြောင်း တွေးမိသွားသည်။ သူက ဘုမသိဘမသိဖြင့် အသုံးချခံခဲ့ရခြင်းသာဖြစ်သည်။

လုချန်းက

“ဒါဆိုရင် တစ်နေ့နေ့ ငါ့လက်ရှိခန္ဓာကို စွန့်ပစ်နိုင်လောက်အောင် အင်အားကြီးလာမယ်ဆိုပါစို့။ အဲ့ဒီအခါကျရင် ရှန်ဝူဧကရာဇ်ရဲ့ သွေးမျိုးစက်လွှမ်းမိုးမှုက လွတ်မြောက်ပြီး လွတ်လပ်စွာ ကလေးယူနိုင်မှာလား။”

စနစ်က

“ဧကရာဇ်နယ်ပယ်အဆင့်ကို ရောက်နိုင်မှသာ ရှန်ဝူဧကရာဇ်၏ သွေးမျိုးစက်လွှမ်းမိုးမှုမှ သင် လုံးဝလွတ်မြောက်နိုင်မည်။”

စနစ်ထံမှ တိကျသောအဖြေကို ရရှိပြီးနောက် လုချန်း စိတ်သက်သာရာရသွား၏။ သူ ယခု ကလေးမလိုချင်သေးပေ။ သို့သော် သူ၏ဇနီးများစွာမှာ ကလေးမရှိသေးချေ။ တစ်နေ့တွင် သူတို့ ကလေးလိုချင်လာပါက သူက ရှန်ဝူဧကရာဇ်၏ သွေးမျိုးစက်လွှမ်းမိုးမှုအောက်တွင် ရှိနေသေးသဖြင့် ကလေးမပေးနိုင်ပါက သူတို့ကို အမှန်ပင် စိတ်ပျက်အားငယ်စေမည် ဖြစ်သည်။

သူလိုအပ်သည်မှာ ရှန်ဝူဧကရာဇ်၏ သွေးမျိုးစက်လွှမ်းမိုးမှုမှ လွတ်မြောက်ရန်သာ ဖြစ်သည်။

လုချန်း အတွေးထဲနစ်မြောနေစဥ် ပိုင်ချင်းချင်း၏အသံ ထွက်ပေါ်လာသည်။

“မင်းကြီး။ ကလေးကို နာမည်တစ်ခုလောက် ပေးပါလား။”

ထိုအသံကိုကြားသောအခါ လုချန်း သတိပြန်ဝင်လာပြီး ပြုံးလျက်

“သူ့ကို လုရှင်းဟွေလို့ ခေါ်ကြစို့။”

ရှင်းဟွေဟူသည် အလင်းရောင်အသစ်၊ ဂုဏ်ကျက်သရေအသစ်ဟု အဓိပ္ပာယ်ရသည်။ ၎င်းက အစပြုခြင်းတစ်ခု၏ တောက်ပမှုကို ကိုယ်စားပြုသည်။

သူက စနစ်၏စေခိုင်းမှုဖြင့် ဖန်တီးခဲ့သော နောက်ဆုံးကလေးဖြစ်ပြီး ယခုမှစ၍ ကာလအသစ်တစ်ခု အစပြုပြီဟု ဆိုနိုင်သည်။ တစ်နေ့နေ့တွင် စနစ်၏နောက်ကွယ်မှ အမှန်တရားကို ဖော်ထုတ်နိုင်မည်ဟုလည်း လုချန်း ယုံကြည်ထားသည်။ ထို့ပြင် ၎င်း၏ထိန်းချုပ်မှုမှလည်း လွတ်မြောက်နိုင်မည် ဖြစ်သည်။

ထိုအခိုက်တွင် လုချန်း သူ၏ညာဘက်ကို ကြည့်လိုက်သည်။ စနစ်၏အသိပေးချက်နေရာတွင် ဆုလာဘ်များ ပေးပို့ပြီးဖြစ်ကြောင်း ပြသနေသည်ကို သူ တွေ့လိုက်ရ၏။ ထို့နောက် သူက ကလေးငယ်ကို ပိုင်ချင်းချင်း၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

ကလေးကို ယူလိုက်ပြီးနောက် သူမ၏ မျက်နှာထက်၌ ပြုံးရိပ်တစ်ခု ထပ်မံထင်ဟပ်လာ၏။ ထိုအပြုံးမှာ မိခင်တစ်ယောက်က မိမိ၏ရင်သွေးကို ကြည့်ရှုမှသာ ပြသတတ်သည့် မိခင်မေတ္တာအပြုံးမျိုး ဖြစ်သည်။

ထို့နောက် လုချန်းက ပိုင်ချင်းချင်းကို

“ပိုင်။ ကိုယ့်မှာ လုပ်စရာကိစ္စတွေရှိလို့ သွားရတော့မယ်။ ဟွေလေးရဲ့ခန္ဓာကိုယ်ကို သန်မာလာအောင် ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား သုံးလိုက်ပါ။”

ပိုင်ချင်းချင်းက

“ကျွန်မနားလည်ပါတယ် မင်းကြီး။ မင်းကြီးရဲ့ တာဝန်တွေကို အာရုံစိုက်လုပ်ဆောင်ပါ။”

ထို့နောက် လုချန်းလည်း အလင်းအရိပ်ကျင့်စဥ်ဖြင့် ထိုနေရာမှ ပျောက်ကွယ်သွားပြီး စာကြည့်ခန်းသို့ ရောက်ရှိလာခဲ့၏။ အထဲသို့ရောက်သောအခါ စနစ်၏မျက်နှာပြင်ကို ချက်ချင်း ဖွင့်လိုက်သည်။

[ ရင်သွေးတစ်ယောက် ရရှိခဲ့တဲ့အတွင် ဂုဏ်ယူပါတယ်။ ဆုလာဘ် : ရှန်ဟွေချပ်ဝတ် အစုံတစ်ထောင်။]

ဆုလာဘ်ကိုမြင်သောအခါ လုချန်း ခဏခန့် ကြောင်ငေးသွား၏။ ချပ်ဝတ်တန်ဆာတွေပါလ။ တပ်ဖွဲ့တစ်ခု မဟုတ်ဘူးလား.....

ရှန်ဟွေချပ်ဝတ်၏ အသုံးဝင်ပုံကို မသိသောကြောင့် ၎င်း၏တိကျသောလုပ်ဆောင်ချက်များကို ကြည့်ရှုရန် “ရှန်ဟွေချပ်ဝတ်” ကို နှိပ်လိုက်သည်။

[ရှန်ဟွေချပ်ဝတ် : အဆင့်မြင့် ချပ်ဝတ်တန်ဆာ။ ဤချပ်ဝတ်ကို ဝတ်ဆင်ခြင်းဖြင့် လူတစ်ယောက်၏အင်အားကို နယ်ပယ်အဆင့်တစ်ခုစာအထိ တိုးမြှင့် ပေးနိုင်ပြီး တိုက်ခိုက်မှု အများစုကို ခုခံနိုင်စွမ်းရှိသည်။]

ရှန်ဟွေချပ်ဝတ်၏ လုပ်ဆောင်ချက်ကို သူ နားလည်သွားသည်။ အကယ်၍ သူသာ ဤရှန်ဟွေချပ်ဝတ် အစုံတစ်ထောင်ကို ကောင်းကင်လူသားအဆင့် ကျင့်ကြံသူများအား ပေးလိုက်မည်ဆိုပါက မူလအစကမ္ဘာ နယ်ပယ်အဆင့်မှ စွမ်းအားရှင်တစ်ထောင်ကို ရရှိလိုက်သည်နှင့် တူတူပင် ဖြစ်သည်။

ဤနောက်ဆုံးကလေးက ဤမျှကြီးမားသော ဆုလာဘ်ကို ယူဆောင်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော် သူ့၌ ကောင်းကင်လူသားအဆင့် လက်အောက်ငယ်သား တစ်ထောင် မရှိသေးချေ။ မြူခိုးဒေသ၏ တားမြစ်ချက် ပျောက်ကွယ်သွားပြီး တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်လာသောအခါမှသာ ဤရှန်ဟွေချပ်ဝတ် အစုံတစ်ထောင်က ၎င်းတို့၏ အစွမ်းအထက်ဆုံး စွမ်းအားကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။

…

နေကြွေ ကမ္ဘာ။။

ယန်ယန်ဂိုဏ်း။

တောင်ထိပ်တစ်ခုပေါ်တွင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးသည် အဝေးရှိ နန်းဆောင်တစ်ခုကို ငေးကြည့်နေသည်။

ထိုအမျိုးသမီး၏ အလှတရားသည် ပန်းချီကားတစ်ချပ်ကဲ့သို့ အသက်ရှုမှားလောက်ဖွယ် ဖြစ်သည်။ သူမ၏အမူအရာမှာ ရေခဲတောင်ပေါ်မှ နှင်းကြာပန်းတစ်ပွင့်နှယ် အေးစက်မာနကြီးလှသည်။

ထိုအခိုက်တွင် အမျိုးသမီး၏ ခန္ဓာကိုယ် ရုတ်တရက် တုန်ယင်သွားသည်။

သူမ၏ စိတ်နှလုံးထဲတွင်လည်း ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ သူမ၏အေးစက်သောမျက်နှာထက်တွင် ရှက်သွေးရောင်တစ်ခု ဖြတ်ပြေးသွား၏။ ထို့နောက် ချက်ချင်းပင် ဒေါသထွက်နေသော အမူအရာသို့ ပြောင်းလဲသွားသည်။

“ဘယ်သူက ငါ့ကိုယ်ပွားခန္ဓာရဲ့ အပျိုစင်ဘဝကို ညစ်နွမ်းအောင် လုပ်ရဲတာလဲ။ ငါ မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်။”

ထို့နောက် ချက်ချင်းပင် အမျိုးသမီးသည် သူမ၏ ကိုယ်ပွားခန္ဓာ၏ တိကျသောနေရာကို ရှာဖွေရန် ခြေရာခံမှော်ပညာကို အသုံးပြုလိုက်သည်။ သို့သော် ထိုအခိုက်တွင် သူမ၏ကိုယ်ပွားခန္ဓာနှင့် အဆက်အသွယ် တစ်ဖန် ပြတ်တောက်သွားပြန်သည်။

လျှိုချင်းယွင်၏ မျက်ခုံးများ အနည်းငယ်တွန့်သွား၏။ သူမ၏ကိုယ်ပွားခန္ဓာနှင့် အဆက်အသွယ်ကို ဖြတ်တောက်သွားသော စွမ်းအားကြောင့် သူမ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

သူမသည် ယခုအခါ သူတော်စင် နယ်ပယ်တစ်ဝက်အဆင့် ဖြစ်နေပြီ။ ထို့ကြောင့် သူမ၏ကိုယ်ပွားခန္ဓာ ဤစကြဝဠာမှ ထွက်ခွာမသွားသရွေ့ မည်သည့်ကမ္ဘာ၊ မည်သည့်နေရာတွင် ရှိနေသည်ဖြစ်စေ သူမ ခံစားသိရှိနိုင်သင့်သည်။

ခဏခန့် စဥ်းစားပြီးနောက် ယန်ယန်ဂိုဏ်းမှ လူတိုင်းထံသို့ အကြောင်းကြားချက်တစ်ခု ပို့လိုက်သည်။

“အကြီးအကဲအားလုံး။ တစ်ကိုယ်တော်ကျင့်ကြံနေခြင်းများကို ရပ်ပြီး စိမ်းပြာရောင်မိုးတိမ်နန်းတော်ကို ချက်ချင်းလာခဲ့ကြပါ။ ကျွန်မ အရေးကြီး တာဝန်တစ်ခု ကြေညာစရာ ရှိတယ်။”

ပို့ပြီးနောက် လျှိုချင်းယွင်က အေးစက်စွာဖြင့်

“ငါ့ရဲ့ကိုယ်ပွားခန္ဓာကို ချုပ်နှောင်ပြီး ကျင့်စဉ်မီးဖိုလို သဘောထားရဲတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် သေချာပေါက် သေဒဏ်ပေးမယ်”

သူမ၏ကိုယ်ပွားခန္ဓာ၏ တည်နေရာကို သူမ‌ သေချာအတည်မပြုနိုင်ပေ။ သို့သော် အာရုံခံကြည့်လို့ ရသလောက်တော့ သူမ၏ကိုယ်ပွားခန္ဓာသည် ထျန်းချန်ကမ္ဘာဟုခေါ်သော ကမ္ဘာတစ်ခုတွင် ရှိနေကြောင်း သိလိုက်ရ၏။

တိကျသောတည်နေရာကို မသိလျှင် တစ်စုံတစ်ယောက်ကို ရှာဖွေခိုင်းလိုက်ရုံသာ ဖြစ်၏။ ဤစကြဝဠာထဲတွင် ရှိနေသရွေ့ ဧကန်မုချ ရှာတွေ့နိုင်ပေသည်။

နှစ်တစ်ရာ၊ နှစ်တစ်ထောင်၊ နှစ်တစ်သောင်း၊ နှစ်တစ်သိန်း ကြာပါစေ တစ်ချိန်ချိန်တော့ သူမ ထျန်းချန်ကမ္ဘာကို ရှာတွေ့မည်ဖြစ်သည်။ ထို့နောက် သူမ၏ကိုယ်ပွားခန္ဓာကို ကျင့်စဉ်မီးဖိုအဖြစ် အသုံးပြုခဲ့သော လူယုတ်မာကိုလည်း ရှာဖွေမည် ဖြစ်သည်။

သူမ၏ကိုယ်ပွားခန္ဓာနှင့် အဆက်အသွယ်ပြတ်တောက်သွားခြင်းက အကြောင်းရင်းရှိသည်ဟု သူမမြင်သည်။ ၎င်းကို ချုပ်နှောင်ထားသော လူယုတ်မာက သူမ ရှာတွေ့သွားမည်ကို ကြောက်ရွံ့နေခြင်းဖြစ်သည်။ ထို့ကြောင့် လျှို့ဝှက်နည်းစနစ်တစ်ခုခုကို အသုံးပြု၍ သူတို့၏အဆက်အသွယ်ကို ဖြတ်တောက်လိုက်ခြင်း ဖြစ်မည်။

သို့သော် အရေးမကြီးပေ။ သူမ၏ကိုယ်ပွားခန္ဓာ ထျန်းချန်ကမ္ဘာတွင် ရှိနေသည်ကို သူမ သိသွားပြီဖြစ်သည်။ ထျန်းချန်ကမ္ဘာကို ရှာတွေ့ပါက သူမကိုယ်တိုင် ထိုလူယုတ်မာကို ဖြေရှင်းရန် သွားမည်။

အပြစ်ကျူးလွန်သူသည် ပင်မခန္ဓာဖြစ်သော သူမအား ကြောက်ရွံ့နေပုံကို ထောက်ရှုခြင်းအားဖြင့် ထိုသူ၏အင်အား အထူးတလည် မကြီးမားကြောင်း ပြသနေသည်။

……..

နှစ်နှစ်အကြာတွင်။

လေပြင်းမိုးတိမ်ဆောင်။

လုချန်း သူ၏ကလေးများနှင့် ကစားနေစဥ် ရုတ်တရက် အပြင်ဘက်မှ ကောင်းကင် အရောင်ပြောင်းသွားသည်။ ယခင်က သာယာနေသော ကောင်းကင်မှာ ချက်ချင်းပင် မှောင်မည်းသွား၏။

ထိုအခိုက်တွင် အစေခံတစ်ဦးက လေပြင်းမိုးတိမ်ဆောင်ထဲသို့ ပြေးဝင်လာပြီး

“မင်းကြီး။မကောင်းတာတစ်ခု ဖြစ်ပါပြီ။ မိဖုရားချူးက သူ…”

အစေခံမလေး စကားမဆုံးမီမှာပင် လုချန်း ထိုနေရာမှ ပျောက်ကွယ်သွားပြီး နောက်တစ်ခဏတွင် ချူးယုချင်၏ အိပ်ဆောင်ထဲသို့ ရောက်ရှိနေသည်။

လွန်ခဲ့သော နှစ်နှစ်အတွင်း ချူးယုချင်၏အခြေအနေကို လုချန်း အထူးပင် စိုးရိမ်ခဲ့၏။ ရင်သွေးကမ္ဘာတစ်ခု မွေးဖွားခြင်းသည် ကလေးတစ်ယောက် မွေးဖွားခြင်းနှင့် မတူပဲ အချိန်ပိုကြာနိုင်သည်ဟု စနစ်က ဆိုထားသည်။

ထို့ကြောင့် လုချန်းလည်း ချူးယုချင်၏ကိုယ်ထဲမှ ရင်သွေးကမ္ဘာ ကြီးထွားရင့်ကျက်လာစေရန် စိတ်အားထက်သန်နေခဲ့သည်။

စနစ်၏ရင်သွေးကမ္ဘာဆိုက ဘာလဲ။

၎င်းမှ သူ ဘာတွေရနိုင်မလဲဆိုသည့် အချက်များကို သူ အလွန်သိချင်နေခဲ့သည်။

အစေခံမလေးက ချူးယုချင် တစ်ခုခုဖြစ်သည်ဟု ပြောလိုက်သောအခါ ရင်သွေးကမ္ဘာ ကြီးထွားရင့်ကျက်တော့မည်လားဟု လုချန်း တွေးမိသွားကာ

ချူးယုချင်၏ အိပ်ဆောင်သို့ ချက်ချင်းသွား၍ စစ်ဆေးကြည့်ရှုခဲ့ခြင်းဖြစ်သည်။

ထိုအချိန်တွင် ချူးယုချင်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူမ၏မျက်နှာတစ်ခုလုံး ဖြူဖျော့နေ၏။ လုချန်းက သူမ၏အနားသို့ အမြန်သွားပြီး သူမအား သက်စောင့်စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းပေးလိုက်သည်။ ခဏအကြာတွင် ချူးယုချင် အနည်းငယ် နေကောင်းလာသကဲ့သို့ ခံစားလိုက်ရသည်။

ချူးယုချင် အားအင်အနည်းငယ် ပြန်လည်ရရှိလာသောအခါ သူမက အားနည်းစွာဖြင့်

“ချန်းလေး။ ကျေးဇူးတင်ပါတယ်”

လုချန်းက

“ဒေါ်လေးချူး။ အခု ဘယ်လိုနေသေးလဲ။ နေလို့မကောင်းတာမျိုး ရှိသေးလား။”

ချူးယုချင်က

“ဘယ်နေရာက နေမကောင်းတာလဲတော့ မသိဘူး။ ဒေါ်လေးရဲ့စိတ်ဝိညာဉ်ကို ဆွဲထုတ်ခံလိုက်ရသလိုမျိုး ခုနကတော့ ခံစားလိုက်ရတယ်။”

ထိုစကားကို ကြားသောအခါ လုချန်းက စနစ်ကို ချက်ချင်းပင်

“စနစ်။ ဒါ ဘာဖြစ်နေတာလဲ။ ငါ့ဇနီးတွေရဲ့ကိုယ်ထဲမှာ ရင်သွေးကမ္ဘာမွေးဖွားတာက သူတို့ကို မထိခိုက်ဘူးလို့ မင်းပြောခဲ့တယ် မဟုတ်လား။ ဘာလို့ သူ ဒီလိုခံစားရတာလဲ။”

စနစ်၏အသိပေးချက် ချက်ချင်းထွက်ပေါ်လာသည်။

[ ပထမဆုံးရင်သွေးကမ္ဘာကို မွေးဖွားနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ အချိန်နှင့်နေရာ ကြည့်မှန်ကို ဆုချီးမြှင့်လိုက်သည်။]

ဆုလာဘ်က စွမ်းအားတစ်မျိုးမျိုး မဟုတ်ပေ။ ထို့ နောက် လုချန်း အချိန်နှင့်နေရာ ကြည့်မှန်၏ နိဒါန်းကို ဖွင့်ဖတ်လိုက်သည်။ ၎င်း ဘာလုပ်နိုင်သည်ကို ကြည့်ရှုရန် သူ မစောင့်နိုင်တော့ပေ။

[အချိန်နှင့်နေရာ ကြည့်မှန် : မည်သည့်ကမ္ဘာနှင့်မဆို ဆက်သွယ်နိုင်ပြီး အခြားကမ္ဘာမှလူများနှင့် မျက်နှာချင်းဆိုင် စကားပြောဆိုနိုင်သော ရတနာပစ္စည်းဖြစ်သည်။ အသုံးပြုသူ၏အင်အားသည် ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့်သို့ ရောက်ရှိသောအခါ အချိန်နှင့်နေရာ ကြည့်မှန်မှတစ်ဆင့် အခြားကမ္ဘာတစ်ခုသို့ သူ၏အသိစိတ်ကို ဆင်းသက်စေနိုင်သည်။]

အချိန်နှင့်နေရာ ကြည့်မှန်၏ စွမ်းဆောင်နိုင်ရည်များကို သိရှိပြီးနောက် လုချန်း မှင်သက်သွား၏။ အချိန်နှင့်နေရာ ကြည့်မှန်သာရှိလျှင် သန့်ရှင်းသော နဂါးနက် နယ်မြေကို သူ တိုက်ရိုက်ဆက်သွယ်နိုင်မည် မဟုတ်ပါလား။ ထို့ပြင်အချို့သော အစီအစဥ်များကို ကြိုတင်၍ ပြုလုပ်နိုင်မည်ဖြစ်သည်။

ထိုသို့တွေးပြီး အချိန်နှင့်နေရာ ကြည့်မှန်ကို ချက်ချင်းထုတ်ယူကာ စနစ်အား။

“စနစ်။ အချိန်နဲ့နေရာ ကြည့်မှန်ကိုသုံးပြီး သန့်ရှင်းသော နဂါးနက် နယ်မြေက လူတွေနဲ့ ဆက်သွယ်လို့ရလား”

စနစ်က

“သခင်၏ စိတ်ဝိညာဉ်စွမ်းအားကို အချိန်နဲ့နေရာ ကြည့်မှန်ထဲကို ထည့်သွင်းလိုက်ရုံနဲ့ အသုံးပြုနည်းကို နားလည်သွားမှာပါ။”

လုချန်းလည်း တွန့်ဆုတ်မနေပဲ သူ၏စိတ်ဝိညာဉ်စွမ်းအားကို အချိန်နှင့်နေရာ ကြည့်မှန်ထဲသို့ ထည့်သွင်းလိုက်သည်။ နောက်တစ်ခဏတွင် အချိန်နှင့်နေရာ ကြည့်မှန်မှ ခရမ်းရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။ ၎င်းသည် လုချန်း၏လက်မှ လွတ်ထွက်ကာ လေထဲတွင် ပျံဝဲနေ၏။

ထို့နောက်တွင် အချိန်နှင့်နေရာ ကြည့်မှန်မှ ခရမ်းရောင်အလင်းတန်းတစ်ခု ထပ်မံထုတ်လွှတ်လိုက်သည်။ ထိုအလင်းတန်းသည် လုချန်း၏နဖူးကိုဖြတ်၍ သူ၏ဦးနှောက်ထဲသို့ ဝင်ရောက်သွား၏။ ထိုအခါ အချိန်နှင့်နေရာ ကြည့်မှန်ကို အသုံးပြုနည်းအား သူ ချက်ချင်းနားလည်သွားသည်။

စိတ်ကူးတစ်ချက်ဖြင့်ပင် အချိန်နှင့်နေရာ ကြည့်မှန်သည် ဤစကြဝဠာရှိ မည်သည့်ကမ္ဘာကိုမဆို ရှာဖွေနိုင်သည်။ သူဆက်သွယ်လိုသောလူကိုလည်း အလိုအလျောက် ရှာဖွေတွေ့ရှိနိုင်သည်။

၎င်းကို ရတနာ ပစ္စည်းဟုခေါ်ခြင်းမှာ အံ့ဩစရာမရှိပေ။ ကြည့်မှန်၏လုပ်ဆောင်ချက်သည် မယုံနိုင်လောက်အောင် အစွမ်းထက်လှသည်။

All Chapters