← Chapters

ထျန်းချန်ကမ္ဘာထဲမှာ အတိအကျ ဘာရှိနေတာလဲ

Vol. 65 Ch. 974

ထျန်းချန်ကမ္ဘာထဲမှာ အတိအကျ ဘာရှိနေတာလဲ

Vol. 65 Ch. 974

လုချန်း၏ စိုးရိမ်မှုကို ကြားသောအခါ ချူးယုချင်သည် သူမ၏ခန္ဓာကိုယ်ကို ချက်ချင်းခံစားကြည့်လိုက်သည်။ ထိုအခါ သူမ အလွန်ပေါ့ပါးသွားပြီး သူမ၏ စိတ်ဝိညာဉ် ခန္ဓာကိုယ်မှ ထွက်ခွာသွားသလိုမျိုး ခံစားချက်လည်း မရှိတော့သည်ကို တွေ့ရှိလိုက်သည်။

ထို့နောက် လုချန်းက သူ၏စိတ်ထဲမှ စနစ်ကို ထပ်မေးလိုက်သည်။

“စနစ်။ ခုနက ဘာဖြစ်သွားတာလဲ။ ဘာလို့ ချူးယုချင်က နေမကောင်းဖြစ်သွားတာလဲ။”

စောနက အချိန်နှင့်နေရာ ကြည့်မှန်ကြောင့် အာရုံလွဲသွားပြီး ထိုကိစ္စကို သူ မေ့လုနီးပါးဖြစ်ခဲ့သည်။ စနစ်ကလည်း ချူးယုချင် မသက်မသာဖြစ်ရခြင်းအကြောင်းရင်းကို မဖြေခဲ့ပေ။

စနစ်က

“ချူးယုချင်က ရင်သွေးကမ္ဘာတစ်ခုကို ကျင့်ကြံပြီးစီး သွားပါပြီ။ ထို့ကြောင့် အခု သူက သူ့ရဲ့ကိုယ်ပိုင်ရင်သွေးကမ္ဘာရဲ့ သခင်ဖြစ်နေပါပြီ။ သူ့ရဲ့စိတ်ဝိညာဉ်က အဲ့ဒီကမ္ဘာထဲကို အချိန်မရွေးဝင်ရောက်နိုင်ပါတယ်။ ခုနက သူမရဲ့ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်က ထွက်ခွာပြီး မသိစိတ်ဖြင့် ရင်သွေးကမ္ဘာထဲသို့ ဝင်ရောက်သွားခြင်း ဖြစ်ပါတယ်။”

ထိုစကားကို ကြားသောအခါ လုချန်း ခဏခန့် မှင်တက်သွားသည်။ ထိုအချိန်တွင် ချူးယုချင်က လုချန်းကို ပြုံးလျက်

“ချန်းလေး။ ဒေါ်လေး အခုနေကောင်းသွားပြီ။”

ဘာဖြစ်နေသည်ကို သူမ မသိသော်လည်း သူမ နေကောင်းနေပြီဟု ချူးယုချင် ခံစားလိုက်ရသည်။ သူမ၏အင်အားမှာလည်း တိုးတက်လာခဲ့ပြီး ယခုအခါ ကောင်းကင်လူသား အဆင့်ငါး အလွှာသို့ ရောက်ရှိနေပြီဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအင် အလွန်နည်းပါးသော ထျန်းချန်ကမ္ဘာတွင် ဤသို့ကျင့်ကြံနိုင်ခြင်းက အလွန်လျင်မြန်သည်ဟု ဆိုရမည်။ နှစ်နှစ်အတွင်း ကောင်းကင်လူသား အဆင့်ငါးအလွှာအထိ ရောက်ရှိနိုင်ခြင်းက မယုံနိုင်လောက်စရာ ဖြစ်သည်။

လုချန်းက

“ဒေါ်လေးချူးရဲ့ခန္ဓာကိုယ်ထဲမှာ အထူးအပြောင်းအလဲတစ်ခုခု မခံစားရဘူးလား။”

လုချန်း၏မေးခွန်းကို ကြားသောအခါ ချူးယုချင် သူမ၏ခန္ဓာကိုယ်ကို ထပ်မံခံစားကြည့်သည်။ ထို့နောက်

“အပြောင်းအလဲတစ်ခုခုတော့ ရှိပုံရတယ်။ ဒေါ်လေးရဲ့စိတ်အာရုံက အခု အထူးနေရာတစ်ခုထဲကို ဝင်ရောက်နိုင်သလို ခံစားရတယ်။”

စကားဆုံးသည်နှင့် သူမ တောင့်တင်းသွား၏။ ထူးဆန်းသောကမ္ဘာတစ်ခုကို အမှန်တကယ် ခံစားနိုင်ကြောင်း သူမ တွေ့ရှိလိုက်ရ သောကြောင့်ဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ။

ထိုကမ္ဘာထဲတွင် မြေနေရာ အလွတ်များကို တွေ့မြင်ရသည်။ သို့သော် မြေပြင်ပေါ်တွင် အပင်အချို့ ပေါက်နေပြီဖြစ်ပြီး သက်ရှိတည်ရှိ‌နေသော လက္ခဏာများ ပြသနေသည်။

ချူးယုချင် တောင့်တင်းနေသည်ကို မြင်သောအခါ လုချန်းက စနစ်ကို ထပ်မေးလိုက်သည်။

“စနစ်။ ရင်သွေးကမ္ဘာကို ငါ့ဇနီးနဲ့ငါနဲ့ အတူတူကျင့်ကြံခဲ့တာဆိုတော့ ငါ့ရဲ့အာရုံကလည်း အဲ့ဒီရင်သွေးကမ္ဘာထဲကို ဝင်လို့ရသင့်တယ် မဟုတ်လား။”

စနစ်က

“ရပါတယ်။”

စနစ်၏အဖြေကို ကြားသောအခါ လုချန်းလည်း မျက်လုံးများကို မှိတ်လိုက်ပြီး ချူးယုချင်၏ကိုယ်ထဲမှ ရင်သွေးကမ္ဘာကို ခံစားရန် ကြိုးစားလိုက်သည်။

မကြာမီတွင် သူ၏အာရုံဖြင့် ရင်သွေးကမ္ဘာထဲသို့ ဝင်ရောက်သွားနိုင်သည်။ ချူးယုချင်ကဲ့သို့ပင် မြေလွတ်များမှ ထိုးထွက်နေသော စိမ်းလန်းသောအပင်များကို သူ တွေ့မြင်လိုက်ရသည်။

ပေါ်ပေါက်ခါစ ရင်သွေးကမ္ဘာက သက်ရှိများကို ပေါက်ဖွားစေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သို့သော် ယခုအချိန်တွင် အပင်များသာ ရှိသေးသည်။ တိရစ္ဆာန်များ မည်သည့်အချိန်တွင် မွေးဖွားလာမည်ကို သူ သိချင်နေသည်။

ထိုစဥ်မှာပင် သူတို့နှစ်ဦး၏ အာရုံများသည် ထိတွေ့ကိုင်တွယ်နိုင်သကဲ့သို့ ဖြစ်လာပြီး တစ်ယောက်၏ပုံစံကို တစ်ယောက် မြင်နိုင်လာကြသည်။

လုချန်း သူမ၏ရင်သွေးကမ္ဘာထဲသို့ ဝင်ရောက်လာသည်ကို မြင်သောအခါ ချူးယုချင် ခဏခန့် မှင်တက်သွားသည်။ သူမ၏မျက်နှာ အနည်းငယ် ပူတက်လာသလို ခံစားလိုက်ရသည်။

သူမ သိသလောက် ကျင့်စဉ်ကျင့်ကြံသူများ၏ ကိုယ်ထဲမှ ကမ္ဘာငယ်များသည် ကိုယ်ပိုင်နေရာများ ဖြစ်သည်။ သူမ၏ ခွင့်ပြုချက်မရှိပဲ ထိုနေရာသို့ မည်သည့်အာရုံမှ ဝင်ရောက်နိင်မည် မဟုတ်ပေ။

ဒါဆို လုချန်းက ရုတ်တရက် မည်သို့ဝင်လာတာလဲ .....

လုချန်း၏ ရုတ်တရက်ပေါ်လာမှုက ချူးယုချင်အား ထူးဆန်းသော ခံစားချက်တစ်ခု ပေးစွမ်းလိုက်သည်။

ဤအခိုက်တွင် လုချန်း၏ အာရုံက ချူးယုချင်၏ အာရုံကို ကြည့်လိုက်ပြီး ပြုံးလျက်

“ယုချင်။ ဒါက ကိုယ်တို့အတူတူ ကျင့်ကြံခဲ့တဲ့ကမ္ဘာပဲ။ အနာဂတ်မှာ ကိုယ်တို့အတူတူ သက်ရှိတွေ ဖန်တီးကြမယ်။ ဒီကမ္ဘာကို သက်ဝင်လှုပ်ရှားမှုတွေနဲ့ ပြည့်စေဖို့ ကြိုးစားကြမယ်။”

ထိုစကားကို ကြားသောအခါ ချူးယုချင်၏မျက်နှာ ပို၍ပူတက်လာပြီး တဖြည်းဖြည်း ရှက်ရွံ့လာသည်။

လှပသောမိန်းမ၏ မျက်နှာနီမြန်းပြီး ရှက်ရွံ့နေသော အမူအရာကို မြင်သောအခါ လုချန်းထံ၌ စိတ်ဆန္ဒတစ်ခု ပေါ်ပေါက်လာသည်။ သူမ၏ အာရုံကို ယခုပင် တိုက်ခိုက်ပြီး သူတို့အတူတကွ ကျင့်ကြံခဲ့သော ဤရင်သွေးကမ္ဘာတွင် တိုက်ပွဲတစ်ခု ဆင်နွှဲလိုစိတ် ဖြစ်လာသည်။

သို့သော် လုချန်းသည် ထိုသို့မလုပ်ခဲ့ပေ။ ရင်သွေးကမ္ဘာသည် သူ၏ဇနီးများအတွက် အန္တရာယ်မရှိကြောင်း ယခု သူ အတည်ပြုပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းထဲတွင် ဆက်လက်နေထိုင်ရန် အကြောင်းမရှိတော့ချေ။

ထို့နောက် စိတ်ကူးတစ်ချက်ဖြင့် လုချန်း၏ အာရုံလည်း ချူးယုချင်၏ ရင်သွေးကမ္ဘာမှ ထွက်ခွာသွားသည်။

…….

ထျန်းယွမ်ကမ္ဘာ။

လျှို့ဝှက်လဝန်းနန်းတော်။

အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော

ယွမ်ချင်းရှုသည် နန်းတော်၏ ပင်မခန်းမတွင် ထိုင်နေ၏။ ဤအချိန်တွင် အကြီးအကဲအချို့သည် တစ်စုံတစ်ခုကို အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြသည်။

“နန်းတော်သခင်။ ယွမ်ရှန်ရှန်က တပည့်တစ်ယောက်ပဲလေ။ သူ့ရဲ့တည်နေရာကို လုယန်ဟွာကို ပေးလိုက်သင့်တယ်။ တပည့်တစ်ယောက်အတွက်နဲ့ လျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံးကို စတေးတာက မတန်ဘူး။”

“ဟုတ်ပါတယ် နန်းတော်သခင်။ အခု လုယန်ဟွာက သူ့ရဲ့သြဇာအာဏာ အထွတ်အထိပ်ရောက်နေပြီး သူ့လက်အောက်မှာ နတ်ဘုရားပြောင်းလဲခြင်းနယ်ပယ်က စွမ်းအားရှင်တွေ အများကြီးရှိတယ်။ ကျွန်တော်တို့ လျှို့ဝှက်လဝန်းနန်းတော်က လုယန်ဟွာကို ဘယ်လိုမှ ယှဥ်လို့မရနိုင်ဘူး။”

အကြီးအကဲများ တောင်းပန်နေကြသည်။

“ပြန်စဥ်းစားပါဦး နန်းတော်သခင်။ ယွမ်ရှန်ရှန်က ခင်ဗျားရဲ့တပည့်ရင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ တပည့်တစ်ယောက်အတွက် နန်းတော်တစ်ခုလုံးကို စတေးဖို့ဆန္ဒရှိတယ်ဆိုတာ လျှို့ဝှက်လဝန်းနန်းတော်က တပည့်တွေ သိသွားရင် သူတို့တွေ စိတ်ပျက်အားငယ်သွားကြမှာ သေချာတယ်။”

ရှိနေသော အကြီးအကဲများ ပြောဆိုသောစကားများကို နားထောင်ရင်း ယွမ်ချင်းရှု၏မျက်နှာအမူအရာ အေးစက်တည်ငြိမ်နေသည်။ သူမထံ၌ စိတ်လှုပ်ရှားမှုအနည်းငယ်မှ မရှိသလို ဒေါသလက္ခဏာလည်း မပြပေ။

ဤအကြီးအကဲများက ထိုသို့ပြောကြလိမ့်မည်ကို သူမ ကြိုတင်မျှော်လင့်ထားခဲ့၏။ ဟုတ်ပါသည်။ သူတို့၏အမြင်တွင် ယွမ်ရှန်ရှန်သည် သူမ ငယ်စဥ်က ကောက်ယူခဲ့သော တပည့်တစ်ယောက်သာ ဖြစ်ပြီး သူမနှင့် သွေးသားတော်စပ်ခြင်းမရှိပေ။ ယွမ်ရှန်ရှန်ကို စတေးခြင်းက သူတို့အတွက် အရေးမပါသကဲ့သို့ ထင်ရသည်။

ယွမ်ချင်းရှုကိုယ်တိုင်သာလျှင် ယွမ်ရှန်ရှန် သူမအတွက် မည်မျှအရေးကြီးကြောင်းသိသည်။

ယွမ်ရှန်ရှန်သည် သူမနှင့် သွေးသားမတော်စပ်သော်လည်း အမှန်တကယ်တော့ ယွမ်ရှန်ရှန်သည် သူမ၏စိတ်ဝိညာဉ် တစ်မျှင် ပြန်လည်ဝင်စားခြင်းဖြစ်ပြီး သူမ၏ ဒုတိယဝင်စားခြင်းဟုလည်း ဆိုနိုင်၏။ သူမ၏ဒုတိယဝင်စားခြင်းကို အခြားသူများက ကျင့်စဉ်မီးဖိုအဖြစ် အသုံးပြုခြင်းကို မည်သို့ခွင့်ပြုနိုင်မည်နည်း။

သို့သော် ယခု ယွမ်ရှန်ရှန်၏ခန္ဓာကိုယ်ကို လူယုတ်မာတစ်ဦးက ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သူမလုပ်ဆောင်ရမည့်အရာမှာ ထျန်းချန်ကမ္ဘာသို့ ကိုယ်တိုင်သွားရောက်ကာ လူယုတ်မာကို ဖြေရှင်းပြီး သူမ၏ဒုတိယဝင်စားခြင်းကို ပြန်လည်ရယူရမည်။

ယွမ်ချင်းရှု တိတ်ဆိတ်နေသည်ကို မြင်သောအခါ ခန်းမဆောင်ကြီးထဲမှ အကြီးအကဲများ စိုးရိမ်လာကြ၏။ သူတို့၏အမြင်တွင် အကယ်၍ ယွမ်ချင်းရှုသာ ယွမ်ရှန်ရှန်ကို ခေါင်းမာမာဖြင့် ကာကွယ်ပြီး သူမကို ပေးအပ်ရန် ငြင်းဆန်ပါက လုယန်ဟွာက လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်မှာ သေချာသည်။ သူ၏တပ်များဖြင့် သူတို့ကို မျိုးဖြုတ်ပစ်လိမ့်မည်။

တပည့်တစ်ယောက်အတွက် သူတို့၏အသက်ကို စတေးရန် အလိုမရှိကြပေ။

ထိုစဥ်မှာပင် ယွမ်ချင်းရှုက အေးစက်သောလေသံဖြင့် ပြောလိုက်သည်။

“လုယန်ဟွာကို ပြောလိုက်ပါ။ သူ ထျန်းချန်ကမ္ဘာကို ရှာဖို့ လူလွှတ်စရာမလိုတော့ဘူးလို့။ ကျွန်မ ကိုယ်တိုင် ထျန်းချန်ကမ္ဘာကို သွားပြီး ယွမ်ရှန်ရှန်ကို ပြန်ခေါ်လာမယ်။”

ဤစကားများကို ကြားသောအခါ ရှိနေသော အကြီးအကဲများ ခဏခန့် မှင်တက်သွားသော်လည်း သူမ၏ဆိုလိုရင်းကို အလျင်အမြန် နားလည်သွားကြ၏။ သူတို့၏ နန်းတော်သခင် သတိပြန်ဝင်လာပြီဟုလည်း ထင်မှတ်လိုက်ကြသည်။ သူမကိုယ်တိုင် ယွမ်ရှန်ရှန်ကို ဖမ်းဆီးကာ လုယန်ဟွာထံ တောင်းပန်သည့်အနေဖြင့် ဆက်သရန် စီစဥ်နေသည်ဟု ယူဆလိုက်ကြသည်။

ထိုသို့သာဖြစ်ပါက လျှို့ဝှက်လဝန်းနန်းတော်၏ အကျပ်အတည်းသည် သဘာဝအတိုင်း ဖြေရှင်းပြီးသား ဖြစ်သွားပေမည်။

အကြီးအကဲများ ထိုသို့တွေးနေစဥ်မှာပင် တပည့်တစ်ဦး ခန်းမဆောင်ကြီးထဲသို့ ဝင်လာပြီး

“နန်းတော်သခင်။ သန့်ရှင်းသော နဂါးနက် နယ်မြေက သူတော်စင်သခင်က တွေ့ဆုံခွင့်တောင်းနေပါတယ်။ သူအခု ဂိုဏ်းအပြင်ဘက်ကို မိုးပျံလှေနဲ့ ရောက်နေပါပြီ။”

ထိုစကားကို ကြားသောအခါ ခန်းမဆောင်ကြီးထဲမှ လူတိုင်း အံ့အားသင့်သွားကြသည်။ ယွမ်ချင်းရှုပင်လျှင် အနည်းငယ် အံ့ဩသွား၏။

သန့်ရှင်းသော နဂါးနက် နယ်မြေ၏ သူတော်စင်သခင်ထံမှ လည်ပတ်ခွင့် တောင်းဆိုစာတစ်စောင် အချိန်အတန်ကြာကတည်းက ရရှိခဲ့သော်လည်း သူမ အာရုံမစိုက်ခဲ့ပေ။ သန့်ရှင်းသော နဂါးနက် နယ်မြေသည်လည်း ထျန်းယွမ်ကမ္ဘာရှိ ကြီးမားသော အင်အားစုတစ်ခုဖြစ်၏။ ၎င်းသည် အဓိကအင်အားစုအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်ဆံရေးများ ကောင်းစွာထိန်းသိမ်းထားသော အင်အားစုတစ်ခုဖြစ်သည်။

သန့်ရှင်းသော နဂါးနက် နယ်မြေမှ အကြီးအကဲများ လျှို့ဝှက်လဝန်းနန်းတော်သို့ မကြာခဏ လာရောက်လည်ပတ်လေ့ရှိသော်လည်း အများစုမှာ စီးပွားရေးကိစ္စများအတွက် ဖြစ်သည်။

လျှို့ဝှက်လဝန်းနန်းတော်တွင် နတ်လှေများ ထုတ်လုပ်စဥ်က သန့်ရှင်းသော နဂါးနက် နယ်မြေက အကူအညီကောင်းများ ပေးခဲ့၏။ ထို့ကြောင့် သန့်ရှင်းသော နဂါးနက် နယ်မြေမှ သူတော်စင်သခင်သည် သူမကို သာမန်ကိစ္စတစ်ခုအတွက် ရှာဖွေနေသည်ဟု ယွမ်ချင်းရှု ယူဆခဲ့သည်။ အများ‌ဆုံး သိပ်အရေးမကြီးသော အရာတစ်ခုခုအတွက် ဖြစ်နိုင်သည်။

ထို့ကြောင့် သူမ ဂရုမစိုက်ခဲ့ခြင်းဖြစ်သည်။ လုယန်ဟွာ တည်ထောင်ခဲ့သော ရှန်ဝူမင်းဆက်ပြီးလျှင် လျှို့ဝှက်လဝန်းနန်းတော်သည် ထျန်းယွမ်ကမ္ဘာရှိ အစွမ်းအထက်ဆုံး အင်အားစုဖြစ်သောကြောင့် နှစ်စဥ်နှစ်တိုင်း အခြားအင်အားစုများစွာ၏ ခေါင်းဆောင်များ လာရောက်လည်ပတ်လိုကြသည်။

ယွမ်ချင်းရှု အနေနှင့် သူတို့အားလုံးကို အာရုံစိုက်နိုင်ခြင်း မရှိပေ။ သန့်ရှင်းသော နဂါးနက် နယ်မြေမှ သူတော်စင်သခင်ဖြစ်လျှင်ပင် လည်ပတ်ခွင့် တောင်းဆိုစာထဲ၌ သူ၏ရည်ရွယ်ချက်ကို မဖော်ပြပါက သူမ သူ့အား လေးစားမှုပြသမည် မဟုတ်ပေ။

သို့သော် ယခု သူ၏ လည်ပတ်ခွင့် တောင်းဆိုစာကို အကြောင်းမပြန်သဖြင့် သန့်ရှင်းသော နဂါးနက် နယ်မြေမှ သူတော်စင်သခင်ကိုယ်တိုင် ကြိုတင်အကြောင်းမကြားပဲရောက်လာခဲ့သည်။ ဤအပြုအမူက တစ်စုံတစ်ခုရှိနေကြောင်း ရှင်းလင်းစွာ ညွှန်ပြနေသည်။ သာမန် ကိစ္စတစ်ခုသာ ဖြစ်ပါက သူတော်စင်သခင် ဤမျှအလောကြီးနေစရာ အကြောင်းမရှိပေ။

ခဏစဉ်းစားပြီးနောက် ခန်းမဆောင်ကြီးထဲမှ အကြီးအကဲများကို ယွမ်ချင်းရှု တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်

“ဧည့်သည်တစ်ယောက် ရောက်နေပြီဆိုတော့ ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်။ ကျွန်မတို့ အရင်ဆုံး ဧည့်သည်ကို ကြိုဆိုပြီး သန့်ရှင်းသော နဂါးနက် နယ်မြေက ဒီတစ်ခါ ဘာကိစ္စနဲ့ လာတယ်ဆိုတာ ကြည့်ရအောင်။”

ထိုသို့ပြောပြီးနောက် ယွမ်ချင်းရှု ဖြည်းညင်းစွာထရပ်ပြီး ခန်းမဆောင်ကြီး၏ အပြင်ဘက်သို့ လျှောက်သွား၏။ သန့်ရှင်းသော နဂါးနက် နယ်မြေသည် ဘာပဲဖြစ်ဖြစ် ထည့်သွင်းစဥ်းစားရမည့် အင်အားစုတစ်ခုဖြစ်၏။ သူတို့ ခေါင်းဆောင်ကိုယ်တိုင် လာရောက်ခြင်း ဖြစ်သောကြောင့် နန်းတော်သခင်ဖြစ်သော သူမအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လက်ခံကြိုဆိုခြင်းက သဘာဝကျပေသည်။

မကြာမီတွင် ယွမ်ချင်းရှုသည် လျှို့ဝှက်လဝန်းနန်းတော်၏ အကြီးအကဲများကို ဦးဆောင်ကာ ယင်ကျန်းယဲ့ကို ကြိုဆိုရန် ခန်းမဆောင်ကြီးအပြင်ဘက်သို့ ထွက်သွားသည်။

ယင်ကျန်းယဲ့က မိုးပျံလှေထိပ်မှနေ၍ ယွမ်ချင်းရှုနှင့် သူမ၏အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက်

“နန်းတော်သခင်ယွမ်။ ကျွန်တော် ကြိုတင်အကြောင်းမကြားပဲ လာရောက်တာက အမှန်တကယ် မသင့်တော်ပါဘူး။ အဲ့ဒီအတွက် တောင်းပန်ပါတယ်။”

ယွမ်ချင်းရှုက တိုက်ရိုက် မေးလိုက်သည်။ “သူတော်စင်သခင်ယင်က ဒီနေ့ လျှို့ဝှက်လဝန်းနန်းတော်ကို ဘာအကြောင်းကြောင့် လာရောက်လည်ပတ်တယ်ဆိုတာ သိခွင့်ရှိမလား။”

ယင်ကျန်းယဲ့က ပြုံးလျက်

“ဟုတ်ပါတယ်။ အရေးကြီးတဲ့ကိစ္စတစ်ခုပေါ့။ ဒါပေမဲ့ ဒီနေရာက အဲ့ဒါကို ဆွေးနွေးဖို့သင့်‌တော်တဲ့နေရာ မဟုတ်ပါဘူး။ နန်းတော်သခင်ယွမ်က ကျွန်တော့်ကို တံခါးဝကနေ မောင်းထုတ်မှာမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။”

ယွမ်ချင်းရှု သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်တစ်ခဏတွင် လျှို့ဝှက်လဝန်းနန်းတော်၏ နည်းဗျူဟာ ပုံစံအတားအဆီးပျောက်ကွယ်သွား၏။ ယင်ကျန်းယဲ့သလည်း လှေပေါ်မှ ခုန်ဆင်းလိုက်သည်။

ယွမ်ချင်းရှုက

“ဖိတ်ခေါ်ပါတယ် သူတော်စင်သခင်ယင်”

ယင်ကျန်းယဲ့က ယဥ်ကျေးစွာပင်

“ခင်ဗျား ရှေ့ကဝင်ပါ”

လျှို့ဝှက်လဝန်းနန်းတော်မှ အဖွဲ့နှင့် ယင်ကျန်းယဲ့နှင့်အတူ လိုက်ပါလာသော အကြီးအကဲအချို့တို့ ပင်မနန်းတော်ခန်းမထဲသို့ ဝင်ရောက်သွားကြသည်။

ယင်ကျန်းယဲ့ ထိုင်ပြီးသည်နှင့် ယွမ်ချင်းရှုက “သူတော်စင်သခင်ယင်က လူမြင်ကွင်းမှာ ရှားရှားပါးပါးပေါ်လာပဲ။ ရှင်က တစ်ကိုယ်တည်း ကျင့်ကြံမှုမှာ စိတ်နှစ်မြှုပ်ထားတယ်လို့ ကျွန်မကြားသိရပါတယ်။ ဒီနေ့ လျှို့ဝှက်လဝန်းနန်းတော်ကို ရုတ်တရက် လာလည်ချင်စိတ်ပေါက်လာတာ ဘာကြောင့်လဲ။”

ယင်ကျန်းယဲ့က

“လျှို့ဝှက်လဝန်းနန်းတော်နဲ့ သန့်ရှင်းသော နဂါးနက် နယ်မြေက မကြာခဏ အပြန်အလှန်ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ကျွန်တော်တို့ရဲ့ဆက်ဆံရေးက အမြဲတမ်းရင်းနှီးဖော်ရွေခဲ့ပါတယ်။ အခု ချီးမွမ်းစကားတွေ ထားလိုက်ပြီး ကျွန်တော် တိုက်ရိုက်ပဲ ပြောပါ့မယ်။”

“လျှို့ဝှက်လဝန်းနန်းတော်က ထျန်းချန်ကမ္ဘာလို့ခေါ်တဲ့ ကမ္ဘာတစ်ခုကို ရှာဖွေနေတယ်လို့ ကျွန်တော်ကြားပါတယ်။ ခင်ဗျားတို့ရဲ့တပည့်တွေက အဲ့ဒီကမ္ဘာရဲ့တည်နေရာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သန့်ရှင်းသော နဂါးနက် နယ်မြေကလည်း အဲ့ဒီကမ္ဘာကို ရှာဖွေနေပါတယ်။”

“နန်းတော်သခင်ယွမ်က ကြယ်တာရာ လမ်းညွှန်မြေပုံနဲ့ တည်နေရာကို ကျွန်တော်တို့နဲ့ ဝေမျှဖို့ ဆန္ဒရှိမလားဆိုတာ သိချင်ပါတယ်။ ကျွန်တော်တို့ကို ထျန်းချန်ရဲ့ တည်နေရာကို ပေးဖို့ဆန္ဒရှိရင် အနာဂတ်မှာ လျှို့ဝှက်လဝန်းနန်းတော်က အကူအညီလိုတဲ့အခါ သန့်ရှင်းသော နဂါးနက် နယ်မြေက ခင်ဗျားတို့ရဲ့ တောင်းဆိုချက်ကို မငြင်းပယ်ပါဘူး။”

ယင်ကျန်းယဲ့၏ စကားကို ကြားသောအခါ လျှို့ဝှက်လဝန်းနန်းတော်မှ လူများ တုန်လှုပ်သွားကြသည်။

အဘယ်ကြောင့် လုယန်ဟွာအပြင် သာမန်အားဖြင့် အသံတိတ်နေတတ်သော သန့်ရှင်းသော နဂါးနက် နယ်မြေပင် ထျန်းချန်ကမ္ဘာကို စိတ်ဝင်စားနေပါသနည်း။

ထျန်းချန်ကမ္ဘာအတွင်း၌ အတိအကျ ဘာရှိနေပါသနည်း။

ယွမ်ချင်းရှုက ယင်ကျန်းယဲ့ကို အေးစက်စွာကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်သည်။

“သူတော်စင်သခင်ယင်။ ကျွန်မ သိချင်တာက ထျန်းချန်ကမ္ဘာနဲ့ပတ်သက်ပြီး ဘယ်အရာက ရှင့်ဆီကနေ ဒီလောက်အရေးပါတဲ့ အာရုံစိုက်မှုကို ထိုက်တန်စေတာလဲ။”

All Chapters